အခန်း (၃၅၂−၃၅၄)
Vol. 24 Ch. 352-354
အခန်း (၃၅၂) ချီသွေးအသွင်ပြောင်းခြင်းအဆင့်တစ်ဆယ် ချီသွေးမီးပြင်းဖိုအဆင့်။ ကောင်းကင်နှင့် မြေကြီးဓားစွမ်းအား။ (၇)
ဟုန်ကျန်းရှန့်က တစ်စုံတစ်ခုကို စဉ်းစားနေသည်။ လွန်ခဲ့သော တစ်နှစ်က အဖြစ်အပျက်များက သူ့စိတ်ထဲတွင် ပေါ်လာပြီး ရုတ်တရက် သဘောပေါက်သွားသည်။ ဖေယန်ကို ပြန်ပေးဆွဲခဲ့သူ၏ အထောက်အထားကို သဘောပေါက်သွားသည်နှင့် သူ့မျက်နှာအမူအရာသည် ပို၍ပင် မည်းမှောင်သွားသည်။
စူးချန်ခုန်း၊ ဟုန်ကျန်းရှန့်တို့နှင့် မော့ယင်ဟုဆိုသော နတ်ဆိုးတစ်ကောင်ကြားတွင် ထိပ်တိုက်တွေ့မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အရေးကြီးသောအချိန်ရောက်တော့ တစ်စုံယောက်ယောက်က ပလွေသံကို အသုံးပြု၍ သူ့ကို မျှားခေါ်သွားခဲ့သည်။
“ဖေမိသားစု၏ မိသားစုအကြီးအကဲဟောင်းက စစ်သူကြီးဟုန်ထံ သတင်းပို့ဖို့ တောင်းဆိုခဲ့ပါတယ်။ သူက စစ်သူကြီးဟုန်ကို အုပ်ချုပ်ရေးမှူးဖေကို ကယ်ပေးဖို့ တောင်းပန်ခဲ့တယ်။ အခုအချိန်မှာ စစ်သူကြီးတစ်ယောက်ပဲ သူ့ကို ကယ်နိုင်တယ်လို့ ပြောခဲ့တယ်” ဟု ငွေရောင်သံချပ်ကာဝတ်ထားသောလူက ပြောပြလိုက်သည်။
“အင်း နားလည်ပြီ။ မင်းသွားလို့ရပြီ” သူက ပြန်ဖြေလိုက်သည်။
ဟုန်ကျန်းရှန့်သည် ခေါင်းညိတ်ပြပြီး ငွေရောင်သံချပ်ကာနဲ့လူကို အရင်ဆုံး ထွက်သွားဖို့ ပြောလိုက်သည်။
ယခု ခန်းမထဲတွင် သူတစ်ယောက်တည်းကျန်ခဲ့ပြီး သူ့လက်ထဲက စာရွက်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူ့အကြည့်များ စူးရှလာပြီး “ငါ့ဘဝတစ်လျှောက်လုံးမှာ ငါ ဟုန်ကျန်းရှန့်က အကြောက်တရားဆိုတာကို ဘယ်တုန်းကမှ မသိခဲ့ဘူး။ တပ်သားထောင်ပေါင်းများစွာကြားထဲမှာတောင် ငါ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တယ်။ မင်းတို့လို ကြွက်တွေနဲ့ ငါတွေ့ချင်မိသား။”
နောက်တစ်နေ့မနက် အရုဏ်ပြိုပြီး မနက်စောစောထသည့် ကုန်သည်တွေသာ သူတို့၏လုပ်ငန်းဆောင်ရာ ပြုဖွယ်ကိစ္စများဖြင့် အလုပ်များနေသည့်အချိန်၌။
အိုက်ဝေ့အိမ်တော်မှာ စူးချန်ခုန်းဟာ နိုးနေပြီဖြစ်ပြီး သူ့ရဲ့ မနက်ခင်း လုပ်ရိုးလုပ်စဉ်အတိုင်း ဝူချင်းရှီကို လေ့ကျင့်နေလေ၏။
“ဒေါက် ဒေါက် ဒေါက်”
အဲဒီအချိန်မှာ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။
“ဟုန်ကျန်းရှန့်လား။ အစောကြီးပါလား။”
အံ့အားသင့်သွားပြီး စူးချန်ခုန်းဟာ တံခါးခေါက်သံရဲ့ ပုံစံနဲ့ အရှိန်ကြောင့် ဟုန်ကျန်းရှန့် တံခါးခေါက်နေကြောင်း သိလိုက်သည်။ ဘယ်လိုအရေးကြီးကိစ္စမို့ ဒီအချိန်ကြီး သူ့ဆီ ရောက်လာရတာလဲ။
တွန့်ဆုတ်ခြင်းမရှိဘဲ စူးချန်ခုန်းသည် တံခါးဖွင့်ရန် သွားလိုက်ရာ အမှန်တကယ်ပင် အပြင်ဘက်တွင် ဟုန်ကျန်းရှန့် ရပ်နေလေ၏။
စူးချန်ခုန်းက အပြုံးလေးနှင့် “စစ်သူကြီးဟုန်၊ အလုပ်များတဲ့လူက ဘာလို့များ ဒီလောက်စောစော ကျွန်တော့်ဆီ ရောက်လာရတာလဲ။ အထဲဝင်ပြီး ထိုင်ပါဦး” ဟု ပြောလိုက်သည်။
ပြီးခဲ့သည့် တစ်နှစ်လုံးတွင် ဟုန်ကျန်းရှန့်သည် စူးချန်ခုန်းထံ ရံဖန်ရံခါ သွားရောက်လည်ပတ်ခဲ့သည်။ သူတို့သည် အကြောင်းအရာအမျိုးမျိုးကို ပြောဆိုဆွေးနွေးကြပြီး အတော်လေး ရင်းနှီးလာကြသည်။
သို့သော် ဟုန်ကျန်းရှန့်သည် ခေါင်းယမ်းကာ ပြုံးလိုက်သည်။ “ဒီတစ်ခါတော့ ငါ ခရီးရှည်ကြီးတစ်ခု စတင်တော့မှာဖြစ်လို့ မင်းကို နှုတ်ဆက်ဖို့ ရောက်လာတာပါ။ ငါ အချိန်အတော်သွားနိုင်တယ်။ မင်း တစ်ခုခု လိုအပ်ရင် တိဟန်ကို သွားရှာလို့ရတယ်။”
