← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 12 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 12 Ch. 131-132

အခန်း ( ၁၃၁ ) စုန့်အန်း။

တော်ဝင်တပ်မှူးချုပ် ရှုကျန်းကလည်း အမြန် ဝင်ပြောလိုက်သည်။ “ အမတ်ကြီး ပြောတာ မှန်ပါတယ် အရှင်မင်းမြတ်။ မနှစ်တုန်းက ကျွန်တော်တို့ လူရိုင်းတွေကို ထိထိရောက်ရောက် ချေမှုန်းခဲ့တဲ့အတွက် သူတို့ ဒီနှစ်ထဲမှာ တော်တော် ငြိမ်ကျသွားတယ်။ အရှင်မင်းမြတ်သာ ကျွန်တော်မျိုးကို တပ်ဖွဲ့တွေ ထပ်ထောက်ပံ့ပေးရင် လူရိုင်းတွေကို နောက်နှစ် ဆောင်းဦး မတိုင်ခင် တစ်ယောက်မကျန် ချေမှုန်းပေးမယ်လို့ ကျွန်တော်မျိုး အာမခံပါတယ်။ ”

“ မောင်မင်းက တိုက်ဖို့ ခိုက်ဖို့ သတ်ဖို့ ဖြတ်ဖို့က လွဲပြီး ကျန်တာ မသိဘူး။ ” လျှို့လင်းက ခေါင်းခါယမ်းလိုက်သည်။ “ မောင်မင်းက တပ်သားတွေ ထပ်လိုချင်သလိုပဲ ၊ ငါကိုယ်တော်လည်း မင်းကို တပ်သားတွေ ထပ်ထောက်ပံ့ပေးချင်ပေမဲ့ လူတစ်သိန်း ရှိတဲ့ စစ်တပ် တစ်တပ်အတွက် တစ်နေ့ကို အစားအသောက် ဘယ်လောက် ကုန်မလဲ ဆိငတာ မောင်မင်း သိလား။ မိုးခေါင်တာကလည်း အခုမှ ပြီးရုံလေး ရှိသေးတယ် ၊ စိုက်ခင်းတွေထဲက ကောက်ပဲသီးနှံတွေကလည်း အခုထိ ရိတ်သိမ်းရသေးတာ မဟုတ်ဘူး။ ငါကိုယ်တော်က ဘယ်က အစားအသောက်တွေနဲ့ အဲ့ဒီစစ်တပ်ကို ကျွေးရမှာလဲ။ ”

“ ဒါက … ” ရှုကျန်းသည် ရှက်ရွံ့စွာ ခေါင်းငုံ့ရင်း “ အရှင်မင်းမြတ် ပြောတဲ့ စကားက လျော်ကန်သင့်မြတ်ဆုံးပါပဲ။ ” ဟု ပြန်ပြောလိုက်ရတော့သည်။

“ ( ၂ ) နှစ်လောက် အားဖြည့်ရအောင်။ ” ဟု လျှို့လင်းက ပြောလိုက်သည်။ “ နှစ်တိုင်း စစ်တိုက်နေရတာ ပင်ပန်းစရာကောင်းတယ်။ အခု အနားယူဖို့ အချိန်ကျပြီ။ ”

စပ်ပွဲတွေကို ရပ်နားဖို့ ပြင်ဆင်နေတဲ့ အရှင်မင်းမြတ်ရဲ့ စကားကို ကြားချိန်မှာ ရှုကျန်းတစ်ယောက် မ‌ကျေမနပ် ဖြစ်သွားသော်လည်း ဘာမှ အထွန့်မတက်ရဲပေ။

“ မင်းတို့မှာ တခြား ပြောစရာတွေ ရှိသေးလား။ ”

ကြည့်ရတာ ဆွေးနွေးစရာ မကျန်တော့ပုံပါပဲ။

လက်ယာအမတ်ကြီးနှင့် တော်ဝင်တပ်မှူးချုပ်က ပြန်ဖို့ ပြင်နေစဉ်မှာပဲ လက်ဝဲအမတ်ကြီးက “ ကျွန်တော့်မှာ တင်ပြစရာ ကိစ္စလေး တစ်ခုတော့ ရှိပါတယ် အရှင်မင်းမြတ်။ ” ဟု ပြောလိုက်သည်။

“ ပြောပါ။ ”

“ ဒီလိုပါ အရှင်မင်းမြတ်။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ယီကျိုးခရိုင်ကနေ တီထွင်ဉာဏ်ကောင်းတဲ့ ပစ္စည်း တစ်ခု ပို့လိုက်ပါတယ်။ အဲ့ပစ္စည်းကို ကျွန်တော်မျိုး အရမ်း စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်တဲ့အတွက် အရှင်မင်းမြတ်ကို ပြချင်လို့ပါ။ ”

လျှို့လင်းရဲ့ မျက်နှာမှာ မကျေမနပ် အရိပ်အယောင်တွေ ဖုံးလွှမ်းသွားသည်။ ဒီလက်ဝဲအမတ်ကြီးကတော့ သေခါနီးနေတာတောင် သက်သက်သာသာ မနေဘဲ ကြိုးကြိုးစားစား အုပ်ချုပ်ချင်နေတုန်းပဲ။

စုန့်အန်းက တိုင်းရေးပြည်ရေးကိစ္စတွေမှာပဲ အမြဲတမ်း ခေါင်းစိုက်ထားပြီး ဘယ်တော့မှ မျက်နှာချိုသွေးတဲ့ လူမျိုး မဟုတ်ပါ။ ဒီနေ့မှ ဘာလို့ သူ့ထုံးစံကို ချိုးဖောက်ပြီး အရှင်မင်းမြတ်ကို တီထွင်ဉာဏ်ကောင်းတဲ့ ပစ္စည်းကို ပြချင်နေတာလဲ။

လျှို့လင်းရဲ့ ပြောင်းလဲသွားတဲ့ မျက်နှာအမူအရာကို အမြင်စူးရှတဲ့ လက်ယာအမတ်ကြီးက သတိထားမိသွားသည်။ လက်ယာအမတ်ကြီး ကျူးကျစ်လင်က စုန့်အန်းထက် ရာထူးပိုမြင့်ပေမဲ့ အရှင်မင်းမြတ် အယုံကြည်ဆုံးလူက စုန့်အန်း ဆိုတာကို ကောင်းကောင်း နားလည်သည်။

