← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 12 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 12 Ch. 133-134

အခန်း ( ၁၃၃ ) ဓလေ့ထုံးတမ်းများကို ကျော်လွန်၍။

ယီကျိူးစီရင်စုအထိ တော်ဝင်တပ်မှူးချုပ် ဝေးဝေးလံလံ ထွက်သွားပြီးတဲ့နောက် ဒီမင်းနေပြည်တော်မှာ သူက လွဲလို့ အိမ်ရှေ့မင်းသားနှင့် လက်ယာအမတ်ကြီး ကျူးကျစ်လင်ကို ထိန်းချုပ်နိုင်သူ မရှိတော့ချေ။

သူတို့နှစ်ယောက် ဘယ်လောက်တောင် အကြံကြီးလဲ ဆိုတာကို လူတိုင်း သိသည်။ ဘာကိုမှ အတပ် ပြောမရပါ။ ဒီတစ်ခေါက်တော့ သူတို့ ဘုရင်မင်းမြတ်ကို လုပ်ကြံပြီး ထီးနန်းလုတာမျိုးတောင် လုပ်ရင် လုပ်နိုင်သည်။

ဘုရင်မင်းမြတ် ဘာတွေ တွေးနေလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြပေ။

“ ကဲ ၊ ငါကိုယ်တော်လည်း နည်းနည်းလေး ပင်ပန်းနေပြီ။ မင်းတို့အားလုံး ပြန်ကြတော့။ ”

ဝန်ကြီးတွေ အကုန်လုံး ထွက်ခွာသွားသော်လည်း လျှို့လင်းကတော့ အနားမယူနိုင်သေးပေ။ သူက အသက်အရွယ်တစ်ခု ရနေပြီ ဆိုပေမဲ့လည်း ဘယ်သူက ဘာဆိုတာကို ကောင်းကောင်း နားလည်ပါသေးသည်။ အိမ်ရှေ့မင်းသားဟာ ရုံးတော်ထဲမှာ နှစ် ( ၂၀ ) ကျော်လောက် အချိန်ကုန်ပြီးတဲ့နောက် သူ့မှာ ရှိတဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းတွေလည်း ကုန်ဆုံးသွားလောက်ပါပြီ။

ဒီနှစ်ပိုင်းတွေမှာ သူက နန်းတွင်းထဲမှာ အရေးပါ အရာရောက်တဲ့ ဝန်ကြီးတွေနှင့် ပူးပေါင်းပြီး သူ့နေရာကို လုယူနိုင်ချေရှိတဲ့ အစ်ကိုတော်တွေ ၊ ညီတော်တွေ အကုန်လုံးကို ပြားပြားဝပ်နေအောင် ဖိနှိပ်ထားခဲ့သည်။ လျှို့လင်းကိုတော့ သူက သာ၍ပင် သစ္စာဖောက်ပြီး တရားရုံးတော်ကို တိတ်တဆိတ် ချုပ်ကိုင်ထားခဲ့သည်။

အခြေအနေတွေကို လျှို့လင်း ရိပ်စားမိသွားချိန်မှာတော့ အိမ်ရှေ့မင်းသားက အရှိန်တစ်ခု ရနေခဲ့ပြီမို့ သူ့ဘက်က အိမ်ရှေ့မင်းသားကို နန်းချချင်ရင်တောင် အိမ်ရှေ့မင်းသားဘက်က အမှားကြီးကြီးမားမား မကျူးလွန်ထားသရွေ့ ဘာမှ လုပ်လို့ မရပါ။

သူ စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ထိုသစ္စာဖောက်ဟာ တပ်သား ( ၃၀၀၀ ) ကျော် ရှိတဲ့ ကိုယ်ပိုင်စစ်တပ်ကို လျှို့ဝှက် ထူထောင်ထားပြီး နေပြည်တော်အနီးက လယ်မြေတွေမှာ ဝှက်ထားသည်ဟု ဆိုသည်။ ထိုတပ်သား ( ၃၀၀၀ ) ကျော်ကို အထင်သေးလို့ မရပါ။

မြို့တော်အစောင့်တွေနှင့် နန်းတော်အစောင့်တွေသာ အိမ်ရှေ့မင်းသားဘက်ကို ပါနေရင် သူတို့ဟာ ငှက်ပျောသီးအခွံနွှာစားသလောက်ကို လွယ်လွယ်ကူကူနှင့် နန်းတော်ထဲကို တဟုန်ထိုး ဝင်ရောက်လာပြီး ထီးနန်းလုယူသွားလို့ ရသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင်တော့ ဒီအကြောင်းတွေကို သူ သိနေတာကြောင့် အစာရေစာ ရှားပါးပြတ်လပ်ခြင်းကို အကြောင်းပြပြီး နယ်စပ်စစ်တပ်တွေအား စစ်ပွဲမ,စတင်ခိုင်းတာ ဖြစ်သည်။ အဲ့ဒါမှသာ ဝါရင့် တော်ဝင်တပ်မှူးချုပ်ရှုကို နေပြည်တော်မှာပဲ ရှိနေအောင် ဆွဲထားလို့ ရမှာကိုး။

ဒါပေမဲ့ အဲ့ဒါကလည်း အိမ်ရှေ့မင်းသားရဲ့ ထီးနန်းလုမယ့် အစီအစဉ်ကို ယာယီ နှောင့်နှေးစေရုံသာ ရှိပါသည်။

ဆောင်းဦးရာသီကို ရောက်ရင် အိမ်ရှေ့မင်းသားနှင့် လက်ယာအမတ်ကြီးက နယ်စပ်ဒေသကို စစ်သားတွေ ထပ်စေလွတ်ဖို့ အကြံပြုပြီး တော်ဝင်တပ်မှူးချုပ်ရှုကို နေပြည်တော်က ထွက်သွားအောင် လုပ်လိမ့်မည်။

