အခန်း (၁၃၉-၁၄၀)
Vol. 12 Ch. 139-140
အခန်း ( ၁၃၉ ) လူတိုင်းသာ မြင်းတပ်သားတွေ ဖြစ်နေရင် ကောင်းမည်။
“ ဟမ်။ ဒါဆို အခု ဘာလို့ ဒီလို ဖြစ်သွားတာလဲ။ ”
“ ကျွန်တော် ဆရာ့ကို ဖုံးကွယ်မထားတော့ပါဘူး ဆရာ။ ” က ဗိုလ်မှူးက ပြောသည်။ “ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အရင် အုပ်ချုပ်ရေးမှူးဟောင်း ရာထူးပြောင်းရွေ့သွားတော့ ရာဇဝတ်တရားသူကြီးဟူရဲ့ တူ ဖြစ်တဲ့ လက်ရှိ အုပ်ချုပ်ရေးမှူးဟူ ရောက်လာပါတယ်။ သူ ရောက်လာကတည်းက သူက သူ့သူငယ်ချင်းတွေကို ပစားပေးတဲ့အပြင် စစ်တပ်အတွက် တိုင်းပြည်က ထောက်ပံ့တဲ့ ဘဏ္ဍာငွေတွေကိုလည်း လတိုင်း အလွဲသုံးစားလုပ်တယ် ၊ တပ်သားတွေအတွက် အချိုးကျ ရတဲ့ ရိက္ခာတွေကိုလည်း တိတ်တိတ်လေး ထုတ်ရောင်းတယ် ၊ နန့်ကျောက်ဒေသကိုတောင် လက်နက်တွေ ခိုးရောင်းလိုက်သေးတယ်။ ဒါပေမဲ့ လေ့ကျင့်ရေးတွေကိုကျတော့ သူက ဒီတိုင်း ပစ်ထားတယ်။ အဲ့လိုနဲ့ အချိန်ကြာလာတာနဲ့အမျှ ယီကျိူးစီရင်စုက အတွင်းထဲမှာ အခုလို ဖရိုဖရဲဖြစ်လာတော့တာပါပဲ။ ”
“ မင်း ဘာပြောလိုက်တယ်။ ” ရှုကျန်းက ဗိုလ်မှူးကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်လိုက်၏။ “ သူက ပြင်ပတိုင်းပြည်က ရန်သူတွေကို လက်နက်တွေ ခိုးရောင်းတယ်တဲ့လား။ ဒါက ဘယ်လို ရာဇဝတ်မှုမျိုးလဲ ဆိုတာ မင်း သိလား။ မင်းရဲ့ အထက်အရာရှိကို မဟုတ်မှန် စွပ်စွဲရင် မင်း စစ်တပ်ရဲ့ ကျင့်ဝတ်သိက္ခာကို စော်ကားမှုနဲ့ ခေါင်းဖြတ်ကွပ်မျက်ခံရနိုင်တယ်နော်။ ”
“ ကျွန်တော် မဟုတ်မမှန် မပြောရဲပါဘူး။ ” ဗိုလ်မှူးက သူ့နှလုံးသားထဲမှာ မျိုသိပ်ထားရတာ ကြာခဲ့ပြီ ဖြစ်တဲ့ ဒီကိစ္စကို ထုတ်ပြောလိုက်သည်။ “ အရှင် ကျွန်တော့်စကားကို မယုံရင် ဒီစစ်တန်းလျားထဲက ဘယ်သူ့ကိုမဆို မေးကြည့်လို့ ရပါတယ်။ အဲ့ဒါဆို ကျွန်တော် ပြောတဲ့ စကားတွေ အကုန်လုံးက အမှန်တွေ ဆိုတာ အရှင် နားလည်သွားပါလိမ့်မယ်။ ”
ရှုကျန်းသည် သူ့နှလုံးသားထဲမှာ ရေခဲတမျှ အေးစက်သွားသလို ခံစားလိုက်ရလေသည်။
ဒီနှစ်ပိုင်းတွေထဲမှာ ယီကျိူးစီရင်စုက လာတဲ့ တပ်သားအသစ်တွေက အလွန် ပျော့ညံ့ပြီး အသုံးမဝင်တာ အံ့ဩစရာမရှိပါ။ လတ်စသတ်တော့ စာရိတ္တပျက်ပြားတဲ့ အရာရှိတွေကြောင့် ယီကျိူးခရိုင်စစ်တပ်က အတွင်းမှာ အခေါင်းပေါက်ကြီး ဖြစ်နေတာပင်။
ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးရမယ် ဆိုတာ သိပေမဲ့ နဂါးတစ်ကောင်ဟာ ဘယ်လောက်ပဲ အားကောင်းသန်မာပါစေ ၊ နယ်မြေကို ကျင်လည်တဲ့ ဒေသခံမြွေတွေကိုတော့ အမြစ်ဖြတ်လို့ မရတာကို ရှုကျန်း နားလည်သည်။
သူက နိုင်ငံအတွင်းက တပ်သားအင်အားတွေ အကုန်လုံးကို အုပ်ချုပ်ရတဲ့ တော်ဝင်တပ်မှူးချုပ် ဆိုရင်တောင် ဒီနယ်မြေမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်ထားပြီး အာဏာရှိနေတဲ့ အုပ်ချုပ်ရေးမှူးဟူကို သူ့ဘေးမှာ တပ်သား တစ်ယောက်မှ မရှိဘဲ လက်လွတ်စပယ် သွားထိရင် ကိုယ့်သေကြောင်းကိုယ်ကြံသလို ဖြစ်လိမ့်မည်။
“ မင်းနာမည် ဘယ်လို ခေါ်လဲ။ ”
“ ဒီလက်အောက်ငယ်သားရဲ့ နာမည်က ယန်ကျန်းလို့ ခေါ်ပါတယ်။ ”
“ အခု ဒီတပ်မှာ တပ်သား ဘယ်နှယောက် ရှိလဲ။ ”
“ စစ်တန်းလျားတွေထဲမှာ လူတစ်ထောင်ကျော် ကျန်ခဲ့ပါတယ် အရှင်။ အကုန်လုံးက အုပ်ချုပ်ရေးမှူးဟူကို သဘောမကျတဲ့ တပ်သားတွေချည်းပါပဲ။ ” ဟု ယန်ကျန်းက ပြန်ပြောလိုက်သည်။ “ အရှင့်ရဲ့ နာမည်ကိုသာ ပြောလိုက်ရင် သူတို့က သေချာပေါက် အသက်နဲ့ ရင်းပြီး တာဝန်ထမ်းဆောင်ကြမယ့် လူတွေပါ။ ”
