ဟိုင်း အစ်မရှု
Vol. 1 Ch. 12
ထိုမြင်ကွင်းအား မြင်သွားကြသူများအားလုံး၏အမူအရာများက ပြောင်းလဲသွားကြသည်။ လူအများအပြားမှာ ဘာဖြစ်နေသည်ကိုပင် နားမလည်ကြတော့။ ယခုကား မန်ဟိုမှာ ရန်စကောင်းသောသူမဟုတ်ကြောင်း သိလိုက်ကြပြီဖြစ်သည်။
သူတို့က ဘာဖြစ်ခဲ့သည်ကို မသိသော်လည်း မန်ဟို၏ပထမဆုံးစျေးဝယ်သူက ကောင်းကောင်း သိပေသည်။ သူကား တုန်ယင်စွာဖြင့်၊ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် သိုလှောင်အိတ်မှ ဝိညာဉ်ကျောက်တုံး ၆တုံးအား ထုတ်ကာ မန်ဟိုကို လေးစားစွာ ပေးသည်။ သူက ဆေးဝါးအရောင်းဆိုင်ရှေ့၌ တိုက်ခိုက်မိခြင်းအပေါ် နောင်တရ၏။ ယခု သူ့တွင် တစ်ခုခုဝယ်ယူရန်ပင် ဝိညာဉ်ကျောက်တုံးများ မရှိတော့။
မန်ဟိုက ဝိညာဉ်ကျောက်တုံးများအား လက်ခံယူကာ ထိုလူအား သွေးတိတ်ဆေးတစ်လုံးနှင့် ဒဏ်ကြေဆေးလုံးတစ်လုံးတို့ကို ထုတ်ယူကာ ပေးလိုက်သည်။
“အခုလို ဝယ်ယူအားပေးတာ ကျေးဇူးပဲ”
“နောက်တစ်ခါလည်း လာဝယ်ပါဦး”
မန်ဟိုက ပြုံးလိုက်သည်။ တဖန် သူသည် အားနည်းကာ အပြစ်ကင်းသောပုံစံသို့ ပြောင်းလဲသွား၏။ သို့သော်လည်း သူ့ရှေ့မှ ကျင့်ကြံသူအတွက်မူကား မန်ဟိုသည် သိုးယောင်ဆောင်သော ဝံပုလွေအစစ်စစ်။ သူက တုန်ယင်စွာဖြင့်ပင် ထိုနေရာမှ ထွက်ခွာသွားတော့သည်။
ထိုလူ ထွက်ခွာသွားလျှင် မန်ဟိုသည် သူ၏မူလက ရောင်းနေသော နေရာသို့ မပြန်တော့ဘဲ ဆေးဝါးအရောင်းဆိုင်အလံကို ကိုင်ကာ အများပိုင်ကွင်း၌ စတင်၍ လမ်းလျှောက်တော့သည်။ သူက မလှမ်းမကမ်းတွင် တိုက်ပွဲဝင်နေကြသော ဂိုဏ်းသားနှစ်ဦးအနီးတွင် အလံကို စိုက်ထူလိုက်သည်။
မန်ဟိုက ရှေ့ကို တိုးသွားကာ ပြောသည်။
“အစ်ကို… ခင်ဗျား ဒဏ်ရာရထားပုံရတယ်”
“ခင်ဗျားက အားလည်း သိပ်မရှိသလိုပဲ။ ခင်ဗျားက တိုက်ခိုက်ဖို့အတွက် သင့်တော်တဲ့အခြေအနေမဟုတ်ဘူး”
ဂိုဏ်းသားနှစ်ဦးက သူ့အား ထူးဆန်းစွာ ကြည့်ကြသည်။ မန်ဟိုက လူတစ်ယောက်အား သတိမေ့အောင်လုပ်ခဲ့သည်ကို သူတို့ မြင်ပြီးဖြစ်ရာ နှစ်ယောက်လုံးက တွန့်ဆုတ်စွာဖြင့် နောက်သို့အနည်းငယ် ဆုတ်လိုက်ကြသည်။
“ကျုပ်မှာ ဝိညာဉ်လန်းဆန်းဆေးတွေ ရှိတယ်။ တစ်လုံးလောက်စားလိုက်ပါလား။ ဒါဆို ခင်ဗျား လုံးဝ အားပြည့်သွားပြီးတော့ အနိုင်ရမှာ။ ဒီနေ့မှ ဆိုင်စဖွင့်တာဆိုတော့ ဝိညာဉ်ကျောက်တုံးတစ်တုံးပဲ ယူမယ်လေ။ ဘယ်လောက် သက်သာလိုက်သလဲ”
