ဆေးဝါးအရောင်းဆိုင်
Vol. 1 Ch. 11
သူနှင့်သိပ်မဝေးသော တစ်နေရာတွင် လူတစ်ယောက် အော်ဟစ်အကူအညီတောင်းနေသည်ကို မန်ဟို မြင်၏။ ထိုလူက ကွင်းထဲမှ မထွက်မှီမှာပင် လူသန်ကြီး၏ဓားပျံသည် သူ၏လည်ပင်းကို ထွင်းဖောက်သွားတော့သည်။ ထိုလူကား ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွား၏။ လူသန်ကြီးက သေဆုံးသွားသူ၏သိုလှောင်အိတ်ကို ကောက်ယူကာ တဖန် အများပိုင်ကွင်းထဲသို့ ပြန်ဝင်သွားသည်။
မန်ဟိုက ရှေ့မှ မြင်ကွင်းကို ထိတ်လန့်စွာ ကြည့်ကာ ကွင်းထဲမှ ဖြစ်ပျက်နေသည်များအား အကဲခတ်သည်။ လေနှင့်အတူ သတ်ဖြတ်နေသော အသံများ သူ့နားထဲသို့ လာရောက်ရိုက်ခတ်နေကြ၏။
“ဒီနေရာမှာ တစ်နေ့တည်းနဲ့လည်း ချမ်းသာနိုင်တယ်။ ဒါပေမဲ့လည်း အရမ်းအန္တရာယ်များတယ်။ ကျင့်ကြံခြင်းအတွက် လူတွေက အသက်ကို ဝိညာဉ်ကျောက်တုံးနဲ့လာပြီး လောင်းကြေးထပ်တယ်။ ဒါက မတန်ဘူး”
မန်ဟိုက မျက်မှောင်ကြုတ်ကာ ပြောသည်။ သူကား စဦးချီဖွဲ့စည်းခြင်းအဆင့်(၃)၏အမြင့်ဆုံးသို့ ရောက်လုရောက်ခင်ဖြစ်သည်။ သို့သော်လည်း သူ့ရှေ့မှ ဖြစ်ပျက်နေသည်များမှာ ပရမ်းပတာဆန်လွန်း၏။
မန်ဟိုက သူ၏သိုလှောင်အိတ်တွင် ဝိညာဉ်ကျောက်တုံးများ မွဲပြာကျနေသည်ကို တွေးသည်။ အကယ်၍ ဂိုဏ်းမှ ဝေသော နှုန်းအတိုင်းသာဆိုလျှင် သူ့အနေဖြင့် နှစ်ပေါင်းမည်မျှ စောင့်ရမည် မသိပေ။ မိမိကိုယ်ကို ရေရွက်ရင်း သူက ကွင်းထဲမှ တန်ခိုးရှင်များကို ကြည့်သည်။ ရုတ်တရက်ဆိုသလို သူက အတွေးတစ်ခုရ၏။
သူ၏အကြံဉာဏ်က ပိုမို၍ ရှင်းလင်းလာခဲ့လျှင် သူ့မျက်လုံးများသည်လည်း ကြည်လင်တောက်ပလာခဲ့သည်။ မန်ဟိုက နောက်လှည့်ကာ မြန်ဆန်စွာ ပြေးသွားသော်လည်း သူ၏ဦးတည်ရာမှာ တောင်ဘက်တောင်ကုန်းကို မဟုတ်ဘဲ အပြင်စည်းဂိုဏ်းသို့ ဖြစ်နေ၏။ သူက ပင်မဆောင်များ၏အစွန်နားတွင်ရှိသော အဆောက်အဦတစ်ခုသို့ ရောက်လာသည်။
အဆောက်အဦသည် ရှေးဆန်ကာ ဆေးဝါးရနံ့များ လှိုင်လှိုင်ထွက်နေသည်။ ဂိတ်ပေါက်ထိပ်စီးတွင် ရေးထွင်းထားသည်မှာ ကျင့်ကြံခြင်းဆေးဝါးအလုပ်ရုံဟူ၍ ဖြစ်သည်။
