← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 12 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 12 Ch. 135-136

အခန်း ( ၁၃၅ ) ကိုယ်ပိုင် အကျိုးအမြတ်အတွက် လုပ်တဲ့ အတုအယောင် စီးပွားရေးလုပ်ငန်း။

“ တစ်ချက် လာကြည့်ပေးပါဦး လီယောင်။ ငါ သူတို့ကို ပြောနေပေမဲ့ သူတို့က ငါ့စကားကို နားမထောင်ဘူး။ နင် လာပြီး သူတို့ကို ပြောကြည့်ရင်ရော ဘယ်လိုလဲ။ ”

လီယောင်လည်း ကြောင်အသွားရပါသည်။ ရွာလူကြီးက ဒီနေရာမှာ အများယုံကြည်လက်ခံနိုင်စွမ်း နည်းနည်းလေးတောင် မရှိပုံပါပဲ။

ဟိုတယ်နှင့် မျက်စိပသာဒဖြစ်ဖွယ် နေရာလှလှလေး တစ်ခုကို တည်ဆောက်ဖို့က သူမရဲ့ စိတ်ကူး ဆိုပေမဲ့ ခရီးသွားတွေကို ဆွဲဆောင်ပြီး ရွာသူ ၊ ရွာသားတွေအတွက် မုန့်ဖိုးရှာပေးဖို့တော့ မဟုတ်ဘဲ သူမရဲ့ အလှအပ စံချိန်စံနှုန်းတွေအရ ဒီမှာ ထိုအရာတွေ ရှိနေဖို့ လိုတယ်လို့ ခံစားရတာကြောင့်ပဲ ဖြစ်သည်။

သူမက အများကောင်းကျိုး ဆိုတဲ့ နာမည်လေးကို အလွဲသုံးစားလုပ်ရုံသာပင်။

အများပိုင်စနစ်ကို သူမ ရွေးချယ်ချင်ရတဲ့ အကြောင်းအရင်းကတော့ သူမရဲ့ မိသားစု တစ်ခုတည်းကပဲ ထင်းထွက်နေပြီး လူတွေ မနာလို မရှုစိမ့်မှာမျိုး မဖြစ်စေချင်တာကြောင့် ဖြစ်သည်။

“ ရွာလူကြီး ပြောသလိုပဲ လုပ်ကြမယ်။ ”

“ လီယောင်လည်း ဒီလို ပြောနေပြီ ဆိုမှတော့ ကျုပ်တို့ ခင်ဗျားစကားကို နားထောင်ပါ့မယ်။ ”

“ ဟုတ်တယ်။ အဒေါ်လီ ပြောတဲ့ စကားကို နားထောင်တာက အမှန်ဆုံးပဲ။ ”

“ ဒါဆို ငါတို့ ပိုက်ဆံမကူတော့ဘူးနော်။ ”

…

လီယောင်က စကားတစ်ခွန်း ပြောလိုက်ရုံနှင့် ရွာသူ ၊ ရွာသားတွေ အကုန်လုံး စိတ်ပြောင်းသွားခြင်းက ဝမ်ကျားဖူအား အလွန် စိတ်ဓာတ်ကျသွားစေပြီး သူက အယောင်ပြရွာလူကြီးသက်သက်သာ ဖြစ်သည်ဟု ခံစားသွားရသည်။

ထိုအချိန်မှာ အခုမှ ရွာထဲကို ရောက်လာတဲ့ လျှို့ယွင်ကတော့ နှလုံးသားထဲမှာ အကြိမ်ပေါင်းများစွာ အံ့ဩနေမိသည်။ အများပိုင်စနစ် ဆိုတဲ့ အရာမျိုးကို သူ တစ်ခါမှ မကြားခဲ့ဖူးပါ။

ပြီးတော့ ဒီ လီယောင် ဆိုတဲ့ အမျိုးသမီးကလည်း သူ့စိတ်ကူးမှန်းဆချက်တွေကို ကျော်လွန်နေခဲ့ပြီး သူ ထင်ထားသလို “ ကျေးတောသူမ ” တစ်ယောက် မဟုတ်ဘဲ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်၍ ပန်းပွင့်လေးလို နူးညံ့သော အပြုံးဖြင့် လွတ်လပ်ပွင့်လင်းသော စိတ်သဘောထားရှိတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်နေသည်။

သူ့ဘဝ တစ်လျှောက်လုံးမှာ ဒီလောက် ကျက်သရေရှိတဲ့ အမျိုးသမီးကို မတွေ့ဖူးပေ။ ဧကရီနှင့် တော်ဝင် ကြင်ရာတော်တွေတောင် တချို့ အစိတ်အပိုင်းတွေမှာ သူမကို မီမှာ မဟုတ်ဘူးလို့ သူ ခံစားရသည်။

ရွာသူ ၊ ရွာသားတွေရဲ့ အစည်းအဝေး ပြီးဆုံးသွားပြီးနောက် လီယောင်က အိမ်ပြန်ဖို့ လုပ်နေတုန်းမှာပဲ ကျားကျန်းလျန့်က လူတချို့နှင့်အတူ ရောက်လာခဲ့သည်။

“ ကျွန်တော် ကုန်ပစ္စည်းတွေ ထပ်လာယူတာပါ အမျိုးသမီးလီ။ ”

စကား နည်းနည်းပါးပါး ပြောပြီးသွားတော့ လီယောင်က ကျားကျန်းလျန့်ရဲ့ ကျောက်မီးသွေးကို ဘီးသုံးဘီး စက်ဘီးတွေပေါ်က ချခိုင်းလိုက်သည်။

ယီကျိူးစီရင်စုမှာ ကျောက်မီးသွေး မရှိတာမို့ တခြားဒေသတွေကနေ ကြောက်ခမန်းလိလိ ဈေးကြီးပေး၍ ဝယ်ယူနေရသည်။ ကံကောင်းစွာဖြင့် ကျားကျန်းလျန့်နှင့် လျှို့ယွမ် ကုန်ပစ္စည်းတွေ လာယူတိုင်း ကျောက်မီးသွေး တချို့ကို ကူညီသယ်ဆောင်လာပြီး ဈေးအနည်းဆုံးသာ ကျသင့်လေရာ လီယောင့်အတွက် ပြဿနာ အများကြီး လျော့ကျသွားခဲ့ရသည်။