အဲ့ဒီအချိန်ကို ရောက်ရင် နေပြည်တော်က အိမ်ရှေ့မင်းသားရဲ့ ထိန်းချုပ်‌မှုအောက်ကို လုံးလုံး ကျရောက်သွားတော့မှာပဲ မဟုတ်လား … ။

လျှို့လင်းသည် ကောင်းကင်က ကြယ်တွေကို မော့ငေးကြည့်ရင်း သက်ပြင်းယဲ့ယဲ့ချလိုက်မိလေသည်။

အချိန်နှင့် ဒီရေဟာ လူကို မစောင့်တတ်ပါ။ သူသာ အခုထက် လေး ၊ ငါးနှစ်လောက် အသက်ငယ်ခဲ့ရင် အိမ်ရှေ့မင်းသားလည်း ဒီလောက်ထိ ပြောင်ပြောင်တင်းတင်း အတင့်ရဲနိုင်မှာ မဟုတ်ချေ။

“ ယွင်အာကို ကိုယ်တော့်ဆီ လွှတ်လိုက်ပါ။ ”

“ မှန်လှပါ အရှင်မင်းမြတ်။ ”

သိပ်မကြာလိုက်ဘဲ လျှို့ယွင် ရောက်လာသည်။ သူက လျှို့လင်းရဲ့ အငယ်ဆုံးသား ဖြစ်ပြီး ဒီနှစ်ထဲမှာ ( ၁၆ ) နှစ် ပြည့်ပြီးရုံသာ ရှိသေးသည်။

ကလေးဘဝကတည်းက ထင်ရာစိုင်းတတ်တဲ့ ကလေးတစ်ယောက် ဖြစ်သော်လည်း ပင်ကိုသဘာဝက ကြင်နာတတ်တဲ့ စိတ်ရင်းအခံ ရှိမှန်း သိနေတာမို့ လျှို့လင်း ဒီသားလေးကို အလွန် ချစ်သည်။

သို့သော်လည်း သူ့ရဲ့ အဲ့ဒီချစ်မြတ်နိုးမှုကပဲ အိမ်ရှေ့မင်းသားကို ခြိမ်းခြောက်ခံရသလို ခံစားရစေပြီး လျှို့ယွင်ကို နည်းလမ်းပေါင်းစုံနှင့် လုပ်ကြံဖို့ ကြိုးစားစေခဲ့တာပင်။

ကိုယ့်ကိုယ်ကိုယ် ဘယ်အချိန်ထိ အသက်ဆက်ရှင်နိုင်မလဲ ဆိုတာ လျှို့လင်း မသိပေမဲ့ သူ သေသွားရင် လျှို့ယွင်လည်း သေချာပေါက် အကြာကြီး ဆက်အသက်ရှင်နိုင်မှာ မဟုတ်တာကိုတော့ သိသည်။

“ ခမည်းတော် … ဒီလောက် နောက်ကျနေတော့မှ သားတော်ကို ဘာလို့ ဆင့်ခေါ်တာပါလဲ။ ”

“ မင်း နန်းတော်ထဲမှာ ပျင်းနေမှန်း သိလို့ ခမည်းတော် မင်းကို တစ်နေရာကို သွားခိုင်းပြီး ခမည်းတော်အတွက် ကိစ္စတစ်ခု လုပ်ခိုင်းမလို့။ ”

“ တကယ်လား။ ” သူ လွတ်လွတ်လပ်လပ် အပြင်သွားလို့ ရတော့မည် ဆိုတာရော ၊ ခမည်းတော်ကိုယ်တိုင် ထိုသို့ ခွင့်ပြုပေးတာကိုရော ကြားချိန်မှာ လျှို့ယွင်တစ်ယောက် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ “ ဘယ်နေရာကို သွားရမှာလဲ ခမည်းတော်။ ”

“ ပိုင်ချွမ်းခရိုင် ၊ ယီကျိူးစီရင်စုကို။ ”

…

လျှို့ယွင်သည် နှေးကွေးလွန်းတဲ့ ရထားလုံးထဲမှာ လဝက်လောက် ပျင်းအီနေအောင် စီးနင်းလိုက်ပါပြီးနောက် သူ့အရိုးတွေ ပြုတ်ထွက်တော့မလို ခံစားနေခဲ့ရသည်။

စိုထိုင်းပူလောင်နေတဲ့ ရာသီဥတုနှင့်ပါ ပေါင်းစပ်လိုက်တော့ သူ အခုချက်ချင်း အတောင်ပံပေါက်ပြီး ယီကျိူးစီရင်စုကို ပျံသန်းသွားချင်စိတ်တောင် ဝင်မိလေသည်။

“ အရှင်မင်းသား။ ” ငယ်ရွယ်ချောမောတဲ့ အခြွေအရွံတစ်ယောက်ရဲ့ အသံက ရထားလုံးထဲကို ကာရံထားတဲ့ ခန်းဆီးကို ဖြတ်ကျော်၍ ပျံ့လွင့်လာသည်။ “ ကျွန်တော်တို့ ယီကျိူးစီရင်စု နယ်မြေထဲကို ရောက်လာပါပြီ။ ညလောက်ဆို ယီကျိူးမြို့တော်ကို ရောက်မယ် ထင်တယ်။ ကျွန်တော် လူလွှတ်ပြီး တည်းခိုခန်းမှာလည်း ကြိုတင်စာရင်းသွင်းခိုင်းထားပါတယ်။ ”

“ မလိုဘူး မလိုဘူး မလိုဘူး။ ” လျှို့ယွင်က ခန်းဆီးစကို စိတ်မရှည်စွာ ဆွဲလှန်လိုက်သည်။ “ ငါက ဒီတစ်ခေါက် လျှို့ဝှက်တာဝန်နဲ့ လာတာ။ ယီကျိူးမြို့တော်ကို သွားပြီး ဘာလုပ်ရမှာလဲ။ အုပ်ချုပ်ရေးမှူးဟူ ငါ့ကို မမှတ်မိမှာ စိုးလို့လား။ ”