သူနှင့် အိမ်ရှေ့မင်းသားက စုန့်အန်းကို အကြိမ်ပေါင်းများစွာ ထောင်ချောက်ဆင်ဖူးပေမဲ့ အရှင်မင်းမြတ်က အကြိမ်တိုင်းမှာ စုန့်အန်းကို ထိုအခက်အခဲတွေကို ကျော်လွှားနိုင်အောင် နောက်ကွယ်က ကူညီပေးခဲ့သည်။

စုန့်အန်းရဲ့ တူ စုန့်ဖန်မှာ ရာထူးကို အလွဲသုံးစားလုပ်တဲ့အတွက် အပြစ်ရှိတာ ထင်ရှားသော်လည်း အရှင်မင်းမြတ်ကတော့ စုန့်အန်းရဲ့ တူဖြစ်နေတာကြောင့် သူ့ကို ရာထူးမှ မထုတ်ပယ်ဘဲ ယီကျိုးခရိုင်တရားသူကြီးအဖြစ်သာ ရာထူးလျှော့ချခဲ့လေသည်။

အဲ့ဒီလို မျက်နှာသာပေးမှုက ကျူးကျစ်လင်ကို မနာလိုစိတ်ဝင်သွား‌စေသည်။ ထို့ကြောင့် သူ ဒီနေ့ အခွင့်အရေးရတုန်း စုန့်အန်းကို မထိတထိ ရန်စဖို့ တွေးလိုက်သည်။

“ အမတ်စုန့်က အဲ့မှာ စမှားတော့တာပဲ။ အရှင်မင်းမြတ်က အဲ့လို ပစ္စည်းတွေကို ဘယ်တော့မှ အရေးမစိုက်ဘူး ဆိုတာ မသိဘူးလား။ ”

အိမ်ရှေ့မင်းသားလျို့ချန်ကလည်း အတိုင်အဖောက်ညီညီ ဝင်ပြောသည်။ “ လက်ယာအမတ်ကြီး ပြောတာ မှန်တယ်။ ခမည်းတော်က အားနည်းနေလို့ နာလန်ထူဖို့ လိုအပ်နေတာ ၊ ဒီလို အရေးမပါတဲ့ ကိစ္စတွေကို ဘယ်လိုလုပ် အာရုံစိုက်နိုင်မှာလဲ။ အဲ့ကိစ္စကို မေ့လိုက်ပြီး လူစုခွဲကြရအောင်ပါ။ ”

လျှို့လင်းကတော့ စုန့်အန်းရဲ့ စကားကို ကြားလျှင် မျက်နှာညို့မှိုင်းနေရာမှ ပြန်လည်ကြည်လင်သွားပြီး “ ဘာမှ လောကြီးစရာ မလိုဘူး။ အမတ်စုန့် ငါကိုယ်တော့်ကို ပြမယ် ဆိုတဲ့ ပစ္စည်းကို ယူလာခဲ့ပါ။ ” ဟု ပြောလိုက်သည်။

“ ဟုတ်ကဲ့ပါ အရှင်မင်းမြတ်။ ”

ကျူးကျစ်လင်နှင့် အိမ်ရှေ့မင်းသားက မကျေမချမ်း မျက်လုံးများဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အရှင်မင်းမြတ်ဟာ သူတို့ ပေးတဲ့ အကြံဉာဏ်ကို လူတိုင်းရှေ့မှာ ငြင်းပယ်ပြီး အရှက်ခွဲကာ စုန့်အန်းဘက်က ရပ်တည်ပေးခဲ့သည်။

ခဏအကြာမှာတော့ မိန်းမစိုး တချို့က သုံးဘီးစက်ဘီး တစ်စီးနှင့် ရိုးရိုးစက်ဘီး တစ်စီးကို ဥယျာဉ်တော်ထဲ ယူဆောင်လာခဲ့ကြသည်။

ဒီလို ပစွည်းမျိုးကို တစ်ခါမှ မမြင်ဖူးတဲ့ လူတွေက ထိုပစ္စည်းတွေကို စူးစူးစမ်းစမ်း ကြည့်နေခဲ့သည်။

“ ဒါ ဘာတွေလဲ အမတ်စုန့်။ ”

စုန့်အန်းက “ စက်ဘီးလို့ ခေါ်ပါတယ် အရှင်မင်းမြတ်။ လူအားနဲ့ မောင်းနှင်ရုံနဲ့ သာမန်စစ်မြင်းတစ်ကောင်ကို ကျော်တက်နိုင်တဲ့ အရှိန်နှုန်း ရှိပါတယ်။ ” ဟု ပြောလိုက်သည်။

“ ဒီပစ္စည်းက မြင်းကိုတောင် ကျော်တက်နိုင်တယ်တဲ့လား။ ” ရှုကျန်းက ထိုစကားကို ကြားသည်နှင့် ရယ်မောခဲ့သည်။ “ အမတ်စုန့် … ခင်ဗျား အလိမ်ခံလိုက်ရပြီပဲ။ ပြီးတော့ အဲ့ပစ္စည်း နှစ်မျိုးထဲက တစ်မျိုးမှာ ဘီးက ( ၂ ) ဘီးပဲ ရှိတာ။ ပြေးဖို့ နေနေသောသာ ငြိမ်ငြိမ်တောင် မရပ်နိုင်လောက်ဘူး။ ”

“ အဲ့အချက်ကပဲ စက်ဘီးကို တီထွင်ဉာဏ်ကောင်းတဲ့ ပစ္စည်း ဖြစ်သွားစေတာပါ။ ဘီး ( ၂ ) ဘီးပဲ ရှိပေမဲ့ မလဲကျရုံသာမက ဘီး ( ၃ ) ဘီး ရှိတဲ့ စက်ဘီးထက်တောင် မြန်မြန် ပြေးနိုင်ပါသေးတယ်။ ”

“ ဟားဟားဟား … ” ရှုကျန်းသည် မျက်နှာကြီး နီရဲတက်လာအောင်ပင် ခွက်ထိုးခွက်လန် ရယ်မောခဲ့သည်။ “ ဒါဆိုလည်း တစ်ယောက်ယောက်ကို အခုပဲ စမ်းသပ်ခိုင်းလိုက်ပါ။ ဒီစက်ဘီးကို လူက ဘယ်လို မောင်းမှာလဲ ဆိုတာ ကျုပ် ကြည့်ချင်တယ်။ ”