ဒီခေတ်မှာ ရထား တစ်စီးလောက်သာ ရှိရင် …

လီယောင်သည် ရထားတွေကိုလည်း တည်ဆောက်ဖို့ စိတ်ဆုံးဖြတ်ထားပေမဲ့ ဒီခေတ်မှာ နည်းပညာတွေက အဲ့ဒီလောက် မဖွံ့ဖြိုးသေးပေ။

“ ကျုပ် မင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ အမျိုးသမီးလီ။ ” ကျားကျန်းလျန့်က လျှို့ယွမ်အတွက် လမ်းဖွင့်ပေးလိုက်၏။ “ ဒါက နေပြည်တော်က လာတဲ့ ကုန်သည်ကြီး ဖြစ်တဲ့ သခင်လေး လျှို့ယွမ်ပါ။ သူက နယ်စပ်ဒေသတွေမှာ တစ်ဆင့် ပြန်ရောင်းဖို့အတွက် မင်းဆီက ကုန်ပစ္စည်းတွေကို လာဝယ်တာပါ။ ”

စုယန်ယန်က မျက်မှောင်ကြုတ်ပြီး လျှို့ယွမ်ကို ခေါင်းစခြေဆုံး ကြည့်လိုက်မိသည်။ သူက လူချမ်းသာ သခင်လေးတစ်ယောက်လို ကြော့မော့နေအောင် ဝတ်ဆင်ထားပေမဲ့ နည်းနည်းလေးတော့ တဆိတ် ငယ်လွန်းသေးသည်။

သူ ကုန်ပစ္စည်းတွေကို နန့်ကျောက် ၊ ဂိုလျော ၊ ဂျပန်အထိ သွားရောင်းချင်ရင်တောင် သူမ ခွင့်ပြုပေးနိုင်ပေမဲ့ နယ်စပ်ဒေသကတော့ သာမန်လူတွေ သွားလို့ ရတဲ့ နေရာ မဟုတ်ပါ။

ထို့ကြောင့် သူမ ပွင့်ပွင့်လင်းလင်းပဲ ငြင်းလိုက်သည်။ “ လက်တောက်လောက်လေးက စီးပွားရေးလုပ်တတ်အောင် လေ့လာချင်နေတာပေါ့။ နင့်မိသားစုထဲက လူကြီးတွေကို ဒီကို အရင် လာခိုင်းလိုက်။

လီယောင်သည် ထိုသို့ ပြောပြီးသည်နှင့် သူ့ကို ဘာစကားမှ ထပ်ပြောဖို့ စိတ်ကူးမရှိတော့ဘဲ ချာခနဲ လှည့်ထွက်သွားသောကြောင့် ခုနတုန်းကအထိ ပြုံးနေခဲ့တဲ့ လျှို့ယွင်ဟာ ချက်ချင်းပဲ ဆွံ့အသွားခဲ့ရသည်။

လီယောင်က ဒေါသကြီးလွန်းတယ် မဟုတ်ဘူးလား။ ဒါ သူ့ရဲ့ ဧည့်သည်တွေကို ဧည့်ခံတဲ့ ပုံစံလား။

ကျားကျန်းလျန့်ကတော့ “ အမျိုးသမီးလီက အဲ့လိုပဲ နည်းနည်းလေး စိတ်ကြီးတတ်လို့ပါ ညီလေးလျှို့။ စိတ်ထဲ မထည့်ပါနဲ့။ ” ဟု ပြေရာပြေကြောင်း ဝင်ပြောပေးသည်။

“ သူက အမြဲတမ်း … ဒီလိုပဲလား အစ်ကိုကျား။ ”

“ အစ်ကို မင်းကို ပြောဖို့ မေ့သွားတာ။ အမျိုးသမီးလီက အရင်တုန်းက မိုင်ပေါင်းများစွာ ကွာဝေးတဲ့ နေရာက ပစ္စည်းတွေကို တုန်ခါသွားစေလောက်တောင် ဒေါသကြီးတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အခုတော့ သူက အများကြီး ရင့်ကျက်သွားပါပြီ။ ပုံမှန်ဆို သူ့ဒေါသကို သွားမဆွသရွေ့ ဒေါသထွက်လေ့မရှိဘူး။ ”

လျှို့ယွမ် : … ဒါက သူ့အထင်နဲ့ တက်တက်စင်အောင် လွဲနေပါရောလား။

ဒါပေမဲ့လည်း ဒီနေရာအထိ ခရီးနှင်လာပြီးတဲ့နောက်မှာတော့ သူမရဲ့ စကားတစ်ခွန်းတည်းနှင့် လျှို့ယွမ် အခွင့်အရေးကို လက်လွှတ်မခံနိုင်ပါ။ ထို့ကြောင့် သူမနောက်ကို အမီလိုက်သွားလိုက်သည်။

“ ကျေးဇူးပြုပြီး စောင့်ပါဦး အမျိုးသမီးလီ။ ”

လီယောင်က သူမနောက်ကို မျက်နှာပြောင်တိုက်စွာ လိုက်လာသူကို မြင်တော့ မျက်မှောင်ကြုတ်ပြီး “ ငါ့ကို အဒေါ်လို့ပဲ ခေါ်စမ်းပါ ” ဟု ပြန်ပြောလိုက်၏။

လျှို့ယွင်ရဲ့ အခြွေအရံ ပိုင်စုန့်သည် လျှို့ယွင်အပေါ် ဆက်တိုက် မထီမဲ့မြင်ပြုနေတဲ့ လီယောင့်ကို မြင်လျှင် သူ့လက်က ဓားလက်ကိုင်ပေါ်ကို အလိုလို ရောက်သွားခဲ့လေသည်။

လီယောင်က အဲ့ဒါကို မြင်တော့ ပြုံးပြီး မေးလိုက်သည်။ “ ဘာလဲ ၊ ငါက နင့်သခင်လေးကို ငါ့ကို အဒေါ်လို့ ခေါ်ခိုင်းတာနဲ့ပဲ နင်က ငါ့ကို ဓားနဲ့ ပိုင်းချင်နေတာလား။ နင့်ဓားကို ဓားအိမ်ထဲက မထုတ်ရသေးခင်မှာပဲ ငါ နင့်ကို နင့်အမေတောင် မမှတ်မိလောက်အောင် ရိုက်နှက်ပစ်နိုင်တယ် ဆိုတာကို နင် ယုံလား။ ”

