← Chapters

ခြေရာခံခြင်းနှင့် ခြုံခိုတိုက်ခိုက်ခြင်း

Vol. 150 Ch. 2225

ခြေရာခံခြင်းနှင့် ခြုံခိုတိုက်ခိုက်ခြင်း

Vol. 150 Ch. 2225

“ မပူပါနဲ့ … ကျွန်မ မျက်ခြေမပြတ် စောင့်ကြည့်နေတာ ဘယ်သူမှ ရောက်မလာသေးဘူး …” ကျန်းချောင်ယွဲ့ ပြောလိုက်သည်။

“ ကျွန်မက အစ်မယင်ထက် နှစ်နည်းနည်းလေးပဲ ငယ်တာကို ဘာလို့ အငယ်လေးတွေကို သဘောမကျရတာလဲ ….” ကျန်းချောင်ယွဲ့မှာ ဆိုးနွှဲ့နေသည်။

“ သွားစမ်း … ပေါက်ကရတွေ ထပ်ပြောနေရင် ငါ ရိုက်မိတော့မယ် ….”

ကျန်းချောင်ယွဲ့မှာ ကြက်သီးဖြန်းသွား၏။

“ ဒါတော့ မတရားဘူး … အစ်ကိုရီဆို အစ်မယင်နဲ့ အချိန်တိုင်း အီစီကလီ လုပ်နေတာကို သူ့ကိုကျတော့ ဘာမှ မပြောဘဲ ဘာလို့ ကျွန်မကိုမှလဲ … အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကိုကျတော့ ကြောက်တယ်ပေါ့ …”

“ နင်သာ ခေါင်းဆောင်လိုမျိုး အင်အားကြီးရင် ငါလည်း နင်နဲ့ စိတ်ကြိုက် အီပေးမယ် ဟုတ်ပြီလား …”

“ ဒါပေမယ့် လက်‌တွေ့ အမှန်တရားကိုတော့ အစ်မယင် လက်ခံရမှာပဲ … ယောင်းမရဲ့ ကိုယ်လုံးကိုယ်ပေါက်က အစ်မထက် သာတယ် … အစ်မမှာ အခွင့်အရေးမရှိပါဘူး … ကျွန်မကိုပဲ စဉ်းစားပေးလိုက်ပါလို့ … နော်လို့ ….”

“ ငါ့ဖျင်ကြီးပဲ စဉ်းစားပေးနေလိုက် …. နင့်အဆင့် ငါ့ကို ကျော်တက်နိုင်မှ ဒီစကားမျိုး ပြောစမ်း ….”

ယွီစီယင် ၊ ကျန်းချောင်ယွဲ့နှင့် စကားဆက်မပြောတော့ချေ။ သူမဖုန်းကို ကိုင်၍ ပတ်ဝန်းကျင်ကို စပြီး ဓာတ်ပုံများ ရိုက်ယူနေသည်။

ကျုံးဝေ့တပ်ဖွဲ့ထဲသို့ မရောက်လာခင်ကတည်းကပင် ယွီစီယင်က ဤနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်လာခဲ့ဖူးသည်။ ထို့ကြောင့် ဤနေရာသို့ လာရောက်ရသည်ကို စိတ်လှုပ်ရှားခြင်းမျိုး မဖြစ်မိပေ။

သို့သော်လည်းပဲ ဖုန်းထုတ်၍ ဟန်ဆောင်ဖို့ရာ လိုအပ်နေဆဲပင်။ သို့မှသာ လာရောက်လည်ပတ်သူတစ်ဦးနှင့် ပိုပြီး တူညီသွားမှာ ဖြစ်၏။

အချိန်တို့ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ မြင်းပြိုင်ကွင်းသို့ ရောက်လာခဲ့သည့် ဧည့်ပရိတ်သတ်ကလည်း ကြီးမားသထက် ကြီးမားလာခဲ့ကာ လေးထောင့်စတုရန်းကွက် သေးသေးလေးထက် ပြွတ်ကြပ်သိပ်နေသည့် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်လာသည်။

နှစ်ယောက်က ထိုင်ခုံနေရာတွင် ထိုင်ရင်း အချင်းချင်း တီးတိုးစကားပြောနေကြကာ ပစ်မှတ်အပေါ်လည်း မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ကြ၏။

