← Chapters

တွေဝေခြင်း

Vol. 1 Ch. 9

တွေဝေခြင်း

Vol. 1 Ch. 9

စဦးချီဖွဲ့စည်းခြင်းအဆင့်(၃)၌ မိစ္ဆာအသွင်ပြောင်းပညာအား အသုံးပြုခြင်းက ကျောက်ဝူကန်းအား ခွန်အားနှင့်လျင်မြန်ခြင်းများ ဆတိုးပွားစေ၏။ လောဘဇောကပ်နေသော မျက်နှာဖြင့် သူသည် လက်သည်းရှည်ကြီးများကို ဝှေ့ယမ်းကာ မန်ဟိုထံသို့ ပြေးလာသည်။

မန်ဟိုသည် အကြောက်လွန်ကာ ထွက်ပြေးမည်ဖြစ်ကာ ထွက်ပြေး၍လည်း မလွတ်နိုင်ဟု သူယုံကြည်သည်။ ကျောက်ဝူကန်းက ကျယ်လောင်စွာ ရယ်မောလျှက်ပြောသည်။

“ပြေးထား”

“မင်း ကျောက်ဝူကန်းလက်က မလွတ်ဘူး”

ကျောက်ဝူကန်းက မိစ္ဆာအသွင်ပြောင်းလိုက်စဉ် မန်ဟိုကား ရှေ့ကို ပြေးနေခဲ့၏။ သူက ကျောက်ဝူကန်း အသွင်ပြောင်းသွားသည်ကို မြင်လိုက်သောအခါ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ကျောက်ဝူကန်း၏မိစ္ဆာအသွင်ပြောင်းခြင်းကား သူဖင်ပွင့်အောင်လုပ်ခဲ့သော မိစ္ဆာသားရိုင်းများနှင့် အလွန်တူနေသည်။ အမှန်တကယ်အားဖြင့် ကျောက်ဝူကန်း၏အမွှေးအမျှင်များက ပိုမိုထူထပ်ပေသည်။

ကျောက်ဝူကန်းက မန်ဟို၏ထူးဆန်းသော အမူအရာကို မြင်လျှင် ပို၍ ဒေါသထွက်လာသည်။ သူက စဦးချီဖွဲ့စည်းခြင်းအဆင့်(၃)သို့ တက်ရောက်ပြီးနောက် မိစ္ဆာအသွင်ပြောင်းပညာကို တခြားလူရှေ့၌ ထုတ်သုံးခြင်းမှာ မန်ဟိုနှင့် ပထမဆုံးဖြစ်သည်။ သူက နှာခေါင်းတစ်ချက်ရှုံ့ကာ သူ့မျက်လုံးများ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြစ်ပေါ်လာခဲ့၏။

“ခင်ဗျား ဒီကြေးမုံကို ကြိုက်သွားလိမ့်မယ်”

ကျောက်ဝူကန်း၏သွင်ပြင်ကို ကြည့်ကာ မန်ဟိုက ပြောသည်။ ကျောက်ဝူကန်းကား မြန်ဆန်လွန်းသဖြင့် သူ့အနီးကို လျပ်တပြက်အတွင်း ရောက်လာ၏။

မန်ဟိုက နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ချက်ချင်းပင် ကြေးမုံပေါ်လာခဲ့သည်။ မန်ဟိုက ကြေးမုံအလင်းအား ကျောက်ဝူကန်းထံသို့ မဆိုင်းမတွ ထိုးလိုက်တော့သည်။

ကြေးမုံက စတင်လင်းလက်လာခဲ့လျှင် မန်ဟိုသည် ယခင် တစ်ကြိမ်တစ်ခါကမှ မကြုံဖူးသော ပူလောင်ခြင်းအား ခံစားရသည်။ သည်တုန့်ပြန်မှုကား ယခင် မိစ္ဆာသားရိုင်းများနှင့် တွေ့ဆုံစဉ်ကထက် ပြင်းထန်၏။ ထိုအခိုက်တွင် ကြေးမုံမှ မမြင်ရသော အရောင်အဝါတစ်ခုသည် ရှေ့ကို တိုးဝင်သွား၏။