ပိုင်စုန့် : …

လီယောင် ချဲ့ကား ပြောနေတာပဲဖြစ်ဖြစ် ၊ အတည် ပြောနေတာပဲဖြစ်ဖြစ် ထိုအရှိန်အဝါက သူ့ကို လုံးဝ ဖိနှိပ်ချသွားကာ ဓားလက်ကိုင်ပေါ် တင်ထားတဲ့ သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ရသည်။

လျှို့ယွင်ကတော့ ထိုမြင်ကွင်းကို ကြည့်ပြီး ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပေ။

သေလိုက်ပါတော့ ၊ မင်း ဘယ်သူလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေ့သွားပြီလား။ မင်းက ဘုရင့်နန်းတော်က ထိပ်တန်း သိုင်းသမားတစ်ယောက်လေ။ အဲ့ဒါနဲ့တောင် သတိပေးစကားလေး တစ်ခွန်းလောက်နဲ့ ကြောက်ဒူးတုန်သွားတာလား … ။

သို့သော် လျှို့ယွင်က လူတွေကို အာဏာနှင့် အနိုင်ကျင့်ဖို့ စိတ်ကူးမရှိတဲ့ လူပီပီ သူ့စကားလုံးတွေကို ပြေပြေလည်လည်ပဲ ပြောင်းလဲလိုက်သည်။ “ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေးပေးပါ အဒေါ်လီ။ ”

လျှို့ယွင်ရဲ့ သရုပ်မှန်ကို လီယောင် မသိသော်လည်း ခန့်မှန်းမိတာ တစ်ခု ၊ နှစ်ခုတော့ ရှိပါသည်။

ပိုင်စုန့်လို သက်တော်စောင့်တစ်ယောက်ကို ခေါ်လာပြီး နယ်စပ်ဒေသမှာ စီးပွားရေးလုပ်ချင်တယ်လို့ ပြောနေကတည်းက သူဟာ တော်ဝင်မင်းသားတွေထဲက တစ်ယောက်ယောက် ၊ သို့မဟုတ် ရာထူးအကြီးပိုင်း ဝန်ကြီးတွေထဲက တစ်ယောက်ယောက် ဖြစ်လိမ့်မည်။ ဘုရင့်မိသားစုနှင့်တောင် သွေးသားတော်စပ်ရင် တော်စပ်နေနိုင်သည်။

လူရိုင်းတွေကို ဗိုလ်မှူးချုပ်လင် တိုက်ခိုက်နေတာကိုတော့ ထည့်ပြောစရာ မလိုပါ။ စစ်တိုက်တာက သက်သက် ၊ စီးပွားရေးက သက်သက်မို့ အခြေခံအားဖြင့် ဘာမှ မသက်ဆိုင်တဲ့ ကိစ္စ နှစ်ခုပင်။

ဒါပေမဲ့ သူ့လို အတွေ့အကြုံနုနယ်သူတစ်ယောက်က နယ်စပ်ဒေသက စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုများ ထိန်းချုပ်နိုင်မှာမို့လို့လဲ။

လီ‌ယောင်က “ နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ် ၊ ငါ မင်းနဲ့ စီးပွားရေး လက်တွဲလုပ်မှာ မဟုတ်ဘူး။ အိမ်ပြန်ပြီး မင်းအိမ်က လူကြီးတွေကိုပဲ ခေါ်လာခဲ့။ ” ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။

သူ့မိသားစုက လူကြီးတွေက လာချင်ပေမဲ့ လာလို့ မရလို့ပါဟု လျှို့ယွမ် စိတ်ထဲကပဲ ပြန်ပြောလိုက်မိသည်။ လီယောင့်ဘက်က သူ့ကို လက်မခံလည်း ဘာမှတော့ ကိစ္စမရှိပါ။ ပြောရရင် အစကတည်းက သူ့ရည်ရွယ်ချက်က စီးပွားရေးလုပ်ဖို့မှ မဟုတ်တာ။ စီးပွားရေးလုပ်ဖို့ ဆိုတာ အပေါ်ယံ ဆင်ခြေသက်သက်ပဲမို့ ဟဲဝမ်ရွာမှာ ခဏ နေပြီး လီယောင့်ရဲ့ စွမ်းဆောင်ချက်တွေက အမှန်တကယ်ပဲ သူမ ဆောင်ရွက်ထားတာလား ဆိုတာကို စုံစမ်းရန် ဒီအခွင့်အရေးကို အသုံးချဖို့ တွေးလိုက်သည်။

“ ကောင်းပါပြီ။ ကျွန်တော် လူလွှတ်ပြီး ကျွန်တော့်အဖေကို ခေါ်လိုက်ပါ့မယ်။ ဒါပေမဲ့ ကျွန်တော် ခရီးဝေးကြီး လာခဲ့ရတော့ အခုချက်ချင်းကြီး ပြန်သွားဖို့ အဆင်မပြေဘူး။ ဒီရွာမှာ နေပြီး အဖေ့ကို စောင့်လို့ ရမလား။ ”

“ အဲ့ဒါကတော့ မင်းသဘောပဲ။ ”

“ မသွားပါနဲ့ဦး အဒေါ်လီ။ ” လျှို့ယွမ်က သူမနောက်ကို မျက်နှာပြောင်တိုက်စွာပင် လိုက်လာခဲ့သည်။ “ ကျွန်တော့်မှာ ခရီးမှာ သုံးဖို့ ပိုက်ဆံ သိပ်မပါတာကို အဒေါ်လည်း မြင်မှာပါ။ ကျွန်တော် တည်းခိုခန်းမှာ နေ့တိုင်း နေဖို့ ပိုက်ဆံမတတ်နိုင်ဘူး။ အဒေါ့်အိမ်မှာ ရက်ပိုင်းလောက် နေလို့ ရမယ်ဆို ဝမ်းသာမိမှာပါ။ ”

