← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 12 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 12 Ch. 137-138

အခန်း ( ၁၃၇ ) ကောင်းကင်က မြင့်မားပြီး ဧကရာဇ်ကတော့ အဝေးမှာ ရှိနေတယ်။

ရက်အနည်းငယ် အကြာမှာတော့ လီယောင်နှင့် ကျွမ်းကျင် လက်မှုပညာသည်တွေရဲ့ ကြိုးစားမှုကြောင့် အရည်အသွေးပြည့်မီတဲ့ ကြွေပြား ပထမအသုတ်ကို နောက်ဆုံးတော့ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။

လီယောင်သည် ခြံထဲမှာ ပုံထားတဲ့ ကြွေပြားတွေကို ကြည့်ပြီး ဆက်မစောင့်နိုင်တော့ပေ။ “ မြန်မြန် လုပ်ကြ။ ဒီနေ့အပြီး အုပ်ကြွပ်မိုးရမှာ။ ”

ပန်းရံလုပ်သား အယောက် နှစ်ဆယ်ကျော်က စတင် အလုပ် လုပ်ခဲ့ကြပြီး လီယောင် သင်ပေးထားတဲ့ နည်းလမ်းတွေအတိုင်း လီယောင့်ရဲ့ ပင်မအိမ်တော်ရဲ့ ကြမ်းပြင်တွေကို ကြွေပြားခင်းခဲ့ကြသည်။ သူတို့ ဒီအလုပ်နှင့် တော်တော်လေးလည်း ကျင့်သားရနေပါပြီ။

ကြွေပြားတွေကို ခင်းပြီးသွားချိန်မှာတော့ တစ်အိမ်လုံးဟာ မတူကွဲပြားတဲ့ ခံစားချက်တစ်မျိုးကို ပေးစွမ်းခဲ့သည်။

မျက်စိပသာဒဖြစ်ဖွယ် သန့်ရှင်းတောက်ပနေတဲ့ ကြွေပြားခင်း ကြမ်းပြင်ပေါ်ကို လျှို့ယွင် ပထမဆုံးအကြိမ် ခြေလှမ်းချလိုက်ကတည်းက သူ နန်းတော်ကို ပြန်တဲ့အခါ ကြွေပြားတွေ အများကြီးကို ပြန်ယူသွားပြီး ပင်မ ခန်းမဆောင် ၊ အိပ်ဆောင်နှင့် သူ့ခမည်းတော်ရဲ့ နန်းဆောင်ကို ကြွေပြားခင်းရမည်ဟု ဆုံးဖြတ်ထားလိုက်သည်။

ကြွေပြားခင်းထားတဲ့ ကြမ်းပြင်ပေါ်ကို နင်းရတာ တကယ့်ကို သက်သောင့်သက်သာရှိလွန်းသည်။ ဒီ အမျိုးသမီးလီရဲ့ လူနေမှုဘဝက တော်ဝင်မိသားစုထက်တောင် ပိုဇိမ်ရှိကာ ပျော်စရာကောင်းနေပြီး သူမရဲ့ ပျော်ရွှင်မှုကိုလည်း သူမကိုယ်တိုင်ပဲ တစ်ဆင့်ချင်း ကြိုးစားတာပါ။

အလုပ်ရုံထဲမှာ အလုပ် လုပ်နေတဲ့ နေ့ရက်တွေအတွင်းမှာ လက်ဝဲအမတ်ကြီးစုန့် ပြောခဲ့တဲ့ စကားတွေ အကုန်လုံးက အမှားအယွင်း တစ်ခုလေးတောင် မရှိဘဲ မှန်ကန်နေတယ် ဆိုတာ လျှို့ယွင် နားလည်သွားကာ စိုက်ပျိုးမွေးမြူရေးဝန်ကြီး ရောက်လာတဲ့ အချိန်ကျရင် လီယောင်နှင့် ထိုက်တန်သော ဆုတော်လာဘ်တော်တွေကို ချီးမြှင့်ဖို့အတွက် သူ့ခမည်း‌တော်ကို ဘုရင့်အမိန့်ပြန်တမ်းအား လူတစ်ယောက်ကို ခပ်ကျယ်ကျယ် ဖတ်ခိုင်းဖို့ ပြင်ဆင်ထားခဲ့သည်။

ဟဲရှောင်ယာက ခဲယဉ်းစွာ ဆောင့်ကြောင့်ထိုင်ပြီး ချောမွတ်နေတဲ့ ကြမ်းပြင်ကို ပွတ်သပ်ကြည့်လိုက်သည်။ “ ဒီလောက် ကောင်းတဲ့ ပစ္စည်းတွေကို ကြမ်းပြင်ပေါ်မှာ ခင်းတာ အရမ်း ဖြုန်းတီးပစ်ရာမရောက်ဘူးလား အမေ။ ”

“ ဘာကို ဖြုန်းတီးပစ်ရာရောက်ရမှာလဲ။ ” ဟု လီယောင်က ပြန်ပြောလိုက်သည်။ “ ဒီပစ္စည်းက ကြမ်းပြင်ခင်းတဲ့ ကြွေပြားပဲ ၊ သူ့ရည်ရွယ်ချက်ကိုက ကြမ်းပြင်ပေါ်မှာ ခင်းဖို့ ထုတ်လုပ်ထားတဲ့ ပစ္စည်းပဲ။ အိုး ၊ ဟုတ်သားပဲ ၊ တစ်ယောက်ယောက်ကို သန့်ရှင်းရေးလုပ်ခိုင်းထားလိုက်ဦး။ နင့်အခန်းထဲက ကြမ်းပြင်ကိုလည်း မနက်ဖြန် ကြွေပြားခင်းမှာ။ ”

“ အယ်။ ” ဟဲရှောင်ယာသည် သူမရဲ့ ဗိုက်ကို ပွတ်သပ်ရင်း “ ကျွန်မရဲ့ သားလေး မွေးလာရင် သန့်ရှင်းနေတဲ့ ကြမ်းပြင်ပေါ်မှာ လေးဖက်ထောက်သွားလို့ ရတော့မယ်။ သူ ကြွေပြားခင်းထားတဲ့ ကြမ်းပြင်ကို အရမ်း ကြိုက်မယ် ဆိုတာ သေချာတယ်။ ” ဟု ရေရွတ်လိုက်၏။