မန်ဟိုအနေဖြင့် သည်နေရာသို့ ပထမဆုံး ရောက်လာဖူးခြင်းတော့ မဟုတ်ပေ။ အမှန်တကယ်အားဖြင့် အပြင်စည်းဂိုဏ်းသို့ အဆင့်တက်ပြီးနောက်ပိုင်း သူက သည်နေရာသို့ လာကာ များစွာသော ဆေးလုံးများ ရောင်းနေသည်ကို လာရောက်လေ့လာကြည့်ရှုခဲ့၏။
သည်နေရာတွင် ဝိညာဉ်ကျောက်တုံးနှင့် ဝိညာဉ်အားတိုးဆေးများကိုသာ ငွေကြေးအဖြစ် အသုံးပြု၏။ ကံမကောင်းသည်ကား လဲလှယ်နှုန်းမှာ မမျှမတ ဖြစ်လွန်းသည်။ ဥပမာ ဝိညာဉ်အားတိုးဆေးတစ်လုံးကို အဆာခံဆေးလုံး ၁၀လုံးနှင့် လဲလှယ်နိုင်၏။ ထို့ကြောင့် လူအနည်းငယ်သာ သည်နေရာသို့ လာရောက်ကြပေသည်။
မန်ဟိုရောက်သွားသောအခါ အခန်းထဲတွင် သက်လတ်ပိုင်းလူကြီးတစ်ဦး တင်ပလ္လင်ခွေထိုင်နေသည်ကို မြင်၏။ အခန်းထဲတွင် များစွာသော သစ်သားစင်များ ဝိုင်းရံထားကာ စင်များပေါ်တွင် အမျိုးမျိုးအစားစားသော ဆေးပုလင်းများ ရှိနေသည်။
အများစုမှာ ပြင်ပဒဏ်ရာများအား ကုသနိုင်သော သွေးတိတ်ဆေးလုံး၊အားပြတ်ခြင်းအား သက်သာစေသော အားဖြည့်ဆေးလုံး၊ အရိုးကျိုးအက်သည်များအား သက်သာစေသော အရိုးဆက်ဆေးလုံး၊ စွမ်းအားကို ယာယီတိုးတက်စေသော ဝိညာဉ်လန်းဆန်းဆေးလုံးနှင့် အဆာခံဆေးလုံးတို့ ဖြစ်ကြသည်။
တခြားသော ဆေးအမျိုးအစားများစွာ ရှိကြသော်လည်း ၎င်းတို့မှာ အလွန်စျေးကြီးပေသည်။ ဆေးလုံးအများစုအတွက် ၃လုံးမှ ၁၀လုံးအတွက် ဝိညာဉ်အားတိုးဆေးလုံးတစ်လုံးနှင့် ညီမျှသည်။ အပြင်စည်းတပည့်အများစုအတွက် ဝိညာဉ်အားတိုးဆေးလုံးတစ်လုံးသည် အလွန်တန်ဖိုးရှိရာ အများစုမှာ သည်နေရာသို့ လာရောက်၍ ရောင်းဝယ်ခြင်း မပြုကြပေ။
မန်ဟိုသည် ဆေးဝါးအလုပ်ရုံထဲတွင် လှည့်ပတ်ကြည့်ရှုသည်။ ထို့နောက် သူက ဝိညာဉ်အားတိုးဆေးလုံး ၅လုံးအား ထုတ်ယူကာ တခြားသော ဆေးလုံးအမျိုးအစားများနှင့် လဲလှယ်၏။
ဆေးဆိုင်လူကြီးသည် မန်ဟိုကဲ့သို့သော စျေးဝယ်များအား သိပ်တွေ့ဖူးဟန်မတူ။ သူက ချက်ချင်းပင် မျက်လုံးများ တောက်ပစွာဖြင့် ဆေးလုံးပုလင်းများကို ကမ်းပေးသည်။
ဆေးပုလင်းများအား သိုလှောင်အိတ်ထဲတွင်ထည့်ကာ မန်ဟိုသည် ထိုနေရာမှ ထွက်လာခဲ့၏။ သူ၏ကျင့်ကြံခြင်းဂူသို့ ရောက်သောအခါ ညရောက်နေခဲ့ပြီဖြစ်သည်။