တော်တော်လေးကို နည်းနေသေးတဲ့ တပ်သားအရေအတွက်ပဲ ဖြစ်ပါသည်။
ယန်ကျန်းက “ ဟုတ်သားပဲ။ တပ်သားသစ် နှစ်ထောင်လည်း ရှိပါသေးတယ်။ အသစ် စုဆောင်းထားတဲ့ တပ်သားသစ်တွေရဲ့ စစ်တန်းလျားတွေက ဒီမှာ မရှိပေမဲ့ အုပ်ချုပ်ရေးမှူးဟူက တပ်သားသစ်တွေဆီတော့ အခုထိ ခြေမဆန့်ရသေးဘူး။ ”
“ ကောင်းတယ်။ ငါ့ကို တပ်သားသစ်တွေရဲ့ စစ်တန်းလျားတွေဆီ ခေါ်သွားပေးပါ။ ”
…
တပ်သားတွေ လေ့ကျင့်သည့် ကွင်းပြင်ကျယ်ကြီးထဲတွင် ကျောပေါ်မှာ လေးနှင့်မြားကို လွယ်ထားတဲ့ ပုံရိပ်နှစ်ခုဟာ ပစ်မှတ်တွေဆီသို့ လေလို လျင်မြန်သော အရှိန်နှုန်းဖြင့် ပြေးသွားနေခဲ့ကြသည်။
“ မင်း ဒီတစ်ခေါက်တော့ ရှုံးမှာ သေချာတယ် ဝမ်စန်းအာ။ ” အရပ်ပိုရှည်တဲ့ တပ်သားသစ်က စည်းကို အရင်ဆုံး ရောက်သွားပြီး သူ့ကျောပေါ်က လေးနှင့်မြှားကို ဖြုတ်ယူလိုက်သည်။ “ ခြေလှမ်း ငါးဆယ် အကွာအဝေးအတွင်းမှာ ငါ တစ်ခါမှ ပစ်ချက်မလွဲဖူးဘူး။ ”
“ အပြောထက် အလုပ်နဲ့ သက်သေပြစမ်းပါ။ ”
ထိုတပ်သားသစ်နောက်က ထပ်ချပ်မကွာ လိုက်လာတဲ့ ဝမ်စန်းအာကလည်း လေးနှင့်မြားကို ပြိုင်တူ ဖြုတ်ယူလိုက်၏။
ဝှစ် ဝှစ် … ။
တစ်ချိန်တည်းနီးပါးပင် မြားရှည် နှစ်စင်းဟာ ပစ်ခွင်းထွက်သွားခဲ့ပြီး ပစ်မှတ်ရဲ့ အလယ်ဗဟိုတည့်တည့်က အနီရောင်အမှတ်ကို တိတိကျကျ ထိမှန်သွားခဲ့လေသည်။
“ မြားနှစ်လုံးက အလယ်က အနီအမှတ်ကို ပြိုင်တူ ထိသွားတာ။ ”
“ မင်းက မဆိုးပါဘူး။ ” အရပ်ပိုရှည်သော တပ်သားသစ်သည် သူ့လေးနှင့်မြားကို ချလိုက်ပြီးနောက် ချက်ချင်းပဲ တဟုန်ထိုး ပြေးထွက်သွားခဲ့သည်။ “ ဒါပေမဲ့ နောက်လာမယ့် မြင်းရေးပြိုင်ပွဲမှာတော့ မင်း ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ”
အလွယ်တကူ အရှုံးမပေးတတ်တဲ့ ဝမ်စန်းအာကလည်း သူ့လေးကြိုးကနေ မြားထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ့ရဲ့ စစ်မြင်းပေါ်ကို အရင်ဆုံး ခုန်တက်လိုက်သည်။
ခြေနင်းကွင်းပေါ် သူ့ခြေထောက်နှစ်ဖက်လုံးကို တင်ပြီးတဲ့နောက်မှာတော့ မြင်းရဲ့ ကျောပေါ်က သံမဏိတုတ်ရှည်ကြီးကို ဖျတ်ခနဲ ဆွဲထုတ်လိုက်သည်။ “ ငါ့သံမဏိတုတ်ရဲ့ ခွန်အားကို မင်းကို ပြရသေးတာပေါ့။ ”
လေးလံသော သံမဏိတုတ်ရှည်ကြီးက ဝမ်စန်းအာရဲ့ လက်ထဲမှာတော့ ပေါ့းပါးသော ငှက်တောင်မွှေးလေးတစ်ချောင်းလိုပင် တဝှီးဝှီး ဝှေ့ယမ်းနေကာ အရှိန်ကလည်း လျင်မြန်လွန်းတာကြောင့် ပရိသတ်တွေဆီက အားပေးသံတွေကို ချက်ချင်း ရရှိခဲ့သည်။
အရပ်ရှည်ရှည်နှင့် တပ်သားသစ်ကလည်း အကျောမပေးဘဲ သူ့မြင်းရဲ့ ကျောပေါ်က သံမဏိဓားရှည်ကို ဆွဲထုတ်ကာ ပြန်လည်တိုက်ခိုက်ခဲ့သည်။
ချက်ချင်း ဆိုသလိုပဲ သံမဏိချင်း ထိခတ်သံတွေ တချွမ်ချွမ် ထွက်ပေါ်လာခဲ့ကာ သူတို့နှစ်ယောက် အကြမ်းပတမ်း တိုက်ခိုက်နေပုံက စိတ်လှုပ်ရှားစရာကောင်းလွန်း၍ ပရိသတ်တွေဆီက အားပေးသံတွေ ဝေါခနဲ ထပ်ထွက်လာပြန်သည်။
ရှုကျန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှာ အလွန် ကျေနပ်အားရသွားသည်။
ယီကျိူးစီရင်စုရဲ့ တပ်သားတွေ ဆိုတာ ဒါမျိုး ဖြစ်သင့်တာပါ။ အနာဂတ်မှာ ဒီတပ်သားသစ်တွေ အကုန်လုံး အုပ်ချုပ်ရေးမှူးဟူကြောင့် လမ်းလွဲသွားပြီး စိတ်ဓာတ်ကျကာ တိုက်ခိုက်မှုစိတ်ဝိညာဉ်တွေ မရှိတော့ရင် သိပ်ကို နှမြောစရာကောင်းပါလိမ့်မည်။
