← Chapters

ကျောက်ဝူကန်း

Vol. 1 Ch. 8

ကျောက်ဝူကန်း

Vol. 1 Ch. 8

“တစ်လပဲ… ဒါပေမဲ့ တစ်လအတွင်း ကျင့်ကြံခြင်းအဆင့်ကို ပိုမြင့်အောင်လုပ်မှဖြစ်မယ်”

သူက ကြေးမုံအား သိုလှောင်အိတ်ထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။ ကြေးမုံ၏စွမ်းရည်များအား တခြားလူများ သိ၍မဖြစ်ကြောင်း သူနားလည်သည်။ တခြားလူများသာ သိသွားပါက သူ့အနေဖြင့် ကြေးမုံကို ဆုံးရှုံးရပေလိမ့်မည်။

သူက မိမိကိုယ်ကို ငုံ့ကြည့်လျှင် လွန်စွာ ညစ်ပတ်နေသည်ကို သတိထားမိ၏။ သူက ကျင့်ကြံခြင်းဂူထဲမှ ထွက်ကာ အနီးမှ စမ်းချောင်းသို့ သွားပြီး အညစ်အကြေးများအား သန့်စင်လိုက်သည်။

သူပြန်ရောက်ပြီးနောက်တွင်ကား ကောင်းကင်တွင် ရောင်နီသန်းလာနေပြီဖြစ်သည်။ သူက စဦးချီဖွဲ့စည်းခြင်းကျမ်းကို ထုတ်ကာ စတင်လေ့လာ၏။

“စဦးချီဖွဲ့စည်းခြင်းအဆင့်၂ကို ရောက်ရင် အင်မော်တယ်ပညာတွေကို စပြီး လေ့ကျင့်နိုင်ပြီ။ အဆင့်၅ကို ရောက်ရင် လေပေါ်မှာ ပျံသန်းနိုင်တဲ့ လေပေါ်လမ်းလျှောက်ပညာကို လေ့ကျင့်နိုင်တယ်။”

မန်ဟိုက မျက်လုံးကို မှိတ်ကာ စဦးချီကျင့်စဉ်ကျမ်းမှ ပညာရပ်များအား လေ့လာဆင်ခြင်၏။

ထိုစဉ်မှာပင် လိုဏ်ဂူထဲ၌ အပူရှိန်မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ၏ညာလက်၌ မီးတောက်အမျှင်တစ်ခုဖြစ်ပေါ်လာသည်။သူကား မိမိကိုယ်ကို သေမျိုးဟု တွေးနေဆဲဖြစ်ရာ လက်ထဲတွင် မီးတောက်ငယ် ပေါ်လာသည်နှင့် သူ့အား ကြီးစွာ စိတ်လှုပ်ရှားပျော်ရွှင်စေသည်။ ထို့နောက် မြန်ဆန်စွာပင် မီးတောက်သည် ပျောက်ကွယ်သွား၏။

မန်ဟိုက စိတ်ငြိမ်အောင်လုပ်ကာ သူ့စွမ်းအားများကို လှည့်ပတ်သည်။ ကံမကောင်းသည်ကား ညနေစောင်းအထိ အကြိမ်များစွာ ကြိုးစားသော်လည်း မီးတောက်အနည်းငယ် ထွက်ပေါ်လာအောင်သာ လုပ်နိုင်ခဲ့ကာ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်မှ ချီများ ကုန်ခမ်းသွားတော့သည်။

“ဒီ မြွေမီးတောက်ပညာကို သုံးဖို့ ခက်တယ်”

မန်ဟိုက မျက်မှောင်ကြုတ်ကာ ပြောသည်။ သူကား စိတ်ဓာတ်ခိုင်မာသူဖြစ်ကာ အလွယ်တကူ လက်မလျှော့တတ်ပေ။ ထို့ကြောင့် သူက အသက်ရှူလေ့ကျင့်ခန်းပြန်လုပ်ကာ ပြန်ကြိုးစားကြည့်သည်။