ဧည့်ပရိတ်သတ်အများစု ရောက်လာပြီးချိန်၌ပင် ပစ်မှတ်များက ပေါ်မလာသေးသည်ကို သူတို့တွေ သတိပြုမိသွားခဲ့ကြ၏။ သူတို့ ထိုင်ခုံတွေက ယခုထိတိုင် ဗလာကျင်းနေဆဲပင်။

“ သူတို့တွေ အပေးအယူ လုပ်မယ့် နေရာ ပြောင်းသွားတယ်လို့ ထင်လား …” ကျန်းချောင်ယွဲ့ မနေနိုင်ဘဲ မေးလာခဲ့သည်။

“ ရှိုးပွဲ မပြီးခင် ဘာမဆို ဖြစ်နိုင်ချေရှိတယ် …” ယွီစီယင် တုံ့ပြန်လိုက်ပြီး “ ဒါပေမယ့် ငါတို့တွေ သူတို့ကို မဖမ်းမိဘဲ အပေးအယူကို အောင်မြင်ခွင့်ပြုလိုက်ရင် တပ်ဖွဲ့က ဟုန်မန်ဂိုဏ်းအပေါ် လှုပ်ရှားလာလောက်တယ် … ပြည်မကြီးက ဟောင်ကောင်မှာ ဒီလို အဖွဲ့အစည်းမျိုး ရှိနေတာကို လုံးဝ လက်ခံမှာ မဟုတ်ဘူး ….”

“ ကျစ် ကျစ် ကျစ် …. တွေးကြည့်ရုံနဲ့တင် ရင်ဖိုဖို့ ကောင်းလိုက်တာ ….”

မကြာမီ အချန်က ည ၈ နာရီခွဲသို့ ရောက်လာခဲ့ပြီး ပြိုင်ပွဲကလည်း တရားဝင် စတင်လေပြီ။

သို့တိုင် ခုံနံပါတ် 14-35 နှင့် 14-36 တို့မှာမူ ဗလာကျင်းနေဆဲပင်။

ယွီစီယင်နှင့် ကျန်းချောင်ယွဲ့တို့၏ မသက်မသာ ဖြစ်မှုကလည်း တိုးပွားသထက် တိုးပွားလာသည်။

အကယ်၍ တစ်ဖက်လူသာ ပေါ်မလာဘူးဆိုပါက သူတို့ရဲ့ အားစိုက်ထုတ်မှုများအားလုံး သဲထဲရေသွန် ဖြစ်သွားပေတော့မည်။

“ ဆယ်နာရီတောင် ထိုးတော့မယ် … အခုထိ အရိပ်အယောင်လည်း မမြင်ရသေးဘူး …” ကျန်းချောင်ယွဲ့မှာ စိုးရိမ်ပူပန်လာပြီး “ ဒီလူတွေ နေရာများ ပြောင်းသွားကြလား မသိဘူး …”

“ နာရီဝက်ကျန်သေးတာပဲ … ဆက်ပြီး စောင့်ကြည့်ကြတာပေါ့ ….”

ကျန်းချောင်ယွဲ့က ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ပြီး စကားပြောစက် အသေးစားလေးထဲသို့ လှမ်းမေးလိုက်သည်။

“ အစ်ကိုချန် … အပြင်ဘက်က အခြေအနေတွေ ဘယ်လိုရှိလဲ … ကျွန်မတို့ ဒီမှာတော့ ဘာ သံသယ ဖြစ်စရာမှ မတွေ့ရသေးဘူး …”

“ ဒီမှာလည်း အတူတူပဲ …”

“ အိုကေ ….”