“ ကလေးက ယောက်ျားလေးမှန်း နင် ဘယ်လို သိလဲ။ ”

ဟဲရှောင်ယာက ခဏလောက် တုံ့ဆိုင်းသွားပြီးမှ “ ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ သားယောက်ျားလေးက ပိုမကောင်းဘူးလား။ ” ဟူ၍ ပြန်ပြောသည်။

“ တစ်နေ့ တစ်နေ့ ဟိုအဘွားကြီးတွေ အရည်မရ အဖတ်မရ လျှောက်ပြောနေတာကို လိုက်နားယောင်မနေနဲ့။ ငါတို့မိသားစုမှာ သားတွေရော ၊ သမီးတွေရောက တန်းတူပဲ။ နင် သမီးတွေချည်း မွေးရင်တောင် ငါ နင့်ကို လုံးဝ အပြစ်တင်မှာ မဟုတ်ဘူး။ ”

ဟဲရှောင်ယာသည် သူမရဲ့ နှလုံးသားထဲမှာ နွေးထွေးသော စီးဆင်းမှု တစ်ခုကို ခံစားလိုက်ရလေသည်။ သူမရဲ့ ယောက္ခမက သေချာပေါက် ကမ္ဘာ့အကောင်းဆုံး ယောက္ခမပါပဲ။

ဒါပေမဲ့လည်း သူမ သားယောက်ျားလေးတော့ လိုချင်သေးသည်။ သမီးမိန်းကလေးတိုင်းက သူမကဲ့သို့ ယောက္ခမကောင်းကို ပိုင်ဆိုင်နိုင်တဲ့ ကံကောင်းမှုမျိုး ရှိမှာ မဟုတ်ပါ။ အနာဂတ်မှာ သူမရဲ့ သမီးသာ မကောင်းတဲ့ မိသားစုနှင့် လက်ထပ်မိပါက သူမ ဘယ်လောက်တောင် ရင်ကွဲရမလဲ ဆိုတာ တွေးမကြည့်ရဲပေ။

“ ဒီည ညစာအတွက် ကျွန်မတို့ ဝက်သားနဲ့ ငရုတ်သီး မွှေကြော် စားလို့ ရလား အမေ။ ”

“ အဲ့ဟင်းကို မနေ့က စားပြီးပြီ မဟုတ်ဘူးလား။ ”

“ ဒါပေမဲ့ ကျွန်မ ထပ်စားချင်နေတယ်။ ”

“ ကောင်းပြီလေ။ အဲ့ဒါဆိုလည်း အဲ့ဟင်းပဲ ချက်ကြတာပေါ့။ ငါလည်း စားချင်တယ်။ ငါ ငရုတ်သီး နည်းနည်းပါးပါး သွားခူးလိုက်ဦးမယ်။ ”

လီယောင်က ပြောရင်း ခြင်းတောင်းတစ်လုံးကို ယူလိုက်ချိန်မှာပဲ တရားသူကြီးစုန့်ရဲ့ ရထားလုံးက ခြံဝမှာ ရပ်သွားခဲ့သည်။

“ ဒီအချိန်ကြီး ရောက်လာတာ ဆိုတော့ အရေးကြီးကိစ္စ ရှိလို့လား တရားသူကြီးစုန့်။ ”

တရားသူကြီးစုန့်က “ တကယ့်ကို တော်တော်လေး အရေးကြီးတဲ့ ကိစ္စပါ။ ” ဟု ပြန်ပြောသည်။

“ ဒါဆိုလည်း အိမ်ထဲ အရင် ဝင်ပြီး ထိုင်ပါဦး ၊ ပြီးမှ အေးအေးဆေးဆေး ပြောကြတာပေါ့။ ” လီယောင်သည် သူမရဲ့ လက်ထဲက ခြင်းတောင်းကို တစ်ချက် ကြည့်ပြီး နောက်ကို လှည့်ကာ အော်ပြောလိုက်၏။ “ အခုလောလောဆယ် အဲ့ဒီ ရေအားနဲ့ လည်တဲ့ ဘီးကို ကလိမနေကြနဲ့ဦး ရှောင်စစ်နဲ့ လျှို့ယွင် ၊ ပြီးမှ ဆရာရှားကို လာပြင်ခိုင်းလိုက်လို့ ရတယ်။ အခု နင်တို့နှစ်ယောက် ငရုတ်သီး သွားခူးပေးဦး။ ”

“ လာပြီ လာပြီ။ ”

ဝမ်ရှောင်စစ်က လေအလျင်လို ပြေးထွက်လာပြီး သူ့နောက်မှာတော့ လျှို့ယွင်နှင့် ပိုင်စုန့်တို့ပါ အတူတူ လိုက်ပါလာသည်။ သူတို့သုံးယောက်ဟာ ရေအားနှင့် လည်တဲ့ ဘီးကို ပြင်ဖို့ ကြိုးစားနေကြတာမို့ သုံးယောက်လုံး ညစ်ပတ်ပေကျံပြီး မျက်နှာပေါ်မှာလည်း အမည်းရောင်တွေ စွန်းထင်းနေခဲ့သည်။

အထူးသဖြင့် မျက်နှာတစ်ခုလုံး ဆီဂျီးတွေဖြင့် မည်းကြောင်နေတဲ့ ပိုင်စုန့်ပဲ ဖြစ်သည်။

တရားသူကြီးစုန့်က လျှို့ယွင်ကို မြင်သည်နှင့် ဓာတ်လိုက်သလို အေးခဲသွားခဲ့သည်။

ဒါ … ဒါက … နဝမမြောက်မင်းသား မဟုတ်လား။

သူ မယုံကြည်ရဲပေမဲ့လည်း အမှန်တကယ်ပဲ နဝမမြောက်မင်းသား ဖြစ်နေပါသည်။

နဝမမြောက်မင်းသားက ဘယ်လိုလုပ် လီယောင့်အိမ်ကို ရောက်နေပြီး ဒီလို ပုံစံ ဖြစ်နေရတာလဲ ၊ ပြီးတော့ လီယောင်က င … ငရုတ်သီးတွေ သွားခူးခိုင်းတာကိုလည်း ဘာမှ ပြန်မပြောရဲဘဲ နာခံနေရတယ် … ။

“ ဘာဖြစ်လို့လဲ တရားသူကြီးစုန့်။ ”

“ ဪ။ ဘာ .. ဘာမှ မဖြစ်ပါဘူး။ ”