ညကုန်ဆုံးပြီး မနက်သို့ ပြန်ရောက်လာသည်။ ၂ရက်တာ ကာလအတွင်း မန်ဟိုသည် အားပြတ်သည်အထိ ကြိမ်ဖန်များစွာ ကြိုးစား၏။ သူ့ချီစွမ်းအားများ ခမ်းခြောက်သွားလျှင် သူသည် အသက်ရှုလေ့ကျင့်ခန်းဖြင့် ပြန်လည်ဖြည့်တင်းကာ မြွေမီးတောက်ပညာကို ထပ်လေ့ကျင့်သည်။ သူ့မျက်လုံးမှ စိတ်ဆုံးဖြတ်ချက်မှာ ပိုမိုခိုင်မာလာသည်။

“ငါက မြွေမီးတောက်ပညာကို အသုံးမပြုနိုင်ဘူးဆိုတာ မယုံဘူး”

မန်ဟိုက အံကို တင်းတင်းကြိတ်ကာ သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ထို့နောက်တွင် သူ၏လက်၌ မိစ္ဆာသားရိုင်းအမြုတေတစ်လုံး ပေါ်လာ၏။

သူက သည်အမြုတေကို စားသုံးလိုက်လျှင် နောက်ပိုင်း ဝိညာဉ်ကျောက်တုံးများရလာပါက သူ့တွင် ပွားစရာ အမြုတေ ရှိတော့မည်မဟုတ်ကြောင်း မန်ဟိုသိသည်။

“ဟူး… ဒါတွေကို စိတ်ပူနေလည်း အပိုပဲ။ အဆိုးဆုံးအခြေအနေမှာ ငါက တောင်ကုန်းတွေပေါ်တက်ပြီး မိစ္ဆာသားရိုင်းတွေကို ရှာရတော့မှာပေါ့”

သူက အနည်းငယ် တွန့်ဆုတ်နေပြီးမှ အမြုတေလုံးအား ပါးစပ်ထဲ ပစ်သွင်းလိုက်သည်။ ထို့နောက် အသက်ရှူလေ့ကျင့်ခန်းအား စတင်သည်။ သူ့ကိုယ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး တစ်ကိုယ်လုံးသို့ စတင်ဖြန့်ကျက်၏။

အချိန်များ ကုန်ဆုံးသွားကာ မကြာခင် နေ့လည်ပိုင်းသို့ ရောက်လာသည်။ မန်ဟိုက မျက်လုံးကို ဖွင့်လိုက်၏။ သူ၏ကျင့်ကြံခြင်းအဆင့်သည် အဆင့်၂တွင်သာ ရှိသေးသော်လည်း ယခင်ထက် များစွာအားကောင်းလာခဲ့၏။

“ငါ ဒီလို လေးငါးကြိမ်လောက်ဆို စဦးချီဖွဲ့စည်းခြင်းအဆင့်၃ကို ရောက်မယ်ထင်တယ်”

ကျင့်ကြံခြင်းအဆင့်မြင့်လေလေ ပိုတိုးတက်ရန် ခက်လေလေဖြစ်ကြောင်း သူသိရှိလိုက်ရရာ သူ့အား အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်စေသည်။ သို့သော်လည်း သူက ကြေးမုံကို ကြည့်ကာ မျှော်လင့်ချက်များ ပိုအားကောင်းလာသည်။ သူက လက်ကို မြှောက်ကာ လက်သီးဆုပ်လိုက်သည်။

ထို့နောက် လက်ကို ဖြန့်လိုက်လျှင် အလွန်ပူပြင်းသော လက်ချောင်းတစ်ခုစာ မီးတောက်ငယ်တစ်ခုဖြစ်ပေါ်လာ၏။ မန်ဟိုက သူ့ချီစွမ်းအား ၃၀ရာနှုန်းခန့် လျော့နည်းသွားသည်ဟု ခံစားလိုက်ရသည်။

သူ၏မျက်နှာက ပြာနှမ်းသွားသော်လည်း မျက်လုံးထဲ တစ်ခုခုကို နားလည်သွားဟန်ဖြင့် လင်းလက်သွားကာ သူပြုံးသည်။ သူက လိုဏ်ဂူထဲမှ ထွက်ကာ လက်ဝှေ့ယမ်းလိုက်လျှင် မီးတောက်ငယ်သည် အနီးမှ သစ်ပင်တစ်ပင်အား သွားရောက်ရိုက်မိသည်။