“ခရီးရှည်ကြီးလား။”
ဟုန်ကျန်းရှန့်သည် တာ့ဖုန်းသံမဏိမြင်းတပ်၏ ခေါင်းဆောင်ဖြစ်ပြီး သူ့တာဝန်ကြောင့် သူ ကြာကြာ မသွားသင့်သောကြောင့် စူးချန်ခုန်း ဇဝေဇဝါဖြစ်နေသည်။
သူသိချင်မိသော်လည်း ဟုန်ကျန်းရှန့်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို မစပ်စုချင်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။ “ဒါဆို စစ်သူကြီးဟုန် လမ်းခရီးမှာ ဂရုစိုက်ပါ။”
"အင်း။"
နောက်ထပ်စကားမပြောတော့ဘဲ ဟုန်ကျန်းရှန့်သည် စူးချန်ခုန်းကို နှုတ်ဆက်ပြီး လှည့်ထွက်ကာ လမ်းတစ်လျှောက် ပျောက်ကွယ်သွားလေ၏။
ထိုနေရာတွင် ရပ်နေရင်း စူးချန်ခုန်း ခဏတာ တွန့်ဆုတ်နေပုံရသည်။
တာ့ဖုန်းပြည်နယ်မြို့တော်အပြင်ဘက်တွင် ဟုန့်ကျန်းရှန့်သည် ကူကယ်ရာမဲ့စွာ နောက်သို့လှည့်ကြည့်လိုက်သည်။ “တိဟန်၊ ငါ့နောက်ကို မလိုက်ခဲ့နဲ့တော့။”
အဝေးတွင် ငွေရောင်သံချပ်ကာဝတ်ထားပြီး မျက်နှာထားတည်တည်နှင့် အပြုံးတို့ ဆိတ်သုဉ်းနေသော လူတစ်ယောက် ချဉ်းကပ်လာသည်။ ထိုသူမှာ ဟုန်ကျန်းရှန့်၏ ယုံကြည်ရသော တိဟန်ဖြစ်သည်။ တိဟန် အံကြိတ်ကာ ဆိုလေ၏။ “စစ်သူကြီးဟုန်၊ တကယ်ပဲ တစ်ယောက်တည်း သွားမှာလား။ အဲဒီမိစ္ဆာကောင်က အုပ်ချုပ်ရေးမှူးဖေကို ပြန်ပေးဆွဲခဲ့ပေမယ့် သူ့ရဲ့ပစ်မှတ်က စစ်သူကြီးပဲ။ သူက စစ်သူကြီးတစ်ယောက်တည်း လာဖို့ အတင်းအကျပ်ပြောနေတာ သေချာပေါက် ထောင်ချောက်ဆင်ထားတာပဲ။”
“အင်း… ငါသိပါတယ်။ ဒါပေမယ့် ငါမသွားလို့မဖြစ်ဘူးလေ။” ဟုန်ကျန်းရှန့်က သက်ပြင်းချရင်း အသာအယာ ခေါင်းညိတ်လိုက်သည်။
လွန်ခဲ့တဲ့ရက်က အလွန်ထူးခြားကောင်းမွန်သော သိုင်းပညာစွမ်းရည်ရှိသည့် အနီရောင်ဝတ်စုံနှင့်သူတစ်ဦးသည် ဖေယန်ကို ပြန်ပေးဆွဲခဲ့ပြီး ဟုန်ကျန်းရှန့်ထံ ပေးပို့ရမည့် စာတစ်စောင်ကို ချန်ထားခဲ့သည်။ အကြောင်းအရာတွေက ရိုးရှင်းပါသည်။ သတ်မှတ်ထားတဲ့နေရာမှာ လာတွေ့ဆုံဖို့ပင်။ မဟုတ်ရင် ဖေယန် သေဆုံးရမည်သာ။
ဟုန်ကျန်းရှန့်က သူ့ပြိုင်ဘက်ရဲ့သရုပ်မှန်နဲ့ အထောက်အထားကို နားလည်ပြီး သူတို့ ဘယ်လောက်အန္တရာယ်များလဲဆိုတာ သိပါသည်။ သတ်မှတ်ထားတဲ့နေရာမှာ ဆင့်ခေါ်ခံရတာက သူတို့က သူ့အသက်ကို လိုချင်လို့ပင်။
ဖေယန်ကို ရန်သူလက်ထဲမှာ ထားထားတော့ ဟုန်ကျန်းရှန့်က ဘာမှမလုပ်ဘဲ မနေနိုင်ပါ။ တာ့ဖုန်းသံမဏိမြင်းတပ်က အစုလိုက်အပြုံလိုက် လှုပ်ရှားရင်တောင် အချိန်မီမရောက်နိုင်တဲ့ ဝေးလံခေါင်သီတဲ့နေရာမှာ ချိန်းဆိုထားသည်။
ပြီးတော့ စစ်ရေးကျွမ်းကျင်သူတွေကို ခေါ်လာဖို့လား။ ဒီရန်သူက သာမန်မဟုတ်ပေ။ တပ်မှူးတစ်ယောက် နှစ်ယောက်တောင် မကိုင်တွယ်နိုင်တဲ့သူဖြစ်သည်။ ထို့အပြင် မလိုအပ်ဘဲ အသက်သေဆုံးမှုတွေသာ ဖြစ်စေလိမ့်မည်။ ရန်သူက သူ့အသက်ကိုပဲ လိုချင်ပြီး ဟုန်ကျန်းရှန့်က တခြားသူတွေကို ပါဝင်ပတ်သက်ဖို့ ရည်ရွယ်ချက်မရှိပါ။ ဒါကြောင့် သူက အသိမိတ်ဆွေတွေကို နှုတ်ဆက်ပြီး တစ်ယောက်တည်း သွားဖို့ ဆုံးဖြတ်လိုက်သည်။
“ကောင်းပြီ။ တိဟန်၊ အုပ်ချုပ်ရေးမှူးဖေကို ပြန်ခေါ်လာခဲ့မှာပါ။ ငါ့အလျင်လိုနေလို့ အခုပဲ သွားတော့မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။” ဟု ဟုန်ကျန်းရှန့်က ပြောလိုက်သည်။
တည့်တိုးသာဆိုတတ်သော ဟုန်ကျန်းရှန့်သည် တိဟန်ထံမှ ထွက်ခွာပြီး မိုးကုပ်စက်ဝိုင်းအဆုံးသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