စုန့်အန်းက အချက်ပြလိုက်တော့ မိန်းမစိုးတစ်ယောက်က စက်ဘီးကို ချက်ချင်း ထုတ်ယူလာကာ ခြေနင်းကို နှစ်ကြိမ် နင်း၍ ဖင်ထိုင်ခုံပေါ်ကို ဖျတ်ခနဲ ခုန်တက်လိုက်သည်။

ဒီနေ့ “ သရုပ်ဖော်ပြသမှု ” အတွက် စုန့်အန်းသည် သူ့ကို လပေါင်းများစွာ လေ့ကျင့်ပေးထားတာမို့ မိန်းမစိုးဟာ စက်ဘီးကို တကယ့်ကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်နေပြီ ဖြစ်သည်။

သူက အကွာအဝေးတိုတိုလေးတွေကို အရှိန်နှင့် မောင်းနိုင်ရုံသာမက လမ်းမပေါ်ကို ရောက်တော့လည်း မြေကြီးပေါ်ကို ခြေထောက် တစ်ဖက်တည်းနှင့် ထောက်၍ စက်ဘီးကို လှပစွာ ရပ်တန့်ပြလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ကြောင်းပြန်လှည့်၍ မောင်းနှင်လာခဲ့သည်။

မိန်းမစိုးရဲ့ အံ့ဖွယ် သရုပ်ဖော်ပြသမှုကို ကြည့်ပြီး ရှုကျန်းရဲ့ မျက်လုံးတွေက အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။ “ တကယ် လဲမကျဘူးလား။ ဒါ ဘယ်လို နိယာမ သဘောတရားမျိုးလဲ။ ”

စုန့်အန်းက တဟားဟား ရယ်မောလိုက်သည်။ “ ဒီစက်ဘီးက လဲမကျရုံတင် မဟုတ်ဘူး။ အရှိန်ပြင်းပြင်းနဲ့လည်း သွားနိုင်တယ်။ စက်ဘီး တစ်စီးကို ဈေးဘယ်လောက်မှလည်း မပေးရဘူး ၊ အများဆုံးမှ ငွေချောင်း ( ၁၂ ) ချောင်းဝန်းကျင်ပဲ။ ပိုအရေးကြီးတာကတော့ ဒီစက်ဘီးတွေကို အစာကျွေးစရာ မလိုဘူး။ ”

ကျန်လူတွေက စုန့်အန်း ပြောချင်တဲ့ သဘောကို ချက်ချင်း နားလည်သွားသည်။ အစာကျွေးစရာ မလိုတာက နှစ်စဉ် အသုံးစရိတ်တွေကို အများကြီး လျှော့ချချွေတာနိုင်ရာရောက်ပါလိမ့်မည်။

“ ဒါပေမဲ့ အဲ့လို ဆိုရင်တောင် ဒါက စစ်မြင်းကိုတော့ အစားထိုးလို့ မရဘူးလေ။ ” ဟု ရှုကျန်းက ပြောလိုက်သည်။ “ လူတစ်ယောက်က ဒါကို စီးရင်းနဲ့ ဘယ်လိုမှ စစ်တိုက်နိုင်မှာ မဟုတ်ဘူး။ ”

“ ကျုပ် ဒါကို စစ်တိုက်တဲ့ နေရာမှာ သုံးသင့်တယ်လို့ မပြောခဲ့ပါဘူး။ ဒါပေမဲ့ တပ်သားတွေ ၊ စားနပ်ရိက္ခာတွေကို ပို့ဆောင်တဲ့ နေရာမှာ သုံးရင် ဘယ်လိုလဲ ဆိုတာ တွေးသင့်တယ်။ ရိုးရိုးစက်ဘီးက အများကြီး မသယ်နိုင်ပေမဲ့ ဘီး ( ၃ ) ဘီး ပါတဲ့ စက်ဘီးတွေကတော့ ကုန်ပစ္စည်း အလေးကြီးတွေကို သယ်နိုင်တယ်။ တစ်စီးကို သုံးရာ ကတ်တီ ၊ လေးရာ ကတ်တီလောက်ထိကို သယ်နိုင်တယ်။ ”

ရှုကျန်းက စုန့်အန်း ပြောတဲ့ စကားကို စိတ်ဝင်တစား နားထောင်နေမိသည်။ ဒါက ပို့ဆောင်ထောက်ပံ့ရေးကို အမှန်တကယ်ပဲ ကူညီပေးပါလိမ့်မည်။ သို့သော်လည်း နောက်ဆုံးမှာတော့ ခေါင်းခါယမ်းရင်း “ မိုးရွာနေရင်တော့ အသုံးမဝင်ဘူးလေ။ ” ဟု ပြန်ပြောလိုက်သည်။

“ ခင်ဗျား ပြောတာ မှန်တယ်။ အဲ့ဒါကလည်း စက်ဘီးတွေရဲ့ အားနည်းချက်ပဲ။ ဒါပေမဲ့ စစ်တပ်အတွက် အသုံးမဝင်ပေမဲ့လည်း ပြည်သူတွေအတွက်တော့ အသုံးဝင်ပါသေးတယ်။ အခုဆို ယီကျိုးခရိုင်က ကုန်သည်တွေ ၊ ဈေးသည်တွေက စက်ဘီးတွေကို သူတို့လုပ်ငန်းအတွက် အသုံးပြုနေကြပြီ။ ”

ကုန်သွယ်ရေးရဲ့ အရေးပါမှုကို လူတိုင်း နားလည်သည်။ ကုန်သည်တွေ တက်ကြွလေ ၊ ငွေစီးဆင်းမှု မြန်ဆန်လေ ၊ အခွန်အတုပ်တွေကို ပိုကောက်ယူနိုင်ပြီး တိုင်းပြည်ကို အားကောင်းအောင် တည်ဆောက်လို့ ရလေပါပဲ။

စုန့်အန်းရဲ့ စကားကို ကြားတော့ လျှို့လင်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။ “ တီထွင်ဉာဏ်ကောင်းတဲ့ ဘယ်ပညာရှင်က ဒီစက်ဘီးတွေကို တီထွင်ဖန်တီးထားတာလဲ။ ”