မြင်းပြိုင်ပွဲ၏ စည်ကားလှုပ်ရှားနေသည့် လေထုက ဆက်လက် ဖြစ်ပေါ်နေပြီး နှစ်ယောက်မှာ သူတို့ရဲ့ ပတ်ဝန်းကျင်ကို အကဲခတ်နေရင်းဖြင့် အများနည်းတူ စိတ်လှုပ်ရှား ၊ အော်ဟစ်နေကြသည်။ အကယ်၍ ပုန်းကွယ်ပြီး စောင့်ကြည့်နေသူများ ရှိလျှင်ပင် သတိပြုမိမှာ မဟုတ်ချေ။

“ လူတစ်ယောက် လာနေပြီ …” ယွီစီယင် ပြောလိုက်၏။

ကျန်းချောင်ယွဲ့ ခေါင်းလှည့်ကြည့်လိုက်ရာ အားကစား ဝတ်စုံ ဝတ်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ခုံနံပါတ် 14-36 သို့ အနက်ရောင် လက်တော့အိတ်တစ်လုံးကိုင်လျက် ရောက်လာသည်ကို မြင်တွေ့လိုက်ရ၏။ အထဲတွင် ဘာပါလဲဆိုတာကိုတော့ မည်သူမျှ မသိကြချေ။

“ မလှုပ်နဲ့ … ဒီတိုင်းပဲ ဆက်ကြည့်နေ … ငါတို့ ကိုယ့်ကိုယ်ကို မဖော်ထုတ်မိစေနဲ့ ….” ယွီစီယင်က တီးတိုးပြောလိုက်သည်။

သို့ပေမယ့် သူမက ဖုန်းကို အသုံးပြုပြီး ပုံများ ဆက်တိုက် ရယူနေကာ 14-36 ရှိ အခြေအနေကို သူမ၏ ဖုန်းမှတစ်ဆင့် ဆက်တိုက် စောင့်ကြည့်နေခဲ့၏။

ထို အမျိုးသား၏ အပြုအမူက သာမန် လည်ပတ်သူများနှင့် ကွဲပြားနေသည်ကို ယွီစီယင် သတိပြုမိလိုက်သည်။ သူ့ရဲ့ အာရုံက မြင်းပြိုင်ပွဲအပေါ်တွင် ရှိမနေဘဲ ရှေ့တူရှုသို့သာ တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့၏။ ထို့ပြင် သူ၏ အမူအရာကလည်း တည်ငြိမ်နေကာ တစ်ခါတစ်ရံ မျက်လုံးက ဘယ်ညာ ရွေ့လျားနေတတ်သည်။

ထိုသို့သော အမူအရာမျိုးကို ယွီစီယင် မျှော်လင့်ထားပြီး ဖြစ်၏။

သူ့ကြည့်ရသည်မှာ ဘေးတွင် သူနှင့် အပေးအယူဖလှယ်မည့် လူကို စောင့်ဆိုင်းနေဟန်ပင်။

သို့သော် မိနစ်အနည်းငယ်ကြာပြီးနောက် အားကစား ဝတ်စုံနှင့် အမျိုးသားက ရုတ်ချည်း ထထွက်သွားသည်ကို သတိပြုမိလိုက်သည်။

သို့သော် သူမ အသေးစိတ် အချက်တစ်ချက်ကို သတိထားမိလိုက်၏။

သူ ထွက်သွားခဲ့သည်ဆိုသော်လည်းပဲ သူ့လက်တော့အိတ်ကတော့ မူရင်းနေရာမှာပဲ ကျန်ရှိနေသည်။

ထိုအချိန်မှာပဲ အဖြူရောင်ရှပ်နှင့် အမျိုးသားတစ်ဦးက ထိုင်ခုံ 14-36 ထံသို့ ရောက်လာခဲ့ပြီး လက်တော့အိတ်ကို နေရာမှ ကောက်ယူကာ ဟန်မပျက် ထွက်ခွာသွားခဲ့သည်။

“ လှုပ်ရှားဖို့ အသင့်ပြင် ….”

ယွီစီယင်၏ အမိန့်ကို ကြားသည်နှင့် ကျန်းချောင်ယွဲ့လည်း မတ်တပ်ရပ်ကာ ထိုလူနောက်သို့ လိုက်သွားခဲ့သည်။

မြင်းပြိုင်ပွဲကွင်းက ပြည့်ကြပ်နေသည်ဆိုသော်လည်း လူများက ထွက်သွားထွက်လာ ပြုနေကြပင်။