ကျောက်ဝူကန်းက ရှေ့ကို ဒေါသတကြီးဖြင့် ခုန်အုပ်လိုက်၏။ ရုတ်တရက် သူက ထူးဆန်းသော အငွေ့တစ်ခုသည် သူ့ကိုယ်ထဲကို ဝင်လာကာ အတွင်း၌ ပြင်းထန်စွာ ပေါက်ကွဲလျှက် အပြင်သို့ ပွင့်ထွက်တော့မည့် ခံစားချက်ကို ရသည်။ သူ၏အတွင်းကလီစာများ ကြီးမားစွာ နာကျင်မှုကို ခံစားလာရကာ သူ၏အမူအရာက မြန်ဆန်စွာ ပြောင်းလဲသွားသည်။ အရေးပေါ်အခြေအနေတွင် သူသည် ထိုအရောင်အဝါအား သူ၏ရွှေအမြုတေ{ဘာသာပြန်မှတ်စု_ခန္ဓာကိုယ်အတွင်းမှ ချီသိုလှောင်ကန်အား ရွှေအမြုတေဟု သုံးနှုန်းထားပါသည်} နေရာမှ အောက်ကို တွန်းလိုက်ကာ အပြင်သို့ ထုတ်ရန် ကြိုးစားသည်။

ကိုယ်ရောင်ကိုယ်ဝါကား အားကောင်းလွန်းသဖြင့် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာရန် အားနည်းသော နေရာအား ရှာဖွေနေဟန်ရသည်။ သူက ထိုအရောင်အဝါအား သူ၏ရွှေအမြုတေထံမှ တွန်းလိုက်လျှင် ၎င်းသည် ဖင်ပိုင်းနေရာသို့ ပြေးဝင်သွားကာ ပေါက်ကွဲထွက်လာပြီး အလွန်အမင်း အသည်းခိုက်အောင် နာကျင်မှုအား ခံစားရသည်။ ကျောက်ဝူကန်းသည် ထိန်းသိမ်းမရနိုင်အောင် နာကျင်မှုကြောင့် အော်ဟစ်လိုက်၏။

အား… ဝု…

သူ့ဘဝတွင် တစ်ခါမှ ထိုမျှ နာကျင်မှုကို မခံစားဖူးပေ။ သူ့ခန္ဓာကိုယ်သည် တုန်ယင်လာခဲ့ကာ မန်ဟိုအား ဒေါသတကြီး ကြည့်သည်။ သူ့မျက်လုံးမှ သတ်ဖြတ်လိုသော အငွေ့အသက်များက ပိုမိုပြင်းထန်လာခဲ့၏။

“အစ်ကိုကြီးကျောက်”

မန်ဟိုက တုန်လှုပ်စွာ ခေါ်သည်။ သူ့အနေဖြင့် လူတစ်ယောက်နှင့် တိုက်ခိုက်သည်မှာ သည်တစ်ကြိမ် ပထမဆုံးဖြစ်သည်။

“ကျုပ်တို့ ဒီမှာ ရပ်လိုက်ကြမယ်လေ။ ခင်ဗျားက ကျုပ်ကို ခက်ခဲအောင် မလုပ်ရင် ကျုပ်လည်း ခင်ဗျားကို ခက်ခဲအောင် မလုပ်ဘူး။ ကောင်းမွန်တဲ့အဆုံးသတ်လေး ဖန်တီးကြရအောင်”

သူက ကြေးမုံကို တင်းတင်းဆုပ်သည်။ လူတစ်ယောက်က ထိုမျှ နာကျင်စွာ အော်ဟစ်ခြင်းသည် သူ့အား မသက်မသာ ခံစားရစေသည်။ မည်သို့ဆိုစေ ကျောက်ဝူကန်းကား လူသားဖြစ်ကာ မိစ္ဆာသားရိုင်းမဟုတ်ပေ။

“ခွေးကောင်လေး”

“ဒီနေ့ ငါမင်းကို သတ်ပဲသတ်မှာ မဟုတ်ဘူး။ ငါက တောင်အောက်ကို ဆင်းပြီးတော့ မင်းရဲ့မိသားစုတွေအကုန်လုံးကို သတ်မယ်။ မင်းရဲ့ မျိုးနွယ်စုတစ်စုလုံးကို အရှက်ခွဲမယ်”

ကျောက်ဝူကန်းက အော်ဟစ်သည်။ ထိုနာကျင်မှုက သူ့အား ရူးသွပ်လုမတတ်ဖြစ်စေ၏။ သူ့မျက်လုံးများက နီမြန်းစွာဖြင့် မာန်သွင်းကာ မန်ဟိုထံသို့ လက်သည်းကြီးများဖြင့် ဝှေ့ယမ်းလျှက် တိုက်ခိုက်လိုက်၏။