ဘန်း…

သစ်ပင်ကား မီးများဖြင့် လောင်ကျွမ်းသွားကာ စက္ကန့်ပိုင်းအတွင်း ပြာကျသွား၏။

“ငါ ဖက်တီးလေးရှေ့မှ လုပ်ပြရမယ်။ ဒီကောင် ငါ့ကို သေချာပေါက် ချီးကျူးမှာပဲ” မန်ဟိုက သူရဲကောင်းဆန်သော ခံစားချက်နှင့်အတူ ဂုဏ်ယူစွာ ပြုံးသည်။

လဝက်ခန့်ကြာသောအခါ မန်ဟိုသည် တောင်ကုန်းတောင်တန်းများ၌ မိစ္ဆာသားရိုင်းများကို လိုက်ရှာကာ သူ၏မြွေမီးတောက်ပညာရပ်အား လေ့ကျင့်၏။ သူသည် များစွာ ကြိုးစားလေ့ကျင့်ခဲ့ရာ မကြာမှီ ထိုပညာ၌ များစွာ ကျွမ်းကျင်လာပြီး အသုံးပြုရသော ချီပမာဏအား လျှော့ချနိုင်ခဲ့သည်။ သို့သော်လည်း သူ့အနေဖြင့် မြွေမီးတောက်တစ်ခုအား ဖန်တီးရန် အသက်ရှူကြိမ်ရေ ၁၀ကြိမ်ခန့်အချိန်ပမာဏမျှ ကြာမြင့်ပေသည်။

သူက အပြင်စည်းဂိုဏ်းသို့ သွားကာ အချို့သော တပည့်များအား ကြေးမုံဖြင့် တိတ်တဆိတ် သွားထိုးကြည့်သေးသည်။ သို့သော်လည်း အကြိမ်အနည်းငယ်မျှ စမ်းကြည့်ပြီးနောက် ကြေးမုံမှ မည်သည့်တုန့်ပြန်မှုမှ မရရှိခဲ့ပေ။

ကံမကောင်းသည်ကား လဝက်ခန့်သာ ကြာမြင့်သွားခဲ့ပြီး မည်သည့်မိစ္ဆာသားရိုင်းကိုမှ ရှာမတွေ့ခဲ့ပေ။ သို့သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်ကား တည်ငြိမ်လာခဲ့သည်။ သူက မြွေမီးတောက်ပညာရပ်အား လေ့ကျင့်ပြီး စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်းဖြစ်စဉ်၌ သူ၏ကျင့်ကြံခြင်းချီထုထည်မှာလည်း ပိုမိုအားကောင်းလာခဲ့ပေသည်။ သို့သော်လည်း သူက ထိုသို့လေ့ကျင့်ခြင်းများအား တောတောင်များ၌ မပြုလုပ်ရဲပေ။ သူ၏ကျင့်ကြံခြင်းဂူတွင်သာ လေ့ကျင့်ရဲ၏။

“ဆေးလုံးဝေတဲ့နေ့ရောက်ဖို့ ၁၀ရက်လိုသေးတယ်။ ငါ တောင်ကုန်းတွေထဲ ထပ်သွားရဦးမယ်”

မန်ဟိုက တွေးတောဆုံးဖြတ်ကာ တောင်ကုန်းများဆီသို့ မနက်စောစောတွင် ထွက်လာခဲ့၏။ သူ တစ်နေ့လုံး အနားယူခြင်းမရှိခဲ့ရာ ညရောက်လာသောအခါ တောင်ကုန်းမည်မျှ ကျော်လွန်ခဲ့ပြီကိုပင် မမှတ်မိတော့ပေ။ နောက်ဆုံးတွင် အနက်ရောင်တောင်ကုန်းတစ်ခု၏အခြေတွင် သူက သမင်ပုံစံမိစ္ဆာသားရဲတစ်ကောင်နှင့် တွေ့၏။

တိုက်ပွဲအတွင်း၌ သူသည် မြွေမီးတောက်ပညာရပ်နှင့် စွမ်းအားကြီးသော ကြေးမုံအား အသုံးပြုခဲ့၏။ ငါးကြိမ်ဆက်တိုက်ပေါက်ကွဲမှု၊ အဆက်မပြတ် အော်ဟစ်သံများပြီးနောက်တွင် ထိုသတ္တဝါသည် သွေးအိုင်ထွန်းလျှက် သေဆုံးသွား၏။