တရားသူကြီးစုန့်ဟာ အလျင်အမြန်ပဲ သတိပြန်ဝင်လာခဲ့သည်။ အရှင်မင်းမြတ်က စိုက်ပျိုးမွေးမြူရေးဝန်ကြီးကို ဒီကို လွှတ်လိုက်ပြီ ဆိုကတည်းက နဝမမြောက်မင်းသား ဒီကို ရောက်နေတာလည်း မထူးဆန်းတော့တဲ့ ကိစ္စဖြစ်ကြောင်း သူ တွက်ဆကြည့်လို့ ရသည်။

ပြောရရင် ဒီနဝမမြောက်မင်းသားအကြောင်း သူ ကောင်းကောင်း သိသည်လေ။ မင်းသားရဲ့ ပင်ကိုယ်သဘာဝက ပျော်တတ် ပါးတတ်သည်။

“ ဒီနေ့ ကျုပ် အုပ်ချုပ်ရေးမှူးဟူဆီက တရားဝင်စာကို ရခဲ့တယ်။ ” ဟု တရားသူကြီးစုန့်က ပြောလိုက်သည်။ “ အရှင်မင်းမြတ်က စိုက်ပျိုးမွေးမြူရေးဝန်ကြီးကို ပိုင်ချွမ်းခရိုင်ကို စေလွှတ်လိုက်တယ်တဲ့။ မင်းကို ဆုချီးမြှင့်ဖို့အတွက် မင်းရဲ့ စွမ်းဆောင်ချက်တွေ အကုန်လုံးကို စုံစမ်းစစ်ဆေးဖို့လို့ ပြောတယ်။ ”

လီယောင်က ပကတိ တည်ငြိမ်စွာပင်။ “ ကျွန်မက ဆုတော်လာဘ်တော်တွေ လိုချင်လို့ ဒီလိုတွေ လုပ်‌ခဲ့တာ မဟုတ်ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုတွေအတွက်ပဲ လုပ်ခဲ့တာ။ ”

“ ကျုပ် သိပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော သူက ဝန်ကြီးကိုးယောက်ထဲက တစ်ယောက် ဆိုတော့ မင်း သူနဲ့ မတွေ့ချင်ဘူးလို့ ငြင်းဆန်လို့တော့ မရဘူး။ ”

“ ကျွန်မ တကယ် သူနဲ့ မတွေ့ချင်ဘူး။ ဒါမှမဟုတ် ကျွန်မ တောင်ပေါ်မှာ နှစ်လ ၊ သုံးလလောက် သွားနေလိုက်ရင် ကောင်းမလားဟင်။ ”

တရားသူကြီးစုန့် : … ငါ ဒီလို လူမျိုးကို အရင်တုန်းက တစ်ခါမှ မမြင်ဖူးဘူး။ အရှင်မင်းမြတ်က သူမရဲ့ စွမ်းဆောင်ချက်တွေကို သတိထားမိသွားပြီး ဆုချီးမြှင့်ချင်နေတာတောင် သူမက လက်မခံချင်ဘဲ ငြင်းဆန်နေလေရဲ့။ ဒီကမ္ဘာပေါ်မှာ လီယောင့်လို လူမျိုး ရှိမည် မထင်ပါ။

“ တကယ်တော့ မင်း စိုက်ပျိုးမွေးမြူရေးဝန်ကြီးနဲ့ တွေ့စရာ မလိုတော့ပါဘူး။ ” ဟု တရားသူကြီးစုန့်က ပြောလိုက်သည်။ “ အမှန်အတိုင်း ပြောရရင် အဲ့ဒီ လျှို့ယွင်က နဝမမြောက်မင်းသားပဲ။ သူက စိုက်ပျိုးမွေးမြူရေးဝန်ကြီးထက်တောင် ပြောရေးဆိုခွင့် ပိုရှိသေးတယ်။ ”

“ ကျွန်မ သိပါတယ်။ ”

“ မင်း သိနေတာလား … ”

“ သူတို့နှစ်ယောက်က ကျွန်မ မကြားဘူး အထင်နဲ့ သူတို့ဘာသာ တိုးတိုးလေး ပြောနေကြတာလေ။ ” လီယောင်က ရယ်မောလိုက်သည်။ “ ဒါပေမဲ့ ကျွန်မ သိနေတယ် ဆိုတာကို သူတို့ကို မသိစေပါနဲ့။ သူက နေ့တိုင်း အူကြောင်ကြောင်ပုံစံ ဟန်ဆောင်နေတော့ ကျွန်မလည်း ခိုင်းစရာ လူတစ်ယောက် ရလာလို့ ဝမ်းသာပါတယ်။ လူတွေ ပြောကြတဲ့ စကားလိုပေါ့ ၊ အလကားရတဲ့ ပစ္စည်းကို ဖြုန်းတီးမပစ်နဲ့တဲ့။ ”

တရားသူကြီးစုန့်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားကာ ပြုတ်ထွက်ကျလာတော့မလားတောင် ထင်ရသည်။ အလကားရတဲ့ ပစ္စည်းကို ဖြုန်းတီးမပစ်နဲ့လို့ သူ ပြောလိုက်တာလား … ။ လီယောင်က တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင် သတ္တိရှိတာပဲ။

ဒါပေမဲ့ ခုနတုန်းက ကြည့်ရတာ နဝမမြောက်မင်းသားလည်း တော်တော်လေး ပျော်နေပုံရ၍ သူလည်း ဒီမှာ စိတ်ချမ်းသာနေပုံရသည်။

မဟုတ်ဘူး မဟုတ်ဘူး ၊ မဟုတ်သေးဘူး … ။

နဝမမြောက်မင်းသားက ခုနတုန်းက သူ့ကို သတိထားမိသွားသည်။ ရုပ်ဖျက်ပြီး ခရီးထွက်လာတဲ့ မင်းသားရဲ့ သရုပ်မှန်ကို သူ ဖော်ထုတ်လို့ မရပေ။

“ အကြောင်းစုံကတော့ အဲ့ဒါပဲ အမျိုးသမီးလီ။ စိုက်ပျိုးမွေးမြူရေးဝန်ကြီးနဲ့ အုပ်ချုပ်ရေးမှူးဟူက မနက်ဖြန် ရောက်လိမ့်မယ်။ ဒါဆို ကျုပ်လည်း လုပ်စရာလေးတွေ ရှိလို့ ပြန်တော့မယ်နော်။ ”