မန်ဟိုက စိတ်ရင်းစေတနာအပြည့်ဖြင့် ပြောကာ ရှေ့ကို တိုးလာသည်။
“ကျုပ်မှာ ဆေးလုံးတွေ ရှိတယ်” ထိုလူက ပြောကာ သူ၏သိုလှောင်အိတ်ကို ပုတ်ပြီး ဝိညာဉ်လန်းဆန်းဆေးလုံးတစ်လုံးအား ထုတ်ယူကာ သောက်လိုက်၏။
ထိုမြင်ကွင်းကို ကြည့်ကာ မန်ဟိုက သက်ပြင်းချသည်။ သူက ခြောင်းတစ်ချက်ဟန့်ကာ နောက်တစ်ယောက်အား ကြည့်သည်။ ထိုလူကလည်း နှာခေါင်းတစ်ချက်ရှုံ့ကာ သူ၏ကိုယ်ပိုင်ဆေးလုံးကို ထုတ်လျှက် သောက်လိုက်ပြန်သည်။
သို့သော်လည်း မန်ဟိုကား စိတ်ပျက်အားလျှော့သွားခြင်း မရှိပေ။ သူက သူတို့နှစ်ဦး တိုက်ခိုက်နေသည်ကို ဆက်၍ စောင့်ကြည့်သည်။ အချိန်များ ကြာလာသောအခါ သူတို့၏အခြေအနေမှာ ပိုဆိုးလာခဲ့သည်။ မကြာခင် သူတို့သည် ဆေးများကုန်လုံးလာခဲ့ကာ တိုက်ပွဲ၏အဆုံးအဖြတ်ပေးမည့်အချိန်သို့ ရောက်လာခဲ့၏။
မန်ဟိုက တဖန် စိတ်အားထက်သန်စွာဖြင့် သူတို့အနီးသို့ ကပ်သွားပြန်သည်။
“အစ်ကိုတို့ … သေခြင်းရှင်ခြင်းအချိန်သို့ ရောက်လာခဲ့ပြီ။ ခင်ဗျားတို့မှာ ဆေးတွေ မကျန်တော့ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျုပ်မှာ နည်းနည်းရှိတယ်”
“ကျုပ်ရဲ့ ဝိညာဉ်လန်းဆန်းဆေးလုံးကိုသာ သောက်လိုက်။ ခင်ဗျား တခဏအတွင်း လန်းဆန်းသွားပြီးတော့ အားပြည့်သွားလိမ့်မယ်။ အစ်ကိုတို့ … ခင်ဗျားတို့က ဆေးတွေ ဝယ်နေတာ မဟုတ်ဘူး။ ခွန်အားကို ဝယ်နေတာ။ အားယိုး… ခင်ဗျား ဒဏ်ရာရပြီ”
မန်ဟိုက သူတို့ကို စိတ်အနှောင့်အယှက်ပေးလျှင် ဓားပျံတစ်လက်သည် ပြိုင်ဘက်တစ်ဦးအား သွားရောက်ထိမှန်ကာ ထိုလူမှာ သွေးများထွက်လျှက် နောက်ဆုတ်ရ၏။
မန်ဟိုကား သူ့ထက်မြန်သည်။ သူက အားနည်းသည့် စာပေသမားအလား အပြစ်ကင်းစွာဖြင့် ဆက်လက်၍ စျေးရောင်းရန် ဆွယ်သည်။
“အစ်ကို… အခု အချိန်ကျပြီနော်။ ခင်ဗျား သွေးတွေ ထွက်နေပြီ။ မြန်မြန် သွေးတိတ်ဆေးတစ်လုံး ဝယ်လိုက်။ မဟုတ်ရင် အန္တရာယ်အရမ်းများတယ်”
“ဒီနေရာက ထွက်သွား” ထိုလူ၏ပြိုင်ဘက်က မန်ဟိုအား အော်ဟစ်သည်။ ထို့နောက် ဒဏ်ရာရနေသော ပြိုင်ဘက်ထံသို့ ပြေးဝင်သွားသည်။
“ကျုပ်ကို ဆေးတစ်လုံးပေး” ဒဏ်ရာရဂိုဏ်းသားက မျက်နှာပြာနှမ်းစွာ ပြောသည်။ သူက နောက်ကို မြန်ဆန်စွာ ဆုတ်ကာ အံကို ကြိတ်လျှက် ဝိညာဉ်ကျောက်တုံးတစ်တုံးထုတ်ပေး၏။ မန်ဟိုကလည်း ဆေးလုံးကို ပစ်ပေးလိုက်သည်။ ဆေးထည့်လိုက်သည်တွင် ထိုလူ၏ဒဏ်ရာက သွေးများ တိတ်သွားပြီး တဖန် သူက အာရုံစူးစိုက်လျှက် ဆက်လက်တိုက်ခိုက်သည်။