မန်ဟိုကား စာပေသမားတစ်ယောက်မျှသာ ဖြစ်ကာ တစ်ခါမှ မတိုက်ခိုက်ဖူးချေ။ သို့သော်လည်း သူသည် ကျောက်ဝူကန်း၏ကျိန်ဆိုသံအား ကြားလျှင် သူ့မျက်လုံးများ၌ သတ်ဖြတ်လိုသော အငွေ့အသက်များဖြစ်လာသည်။ ထိုသို့သော ကျိန်ဆိုမှုအား ကြားသူတိုင်းမှာလည်း ဒေါသထွက်ကြမည်ဖြစ်ပေသည်။ သူက နောက်ကို ဆုတ်လိုက်ကာ ကြေးမုံကို မြှောက်လိုက်၏။

ကျောက်ဝူကန်းက မန်ဟိုထံသို့ ချဉ်းကပ်သွားလျှင် သူ့ထံသို့ တိုးဝင်လာသော အရောင်အဝါတစ်ခုအား ခံစားမိပြန်၏။ တဖန် ကြောက်မက်ဖွယ် အရောင်အဝါသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်လာခဲ့ပြီး ကျောက်ဝူကန်းသည် အတွေ့အကြုံအရ ၎င်းအား သူ၏ခန္ဓာကိုယ်အပြင်သို့ မထွက်နိုင်စေရန် ပိတ်ဆို့လိုက်၏။ သို့သော်လည်း သူက အောင်မြင်ပြီဟု ယုံကြည်လိုက်သော အချိန်၌ပင် သူ၏ညာဘက်နားသည် ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။

နာကျင်မှုကား ပထမတစ်ခေါက်ထက် အဆများစွာ ပိုမိုပြင်းထန်ကာ သူက စူးရှစွာ အော်ဟစ်လိုက်ပြန်၏။ ထို့နောက် သူ၏ညာဘက်နားမှ သွေးများ အဆက်မပြတ် ထွက်လာတော့သည်။

သူ၏ခေါင်းသည် အလယ်မှ ထက်ခြမ်းခွဲခံလိုက်ရတော့မလို ခံစားရပြီး မျက်နှာသည် ပြာနှမ်းသွား၏။ ထိတ်လန့်စွာဖြင့် သူက မန်ဟိုကို ကြည့်သည်။ ထို့နောက်တွင် သူက ပိုမို၍ ဒေါသထွက်လာခဲ့၏။

“ငါ မင်းရဲ့မိသားစုတစ်ခုလုံးကို သတ်မယ်။ ပြီးတော့ မင်းတို့ကလန်တစ်ခုလုံးကို ရှင်းပြစ်မယ်။ သူတို့ကို ငါနာကျင်တာထက် အဆတစ်ရာမက နာကျင်အောင်လုပ်မယ်”

နာကျင်မှုကို အောင့်အီးကာ သူက မန်ဟိုထံသို့ သတ်ဖြတ်လိုဇောကြီးစွာဖြင့် တဖန် ခုန်အုပ်လိုက်ပြန်သည်။

“ကျုပ် ခင်ဗျားကို မျက်နှာသာပေးပေမယ့် မရဘူးပဲ”

မန်ဟိုက တုန်ယင်စွာဖြင့် ပြောသည်။ သူက နောက်ကို ထပ်ဆုတ်ကာ ကြေးမုံအား ကျောက်ဝူကန်းထံသို့ ထပ်ထိုးသည်။

“မန်ဟို…”

ကျောက်ဝူကန်းက အော်ဟစ်၏။ သူ၏ဘယ်ဘက်နားက အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်လာသည်။ နားနှစ်ဘက်လုံးသည် သွေးများလျှံကျနေ၏။ သူကား ဒေါသကြီးသောပုံစံအစား ကြောက်ရွံ့ထိတ်လန့်ဟန်သို့ ပြောင်းလဲသွားကာ မန်ဟိုကို ထပ်၍ ရန်မရှာရဲတော့ဘဲ ထွက်ပြေးရန် ကြံသည်။ သို့သော်လည်း သူ့စိတ်အတွင်းမှ အကြောက်တရားသည် သူ့အား ထွက်ပြေးစေရန်ပင် မရဲစေခဲ့ပေ။ ထို့နောက် သူက တဖန် အာရုံကို စုစည်းကာ မန်ဟိုအားသတ်ဖြတ်လျှက် ထိုကြေးမုံစုတ်ကို ယူရန် ကြံရွယ်သည်။