“ အရှင်မင်းမြတ်ကို လျှောက်တင်ပါတယ်။ ဒီစက်ဘီးတွေကို ယီကျိုးခရိုင် ၊ ပိုင်ချွမ်းစီရင်စု ၊ ဟဲဝမ်ရွာက လီယောင် ဆိုတဲ့ ရွာသူတစ်ယောက် တီထွင်ထားတာပါ။ ”

လီယောင့်နာမည်ကို ကြားတော့မှ လက်ယာအမတ်ကြီးရဲ့ မျက်နှာအမူအရာက မသိမသာ ပြောင်းလဲသွားတဲ့ စုန့်အန်းရဲ့ ပုံမှန် မဟုတ်တဲ့ ဒီနေ့ အမူအရာကို နောက်ဆုံးတော့ နားလည်သွားလေသည်။

ယီကျိုးခရိုင်က ဖြစ်ရပ်တွေ ၊ အထူးသဖြင့် လီယောင်နှင့် ပတ်သက်တဲ့ ဖြစ်ရပ်တွေ အကုန်လုံးကို သူက “ အရှင်မင်းမြတ် နားထောင်ဖို့လောက်ထိ အရေးမပါ ၊ သေးဖွဲလွန်းတယ် ” ဟူသော အကြောင်းပြချက်ဖြင့် ချိုးနှိမ်ထားခဲ့တာ ဖြစ်သည်။

စုန့်အန်းက ဒီနေ့ ထိုကိစ္စကို ဖော်ထုတ်ချင်နေပုံပေါ်သည်။

“ အရပ်သူလို့ မောင်မင်း ပြောလိုက်တာလား။ ”

“ လီယောင့်နာမည်ကို အရှင်မင်းမြတ် မကြားဖူးတာပါလား။ ” ဟု စုန့်အန်း မေးလိုက်တော့ အိမ်ရှေ့မင်းသားက “ အမတ်ကြီးက ဘာကို ဆိုလိုချင်တာလဲ။ အရှင်မင်းမြတ်က ကောင်းကင်အောက်က သက်ရှိသက်မဲ့ အရာရာတိုင်းကို ဂရုစိုက်တယ်။ ဒါပေမဲ့ ရွာသူမတစ်ယောက်ရဲ့ နာမည်ကိုတော့ ဘယ်လိုလုပ် သိမှာလဲ။ ” ဟု ဝင်ပြောလိုက်သည်။

“ မှန်ကန်ကြောင်းပါ။ ကျွန်တော်မျိုး အတွေးလွန်သွားပါတယ်။ အရပ်သူ လီယောင်ရဲ့ စွမ်းဆောင်ချက်တွေအတွက် ဆုချီးမြှင့်ဖို့ ခရိုင်တရားသူကြီးစုန့်ဖန်က စာလွှာတွေ အများကြီး တင်သွင်းထားတယ်လို့ ကျွန်တော်မျိုး ကြားထားလို့ အရှင်မင်းမြတ် အဲ့စာလွှာတွေကို ဖတ်ပြီး သူ့ကို မှတ်မိနေမယ်လို့ ယူဆလိုက်မိတာပါ။ ”

လျှို့လင်း မျက်မှောင်ကြုတ်လိုက်သည်။ “ ဘာစာလွှာလဲ။ ဘာစွမ်းဆောင်ချက်တွေအတွက် ဆုချီးမြှင့်ရမှာလဲ။ ”

“ အဲ့ဒါက … ” စုန့်အန်းက ကျူးကျစ်လင်ကို တစ်ချက် ကြည့်လိုက်သည်။ “ အဲ့ဒါက ကျွန်တော် တာဝန်ယူထားတဲ့ အပိုင်း မဟုတ်လို့ပါ အရှင်မင်းမြတ်။ လက်ယာအမတ်ကြီးကပဲ ရှင်းပြသင့်တယ် ထင်ပါတယ်။ ”

ကျူးကျစ်လင်က ပြဿနာကို သူ့ဆီ တွန်းပို့လိုက်တဲ့ စုန့်အန်းကို စိတ်ထဲကနေ ကျိန်ဆဲလိုက်သော်လည်း ဂရုမစိုက်သလို ဟန်ဆောင်တာက တာဝန်ဝတ္တရားပျက်ကွက်တာပဲဖို့ သူ အမြန် အစီရင်ခံလိုက်သည်။ “ စုန့်ဖန်က စာလွှာ တချို့ ပေးပို့ထားတာ မှန်ပေမဲ့ အဲ့စာလွှာတွေကို အသေးအဖွဲ ကိစ္စတွေလို့ ယူဆတဲ့အတွက် အရှင်မင်းမြတ်ဆီ ယူမလာခဲ့တာပါ။ ဒါပေမဲ့ လီယောင်ကို ဆုချဖို့ ယီကျိုးခရိုင် အုပ်ချုပ်ရေးမှူးကိုတော့ ညွှန်ကြားထားပါတယ်။ ”

…

အခန်း ( ၁၃၂ ) နိမိတ်‌မကောင်းသော ခံစားချက်။

“ ဟဲဟဲ။ ” စုန့်အန်းက တဟဲဟဲ ရယ်လိုက်သည်။ “ လက်ယာအမတ်ကြီးကတော့ တကယ့်ကို လက်ယာအမတ်ကြီးပါပဲ။ အမတ်ကြီးရဲ့ အမြင်က ပြိုင်ဘက်ကင်း‌ပါပေတယ်။ ”

“ ခင်ဗျား ဘာပြောတာလဲ စုန့်အန်း။ ”

“ ကျုပ် ရန်စတာ မဟုတ်ပါဘူး။ လီယောင် ဆိုတဲ့ အရပ်သူက တောင်တန်းတွေပေါ်မှာ ကန်စွန်းဥလို့ ခေါ်တဲ့ သီးနှံ တစ်မျိုးကို ရှာတွေ့ခဲ့တယ်လို့ ကျုပ် ကြားတယ်။ သေချာ စိုက်ပျိုးရိတ်သိမ်းရင် ( ၁ ) မူကို ကျင်း ( ၂၀၀၀ ) တောင် ထွက်တယ်တဲ့။ ”