သူတို့နှစ်ဦး ထွက်ခွာသွားသည်က အခြားသူများထံက အာရုံကို ဆွဲဆောင်ခြင်း မပြုခဲ့ပေ။

“ အစ်ကိုချန် … ပစ်မှတ်ထွက်လာပြီ …. အပြင်က အခြေအနေ ဘယ်လိုလဲ ….” ကျန်းချောင်ယွဲ့ တီးတိုးမေးလိုက်၏။

“ အပြင်မှာ အားလုံး ပုံမှန်ပဲ … သူတို့ဘက်ကလူတွေလည်း အပြင်မှာ စောင့်နေလိုက်တယ် … ကိစ္စကို ပွဲခင်းထဲမှာပဲ အပြတ်ဖြတ်ရင် အကောင်းဆုံးပဲ ….”

“ အိုကေ …”

ထိုအချိန်တွင် နှစ်ယောက်က သူတို့ရဲ့ ပစ်မှတ်များကို လိုက်မီသွားကြပြီး ယွီစီယင် ပြောလိုက်သည်။

“ အဲ့ဒီ အားကစား ဝတ်စုံနဲ့ လူက ဟုန်မန်ဂိုဏ်းသား ဖြစ်ရမယ် … အဖြူရှပ်နဲ့ တစ်ယောက်ကတော့ သူတို့ရဲ့ အရောင်းသမားပဲ ….” ယွီစီယင် ပြောဆိုလိုက်သည်။

“ ရှေ့တစ်ယောက်နောက်ကို ငါ လိုက်သွားမယ် … နောက်က တစ်ယောက်ကို နင်တို့ ကိုင်တွယ်လိုက်ကြ …”

“ နားလည်ပြီ …”

သူတို့တစ်ယောက်ချင်းစီက ပစ်မှတ်ကို နောက်ယောင်ခံပြီး ပွဲကျင်းပရာ အပြင်ဘက်သို့ ဦးတည်လိုက်ကြသည်။

မြင်းပြိုင်ပွဲကွင်း အပြင်ဘက်တွင် အနက်ရောင် Rolls Royce Phantom တစ်စင်းက ပါကင်ထိုးထားပြီး လီကျန်းချွမ်နှင့် ကျိုးကွမ်းယောင်တို့က အထဲတွင် ထိုင်နေသည်။

“ ဥက္ကဌကျိုး … ဒီ တစ်သုတ်ကို မင်း စိတ်ပူနေတာ ငါနားလည်တယ် … ဒါပေမယ့် လုံခြုံစိတ်ချရဖို့ နည်းနည်းကြာကြာ ထပ်စောင့်သင့်တယ် …”

“ ယုတ္တိရှိတယ် …” ကျိုးကွမ်းယောင် ပြန်ဖြေလိုက်ပြီး ဘာစကားမျှ ဆက်ပြောမလာတော့ချေ။ သူ့မျက်နှာထက်ရှိ တည်ငြိမ်မှုက အယောင်ဆောင် သပ်သပ်ပင်။

အရင်ဦးဆုံး … ကျိုးမိသားစုက ဤပစ္စည်းတစ်သုတ်ကို အင်မတန် လိုအပ်နေသည်။ ဒုတိယ အနေဖြင့် ဤနေရာက ဟောင်ကောင်ဖြစ်ပြီး ဟုန်မန်ဂိုဏ်း ပိုင်နက်ပင်။ ဤနေရာတွင် တစ်ဦးတည်းရှိနေရသည်က သူ့စိတ်ကို အနည်းနှင့် အများတော့ မသက်မသာ ဖြစ်စေသည်။

အပေးအယူက လျင်မြန်စွာ ပြီးမြောက်အောင်မြင်သွားစေဖို့ မျှော်လင့်မိ၏။

ဒီနေ့ရဲ့ ဒရာမာ သေးသေးလေးက တကယ်ပဲ သံသယဝင်ဖို့ကောင်းတဲ့ တစ်ခုခု ရှိနေတာလား … ၊ ဒါမှမဟုတ် ဟုန်မန်ဂိုဏ်းကပဲ လှည့်ကွက်တွေနဲ့ ကစားနေတာလား ကျိုးကွမ်းယောင် မသေချာပေ။

အကယ်၍ အမှန်တကယ် သစ္စာဖောက်မှုတို့ ရှိလာမည်ဆိုပါက ကျိုးမိသားစုတွင် မည်သည့် အရေးသာမှုတို့မျှ မရှိသဖြင့် ဆုံးရှုံးနစ်နာမှုကို သူတို့တွေ လက်ခံရလိမ့်မည်။

“ ဥက္ကဌကျိုး … မင်းကြည့်ရတာ ငါတို့ကို မယုံသလိုပဲ … ဟောင်ကောင်ရဲ့ ဟုန်မန်ဂိုဏ်းက အဲ့လောက်တောင် ယုံကြည်ချင်စရာ မကောင်းဘူးလား ….”