လီယောင် ချက်တဲ့ သမာရိုးကျ ဟင်းလျာတွေကတောင် နေပြည်တော်ရ အတော်ဆုံး စာဖိုမှူးတွေရဲ့ လက်ရာထက် အဆပေါင်းများစွာ ပိုအရသာရှိသည်ဟု ကျားကျန်းလျန့်ဆီက သူ ကြားထားသည်။

ဒီကလေးက တော်တော်လေး မျက်နှာပြောင်တာပဲဟု လီယောင်ရဲ့ စိတ်ထဲက တွေးမိသွားသည်။ လူချမ်းသာတစ်ယောက်ရဲ့ သားပေါ့လေ ၊ ဟွန်း။ ဘဝက သိပ်ကို သက်သောင့်သက်သာရှိလွန်းလို့ ပျင်းစရာကောင်းနေတယ်ပေါ့။ အောက်ခြေဘဝက သာမန်လူတွေရဲ့ နေ့စဉ်ဘဝက ဘယ်လောက်တောင် မလွယ်ကူဘူးလဲ ဆိုတာ သူ့ကို သိစေချင်မိသည်။

“ မင်း ငါ့အိမ်မှာ နေလို့ ရတယ်။ ဒါပေမဲ့ စည်းမျဉ်းတစ်ခုတော့ ရှိတယ်။ ငါ မင်းဆီက ပိုက်ဆံမယူဘူး ၊ နေ့တိုင်းလည်း ထမင်းကျွေးမယ်။ ဒါပေမဲ့ ငါ့အိမ်က အလုပ်တွေကိုတော့ မင်း ဝင်ကူပေးရမယ်။ အဲ့ဒါကို လုပ်မပေးနိုင်ရင် မင်းအဖေ ရောက်လာရင်တောင် ငါ့ဆီက ဘာကုန်ပစ္စည်းမှ ဝယ်နိုင်ဖို့ မမျှော်လင့်နဲ့။ ”

လျှို့ယွင်ရဲ့ မျက်နှာက ချက်ချင်းပဲ မည်းမှောင်ကျသွားခဲ့သည်။

သူက ကလေးဘဝကတည်းက ပါးစပ်ထဲကို ခွံ့ကျွေးမယ့် စားကောင်းသောက်ဖွယ်တွေ ၊ လက်ထဲမှာ ဝတ်ကောင်းစားလှတွေ အဆင်သင့် ရှိခဲ့တဲ့ ၊ လူတိုင်းဆီမှာ ဖူးဖူးမှုတ်ခံခဲ့ရတဲ့ နဝမမြောက် မင်းသားတစ်ပါးလေ။ ဘယ့်နှယ့် ဒီကို ရောက်တော့မှ ထမင်းတစ်လုတ်အတွက် အလုပ်,လုပ်ရမယ်တဲ့လား … ။

ဒါပေမဲ့ သူ့ကို ခမည်းတော် ပေးထားတဲ့ တာဝန်ကို ပြန်သတိရသွားတော့ စိတ်တင်းပြီး “ ကျွန်တော် သဘောတူတယ်။ ” ဟု ပြောလိုက်ရသည်။

လီယောင်က သူ့ကို အလွယ်တကူ သဘောတူလိမ့်မည်ဟု ထင်မထားသောကြောင့် အံ့ဩသွားကာ သူမ သူ့ကို လျှော့တွက်မိသွားတာပဲဟု ခံစားလိုက်ရ၏။

“ ဒါဆို ငါနဲ့ လိုက်ခဲ့ကြ။ ”

လီယောင်သည် လျှို့ယွမ်နှင့် ပိုင်စုန့်အား သူမရဲ့ အိမ်ကို ခေါ်သွားပြီးနောက် ဝမ်စန်းအာရဲ့ အိမ်မှာ နေခိုင်းပေးလိုက်သည်။

ပစ္စည်းတွေကို နေရာမချရသေးခင်ကတည်းက လျှို့ယွင်ဟာ ခြံဝန်းထဲက ပစ္စည်းကိရိယာမျိုးစုံကို စိတ်ဝင်စားသွားခဲ့သည်။ မြန်နှုန်းမြင့် ပန်ကာတွေ ၊ ဂျုံမှုန့်ကြိတ်စက်တွေ ၊ အခွံနွှာစက်တွေ … ။ ရေအားဖြင့် လည်ပတ်နေတဲ့ ဒီပစ္စည်းတွေ အကုန်လုံးကို သူ့အိပ်မက်ထဲမှာတောင် မမြင်ဖူးခဲ့။

“ ဒါတွေ အကုန်လုံးကို အဒေါ်လီ တီထွင်ထားတာလား။ ”

“ အဲ့ဒါက ဘာမှ မပြောပလောက်သေးဘူး။ ” အိမ်ကို ဧည့်သည်တွေ ရောက်လာတဲ့အခါ ဝမ်ရှောင်စစ်ကပဲ အိမ်ရှင်အဖြစ် ဧည့်ခံပေးရသည်။ “ အစ်ကို့အမေအတွက်တော့ ဒီလောက်က ကလေး ကစားသလောက်ပဲ ရှိတယ်။ သူက စက်ပစ္စည်း အကြီးကြီးတွေကိုလည်း အများကြီး တည်ဆောက်ထားတာ ၊ စက်ပစ္စည်းတိုင်းကလည်း ကျောက်မီးသွေးနဲ့ လည်ပတ်နေတာ။ ဟိုဘက်က အလုပ်ရုံထဲမှာ အဲ့ဒါတွေ ရှိတယ်။ လာ ၊ အစ်ကို မင်းတို့ မျက်မြင် တွေ့ရအောင် လိုက်ပြမယ်။ ”

…

အခန်း ( ၁၃၆ ) မျက်လုံးပြူးကျယ်စရာ စက်ပစ္စည်းများ။

ဝမ်ရှောင်စစ်က လျှို့ယွင်ကို စက်ဘီးအလုပ်ရုံသို့ ခေါ်သွားသောအခါ လျှို့ယွင်သည် စက်ဘီးတွေကို ဘယ်လို ပြုလုပ်ဖန်တီးလဲ ဆိုတာကို သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရသည်။