ချွမ် … ။
ကျယ်လောင်ပြတ်သားတဲ့ သံမဏိထိခတ်သံနှင့်အတူ အရပ်ပိုရှည်သော တပ်သားသစ်ရဲ့ သံမဏိဓားရှည်က ချွမ်ခနဲ ကျိုးပျက်သွားခဲ့လေသည်။
“ မတိုက်ခိုက်နဲ့တော့ မတိုက်ခိုက်နဲ့တော့။ ” သူက ဝမ်စန်းအာရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားကာ သူ့မြင်းကို အမြန် ဆွဲထုတ်သွားခဲ့သည်။ “ မင်း ဒီသံမဏိတုတ်ရှည်ကို ဘယ်က ရလာတာလဲ။ လုံးဝကို ကျိုးကြောင်းဆီလျော်မှု မရှိဘူး။ ”
သူ့ဓားရှည်က စစ်တန်းလျားမှာ ရှိတဲ့ ဓားရှည်တွေ အကုန်လုံးထက် အဆတစ်ရာ သာလွန်တဲ့ အရည်အသွေးအကောင်းဆုံး ဖြစ်သော်လည်း ဝမ်စန်းအာရဲ့ သံတုတ်ပေါ်ကို ခြစ်ရာနည်းနည်းလေးတောင် မပေးနိုင်ဘဲ သူ့ဓားရှည်သာ ကျိုးသွားခဲ့ရသည်။
ဒါက ယုတ္တိရှိရဲ့လား … ။
သာမန် လေ့ကျင့်ရေးလေး တစ်ခုသာ ဖြစ်ပြီး အသက်သေကြေတဲ့အထိ တိုက်ခိုက်ရတဲ့ စစ်မြေပြင် မဟုတ်သောကြောင့် ဝမ်စန်းအာကလည်း တိုက်ခိုက်မှုကို ချက်ချင်း ရပ်လိုက်သည်။ ဒီပွဲကို အနိုင်ရခြင်းအားဖြင့် သူဟာ တပ်သားသစ်တွေကြားထဲမှာ အရာခံဗိုလ်တစ်ယောက် ဖြစ်လာပါလိမ့်မည်။
ဒါတွေ အားလုံးအတွက် သူ့အမေကို ကျေးဇူးတင်ရမည်။ သူ့အမေ လေ့ကျင့်ပေးခဲ့တာကြောင့်သာ မဟုတ်ရင် သူ လက်ရှိ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်မှာ မဟုတ်။
ပျော်ရွှင်နေတဲ့ ဝမ်စန်းအာသည် လူတွေရဲ့ ချီးကျူးသံတွေအလယ်မှာ စစ်တန်းလျားဆီ ပြန်ပြီး အနားယူဖို့ ပြင်နေတုန်း သူ့ဆီကို ချဉ်းကပ်လာတဲ့ လူတချို့ကို ရုတ်တရက် သတိထားမိသွားသည်။
တပ်သားသစ်တွေရဲ့ လမ်းလျှောက်ဟန်နှင့် အကွာကြီး ကွာနေတာမို့ ဒီလူတွေက ဝါရင့်စစ်သည်တွေမှန်း သူ တန်းသိလိုက်သည်။
ရှုကျန်းက “ မင်းနာမည် ဘယ်လို ခေါ်လဲ။ ဘယ်က လာတာလဲ။ ” ဟု မေးလိုက်သည်။
“ ကျွန်တော့်နာမည်က ဝမ်စန်းအာပါ ဦးလေး။ ပိုင်ချွမ်းခရိုင် ၊ ဟဲဝမ်ရွာက လာတာပါ။ ”
ပိုင်ချွမ်းခရိုင် ၊ ဟဲဝမ်ရွာ …… ။
အဲ့ဒါ လီယောင်ရဲ့ ရွာ မဟုတ်လား။
ထိုအချိန်မှာပဲ ဝမ်စန်းအာရဲ့ မြင်းကုန်းနှီးပေါ်ကနေ တွဲလောင်းကျနေသော ခြေနင်းကွင်းနှစ်ခုကို သူ သတိထားမိသွားသည်။ နှစ်ခု ပါတဲ့ ခြေနင်းကွင်းတွေကို သူ အတော်လေး စိတ်တိုင်းကျတယ် ဆိုပေမဲ့ စစ်မြေပြင်မှာ အမှန်တကယ် အသုံးဝင် ၊ မဝင် သေချာစေရန်အတွက် နယ်စပ်ဒေသက စစ်သားတွေကိုပဲ စမ်းသပ်ခိုင်းနေသေးတာပါ။
ဒီကလေးရဲ့ လက်ထဲမှာ အဲ့ဒီ ခြေနင်းကွင်းတွေကို ဘယ်လိုလုပ် ရောက်နေရတာလဲ။
“ လီယောင်နဲ့ မင်းနဲ့က ဘယ်လို ပတ်သက်နေတာလဲ။ ” ဟု ရှုကျန်း ထပ်မေးလိုက်တော့ ဝမ်စန်းအာတစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
“ သူက ကျွန်တော့်အမေပါ။ ”
“ ဟားဟားဟား … လတ်စသတ်တော့ မင်းက လီယောင်ရဲ့ သားကိုး။ အံ့ဩစရာ မရှိဘူး။ မင်း မဆိုးဘူး ကောင်လေး။ မင်းရဲ့ သံတုတ်ကို မင်းအမေ သွန်းလုပ်ပေးထားတာ မဟုတ်လား။ ”
“ ဟုတ်ပါတယ်။ ဦးလေးက ဘယ်လို သိတာလဲ။ ”
ရှူကျန်းက ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ ခုနတုန်းက ဝမ်စန်းအာနှင့် တပ်သားသစ်တစ်ယောက်ရဲ့ တိုက်ပွဲကို သူ မြင်ပြီးပြီ ဖြစ်သည်။ ဒီကောင်လေးက အသက်ငယ်သေးပေမဲ့ ရဲရင့်ပြီး ဆုံးဖြတ်ချက်ပြတ်သားသည် ၊ အံ့အားသင့်ဖွယ် ခွန်အားကိုလည်း ပိုင်ဆိုင်ထားသည်။