“ လူကြီးမင်းလီ … မင်း စကားတွေက သိပ်ပြင်းထန်လွန်းနေပါပြီ ….” ကျိုးကွမ်းယောင်က နှစ်လိုဖွယ် အပြုံးဖြင့် ပြုံး၍ ပြောလိုက်ပြီး “ ဒီတိုင်း ဒီတစ်သုတ်က ငါတို့အတွက် တကယ်ကို အရေးတကြီး လိုအပ်နေရုံပါပဲ .. ငါ ဘာပြဿနာမှ မဖြစ်ချင်ဘူး …”

“ ငါနားလည်တယ် … ဒါပေမယ့် စိတ်ချ…. ဒါ ဟောင်ကောင် ၊ ဟုန်မန်ဂိုဏ်းရဲ့ ပိုင်နက် … ဒီနေရာမှာ ငါ့စကားလုံးက ဥပဒေပဲ …” လီကျန်းချွမ်က အာမခံလိုက်သည်။

ကျိုးကွမ်းယောင်မှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့၏။ ဟက်ပီးဗယ်လီထံသို့ အကြည့်ရောက်သွားခဲ့ပြီး ဝေဝါးနေသည့် လေသံဖြင့်မေးလိုက်၏။ “ တကယ်လို့ ကျုံးဝေ့တပ်ဖွဲ့က လူတွေ ရောက်လာရင်ကော မင်းတို့လူတွေ ကိုင်တွယ်နိုင်မှာလား …”

“ ဒါပေါ့ …” လီကျန်းချွမ် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပြီး “ ငါတို့မှာ စီ -အဆင့် ကျွမ်းကျင်သူ ရှိတယ် … သူ့အစွမ်းအစတွေက‌တော့ မေးခွန်းထုတ်နေစရာတောင် မလိုဘူး … ကျုံးဝေ့တပ်ဖွဲ့ကလူတွေ ဘယ်လောက်ပဲ မာတယ်ပြောပြော ကျည်ဆံနဲ့ ပစ်ရင် သေရတာပဲမလား …”

“ အဲ့လိုဖြစ်လာရင်‌တော့ မင်း သူတို့ တစ်ယောက်ကိုမှ မထွက်သွားနိုင်အောင် လုပ်ရမယ် …. မဟုတ်ရင် ကျုံးဝေ့တပ်ဖွဲ့ကို စစ်ကြေညာသလို ဖြစ်သွားလိမ့်မယ် …”

“ မပူနဲ့ … ဒီနေရာက ဟောင်ကောင် … ဒီမှာ အခြေအနေတွေက မတူဘူး ….” လီကျန်းချွမ် ပြုံးလျက် ပြောလိုက်ပြီး “ တကယ်လို့ သူတို့တွေ ငါ့အစီအစဉ်ကို ဇယား လာရှုပ်ဝံ့တယ်ဆိုရင် ငါလည်း သူတို့ကို သတ်ရဲတဲ့ ဇရှိတယ် … သူတို့တွေ လာမယ်လို့တော့ မထင်ပါဘူး … မဟုတ်ရင် ငါတို့ရဲ့ အရင် အပေးအယူက ဘယ်လိုဖြစ်ပြီး အောင်မြင်နိုင်မှာလဲ ဟုတ်တယ်မလား … သူတို့က အရာရာတိုင်းကို သိမြင်နေတဲ့ တန်ခိုးရှင်တွေလည်း မဟုတ်ဘူး … စိတ်သက်သက်သာသာ နေစမ်းပါ …”

စာစဉ် (၁၅၀)ပြီး၏။

All Chapters