သို့သော်လည်း သူက နောက်လှည့်လိုက်သည်နှင့် ကြေးမုံသည် ပထမဆုံးအနေဖြင့် မန်ဟို၏လက်မှ သူ့ဆန္ဒအလျောက် ပျံသန်းသွာခဲ့၏။ ကြေးမုံက ကျောက်ဝူကန်းထံသို့ ပျံသန်းသွားကာ အကြိမ်များစွာ ဆက်လက်တိုက်ခိုက်၏။

ကျောက်ဝူကန်း၏မျက်လုံးများသည် ကြောက်ရွံ့ထိတ်လန့်ခြင်းများဖြင့်သာ ပြည့်နှက်နေခဲ့၏။ သို့သော်လည်း သူကား ပြေးနိုင်စွမ်းမရှိပေ။ တစ်စုံတစ်ခုက သူ့အား လေထဲသို့ မြှောက်လိုက်ကာ သူ၏ညာဘက်နား၊ ဘယ်ဘက်နား၊ ရင်ဘတ်၊ ခြေထောက်တို့အားလုံးမှာ အဆက်မပြတ် ပေါက်ကွဲတော့သည်။

ထိုအရောင်အဝါက ပေါက်ကွဲထွက်လာလျှင် လေထဲတွင် သွေးနံ့များ လှိုင်လှိုင်ဖြစ်ပေါ်စေကာ ဆယ်စက္ကန့်ခန့်ကြာပြီးနောက် ကျောက်ဝူကန်း၏မျက်လုံးများ အသက်မဲ့သွားပြီး သူ့ခန္ဓာကိုယ်က လူအသွင်သို့ ပြန်လည်ပြောင်းလဲသွား၏။ အမွှေးအမျှင်များ ပျောက်ကွယ်သွားပြီးနောက်တွင် ကြေးမုံသည် စိတ်ဝင်စားမှု ကင်းမဲ့သွားဟန်ဖြင့် မန်ဟိုထံသို့ ပြန်လည်ပျံသန်းလာခဲ့သည်။ ကျောက်ဝူကန်း၏ခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ်သို့ ကျ၏။

သွေးများကား နေရာတိုင်း၌ ပြန့်ကျဲနေသည်။ ကျောက်ဝူကန်း၏အသက်မဲ့သော မျက်လုံးများသည် ကြီးမားသော အကြောက်တရားကို လတ်တလော ခံစားခဲ့ရပုံဖြင့် ပြူးကျယ်နေ၏။

ကျောက်ဝူကန်၏အလောင်းကို ကြည့်ကာ မန်ဟိုက သက်ပြင်းရှိုက်သည်။ ကြေးမုံက သူ့လက်ထဲကို ပြန်ရောက်လာခဲ့လျှင်ပင် သူ့တစ်ကိုယ်လုံးက တုန်ခါနေဆဲဖြစ်သည်။ သည်တစ်ကြိမ်ကား လူသားကို သူက သေစေခဲ့ခြင်းဖြစ်သည်။ ကျောက်ဝူကန်း၏ ရက်စက်စွာ သေဆုံးခြင်းက သူ့အား ကြေးမုံကို လွှင့်ပစ်လိုစိတ်များပင် ဖြစ်ပေါ်စေရာ သူက ကြေးမုံအား မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

သူကား စာပေသမားတစ်ဦးသာဖြစ်သည်။ ကြေးမုံသည် မူလက စိတ်ဝင်စားဖွယ်ကောင်းသော်လည်း ယခု ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော လက်နက်ဖြစ်နေသောအခါ သူ့စိတ်နှလုံးအား များစွာ တွေဝေလေးကန်စေ၏။