သူက အမြုတေကို ယူကာ တောင်နက်ကြီးအတွင်းပိုင်းသို့ ထပ်မံ၍ သွားရန်ပြင်သည်။ ရုတ်တရက် သူ၏ခေါင်းထက်မှ ဆံပင်များ ထောင်မတ်ကုန်၏။ အဝေးတွင် ဆင်ဦးခေါင်းနှင့်ကျားခန္ဓာကိုယ်ရှိသော မိစ္ဆာသားရိုင်းငါးကောင်ပေါ်လာသည်။ သူတို့က မန်ဟိုအား အေးစက်သော မျက်လုံးများနှင့် ကြည့်ကြသည်။

ကြေးမုံဖြင့် သူက သားရိုင်းတစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။ သို့သော်လည်း သားရိုင်းငါးကောင်မှာ အလွန်အမင်း ခက်ခဲလွန်းပေသည်။ သူက လက်မှ ကြေးမုံကို တင်းတင်းဆုပ်ကာ နောက်ကို ဖြေးဖြေးချင်း ဆုတ်၏။

ရုတ်တရက် တောင်နက်ကြီးတွင်ရှိသော ဧရာမသစ်ပင်ကြီးနောက်မှ ကျယ်လောင်သော ဟိန်းသံကြီးတစ်ခုအား ကြားလိုက်ရသည်။ မန်ဟို၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ သူက မြန်နိုင်သမျှ မြန်အောင် ပြေးတော့သည်။

ကံကောင်းသည်က ထိုမိစ္ဆာသားရိုင်းများသည် သူ့နောက်ကို လိုက်လာကြခြင်း မရှိရာ မကြာခင် သူသည် တောင်ကုန်းများကို ကျော်လွန်ပျောက်ကွယ်သွားတော့၏။

“ကြည့်ရတာ အဲဒီမှာ မိစ္ဆာသားရိုင်းတွေ အများကြီးရှိပုံပဲ”

သူက နောက်ကို ပြန်ကြည့်ကာ ထိုနေရာက အမှန်တကယ် အန္တရာယ်များလွန်းသည်ဟု တွေးနေသည်။

ဆယ်ရက်မှာ မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့သည်။ တောင်နက်ကြီးအား အကန့်အသတ်ထားကာ မန်ဟိုသည် တောင်ကုန်းများတစ်လျှောက် သွားလာလှုပ်ရှားခဲ့သော်လည်း မည်သည့်မိစ္ဆာသားရိုင်းနှင့်မှ မတွေ့ရတော့ပေ။ သူ၏သိုလှောင်အိတ်အတွင်းမှ မိစ္ဆာသမင်၏အမြုတေမှာ ပိုမို၍ တန်ဖိုးရှိလာခဲ့ရာ သူက စားသုံးခြင်း မပြုပေ။

ဆေးလုံးဝေခြင်းနေ့ကား ထပ်မံရောက်လာခဲ့ကာ ခေါင်းလောင်းသံသည် လေထဲကို ပြည့်နှက်လာခဲ့၏။ မန်ဟိုသည် ကျင့်ကြံခြင်းဂူမှ ထွက်ကာ အပြင်စည်းဂိုဏ်းသို့ ရောက်လာခဲ့သည်။ လွန်ခဲ့သော တစ်လခန့်က သူ၏ကျင့်ကြံခြင်းအဆင့်သည် စဦးချီဖွဲ့စည်းခြင်းအဆင့်(၁)၌ ဖြစ်ကာ ယခု သူသည် အဆင့်(၂)ကို ရောက်နေပြီဖြစ်သည်။ သူသည် အဆင့်(၃)ကို ရောက်ရန် အနည်းငယ် လှမ်းနေသေးသော်လည်း ကြေးမုံဖြင့် ဆိုပါက သူ၏အနာဂတ်ကျင့်ကြံခြင်းခရီးလမ်းမှာ အလွန်သာယာဖြောင့်ဖြူးနေပေလိမ့်မည်။

မန်ဟိုက ဆေးလုံးဝေသည့် ကွင်းထဲကို ရောက်သောအခါ များစွာသော ဂိုဏ်းဝင်များက သူ့အား အမှတ်ရဟန်ဖြင့် ကြည့်ကြသည်။