တရားသူကြီးစုန့်သည် ထိုသို့ ပြောပြီးသည်နှင့် အချိန်ဆက်ဖြုန်းမနေတော့ဘဲ သူ့ရထားလုံးပေါ်ကို အမြန် တက်ကာ ထွက်ခွာလာခဲ့ပါတော့သည်။

…

ဟဲဝမ်ရွာရဲ့ ညတွေက မဆိတ်ငြိမ်ပါ။ နေရာတိုင်းမှာ အင်းဆက်သံ ကျည်ကျည်ကျာကျာနှင့် တောအုပ်တွေရဲ့နောက် တောင်တန်းတွေဆီက ဝံပုလွေအူသံကိုလည်း ရံဖန်ရံခါ ကြားနိုင်သည်။

တော်ဝင်နန်းတော်ရဲ့ ပကတိ တိတ်ဆိတ်မှုနှင့် ယှဉ်လိုက်ပါက ဒီဆူညံနေတဲ့ ပတ်ဝန်းကျင်က လျှို့ယွင်ကို အတော်လေး စိတ်သက်သောင့်သက်သာ ဖြစ်စေပါသည်။ အေးမြသော ကြွေပြားခင်း ကြမ်းပြင်နှင့် ကြယ်စုံညကလည်း လျှို့ယွင်အား ဒါက လူသားကမ္ဘာ အစစ်အမှန်ပါလားဟု ခံစားရစေ၏။

“ အရှင်မင်းသား။ ” ဟု ပိုင်စုန့်က ရုတ်တရက် ခေါ်လိုက်သည်။ “ စိုက်ပျိုးမွေးမြူရေးဝန်ကြီးက မနက်ဖြန်ဆို ရောက်တော့မှာ။ ကျွန်တော်တို့ နေပြည်တော်ကို မကြာခင် ပြန်ရတော့မယ်။ ”

“ အင်း။ ” လျှို့ယွင် သက်ပြင်းယဲ့ယဲ့ချလိုက်မိသည်။ “ ဒါပေမဲ့ ငါ မပြန်ချင်ဘူး။ ”

ဟဲဝမ်ရွာမှာ နေခဲ့ရတဲ့ အတောအတွင်း နေ့တိုင်း လီယောင် ခိုင်းတာတွေကို လုပ်ပေးရင်း အမြဲတမ်း ညစ်ပတ်ပေကျံခဲ့ရပေမဲ့ ဒီနေ့ရက်တွေက လျှို့ယွင်ဘဝရဲ့ အပျော်ရွှင်ဆုံး နေ့ရက်တွေပင်။

ထူးခြားဆန်းသစ်သော အရာများစွာက သူ့စိတ်ကို ဆွဲဆောင်ထားသည်။ ရွာသူ ၊ ရွာသားတွေကလည်း အလွန် သဘောကောင်းသည်။ သူ့ကို မင်းသားတစ်ပါး ဖြစ်နေတဲ့အတွက် ကပ်ဖားရပ်ဖား မလုပ်ကြဘဲ သူနှင့်တောင် နောက်နောက်ပြောင်ပြောင် စကားတွေ ပြောလေ့ရှိသည်။ အမျိုးသမီးကြီးတွေကလည်း သူ့ကို မိန်းကလေးတွေနှင့် အောင်သွယ်ပေးဖို့ ကြိုးစားကြသည်။

ဒီကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်ရွာသားတွေက အဲ့လိုမျိုး ပြုမူရဲမှာလဲ။

ဒါတွေ အကုန်လုံးက လီယောင့်ဆီက အခြေပြု ဆင်းသက်လာခဲ့တာ ဖြစ်သည်။ ရဲရင့်တဲ့ သာမန်ပြည်သူ အမျိုးသမီးတစ်ယောက်ဟာ သူမလိုပဲ ထပ်တူညီမျှ ရဲရင့်တဲ့ ရွာသူ ၊ ရွာသားတွေကို ခေါ်ဆောင်လာခဲ့ကာ ဘာ့ကြောင့်ရယ်မသိဘဲ လျှို့ယွင်အား အလွန် လွတ်လပ်ကာ ပျော်ရွှင်စရာကောင်းသော ဘဝကို ခံစားရစေသည်။

တကယ်လို့ တစ်နိုင်ငံလုံးသာ ဟဲဝမ်ရွာလို ဟန်ချက်ညီပြီး သာယာအေးချမ်းရင် ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်မလဲ။

သို့သော်လည်း အဲ့ဒါက ဖြစ်နိုင်ချေ အလွန် နည်းတယ် ဆိုတာကို သူ နားလည်ပါသည်။

အိမ်ရှေ့မင်းသားက ပြည်သူတွေအပေါ် သူ့လောက် ဖော်‌ဖော်ရွေရွေ မဆက်ဆံတတ်ပေ။ ထိုလူ့စိတ်ဟာ အပ်ရဲ့ ထိပ်က အပေါက်ထက်တောင် ကျဉ်းမြောင်းသေးသည်။

“ ငါတို့ ဒီရွာမှာ ခဏလောက် ဆက်နေရင် ကောင်းမလား ပိုင်စုန့်။ ”

“ အရှင်မင်းသားကလည်း .. အဲ့ဒါက ဘယ်လိုလုပ် သင့်တော်မှာလဲ။ အရှင်မင်းမြတ်ကလည်း ကျွန်တော်တို့ကို ဒီလို လုပ်ခိုင်းထားတာ မဟုတ်ဘူးလေ။ ”

“ စစ်တပ်တွေတောင် ရုံးတော်နဲ့ ဝေးကွာနေတဲ့ အချိန်ဆို နည်းနည်းပါးပါးတော့ လွတ်လပ်မှုရရှိကြတာပဲ။ ” ဟု လျှို့ယွင်က ငြင်းဆန်လိုက်သည်။ “ ခမည်းတော်သာ ငါ့ကို ပြန်လာစေချင်ရင် လူတစ်ယောက်ယောက်ကို လွှတ်လိုက်လိမ့်မယ်။ ဘယ်သူမှ ရောက်မလာရင်တော့ သူ ငါ့ကို ဒီမှာ ရက်နည်းနည်းလောက် ဆက်နေဖို့ တစ်ဖက်လှည့်နဲ့ ခွင့်ပြုပေးလိုက်တာပဲ မဟုတ်ဘူးလား။ မင်းရော အဲ့လို မထင်ဘူးလား။ ”