သူ့စိတ်ကို အဆွဲဆောင်ဆုံးကတော့ ကြီးမားလေးလံတဲ့ အပေါက်ဖောက်စက်တွေပင်။ ဒုန်းခနဲ ဒုန်းခနဲ အသံတွေနှင့် တစ်ချက် ရိုက်လိုက်ရုံနှင့် မြေကြီးတွေပါ တုန်ခါသွားကာ တစ်ချိန်တည်းမှာပဲ ဗြောင်သတ္ထုလုံး‌ တစ်လုံးကို ပြီးပြည့်စုံသော အလုံးလေး တစ်လုံး ရအောင် ထိုးဖောက်နိုင်ခဲ့သည်။

ဘယ်လို ဦးနှောက်မျိုးကများ ဒီလို စိတ်ကူးမျိုးတွေကို တွေးမိတာလဲ … ။

ပန်းပဲအလုပ်ရုံကို ရောက်ချိန်မှာတော့ လျှို့ယွင်ရဲ့ အသိအမြင်တွေ ပိုလို့တောင် ကျယ်ပြန့်သွားခဲ့ရ၏။ ထိုနေရာမှာ ပစ္စည်းအမျိုးအစားပေါင်း စုံလင်နေပုံများ ပြတင်းပေါက်တွေ ၊ လွန်ပူတွေ ၊ အမှုန့်ကြိတ်စက်တွေ ၊ အခွံနွှာစက်တွေ ၊ ရေနွေးငွေ့အင်ဂျင်တွေ စသည်ဖြင့် လျှို့ယွင်ရဲ့ မျက်လုံးတွေတောင် ပြာဝေသွားရလောက်အောင် အမျိုးစုံသော ပစ္စည်းများကို တွေ့ခဲ့ရသည်။

“ သခင်လေးစစ် … ဒီမှာ အန္တရာယ်များတယ်။ တခြားနေရာမှာ သွားဆော့ပါ။ ”

ရှားရှန့်မှာ အခု အလုပ်သင် ငါးယောက် ရှိနေပြီ ဖြစ်ပြီး ဟဲဝမ်ရွာသားတွေထဲက ထက်ထက်မြတ်မြတ် လူငယ်လေးတွေကိုချည်း ရွေးချယ်ထားသည်။ တစ်လလောက် လေ့ကျင့်အပြီးမှာ သူတို့အားလုံး အတိုင်းအတာ တစ်ခုထိ ကျွမ်းကျင်သွားပြီမို့ ရှားရှန့်အတွက် အလုပ် လုပ်ရတာ အများကြီး ပိုအဆင်ပြေ လွယ်ကူလာခဲ့သည်။

အခု သူက အလုပ်သင် ငါးယောက်ထဲမှ တချို့ကို အနီးအနားက အသစ်ဆောက်ထားတဲ့ အလုပ်ရုံကြီးဆီ ခေါ်သွားပြီး “ အလိုအလျောက် ” ကုန်ထုတ်လုပ်ပေးသည့် စက်တွေကို ကူညီစစ်ဆေးခိုင်းဖို့ လုပ်နေတာ ဖြစ်သည်။

သူတို့က ထိုအလုပ်အတွက်သာ တာဝန်ရှိတာ ဖြစ်ပြီး စစ်ဆေးမှုရဲ့ အသေးစိတ်ကိုတော့ ပိုင်ရှင်ကပဲ ကိုင်တွယ်ရပါသည်။

ခဏကြာတော့ လီယောင် ရောက်လာကာ သူမက လျှို့ယွင်လည်း ရောက်နေတာကို မြင်တော့ သူ့ကိုပါ ခေါ်လာပြီး ရှားရှန့်တို့ အလုပ် လုပ်နေတာကို ဘေးကနေ စောင့်ကြည့်တန်တာ စောင့်ကြည့် ၊ ဝင်ကူတန်တာ ဝင်ကူခိုင်းထားလိုက်၏။

ဒီအလုပ်ရုံ အသစ်ရဲ့ အဓိက ထုတ်ကုန်က ကြွေပြားတွေ ဖြစ်သည်။ ဒါပေမဲ့ ကြွေပြား ဆိုတာ ရွံ့ နည်းနည်းပါးပါးကို ဖိချပြီး စဉ့်သုတ်၍ အရောင်တင် ၊ မီးအပူပေးလိုက်ရုံနှင့် အလွယ်တကူ လုပ်လို့ ရတာ မဟုတ်ပါ။ တကယ့် အမှန်တရားနှင့် အများကြီး ဝေးကွာသည်။

ကြွေပြား ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်က အတော်လေး ရှုပ်ထွေးပြီး ထိုလုပ်ငန်းစဉ်ကို အတိုင်းအတာတစ်ခုထိ အလိုအလျောက် လည်ပတ်စေအောင် လုပ်ရတာကတော့ ပိုလို့တောင် ရှုပ်ထွေးလေသည်။ လီယောင်သည် ဒီအလုပ်ရုံထဲမှာ တစ်လကျော်လောက် ခေါင်းစိုက်ပြီး ကုန်ထုတ်လုပ်ရေးပိုင်းက လိုအပ်ချက်တွေကို စစ်ဆေးရှာဖွေခဲ့ရသည်။

ပထမဆုံး လိုအပ်ချက်ကတော့ ကုန်ကြမ်းပစ္စည်းပဲ ဖြစ်သည်။ ကြွေပြားတွေရဲ့ အဓိက ပါဝင်ပစ္စည်းက ကြွေထည် ဖန်တီးနိုင်တဲ့ ရွံ့စေး ၊ နူးညံ့ဖြူဖွေးသော မြေစေး ( ကာအိုလင် ) နှင့် မြေမှုန့်အနယ်အနှစ်တွေ ဖြစ်ပြီး ပိုင်ချွမ်းခရိုင်အနီးက ကွေ့ဟွားရွာမှာ ကွမ်ရင်ရွံ့စေးဟု လူသိများသော ကာအိုလင်‌မြေစေးတွေ အများကြီး ရှိ‌လေရာ လီယောင့်အတွက် အလွန် အဆင်ပြေသွားခဲ့သည်။