သူ လျှို့လင်းဘက်ကို လှည့်ပြီး လက်တွေကို မြဲမြဲ ဆုပ်၍ ဦးညွှတ်လိုက်သည်။ “ ကျွန်တော်မျိုးတို့ရဲ့ တာ့လင်းတိုင်းပြည်မှာ မြေကွက် ဘယ်လောက်များများ ရှိပါသလဲ အရှင်မင်းမြတ်။ ( ၁ ) မူကို ကျင်း ( ၂၀၀၀ ) ဆိုတာကို ခဏ ထားလိုက်ဦး ၊ ကျင်း ( ၁၀၀၀ ) ပဲ ရှိရင်တောင် ပြည်သူတွေအတွက် အခုထက် စားနပ်ရိက္ခာ‌တွေ ဆယ်ဆ ပိုများလာလိမ့်မယ်။ အဲ့ဒါဆို ကျွန်တော်မျိုးတို့ရဲ့ တာ့လင်းတိုင်းပြည်က သေချာပေါက် စီးပွားဖြစ်ထွန်းပါလိမ့်မယ်။ စစ်သား တစ်သိန်းကို စားနပ်ရိက္ခာ မထောက်ပံ့နိုင်စရာအကြောင်းလည်း မရှိပါဘူး။ ”

“ ဟုတ်ရဲ့လား စုန့်အန်း။ ” လျှို့လင်းလည်း စိတ်ဝင်စားသွားပြီး မေးလိုက်သည်။ “ အဲ့ဒီကန်စွန်းဥတွေကို ဒီနှစ်ထဲမှာ ရိတ်သိမ်းလို့ ရပြီလား။ ”

“ ဒီနှစ်ထဲမှာတော့ ရိတ်သိမ်းလို့ မရသေးပါဘူး အရှင်မင်းမြတ်။ ကျွန်တော်တို့ ဆောင်းဦးအထိ စောင့်ရပါမယ်။ ”

ကျူးကျစ်လင်က “ အမတ်စုန့်က အခုထိ မအောင်မြင်သေးတဲ့ ကိစ္စကို အမှတ်လာယူနေတယ် ဆိုတော့ နည်းနည်းလေး စိတ်မရှည်နိုင်ဖြစ်နေတာ မဟုတ်ဘူးလား။ ” ဟု ပြောလိုက်သည်။

“ တကယ်လည်း ကျုပ် နည်းနည်းလေး စိတ်မရှည်နိုင် ဖြစ်နေတာပါ။ ဒါပေမဲ့ အဲ့ဒီ လီယောင်က ကန်စွန်းဥတွေအပြင် ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက ရေတွင်းအသစ် တစ်တွင်း တူးပြီး ယီကျိုးခရိုင်က လူတွေကို မိုးခေါင်မှုကို ဖြတ်ကျော်နိုင်အောင် ကူညီပေးခဲ့ပါသေးတယ်။ ”

“ သူက ထွန်တုံးရဲ့ ပုံစံကိုလည်း အဆင့်မြှင့်ပြီး လယ်ထွက်နှုန်းကို အဆပေါင်းများစွာ တိုးမြှင့်အောင် လုပ်ခဲ့ပါတယ်။ ”

“ သူ ထုတ်လုပ်ထားတဲ့ ဆေးဖက်ဝင်လိမ်းဆေး ၊ ဆပ်ပြာ ၊ ဆပ်ပြာမွှေး ၊ အမွှေးရည်နဲ့ ရွှေရောင် အကိုက်အခဲပျောက်ဆေးတွေကို အခု တာ့လင်းတိုင်းပြည်တစ်ဝှမ်းလုံးမှာ ရောင်းချနေပါတယ်။ ”

“ ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းက မရေမတွက်နိုင်တဲ့ ခိုလှုံသူတွေ အများကြီး ပိုင်ချွမ်းခရိုင်ထဲကို ဝင်ရောက်လာပြီး ကပ်ရောဂါ တစ်ခု အကြီးအကျယ် ဖြစ်သွားခဲ့ပါတယ်။ သူမက ဆေးပင်တွေကို အမြော်အမြင်ရှိရှိ ကြိုတင်စုဆောင်းထားပြီး လူတွေကို ဆပ်ပြာနဲ့ လက်ဆေးဖို့ ညွှန်ကြားခဲ့လို့သာ ကပ်ရောဂါက ရက်ပိုင်းအတွင်း ပျောက်ကင်းသွားခဲ့တာပါ။ ”

“ သူမရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့ ပိုင်ချွမ်းခရိုင်တရားသူကြီးမင်းကိုလည်း အလုပ်အကိုင် သက်သာလွယ်ကူအောင် ကူညီပေးခဲ့တဲ့အပြင် ရေလှောင်တမံ အခု ( ၂၀ ) ကျော် နဲ့ ကျောက်လမ်း လီ ( ၁၀၀၀ ) ကျော်ကိုလည်း တည်ဆောက်ခဲ့ပါသေးတယ်။ ”

“ သူမ တီထွင်ထားတဲ့ ဘိလပ်မြေကလည်း မြို့နံရံတွေကို ကျောက်စိုင်ကျောက်သားလို မာ‌ကျောအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ”

“ အရေးအကြီးဆုံးကတော့ သူမက မြင်းစီးတဲ့ ခြေနင်းကွင်းတွေကိုလည်း ပုံစံအသစ် ရေးဆွဲပေးခဲ့ပါတယ်။ ”

စုန့်အန်းက တော်ဝင်တပ်မှူးချုပ်ဘက်ကို လှည့်ပြီး “ တော်ဝင်တပ်မှူးချုပ်က မြင်းစီးတဲ့ ခြေနင်းကွင်းကိုတော့ တော်တော်လေး စိတ်ဝင်စားမယ် ထင်ပါတယ်။ ” ဟု ပြောလိုက်သည်။

“ ခြေနင်းကွင်းတွေကို ဘယ်လို ပုံစံအသစ်ဖြစ်အောင် ပြောင်းလဲလို့ ရလို့လဲ။ ”

“ ကျုပ်က ပညာရှင် မဟုတ်တော့ သေချာ ရှင်းမပြတတ်ဘူး။ တော်ဝင်တပ်မှူးချုပ်ကိုယ်တိုင် ကြည့်ရင်ရော ဘယ်လိုလဲ။ ”