အနည်းဆုံး ပေါင် ( ၇၀ ) ၊ ( ၈၀ ) လောက် အလေးချိန်ရှိမယ့် သံတုတ်ကြီးက သူ့လက်ထဲမှာတော့ ကလေးကစားစရာလိုပါပဲ။ သေချာ မြေတောင်မြောက်ပေးလိုက်ရင် အနာဂတ်မှာ ဒီကလေးဟာ လက်ဇောင်းထက်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာမယ် ဆိုတာ မြေကြီးလက်ခတ်မလွဲပင်။
“ မင်း ငါ့နောက်ကို လိုက်ချင်လား ဝမ်စန်းအာ။ ”
“ ဘယ်ကို လိုက်ရမှာလဲ။ ” ဝမ်စန်းအာ တကယ့်ကို ဇဝေဇဝါဖြစ်သွားရသည်။ “ ပြီးတော့ ဦးလေးကရော ဘယ်သူလဲ။ ”
ဝမ်စန်းအာကို ရှုကျန်းက သီးသန့်ကိုယ်ရံတော်အဖြစ် ခန့်အပ်ချင်နေတယ် ဆိုတာကို သိတဲ့ ဗိုလ်မှူးက အမြန် ဝင်ပြောလိုက်သည်။ “ ဒါက တော်ဝင်တပ်မှူးချုပ်ရှုပဲ ဝမ်စန်းအာ။ မင်း အရိုအသေပေးလိုက်ဦး။ ”
ဝမ်စန်းအာကတော့ ပိုလို့တောင် စိတ်ရှုပ်ထွေးသွားခဲ့သည်။ “ တော်ဝင်တပ်မှူးချုပ် ဆိုတာ ဘာလုပ်တဲ့ အရာရှိလဲ။ သူ့ရာထူးကရော ဘယ်လောက်တောင် မြင့်တာလဲ။ ”
တော်ဝင်တပ်မှူးချုပ်ရှု : “ … ”
နေရာမှာ ရှိနေတဲ့ လူများ : “ … ”
“ အဟမ်း ၊ တော်ဝင်တပ်မှူးချုပ် ဆိုတာ အဲ့လောက် ရာထူးမြင့်တဲ့ အရာရှိတော့ မဟုတ်ပါဘူး။ နိုင်ငံအတွင်းက စစ်တပ်အင်အားတွေ အကုန်လုံးကို ထိန်းချုပ်ပိုင်ခွင့်ရှိရုံလောက်ပါပဲ။ ”
တော်ဝင်တပ်မှူးချုပ်ရှုက သူ့ကိုယ်သူ နှိမ့်ချချင်ယောင်ဆောင်လိုက်ပါသည်။
“ အိုး။ ” ဝမ်စန်းအာက ချက်ချင်း နားလည်သွားပြီး ဆုပ်ထားတဲ့ လက်သီးနှစ်ဖက်ကို ရှေ့ထုတ်၍ အရိုအသေပေးလိုက်သည်။ “ တော်ဝင်တပ်မှူးချုပ်ကို နှုတ်ခွန်းဆက်ပါတယ်။ ”
“ ဒါဆို မင်း ဘယ်လို သဘောရလဲ။ ငါ့ရဲ့ သီးသန့်ကိုယ်ရံတော် လုပ်ချင်လား။ ”
“ အဲ့ဒါက … ကျွန်တော် အိမ်ပြန်ပြီး အမေ့ကို အရင်ဆုံး မေးကြည့်ရဦးမယ်။ ”
“ မင်း … ”
တော်ဝင်တပ်မှုးချုပ်ရှုသည် ရယ်လည်း ရယ်ချင် ၊ စိတ်ထဲလည်း အောင့်သက်သက် ဖြစ်သွားသော်လည်း ဒေါသတော့ ထွက်မသွားပါ။ ရိုးအပွင့်လင်းတဲ့ ဒီကောင်လေးဟာ အတိတ်တုန်းက သူ့ကိုယ်သူ များစွာ ပြန်သတိရမိစေသည်။
“ ဒါဆို မင်းအမေကို မေးဖို့ အခုချက်ချင်း ငါနဲ့ လိုက်ခဲ့။ ”
ဟမ်။
ဝမ်စန်းအာတစ်ယောက် နောက်တစ်ကြိမ် ဇဝေဇဝါဖြစ်သွားမိပြန်သည်။ တော်ဝင်တပ်မှူးချုပ်က ဗိုလ်မှူးဆီက ခွင့်ပြုချက်တောင် မရသေးဘဲ သူ့ကို အိမ်ပြန်ခွင့်ပေးနိုင်တဲ့အထိ အာဏာရှိတာလား။
သို့သော် ခဏအကြာမှာပဲ သူ တော်ဝင်တပ်မှူးချုပ်ကို အထင်သေးခဲ့မိကြောင်း နားလည်သွားခဲ့သည်။ အကြောင်းကတော့ တော်ဝင်တပ်မှူးချုပ်ရှုက သူ့ကိုတင် မဟုတ်ဘဲ တပ်သားသစ်တန်းလျားက လူတွေ အကုန်လုံးအပြင် ယီကျိူးစီရင်စုရဲ့ တပ်သား တစ်ထောင်ကျော်ကိုပါ ခေါ်ဆောင်သွားသောကြောင့် ဖြစ်လေသည်။
လူသုံးထောင်ကျော် စနစ်တကျ စီတန်းသွားနေရတဲ့ အဖြစ်အပျက်က ထူးခြားလွန်း၍ ဝမ်စန်းအာရဲ့ ခန္ဓာကိုယ်ထဲကို စိတ်အားထက်သန်မှုတွေ စိမ့်ဝင်ကာ ကြက်သီးမွေးညင်းထလာစေခဲ့သည်။
ပြောစရာ ပြစ်ချက် ဆိုလို့ ချီတက်တဲ့ အမြန်နှုန်းက နည်းနည်းလေး နှေးလွန်းတာပဲ ရှိသည်။ လူတိုင်းသာ မြင်းတပ်သားတွေ ဖြစ်နေရင် ကောင်းမည်။
…
အခန်း ( ၁၄၀ ) အပြစ်သား။
“ စစ်မြင်းတွေ မရှိလည်း စက်ဘီးတွေနဲ့ဆို အဆင်ပြေမှာပါ ၊ စက်ဘီးကလည်း စစ်မြင်းနဲ့ အမြန်နှုန်းချင်း သိပ်မကွာပါဘူး။ ကျွန်တော်တို့ စစ်တပ်အတွက် စက်ဘီးတွေ များများ ဝယ်ထားသင့်တယ်လို့ ထင်တယ် တော်ဝင်တပ်မှုူးချုပ်ရှု။ ”
ရှုကျန်း : … မင်းက တကယ့်ကို မင်းအမေရဲ့ သားပီသပါပေတယ်။
…