“စစ်သူကြီးဟုန်…” တိဟန်သည် လက်သီးကို ဆုပ်ကိုင်လိုက်ပြီး ဟုန်ကျန်းရှန့်က အင်အားကြီးမားသော ရန်သူတစ်ဦးကို ရင်ဆိုင်ရန် အမည်မသိသောနေရာသို့ လျှောက်လှမ်းနေသည်ကို သတိပြုမိလိုက်သည်။ ၎င်းသည် အလွန်အန္တရာယ်များသောကြောင့် ပြန်မရောက်နိုင်လောက်ဟု ဆိုလိုသည်။
သို့သော် ဖေယန်သည် ရန်သူ၏လက်ထဲတွင် ရှိနေသောကြောင့် ဟုန်ကျန်းရှန့်သည် ရှေ့ဆက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
တိဟန်သည် ထိုနေရာ၌ပင် အကြာကြီးရပ်နေပြီး ဟုန်ကျန်းရှန့်က သူပုန်များလက်ထဲမှ သူ့ကို ကယ်တင်ခဲ့သည့် အမှတ်တရများက ပြန်ပေါ်လာသည်။ ဤသည်မှာ ၎င်းတို့၏ နောက်ဆုံးတွေ့ဆုံမှု ဖြစ်နိုင်သည်ဟူသော အတွေးက သူ့အား မျက်ရည် မထိန်းနိုင်လောက်အောင် ဖြစ်စေသည်။
“တိဟန်၊ ဘာတွေဖြစ်နေလဲဆိုတာ ပြောပြပါဦး။”
တိဟန် အတွေးထဲ နစ်မြုပ်သွားချိန်တွင် အသံတစ်ခု သူ့နားသို့ ရောက်လာခဲ့သည်။
အံ့အားသင့်သွားပြီး တိဟန် ထခုန်လိုက်သည်။ သူ အာရုံပျံ့လွင့်နေချိန်တွင် သူမသိလိုက်ဘဲ တစ်ယောက်ယောက်က သူ့ဆီ ဘယ်လိုရောက်လာတာလဲ။
“ဆရာစူး” တိဟန်သည် အလျင်မြန် လှည့်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးက သူ့ကို မော့ကြည့်နေလေ၏။
အနှီလူက အမှန်တကယ်ပင် စူးချန်ခုန်းဖြစ်လေသည်။
အခန်း (၃၅၃) ပြိုင်ဘက်ကင်းဓားစွမ်းအား။ မလွှမ်းမိုးနိုင်သောစွမ်းအား။ (၁)
“ဆ… ဆရာစူး.. ဒီကို ဘယ်လိုရောက်လာတာလဲ”
တိဟန်က အံ့အားသင့်စွာ ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက ချီသွေးနယ်ပယ်မှာ ရှိနေတာဖြစ်ပြီး စိတ်ပျံ့လွင့်နေရင်တောင် လူငယ်တစ်ယောက် ချဉ်းကပ်လာတာကို သတိမထားမိဘဲ မနေပါ။
“စစ်သူကြီးဟုန်က ကျွန်တော့်ကို နှုတ်ဆက်ဖို့ ရောက်လာတယ်။ ထူးဆန်းတယ်လို့ ထင်လို့ လိုက်လာကြည့်တာ။ စစ်သူကြီးဟုန် ဘာတွေဖြစ်နေတာလဲဗျ။”
စူးချန်ခုန်းက မေးလိုက်သည်။
ဟုန်ကျန်းရှန့်က သူ့ကို နှုတ်ဆက်ဖို့ လာတဲ့အခါ ထူးဆန်းတယ်လို့ ခံစားရသောကြောင့် အဝေးကနေ လိုက်လာခဲ့သည်။ တိဟန်ရဲ့ အခြေအနေကို မြင်တော့ တိဟန်ဆီကနေ ဘာတွေဖြစ်နေလဲဆိုတာ နားလည်ဖို့ ရောက်လာခဲ့တာဖြစ်သည်။
အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးနောက် တိဟန်သည် သူစိမ်းတစ်ယောက်ကို ထိုကိစ္စများအကြောင်း မပြောပြသင့်ဟု ခံစားမိသော်လည်း စူးချန်ခုန်း၏ တောင်းဆိုမှုအားလုံးကို ဖြည့်ဆည်းပေးဖို့ ဟုန်ကျန်းရှန့်၏ ယခင်က အမိန့်များကို ပြန်အမှတ်ရမိသွားသည်။
တိဟန်သည် နောက်ဆုံးတွင် သက်ပြင်းချကာ ပြောပြလိုက်သည်။ “အုပ်ချုပ်ရေးမှူးဖေကို လူဆိုးတွေက ပြန်ပေးဆွဲထားတယ်။ သူတို့က စစ်သူကြီးဟုန်ကို သတ်မှတ်ထားတဲ့နေရာမှာ တွေ့ဖို့ တောင်းဆိုထားတယ်။ မလာရင် အုပ်ချုပ်ရေးမှူးဖေကို သတ်ပစ်မယ်တဲ့။ အဲ့ဒီနေရာမှာ ထောင်ချောက်တွေ တော်တော်များမှာ။ စစ်သူကြီးဟုန် တစ်ယောက်တည်းသွားဖို့ အန္တရာယ်များလွန်းတယ်။”
“ဖေယန်ကို ဖမ်းသွားတယ်ပေါ့။ ဘယ်သူ ဖမ်းသွားတာလဲ။”
စူးချန်ခုန်းလည်း အံ့အားသင့်သွားပြီး ချက်ချင်းမေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဖေယန်ဟာ ပြည်နယ်တစ်ခုရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး အပြင်ထွက်တဲ့အခါတိုင်း ကျွမ်းကျင်ပညာရှင်တွေ အမြဲလိုက်ပါလာလေ့ရှိသည်။ ဖေယန်ကို ဖမ်းဆီးနိုင်တဲ့သူက သာမန်လူတစ်ယောက် မဖြစ်နိုင။