“ ဒါဆို … ကျွန်တော်တို့ ဘယ်သွားရမှာလဲ။ ”

လျှို့ယွင်က “ မင်း ဘာလို့ ဒီလောက်တောင် တုံးရတာလဲ ပိုင်စုန့်။ ငါတို့ ပိုင်ချွမ်းခရိုင်ကိုပဲ တန်းသွားရမှာပေါ့။ ” ဟု ပြောလိုက်တော့ ပိုင်စုန့်က “ ဟုတ်ကဲ့ပါ သခင်လေး။ ” ဟု ပြန်ပြောသည်။

လျှို့ယွင်သည် ပိုင်စုန့်ရဲ့ ခပ်တုံးတုံး ခပ်ထုံထုံ အမူအရာကို ကြည့်ပြီး သက်ပြင်းတိုးတိုးချလိုက်မိတော့သည်။

ပျင်းစရာကောင်းလိုက်တာ။

သူ အဲ့ဒီလို တွေးနေတုန်းမှာပဲ ရထားလုံးက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

“ ငါတို့ ဘာလို့ ရပ်သွားတာလဲ။ ”

“ အရှေ့မှာ လှည်းတွေ လမ်းပိတ်ထားတယ် သခင်လေး။ ကြည့်ရတာ သူတို့ … လှည်းတွေကို လဲနေတာလား မသိဘူး။ ”

ထိုလှည်းတွေရဲ့ ပုံစံက နည်းနည်းလေး ထူးဆန်းတာကြောင့် သူတို့ လှည်းတွေ လဲနေတာလား ဆိုတာကို ပိုင်စုန့်လည်း မသေချာပါ။

လမ်းပိတ်နေ၍ အကြာကြီး ရှေ့မဆက်နိုင်ခြင်းက လျှို့ယွင်ကို အလွန် စိတ်မရှည် ဖြစ်လာစေခဲ့ပြီး သူက ရထားလုံးပေါ်ကနေ ဆင်းလာကာ အတန်းလိုက် စီတန်းလျက်ရှိနေသော ဘီးသုံးဘီးနှင့် လှည်းတွေဆီကို အကြည့်ရောက်သွားခဲ့သည်။

“ ဒါက ဘီးသုံးဘီးပါတဲ့ လှည်းတွေပဲ။ ငါ ဒီလှည်းတွေကို အရင်တုန်းက မြင်ဖူးတယ်။ ”

ဒါပေမဲ့ သူ မြင်ဖူးတဲ့ ဘီးသုံးဘီးနှင့် လှည်းတွေက ခရီးသည်တင်ဖို့အတွက် အသုံးပြုတဲ့ “ ပိုခေတ်မီသော ” လှည်းပုံစံတွေ ဖြစ်ပြီး သူ့မျက်စိရှေ့က ဘီးသုံးဘီးနှင့် လှည်းတွေလို ကုန်ပစ္စည်းတင်တဲ့ လှည်းအကြီးကြီးတွေ မဟုတ်။

လျှို့ယွင်သည် ကျောက်မီးသွေးတွေကို ဘီးသုံးဘီးနှင့် လှည်းတွေပေါ် တစ်အိတ်ပြီး တစ်အိတ် မရပ်မနား တင်နေတဲ့ အလုပ်သမားတွေကို ကြည့်ပြီး စူးစမ်းချင်စိတ် ပြင်းပြလာခဲ့သည်။

ထို့ကြောင့် လမ်းဘေးမှာ ထိုင်ကာ အနားယူနေတဲ့ အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသားတစ်ယောက်ထံ သွားပြီး မေးကြည့်လိုက်၏။ “ ဒီဘီးသုံးဘီးနဲ့ လှည်းတွေက အဲ့လောက် ကုန်ပစ္စည်းအလေးကြီးတွေကို တကယ်ပဲ သယ်လို့ ရတယ်လား အစ်ကို။ ”

ထိုလူက လီယောင်ရဲ့ ကိုယ်စားလှယ်ကုန်သည် ကျားကျန်းလျန့် ဖြစ်ကာ သူက ကုန်ပစ္စည်းတွေ လာသိမ်းပြီး လီယောင်အတွက် ကျောက်မီးသွေးလှည်းတွေ ဒါဇင်ပေါင်းများစွာ ပို့ပေးဖို့ ဒီကို ရောက်နေတာ ဖြစ်ပါသည်။

တောက်တောက်ပပ ဝတ်ဆင်ထားပြီး အတော်လေး ငယ်ရွယ်သေးတဲ့ တစ်ဖက်လူကို ကြည့်ကာ လူချမ်းသာ သခင်လေးတစ်ယောက်မှန်း အတွေ့အကြုံအရ သူ တန်းသိလိုက်သည်။ ဒီလို လူတစ်ယောက်နှင့် မိတ်ဆွေဖွဲ့ထားတာ သူ့အတွက် အရှုံးမရှိပါ။

“ ဒီလောက်က ဘာမှ မပြောပလောက်ဘူး ငါ့ညီ။ ဒီ့ထက် အများကြီးတောင် သယ်နိုင်သေးတယ်။ ”

“ ကုန်ပစ္စည်းအလေးကြီးတွေကို တင်ပြီးရင်ရော လူတစ်ယောက်တည်းနဲ့ ဆွဲလို့ ရလား။ ”

“ ရတာပေါ့။ ဒီဘီးသုံးဘီး လှည်းတွေက တကယ့်ကို ရတနာ တစ်ပါးပဲ။ ကုန်ပစ္စည်းတွေ အများကြီးကို လူတစ်ယောက်တည်းနဲ့ နွားလှည်းလိုမျိုး ဆွဲနိုင်တယ်။ အဲ့ဒါကြောင့် မြို့က ထွက်လာတဲ့ ကုန်သည်တိုင်းက ယီကျိူးစီရင်စု နယ်မြေကို ရောက်တာနဲ့ ဘီးသုံးဘီး လှည်းတွေကို ပြောင်းပြီး အသုံးပြုကြတယ်။ ”