စုန့်အန်းသည် ပြောရင်း လူတစ်ယောက်အား ခြေနင်းကွင်း နှစ်ဖက် ပါတဲ့ ကုန်းနှီးကို တပ်ဆင်ထားသော စစ်မြင်းတစ်ယောက်ကို ယူလာခိုင်းလိုက်၏။

လူတိုင်းက ထိုခြေနင်းကွင်းတွေကို တစ်ချက် ကြည့်ပြီး ခေါင်းခါယမ်းလိုက်ကြသည်။

အိမ်ရှေ့မင်းသားလျှို့ချန်က “ အဲ့ဒါက ဒီတိုင်း ခြေနင်းကွင်း တစ်ဖက် တိုးလာရုံပါပဲ။ ဘယ်လို အသုံးဝင်မှာမို့လို့လဲ။ ဒီတိုင်း ခြေနင်းကွင်း တစ်ဖက်တည်းကနေ တက်လည်း ရတာပဲ။ ခြေနင်းကွင်း နှစ်ဖက်ကနေ တက်လို့ ဘာများ ကွာခြားသွားမှာမို့လို့လဲ။ ” ဟု ပြောလိုက်ပေမဲ့ တော်ဝင်တပ်မှူးချုပ်ရှုရဲ့ မျက်လုံးတွေကတော့ အရောင်တောက်သွားသည်။

မြင်းပေါ်မှာပဲ တစ်ဘဝလုံး အချိန်ကုန်လာခဲ့တဲ့ သူက ဒီခြေနင်းကွင်းတွေကို တစ်ချက် ကြည့်ရုံနှင့် ဘယ်လောက်တောင် အသုံးဝင်လဲ ဆိုတာကို ချက်ချင်း မြင်နိုင်ပါသည်။

“ ကျွန်တော်မျိုး စမ်းသပ်ကြည့်ပါရစေ အရှင်မင်းမြတ်။ ”

“ စိတ်တိုင်းကျ စမ်းသပ်ပါ။ ”

ရှုကျန်းက သူ့ရဲ့ ဝတ်ရုံကို ချွတ်ပြီး စစ်မြင်းဆီ သွားကာ ထိုမြင်းကို စိတ်ငြိမ်သွားအောင် တစ်ချက် နှစ်ချက် ပွတ်သပ်ပေးပြီးမှ မြင်းပေါ်ကို ဖျတ်ခနဲ ခုန်တက်ကာ ခြေနင်းကွင်းတွေပေါ်ကို ခြေထောက် နှစ်ဖက် တင်လိုက်လေသည်။

“ သိပ်ကို ထူးခြားကောင်းမွန်ပါပေတယ်။ ”

ရှုကျန်းသည် စိတ်ပါလက်ပါ ချီးကျူးပြီးနောက် သူ့ဖိနပ်မှာ တပ်ဆင်ထားတဲ့ ဆူးဘီးလေးနှင့် မြင်းဗိုက်ကို ခတ်ပြီး မြင်းကို ကဆုန်ပေါက် ပြေးလွှားစေလိုက်ပြီး မြင်းကျောပေါ်ကနေ စစ်ပွဲဗျူဟာ အမျိုးမျိုးကို သရုပ်ပြလိုက်သည်။

အဲ့လောက်နှင့် မကျေနပ်နိုင်သေးဘဲ ဥယျဉ်ထဲကနေ မြင်းကို စီးနင်းထွက်ခွာလာခဲ့လိုက်ကာ ဓားနှင့် လေးမြှားတွေကို သွားယူပြီး‌ မြေကွက်လပ်ထဲမှာ ဓားရေးအတတ် ၊ မြှားရေးအတတ်တွေကို သရုပ်ဖော်ပြီးမှ ဥယျာဉ်တော်ထဲကို ချွေးတွေ ရွဲနစ်လျက် မောဟိုက်စွာ ပြန်လာခဲ့လိုက်သည်။

“ အရှင်မင်းမြတ်။ ” ရှုကျန်းက စိတ်လှုပ်ရှားစွာ လျှောက်တင်လိုက်သည်။ “ ဒီလီယောင် ဆိုတဲ့ အမျိုးသမီးကို ဆုချဖို့ ထိုက်တန်လှကြောင်းပါ။ သူက တော်ဝင် ဆုတော်လာဘ်တော်တွေ ရဖို့ ထိုက်တန်တဲ့ အမျိုးသမီး တစ်ယောက်ပါ။ ”

“ ဘယ်လို။ ” လျှို့လင်းလည်း အံ့အားသင့်သွားပြီး မေးလိုက်သည်။“ ခြေနင်းကွင်း တစ်ဖက် တိုးထားရုံနဲ့ မောင်မင်းက သူ့ကို အဲ့ဒီလောက် ချီးမွမ်းနေတာလား။ ”

“ အရှင်မင်းမြတ် သတိမထားမိတာပါ။ အရင် ခြေနင်းကွင်းမှာတုန်းက ကျွန်တော်မျိုးတို့က မြင်းပေါ်က ပြုတ်မကျအောင်လို့ မြင်းကုန်းနှီးကို ခြေထောက်တွေနဲ့ တင်းတင်းကျပ်ကျပ် ကုပ်တွယ်ထားရပါတယ်။ ဒါပေမဲ့ ခြေနင်းကွင်း နှစ်ခု ရှိနေတဲ့အတွက် ခြေထောက်မှာ အမှီပြုစရာ ရှိသွားပြီး မြေပြင်ပေါ်မှာလိုပဲ မြင်းရဲ့ ကျောပေါ်မှာ လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်ပါတယ်။ စစ်တပ် တစ်တပ်လုံးသာ ဒီခြေနင်းကွင်းတွေကို အသုံးပြုရင် ကျွန်တော်မျိုးတို့တာလင်းတိုင်းပြည်ရဲ့ စစ်တပ်အင်အားက အနည်းဆုံး နှစ်ဆ တိုးလာမှာပါ။ စစ်သား တစ်ယောက်တည်းနဲ့ ရန်သူ ဆယ်ယောက်ကို ချေမှုန်းနိုင်ပါလိမ့်မယ်။ ”