သူမက ကွေ့ဟွားရွာနှင့်လည်း ကာအိုလင်မြေစေးတွေကို တူးဖော်ကာ အနာဂတ်မှာ သူမဆီ တိုက်ရိုက် ပို့ဆောင်ပေးဖို့ ညှိနှိုင်းပြီးပါပြီ။

ဒုတိယအနေဖြင့် သလင်းကျောက်နှင့် မျောကျောက်တွေကိုလည်း လိုအပ်သည်။

ထိုကုန်ကြမ်းပစ္စည်းသုံးမျိုးကို အချိုးကျကျ ရောနှောပြီး မှုန်ညက်သော အမှုန့်တွေ ရအောင် ကြိတ်ချေရကာ ထိုသို့ ကြိတ်ချေနိုင်ဖို့အတွက် အလုပ်ရုံထဲက အကြီးစား စက်ပစ္စည်းတွေ ဖြစ်တဲ့ အမှုန့်ကြိတ်စက်တွေကို လိုအပ်သည်။

အမှုန့်ကြိတ်စက်တွေရဲ့ သဘောတရားကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ သတ္ထုလုံးလေးတွေကို ထုလုံးရှည်ပုံသဏ္ဍာန် အကန့်လေးထဲမှာ အလျားလိုက် ထည့်ရသည်။ အဲ့ဒီနောက် ကုန်ကြမ်းပစ္စည်းတွေနှင့် ရေကို ရောထည့်ကာ အကန့်လေးကို ပိတ်လိုက်သည်နှင့် ရေအားဖြင့် လည်ပတ်တဲ့ ဘီးကြောင့် ထိုအကန့်လေးဟာ ပုံမှန် အရှိန်နှုန်းနှင့် လည်ပတ်ပါတော့သည်။

အချိန် တစ်ခု ကြာပြီးတဲ့နောက်မှာတော့ ကုန်ကြမ်းပစ္စည်းတွေနှင့် ရေကို ဆံခြည်မျှင်‌ထက်တောင် ပိုပါးလျတဲ့ ရွံ့စေးအဖြစ် အမှုန့်ကြိတ်လို့ ရသွားကာ ထိုရွံ့စေးကို အကန့်လေးထဲက ထုတ်ယူ၍ သံမှုန်သံစတွေကို သံလိုက်တစ်ခုနှင့် ခွဲယူရသည်။ ပြီးလျှင် ( ၁၀ ) မီတာ ရှည်လျားတဲ့ သတ္ထုကန်ထဲကို ထည့်ပြီး အခြေခံကျတဲ့ ကုန်ကြမ်းအမှုန့်ကို ရဖို့အတွက် ခပ်ပြင်းပြင်း လေပူတွေနှင့် အခြောက်ခံရသည်။

ထိုလုပ်ငန်းစဉ် တစ်ခုတည်းကပင် အလုပ်ရုံတစ်ဝက်လောက်ကို နေရာယူထား၏။

လျှို့ယွမ်သည် အံ့ဩဖွယ်ရာ ဆန်းကြယ်သော သတ္ထု စက်ပစ္စည်းတွေကို ကြည့်ကာ သူ့ထိတ်လန့်မှုကို ဘယ်လို စကားလုံးနှင့် ဖော်ပြရမှန်းမသိ ဖြစ်နေခဲ့ပြီး “ သိပ်ကို အံ့ဩစရာကောင်းတဲ့ စက်ပစ္စည်းတွေပဲ။ ” ဟူ၍သာ တအံ့တဩ ရေရွတ်နိုင်ခဲ့လေသည်။

ဒီနေ့ လီယောင်က ကုန်ကြမ်းအမှုန့်တွေကို ပြစ်ချက်ကင်းတဲ့ ကြွေပြားတွေ ဖြစ်သွားအောင် ဖိချပေးနိုင်တဲ့ ရေအားသုံးဖိစက် တစ်ခုကို စစ်ဆေးဖို့ ရောက်လာတာ ဖြစ်သည်။

ခပ်ထူထူ သတ္ထုပုံစံခွက်တွေကို ပစ္စည်းသယ်ယူပို့ဆောင်သည့် ခါးပတ်မှာ တပ်ဆင်ထားကာ မှုန်ညက်သော ကြွေမှုန့်တွေအား ကန်တော့တစ်ခုနှင့် ထိုပုံစံခွက်တွေထဲ လောင်းထည့်ပေးရမှာပါ။

ထိုအချိန်မှာ လီယောင်က ရေအားသုံးဖိစက်ရဲ့ ပထမခလုတ်ကို ဖိနင်းလိုက်သည်။

တရှဲရှဲနှင့် အဆို့ရှင်လေး ပွင့်သွားခြင်းနှင့်အတူ ပိုက်ထဲကို ရေနွေးငွေ့တွေ ဝင်ရောက်သွားပြီး စက်ယန္တရားကို စက်ယန္တရားကို မောင်းနှင်လည်ပတ်စေကာ သတ္ထုပုံစံခွက်လေးကို ရေအားသုံးဖိစက်အောက်သို့ တွန်းပို့ပေးခဲ့သည်။

လီယောင်သည် စက်ပစ္စည်းတွေ ချော့ချော့မွေ့မွေ့ လည်ပတ်နေပြီး အနေအထားလည်း မှန်ကန်တာ သေချာတော့မှ ဒုတိယခလုတ်ကို ထပ်နင်းလိုက်လျှင် တဝီဝီမြည်သံနှင့်အတူ လေးလံတဲ့ ဖိအားတစ်ခု ကျရောက်လာပြီး သတ္ထုပုံစံခွက်ကို ဖိချ၍ အမှုန့်တွေကို စတုရန်းပုံ ကြွေပြားတစ်ချပ်အဖြစ် ကျစ်လစ်သိပ်သည်းသွားစေခဲ့လေသည်။

ဒါပေမဲ့ ဒီလောက်နှင့် မလုံလောက်သေးပါ။ ဒီလိုမျိုး သုံးကြိမ် လုပ်ဖို့ လိုအပ်ပြီး ကြွေပြားထဲမှာ လေခိုမနေစေရန်အတွက် တစ်ကြိမ်စီတိုင်းမှာလည်း ဖိအားကို တိုး,တိုးသွားဖို့ လိုအပ်သည်။ ပြဿနာက သုံးကြိမ်မြောက် ဖိချခြင်းမှာ ဖိအားက လုံလောက်မနေတာပဲ ဖြစ်သည်။