ဟဲဝမ်ရွာတွင် လျှို့ယွင်သည် စိုက်ပျိုးမွေးမြူရေးဝန်ကြီးရဲ့ အရိပ်အယောင်ကိုတောင် မမြင်ဘဲ နှစ်ရက်တိတိ စောင့်နေခဲ့ရပြီး တစ်ခုခုတော့ မူမမှန်ဘူးလို့ ခံစားလာခဲ့ရလေသည်။ သူ ပိုင်စုန့်အား အကျိုးအကြောင်း သွားရောက်စစ်ဆေးကြည့်ခိုင်းဖို့ လုပ်နေတဲ့ အချိန်ကျမှ စိုက်ပျိုးမွေးမြူရေးဝန်ကြီးနှင့် အုပ်ချုပ်ရေးမှူးဟူက ရောက်လာခဲ့သည်။
“ မကောင်းတာ ဖြစ်နေပြီ အဒေါ်လီ။ ” တုရှောင်ဟွေ့က ခြံဝင်းထဲကို ထိတ်လန့်တကြား ပြေးဝင်လာပြီး ပြောသည်။ “ ရာထူးကြီးတဲ့ အရာရှိကြီးနှစ်ယောက်က ရွာဝင်ပေါက်ကို ဘုရင့်တပ်သားတွေ အများကြီးနဲ့ ရောက်လာတယ်။ ပုန်ကန်သူတွေကို ဖမ်းဆီးဖို့ ဒီကို လာခဲ့တာလို့လည်း ပြောတယ် ၊ ရွာကို စောင့်တဲ့ အစောင့်တွေ အကုန်လုံးကိုလည်း သူတို့ ဖမ်းထားကြတယ်။ ”
“ ဘယ်လို … ”
အုပ်ချုပ်ရေးမှုူးဟူနှင့် တခြားလူတွေက ဒီကို ရောက်လာပြီ ဖြစ်ပြီး သူမရဲ့ စွမ်းဆောင်ချက်တွေအတွက် သူမကို အလွယ်တကူ နာမည်ကောင်းယူခွင့်ပေးမှာ မဟုတ်မှန်း လီယောင် သိသော်လည်း သူတို့က ဘုရင့်တပ်သားတွေကိုတောင် စေလွှတ်ပြီး ရွာသားတွေကို ဖမ်းဆီးလိမ့်မည် ဟူ၍တော့ ထင်မထားခဲ့ပါ။
ဒီအခြေအနေကို အကဲခတ်ရသလောက် သူတို့က သူမကို အတုအယောင် ပြစ်မှုတချို့ဖြင့် စွပ်စွဲပြီး တစ်ချက်တည်း ရိုက်ချဖို့ ပြင်နေတာ သိသာသည်။
လီယောင်သည် ‘ ဘာတွေ ဖြစ်နေတာလဲ။ ’ ဟု မေးချင်သော အကြည့်ဖြင့် လျှို့ယွင်ကို လှမ်းကြည့်လိုက်၏။ နင်ရဲ့ တော်ဝင်မိသားစုက ဒီလောက်ထိ မျက်နှာပြောင်တိုက်ပြီး ပြုမူမှ အဆင်ပြေမှာလား။
လျှို့ယွင်က လီယောင့်အကြည့်ကြောင့် “ ကျွန်တော့်ကို အဲ့လို မကြည့်နဲ့။ ကျွန်တော်လည်း ဒီကိစ္စအကြောင်း ဘာမှ မသိဘူး။ ” ဟု အလျင်အမြန် ပြန်ပြောသည်။
သူ ပြောတာလည်း အဓိပ္ပာယ်တော့ ရှိပါသည်။
နဝမမြောက် မင်းသားတစ်ယောက် ဖြစ်တဲ့ သူဟာ ဟဲဝမ်ရွာထဲမှာ ဝန်ကြီးရဲ့ လုပ်ရပ်တိုင်းကို သိမနေနိုင်တာမို့ ဒီကိစ္စဟာ သူနှင့် ဘာမှ မဆိုင်ပါ။
ဟဲရှောင်ယာကလည်း အခန်းထဲက ထွက်လာသည်။ “ ဘာတွေ ဖြစ်နေတာလဲ အမေ။ ”
လီယောင် စိတ်ထဲကပဲ သက်ပြင်းရှိုက်လိုက်၏။ ပုံမှန်အားဖြင့် ဘယ်လို ပြဿနာပဲ ဖြစ်လာ ဖြစ်လာ ၊ ပြဿနာကို ရှောင်လွှဲဖို့ သူမရဲ့ တစ်မိသားစုလုံးကို တောင်တန်းတွေဆီ ချက်ချင်း ခေါ်သွားလို့ ရသည်။
သို့သော် အခုတော့ ဟဲရှောင်ယာမှာ ကိုယ်လေးလက်ဝန်ကြီးနှင့်မို့ သူမကို တောင်တန်းတွေဆီ ဘယ်လိုမှ ခေါ်သွားလို့ မရပေ။ ခရီးမသွားနိုင်တဲ့ ဟဲရှောင်ယာကို ဒီမှာ တစ်ယောက်တည်း ချန်ထားခဲ့ပြီး တပ်သားတွေနှင့် ရင်ဆိုင်ခိုင်းလို့လည်း မရ။
ပြောရရင် စိုက်ပျိုးမွေးမြူရေးဝန်ကြီးနှင့် အုပ်ချုပ်ရေးမှူးဟူက သူမကို ဖမ်းဆီးဖို့ ရောက်လာတာလေ။
ထိုအချိန်မှာပဲ ဝမ်အာနှင့် စုန့်ကျယ်သည် ကျောင်းကနေ အပြေးတစ်ပိုင်း ပြန်လာခဲ့ပြီး တာ့ကျွမ်းကလည်း သတင်းကြားသည်နှင့် တောင်တန်းတွေဆီကနေ အပြေး ပြန်လာခဲ့သည်။
“ မရီး။ ” ဝမ်ယွမ်ပန်းက အိမ်ထဲကို စိုးရိမ်တကြီး ပြေးဝင်လာပါသည်။ “ အဲ့ဒီ ဘုရင့်တပ်သားတွေ အကုန်လုံး မင်းရဲ့ အိမ်ကို ဦးတည်ပြီး လာနေကြပြီ။ ဘုရားရှင်ရယ် … ဘယ်လို ကိစ္စမျိုးတွေ ဖြစ်လာတော့မှာလဲ။ ”
စုန့်ကျယ်က စိုးရိမ်စိတ်ကြီးနေကြတဲ့ လူတိုင်းကို ကြည့်ပြီး ရင်ကော့၍ ပြောလိုက်သည်။ “ စိတ်မပူနဲ့။ ကျွန်တော် အဖေ့ကို သွားရှာလိုက်မယ်။ ”