“အားယား… အစ်ကို… ခင်ဗျားကို ကြည့်ရတာ ဆေးလုံးတွေ ကုန်သွားတဲ့ပုံပဲ။ ကြည့်ဦး … ကျုပ်မှာ အများကြီးရှိတယ်။ အခု ခင်ဗျား ပြိုင်ဘက်က ဆေးတစ်လုံးသောက်ပြီး အားပြည့်နေပြီ။ အခု ခင်ဗျားကတော့ ဒဏ်ရာရထားတယ်။ ဘာလို့ သွေးတိတ်ဆေး မဝယ်တာလဲ”
“အိုး.. ဟိုး… ခင်ဗျား အခုတ်ခံရပြန်ပြီ။ ခင်ဗျား တကယ်ပဲ မောနေတာဖြစ်ရမယ်။ သိပ်စိတ်ဓာတ်မကျနဲ့။ ကျုပ်မှာ ဒဏ်ကြေဆေးတွေ ရှိတယ်”
“ဆေးလုံးတစ်လုံးကို ဝိညာဉ်ကျောက်တုံးတစ်တုံး။ ခင်ဗျားတို့ ဆေးလုံးကို မြန်မြန်ဝယ်သင့်နေပြီ။ ဝိညာည်ကျောက်တုံးက တန်ဖိုးရှိတယ်။ ဒါပေမဲ့ အသက်က ပိုတန်ဖိုးကြီးတယ်လို့ ပညာရှိတွေက ပြောတယ်။”
မန်ဟိုက သူတို့အနီးတွင် လှည့်ပတ်ကာ ပြောဆိုသည်။ မကြာခင်ပင် သူတို့၏ဆေးလုံးများမှာ ကုန်သွားကာ မန်ဟိုထံတွင် စတင်၍ ဝယ်ကြတော့သည်။ တစ်ဘက်လူ၏ဖိအားကြောင့် သူတို့က ဆေးလုံး အနည်းငယ် ဝယ်ယူကြသည်။ တိုက်ပွဲက ပိုမိုပြင်းထန်လာခဲ့၏။ ယနေ့ သူတို့၏တိုက်ပွဲသည် ယမန်နေ့ တိုက်ပွဲများထက် အဆများစွာ ပိုပြင်းထန်၏။
မူလက တိုက်ပွဲမှာ ရိုးရှင်းကာ တရားမျှတသော်လည်း ဆေးဆိုင်က သူတို့ဘေးနားကို ရောက်လာသောအခါ အရာအားလုံးက ရှုပ်ထွေးသွားတော့သည်။ အသက်အန္တရာယ်နှင့် ကြုံလာသောအခါ သူတို့အတွက် နှမြောတသနေ၍ မရတော့။ ရှိရှိသမျှသော ဝိညာဉ်ကျောက်တုံးများအား သုံးစွဲရတော့သည်။
ဘုတ်… ဘုတ်…
နှစ်ဦးလုံး အားအင်များကုန်ခမ်းကာ၊ ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများလည်း ကုန်ဆုံးသွားကာ မြေပြင်ပေါ်သို့ ပြိုလဲကျလျှက် သတိလစ်သွားကြတော့သည်။ သူတို့၏မှော်ပစ္စည်းများသည်ပင် တိုက်ပွဲအတွင်း ပျက်စီးသွားခဲ့၏။
မန်ဟို၏အမြင်တွင်ကား သူက မရေမတွက်နိုင်သော အသက်များအား ကယ်တင်ခြင်းဖြစ်သည်။ အနည်းဆုံး သူ့ကြောင့် အသက်တစ်ချောင်း ရှင်သန်ခဲ့ပေသည်။ သူ၏ကြေညာသစ်ကိုင်းအား ကိုင်ကာ မန်ဟိုသည် တဖန် ကွင်းထဲတွင် လမ်းလျှောက်ရာ ပြင်းထန်စွာ တိုက်ခိုက်နေသူနှစ်ဦးအား တွေ့ပြန်၏။ အခြေအနေကို အကဲခတ်ကြည့်လျှင် ထိုနှစ်ယောက်မှာလည်း မကြာခင် သူတို့၏ဆေးဝါးများ ကုန်တော့မည့်ဟန်ရ၏။ မျက်လုံးများ ကြယ်ပွင့်အလား တောက်ပလျှက် မန်ဟိုက သူတို့အနီးအနားတွင် သစ်ကိုင်းကို စိုက်လိုက်သည်။