သူက မြေပြင်တွင် ထိုင်ကာ ပုလင်းလေးလုံးအား ကြည့်သည်။
“ပညာရှိတွေ ပြောတာက ရင်းနှီးမြှုတ်နှံမှု မရှိရင် အကျိုးအမြတ်ဆိုတာလည်း ဖြစ်မလာဘူးတဲ့။ ဒီတစ်ခေါက် ငါက အများကြီး ရင်းထားတော့ အကျိုးအမြတ် အများကြီးရမှာပဲ”
မန်ဟိုက မိမိကိုယ်ကို နှိပ်သိမ့်ကာ ထရပ်ပြီး ဂူအပြင်သို့ ထွက်သွားသည်။ သူပြန်ရောက်လာသောအခါ သူ့လက်တစ်ချောင်းစာလုံးရှည်လျားသော သစ်ကိုင်းရှည်ကြီးတစ်ခုပါလာ၏။ သစ်ကိုင်းတွင် များစွာသော သစ်ရွက်များပါသည်။
သူက ကျောက်ဝူကန်း၏သိုလှောင်အိတ်ထဲမှ အစိမ်းရောင်ဝတ်စုံအား ထုတ်ကာ အပိုင်းအစဖြစ် ဆုပ်ဖြဲကာ သစ်ရွက်များဖြင့် ရောကြိတ်လိုက်လျှင် အစိမ်းရောင်မှင်ရည်များဖြစ်လာသည်။ ထို့နောက် နောက်ထပ် ဝတ်စုံဖြူတစ်ခုအား ထုတ်ကာ ဆုတ်ဖြဲလိုက်ပြန်၏။ ၎င်းအဝတ်ပေါ်တွင် စာလုံးအနည်းငယ်အား မှင်ရည်စမ်းဖြင့် လှပသေသပ်စွာ ရေးသည်။
သူက သစ်ကိုင်းနှင့် အဝတ်စကြေညာဘုတ်အား ကြေနပ်စွာဖြင့် ကြည့်ပြီး မျက်လုံးကို မှိတ်ကာ အသက်ရှူလေ့ကျင့်ခန်းအား စတင်၍ ပြုလုပ်သည်။
ညသည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့ကာ မနက်ခင်းရောက်လာခဲ့၏။ မန်ဟိုက သစ်ကိုင်းကို ကောက်ယူကာ လိုဏ်ဂူမှ မြန်ဆန်စွာ ထွက်သွားခဲ့တော့သည်။
အများပိုင်ကွင်းသို့ ရောက်ရန် သိပ်မကြာလိုက်ပေ။ မနက်အစောကြီးဖြစ်သော်လည်း ဂိုဏ်းသားအနည်းငယ်သည် စတင်တိုက်ခိုက်နေကြပြီဖြစ်သည်။
တခြားသော လူများအား လျစ်လျူရှုကာ မန်ဟိုက ကွင်းထဲသို့ ဝင်လာခဲ့၏။ သူက ပတ်ဝန်းကျင်အား အကဲခတ်လိုက်ပြီးနောက် ကျောက်တုံးကြီးတစ်တုံးပေါ်တွင် သွားထိုင်လိုက်သည်။ သူ့ပုံကို ကြည့်ရသည်မှာ အေးချမ်းပြီး အပြစ်ကင်းသော စာပေသမားတစ်ဦးနှင့်ပိုတူသည်။