“ ဘာလို့ အဲ့လို လုပ်တာလဲ။ ”

“ ပိုက်ဆံကုန်သက်သာလို့ပေါ့။ နွားတစ်ကောင်က တစ်နေ့ကို မြက် ဘယ်လောက် စားတယ်လို့ ထင်လဲ။ ဘီးသုံးဘီး လှည်းတွေကို ပြောင်းပြီး အသုံးပြုတာက နွားစာဖိုး သက်သာစေတယ်လေ။ ”

“ တောင်တွေ ဘာတွေ တက်ရင်ရော ဘယ်လို လုပ်လဲ။ ”

“ လူ နှစ်ယောက် ၊ သုံးယောက်လောက် အတူတူ ဝိုင်းတွန်းလိုက်ရင် ရပါတယ်။ ဒီနေရာကို ကျော်သွားတာနဲ့ ယီကျိူးက မြေပြန့် ဖြစ်သွားပြီ။ မြေပြင်အနေအထားက ပြန့်ပြူးလွန်းလို့ အရှိန်နှုန်းမြန်မြန်နဲ့တောင် သွားလို့ ရတယ်။ ”

လျှို့ယွင်သည် ဘီသုံးဘီး လှည်းတွေကို ယီကျိူးစီရင်စုမှာ ဒီလောက်တောင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့၍ တအံ့အဩ စုပ်သတ်လိုက်မိသည်။ ဒီလှည်းကို အမှန်တကယ်ပဲ လီယောင် ဆိုတဲ့ အမျိုးသမီးက တီထွင်ထားတာ ဆိုရင် တကယ့်ကို လူထုအကျိုးပြုတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်သည်။

“ အစ်ကိုက ဘယ်ကို သွားမှာလဲ။ ”

“ ပိုင်ချွမ်းခရိုင် ၊ ဟဲဝမ်ရွာကို သွားမှာ။ ”

လျှို့ယွင်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ “ တိုက်ဆိုင်လိုက်တာဗျာ။ ကျွန်တော်လည်း ပိုင်ချွမ်းခရိုင်ကိုပဲ သွားမလို့။ ကျွန်တော်လည်း အစ်ကိုတို့နဲ့အတူတူ သွားလို့ ရမလား။ ”

“ ငါ့ညီလည်း ပိုင်ချွမ်းခရိုင်ကို သွားမလို့လား။ ဘာစီးပွားရေးလုပ်မလို့လဲ။ ”

“ ဆပ်ပြာနဲ့ ကြေး(ဂျီး)ချွတ်ဆေးတွေ ဝယ်ပြီး နယ်စပ်ဒေသတွေမှာ ပြန်ရောင်းမလို့ပါ။ ”

နယ်စပ်ဒေသတဲ့လား … ။ ‘ အဲ့ဒါက သူ့နယ်မြေနဲ့တော့ လာငြိမှာ မဟုတိဘူး ’ ဟု ကျားကျန်းလျန့် တွေးလိုက်မိသည်။ သူက မြောက်ပိုင်းကို ကိုယ်စားလှယ်ယူထားတာ ဖြစ်ပြီး နယ်စပ်ဒေသကလည်း‌ မြောက်ပိုင်းမှာပဲ ရှိတာ ဆိုပေမဲ့ တရားဥပဒေ မစိုးမိုးတဲ့ ထိုဒေသတွေကို သူကိုယ်တိုင်တောင် မသွားရဲပါ။ အဆက်အသွယ်နှင့် အားကောင်းတဲ့ ကျောထောက်နောက်ခံ မရှိရင် လူတစ်ယောက်က ထိုဒေသမှာ အလွယ်တကူ အသက်ပျောက်သွားနိုင်သည်။

ဖောက်သည်ကြီးတစ်ယောက်ကို အမျိုးသမီးလီထံ ခေါ်ဆောင်သွားနိုင်မှာကတော့ ဝမ်းသာစရာကောင်းပါသည်။ သူမ သေချာပေါက် ပျော်ရွှင်သွားလိမ့်မည်။

“ ဒါဆို ငါ့ညီ လူမှန်နဲ့ တွေ့တာပဲ။ အစ်ကိုလည်း ဟဲဝမ်ရွာကို သွားပြီး ကုန်ပစ္စည်းတွေ ယူမလို့။ ”

သူတို့နှစ်ယောက်သည် လမ်းဘေးရှိ သစ်ပင်ရိပ်အောက်မှာ အတူ ထိုင်ပြီး ပျော်ရွှင်စွာ စကားပြောနေခဲ့ကြသည်။ ခဏကြာတော့ လျှို့ယွင်ကလည်း သူ ဝယ်ယူလာတဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်ဖို့ ကျားကျန်းလျန့်ရဲ့ အကြံပေးမှုအတိုင်း ဘီးသုံးဘီး လှည်းတွေကို ငှားရမ်းလိုက်တော့သည်။

သူတို့နှစ်ယောက် အတူတကွ ပူးပေါင်းကာ ပိုင်ချွမ်းခရိုင်ကို လျင်မြန်စွာ ထွက်ခွာလာခဲ့ကြသည်။

ကျားကျန်းလျန့် ပြောသလိုပဲ မြေပြင်အနေအထားကလည်း ခဏအကြာမှာ ပြန့်ပြူးသွား၏။ ဘီးသုံးဘီး လှည်းတွေကို မောင်းနှင်နေတဲ့ လူတွေက လှည်း တစ်ခုချင်းစီပေါ်မှာ ( ၁၀၀၀ ) ကတ်တီနီးပါးရှိတဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်ထားတာတောင် သက်သောင့်သက်သာ မောင်းနှင်နိုင်ခဲ့ကြသည်။