သူက စိတ်ပျက်ခြင်းကြီးစွာဖြင့် ထိုနေရာတွင် အချိန်ကြာမြင့်စွာ ရပ်နေခဲ့သည်။ သူ့စိတ်နှလုံးတွင် သူကား ယွင်ကျဲ့စီရင်စုမှ သာမန်စာပေသမားတစ်ဦးဖြစ်နေဆဲပင်။ သူက လူအများကို မှန်သောစကားကိုသာ ဆိုကာ သတ်ဖြတ်ရန်ကိုထား၊ တိုက်ခိုက်ခြင်းပင် မပြုလုပ်ဖူးပေ။ ထိုစိတ်နေသဘောထားသည် နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့ရာ အလွယ်တကူ မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် သူ၏စိတ်က ရှုပ်ထွေးတွေဝေသည်။

“အစဉ်အလာ၊ပျော်ရွှင်မှု၊ ကြင်နာမှုနဲ့ တရားမျှတမှု၊ အမှန်တရားတို့ဟာ သတ်ဖြတ်ခြင်းအား ဆန့်ကျင့်တယ်လို့ ကွန်ဖျူးရှပ်က ပြောတယ်။ ဒါပေမဲ့ ဂိုဏ်းက ပြောတာကတော့ အားနည်းသူက အားကြီးသူရဲ့အစာပဲ။ အခု အဲဒီစကားရဲ့ အဓိပ္ပာယ်အစစ်ကို နားလည်ပြီ။ ကျင့်ကြံခြင်းမှာ အသိအမြင်တွေက ကွာခြားသွားတာပဲ”

မန်ဟိုသည် လတ်တလောဖြစ်သွားသည်နှင့်ပတ်သက်၍ တွေးတောကာ ထိတ်လန့်နေဆဲပင်။ အတန်ကြာလျှင် သူက သက်ပြင်းချပြီး ထွက်သွားရန်ပြင်သည်။

သို့သော်လည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် သူက အံကို ကြိတ်လျှက် ကျောက်ဝူကန်၏အလောင်းထံသို့ လျှောက်လာခဲ့၏။ သူက ကျောက်ဝူကန်၏သိုလှောင်အိတ်ကို ကောက်ယူလိုက်ကာ မြွေမီးတောက်တစ်ခုအား ဆင့်ခေါ်လျှက် အလောင်းအား မီးရှို့သည်။

မီးတောက်သည် အလောင်းကို လုံးဝ လောင်ကျွမ်းသွားခြင်း မရှိပေ။ ထို့ကြောင့် မန်ဟိုက ဝိညာဉ်အားတိုးဆေးတစ်လုံးကို သောက်လိုက်ကာ နောက်ထပ် မြွေမီးတောက်သုံးခုအား ထုတ်လွှတ်လိုက်၏။ မကြာခင် အလောင်းသည် မမှတ်မိလောက်တော့အောင် ပျက်ယွင်းသွားခဲ့သည်။

သူက အသက်ရှူလေ့ကျင့်ခန်းအနည်းငယ် ပြုလုပ်ပြီးနောက် အံ့ကြိတ်ကာ နောက်ထပ် မြွေမီးတောက်နှစ်ခုအား ထုတ်လွှတ်လိုက်၏။ ယခု အလောင်းသည် လုံးဝ ပြာမှုန့်ဖြစ်သွားခဲ့၏။

ထို့နောက် မြေပြင်ပေါ်တွင်ကျနေသော ကြေးမုံအား ပြန်ကောက်ပြီး တင်းတင်းဆုပ်ကိုင်သည်။

စိတ်ရှုပ်ထွေးစွာဖြင့် မန်ဟိုက ထိုနေရာမှ ထွက်ခွာသွားခဲ့ကာ သူ၏ကျင့်ကြံခြင်းဂူသို့ ပြန်ရောက်လာခဲ့၏။ ဂူထဲတွင် သူက အချိန်ကြာမြင့်စွာ ငေးငိုင်လျှက် ထိုင်နေခဲ့၏။ နောက်ဆုံးတွင် သူက ကျောက်ဝူကန်း၏သိုလှောင်အိတ်ကို ဖွင့်လိုက်သည်။ သူက အတွင်းမှ အရာများကို မြင်လျှင် မန်ဟို၏မျက်လုံးများ အရောင်လက်သွားသည်။ သူ၏ပထမဆုံးလူသတ်ခြင်းအတွေ့အကြံကြောင့် ပျက်နေသော စိတ်ဓာတ်များအားလုံး ပြန်လည် သက်ဝင်လှုပ်ရှားလာခဲ့သည်။

“ဒီအကောင်က တော်တော်ချမ်းသာတာပဲ”