လီယောင်ကတော့ သူ့ကို “ မသွားနဲ့။ ” ဟု လှမ်းတားလိုက်၏။ အုပ်ချုပ်ရေးမှူးဟူက ဒီလို နည်းလမ်းတွေကို သုံးလာပြီ ဆိုကတည်းက သတင်းမပြန့်စေရန်အတွက် တရားသူကြီးစုန့်နှင့် တရားရုံးတော်အမှုထမ်းတွေကိုလည်း တစ်နေရာမှာ ဖမ်းဆီးထားပြီးပြီ ဆိုတာ သေချာသည်။
“ နင်တို့အားလုံး ငါ့စကားကို နားထောင်ကြ။ ခဏနေရင် ငါ့ဆီမှာ ဘယ်လို ကိစ္စတွေပဲ ဖြစ်သွား ဖြစ်သွား ၊ နင်တို့ ဘာကိုမှ လက်လွတ်စပယ် လုပ်လို့ မရဘူး။ နားလည်လား။ ”
“ အမေ .. သူတို့က ဘာလို့ … ”
“ ငါ ပြောတာ ကြားလား။ ” လီယောင်က သူမရဲ့ အသံကို မြှင့်လိုက်သည်။ “ နင်တို့တွေ ပြဿနာမရှာသရွေ့ ဘယ်သူမှ မထိခိုက်ဘူး။ ”
လီယောင် တကယ့်ကို လေးလေးနက်နက် ပြောနေတာကို မြင်တော့ အကုန်လုံး အမြန် ခေါင်းညိတ်လိုက်ကြသည်။
လီယောင် သက်ပြင်းကျိတ်ချလိုက်၏။ တခြား ရွေးချယ်စရာမရှိတော့တဲ့ အချိန်မှာ ဒါကပဲ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါလိမ့်မည်။
သူမရဲ့ မိသားစု အဖမ်းမခံရဘူး ဆိုရင် သူမ အုပ်ချုပ်ရေးမှူးဟူနောက်ကို အသာတကြည် လိုက်သွားပြီး ထိုညမှာပဲ ထွက်ပြေးလာလို့ ရသည်။ နောက်ပိုင်း ကိစ္စတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကတော့ ထွက်ပြေးလာပြီးမှ စဉ်းစားမည်။
ကမ္ဘာကြီးက အကျယ်ကြီးပါ။ သူမရဲ့ မိသားစုအတွက် တစ်နေရာစာတော့ သေချာပေါက် ရှိလိမ့်မည်။ ဟဲဝမ်ရွာမှာ သူတို့ တည်ဆောက်ခဲ့သမျှ အရာရာတိုင်းကို ချန်ရစ်ထားခဲ့ရမှာကတော့ ဝမ်းနည်းစရာကောင်းပေမဲ့ပေါ့လေ … ။
“ တစ်ယောက်မှ မလှုပ်နဲ့။ ”
သူမ ပြောနေတုန်းမှာပဲ ခြံထဲကို လက်နက်ကိုင်တပ်သားတွေ အများကြီး ပြေးဝင်လာပြီး လူတိုင်းကို ဝိုင်းထားလိုက်ကြသည်။
ဘယ်သူမှ မခုခံတာကို မြင်တော့မှ စိုက်ပျိုးမွေးမှူးရေးဝန်ကြီးနှင့် အုပ်ချုပ်ရေးမှူးဟူက တစ်လှမ်းချင်း လျှောက်ဝင်လာခဲ့ပါသည်။
အဝိုင်းခံထားရတဲ့ လူစုဆီ လျှောက်သွားတဲ့ သူတို့ရဲ့ မျက်နှာပေါ်မှာ အားရကျေနပ်သော အပြုံးတွေ ရှိနေခဲ့သည်။ “ လီယောင် ဘယ်မှာလဲ။ ”
ထိုမေးခွန်းကို ကြားတော့ လီယောင်က ရှေ့ထွက်ပြီး “ ကျွန်မက လီယောင်ပဲ။ ” ဟု ပြောလိုက်သည်။
အုပ်ချုပ်ရေးမှူးဟူက “ ရဲတင်းလိုက်တဲ့ အဆင့်နိမ့်မ။ ” ဟု ကြိမ်းမောင်းလိုက်သည်။ “ အကြီးအကဲကျိုးကို ဦးမညွှတ်သေးဘူးလား။ ”
လီယောင်သည် နေရာက အနည်းငယ်မျှ မရွေ့ဘဲ စိတ်ထဲကနေ အေးစက်စွာ ရယ်မောလိုက်မိသည်။ “ ကျွန်မ ကောင်းကင်ကို ဦးညွှတ်တယ် ၊ မြေကြီးကို ဦးညွှတ်တယ်။ ဒါပေမဲ့ အကြီးအကဲကျိုးလို လူမျိုးကိုတော့ ဘယ်တော့မှ ဦးမညွှတ်ဘူး။ ”
“ မင်း … ”
အုပ်ချုပ်ရေးမှူးဟူက သူ့လူတွေကို သူမအား အတင်းအကျပ် ဦးညွှတ်ခိုင်းရန် အမိန့်ပေးဖို့ ပြင်နေစဉ်မှာပဲ ကျိုးပေါ်က ရုတ်တရက် လက်ဝှေ့ယမ်းလိုက်သည်။ “ ငါ့လူတွေက ဒီမျက်နှာပြောင်တိုက်တဲ့ ကျေးတောသူမက တိုင်းပြည်ကို သစ္စာဖောက်နေတယ်လို့ သတင်းပို့လို့ ငါ ရောက်လာခဲ့တာ။ ”
စိုက်ပျိုးမွေးမြူရေးဝန်ကြီးရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားတဲ့ အုပ်ချုပ်ရေးမှူးဟူက အမြန် ထပ်ဖြည့်ပြောလိုက်သည်။ “ မင်းက သံမဏိတွေနဲ့ လက်နက်တွေကို တရားမဝင် သွန်းလုပ်ပြီး မင်းရဲ့ ကိုယ်ပိုင် အကျိုးအမြတ်အတွက် နန့်ကျောက်ဒေသကို ရောင်းနေတယ် ဆိုတာ ငါ အတိအကျ စုံစမ်းပြီးပြီ လီယောင်။ ဒါက နိုင်ငံတော်ကို သစ္စာဖောက်တဲ့ ရာဇဝတ်မှုပဲ။ ”