ယခင်လက သူ၏အပြုအမူသည် အပြင်စည်းဂိုဏ်းတွင် များစွာ လှုပ်ခတ်ခဲ့ပေသည်။ သူ၏ကျင့်ကြံခြင်းက အဆင့်နိမ့်သော်လည်း ယခု တစ်လမျှသော အချိန်အတွင်း လူအများအပြားက သူနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့ကြသည်။

သည်တစ်ကြိမ် ဆေးလုံးလာဝေသောသူမှာ ရှန့်ကွမ်းရှိုးမဟုတ်ဘဲ နောက်ထပ် သတ်လတ်ပိုင်းလူတစ်ဦးဖြစ်သည်။ နောက်ဆုံး တစ်ကြိမ်ကဲ့သို့ပင် သူသည် ချီစွမ်းအင်အားတိုးဆေးနှင့် ဝိညာဉ်ကျောက်တုံးတစ်ဝက်ကို ဝေပေးသည်။ သို့သော်လည်း အထူးဆေးလုံးဝေခြင်းအစီအစဉ်တော့ မပါဝင်ပေ။

ဆေးလုံးနှင့် ဝိညာဉ်ကျောက်တုံးအား သိုလှောင်အိတ်ထဲကို ထည့်ပြီးသည်နှင့် မန်ဟိုသည် ထိုနေရာမှ မြန်ဆန်စွာ ထွက်ခွာလာခဲ့၏။ သူက ထွက်လာနေရင်း တစ်ဘက်ကို လှမ်းကြည့်လျှင် တခြားသော ဂိုဏ်းသားများသည် အချင်းချင်း တိုက်ခိုက်လုယက်နေသည်ကို မြင်သည်။

အစ်မရှု၏ကောင်းချီးပေးခြင်းမှာ အသက်ဝင်နေသေးဟန်ရရာ သူ့အား အေးစက်သော အကြည့်အချို့မှလွဲ၍ မည်သူမှ လာရောက်ရန်ပြုခြင်းတော့ မရှိခဲ့ပေ။

သူက စိတ်အေးသွားကာ သက်ပြင်းချသည်။ အစ်မရှု၏နာမည်က သူ့အား တာရှည်ကာကွယ်နိုင်မည်မဟုတ်ကြောင်း သူသိသည်။ တစ်လမျှသော အချိန်ကာလက ပြဿနာမဟုတ်သော်လည်း သည့်ထက်ကြာလာလျှင် တစ်စုံတစ်ယောက်ကတော့ သေချာပေါက် ပြဿနာရှိပေလိမ့်မည်။

“ကြေးမုံအလုပ်လုပ်သရွေ့ နောက်လနည်နည်းကြာရင် … ဘယ်သူက ဘယ်သူ့ဆီ အနိုင်ကျင့်မလဲဆိုတာ ကြည့်ကြတာပေါ့”

မန်ဟို၏မျက်လုံးများ အရောင်တဖျတ်ဖျတ်လက်သွားကာ သူက ခေါင်းငုံ့လျှက် ပိုမိုမြန်ဆန်စွာဖြင့် လျှောက်လာခဲ့သည်။

သူက အပြင်စည်းဂိုဏ်းမှ ထွက်လာခဲ့ကာ ကြေးမုံကို စမ်းသပ်ကြည့်ရန် အလျင်လိုလွန်းသဖြ်င့ သူ၏ကျင့်ကြံခြင်းဂူသို့ မြန်နိုင်သမျှ မြန်အောင် ပြန်လာနေခဲ့သည်။ ကျင့်ကြံခြင်းဂူနှင့် သိပ်မဝေးသောနေရာအရောက်တွင် မန်ဟိုက မျက်မှောင်ကြုတ်ကာ ရုတ်တရက် ရပ်လိုက်သည်။ တောထဲမှ လူတစ်ယောက် ထွက်လာ၏။

သူကား အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အသက် ၂၄ခန့်ရှိသည်။ သူ့မျက်နှာမှာ ရက်စက်ကြမ်းကြုတ်ဟန်အငွေ့အသက်များ ရှိ၏။ သူကား စဦးချီဖွဲ့စည်းခြင်းဆင့် ၃တွင်ရှိသည်။ သူက မန်ဟို၏လမ်းကို ပိတ်ထား၏။