…

အခန်း ( ၁၃၄ ) ကမ္ဘာကြီးအကြောင်း မသိသူ။

ထို့ပြင် အရှိန်နှုန်းကလည်း နွားလှည်းထက် အဆပေါင်းများစွာ ပိုမြန်ကာ လူနှစ်ယောက် စီးနေတာတောင် အမြန်နှုန်းကို ထိန်းထားနိုင်သည်။ မတ်စောက်တဲ့ ကုန်းတက်တွေနှင့် တွေ့လျှင်လည်း လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကူညီပေးလေရာ နွားလှည်းထက်တောင် အများကြီး ပိုပြီး ခရီးတွင် ၊ အသုံးတည့်ခဲ့သည်။

လျှို့ယွင်က “ ကျွန်တော်က အစတုန်းက ယီကျိူးစီရင်စုက ဝေးလံခေါင်ဖျားတဲ့ ဒေသမှာ ရှိနေတာ ဆိုတော့ အရမ်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလိမ့်မယ်လို့ ထင်ထားတာ။ အံ့ဩစရာ ကိစ္စတွေကို မြင်ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ” ဟု ပြောလိုက်တော့ ကျားကျန်းလျန့်က တဟားဟား အော်ရယ်သည်။

“ ဒါက ဘာမှ မဟုတ်သေးဘူး ငါ့ညီ။ အစ်ကိုတို့ မနက်ဖြန် ပိုင်ချွမ်းခရိုင်ကို ရောက်ရင် အံ့ဩဘနန်း ဖြစ်ရတယ် ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတာ ငါ့ညီ နားလည်သွားလိမ့်မယ်။ ”

လျှို့ယွင် ရယ်မောလိုက်မိသည်။ သူက မင်းသားတစ်ပါးလေ ၊ သူ မမြင်ဖူးတဲ့ ပစ္စည်းရယ်လို့ ရှိနိုင်ပါ့ဦးမလား … ။

သို့သော် သူတို့ နောက်တစ်နေ့မှာ ပိုင်ချွမ်းဈေးကို ရောက်သောအခါ အမှန်တကယ်ပဲ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရလေသည်။

လမ်းတွေ ၊ အိမ်တွေက အလွန် အိုဟောင်းပြီး ခေတ်နောက်ကျနေပေမဲ့ ထိုလမ်းတွေပေါ်က အောင်မြင်မှုကတော့ သူ့စိတ်ကူးနိုင်စွမ်းထက်တောင် ကျော်လွန်နေ၏။

“ အသားနှပ်ဟင်းတွေကို တစ်ပွဲကို ( ၁၅ ) ဝမ်နဲ့ ရောင်းတာတဲ့လား။ ”

လျှို့ယွင် ပထမဆုံး ခံစားမိတာက ဘုရင့်စားဖိုဆောင်ထဲက လက်ရာတွေထက်တောင် အဆပေါင်းများစွာ ပိုမွှေးပျံ့လွန်းတဲ့ အသားနှပ်ဟင်းတွေရဲ့ မွှေးရနံ့ပဲ ဖြစ်သည်။

လမ်းတစ်လျှောက် နေရာအနှံ့မှာလည်း ဆိုင်ခန်းတွေ ရှိနေပြီး သူ မြင်ဖူးသမျှ ကုန်ပစ္စည်းတွေ အကုန်လုံး ရှိပုံပေါ်သည်။

ဒါပေမဲ့ ဒါက ဝေးလံခေါင်ဖျားတဲ့ တောင်တန်းဒေသက မြိုလေး တစ်မြို့လေ … ။

သူ့ကို အံ့အားအသင့်စေဆုံးကတော့ ဘီးနှစ်ဘီး စက်ဘီးတွေ ၊ ဘီးသုံးဘီး‌ စက်ဘီးတွေ ပြည့်နှက်နေတဲ့ လမ်းတွေပါပဲ။

လူတချို့က ဘီးနှစ်ဘီး စက်ဘီးတွေကို သွက်လက်မြန်ဆန်စွာ မောင်းနှင်နေပြီး လူတချို့ကတော့ ဘီးသုံးဘီး စက်ဘီးတွေကို လွတ်လပ်ပေါ့ပါးစွာ မောင်းနှင်ကာ ကုန်ပစ္စည်းတွေကို ဝယ်ယူနေကြသည်။ တချို့ ဆိုလျှင် စက်ဘီးပေါ်မှာ ရောင်းချစရာ ကုန်ပစ္စည်း မျိုးစုံကိုတောင် တင်ဆောင်ထားခဲ့ကြသည်။

လှပစွာ အလှဆင်ထားတဲ့ ဘီးသုံးဘီး စက်ဘီးတွေကို မောင်းနှင်ပြီး သူတို့ဆီကို ရောက်လာကာ “ သခင်လေး ဘယ်သွားမလို့လဲ။ သခင်လေး ကားငှားချင်လား။ အရမ်းကို မြန်တယ်နော် ၊ ဈေးလည်း အရမ်း သက်သာတယ်။ ” လို့ လာပြောတဲ့ လူတွေတောင် ရှိသည်။

ဒါ … ဒါကလည်း ဖြစ်နိုင်လို့လား။

လျှို့ယွင်တစ်ယောက် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားမိသည်။

သူက ကိုယ့်ကိုယ်ကိုယ် အတွေ့အကြုံရှိလှပြီလို့ သတ်မှတ်ထားပြီး ပိုင်ချွမ်းခရိုင်လို မြို့သေးသေးလေးမှာ ဘာမှ စိတ်ဝင်စားစရာရှိမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့သူ ဖြစ်သည်။

လတ်စသတ်တော့ သူကမှ ဇနပုဒ်က နလပိန်းတုံး ဖြစ်နေတာပဲ … ။

ကျားကျန်းလျန့်က ကမ္ဘာကြီးကို တစ်ခါမှ မမြင်ဖူးသူလို ဖြစ်နေတဲ့ လျှို့ယွင်ကို ကြည့်ကာ ဟဲမိသားစုစားသောက်ဆိုင် အပေါ်ထပ်သို့ တက်တက်ကြွကြွ ခေါ်လာခဲ့လိုက်သည်။