“ကျောက်စိမ်းပုလွေကိုင်ထားတဲ့ အနီရောင်ဝတ်စုံနဲ့လူတစ်ယောက်ပါ” ဟု တိဟန်က သူသိသော အချက်အလက်ကို ပြောပြလိုက်သည်။
“အနီရောင်ဝတ်ထားတဲ့လူ။ ကျောက်စိမ်းပုလွေကိုင်ထားတဲ့လူလား”
ဒီသတင်းကြားတော့ စူးချန်ခုန်းဟာလည်း လွန်ခဲ့တဲ့တစ်နှစ်က သူပုန်တွေကို နှိမ်နင်းတုန်းက ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုကို ပြန်ပြောင်းသတိရမိသွားသည်။
“အဲဒီတုန်းက တစ်ယောက်ယောက်က မော့ယင်ကို မျှားခေါ်ဖို့ ပလွေသံကို အသုံးပြုခဲ့တယ်။ ဧကန္တ..ပလွေမှုတ်တဲ့သူများလား။ မော့ယင်ရဲ့ ကြံရာပါတစ်ယောက်လား။”
စူးချန်ခုန်းဟာ အဲဒီအချိန်တုန်းက ချီနဲ့သွေးကို နှောင့်ယှက်ခဲ့တဲ့ ပလွေသံကို ချက်ချင်း သတိရသွားသည်။ ဖေယန်ကို ဖမ်းဆီးခဲ့တဲ့ အနီရောင်ဝတ်ထားတဲ့လူဟာ မော့ယင်ရဲ့ အဖော်ဖြစ်ပြီး သူကိုယ်တိုင်က နတ်ဆိုးတစ်ကောင် ဖြစ်နိုင်ပါသည်။
အနီရောင်ဝတ်ထားတဲ့လူနဲ့ မော့ယင်တို့ဟာ ဟုန်ကျန်းရှန့်ကို အကြောင်းတစ်ခုခုကြောင့် ပစ်မှတ်ထားခဲ့တယ်လို့ ထင်ရပြီး ဖေယန်ကို ပြန်ပေးဆွဲကာ သတ်မှတ်ထားတဲ့နေရာကို သွားဖို့ ခြိမ်းခြောက်ခဲ့သည်။ သူတို့နှစ်ယောက်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိပြီး ဟုန်ကျန်းရှန့်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ တွေးကြည့်နိုင်ပါသည်။
“တွေ့မယ့်နေရာက ဘယ်မှာလဲ။”
စူးချန်ခုန်းဟာ မျက်လုံးတွေထဲမှာ စူးရှတောက်ပတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာပြီး မေးလိုက်သည်။
စူးချန်ခုန်းရဲ့အကြည့်ကို ကြည့်နေတဲ့အချိန်မှာ တိဟန်ဟာ ကြီးမားတဲ့ဖိအားတစ်ခုကို ခံစားရပြီး မပြောသင့်ဘူးဆိုတာ သိရက်နဲ့ “အဲ့ဒါက… အနက်ရောင်ရွှံ့တောထဲမှာ” လို့ မရည်ရွယ်ဘဲ ပြောလိုက်မိသည်။
တာ့ဖုန်းပြည်နယ်မြို့တော်ကနေ မိုင်ထောင်ပေါင်းများစွာအကွာမှာရှိတဲ့ ရွှံ့နွံထူထပ်တဲ့ အနက်ရောင်ရွှံ့တောဟာ လူသူကင်းမဲ့တဲ့ တောအုပ်တစ်ခုဖြစ်သည်။ သာမန်လူတွေသာ အဲဒီထဲကို နက်နက်ရှိုင်းရှိုင်းဝင်သွားရင် ခြေလှမ်းတစ်ချက်မှားသွားတာနဲ့ ရွှံ့ထဲမြှုပ်သွားမှာဖြစ်ပြီး သက်ရှိတွေ မသွားသင့်တဲ့ဇုန်တစ်ခု ဖြစ်လာသည်။
အနီရောင်ဝတ်ထားတဲ့လူက တွေ့ဆုံဖို့အတွက် ဒီနေရာကို ရွေးချယ်တာက အနှောင့်အယှက်တွေ မရှိနိုင်ဘူးလို့ ဆိုလိုပါသည်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ တာ့ဖုန်းသံမဏိမြင်းတပ်တောင် အဲဒီကို မရောက်နိုင်သောကြောင့် ကြိုတင်ကြံစည်ထားတာကို ပြသနေသည်။
“အနီရောင်ဝတ်ထားတဲ့လူက မော့ယင်ရဲ့အဖော်ဖြစ်ပြီး မော့ယင်လည်း အဲဒီမှာရှိနေဖို့များတယ်… သွားကြည့်ရအောင်။”
စူးချန်ခုန်းရဲ့မျက်လုံးတွေထဲမှာ အေးစက်တဲ့အရိပ်အယောင်တွေ ဖြတ်ပြေးသွား၏။
မော့ယင်နဲ့ အရင်ကတိုက်ပွဲက သူ့ကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ဟုန်ကျန်းရှန့်သာ ကြားမဝင်ခဲ့ရင် သူရှုံးနိမ့်သွားနိုင်ပါသည်။ စူးချန်ခုန်းက ဒီကိစ္စကို အမြဲသတိရနေခဲ့သည်။ အခု တစ်ဖက်လူ ပြန်ပေါ်လာပြီဆိုတော့ စူးချန်ခုန်းက သူတို့ ဂုဏ်ယူရတဲ့ နတ်ဆိုးအတတ်က သူ့ရဲ့သိုင်းပညာနဲ့ မယှဉ်နိုင်ဘူးဆိုတာ ပြဖို့ နောက်ထပ်တိုက်ပွဲတစ်ခု နွှဲချင်နေခဲ့တာဖြစ်သည်။
ဟုန်ကျန်းရှန့်သည် စူးချန်ခုန်းအား တော်တော်လေး ကူညီပေးခဲ့ပြီး စူးချန်ခုန်းနှင့် ခင်မင်ရင်းနှီးသော ရိုးသားသူတစ်ဦးဖြစ်ကြောင်း ပြောစရာပင် မလိုပါ။ တာ့ဖုန်းပြည်နယ်မြို့တော်တွင် စူးချန်ခုန်း၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သောကြောင့် သူသေခြင်းတရားဆီသို့ လျှောက်လှမ်းသွားသည်ကို ထိုင်ကြည့်နေ၍မရပါ။