မန်ဟိုက သက်ပြင်းရှိုက်သည်။ သိုလှောင်အိတ်ထဲတွင် သူက ဝိညာဉ်ကျောက်တုံး(၈)တုံး၊ ဝိညာဉ်အားတိုးဆေး(၇)လုံးနှင့် ထူးဆန်းသောသင်္ကေတအချို့ရေးထွင်းထားသော အရိုးခြောက်တစ်ချောင်းအား တွေ့သည်။

သူက အရိုးစအား ကြည့်ကာ ဘေးကို ပစ်လိုက်သည်။ အရိုးခြောက်ထဲတွင် မိစ္ဆာအသွင်ပြောင်းပညာအား ရေးထွင်းထား၏။ သူသည် မိစ္ဆာအသွင်ပြောင်းကာ သူ့ကြေးမုံ၏တိုက်ခိုက်ခြင်းကို မခံယူလိုပေ။

သူက အရိုးချောင်းကို ဘေးသို့ ပစ်လိုက်ပြီးနောက် ရုတ်တရက် ဓားပျံတစ်ချောင်းအား သတိရလာသည်။ သူက ချက်ချင်းပင် ဂူထဲမှ ထွက်ကာ တောထဲသို့ ခြေရာခံလိုက်ရှာသည်။ အတန်ကြာလျှင် သူက အဖြူရောင်ဖြစ်နေသော ဓားနှင့်အတူ ကျင့်ကြံခြင်းဂူသို့ ပြန်ရောက်လာခဲ့၏။ သူက ဓားကို စူးရှတောက်ပသော မျက်လုံးများဖြင့် စစ်ဆေးကြည့်ရှုသည်။

မန်ဟိုက အင်မော်တယ်နှင့် ကွန်ဖြူးရှပ်လမ်းစဉ်ကို မည်သို့ ခွဲခြားရမည် မသိပေ။ သူက ၎င်းကိစ္စများအား တွေးတောခြင်းကို ရပ်လိုက်သည်။ တစ်နေ့တွင် ထိုကိစ္စရပ်များအား သူက နားလည်နိုင်ပေလိမ့်မည်။ ယခုတော့ ဂိုဏ်းထဲတွင် အသက်ရှင်သန်နိုင်မည့်နည်းလမ်းများအား ရှာဖွေရပေဦးမည်။

စိတ်ပိုင်းဖြတ်ကာ သူက ဝိညာဉ်ကျောက်တုံးအား ထုတ်ကာ စစ်ဆေးကြည့်၏။ ပြီးနောက်တွင် သူက ကြေးမုံကို ထုတ်ကာ ဘေးတွင်ချလျှက် ၎င်းတို့အား အချိန်အတန်ကြာ ကြည့်နေသည်။

“အစ်ကိုကျောက်က ငါ့ကို ရန်လာစတာ”

“ငါ ပြန်တိုက်ခိုက်ဖို့လိုတယ်။ ငါက ကောင်းကောင်းမွန်မွန်ပြောပြပေမယ့် သူက ငြင်းဆန်ခဲ့တယ်။ ငါက လူတစ်ယောက်ကို သတ်ခဲ့ပေမယ့် ကျိုးကြောင်းဆီလျော်အောင် ကြိုးစားခဲ့တယ်။ ငါက သနားကြင်နာခဲ့ပေမယ့် သူက သေဖို့လမ်းကို ရွေးခဲ့တယ်”

“ကြေးမုံက သွေးဆာပေမယ့် လူဆိုးရဲ့လက်ထဲမှာ မကောင်းဆိုးဝါးပစ္စည်းဖြစ်ပြီးတော့ ကွန်ဖျူးရှပ်ရဲ့ သင်ကြားမှုကို နှလုံးမူတဲ့ငါ့လက်ထဲမှာတော့ ကောင်းတဲ့ရည်ရွယ်ချက်အတွက် အသုံးပြုတဲ့ ရတနာပဲ”

ထို့သို့ ပြောကာ သူက ကြေးမုံကို တစ်ချက်ကြည့်ပြီး သက်ပြင်းရှည်ချသည်။ သူက ရေရွက်ကာ ကြေးမုံ၏ဆန်းကြယ်မှုများအား တွေးတောလျှက် မျှော်လင့်ချက်များ ကြီးမားလာခဲ့၏။

“ကြေးမုံက သွေးကိုပဲ ဆာလောင်နေတာတော့ မဟုတ်ဘူး။ အနာဂတ်မှာ ငါက ဂရုတစိုက် အသုံးပြုသင့်တယ်”