“ သူဌေးကျား ရောက်လာတာပဲ။ ကျေးဇူးပြုပြီး အပေါ်ထပ်ကို သွားပြီး ထိုင်ပါနော်။ ”

ကျားကျန်းလျန့်က ဟဲမိသားစုစားသောက်ဆိုင်ရဲ့ ပင်တိုင် စားသုံးသူတစ်ဦး ဖြစ်ပြီး သူ ပိုင်ချွမ်းခရိုင်ကို အလုပ်ကိစ္စနှင့် ရောက်လာတိုင်း အပေါ်ထပ်မှာ စား‌ဖို့ ရွေးချယ်လေ့ရှိသည်။

ပြောရရင် ဟဲဝမ်ရွာက အမျိုးသမီးလီရဲ့ ဘဲသားနှပ်ဟင်းလျာစစ်စစ်ကို ဒီတစ်နေရာမှာပဲ စားလို့ ရသည်လေ။ တုပထားတဲ့ ဘဲသားနှပ်ဟင်းလျာတွေက ဘယ်လောက်ပဲ ကောင်းကောင်း ချက်ပြုတ်ထားပါစေ ၊ အမျိုးသမီးလီရဲ့ ဘဲသားနှပ်ကိုတော့ မမီပါ။

လျှို့ယွမ်ကတော့ ဘဲသားနှပ်ဟင်းလျာကို အခုမှ ပထမဆုံးအကြိမ် စားဖူးတာ ဖြစ်ပြီး သူ့ကိုယ်သူ ထိန်းချုပ်နေတဲ့ကြားက အငမ်းမရ စားမိသွား၏။

“ နေပြည်တော်မှာတောင် ဒီလောက် အရသာရှိတဲ့ ဘဲသားနှပ်ကို ကျွန်တော် မစားဖူးဘူး။ ”

“ နေပြည်တော်မှာ .. ဟုတ်လား။ ” ကျားကျန်းလျန့်က တဟားဟား ရယ်မောလိုက်သည်။ “ ကျုပ်လည်း နေပြည်တော်ကပါပဲ။ ဒါပေမဲ့ အစားအသောက်နဲ့ ပတ်သက်ရင် ဘယ်မိသားစုကမှ ဒီပိုင်ချွမ်းဈေးကို မယှဉ်နိုင်ဘူး ငါ့ညီရ။ ”

“ အဲ့ဒါကတော့ ချဲ့ကားပြောရာမကျဘူးလား အစ်ကိုလျှို့။ ”

“ လိုတောင် လိုသေးတာ။ ငါ မင်းကို အရိုးရှင်းဆုံး ဥပမာပေးမယ်။ မင်း ဟော့ပေါ့ စားဖူးလား။ ”

လျှို့ယွမ် အံ့အားသင့်သွားရသည်။ “ ဟော့ပေါ့ ဆိုတာ ဘာလဲ။ ”

“ ဟားဟား … မြင်လား။ မင်း နာမည်တောင် မသိဘူး။ ” ကျားကျန်းလျန့်က တဟားဟား ရယ်မောနေခဲ့သည်။ “ ဟော့ပေါ့ ဆိုတာ အမျိုးသမီးလီ တီထွင်ထားတဲ့ ဟင်းလျာတစ်မျိုးပဲ။ ငါလည်း ကံကောင်းထောက်မစွာနဲ့ ဟော့ပေါ့ကို တစ်ကြိမ် စားဖူးတယ် ၊ ဒါပေမဲ့ အဲ့အရသာကို ငါ့ဘဝမှာ တစ်သက်လုံး မေ့တော့မှာ မဟုတ်ဘူး။ ဟော့ပေါ့တင် မဟုတ်ပါဘူးလေ ၊ အမျိုးသမီးလီ ချက်ပြုတ်သမျှ ဟင်းလျာတိုင်းက နေပြည်တော်က စားဖိုမှူးတွေကို အပြတ်အသတ် အနိုင်ယူနိုင်တယ်။ ”

ထမင်းစားပြီးသွားတော့ လျှို့ယွမ်က ဘီးသုံးဘီး စက်ဘီးမောင်းသူတစ်ယောက်ကို ငှားလိုက်သည်။ သူလည်း ဒီစက်ဘီးကို စမ်းသပ် စီးဖူးချင်သည်။

“ ဟဲဝမ်ရွာကို သွားမယ်။ ”

“ ဟုတ်ကဲ့။ ” စက်ဘီးမောင်းသူက လက်ဖြင့် ကိုင်တွယ် အသုံးပြုရသော ဘရိတ်ကို လွှတ်လိုက်သည်။ “ ကျေးဇူးပြုပြီး ခါးပတ် ပတ်ထားပေးပါ သခင်လေး။ ”

ခါးပတ်တဲ့လား … အဲ့ဒါက ဘာကြီးလဲ … ။

လျှို့ယွမ်သည် စက်ဘီးမောင်းသူရဲ့ အကူအညီဖြင့် ဝါဂွမ်းနှင့် ချုပ်ထားတဲ့ ခါးပတ်ကို သူ့ခန္ဓာကိုယ်မှာ ကန့်လန့်ဖြတ် ပတ်ချည်လိုက်ရပြီး သူ့ကိုယ်သူ ဇနပုဒ်က တောသားတစ်ယောက်လို ထပ်မံ ခံစားလိုက်ရလေသည်။

တင် တင် တင် –

“ ခရီးသည် အဆင်သင့် ဖြစ်ပြီ။ သွားကြမယ်။ ”

စက်ဘီးမောင်းသူသည် အားစိုက်၍ တစ်ချက် တွန်းလိုက်သည်နှင့် ဘီးသုံးဘီး စက်ဘီးက လမ်းပေါ်ကို ချက်ချင်းပဲ ပြေးတက်သွားခဲ့သည်။