လီယောက်က ဂွတစ်လက်ကို ယူကာ ကြွေပြားမှာ ကျေနပ်စရာ စံချိန်စံနှုန်းတွေ ပြည့်မီသွားတဲ့အထိ လေဖိအားကို အကြိမ်ပေါင်းများစွာ ချိန်ညှိလိုက်သည်။

နောက်တစ်ဆင့်အနေဖြင့် ကြွေပြားတွေကို နှံ့နှံ့စပ်စပ် အခြောက်ခံ ၊ စဉ့်ရည်သုတ်ပြီး အုတ်ဖုတ်တဲ့ မီးဖိုကြီးထဲမှာ မီးဖုတ်ဖို့ လိုသည်။ မီးဖိုထဲက ထုတ်ပြီး နည်းနည်းပါးပါး အရောင်တင်ပြီးပြီ ဆိုရင်တော့ ထုတ်လုပ်မှုလုပ်ငန်းစဉ် တစ်ခုလုံး ပြီးစီးသွားပါပြီ။

စဉ့်ရည်သုတ်တာနှင့် မီးဖုတ်တာအတွက်တော့ သူမက ပိုက်ဆံ အများကြီး အကုန်အကျခံကာ လုပ်ငန်းစဉ်ကို ကြီးကြပ်ပေးဖို့ ကျွမ်းကျင်ပညာရှင်တွေ အများကြီး ငှားရမ်းထားပါသည်။

လောလောဆယ်မှာတော့ ကြွေပြားတွေက ဘာဒီဇိုင်းမှ မပါတဲ့ အဖြူသက်သက်ဗြောင်တွေ ဆိုပေမဲ့လည်း အခြေခံအဆင့်တွေ အကုန်လုံး အခြေခိုင်သွားပြီ ဆိုတာနှင့် ရွာသားတွေအား အလှဆင်နည်းစနစ်တွေကို လေ့လာခိုင်းဖို့ လီယောင် တွေးထားသည်။

“ သတိထားဦး။ မီးဖိုကို ဖွင့်နေတာ။ ”

အလုပ်သမားတစ်ယောက်ရဲ့ အော်ပြောသံနှင့်အတူ အလုပ်ရုံအဆုံးက မီးဖိုရဲ့ တံခါးကြီးက ဖြည်းဖြည်းချင်း ပွင့်လာခဲ့ကာ အလုပ်သမားနှစ်ယောက်က သစ်သားတုတ်ရှည်နှစ်ချောင်းနှင့် လှည်းတစ်စီးစာ ကြွေပြားတွေကို ဆွဲထုတ်လိုက်ကြသည်။

ကြွေပြားတွေကို ခဏ အအေးခံပြီးသွားတော့ လီယောင်က ကျွမ်းကျင်ပညာရှင်တွေဆီ သွားပြီး ကြွေပြားတွေကို စစ်ဆေးကြည့်လိုက်သည်။

စင်တွေပေါ်မှာ သပ်သပ်ရပ်ရပ် စီထားတဲ့ ကြွေပြားတွေက အမြင်မှာသာ မျက်နှာပြင်ညီညာပုံပေါ်ပေမဲ့ သတ္ထုပေတံတစ်ချောင်းကို ထိုကြွေပြားတွေပေါ် တင်လိုက်တော့ မျက်နှာတွေက အနည်းဆုံး ( ၁ ) မီလီမီတာ ကွာဟ မညီညာတာ ထင်ရှားသွားသည်။

“ အဆင်မပြေဘူး။ မီးအပူက တော်တော်လေး ပြင်းလို့ ကြွေပြားတွေ မညီဘူး ဖြစ်နေတယ်။ ” ဟု ကြွေပြားပညာရှင်တစ်ယောက်က ပြောသည်။ “ ပြီးတော့ စဉ့်ရည်အရောင်ကလည်း နည်းနည်းလေး ဝါကြင်ကြင် ဖြစ်နေတယ်။ စဉ့်ရည်စပ်တာကိုလည်း ထိန်းညှိဖို့ လိုအပ်နေသေးတဲ့ ပုံပဲ။ ”

“ ကျွန်မ အစောပိုင်း အဆင့်တွေမှာကတည်းက ရေအားသုံးဖိစက်ကို ချိန်ညှိထားပြီးပြီ ဆိုတော့ နောက်ထပ် လုပ်မယ့် ကြွေပြားတွေကတော့ ဒီလောက် မညီမညာ မဖြစ်လောက်တော့ပါဘူး။ ” ဟု လီယောင်က ပြန်ပြောလိုက်၏။ “ အရောင်အတွက်ကတော့ ဆရာတို့ကိုပဲ အာရုံစိုက်ပေးဖို့ ကျွန်မ အပူကပ်ရဦးမယ်။ ”

“ ရပါတယ် ရပါတယ်။ ”

လီယောင်က ကြွေပြားပညာရှင်နှင့် ပြောရင်း လျှို့ယွမ်ဘက်ကို လှည့်ပြောလိုက်သည်။ “ ဟိုတစ်ယောက် .. ငါ နင့်ကို အလုပ်ပေးမယ်။ လှည်းတစ်စီး သွားရှာပြီး ဒီကြွေပြားတွေ အကုန်လုံးကို ငါ့အိမ်ကို သယ်သွားပေးပါ။ ဒီကြွေပြားတွေက အဆင်မပြေဘူး ဆိုရင်တောင် ဒီတိုင်း လွှင့်ပစ်လို့တော့ မရဘူး။ ဒီကြွေပြားတွေနဲ့ ဝက်ခြံဆောက်လို့ ရတယ်။ ”

လျှို့ယွမ် : ……

လွန်ခဲ့တဲ့ စက္ကန့်ပိုင်းကအထိ သူ ဒီကြွေပြားတွေကို ကြည့်ပြီး နန်းတော်က စကျင်ကျောက်ပြားတွေထက်တောင် ပိုအနုစိတ် ၊ ပိုချောမွေ့တယ် ဆိုတဲ့ အတွေးနဲ့ လီယောင့်ရဲ့ တီထွင်ဉာဏ်ကို ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ရတာ … ။ ဒါပေမဲ့ ဒီကြွေပြားတွေက မပြည့်စုံတဲ့ ကြွေပြားတွေ ဖြစ်နေပါရောလား။