“ အိုး။ သက်သေတွေ ဘာတွေရော ရှိပါသလား။ ” လီယောင်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်သည်။ “ အုပ်ချုပ်ရေးမှူး တစ်ယောက်က အခြေအမြစ်မရှိတဲ့ စွဲချက်တွေနဲ့ စွပ်စွဲလို့တော့ မရဘူး မဟုတ်လား။ ”
“ သက်သေလို့ မင်း ပြောလိုက်တာလား။ ” အုပ်ချုပ်ရေးမှူးက အေးစက်စက် လှောင်ရယ်လိုက်သည်။ “ ကောင်းပြီ။ ငါ မင်းကို သက်သေပြမယ်။ သက်သေကို ခေါ်လာခဲ့စမ်း။ ”
ခဏအကြာမှာပဲ ဆိုးဆိုးဝါးဝါး ထိုးကြိတ်ခံထားရကာ သတိမေ့နေတဲ့ လျှို့ယွမ်ကို တပ်သားနှစ်ယောက်က ခြံထဲကို တရွတ်တိုက် ဆွဲခေါ်လာခဲ့သည်။
လီယောင်ရဲ့ နှလုံးသားထဲမှာ ဒေါသတွေ ဆူပွက်လာသလို မျက်ခုံးတွေလည်း အနည်းငယ် တွန့်ချိုးသွား၏။
“ သူ့နာမည်က လျှို့ယွမ်တဲ့။ မင်း သူ့ကိုတော့ မှတ်မိမှာပေါ့။ ” အုပ်ချုပ်ရေးမှူးဟူက ခနိုးခနဲ့ ပြောလိုက်သည်။ “ သူက မင်းရဲ့ ဆပ်ပြာတွေကို တောင်ဘက်အရပ်ကို သယ်ယူပို့ဆောင်ပေးတဲ့ ကိုယ်စားလှယ်လေ။ ဒါပေမဲ့ ဆပ်ပြာတွေထဲမှာ သံမဏိဓားရှည် အလက် ( ၃၀၀ ) ကို ထည့်ဝှက်ပြီး နန့်ကျောက်ဒေသကို မှောင်ခိုတင်သွင်းဖို့ လုပ်နေတဲ့ သူ့ကို ငါတို့ လက်ရ ဖမ်းဆီးမိခဲ့တယ်။ ”
ဘယ်လောက်တောင် အကွက်ကျကျ စီစဉ်ထားတာပါလိမ့်။ ဒီအရှုပ်အထွေးတွေကြားထဲမှာ လျှို့ယွမ်ပါ သူမကြောင့် ဆွဲထည့်ခံခဲ့ရတော့ ဆိုးလွန်းသည်။
“ ကဲ .. လီယောင်။ တခြား ပြောစရာ ရှိသေးလား။ ”
သူမကို ဖမ်းဆီးဖို့အတွက် အဆုံးထိ စိတ်ဆုံးဖြတ်ထားတဲ့ သူတို့ကို ကြည့်ပြီး ဆက်ငြင်းဆန်လည်း အသုံးမဝင်ဘူး ဆိုတာ လီယောင် နားလည်သွားသည်။ နောက်ထပ် လူတွေကို ဆွဲထည့်မှာထက် သူတို့နောက်ကို သူမ အမြန်ဆုံး အသာတကြည် လိုက်သွားတာက ပိုကောင်းလိမ့်မည်။
“ ဒီသစ္စာဖောက်ကို ဖမ်းလိုက်ကြစမ်း။ ”
သူမကို ဖမ်းဆီးဖို့အတွက် တပ်သားတွေ အများကြီး ရှေ့ထွက်လာစဉ်မှာပဲ ခေါင်မိုးပေါ်ကနေ အရိပ်တစ်ခု ဝှစ်ခနဲ ကျဆင်းလာသည်။ ထိုအရိပ်ပိုက်ရှင်က ပိုင်စုန့် ဖြစ်ပြီး လက်ထဲမှာ ဓားကို ကိုင်ထားလျက် သူမရှေ့မှာ မားမားမတ်မတ် ရပ်နေခဲ့ပါသည်။
“ သူ့ကို ထိရဲရင် ထိကြည့်။ ”
လီယောင် သူမရဲ့ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်မိသည်။ သူမရဲ့ အစီအစဉ်ကို ဒီလိုမျိုး လာနှောင့်ယှက်တဲ့ ဒီကောင်လေးရဲ့ ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်တော့တာလား … ။
လူတိုင်း ဆွံ့အနေစဉ်မှာပဲ လူအုပ်ထဲကနေ လျှို့ယွင် ထွက်လာခဲ့သည်။ “ ကျိုးပေါ်နဲ့ ဟူရှစ် … မင်းတို့ အခု ဒီမှာ လာဆော့နေတဲ့ ကလေးကစားစရာအကွက်တွေကို ရပ်တန်းက ရပ်လိုက်ကြစမ်း။ ”
အုပ်ချုပ်ရေးမှူးသူက ဒီလူငယ်လေးဟာ ဘယ်သူလဲလို့ တွေးတောအံ့ဩနေတုန်းမှာ စိုက်ပျိုးမွေးမြူရေးဝန်ကြီးကတော့ ကွက်ခနဲ မျက်နှာပျက်သွားခဲ့လေသည်။
“ န .. နဝမမြောက် မင်းသားပါလား။ အရှင်မင်းသားက ဒီနေရာကို ဘယ်လိုလုပ် ရောက်နေရတာပါလဲ။ ”
ဘာရယ်။ လျှို့ယွင်က နဝမြောက်မင်းသားတဲ့လား။
နေရာမှာ ရှိနေကြတဲ့ လူတွေ အကုန်လုံး မှင်သက်သွားခဲ့ကြသည်။ အထူးသဖြင့် အခြေအနေကို လာကြည့်ကြတဲ့ ရွာသူ ၊ ရွာသားတွေပင်။ လျှို့ယွင်ကို မင်းသားတစ်ပါး ဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးဖူးခဲ့။
သူ့ကို ရွာထဲက မိန်းကလေးတစ်ယောက်ယောက်နှင့် အောင်သွယ်ပေးဖို့ ကြိုးစားခဲ့ဖူးတဲ့ အမျိုးသမီးကြီးတွေကတော့ မျက်နှာတွေ ဖြူဆုတ်သွားအောင်ပင် ထိတ်လန့်သွားခဲ့ကြသည်။