“အစ်ကိုကြီးကျောက်ကို နှုတ်ဆက်ပါတယ်” မန်ဟိုက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်ကာ ပြောသည်။ သူက ဘယ်လက်ကို နောက်ကျောသို့ ပို့လိုက်၏။ သူက သည်လူအား သိပေသည်။ အမှန်တကယ်အားဖြင့် အပြင်စည်းဂိုဏ်းသားများအားလုံး ကျောက်ဝူကန်းကို သိကြသည်။ သူကား စဦးချီဖွဲ့စည်းခြင်းအဆင့်၃အထက်မှ တပည့်များနှင့် ကောင်းမွန်စွာ ပေါင်းသင်းတတ်ကာ စဦးချီဖွဲ့စည်းခြင်းအဆင့်၃အောက်မှ တပည့်များကို ဖိနှိပ်တတ်သူဖြစ်ပေသည်။

“ဒါဆို မင်းငါ့ကို ကြားဖူးတာပေါ့”

“မိတ်ဆက်နေစရာမလိုဘူး။ မင်းရဲ့ဆေးလုံးနဲ့ဝိညာဉ်ကျောက်တုံးကိုပေး”

ကျောက်ဝူကန်းက အေးစက်စွာ ပြောသည်။ တစ်ခြားလူများက မန်ဟိုကို မထိရဲသော်လည်း ကျောက်ဝူကန်းကား ဂိုဏ်းကို ရောက်သည်မှာ နှစ်အနည်းငယ်ကြာပြီဖြစ်ရာ မည်သို့မည်ပုံ အလုပ်လုပ်သည်ကို သိနားလည်ပေသည်။ အစ်မရှုကား အမြဲတမ်းလိုလို ဂူပိတ်ကျင့်နေလေ့ရှိရာ အပြင်ဘက်မှ ကိစ္စရပ်များအား သိပ်စိတ်မဝင်စားပေ။

“အစ်ကိုကြီးကျောက် … ကျွန်တော့ကို ခြွင်းချက်ထားပေးပါလား။ ကျွန်တော်က စာပေသမားတစ်ယောက်သာသာပဲ။”

“ကျွန်တော်က ဆေးလုံးနဲ့ ဝိညာဉ်ကျောက်တုံးကို ခုနကပဲ ရခဲ့တာ။ ဒါတွေနဲ့ အချိန်နည်းနည်း ပေးပါလား”

မန်ဟိုက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်ကာ ပြောသည်။

သည်လူ၏ကျင့်ကြံခြင်းအဆင့်ကား သူ့ထက် တစ်ဆင့်မြင့်ပေသည်။ ထို့အပြင် သူကား တစ်ခါမှ တိုက်ခိုက်ဖူးခြင်း မရှိပေ။ သူ့မျက်နှာက ကြောက်ရွံ့မှုကြောင့် ပြာနှမ်းလာသည်။

ကျောက်ဝူကန်းက မန်ဟို၏စကားကို ကြားလျှင် သဘောကျစွာဖြင့် ရယ်မောလိုက်သည်။

“မင်းက ကိုယ့်ကိုယ်ကိုယ် စာပေသမားလို့ ပြောတာလား။ လာခဲ့ … ငါ့အတွက် ကဗျာနည်းနည်း ရွက်ပေးစမ်း။ ငါ့စိတ်ခံစားချက်လေးတွေ ပိုကောင်းသွားမလား ကြည့်ရအောင်”

“အစ်ကိုကျောက်ဝူကန်း…”

မန်ဟိုကား အလွန်အမင်း စိတ်လှုပ်ရှားစိုးရိမ်နေသည်။ ထို့အပြင် အလွန်လည်း ဒေါသထွက်၏။ သို့သော်လည်း မည်သို့မျှ မတတ်နိုင်ဘဲ စတင်၍ ရေရွက်တော့သည်။

“ပညာရှိတွေ ပြောတာက … တကယ်လို့ …”

“ပါးစပ်ပိတ်ထားစမ်း။ ငါက မင်းရဲ့ဆေးလုံးနဲ့ဝိညာဉ်ကျောက်တုံးကိုပဲ ယူမှာမဟုတ်ဘူး။ မင်းရဲ့ ကျင့်ကြံခြင်းဂူကိုပါ သိမ်းမယ်။ အခုကစပြီး အပြင်မှာ မင်းက ငါ့မိတ်ဆွေပဲ။ ငါတို့နှစ်ယောက်တည်းရှိရင်တော့ မင်းက ငါ့အစေခံပဲ။ မင်းက မဟုတ်တာတစ်ခုခုပြောခဲ့ရင် မင်းကို အရေခွံဆုတ်ပြစ်မယ်”