သူတို့ မြို့ဂိတ်ပေါက်ကနေ ထွက်လာခဲ့ချိန်မှာ လျှို့ယွမ်သည် မညီညာသော လမ်းတွေကြောင့် ဒယိမ်းဒယိုင် ဖြစ်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ပေမဲ့ မြို့ပြင်ဘက်က လမ်းတွေကို ကျောက်စရစ်တွေနှင့် ခင်းထားပြီး အလွန် ချောမွေ့ညီညာနေကြောင်း တွေ့လိုက်ရလေသည်။

ဘီးသုံးဘီး စက်ဘီးဟာ ထိုလမ်းပေါ်မှာ နည်းနည်းလေးတောင် ဒယိမ်းဒယိုင် မဖြစ်ဘဲ မောင်းနှင်သွားခဲ့သည်။

ဒီလမ်းက … နေပြည်တော်အပြင်က လမ်းတွေထက်တောင် ပိုချောမွေ့ ၊ ပိုကောင်းနေသေးရဲ့။ ပြီးတော့ တစ်ချိန်တည်းမှာ ရထားလုံး ( ၄ ) လုံး ဘေးချင်း ယှဉ်သွားနိုင်လောက်အောင် ကျယ်ပြန့်သော လမ်း ဖြစ်သည်။

ဝေးလံခေါင်ဖျားတဲ့ တောင်တန်းဒေသက ရွာလေးတစ်ရွာဆီ သွားတဲ့ လမ်းက ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ … ။

“ အစ်ကိုကျား … ဒီလမ်းကို ဘာလို့ ဒီလောက် အကျယ်ကြီး ဆောက်ထားတာလဲ။ ”

“ ငါ့ညီက ဒါတောင် မသိဘူးပဲ။ ဒီလမ်းကို မနှစ်တုန်းက အမျိုးသမီးလီနဲ့ ခရိုင်တရားသူကြီးစုန့်က ကပ်ရောဂါလျော့ကျစေရေးနဲ့ ဒုက္ခသည်တွေအတွက် အလုပ်အကိုင်ရှာပေးတဲ့ သဘောနဲ့ ဆောက်လုပ်ထားတာလေ။ ရွာတိုင်းမှာလည်း ဒီလို လမ်းတွေ ရှိတယ်။ ”

“ ရွာတိုင်းမှာ ….. ”

“ အဲ့ဒါနဲ့ ပတ်သက်လို့ ဘာမှ အံ့ဩစရာ မရှိဘူး။ အမျိုးသမီးလီ ပြောတာတော့ ဒီလမ်းက အကြမ်းအဆင့်ပဲ ရှိသေးတာတဲ့။ အနာဂတ်မှာ ဘိလပ်မြေတွေကို အများကြီး ထုတ်လုပ်နိုင်လာရင် စကျင်ကျောက်နဲ့ ဆောက်ထားတဲ့ လမ်းတွေထက်တောင် ပိုချောမွေ့တဲ့ ကွန်ကရစ်လမ်းတွေ ပြင်ဆောက်လို့ ရတယ်။ ကွန်ကရစ်လမ်းတွေက နှစ်ရာချီတဲ့အထိ အပျက်အစီးမရှိဘူးတဲ့။ ”

လျှို့ယွမ် : …...

နှစ်ရာချီတဲ့အထိ ဖျက်ဆီးလို့ မရတဲ့ လမ်းတဲ့လား။ အဲ့ဒီ အမျိုးသမီးလီက မသေမျိုးလား … ။

ဒီပိုင်ချွမ်းခရိုင်နှင့် ဟဲဝမ်ရွာက သူ နေထိုင်နေတဲ့ ကမ္ဘာနှင့် မတူညီဘူး ဆိုတဲ့ ခံစားချက်ကို လျှို့ယွမ် ရုတ်တရက် ခံစားလိုက်ရသည်။ ဒီနေရာက ကမ္ဘာမြေအလွန်က ကောင်းကင်ဘုံနှင့် ပိုတူသည်။

အဓိပ္ပာယ်မရှိလိုက်တာ –

သူ ဘာတွေ တွေးနေမိတာလဲ။ ဒီကမ္ဘာမှာ မသေမျိုး ဆိုတာ ဘယ်လိုလုပ် အမှန်တကယ် ရှိနိုင်မှာလဲ။

…

ဒီနေ့က ဟဲဝမ်ရွာအတွက် အရေးကြီးတဲ့ နေ့တစ်နေ့ ဖြစ်တာကြောင့် ရွာသူ ၊ ရွာသားတွေ အကုန်လုံးက ရွာဝင်ပေါက်မှာ စုဝေးပြီး ရွာလူကြီးဝမ်ကျားဖူ ပြောတဲ့ စကားကို နားထောင်နေခဲ့ကြသည်။

“ ခင်ဗျားတို့အားလုံးလည်း သတင်းကြားပြီးပြီလို့ ကျုပ် ထင်ပါတယ်။ ” ဝမ်ကျားဖူက သံရှည်ဆွဲ၍ ပြောလိုက်သည်။ “ အမျိုးသမီးလီက ရွာဝင်ပေါက်က မြေကွင်လပ်မှာ ဟိုတယ်ကြီးတစ်ခု ဆောက်ချင်တယ်လို့ ပြောတယ်။ ”

“ ဟိုတယ်ကြီး ဆိုတာ ဘာလဲ ရွာလူကြီးဝမ်။ ”

“ မင်းကလည်း ဒါတောင် မသိဘူးလား။ ” ဟု ရွာသားတစ်ယောက်က ပြောလိုက်သည်။ “ ဟိုတယ် ဆိုတာ ဝိုင်ရောင်းတဲ့ စတိုးဆိုင်ကို ခေါ်တာ ၊ အဲ့တော့ ဟိုတယ်ကြီး ဆိုတာက ဝိုင်ရောင်းတဲ့ စတိုးဆိုင်ကြီး တစ်ဆိုင်ပဲ ဖြစ်လိမ့်မယ်။ ”