အရေးကြီးဆုံးမှာ စူးချန်ခုန်းသည် မော့ယင်ကဲ့သို့သော အစွမ်းထက်သော နတ်ဆိုးတစ်ကောင်နှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် ၎င်းကို ဖျက်ဆီးနိုင်သည်ဟု ယုံကြည်ပြီး သူ၏လက်ရှိအစွမ်းကို အနည်းငယ် ယုံကြည်မှုရှိနေသည်။
“ကောင်းပြီ။ ကျွန်တော်နားလည်ပါပြီ။”
စူးချန်ခုန်းသည် တိဟန်ကို ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားကာ သူ၏လက်နက်များကို ပြန်ယူရန် တာ့ဖုန်းပြည်နယ်မြို့တော်သို့ ပြန်သွားခဲ့သည်။
ဝှစ်
ချက်ချင်းဆိုသလို စူးချန်ခုန်း၏ပုံရိပ်သည် ငှက်တစ်ကောင်ကဲ့သို့ ပျံပြေးသွားပြီး အသက်နှစ်ရှူစာအတွင်း တိဟန်၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။
“ခုနက ဆရာစူးနဲ့မျက်နှာချင်းဆိုင်နေရတာ… ဖိအားက အရမ်းများတာပဲလား။ တခြားတပ်မှူးတွေကို မျက်နှာချင်းဆိုင်ရတာထက်တောင် ပိုပြီး ဖိအားများသေးတယ်… ဆရာစူးလည်း ကျွမ်းကျင်ပညာရှင်လား။”
စူးချန်ခုန်း ထွက်သွားပြီးနောက် တိဟန်သည် တံတွေးမျိုချလိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
ယခင်က စူးချန်ခုန်းနှင့် ဆက်ဆံရာတွင် သူသည် ကုန်ပစ္စည်းများကိုသာ ပို့ဆောင်ပေးခဲ့ပြီး စကားလည်း သိပ်မပြောဖြစ်ခဲ့ပေ။ ဤလူလေးက ဟုန်ကျန်းရှန့်နှင့် ဆက်ဆံရေးကောင်းသည်ကိုသာ သိခဲ့သည်။
ယခုအခါ ဤလူငယ်လေးစူးသည် သူ့ထက် များစွာသာလွန်သော သိုင်းပညာကျင့်ကြံမှုရှိသည်ဟု ထင်ရသည်။
“မော့ယင်၊ မင်းလည်း ရှိနေမယ်လို့ မျှော်လင့်တယ်။”
စူးချန်ခုန်းသည် အိုက်ဝေ့အိမ်တော်သို့ ပြန်သွားကာ သံဖြတ်ဓားနှင့် ကြယ်ပုံစံရွှေလေးတို့ကို ကိုင်ဆောင်ရင်း သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။
မော့ယင်နှင့် ယခင်တိုက်ပွဲသည် စူးချန်ခုန်းအတွက် သိသာသော ထိုးနှက်ချက်တစ်ခုပင်။ သူဂရုတစိုက် လေ့ကျင့်ထားသော သိုင်းပညာများကို နတ်ဆိုးအတတ်ပညာဖြင့် အလွယ်တကူ တုပနိုင်ခဲ့ပြီး နှလုံးသားနတ်ဆိုးအဆင့်သို့ မရောက်ရှိသေးသော်လည်း စူးချန်ခုန်းသည် သူ့ကို သတ်ပစ်ချင်နေဆဲပင်။ သူ့စိတ်ကို ရှင်းထုတ်ဖို့ဖြစ်သည်။
ဝှူးရှ်
ပြင်ဆင်ပြီးသည်နှင့် စူးချန်ခုန်းသည် အိမ်တော်မှ အလျင်အမြန် ထွက်ခွာပြီး မြို့တံခါးများကို ဖြတ်ကျော်လျက် လျင်မြန်စွာ ရွေ့လျားကာ အနက်ရောင် ရွှံ့နွံတောသို့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။
ချီသွေးအသွင်ပြောင်းခြင်းအဆင့်တစ်ဆယ်သို့ ရောက်ရှိသောအခါ စူးချန်ခုန်း၏ ခန္ဓာကိုယ်သည် အသွင်ပြောင်းသွားပြီးနောက် သူ၏စွမ်းအင်သည် ပိုမိုကြွယ်ဝလာကာ အသက်တစ်ချက်ရှူရုံဖြင့် မိုင်ထောင်ပေါင်းများစွာကို မရပ်မနား ပြေးနိုင်လေသည်။
အချိန်ကြာလာသည်နှင့်အမျှ နေဝင်လာပြီး မှိန်ဖျော့ဖျော့ အဝါရောင်သို့ ပြောင်းလဲသွားသည်။ မှောင်ရီပျိုးစအချိန်ရောက်လာလေ၏။
အနက်ရောင်ရွှံ့နွံတောတွင် ညှိုးနွမ်းနေသော အရွက်များရှိသော သစ်ပင်များ ဝန်းရံထားပြီး သစ်တောကြမ်းပြင်တွင် ကြွေကျနေသော အရွက်များဖြင့် ဖုံးလွှမ်းနေကာ လေထုထဲတွင် ပုပ်သိုးနေသော အနံ့ဆိုးများ ပြည့်နှက်နေသည်။ အကိုင်းအခက်များနှင့် အရွက်များ ဖုံးလွှမ်းနေသော အရိပ်များသည် ကြောက်မက်ဖွယ်ကောင်းပြီး လူတစ်ဦး၏ ခြေထောက်များကို ပိတ်မိစေနိုင်သော ရွှံ့နွံကွက်များ ရှိပြီး တိရစ္ဆာန်အသေကောင်များစွာနှင့် လမ်းမှားပြီးရောက်လာသူများ၏ အကြွင်းအကျန်များပင် ပါဝင်သည်။