ပိုင်စုန့်တစ်ယောက် စိတ်ထဲကပဲ သက်ပြင်းရှိုက်လိုက်သည်။ အပျော်အပါးကို အရမ်း မက်တာလေးက လွဲလို့ အရှင်မင်းသားဟာ ဘယ်ဘက်ကကြည့်ကြည့် ပြီးပြည့်စုံပါသည်။

ဒါပေမဲ့ အရှင်မင်းသားရဲ့ စကားက အဓိပ္ပါယ်ရှိသည်။ ပြီးတော့ အဲ့ဒါကလည်း ပိုကောင်းဖို့အတွက်ပဲ ဖြစ်နိုင်လောက်သည်။

နေပြည်တော်က အပေါ်ယံမှာသာ တည်ငြိမ်အေးချမ်းနေပေမဲ့ မျက်နှာပြင်အောက်မှာ ရေစီးကြောင်းတွေက ဝင်ရောက်‌လာနေပြီ ဖြစ်သည်။ ရည်မှန်းချက်ကြီးလွန်းတဲ့ အိမ်ရှေ့မင်းသားက ဘယ်အချိန် ပြဿနာထရှာမလဲ ဆိုတာ ဘယ်သူမှ အတပ် မသိနိုင်ပါ။

ဧကရာဇ်ရဲ့ မျက်လုံးတွေနှင့် ဝေးသည့် ဒီနေရာမှာ နေတာက နဝမမြောက်မင်းသားအတွက် အလုံခြုံဆုံး ဖြစ်သည်။ ပြီးတော့ သူလည်း မင်းသားကို သေချာ စောင့်ရှောက်ပေးနေသရွေ့ ဘာဒုက္ခမှ ဖြစ်မလာနိုင်လောက်ပါ။

“ ဒါဆိုလည်း လဝက်လောက် ဆက်နေကြမယ်။ ”

“ ဟဲဟဲ။ မင်း သဘောတူမယ် ဆိုတာ ငါ သိပါတယ်။ ”

…

အခန်း ( ၁၃၈ ) အရင်တုန်းက ဒီလို မဟုတ်ပါ။

ပိုင်ချွမ်းခရိုင်သို့ သွားတဲ့ လမ်းတစ်လျှောက်တွင် ရထားလုံးတွေ အများကြီး စီတန်း၍ တရွေ့ရွေ့ သွားနေခဲ့သည်။

ပိုင်ချွမ်းခရိုင်ရဲ့ နယ်မြေထဲကို ဝင်ရောက်လာသည်နှင့် အဖုအထစ် ဗရပွဖြင့် မညီမညာဖြစ်နေခဲ့တဲ့ လမ်းဟာ ချက်ချင်း ဆိုသလိုပဲ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်ပင် ချောမွေ့သွားခဲ့လေသည်။

ကျယ်ပြန့်သော ကျောက်စရစ်ခင်းလမ်းကို ကြည့်ပြီး ထိပ်တန်းအကြီးအကဲ ကျိုးပေါ်ရဲ့ မျက်နှာက အနည်းငယ် မကျေမနပ်ဖြစ်သွား၏။

ဧကရာဇ်ရဲ့ နွေရာသီနန်းဆောင်ကို သွားတဲ့ လမ်းကတောင် မညီညာတဲ့ လမ်း ဖြစ်နေချိန်မှာ ဘာမဟုတ်တဲ့ ပိုင်ချွမ်းခရိုင်ဟာ ရာရာစစ ဒီလို လမ်းကောင်းကောင်းကို အတင့်ရဲစွာ တည်ဆောက်ထားခဲ့သည်။

မကျေမနပ် ဖြစ်သွားတဲ့ အကြီးအကဲကျိုးပေါ်ကို သတိထားမိသော ၊ ရထားလုံး တစ်ခုထဲမှာ အတူတူ လိုက်ပါလာတဲ့ အုပ်ချုပ်ရေးမှူးဟူက အမြန် ဝင်ပြောလိုက်သည်။ “ ဒီလမ်းကို အရပ်သူ လီယောင်နဲ့ စုန့်ဖန်ရဲ့ အလောတကြီး တိုက်တွန်းမှုကြောင့် ဆောက်ထားတာပါ ဆရာကျိုး။ ကျွန်တော် သေချာ စုံစမ်းပြီးသွားပြီ။ မနှစ်တုန်းက ကပ်ရောဂါပပျောက်ရေးအတွက် ဒုက္ခသည်တွေကို အလုပ်အကိုင်ပေးရမယ် ဆိုတဲ့ မူမမှန်တဲ့ အကြောင်းပြချက်နဲ့ ဒုက္ခသည်တွေကို လမ်းတွေ ၊ ရေကာတာတွေ ဆောက်ခိုင်းခဲ့တာပါ။ ဒါပေမဲ့ သူတို့က ဒုက္ခသည်တွေကို လုပ်အားခလည်း တစ်ပြားတစ်ချပ်မှ မပေးဘဲနဲ့ တစ်ရက်ကို ဆန်ပြုတ်ကျဲကျဲ နှစ်ခွက်ပဲ ပေးတယ်။ တကယ့်ကို ယုတ်မာပြီး လူမဆန်တဲ့ လုပ်ရပ်ပါ။ ”

“ အဲ့ဒီ တရားသူကြီးစုန့်ဖန်က အဆုံးစွန်ဆုံးထိ တရားလွန်နေပြီပဲ။ ”

ထိုစကားကို ကြားတော့ အုပ်ချုပ်ရေးမှူးဟူ တိတ်တိတ်လေး ကျိတ်ဝမ်းသာသွားသည်။ သူ စုန့်ဖန်ကို မောင်းထုတ်ချင်နေတာ အချိန် အတော် ကြာခဲ့ပါပြီ။ ပိုင်ချွမ်းခရိုင်မှာ ထိုလူ့ရဲ့ ဆောင်ရွက်ချက်တွေက အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ သူ့ထက်တောင် ထူးခြားပေါ်လွင်နေသည်။ လူတိုင်းရဲ့ လေးစားမှုတွေ အကုန်လုံးကို သူတစ်ယောက်တည်းကပဲ လုယူသွားတဲ့အပြင် သူ့အမိန့်ကိုလည်း မနာခံ ၊ လာဘ်ထိုးလို့လည်း မရ။