ပြောရင်းဆိုရင်း သူက မန်ဟိုထံကို လျှောက်လာခဲ့သည်။ သူ၏ကျင့်ကြံခြင်းအဆင့်ကား စဦးချီဖွဲ့စည်းခြင်းအဆင့်၃ဖြစ်ကာ များစွာသော စိတ်ဝိညာဉ်စွမ်းအင်အရင်းအမြစ်များအား လိုအပ်၏။ ထို့ကြောင့် သူက မန်ဟို၏ကျင့်ကြံခြင်းဂူအား မျက်စိကျခြင်းဖြစ်သည်။ မှန်သည်၊ သူက အစ်မရှုအားလည်း ကြောက်ပေသည်။ ထို့ကြောင့် အစေခံဟူသော စကားရပ်ဖြင့် ကြံစည်ခြင်းဖြစ်သည်။

“ကျင့်ကြံခြင်းဂူက အစ်မရှုပိုင်တာ။ ကျွန်တော်က ဘယ်လိုလုပ် ဒီလို ပေးလို့ရမှာလဲ အစ်ကိုကျောက်”

လက်ကို နောက်မှာထားကာ မန်ဟိုက ချီစွမ်းအားများကို စုစည်းနေသည်။ သူက ကျောက်ဝူကန်းကို မယှဉ်နိုင်သည်ကို မန်ဟိုသိသည်။ သို့သော် ကျင့်ကြံခြင်းဂူကား သူ့အတွက် အရေးပါလွန်းနေ၏။ ဝိညာဉ်ကျောက်တုံးက ပိုတန်ဖိုးရှိသည်။ သူ့အနေဖြင့် ထိုအရာများကို ထုတ်ပေးရန် လုံးဝ မဖြစ်နိုင်ပေ။

“မင်းက သေချင်နေတာပဲ”

ကျောက်ဝူကန်းက စိတ်မရှည်ဖြစ်လာဟန်ရသည်။ သူက မန်ဟိုထံကို ပြေးလာကာ လက်ကို ဆန့်တန်းလိုက်၏။

ကျောက်ဝူကန်းက တိုက်ခိုက်သည်တွင် မန်ဟို ကြီးစွာ ထိတ်လန့်သွားသည်။

သူက မန်ဟိုထံကို ရောက်လုရောက်ခင်တွင်ပင် ရုတ်တရက် မန်ဟို၏ကြောက်ရွံ့တုန်လှုပ်သော အမူအရာသည် ပျောက်ကွယ်သွားပြီး ခေါင်းမာသော ဟန်ဖြစ်လာ၏။ သူက နောက်ကျော်တွင် ဝှက်ထားသော လက်ကို ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ဤတွင် ရှားလျားသော မြွေမီးတောက်သည် ကျောက်ဝူကန်းထံသို့ ပြေးဝင်သွား၏။

မန်ဟို၏စိတ်နှလုံးက ပြင်းထန်စွာ တုန်ခါနေသည်။ မြွေမီးတောက်က ကျောက်ဝူကန်းကို မသတ်နိုင်သည်ကို သူသိသော်လည်း အနည်းဆုံး သူ့ကို အချိန်ဆွဲနိုင်ရန် မျှော်လင့်သည်။ သူက မြန်ဆန်စွာ ပြေးလွှားရန် ပြင်ဆင်ထား၏။

“မြွေမီးတောက်ပညာ”

ကျောက်ဝူကန်း၏အမူအရာက ပြောင်းလဲသွားသည်။ သူက သိုလှောင်အိတ်ကို ပုတ်လိုက်လျှင် အဖြူရောင်ဓားငယ်တစ်လက်ထွက်လာကာ မြွေမီးတောက်ထံသို့ ပြေးဝင်သွား၏။

ဘန်းခနဲမြည်ကာ မြွေမီးတောက် ပျောက်ကွယ်သွားသည်။ ဓားငယ်သည်လည်း ကွေးညွတ်တွန့်လိမ်သွားရာ ကျောက်ဝူကန်းက ဘေးကို ကန်ထုတ်လိုက်သည်။ ထို့နောက် သူက မန်ဟိုပြေးထွက်သွားရာအရပ်သို့ ကြည့်၏။ သူ၏အမူအရာက လွန်စွာ ဒေါသထွက်နေသည်။