ပြီးတော့ ဒီကြွေပြားတွေနဲ့ ဝက်ခြံဆောက်ဦးမတဲ့။ သောက်ကျိုးနည်း။ လီယောင့်အိမ်က ဝက်တွေက တော်ဝင်မျိုးနွယ်တွေထက်တောင် ပိုကောင်းကောင်း နေထိုင်နေရတာပဲ။

လျှို့ယွင်က “ ကျွန်တော် မေးချင်တာလေး ရှိလို့ပါ အဒေါ်လီ။ ဒီကြွေပြားတွေကို ဘာအတွက် သုံးတာလဲ။ ” ဟု မေးလိုက်တော့ ဝမ်ရှောင်စစ်က “ မင်း ဒါတောင် မသိဘူးလား။ ” ဟု ဝင်ပြောသည်။

“ ဒီကြွေပြာတွေကို ကြမ်းပြင်ခင်းဖို့အတွက် သုံးတာလေ။ မီးဖိုချောင်တို့ ၊ ရေချိုးခန်းတို့မှာလည်း တပ်ဆင်လို့ ရတယ်။ ရေနဲ့ အလွယ်တကူ ဆေးကြောပြီး သန့်ရှင်းရေး လုပ်လို့လည်း ရသေးတယ်။ ”

သန့်ရှင်းမှုရယ် ၊ အလွယ်တကူ ဆေးကြောလို့ ရဖို့အတွက်ရယ်နှင့် ဒီလောက် စက်ပစ္စည်းတွေ ၊ လူအားတွေ ၊ ပိုက်ဆံတွေ အကုန်ခံနေတာလား။

“ လာ။ မင်း နားလည်အောင် ငါ ပြမယ်။ ”

ဝမ်ရှောင်စစ်က လျှို့ယွင်ကို အလုပ်ရုံအနောက်က သန့်စင်ခန်းသို့ ခေါ်သွားလိုက်၏။

ကြမ်းပြင်တွေ ၊ လက်ဆေးကန်တွေ အကုန်လုံးကို ကြွေပြားတွေနှင့် ဆောက်လုပ်ထားပြီး မပြည့်စုံတဲ့ ကြွေပြားတွေသာ ဆိုသော်လည်း အလွန် လှပပြီး အစွန်းအထင်းမရှိဘဲ တောက်ပြောင်နေခဲ့သည်။

“ ဒီမှာကြည့်။ ” ဝမ်ရှောင်စစ်က သစ်သားတံခါးတစ်ချပ်ကို ပြောပြောဆိုဆို ဖွင့်ပြလိုက်သည်။ “ ဒါ ဘာလဲ ဆိုတာ သိလား။ ”

လီယောင် သေချာ အနီးကပ် သွားကြည့်လိုက်တော့ ကြွေပြားနှင့် ဆောက်လုပ်ထားတဲ့ ထိုင်ခုံနှင့် တူသော ပစ္စည်းတစ်မျိုး ဖြစ်သည်။ သို့သော် အလယ်မှာတော့ ဟောင်းလောင်းပေါက် ဖြစ်နေ၏။ ဒါ ဘာအတွက် သုံးတဲ့ ပစ္စည်းလဲ ဆိုတာ သူ ဘယ်လိုမှ စဉ်းစားမရပါ။

“ ဒါက အပေါ့ ၊ အလေးသွားဖို့အတွက် သုံးတဲ့ အိမ်သာပဲ။ ”

လျှို့ယွမ် : …… မင်းက မင်းသားတစ်ပါးကို အိမ်သာကို ကြည့်ခိုင်းဖို့ ခေါ်လာတာလား။ မင်း တော်ဝင်မျိုးနွယ်တစ်ယောက်ကို မထီမဲ့မြင်ပြုတဲ့ ပြစ်ဒဏ်ချမှတ်ခံချင်နေတာလား။

“ အစ်ကို ဒါကို ဘယ်လို သုံးတာလဲ။ ”

“ သိပ်ကို ရိုးရှင်းတယ်။ နေဦး .. ငါ အရင် သေးပေါက်လိုက်ဦးမယ်။ ”

လျှို့ယွမ်တစ်ယောက် အမှန်တကယ်ပင် သူ့ကို သေအောင် ရိုက်နှက်ပစ်ချင်သွားမိသည်။

“ အခု သေချာ ကြည့်ထားနော်။ ”

ဝမ်ရှောင်စစ်က ပြောရင်း အနီရောင်ခလုတ်လေးကို ဖိချလိုက်တော့ ဝေါခနဲအသံနှင့်အတူ ရေတွေ အများကြီး ကျလာကာ အိမ်သာကို ပြောင်လက်တောက်ပနေအောင် သန့်ရှင်းရေးလုပ်ပေးသွားခဲ့လေသည်။

“ ဘယ်လောက် သန့်ရှင်းလဲ ဆိုတာ မြင်ပြီလား။ အရမ်း အံ့ဩစရာကောင်းတယ်မို့လား။ ”

အိမ်သာတစ်လုံးကို စစ်ဆေးရတာ သူ့ရဲ့ မင်းသားအရှိန်အဝါနှင့် မကိုက်ညီသော်လည်း ဒီအိမ်သာက တော်တော်လေး ကောင်းတယ် ဆိုတာကိုတော့ လျှို့ယွမ် ဝန်ခံရပါမည်။ အနည်းဆုံးတော့ အနံ့အသက် မဆိုးပါ။

သူ နန်းတော်ကို ပြန်ရင် ဒါမျိုး အိမ်သာ သုံး ၊ လေးလုံးလောက် ယူသွားပြီး ခမည်းတော်ရဲ့ အိပ်ဆောင်နှင့် သူ့မယ်မယ်ရဲ့ ဧကရီနန်းဆောင်မှာ တပ်ဆင်ဖို့ တိတ်တဆိတ် အစီအစဉ်ဆွဲနေမိသည်။

All Chapters