တစ်ခါတစ်ရံ ကျင့်ကြံသူအချို့က မန်ဟိုထံသို့ ချဉ်းကပ်လာသောအခါ သူက ကျင့်ကြံဆင့်အား ထုတ်ပြလိုက်လျှင် ထိုလူများမှာ ကြောက်ရွံ့စွာဖြင့် ရှောင်ပြေးသွားကြလေ့ရှိပေသည်။ မန်ဟိုက လူများ ပိုမိုရောက်ရှိလာရန် စောင့်နေ၏။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားကာ ပိုမိုများပြားသော ဂိုဏ်းသားများရောက်လာကြ၏။ မကြာခင် ကွင်းထဲတွင် လူ၂၀ခန့်ဖြစ်လာသည်။ အချို့က ကြင်နာသနားတတ်ဟန်ရသော စာပေသမားမန်ဟိုအား ကြည့်ကာ သူ့ထံသို့ လျှောက်လာကြသည်။ မန်ဟိုက သူ၏ကျင့်ကြံခြင်းအဆင့်ကို ထုတ်ပြလိုက်သောအခါတွင်မှ ထိုလူများမှာ ထိတ်လန့်စွာဖြင့် နောက်ဆုတ်သွားကြ၏။
အတန်ကြာလျှင် လုံလောက်သောလူများ ရောက်လာပြီဟု မန်ဟို တွေးလိုက်သည်။ သူက သိုလှောင်အိတ်အား ပုတ်လိုက်ကာ အဝတ်စအား ထုတ်လိုက်သည်။ ထို့နောက် သူက သစ်ကိုင်တွင် တွဲလိုက်ပြီး ကျောက်တုံးဘေးမှ မြေပြင်တွင် စိုက်ထူလိုက်သည်။ လေညင်းများက အဝတ်စအား တလွင့်လွင့်ဖြစ်စေကာ အနီးမှ လူအများအား သတိထားမိစေ၏။
“ဆေးဝါးအရောင်းဆိုင်”
အဝတ်စပေါ်မှ စာလုံးများကို မြင်လျှင် မှီခိုရာဂိုဏ်းတပည့်များ၏အမူအရာမှာ ပြောင်းလဲသွားကြ၏။ အချို့က နားလည်ခြင်းမရှိကြပေ။ အချို့က နှာခေါင်းရှုံ့ကြပြီး အချို့က မျက်မှောင်ကြုတ်ကြသည်။
“ဆေးဝါးအရောင်းဆိုင်… ဒါက ဘာကို ဆိုလိုတာလဲ”
“ဒီအကောင်က ဆေးဝါးအလုပ်ရုံက လွှတ်လိုက်တဲ့ တပည့်တစ်ယောက်လို့ ပြောတာလား”
“သူ့ကို သိသလိုပဲ”
မန်ဟိုက ကြေညာဘုတ်အား ထုတ်ပြလိုက်သည်နှင့် ကွင်းထဲတွင် ဆေးနွေးသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ သို့သော်လည်း အတန်ကြာလျှင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကာ အော်ဟစ်သံများ ဆူညံလာပြန်၏။
အများပိုင်ကွင်းထဲမှ လူများကို ကြည့်ကာ မန်ဟို၏မျက်လုံးများ လင်းလက်တောက်ပလာခဲ့သည်။ သူနှင့်သိပ်မဝေးသောနေရာတွင် စဦးချီဖွဲ့စည်းခြင်းအဆင့်(၂) ဂိုဏ်းသားနှစ်ဦးသည် အပြင်းအထန် တိုက်ခိုက်နေကြ၏။ တစ်ဦးတွင် ပြိုင်ဘက်၏ဓားပျံကြောင့် ပုခုံးတွင် ဒဏ်ရာရထားကာ သွေးများ ထွက်နေပြီး ခက်ခဲပင်ပန်းစွာ တိုက်ခိုက်နေရ၏။
မန်ဟိုက လှမ်းခေါ်ကာ ပြောသည်။
“အစ်ကို … ဒီကိုလာခဲ့ပါ”