“အောင်မြင်တာပဲဖြစ်ဖြစ်၊ ကျရှုံးတာပဲ ဖြစ်ဖြစ် ဒါနဲ့ဆို မန်ဟိုရဲ့ ကျင့်ကြံခြင်းက သာမန်ထက် အများကြီး ပိုသွားလိမ့်မယ်”

တွန့်ဆုတ်ခြင်း မရှိဘဲ သူက မိစ္ဆာအမြုတေနှင့် ဝိညာဉ်ကျောက်တုံးတစ်ဝက်အား ထုတ်ပြီး ကြေးမုံပေါ်သို့ တင်၏။ ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် စောင့်နေသည်။

အမွှေးတိုင်တစ်တိုင်စာ ထွန်းညှိချိန် ကြာမြင့်သွားသော်လည်း မည်သို့မျှ ဖြစ်မလာခဲ့။ မိစ္ဆာသားရိုင်းသည်လည်း မပြောင်းလဲသလို ဝိညာဉ်ကျောက်တုံးလည်း မပျောက်သွားပေ။

မန်ဟို မျက်မှောင်ကြုတ်သည်။

“မဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့လက ငါ နှစ်ခု …”

သူက ကြေးမုံပေါ်မှ ဝိညာဉ်ကျောက်တုံးအား ကြည့်ကာ အတွေးနက်နေသည်။ အတန်ကြာလျှင် သူက သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးတစ်ဝက်အား ထုတ်ကာ ကြေးမုံပေါ်သို့ ထပ်တင်လိုက်၏။

သူက ဝိညာဉ်ကျောက်တုံး နောက်တစ်ဝက်အား တင်လိုက်သည်နှင့် ကြေးမုံမှန်ပြင်သည် အနက်ရောင်အစင်းကြောင်းများဖြစ်ပေါ်လာပြီး ရေကန်တွင် ဝဲဂရက်ကဲ့သို့ ဖြစ်လာသည်။ ဝိညာဉ်ကျောက်တုံးနှစ်ခုသည် အောက်ကို နစ်မြုတ်သွားပြီး မှန်ပြင်ပေါ်တွင် မိစ္ဆာအမြုတေနောက်တစ်လုံး ပေါ်လာ၏။ ယခု ကြေးမုံပေါ်တွင် အမြုတေနှစ်လုံးဖြစ်နေပြီဖြစ်သည်။

မန်ဟို အံ့အားသင့်သွား၏။ ထို့နောက်တွင် သူက မိစ္ဆာအမြုတေနှစ်လုံးအား ကောက်ယူလိုက်ကာ အသေအချာ လေ့လာကြည့်ရှု၏။

“အရမ်းထူးဆန်းတာပဲ”

သူက သက်ပြင်းရှိုက်လိုက်ကာ နောက်တစ်ကြိမ် စမ်းကြည့်ပြန်သည်။

တစ်တုံး… နှစ်တုံး… ကိုးတုံး… နောက်ဆုံး သူ့တွင် ဝိညာဉ်ကျောက်တုံး တစ်တုံးသာ ကျန်တော့သည်။ သူ့ရှေ့တွင်ကား မိစ္ဆာအမြုတေ လေးလုံး ရှိနေသည်။ သူ၏မူလအမြုတေကို ထပ်ပေါင်းလျှင် ငါးလုံးဖြစ်သည်။ အမြုတေများမှ လာသော သင်းရနံ့ကြောင့်ပင် သည်အမြုတေများသည် သူ့ဘဝတစ်လျှောက်လုံး အကြွယ်ဝဆုံးများဖြစ်သည်ဟု သိလိုက်သည်။ အပြင်စည်းတပည့်များတွင် သည်ကဲ့သို့ ကြွယ်ဝမှုမျိုး မရှိနိုင်ပေ။

သူ၏စိတ်လှုပ်ရှားမှုသည် ညနက်သည်အထိ တာရှည်ခဲ့၏။ အမြုတေများအား ကြည့်ကာ သူက အမြုတေတစ်လုံး ကောက်ယူလျှက် ပါးစပ်ထဲ ပစ်သွင်းလိုက်သည်။ နောက် ၂နာရီကြာသောအခါ သူက မျက်လုံးကို ဖွင့်လျှက် ဆေးလုံးတစ်လုံး ထပ်သောက်သည်။