လူတိုင်းသည် တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်မိကြလေသည်။

ခြေနင်းကွင်းလေး တစ်ဖက် တိုးလာရုံနဲ့ စစ်သားတစ်ယောက်က ဆယ်ဆ အင်အားကြီးသွားနိုင်တယ် ဆိုတာ တကယ်ရော ဟုတ်လို့လား … ။

တခြားသူတွေ အဲ့ဒီလို ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်သော်လည်း မြင်းတွေနှင့်ပဲ ဘဝကို အချိန်ကုန်လာတဲ့ ၊ လက်ရှိမှာ စစ်တပ်တွေ အကုန်လုံးကို အုပ်ချုပ်နေတဲ့ တော်ဝင်တပ်မှူးချုပ် ပြောတဲ့ စကားမို့ ချဲ့ကားပြောဆို‌တာ ဆိုရင်တောင် အလွန်အကျွံ ချဲ့ကားထားတာတော့ မဖြစ်နိုင်ပေ။

ကျူးကျစ်လင်က အခြေအနေ တစ်ရပ်လုံးဟာ သူ့ဘက်မှာ မရှိတာကို နားလည်သွားသောကြောင့် အလိုက်သင့်လေး ဝင်ပြောလိုက်သည်။ “ ဂုဏ်ပြုပါတယ် အရှင်မင်းမြတ်။ ဒီခြေနင်းကွင်းတွေနဲ့ဆို ကျွန်တော်မျိုးတို့ရဲ့ တာ့လင်းတိုင်းပြည်က လူရိုင်းတွေနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ အသာစီးရနိုင်မှာပါ။ ဒီအရပ်သူလီယောင်က ဆုတော်လာဘ်တော်တွေနဲ့ အမှန်တကယ် ထိုက်တန်လှကြောင်းပါ။ ”

လျှို့လင်းကတော့ “ အဲ့လောက် အလျင်မလိုပါနဲ့။ ” ဟူ၍သာ ပြန်ပြောခဲ့သည်။ “ ငါကိုယ်တော် စစ်ဆေးကြည့်ရှုဖို့ လီယောင်ရဲ့ ပိုင်ချွမ်းခရိုင်က စွမ်းဆောင်ချက်တွေ အကုန်လုံးရဲ့ မှတ်တမ်းတွေကို အရင်ဆုံး ယူလာခဲ့ပါ အမတ်ကျူး။ ”

“ မှန်လှပါ အရှင်မင်းမြတ်။ ”

ဒါက လျှို့လင်းဟာ စုန့်အန်းနှင့် စုန့်ဖန်ကို မယုံကြည်လို့ မဟုတ်ဘဲ ဒီကိစ္စက တစ်တိုင်းပြည်လုံးကို သက်ရောက်သွားနိုင်တဲ့ထိ အရေးကြီးလွန်းတာကြောင့် သူ ချင့်ချင့်ချိန်ချိန် စဉ်းစဉ်းစားစား ဆောင်ရွက်ရမှာ ဖြစ်သည်။

လျှို့လင်းသည် မှတ်တမ်းတွေကို ဖတ်ရှုပြီးနောက် အချိန်အတော်ကြာအောင် တစိမ့်စိမ့် တွေးနေခဲ့ပြီး ဝန်ကြီးတွေ အများကြီးကို ဆင့်ခေါ်လိုက်သည်။

“ လီယောင်ရဲ့ စွမ်းဆောင်ချက်တွေ ဆုတော်လာဘ်တော်တွေနဲ့ အမှန်တကယ် ထိုက်တန်ပါတယ်။ ဒါပေမဲ့ ကိုယ်တော်တို့ သေချာ စုံစမ်းစစ်ဆေးသင့်တယ်လို့တော့ ထင်တယ်။ ဒါ့ကြောင့် ဒီလို လုပ်မယ် ၊ ပိုင်ချွမ်းခရိုင်ကို လူတစ်ယောက် လွှတ်ထားပြီး ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန်ကျရင် ကန်စွန်းဥစိုက်ခင်းတွေက တကယ်ပဲ တစ်မူကို ကျင်းတစ်ထောင်ကျော် ထွက်ရဲ့လား ဆိုတာ စစ်ဆေးကြည့်ရမယ်။ တကယ်ပဲ ကျင်းတစ်ထောင်ကျော် ထွက်ရင်တော့ ကိုယ်တော်တို့ သူမကို ဆုချီးမြှင့်မယ်။ ”

“ လျော်ကန်သင့်မြတ်လှကြောင်းပါ အရှင်မင်းမြတ်။ ”

“ ဒါပေမဲ့ ကိုယ်တော်တို့ ဘယ်သူ့ကို လွှတ်ရင် ကောင်းမလဲ ဆိုတာကိုတော့ စဉ်းစားရမယ်။ ဝန်ကြီးတွေမှာရော သင့်တော်တယ်လို့ ထင်တဲ့ တစ်ယောက်ယောက်ကို စိတ်ထဲမှာ တွေးမိလား။ ”

ကျူးကျစ်လင်က “ ဒီကိစ္စက စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်နေတဲ့အတွက် ဘဏ္ဍာရေးငှာနက တစ်ယောက်ယောက်ကို စေလွှတ်သင့်တယ်လို့ ထင်မိကြောင်းပါ အရှင်မင်းမြတ်။ ” ဟု လျှောက်တင်လိုက်သလိုပင် အိမ်ရှေ့စံကလည်း “ သားတော်လည်း အဲ့ဒီလိုပဲ ထင်ပါတယ် ခမည်းတော်။ ” ဟု လျှောက်တင်လိုက်သည်။

စုန့်အန်းကတော့ အနည်းငယ် မျက်မှောင်ကြုတ်သွားရပါသည်။ ဘဏ္ဍာရေးငှာနက လူတွေ အကုန်လုံးက ကျူးကျစ်လင်နှင့် အိမ်ရှေ့စံရဲ့ လူတွေချည်းပဲ ဆိုတာ သူ သိသည်။ ထိုလူတွေကိုသာ လွှတ်လိုက်ရင် အခြေအနေတွေက ရှုပ်ထွေးခက်ခဲသွားလိမ့်မည်။ မနှစ်တုန်းက ယီကျိုးခရိုင်က ကိစ္စတွေ အကုန်လုံးကိုတောင် ကျူးကျစ်လင်က ဖိနှိပ်ထားခဲ့တာ ၊ ဒီတစ်ခေါက်လည်း ဘုရင်မင်းမြတ်ရဲ့ အဝေးမှာ ရှိနေတဲ့အချိန် လီယောင်ရဲ့ စွမ်းဆောင်ချက်တွေကို သူတို့ အလွဲသုံးစားမလုပ်ဘူးလို့ ပြောလို့ မရပါ။