“အစ်ကိုတို့… ခင်ဗျားတို့ မျက်နှာက ပြာနှမ်းနေပြီ။ ဒဏ်ရာတွေ များပုံပဲ။ ဘာလို့ ဆေးတွေ မဝယ်တာလဲ။ ဝိညာဉ်ကျောက်တုံးတစ်တုံးကို ဆေးတစ်လုံးနော်။ ခင်ဗျားတို့ ပြန်သက်သာဖို့ တာဝန်ယူတယ်”
“ခင်ဗျားတို့ ဘာလို့ တစ်ခုမှ မပြောကြတာလဲ။ ကျုပ်ကို မယုံဘူးလို့ မပြောနဲ့။ ခုနကပဲ ကျုပ်ဆီက လူတစ်ယောက် ဆေးဝယ်သောက်တယ်။ ရလဒ်က သူ့ပြိုင်ဘက် သေသွားတာပဲ”
မကြာမှီပင် သူတို့တစ်ယောက်စီက ဆေးတစ်လုံးစီ ဝယ်ကြသည်။ ထို့နောက် ဆက်ကာဆက်ကာဖြင့် ဆေးဝါးများ ဝယ်ယူသုံးစွဲကြရာ နောက်ဆုံး၌ မည်သည့်ဝိညာဉ်ကျောက်တုံးလက်ကျန်မှ မကျန်တော့သည်အထိပင်။
ထို့နောက်တွင် မန်ဟိုက ခေါင်းယမ်းလျှက် သူ့ဆေးဝါးများအား ရောင်းချမည့်စျေးဝယ်များအား လိုက်လံရှာဖွေတော့သည်။
နေရောင်ကွယ်သည်အထိ မန်ဟိုကား တစ်ကွင်းလုံးနေရာအနှံ့သို့ ရောက်ကာ ဆေးများ ရောင်းသည်။ အဆုံးတွင် သူရောက်သည့်နေရာတိုင်း၌ ထိုလူများသည် တိုက်ပွဲများကို ရပ်ကာ ထွက်ပြေးရသည်အထိပင်။ နောက်ဆုံး၌ မန်ဟိုကား လူသူကင်းမဲ့နေသော ကွင်းကြီးကို ကြည့်၏။ စိတ်ကြေနပ်စွာဖြင့်ပင် သိုလှောင်အိတ်ကို ပွတ်ကာ ထိုနေရာမှ ထွက်သွားတော့သည်။
သူက ကျင့်ကြံခြင်းဂူသို့ ရောက်သောအခါ ညနက်နေပြီဖြစ်သည်။ သူက မြေပြင်ပေါ်တွင် ထိုင်ကာ သူ၏ရောင်းရငွေများအား စတင်ရေတွက်၏။
“တစ်…နှစ်…” သူကား ရေတွက်ပြီးနောက် ပို၍ စိတ်လှုပ်ရှားလာခဲ့သည် “အားလုံးပေါင်း ၅၃တုံး။ ငါချမ်းသာပြီ။ ဒီနည်းလမ်းက လုယက်တာထက် ပိုအကျိုးရှိတယ်။ ပြီးတော့ ပိုပြီး ဘေးကင်းတယ်။ သတ်ဖြတ်ဖို့လည်း မလိုဘူး”
“ငါ့မှာ ဆေးတွေ သိပ်မကျန်တော့ဘူး။ မနက်ဖြန် ဆေးဝါးအလုပ်ရုံကိုသွားပြီးတော့ ထပ်ဝယ်ရဦးမယ်။ ငါက ဒါကို ကောင်းကောင်းလုပ်ချင်ရင် ဒီလထုတ်တဲ့ဆေးတွေအကုန် ဝယ်မှရမယ်။ ငါ့မှာ ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက်မရှိဘူးဆိုရင်တောင် ရသမျှ ဝယ်မှဖြစ်မယ်။ ဆေးတွေက ရှားပါးလေ ရောင်းရလွယ်ကူလေပဲ”
မန်ဟိုက သူသတိလစ်အောင် ရိုက်နှက်ခဲ့သော ကျင့်ကြံသူထံမှ သိုလှောင်အိတ်အား ဖွင့်ကြည့်သည်။ အထဲတွင် ဝိညာဉ်ကျောက်တုံးအနည်းငယ်၊ ဝိညာဉ်အားတိုးဆေး၂လုံးနှင့် ပန်းရောင်ဆေးလုံးတစ်လုံးရှိနေသည်။