“အစ်ကို … ပညာရှိတွေပြောတာက ဒဏ်ရာရတဲ့အခါ အသက်ကို ရင်းတာက ဉာဏ်နည်းရာရောက်တယ်။ ခင်ဗျားရဲ့ပုခုံးက သွေးတွေ လွန်နေပြီ။ ခင်ဗျား အသတ်ခံရတော့ ဘာအကျိုးထူးမှာလဲ။ ကျုပ်မှာ ဆေးဝါးအလုပ်ရုံဆီက သွေးတိတ်ဆေးတွေရှိတယ်။ ဒါက သုံးစက္ကန့်အတွင်း ခင်ဗျားဒဏ်ရာတွေကို သက်သာစေတယ်”
မန်ဟိုက ဆေးများအား ရောင်းချရန် ကြိုးစားသော်လည်း ထိုလူနှစ်ဦးတို့သည် သူ့အား လျစ်လျူရှုလျှက် ဆက်လက်တိုက်ခိုက်နေကြ၏။ ဒဏ်ရာရနေသော ကျင့်ကြံသူ၏ဒဏ်ရာက ပိုဆိုးလာခဲ့ကာ သူ၏မျက်လုံးများကလည်း ပိုမိုနီရဲလာနေ၏။ ထို့နောက်တွင် သူသည် ရင်ဘတ်၌ ဒဏ်ရာနောက်တစ်ချက်ရသွားပြန်သည်။
မန်ဟိုက သူ၏ဖြစ်နိုင်ဖွယ် စျေးဝယ်သူအား ဆွဲဆောင်ပြန်သည်။
“ကြည့်… ခင်ဗျား ဒဏ်ရာရပြန်ပြီ”
“မြန်မြန် … ကျုပ်ရဲ့ သွေးတိတ်ဆေးကို လာဝယ်ပါ။ မဟုတ်ရင် ခင်ဗျား ရှုံးတော့မယ်။ ခင်ဗျား ကျုပ်ကို ဝိညာဉ်ကျောက်တုံးတစ်တုံးပဲပေး။ ဒါက လုံးဝ တန်တယ်နော်”
ဒဏ်ရာရ ကျင့်ကြံသူက နောက်ကို ဆုတ်ကာ ဒေါသတကြီး အော်ဟစ်သည်။
“ပါးစပ်ပိတ်ထားစမ်း”
“ဆေးဝါးအလုပ်ရုံက အမြတ်ကြီးစားတဲ့နေရာပဲ။ သူတို့က သွေးတိတ်ဆေးငါးလုံးကို ဝိညာဉ်ကျောက်တုံးတစ်တုံးနဲ့ရောင်းတယ်။ မင်းက ပိုဆိုးနေတယ်”
“အာ…ဒါက သိပ်စျေးမကြီးပါဘူး။ ခင်ဗျားအသက်က ဝိညာဉ်ကျောက်တုံးထက် တန်ဖိုးကြီးတယ်။ ခင်ဗျား သေသွားရင် ခင်ဗျားရဲ့ဝိညာဉ်ကျောက်တုံးတွေအကုန်လုံးကို နောက်တစ်ယောက် ပိုင်သွားမယ်။ ခင်ဗျားက ကျုပ်ရဲ့ဆေးတွေကိုပဲ ဝယ်လိုက်။ ဒါဆို ခင်ဗျားက တစ်ဘက်လူရဲ့သိုလှောင်အိတ်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေးပိုများသွားလိမ့်မယ်။ ဒီအတွက် ခင်ဗျားက ဝိညာဉ်ကျောက်တုံးတစ်တုံးပဲ ပေးဆပ်ရမှာ။ ခင်ဗျားက ဆေးလုံးကို ဝယ်တာ မဟုတ်ဘူးနော်။ ခင်ဗျားရဲ့အသက်ကို ဝယ်နေတာ။ ကဲ … မတန်ဘူးလား”
မန်ဟိုက အားတက်သရော ပြောသည်။ သူ၏စကားက ဒဏ်ရာရကျင့်ကြံသူအား တွေဝေသွားစေသည်။ထိုလူက နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ကာ စဉ်းစားနေဟန်ရ၏။