“ ကျွန်တော်မျိုးကတော့ အရေးပါတဲ့ ဝန်ကြီး တစ်ယောက်ယောက်ကို စေလွှတ်သင့်တယ်လို့ ထင်ပါတယ် အရှင်မင်းမြတ်။ ”

လျှို့လင်းက သူ့ကို “ အဲ့လို လုပ်စရာ မလိုဘူး။ စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တာတွေက စိုက်ပျိုးမွေးမြူရေးငှာနရဲ့ တာဝန်ပဲ။ စိုက်ပျိုးမွေးမြူရေးဝန်ကြီးကိုပဲ ကိုယ်တိုင် သွားရောက်စစ်ဆေးခိုင်းလိုက်ပါ။ ” ဟု ပြန်ပြောလိုက်သည်။

စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ဝန်ကြီး ကိုးယောက်ထဲက တစ်ယောက် ဖြစ်ပြီး တိုင်ပြည်ရဲ့ အခွန်အတုပ်တွေ ၊ ဘဏ္ဍာရေးတွေကို တာဝန်ယူထားကာ ရာထူးလည်း မြင့် ၊ အာဏာလည်း ရှိသည်။

သူ့ကို စေလွှတ်တာက အရည်အချင်းမြင့်မားတဲ့ လူတစ်ယောက်ကို စေလွှတ်တာနှင့် အတူတူပဲ ဆိုပေမဲ့ သူဟာ သူတို့ဘက်က ဆိုတာ အပြည့်အဝ ယုံကြည်လို့ ရတဲ့ လူတစ်ယောက်မို့ အိမ်ရှေ့မင်းသားနှင့် လက်ယာအမတ်ကြီးကျူးကျစ်လင်တို့ တိတ်တိတ်လေး ကျိတ်ဝမ်းသာသွားကြသည်။

ဒီတစ်ခေါက်တော့ တော်ဝင်တပ်မှူးချုပ်ရှု ဝင်ပြောလိုက်သည်။ “ ကျွန်တော်မျိုးလည်း အဲ့ဒီကို သွားရောက်စစ်ဆေးချင်ပါတယ် အရှင်မင်းမြတ်။ ”

“ ဒါ ရူးမိုက်တာပဲ။ မောင်မင်းမှာ အဲ့ဒီကို သွားပြီး ဘာလုပ်စရာ ရှိလို့လဲ။ ”

“ နယ်စပ်ဒေသမှာ စစ်ပွဲတွေ မရှိရင် ကျွန်တော်မျိုး သေလောက်အောင် ပျင်းရိငြီးငွေ့ရပါလိမ့်မယ်။ ဒီနှစ်ပိုင်းတွေမှာ ယီကျိုးစီရင်စုက ရောက်လာတဲ့ တပ်သားအသစ်တွေကလည်း အရည်အချင်းမပြည့်မီလို့ ပြဿနာက ဘာလဲ ဆိုတာကို ကျွန်တော်မျိုး သွားကြည့်ချင်ပါတယ်။ ”

လျှို့လင်းက သူ့ကို ငြင်းပယ်ဖို့ ပြင်နေစဉ်မှာပဲ အပျော်လွန်သွားတဲ့ အမတ်ကြီးကျူးကျစ်လင်က သူ့ဘက်က ဝင်ရောက်ထောက်ခံခဲ့သည်။ “ အိမ်နီးချင်းတိုင်းပြည် ဖြစ်တဲ့ နန့်ကျောက်တိုင်းပြည်က လွန်ခဲ့တဲ့ ( ၂ ) နှစ်အတွင်းမှာ ဂဏှာမငြိမ် ဖြစ်လာသလို လက်ဆောင်ပဏ္ဍာတွေ ဆက်သတာလည်း တစ်နှစ်တခြား လျော့နည်းလာပါတယ်။ ယီကျိုးစီရင်စုက သူတို့ကို ထိန်းမထားနိုင်တော့တဲ့ ပုံပါပဲ။ တပ်မှူးချုပ်ရှု ကိုယ်တိုင် သွားရောက်ကြီးကြပ်တာက အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်မယ် ထင်ကြောင်းပါ။ ”

အိမ်ရှေ့စံကလည်း “ သားတော်လည်း အဲ့ဒီလိုပဲ ထင်မြင်မိကြောင်းပါ ခမည်းတော်။ ” ဟု အတိုင်အဖောက်ညီညီ ဝင်ပြောခဲ့သည်။

လျှို့လင်းရဲ့ မျက်လုံးထဲက မကျေမနပ် ခံစားချက်တွေ ပျောက်ကွယ်သွားသည်။ ခဏလောက် စဉ်းစားပြီးတဲ့နောက်မှာတော့ “ ကိုယ်တော် ဒီတောင်းဆိုချက်ကို ခွင့်ပြုပါတယ်။ ” ဟု ပြောလိုက်တော့သည်။

ဘုရင်းမင်းမြတ် ခေါင်းညိတ်တာကို မြင်ချိန်မှာ စုန့်အန်ကတော့ နိမိတ်မကောင်းတဲ့ ခံစားချက် တစ်မျိုးကို ခံစားလိုက်ရလေသည်။

စိုက်ပျိုးမွေးမြူရေးဝန်ကြီးကို လီယောင်ရဲ့ စွမ်းဆောင်ချက်တွေကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်ရခြင်းက ထိုဝန်ကြီးဟာ ပြဿနာရှာပြီး လီယောင့်အစား နာမည်ကောင်းဝင်ယူမလားဟု စုန့်အန်းကို စိုးရိမ်စိတ်ဝင်စေသည်။ အခု တော်ဝင်တပ်မှူးချုပ်လည်း မရှိတော့ပြီမို့ သူလည်း အရမ်းကြီး ရဲရဲတင်းတင်း မလုပ်ရဲတော့ပါ။

All Chapters