“သူက စဦးချီဖွဲ့စည်းခြင်းအဆင့်၂ကို ဒီလောက် မြန်မြန် ရောက်လာတယ်။ ငါက အစ်မရှုရဲ့ကျင့်ကြံခြင်းဂူကို အရယူရမယ်”

ကျောက်ဝူကန်းက ပြောဆိုကာ မန်ဟိုနောက်ကို ဒေါသတကြီး လိုက်သည်။ နောက်မှ လိုက်လာရင်း မန်ဟိုသည် သည်နေရာပတ်ဝန်းကျင်နှင့် လွန်စွာ ရင်းနှီးကျွမ်းဝင်သည်ကို သလိုက်သည်။ ကျောက်ဝူကန်းကား သူ့နောက်ကို လိုက်မှီရန် ခက်ခဲနေ၏။

“ခွေးကောင်လေး”

ကျောက်ဝူကန်းက ကောက်ကျစ်သော လေသံဖြင့် ပြောသည် “ ဒီတောင်တန်းတွေမှာ ဘယ်သူမှ မရှိဘူး။ မင်းတော့ သေတော့မယ်။”

မန်ဟိုက မြန်မြန်ဆန်ဆန် ပြေးနေသည်ကို မြင်လျှင် သူက သူတတ်ကျွမ်းသမျှထဲမှ အစွမ်းအထက်ဆုံးသော ပညာရပ်အား အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

သူက မာန်သွင်းလိုက်လျှင် သူ၏ခန္ဓာကိုယ်သည် အရွယ်အစား ကြီးမားလာခဲ့ကာ ဆံပင်သည် ရွှေအိုရောင်သို့ ပြောင်းလာခဲ့သည်။ သူ၏ဆံပင်အချို့သည် အဝတ်အစားများကိုပင် ဖောက်ထွင်းသွားခဲ့၏။ သူက မိစ္ဆာသားရိုင်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်နှင့်ပိုတူ၏။

သည်ပညာကား ဂိုဏ်းသို့ မဝင်မှီ တတ်ကျွမ်းခဲ့သော မိစ္ဆာအသွင်ပြောင်းပညာဖြစ်သည်။

သည်ပညာမှာ စဦးချီဖွဲ့စည်းခြင်းအဆင့်၂ကို ရောက်သောအခါ ကျင့်နိုင်သော ပညာဖြစ်သည်။ သို့သော်လည်း မိစ္ဆာအသွင်ပြောင်းခြင်း သိပ်မသိသာပေ။ သည်ပညာက သူ့အား အဆင့်နိမ့်ကျင့်ကြံသူများကို အလွယ်တကူ အဆုံးသတ်စေနိုင်စွမ်းကို ပေး၏။  သူက သည်ပညာကို အကြိမ်ရေအကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ကာ အလွန်အကျိုးကျေးဇူးများပေသည်။ သူ၏ဝှက်ဖဲဆိုလည်း မမှားပေ။

ယခု သူ၏ကျင့်ကြံခြင်းအဆင့်သည် စဦးချီဖွဲ့စည်းခြင်းအဆင့်၃ ကို ရောက်နေပြီဖြစ်ရာ သည်ပညာမှာ ပို၍အစွမ်းထက် လာသည်။ သူ့တစ်ကိုယ်လုံး၌ ရွှေရောင်အမွေးအမျှင်များ ထွက်လာခြင်းက သူ့အတွက် အားရဖွယ်ကောင်းသောကိစ္စ ဖြစ်သည်။ သူ၏ဟန်ပင်က အလွန်ဝင့်ထည်ကာ ယုံကြည်မှုမြင့်သော ဟန်ပင်ဖြစ်လာသည်။ သူကား လူသားအသွင် မိစ္ဆာသားရိုင်းဖြစ်သည်မှာ သံသယဖြစ်စရာပင်မလိုတော့။

“မင်းက ငါ့ရဲ့မိစ္ဆာအသွင်ပြောင်းပညာမှာ သေရမယ့် ပထမဆုံးလူပဲ… ဟား …ဟား…”

All Chapters