“ အမျိုးသမီးလီက ဝိုင်ချက်မလို့လား ရွာလူကြီးဝမ်။ ”

ဝမ်ကျားဖူသည် ကိုယ့်နဖူးကိုယ် ပိတ်ရိုက်လိုက်မိ၏။ “ ငါက မင်းတို့ကို စာကြိုးစားပါလို့ ပြောနေပေမဲ့ မင်းတို့ကတော့ အပျင်းကြီးဖို့ပဲ သိတယ်။ နားထောင်ကြ ၊ ဟိုတယ် ဆိုတာ ဝိုင်းရောင်းတဲ့ နေရာ မဟုတ်ဘူး။ အဆင့်မြင့် အထက်တန်းစား တည်းခိုခန်း တစ်မျိုးပဲ။ ”

“ တည်းခိုခန်း .. ဟုတ်လား။ ကျွန်တော်တို့ရွာကို လာတဲ့ ခရီးသွားမှ သိပ်မရှိတာ ၊ တည်းခိုခန်းဆောက်လို့ ဘာအသုံးဝင်မှာလဲ။ ”

“ အခုလောလောဆယ်မှာ ခရီးသွားတွေ သိပ်မလာသေးပေမဲ့ အနာဂတ်မှာတော့ အများကြီး ရှိလာနိုင်တယ်လေ။ ”

ဒါကို ဝမ်ကျားဖူ လေးနက်စွာ ယုံကြည်သည်။ အမျိုးသမီးလီက ဟဲဝမ်ရွာအား ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲရန်အတွက် အလုပ်ရုံကြီးတွေကို ဆောက်ဖို့ ပြင်ဆင်နေပါပြီ။ ခရီးသွားတွေကို ဘယ်လို ဝန်ဆောင်မှုပေးမှာလဲ ဆိုရင်တော့ သူ နားလည်သလောက်ကတော့ လူချမ်းသာတွေကို ဒီကို လာခိုင်းပြီး ပျော်ပျော်ပါးပါး နေနိုင်အောင် စီစဉ်ပေးမှာပါ။

“ လောလောတယ် ဒီအကြောင်း မပြောသေးပါနဲ့ဦး။ အခု အဓိကကျတာက ဒီဟိုတယ်က တစ်ဦးတည်းရဲ့ ပိုင်ဆိုင်မှု မဟုတ်ဘဲ အများပိုင် ဖြစ်မယ် ဆိုတာပဲ။ ”

“ အများပိုင် ဆိုတာ ဘာကို ပြောတာလဲ။ ”

“ အများပိုင် ဆိုတာ ဒီဟိုတယ်ကို အမျိုးသမီးလီရဲ့ မိသားစုကလည်း မပိုင်ဘူး ၊ ကျုပ်ရဲ့ မိသားစုကလည်း မပိုင်ဘူး။ ဘယ်မိသားစု တစ်ခုခုကမှလည်း မပိုင်ဘူး။ ဟဲဝမ်ရွာရဲ့ ရွာသူ ၊ ရွာသားတွေ အားလုံး ပိုင်တယ် ဆိုတဲ့ သဘောပဲ။ နောက်ပိုင်းမှာ ဟိုတယ်ကို စီမံခန့်ခွဲဖို့အတွက် ကျွမ်းကျင်သူတွေကို ငှားရမ်းပြီး စာရင်းကိုင်တွေကို အထူး လေ့ကျင့်သင်ကြညးပေးမယ်။ လစဉ် ရရှိတဲ့ အကျိုးအမြတ်တွေကို ရင်းနှီးငွေအလိုက် ခွဲဝေပေးသွားမယ်။ ”

“ ကျွန်တော်တို့ဘက်က ပိုက်ဆံပေးရဦးမှာလား။ ”

“ ငါတို့က ဘာအတွက် ပိုက်ဆံလိုမှာလဲ။ ” ဝမ်ကျားဖူက အပြုံးတစ်ခုဖြင့် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ * ငါတို့ရွာမှာ ပိုက်ဆံရှိပါသေးတယ်။ အိမ်ကြီးရခိုင်တွေ စီတန်းပြီး ဆောက်မယ် ဆိုရင်တောင် သုံး ၊ လေးတန်းလောက်တော့ ဆောက်နိုင်တယ်။ ”

ရွာသားတစ်‌ယောက်က “ ကျွန်တော်ကတော့ ပိုက်ဆံ တစ်ပြားမှ မပေးရရင် စိတ်ဖြောင့်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ နည်းနည်းစီ ပေးရင် မကောင်းဘူးလား။ အဲ့ဒါမှ အနာဂတ်မှာ အမြတ်အစွန်းတွေကို ခွဲဝေပေးရင် ကျွန်တော်တို့လည်း ယုံကြည်ချက်ရှိရှိ ယူရဲမှာလေ။ ” ဟု ရယ်ရယ်မောမော ထပြောခဲ့သည်။

ထိုအကြံပြုချက်က လူတိုင်းက ချက်ချင်းပဲ ထောက်ခံခဲ့ကြပြီး ပိုက်ဆံပေးမယ် ဆိုတဲ့ စကားသံတွေ ဆူညံသွားခဲ့လေသည်။

ရွာလူကြီးဝမ်က ရွာမှာ ပိုက်ဆံ လုံလုံလောက်လောက် ရှိပါတယ်လို့ ထပ်တလဲလဲ ပြောနေတာတောင် လူတိုင်းက သိပ်မကျေနပ်ကြတာမို့ နောက်ဆုံးတော့ ဝမ်ကျားဖူသည် သူ့ဘေးမှာ ရပ်နေတဲ့ အမျိုးသမီးလီကို လှည့်ကြည့်လိုက်ရတော့သည်။

All Chapters