“သေစမ်း…” တစ်ဘက်ပြိုင်ဘက်က သူ၏ဓားပျံကို မန်ဟိုထံသို့ ချိန်ရွယ်လျှက်ပြောသည် “မင်းက ငါ့ကိစ္စမှာ ဝင်ရှုပ်ရင် ဒီအကောင်ကို သတ်ပြီးတဲ့နောက် မင်းကို လာသတ်မယ်”
“ကျုပ်ဝယ်မယ်”
ဒဏ်ရာရကျင့်ကြံသူက ပြောသည်။ ထို့နောက် သူ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးတစ်တုံးအား ထုတ်ကာ မန်ဟိုထံသို့ ပစ်ပေးလိုက်၏။ မန်ဟိုက ဝိညာဉ်ကျောက်တုံးအား ဖမ်းကာ သွေးတိတ်ဆေးအား ပြန်၍ ပစ်ပေးလိုက်သည်။ ထိုကျင့်ကြံသူက ဆေးလုံးအား ဖမ်းကာ သူ၏ဒဏ်ရာ၌ ဖိကပ်လိုက်သည်နှင့် ဒဏ်ရာမှ သွေးများ ချက်ချင်းတိတ်သွားသည်။
အားပြည့်အင်ပြည့်ဖြင့် တဖန် သူသည် တိုက်ပွဲဝင်ပြန်၏။ ရုတ်တရက် သူ၏ပြိုင်ဘက်သည် ရင်ဘတ်မှ သွေးများ ထွက်လာကာ နောက်ဆုတ်သည်။
မန်ဟိုက စျေးဝယ်သူကို ပြောင်းလိုက်ကာ ပြောသည်။
“အစ်ကို …အစ်ကို…”
“ခင်ဗျားရဲ့ ပြိုင်ဘက်က သွေးတိတ်ဆေးကို ဝယ်ပြီး အခု အားပြည့်အင်ပြည့်ဖြစ်နေပြီ။ ခင်ဗျားလည်း တစ်လုံးဝယ်သင့်တယ်။ ကျုပ်မှာ သွေးတိတ်ဆေးပဲ ရှိတာ မဟုတ်ဘူး ဒဏ်ကြေဆေးလုံးတွေလည်း ရှိတယ်။ ကျုပ်က တစ်လုံးကို ဝိညာဉ်ကျောက်တုံးတစ်တုံးနဲ့ရောင်းမယ်။ ဒါက ခင်ဗျားကို ဒဏ်ရာသက်သာစေပြီး အားတွေ ပြည့်စေလိမ့်မယ်။ ခင်ဗျား သေချာပေါက် အနိုင်ရမှာပဲ”
ပထမလူက မန်ဟိုအား လက်ညိုးထိုးသည်။
“မင်း… မင်း…”
သူ မည်သို့ ပြောရမည် မသိပေ။ သည်ဆေးဝါးအရောင်းဆိုင်ကောင်လေးက သူ့အား လာရောက်ကူညီနေခြင်းလား၊ ထိခိုက်အောင်လုပ်နေခြင်းလား။ သူကား ဆိုးဝါးသော အခြေအနေမှ မျှော်လင့်ချက်အနည်းငယ် ရှိလာခဲ့၏။ ထို့နောက် သူက ပိုမိုပြင်းထန်စွာ တိုက်ခိုက်ခဲ့၏။ ယခု သူ့ရှေ့မှ မြင်ကွင်းကား သူ၏ကနဦးအခြေအနေနှင့် ချွတ်စွပ်တူနေချေသည်။
“တကယ်လို့ ခင်ဗျားနိုင်ရင် ခင်ဗျားက တခြားလူရဲ့ဝိညာဉ်ကျောက်တုံးကို အသုံးပြုပြီး ဆေးဝယ်တာပဲမလား” မန်ဟိုက ဆေးလုံးကို လက်ဖြင့် ကိုင်ပြကာ စိတ်အားထက်သန်စွာ ပြောသည် “ဒါက တကယ်တန်တယ်”
“ကျုပ် အဲဒါကို ဝယ်မယ်” ပထမဆေးဝယ်သူက ပြောသည်။