သာမန်လူများသည် ဤနေရာသို့ ဘယ်တော့မှ မလာကြပါ။
တောအုပ်ရှိ ကျောက်တုံးတစ်တုံးပေါ်တွင် လူတစ်ဝက်ခန့်မြင့်သော အနီရောင်ဝတ်စုံဝတ်ဆင်ထားသည့် ထူးဆန်းလှပသော အမျိုးသားတစ်ဦးသည် လက်ထဲတွင် ကျောက်စိမ်းပုလွေကို ပွတ်သပ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေ၏။
အခန်း (၃၅၄) ပြိုင်ဘက်ကင်းဓားစွမ်းအား။ မလွှမ်းမိုးနိုင်သောစွမ်းအား။ (၂)
အနီရောင်ဝတ်ထားတဲ့လူအပြင် သူ့ဘေးမှာ တခြားနှစ်ယောက်ရှိတယ်၊ တစ်ယောက်က ဖေယန်ဖြစ်သည်။
နောက်တစ်ယောက်က အနက်ရောင်ပိတ်စအလွှာနဲ့ ဖုံးအုပ်ထားသလို အရိပ်တွေနဲ့ ဖုံးလွှမ်းနေ၏။ အဲဒါက မော့ယင်ဖြစ်သည်။
မော့ယင်က စိုးရိမ်တကြီးနဲ့ "သူရောက်မလာသေးဘူးလား။ မကြာခင် နေဝင်တော့မယ်။ အဲဒီလူက သူ့ကို သေခြင်းတရားက စောင့်ကြိုနေတယ်ဆိုတာ သိတယ်။ သူသေမှာကိုသိလို့ လိုလိုလားလားနဲ့ ရောက်မလာလောက်ဘူး။" ဟု ပြောလိုက်သည်။
လွန်ခဲ့တဲ့ တစ်နှစ်ကနှင့်ယှဉ်ရင် မော့ယင်ဟာ သိသာထင်ရှားတဲ့ ပြောင်းလဲလာခဲ့လေပြီ။ အနည်းဆုံးတော့ စကားပြောရာမှာ ပိုကျွမ်းကျင်လာသည်။
"သူလာလိမ့်မယ်" အနီရောင်ဝတ်ထားတဲ့လူက ခပ်ရေးရေးပြုံးလိုက်သည်။ သူက ဟုန်ကျန်းရှန့်ကို နားလည်တာကြောင့် ချိန်းဆိုတဲ့နေရာကို သေချာပေါက် ရောက်လာမယ်လို့ ယုံကြည်မှုရှိသည်။
ဖေယန်က အနည်းငယ် ဖြူဖျော့နေတဲ့ပုံစံနဲ့ "ဒီနှစ်ယောက်က ကျန်းရှန့်ကို ကိုင်တွယ်ဖြေရှင်းဖို့ ရောက်လာတာလား" ဟုမေးလိုက်သည်။
ဖေယန်ကို မနေ့က အနီရောင်ဝတ်ထားတဲ့လူက ဖမ်းဆီးသွားခဲ့ပြီး သူ့ကို အန္တရာယ်မပြုခဲ့ပေမယ့် ဟုန်ကျန်းရှန့်ကို ကိုင်တွယ်ဖို့ သူ့ကို ဓားစာခံအနေနဲ့ ခေါ်လာခဲ့သည်။
စိုးရိမ်ပူပန်နေပေမယ့် ဖေယန်ဟာ အင်အားမဲ့နေလေ၏။ သူ့ရဲ့ သွေးသန့်စင်ခြင်းနယ်ပယ်က အားနည်းတာမဟုတ်ပါ။ ဖေယန်မိသားစုရဲ့ အရင်းအမြစ်တွေနဲ့ သူ့ကို ချီသွေးမီးပြင်းဖိုနယ်မြေကို တွန်းပို့ခဲ့ပေမယ့် တိုက်ပွဲမှာတော့ အလွန်အားနည်းနေခဲ့သည်။ ဒီမိစ္ဆာလူသားနှစ်ယောက်ရှေ့မှာ သူခုခံနိုင်စွမ်းနည်းပါးခဲ့သည်။
“သူရောက်လာပြီ။”
အနီရောင်ဝတ်ထားတဲ့လူနဲ့ မော့ယင်တို့နှစ်ယောက်စလုံးဟာ အဝေးကို မော့ကြည့်လိုက်ပြီး သစ်ကိုင်းခြောက်တွေနဲ့ အရွက်တွေကို တချွတ်ချွတ်နင်းကာ အရပ်ရှည်ရှည်နှင့် လူတစ်ယောက် ချဉ်းကပ်လာနေတာကို တွေ့လိုက်ရသည်။ အနှီလူက ဟုန်ကျန်းရှန်ပင်ဖြစ်သည်။
“အုပ်ချုပ်ရေးမှူး ဖေယန်။”
ဟုန်ကျန်းရှန့်ဟာ အဝေးကနေ အနီရောင်ဝတ်ထားတဲ့လူ၊ မော့ယင်နဲ့ ဖေယန်တို့ကို တွေ့လိုက်ရသည်။
ဖေယန် ထိခိုက်မှုမရှိတော့ ဟုန်ကျန်းရှန့် သက်ပြင်းဖွဖွချလိုက်သည်။
“လူကြီးမင်းတို့၊ ကျွန်တော် ခင်ဗျားတို့အပေါ် ရန်ငြိုးကြီးကြီးမားမားလည်း မရှိပါဘူး။ ဘာလို့ ကျွန်တော့်ကို ဒီလောက်ထိ ပစ်မှတ်ထားရတာလဲ” ဟု ဟုန်ကျန်းရှန့်က အနီရောင်ဝတ်ထားသောလူနှင့် မော့ယင်ကို စိုက်ကြည့်ရင်း လေးနက်စွာ မေးလိုက်သည်။
မော့ယင်က ဘာမှ မပြောသော်လည်း အနီရောင်ဝတ်ထားသောလူက ပြုံးလိုက်သည်။ “တစ်ယောက်ယောက်က မင်းရဲ့ အသက်အတွက် ငွေအများကြီး ကမ်းလှမ်းလာလို့ ငါတို့လည်း လှုပ်ရှားကြရတာပေါ့။ ပြီးတော့ မင်းရဲ့ အားကောင်းတဲ့ ချီနဲ့သွေးက မင်းတို့ရဲ့ တာ့ဖုန်းပြည်နယ်မြို့တော်မှာ အရသာအရှိဆုံး အစားအစာပဲလေ။”