စုန့်ဖန်ကို မောင်းထုတ်ပြီး သူ့အမိန့်ကို နာခံမယ့် တရားသူကြီးတစ်ယောက်ကို ပြောင်းရွေ့လာပြီးရင်တော့ သူ ပိုင်ချွမ်းခရိုင်မှာ အမြတ်ထုတ် စီးပွားရှာနိုင်ပါလိမ့်မည်။

ကျိုးပေါ်က “ အရပ်သူ လီယောင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အကုန်လုံးကိုရော မင်း စုံစမ်းစစ်ဆေးပြီးပြီလား။ ” ဟု မေးလိုက်သည်။

“ သေသေချာချာ စုံစမ်းပြီးသွားပါပြီ။ ” ဟု အုပ်ချုပ်ရေးမှူးဟူက ပြန်ပြောလိုက်သည်။ “ အရပ်သူ လီယောင်က ဝံပုလွေလိုမျိုး အကြံကြီးတယ်။ သူမက သန့်စင်တဲ့ သံမဏိကို လျှို့ဝှက် သွန်းလုပ်နေခဲ့တာပါ။ ဒီကိစ္စ တစ်ခုတည်းနဲ့တင် သူမကို အကျဉ်းချဖို့ လုံလောက်တယ်။ ကျွန်တော် ဟဲဝမ်ရွာက ထွက်လာတဲ့ ကုန်သည်တစ်ယောက်ဆီက သံမဏိ ဓားသွားလက်ကိုင် အခု ( ၃၀၀ ) ရှာတွေ့ထားတယ်။ ဒါက လက်နက်တွေကို တရားမဝင် ထုတ်လုပ်နေတာမို့လို့ ရာဇဝတ်မှုတွေထဲမှာ အကြီးဆုံး ရာဇဝတ်မှုပါ။ ”

“ အဲ့လောက်နဲ့ မလုံလောက်သေးဘူး။ ဝန်ကြီးချုပ်က သူ့ကို ဘာလုပ်ချင်နေလဲ ဆိုတာ သိသာတယ်။ ဒီ လီယောင် ဆိုတဲ့ အမျိုးသမီးကို အရှင်ထားလို့ မရဘူး။ မင်း ပြောတဲ့ ပြစ်မှုတွေက အလွန်ဆုံး သူ့ကို ပြည်နှင်ဒဏ်ပေးလို့ပဲ ရတယ်။ သေဒဏ်ချမှတ်လို့ မရဘူး။ ”

“ ဒါဆို … ” အုပ်ချုပ်ရေးမှူးဟူက မျက်လုံးလှိမ့်ပြီး ပြောလိုက်သည်။ “ သူ ရွာထဲမှာ အများပိုင်ခန်းမတွေ တိတ်တဆိတ် တည်ဆောက်ပြီး ကိုယ်ပိုင်တပ်သားတွေကို လျှို့ဝှက် လေ့ကျင့်ပေးနေတယ် ဆိုတာလည်း ကျွန်တော် စုံစမ်းလို့ ရထားပါတယ်။ သူက ကုန်သွယ်သလို ဟန်ဆောင်ပြီး နန့်ကျောက်ဒေသနဲ့ ပူးပေါင်းပြီး မသမာတဲ့ ကိစ္စတွေကို လုပ်ဖို့ အကွက်ချနေပါတယ်။ ဒီလောက်ဆို သူမကို ရှင်းပစ်လို့ ရလောက်ပါပြီ။ ”

“ အင်း ၊ ဟုတ်တယ်။ ” ကျိုးပေါ်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ သစ္စာဖောက်လီယောင်အကြောင်း စုံစမ်းပေးတာက အုပ်ချုပ်ရေးမှူးဟူ ချီးကျူးထိုက်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာပါပဲ။ ကျုပ် နေပြည်တော်ကို ပြန်ရောက်ရင် ဒီကိစ္စကို အရှင်မင်းမြတ်ဆီ အမှန်အတိုင်း အစီရင်ခံလိုက်ပါ့မယ်။ ”

“ ကျေးဇူးတင်ပါတယ် ဆရာကျိုး။ ”

“ ကျုပ်တို့ ပိုင်ချွမ်းခရိုင်ကို ရောက်ဖို့ ဘယ်လောက် ကြာဦးမလဲ။ ”

“ သိပ်မလိုတော့ပါဘူး။ ကျွန်တော်တို့ နေမဝင်ခင် ရောက်မှာပါ။ ကျွန်တော် အဲ့ဒီကို လူတွေ ကြိုလွှတ်ပြီး စီစဉ်စရာရှိတာတွေ စီစဉ်ခိုင်းထားတယ်။ မနက်ဖြန် ဟဲဝမ်ရွာကို တန်းသွားလို့ ရတယ် ဆရာကျိုး။ ”

“ မလောပါနဲ့ မလောပါနဲ့။ အရှင်မင်းမြတ်က ကျုပ်ကို စုံစမ်းစစ်ဆေးခိုင်းထားတာ ဆိုတော့ သဘာဝကျအောင် ကျုပ်ရဲ့ လူတွေကို နှစ်ရက်လောက် သေချာ စုံစမ်းခိုင်းပြီးမှ ဟဲဝမ်ရွာကို သွားမယ်။ အဲ့လောက်ဆို သိပ်နောက်မကျသေးပါဘူး။ အဲ့ဒီ အရပ်သူ လီယောင်က ထွက်ပြေးနိုင်မှာမို့လို့လား။ ”

“ သူ ထွက်ပြေးရင်တော့ အဲ့ဒါက အပြစ်ဒဏ်ခံရမှာကို ရှောင်တိမ်းတာပဲ။ ”

သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြလေသည်။

…

ယီကျိူးစီရင်စု စစ်တန်းလျား။

တော်ဝင်တပ်မှူးချုပ်ရှုသည် သူ့နောက်က လိုက်ပါလာတဲ့ ကိုယ်ရံတော်တွေ အများကြီးနှင့်အတူ စစ်တန်းလျားထဲကို ခြေလှမ်းကျဲတွေနှင့် ဝင်ရောက်လာခဲ့သည်။