သူကား ထိုမျှ အလွန်အကျွံဖြုန်းတီးမှုမျိုးကို တစ်ခါမှ မလုပ်ဆောင်ဖူးပေ။ သူ့ခန္ဓာကိုယ်တွင် မိစ္ဆာသားရိုင်းအမြုတေနှစ်လုံး၏အကန့်အသတ်မဲ့စွမ်းအားများ တကိုယ်လုံးသို့ ပြန့်နှံ့သွားပြီးနောက်တွင် အာရုဏ်တက်ချိန်ကို ရောက်နေပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်က တစ်ချက်တုန်ခါသွားပြီးနောက်တွင် မန်ဟိုက မျက်လုံးကို ဖွင့်လိုက်၏။ သူ့မျက်လုံးများ၌ စိတ်လှုပ်ရှားမှုကြောင့် တစ်လက်လက် တောက်ပနေသည်။

“စဦးချီဖွဲ့စည်းခြင်းအဆင့်၃”

မန်ဟိုကား သိပ်ကြေနပ်ခြင်း မရှိသေးပေ။ သူက လက်ကျန်ဆေးလုံးသုံးလုံးကို ကြည့်သည်။ သူက နောက်တစ်လုံးအား သောက်လိုက်၏။ နောက်တစ်နေ့ နံနက်တွင် သူသည် လက်ကျန် အမြုတေ(၃)လုံးအား သောက်ပြီးဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် စဦးချီဖွဲ့စည်းခြင်းအဆင့်(၃)၏အမြင့်ဆုံးသို့ ရောက်ရန် ဆံခြည်တစ်မျှင်စာမျှသာ လိုတော့သည်။

ဝိညာဉ်အားတိုးဆေး(၈)လုံးမူကား မန်ဟို၏လက်ရှိ ကျင့်ကြံခြင်းအဆင့်တွင် သိပ်အသုံးမဝင်တော့ပေ။ ၎င်းမှာ မိစ္ဆာအမြုတေများနှင့် သက်ဆိုင်မည်ဟု မန်ဟိုက သံသယဝင်သည်။ ဂိုဏ်း၌ ဝိညာဉ်အားတိုးဆေးလုံးများကို လစဉ်ပေးဝေနေခြင်းက ထိုဆေးလုံးများ သိပ်တန်ဖိုးမရှိကြောင်း သိသာစေသည်။

“ငါက ဒီဆေးလုံး အများကြီး သောက်ရင်လည်း ဘာမှ ထူးခြားမှာ မဟုတ်ဘူး”

မန်ဟိုက မျက်လုံးကို မှိတ်ကာ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအားများကို လှည့်ပတ်သည်။ စွမ်းအားများမှာ စမ်းချောင်းလေးမျှသာ မဟုတ်တော့ဘဲ မြစ်ကြီးအလား ကြီးမားနေခဲ့ပြီဖြစ်သည်။ ချီစွမ်းအားများက သူ့ခန္ဓာကိုယ်အတွင်း လှည့်ပတ်လျှင် သူ့အား ကြီးမားသော ခွန်အားကို ခံစားရစေသည်။

ယမန်နေ့ကနှင့် စာလျှင် မန်ဟိုက သူ၏ခွန်အားမှာ အဆမတန် ကြီးမားလာသည်ကို သိသည်။ သည်မတိုင်ခင်က သူသည် အားနည်းသော ကျင့်ကြံသူဖြစ်သည်။ ယခု သူသည် အပြင်စည်းဂိုဏ်းတွင် စွမ်းအားကြီးသူများထဲမှ တစ်ဦးဖြစ်နေလေပြီ။

သူက လက်ဝှေ့ယမ်းလိုက်လျှင် မြွေမီးတောက်သည် သူ၏လက်မောင်းတစ်ချောင်းစာ ရှည်လျားအောင် ထွက်ပေါ်လာခဲ့၏။ အပူရှိန်က ကျင့်ကြံခြင်းဂူတစ်ခုလုံးကို ပြည့်နှက်သွားသည်။

အကယ်၍ သူသာ သည်စွမ်းအားဖြင့် ကျောက်ဝူကန်းကို ထပ်မံတိုက်ခိုက်ရလျှင် အနည်းဆုံးတော့ သူ့အား မသေလျှင်ပင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေနိုင်ပေမည်။

All Chapters