သူတို့ အရှင်မင်းသားဆီမှာ ခေါင်းဖြတ်ကွက်မျက်မခံရဖို့ ဘာလုပ်ရမလဲ။
လျှို့ယွင်သည် လူတိုင်းရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး စိတ်ထဲကနေ အတော်လေး ကျေနပ်သွား၏။ သူ ဒီအခိုက်အတန့်ကို စောင့်နေခဲ့တာ ကြာပါပြီ။
“ ငါ ဒီမှာ ရှိတာ ၊ မရှိတာက မောင်မင်းရဲ့ အလုပ် မဟုတ်ပါဘူး။ ”
“ ဒီလက်အောက်ငယ်သားက အရှင့်ကို မေးခွန်းမထုတ်ရဲကြောင်းပါ။ ”
“ ဒါဆို ငါ မေးမယ်။ မင်းတို့ ဒီကို ဘာလာလုပ်တာလဲ။ ”
“ အရှင်မင်းသားကို ရှင်းပြပါရစေ။ ” ဟု ကျိုးပေါ်က ပြန်ပြောသည်။ “ ဟဲဝမ်ရွာသူ လီယောင့်ရဲ့ စွမ်းဆောင်ချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကျွန်တော့်ကို ဝာာဝန်ပေးခံထားရတာပါ။ ဒါပေမဲ့ သူမက ဆန်စပါးတွေကို သိုဝှက်ထားတယ် ၊ ကိုယ်ပိုင်တပ်သားတွေကို လေ့ကျင့်ပေးနေတယ် ၊ လက်နက်တွေကို တရားမဝင် ထုတ်လုပ်ပြီး နန့်ကျောက်ဒေသကို ခိုးရောင်းနေတယ် ဆိုတာကို မျှော်လင့်မထားစွာနဲ့ သိလိုက်ရပါတယ်။ ဒီပြစ်မှုတွေအားလုံးအတွက်လည်း သက်သေ ထင်ထင်ရှားရှား ရှိပါတယ်။ ”
“ အိုး။ ဒါပေမဲ့ ငါ မျက်မြင်တွေ့နေရတာတော့ အဲ့လို မဟုတ်ပါလား။ ” ဟု လျှို့ယွင်က ပြန်လည်ချေပလိုက်သည်။ “ မင်း ပြောတဲ့ ကိုယ်ပိုင်တပ်သား ဆိုတာ ဟဲဝမ်ရွာကို စောင့်ကြပ်ပေးနေတဲ့ အစောင့်တွေပဲ။ ပြီးတော့ ငါ ဒီမှာ ရှိနေတဲ့ တစ်လျှောက်လုံး ဘယ်လက်နက်ကိုမှ တရားမဝင် သွန်းလုပ်တာ မမြင်ဖူးဘူး ၊ နန့်ကျောက်ဒေသကို ခိုးရောင်းဖို့ ဆိုရင် ပိုလို့တောင် ဝေးသေးတယ်။ ”
စိုက်ပျိုးမွေးမြူရေးဝန်ကြီးသည် သူ ဒီနေ့ နဝမမြောက်မင်းသားကို မစည်းရုံးနိုင်ရင် ဆိုးဆိုးဝါးဝါး ကျရှုံးဖို့ များတယ် ဆိုတာကို နားလည်လိုက်သည်။ လီယောင် အပြစ်ကင်းစင်ကြောင်း အတည်ပြုနိုင်သွားသည်နှင့် တစ်ပြိုင်နက် ဧကရာဇ်ကလည်း သူ့ကို ဒီလို ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ခြင်းနှင့် ဘုရင့်တပ်သားတွေကိုပါ စုရုံးခြင်းအတွက် သေချာပေါက် တာဝန်ယူခိုင်းလိမ့်မည်။
အဆုံးစွန်ဆုံး ပြောရလျှင်တော့ သူက အခု ကျားတစ်ကောင်ကို စီးနေပြီမို့ ကျားပေါ်က ဆင်းချင်တိုင်း ဆင်းလို့ မရပါ။ ဒီအနေအထားထိ ရောက်လာမှတော့ လီယောင့်မှာ အပြစ်ရှိကြောင်း အခိုင်အမာ သက်သေပြဖို့သာ သူ တတ်နိုင်သည်။
“ ဒါပေမဲ့ ကျွန်တော်တို့ လျှို့ယွမ်ရဲ့ ကုန်ပစ္စည်းတွေထဲမှာ လက်နက်တွေကို တွေ့ခဲ့ပါတယ် အရှင်မင်းသား။ သူကိုယ်တိုင်ကလည်း လီယောင်က အဲ့လက်နက်တွေကို နန့်ကျောက်ဒေသကို ပို့ဆောင်ခိုင်းထားတာလို့ ဝန်ခံထားပါတယ်။ ”
“ ဟမ့်။ အသိစိတ်မကပ်တဲ့အထိ အရိုက်ခံရထားတဲ့ လူတစ်ယောက်က ဘယ်လို နည်းနဲ့မှ မင်း ပြောသွားတာတွေကို ဝန်ခံနိုင်မှာ မဟုတ်ဘူး။ ” ဟု လျှို့ယွင် ပြန်လည်ချေပလိုက်သည်။ “ ပြီးတော့ ဒါက အကွက်ကျကျ ထောင်ချောက်ဆင်ထားတာ မဟုတ်ဘူး ဆိုတာကိုရော ဘယ်သူ အာမခံရဲလဲ။ ”
စိုက်ပျိုးမွေးမြူရေးဝန်ကြီး မျက်မှောင်ကြုတ်မိသွားသည်။ ဒီနဝမမြောက်မင်းသားကို စည်းရုံးသိမ်းသွင်းဖို့ တကယ် မဖြစ်နိုင်ဘူးပဲ။ သူ ဒီနေ့ ဒီကျေးတောသူမကို အဆုံးထိ ကာကွယ်သွားဖို့ ဆုံးဖြတ်ချက်ချထားတာလား။
စိုက်ပျိုးမွေးမြူရေးဝန်ကြီးသည် အုပ်ချုပ်ရေးမှူးဟူကို တစ်ချက် လှမ်းကြည့်လိုက်ချိန်မှာ အုပ်ချုပ်ရေးမှူးဟူက သူ့ကို ခေါင်းညိတ်ပြတာကို မြင်တော့မှ စိတ်အေးသွားရသည်။