ဒါပေမဲ့ သူ့မျက်စိရှေ့က မြင်ကွင်းက သူ့ကို အကြီးအကျယ် ဒေါသထွက်သွားစေခဲ့ပါသည်။ ကြီးမားတဲ့ စစ်တန်းလျားတွေက လေ့ကျင့်နေတဲ့ စစ်သားတစ်ယောက်တောင် မရှိဘဲ အခွံသက်သက် ဖြစ်နေသည်။

စစ်တန်းလျားဂိတ်ပေါက်မှာ အကြာကြီး စောင့်ပြီးတဲ့နောက်မှာတော့ မျက်ခုံး‌ကုပ်ကုပ် ၊ နှာခေါင်းကောက်ကောက်နှင့် ဗိုလ်မှူးက နှေးကွေးစွာ လျှောက်လာပြီး အထက်စီးက မေးခဲ့သည်။ “ မင်းက ဘယ်သူလဲ။ တိုင်းပြည်ရဲ့ စစ်တန်းလျားတွေထဲကို ဝင်ချင်တိုင်း ဝင်လို့ မရဘူး ဆိုတာ မင်း မသိဘူးလား။ ”

သူ့ရဲ့ အထက်စီးဆန်သော အပြောအဆိုက ရှုကျန်းအား သူ့ကို ကောင်းကင်ပေါ် လွင့်ပျံမြှောက်တက်သွားအောင် ရိုက်ပစ်ချင်စိတ်ပေါက်စေခဲ့သည်။

“ အတင့်ရဲလိုက်တာ။ ” ကိုယ်ရံတော်တစ်ယောက်က ခက်ထန်စွာ အော်ပြောလိုက်သည်။ “ တော်ဝင်တပ်မှူးချုပ်ကိုတောင် မင်းက မထီမဲ့မြင်ပြုရဲတယ်။ ”

ဘာ … တော်ဝင်တပ်မှူးချုပ် .. ဟုတ်လား။

ကြောက်လန့်မှုကြောင့် ဗိုလ်မှူးရဲ့ ခြေထောက်တွေ ကြောက်ဒူးတုန်သွားခဲ့သည်။

ဘုရားရေ … တော်ဝင်တပ်မှူးချုပ်က နန့်ကျောက်ဒေသရဲ့ တောင်ပိုင်းနယ်စပ်ကို လှည့်လည်စောင့်ကြည့်ဖို့ ထွက်သွားတယ်လို့ သူတို့ပဲ ပြောထားတာ မဟုတ်ဘူးလား။ သူက စစ်တန်းလျားတွေဆီကို ရုတ်တရက်ကြီး ဘယ်လိုလုပ် ရောက်လာတာလဲ။ ပြီးတော့ ချပ်ဝတ်တန်ဆာတွေအစား သာမန်အဝတ်အစားတွေပဲ တဝ်ထားတဲ့ သူ့ကို ဘယ်သူက မှတ်မိမှာလဲ … ။

ဒါပေမဲ့ အခြေအနေကို အကဲခတ်ရသလောက် ဒီလူက တကယ့် တော်ဝင်တပ်မှူးချုပ်အစစ် ဖြစ်နေနိုင်တာမို့ သူ မြေကြီးပေါ် ဒူးထောက်ချလိုက်သည်။

“ ကျွန်တော့်ကို သက်ညှာပေးပါ တော်ဝင်တပ်မှူးချုပ်။ ကျွန်တော် တပ်မှူးချုပ်မှန်း မသိခဲ့လို့ပါ … ”

“ ထစမ်း။ ”

ရှုကျန်းရဲ့ အော်သံကြောင့် ဗိုလ်မှူးက မြေကြီးပေါ်ကနေ တုန်တုန်ယင်ယင် ထလာသည်။

“ မင်းကို ဒူးထောက်ဉီးညွှတ်ရမယ်လို့ ဘယ်သူ သင်ပေးထားတာလဲ။ ” ဟု ရှုကျန်း ပြောလိုက်သည်။ “ ငါ့တပ်သားတွေဆို ချပ်ဝတ်တန်ဆာတွေ ဝတ်ထားတာနဲ့ ဘယ်သူ့ကိုမှ ဉီးညွှတ်စရာမလိုဘူး။ မင်းက ဗိုလ်မှူးတစ်ယောက် ဖြစ်ပြီး ဒါတောင် မသိဘူးလား။ ”

“ ကျွန် … ကျွန်တော် မှားသွားပါတယ်။ ”

“ အသုံးမကျတဲ့ ကောင်။ မင်းမှာ အခြေခံအသိလေးတောင် မရှိဘူး။ ”

ရှုကျန်းသည် အဆင့်နိမ့် အမှုထမ်းတစ်ယောက်ကို အရမ်းကြီး အပြစ်တင်မနေချင်သလို တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူ ဒေါသမထွက်ဖို့နှင့် ဒေါသထွက်တာက ကျန်းမာရေးအတွက် မကောင်းကြောင်း သတိပေးလိုက်သည်။

“ ငါ့ကို စစ်တန်းလျားတွေကို လိုက်ပြ။ ”

“ ဟုတ်ကဲ့။ ”

“ မင်းက အရှေ့က သွား။ ငါ ဘယ်သူလဲ ဆိုတာ မင်းတပ်သားတွေကို မပြောနဲ့ဉီး။ ”

“ ဟုတ်ကဲ့။ ”

ရှုကျန်းသည် ဗိုလ်မှူးရဲ့ ဦးဆောင်မှုနှင့်အတူ တပ်သားတွေ စခန်းချတဲ့ တန်းလျားနားကို ရောက်လာခဲ့ချိန်မှာ အိပ်ရာထဲတွင် တခေါခေါ ဟောက်လျက် အိပ်မောကျနေကြတဲ့ နိုင်ငံ့တပ်သားတွေကို မြင်လိုက်ရလေသည်။ အိပ်ရာထပြီးသား ဖြစ်တဲ့ တချို့ကလည်း လမ်းလျှောက်ရင်း ပျင်းရိစွာ သမ်းဝေနေကြသည်။

စိတ်အေးအေးထားစမ်း ၊ စိတ်အေးအေးထားစမ်း … ။

ခဏကြာတော့ သူတို့လူစုသည် ကျီနားကို ရောက်လာခဲ့ကြသည်။ သို့သော် အစောင့်အကြပ်ရယ်လို့ တစ်ယောက်မှ ရှိမနေပါ။