“သေစမ်း… အဲဒီဆေးလုံး ငါ့ကိုပေး” တိုက်ပွဲတွင် မူလက အသာစီးရကျင့်ကြံသူက ပြောသည်။ သူက မန်ဟိုကို မုန်းတီးသော်လည်း ပြိုင်ဘက်က ဆေးလုံးကိုဝယ်မည်ဟု ပြောသောအခါ သူကလည်း မတတ်သာဘဲ အံကြိတ်ကာ ပြောလိုက်တော့သည်။
“ငါ ဝိညာဉ်ကျောက်တုံး သုံးတုံးပေးမယ်”
“အစ်ကို… သူက သုံးတုံးတဲ့။ ခင်ဗျား ပိုမပေးနိုင်ရင် ကျုပ်က ဆေးလုံးကို သူ့ဆီမှာပဲ ရောင်းမယ်”
“ငါ လေးတုံးပေးမယ်”
“အစ်ကို… သူက လေးတုံးတဲ့”
“ငါးတုံး”
“ခြောက်တုံး”
“သေစမ်း… ငါမပေးနိုင်တော့ဘူး။ သေလိုက်တော့…”
မူလက အသာစီးရကျင့်ကြံသူသည် ဒေါသတကြီးဖြင့် မန်ဟိုအား တိုက်ခိုက်တော့သည်။ မူလက တိုက်ပွဲကား ရိုးရှင်းပေသည်။ သို့သော်လည်း မန်ဟိုဝင်လာသောအခါ အရာအားလုံးက ရှုပ်ထွေးသွားခဲ့ရ၏။ သူက မန်ဟိုထံသို့ ခုန်ဝင်သွားခဲ့ကာ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြင်းထန်စွာဖြင့် တိုက်ခိုက်၏။
သို့သော်လည်း မန်ဟို၏အပြစ်ကင်းကာ ပျော့ညံ့ဟန်ရသော ဟန်ပင်သည် ရုတ်တရက်အားဖြင့် အရှိန်အဝါကြီးမားသောဟန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ တစ်ဘက်လူက သူ့ထံသို့ မရောက်ခင်တွင်ပင် မန်ဟိုက လက်ဝှေ့ယမ်းလိုက်လျှင် ပြင်းထန်သော ချီအားလှိုင်းတစ်ခု ဖြစ်ပေါ်လာ၏။
ဘန်း…
မန်ဟို၏စဦးချီဖွဲ့စည်းခြင်းအဆင့်(၃) ချီအားလှိုင်း၏ရိုက်ခတ်မှုကြောင့်ပင် ထိုလူသည် နောက်ကို လွင့်စင်သွားကာ သတိလစ်သွားတော့သည်။
မန်ဟိုက ထိုလူ၏သိုလှောင်အိတ်အား လှမ်းကောက်လိုက်ကာ တဖန် ပျော့ညံ့သော စာပေသမားဟန်ပင်သို့ ပြောင်းလဲသွား၏။ အနီးမှ လူများအားလုံး ထိတ်လန့်သွားကြသည်။
“အစ်ကို… ခင်ဗျား ကျုပ်ကို ဝိညာဉ်ကျောက်တုံး ခြောက်တုံးနဲ့ ဆေးလုံးဝယ်ထားတယ်” မန်ဟိုက အနည်းငယ် ရှက်ရွံ့စွာဖြင့် ကျန်သောတစ်ယောက်အား ပြောသည်။
တစ်ဘက်ကျင့်ကြံသူသည် မျက်နှာပြာနှမ်းကာ တုန်ယင်သွား၏။ သူက မန်ဟိုအား ကြောက်ရွံ့စွာဖြင့် ကြည့်သည်။ အခြေအနေက ဤသို့ဖြစ်လာမည်ဟု သူမထင်ထားခဲ့ပေ။ ထိုမျှ အားနည်းပျော့ညံ့ဟန်ရသောသူက မည်သို့ အကြီးအကျယ် ပြောင်းလဲသွားရသနည်း။ သူက အိပ်မက်တစ်ခုကို မက်လိုက်ရသလို ခံစားလိုက်ရသည်။