“တစ်ယောက်ယောက်က ငါ့အသက်အတွက် ဈေးကြီးကြီး ပေးခဲ့တာလား။”
ဟုန်ကျန်းရှန့်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။ ဤမိစ္ဆာလူသားနှစ်ဦးသည် တစ်စုံတစ်ယောက်က ငှားရမ်းထားပြီး သူ့ကို ပစ်မှတ်ထားနေသော်လည်း သူရန်စခဲ့သော ရန်သူများစွာရှိရာ ဟုန်ကျန်းရှန့်သည် ဤနေရာတွင် မည်သူဖြစ်နိုင်သည်ကို မဆုံးဖြတ်နိုင်ပေ။
“ကျန်းရှန့်.. သတိထား။ ဒီကိစ္စဖြစ်လာပြီဆိုမှတော့ ငါ့ကို စိတ်မပူနဲ့။ သူတို့ ငါ့ကို မသတ်ရဲဘူး။”
ဖေယန်က အလျှင်စလို အော်ဟစ်လိုက်သည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ ဖေယန်ကို သတ်လိုက်ရင် မဟာမီးလျှံတော်ဝင်မိသားစုကို ထိတ်လန့်စေလိမ့်မည်။ အနီရောင်ဝတ်ထားတဲ့လူနဲ့ မော့ယင်လိုလူတွေအတွက်တောင်မှ မလိုအပ်ဘဲ ဒီလိုပြဿနာတွေဖြစ်မှာကို မလိုလားကြပါ။ ဖေယန်ကို ဖမ်းတာက ဟုန်ကျန်းရှန့်ကို ရင်ဆိုင်ဖို့ပဲ ရည်ရွယ်ထားတာဖြစ်သည်။
ဟုန်ကျန်းရှန့်က ဒီစကားတွေကိုကြားပေမယ့် ဘာမှမပြောဘဲ သူ့မျက်နှာအမူအရာက ပိုပြီးတည်ကြည်လာသည်။
မော့ယင်တစ်ယောက်တည်းနှင့်ပင် ကြောက်စရာကောင်းတဲ့ရန်သူဖြစ်ပြီး အနီရောင်ဝတ်စုံနှင့်လူကိုဆိုရင် ပြောစရာမလိုတော့လေပြီ။ ကြီးမားတဲ့ဖိအားကိုခံစားနေရပြီး ဟုန်ကျန်းရှန့်က ဒီနေ့အန္တရာယ်ဟာ သူတစ်ချိန်ကရင်ဆိုင်ခဲ့ရတဲ့ ဆည်းဆာလွင်ပြင်မှာဖြစ်ပွားခဲ့တဲ့ အန္တရာယ်များတဲ့ သွေးတိုက်ပွဲနဲ့တူတယ်ဆိုတာ သိသည်။
“ဟုန်ယင်၊ ငါသူ့ကိုကိုင်တွယ်မယ်။ ငါသူ့ကိုဝါးမျိုချင်တယ်။”
မော့ယင်က သွေးနီရောင်မျက်လုံးတွေကို ဟုန်ကျန်းရှန့်ကို စိုက်ကြည့်ပြီး အံတကြိတ်ကြိတ်နှင့်။
လွန်ခဲ့တဲ့ တစ်နှစ်တုန်းက မော့ယင်က စူးချန်ခုန်းနဲ့ ထိပ်တိုက်တွေ့ခဲ့သည်။ အဲဒီအချိန်အတွင်းမှာ ဟုန်ကျန်းရှန့်က ဝင်ရောက်စွက်ဖက်ခဲ့ပြီး သူ့ကို လက်သီးနဲ့ထိုးခဲ့သည်။ အဲဒီလက်သီးက မော့ယင်အတွက် အသေးအဖွဲတိုင်းကို မှတ်မိတဲ့ မိစ္ဆာစစ်သည်တစ်ယောက်အနေနဲ့ ဘယ်တော့မှမမေ့နိုင်တဲ့ အငြိုးအတေးတစ်ခုပင်။ ပြန်တွေ့ပြီးတဲ့နောက် မော့ယင်က သူ့ကိုအသက်ရှင်လျက် ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့သည်။
“ကောင်းပြီ။ မင်းသူ့ကို ကိုင်တွယ်လို့ရတယ်” ဟု ဟုန်ယင်ဟုခေါ်သောလူက ခေါင်းညိတ်ပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
လွန်ခဲ့သော တစ်နှစ်ကဆိုလျှင် မော့ယင်သည် ဟုန်ကျန်းရှန့်ကို အနိုင်ရဖို့ထက် ရှုံးနိမ့်ဖို့ ပိုများနိုင်သော်လည်း တစ်နှစ်ကြာသွားခဲ့ပြီဖြစ်သည်။ ဟုန်ကျန်းရှန့်က တိုးတက်မှု မရှိသော်လည်း မော့ယင်သည် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသော မိစ္ဆာစစ်သည်တော်တစ်ဦးအနေဖြင့် မည်သည့်လူသားထက်မဆို လျင်မြန်စွာ ကြီးထွားလာပြီး ဟုန်ကျန်းရှန့်ကို ရင်ဆိုင်နိုင်စွမ်း ရှိသည်။
“လူသား.. ငါ မင်းရဲ့ အူတွေကို စုတ်ထုတ်ပစ်မယ်။”
မော့ယင်သည် ဟုန်ကျန်းရှန့်ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် အနက်ရောင် အငွေ့အသက်များ လှည့်ပတ်နေကာ နှလုံးခုန်နှုန်းကို မြန်စေသည့် သွေးခုန်နှုန်းတစ်ခု ထုတ်လွှတ်ကာ ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်သည်။
နောက်တစ်ခဏတွင် ဟုန်ကျန်းရှန့်သည် အရိပ်အယောင်မကျန်အောင် ပျောက်ကွယ်သွားသည်။ ကျင်းကန်းမင်ဘုရင်၏ စူးရှသောအကြည့်ကဲ့သို့ ပြင်းထန်သော သူ၏ညာဘက်လက်သီးသည် ရှေ့သို့ ထိုးထွက်လာပြီး မီးလျှံများဖြင့် ဝန်းရံထားသည်။