“ ဒီမှာ စောင့်တဲ့အစောင့်တွေ ဘယ်ရောက်နေတာလဲ။ ”

“ အဲ့ဒါက … ” ဗိုလ်မှူးသည် ကျီကို စောင့်ကြပ်ပေးတဲ့ သူ့မိသားစုဝင်တွေကို စိတ်ထဲကပဲ ကျိန်ဆဲလိုက်သည်။ ဒင်းတို့တွေ လောင်းကစားလုပ်ဖို့ ခိုးထွက်သွားပြန်ပြီ ထင်သည်။ “ ကျွန်တော် သူတို့ကို အခုချက်ချင်း သွားရှာလိုက်ပါ့မယ်။ ”

“ မင်း မရှာနဲ့။ ငါကိုယ်တိုင်ပဲ ရှာလိုက်မယ်။ ”

ကျီထဲကို ရှုကျန်း ဝင်သွားပြီး သိပ်မကြာလိုက်ဘဲ ချောင်ကျကျ ထောင့်တစ်နေရာမှာ စုဝေးနေတဲ့ အစောင့်တွေ အများကြီးကို တွေ့လိုက်ရသည်။

“ ဝယ်မှာလား ၊ ရောင်းမှာလား။ ငါကတော့ လာထားပဲနော်။ ”

ဗိုလ်မှူး ရောက်လာတာကို မြင်တော့ ထိုလူတွေထဲက တစ်ယောက်က ရယ်ရယ်မောမောနှင့် လှမ်းမေးသည်။ “ အဘိုးကြီးကျန်းလည်း တစ်ပွဲလောက် ဝင်ဆော့ချင်လို့လား။ ”

ထိုလူကို လည်ပင်းညှစ်သတ်ချင်စိတ်အား ဗိုလ်မှူး မနည်း ထိန်းလိုက်ရသည်။

“ ဒီလူတွေက ဘယ်သူတွေလဲ။ သူတို့ကို ကျုပ် တစ်ခါမှ မမြင်ဖူးပါဘူး။ ” ဟု တပ်သားတစ်ယောက်က ထပြောသည်။ “ ဟေ့ကောင် .. မင်းရော တစ်ပွဲလောက် ဆော့ချင်လား။ ”

ရှုကျန်းသည် ထိုလူရဲ့ စကားကို ဘာမှ ပြန်မပြောဘဲ မည်းနက်သော မျက်နှာဖြင့် လျှောက်ထွက်လာခဲ့လိုက်၏။ ဒေါသထွက်လို့ မရဘူး ၊ ဒေါသထွက်လို့ မရဘူး။ ဒေါသထွက်တာက ကျန်းမာရေးအတွက် မကောင်းဘူး … ။

သို့သော်လည်း သူ ဒေါသမထွက်ပါဘူးလို့ ပြောလျှင်တော့ လိမ်ရာကျလိမ့်မည်။

ဒီလူတွေဟာ နိုင်ငံ့စစ်သားတွေ ဖြစ်နေတာတောင် စည်းကမ်းလိုက်နာမှုကတော့ ဈေးထဲက လူတွေထက်တောင် ဖရိုဖရဲနိုင်နေခဲ့သည်။ စစ်သားတစ်ယောက်ရဲ့ ဒီလို စည်းကမ်းလိုက်နာပုံမျိုးနှင့်ဆိုရင် သူတို့ကို စစ်တိုက်ဖို့ ဘယ်လို မျှော်လင့်လို့ ရမှာလဲ။

ရှုကျန်းက “ ငါ့ကို ပြောစမ်း။ ဘာလို့ ဒီလို ပုံစံ ဖြစ်နေတာလဲ။ အုပ်ချုပ်ရေးမှူးဟူက ဒီလိုပဲ မင်းစိတ်တိုင်းကျ လွှတ်ပေးထားတာလား။ ”

“ တကယ်တော့ ပုံမှန်ဆို ဒီလောက် အခြေအနေ မဆိုးပါဘူး ဆရာရယ်။ ” ဗိုလ်မှူးက ကြောက်လန့်တုန်ယင်စွာ ပြန်ဖြေသည်။ “ မနေ့တုန်းက အုပ်ချုပ်ရေးမှုးဟူက တပ်သား ( ၂၀၀၀ ) ကို ပိုင်ချွမ်းခရိုင်ကို ခေါ်သွားတယ်။ အရာရှိတွေ အကုန်လုံး သူနဲ့ ပါသွားတော့ ကြီးကြပ်ပေးမယ့် လူ မရှိတော့ဘူး။ အဲ့လိုနဲ့ လူတိုင်းက အကျင့်ပျက်လာကြတာပါ။ ”

တော်ဝင်တပ်မှုးချုပ် ရှုကျန်းရဲ့ မျက်ခုံးတွေ အနည်းငယ် တွန့်ချိုးသွားရသည်။ အုပ်ချုပ်ရေးမှုးဟူ အကြီးအကဲကျိုးပေါ်ကို အဖော်ပြုပေးဖို့ ပိုင်ချွမ်းခရိုင်ကို လိုက်သွားတယ် ဆိုတာ သူ သိသည်။ ဒါပေမဲ့ သူတို့က လီယောင့်ကိစ္စကို စစ်ဆေးဖို့ပဲ သွားတာလေ။ ဘာလုပ်ဖို့ တပ်သား ( ၂၀၀၀ ) ကျော်တောင် လိုတာလဲ။

ထိုအရေအတွက်က ယီကျိူးစီရင်စုမှာ ရှိတဲ့ တပ်သားတွေရဲ့ တစ်ဝက် ရှိသည်။

“ အရာရှိတွေ မရှိတော့ဘူး ဆိုရင်တောင် မင်းတို့ ဒီလောက်ထိ ပျင်းရိပြီး အကျင့်ပျက်နေလို့ မရဘူးလေ။ ”

“ ဒီလက်အောက်ငယ်သားက ကိုယ့်အမှားကိုယ် သိပါပြီ။ ” ဗိုလ်မှူးက စကားခဏရပ်သွားပြီးမှ သတ္တိစုစည်းကာ ဆက်ပြောလိုက်သည်။ “ တ … တကယ်တော့ ကျွန်တော်တို့ရဲ့ ယီကျိူးစီရင်စုက တပ်သားတွေက အရင်တုန်းက ဒီလို မဟုတ်ပါဘူး တပ်မှုးချုပ်။ ”

All Chapters