“ဘုန်း”
ဤလက်သီးသည် မော့ယင်၏ဦးခေါင်းကို ကွေးညွှတ်ပြီး ပုံပျက်သွားစေရန် လုံလောက်သော အားဖြင့် ရိုက်ခတ်ကာ အပိုင်းပိုင်းကွဲကြေသွားသည်။
သို့သော် နောက်တစ်ခဏတွင် အချိန်ကို ပြန်လှည့်သကဲ့သို့ မမြင်ရသော အားတစ်ခုက ကွဲကြေနေသော ဦးခေါင်းကို လျင်မြန်စွာ ပြန်လည်စုစည်းလိုက်သည်။
“ကျင်းကန်းမင်ဘုရင် လက်သီး”
မော့ယင်၏ဦးခေါင်းကို လက်သီးတစ်ချက်တည်းဖြင့် ရိုက်ခတ်ပြီးနောက် ဟုန်ကျန်းရှန့်သည် သူ၏ဘယ်ဘက်လက်သီးဖြင့် ဆက်တိုက်ထိုးနှက်လိုက်ပြီး လေနှင့်ပွတ်တိုက်မိကာ မျက်စိကျိန်းလောက်သော မီးလျှံများကို လောင်ကျွမ်းစေသည်။
နတ်ဆိုးမိစ္ဆာနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းမဟုတ်သော ဟုန်ကျန်းရှန့်သည် ၎င်းတို့၏ မသေနိုင်သောခန္ဓာကိုယ်အကြောင်း သိသည်။ နတ်ဆိုးမိစ္ဆာတစ်ကောင်ကိုသတ်ဖို့ ဆက်တိုက် ပြင်းထန်တဲ့ဒဏ်ရာတွေပေးရမည်။ လုံးဝပျောက်ကွယ်သွားတဲ့အထိ သူ့ရဲ့စွမ်းအင်တွေကို ကုန်ဆုံးစေရမည်။
“ဘုန်း”
ဒါပေမယ့် အနှီလက်သီးက မော့ယင်ရဲ့ခန္ဓာကိုယ်နဲ့ မထိသွားခဲ့။ မော့ယင်က ပြင်းပြင်းထန်ထန် ပြန်ထိုးချလိုက်သည်။ ထိုလက်သီးဟာ နတ်ဆိုးစွမ်းအားနဲ့ ဆူပွက်နေပြီး အနက်ရောင်မီးတောက်တွေက သူ့ကိုပတ်ပတ်လည်မှာ ရစ်ပတ်နေသည်။ ဒီနည်းစနစ်က ဟုန်ကျန်းရှန့်ရဲ့ လက်သီးကို ပြီးပြည့်စုံစွာ တုပခြင်းပင်။
“ဘုန်း”
လက်သီးတွေ ထိပ်တိုက်တွေ့သွားပြီး နှစ်ဖက်စလုံးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့အင်အားက တစ်ခုနဲ့တစ်ခု အပြန်အလှန် ရိုက်ခတ်သွားသည်။ အနီးအနားက မြေကြီးက ဧရာမတူကြီးနဲ့ထုရိုက်ခံလိုက်သလိုမျိုး ပြင်းထန်စွာချိုင့်ဝင်သွားပြီး ပေဝက်ကျော်နက်အောင် နစ်မြုပ်သွားကာ ပြန့်ကျဲနေတဲ့အရွက်တွေကို အပိုင်းပိုင်းအစစ လွင့်စင်သွားစေသည်။
“ဒီကောင်… တခြားလူတွေရဲ့ သိုင်းပညာကို အတုခိုးနိုင်တယ်။”
ဟုန်ကျန်းရှန့်ရဲ့မျက်လုံးတွေက ဒေါသတကြီးတောက်လောက်နေပြီး မော့ယင်ရဲ့ နတ်ဆိုးအတတ်နဲ့ တခြားသူတွေရဲ့ သိုင်းပညာကို အတုယူကာ သူ့ရဲ့စွမ်းအားကို ပုံတူကူးနိုင်စွမ်းကို သတိထားမိလိုက်သည်။ ဒါပေမယ့် အဲဒါကိုသိတာက ကိစ္စတစ်ခု၊ ဘယ်လိုတန်ပြန်ရမလဲဆိုတာကတော့ လုံးဝကွဲပြားတဲ့ကိစ္စတစ်ခုပင်။
“သတ်”
ဟုန်ကျန်းရှန့်က အော်ဟစ်ကာ သူ့လက်သီးတွေက ဒေါသတကြီး မင်ဘုရင်လို ထွက်ပေါ်လာပြီး မီးတောက်တွေက မော့ယင်ကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေ၏။
မော့ယင်ရဲ့ ခန္ဓာကိုယ်က အနက်ရောင်နတ်ဆိုးစွမ်းအား ပြောင်းလဲနေတာကြောင့် ဟုန်ကျန်းရှန့်ရဲ့ လှုပ်ရှားမှုတွေကို ပုံတူကူးချပြီး လက်သီးတွေမှာ မီးတောက်တွေရစ်ပတ်ကာ မကြောက်မရွံ့နှင့် ဟုန်ကျန်းရှန့်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေသည်။
“ဘုန်း ဘုန်း ဘုန်း”
အချိန်လေး ခဏတာအတွင်းမှာပဲ သူတို့ ဆယ်ကြိမ်ကျော် တိုက်မိပြီး တစ်ကြိမ်တိုက်မိတိုင်း ဧရာမသတ္တဝါကြီးတွေ ပြိုကျလာသလို ခံစားရပြီး မြေပြင်က ချိုင့်ဝင်ကာ ပတ်ဝန်းကျင်က သစ်ပင်တွေ အပိုင်းပိုင်းကွဲကြေကုန်သည်။
“ဒီ… ဒီနတ်ဆိုးမိစ္ဆာက တခြားလူတွေရဲ့ သိုင်းပညာကို အတုယူနိုင်တာလား။ သူ့ကို ရင်ဆိုင်ရတာက သူ့လိုနောက်တစ်ယောက်နဲ့ ရင်ဆိုင်ရသလိုပဲ။ သူ ဘယ်လိုလှုပ်ရှားမှုပဲ လုပ်လုပ် အများဆုံး လက်ရည်ညီနေမှာ။”