သူက ဆေးလုံးကို ကိုင်ကာ စစ်ဆေးကြည့်သည်။ ဆေးလုံးမှာ ဆေးဝါးအလုပ်ရုံ၏တန်ဖိုးကြီးဆေးတစ်မျိုးဖြစ်သော ရုပ်ပျိုဆေးဖြစ်၏။ ဆေးလုံးမှာ ဝိညာဉ်အားတိုးဆေးလုံး ၁၀လုံးနှင့် ညီမျှပေသည်။
“ဒီဆေးလုံးက ရုပ်ပျိုကိုယ်နုအောင် စားတဲ့ဆေးပဲ။ ငါစားလည်း ဘာထူးမှာလဲ”
သည်ဆေးလုံး၏မူလပိုင်ရှင်သည် မိန်းကလေးများအား မျက်နှာလုပ်လိုသည်ဟု ယူဆရ၏။ ထိုကိစ္စအား မန်ဟိုက ထပ်မတွေးတော့ဘဲ ဆေးလုံးကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
သူက ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများအား ကျေနပ်နှိပ်သိမ့်စွာ ကြည့်နေစဉ်မှာပင် ဂူတံခါးသည် ရုတ်တရက်အားဖြင့် ပွင့်လာတော့သည်။ ၎င်းက မြန်ဆန်စွာ ဖြစ်သွားခဲ့ခြင်းဖြစ်ရာ မန်ဟိုသည် သူ၏ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းရန်ပင် အချိန်မရလိုက်ပေ။
လရောင်အလင်းများဖြင့် ရစ်ပတ်ထားသော အမျိုးသမီးတစ်ဦး ဝင်လာသည်။ သူမကား လှပသော်လည်း အေးစက်ကာ အမူအရာကင်းမဲ့ပေသည်။ သူမသည် ငွေရောင်ဝတ်ရုံရှည်အား ဝတ်ဆင်ထားရာ သူမကိုယ်တိုင်က လစန္ဒတစ်စင်းအလား ထင်မှတ်ရသည်။
သူမကား မှီခိုရာဂိုဏ်း၏အတွင်းစည်းတပည့်မလေးဖြစ်သူ အစ်မရှုဖြစ်ပေသည်။
သူမက ကျင့်ကြံခြင်းဂူသို့ ဝင်လာသည်တွင် လရောင်က ဝိညာဉ်ကျောက်တုံးနှင့် ဆေးလုံးများပေါ်သို့ ဖြန်းပက်သည်။ သူမ၏အေးစက်သော မျက်နှာလေး၌ ထူးဆန်းသော အမူအရာငွေ့ငွေ့မျှ ဖြစ်ပေါ်လာ၏။
“အစ်မရှုကို နှုတ်ဆက်ပါတယ်” မန်ဟိုက သူ၏ဆေးလုံးများနှင့် ဝိညာည်ကျောက်တုံးများအား လက်ဝှေ့ယမ်းသိမ်းဆည်းလျှက် အစ်မရှုကို နှုတ်ဆက်သည်။ သူကား ထိုနေရာတွင်ပင် ရှက်ရွံ့စွာဖြင့် မတ်တတ်ရပ်သည်။
အစ်မရှုက ဘာမှ မပြောပေ။ သူမက မန်ဟိုအား ကြည့်ကာ နောက်လှည့်ထွက်ခွာသွား၏။
အံ့အားသင့်စွာဖြင့် မန်ဟိုက သူမနောက်မှ လိုက်လာခဲ့သည်။
“အစ်မရှု၊ ဒီကို တကူးတက လာခဲ့မှတော့ ဘာလို့ ခဏလောက် မနေတာလဲ”
“မလိုဘူး” သူမက အေးစက်စွာ ပြောသည် “ငါ မနက်ဖြန် တံခါးပိတ်လေ့ကျင့်တော့မလို့။ အဲဒါ မင်းကို တစ်ခါလောက် လာစစ်ဆေးကြည့်တာ” သူမက သူ့အား ကြည့်ကာ ဂူထဲမှ ထွက်ခွာသွားတော့သည်။
မန်ဟိုက အနည်းငယ် ရှက်ရွံ့သွားပြီးမှ သူ၏ဝိညာဉ်ကျောက်တုံးများအား မြန်ဆန်စွာ မသိမ်းဆည်းခဲ့မိသည့်အပေါ် နောင်တရမိသည်။ ထိုနည်းဖြင့် အစ်မရှုက သူ့အား ပိုမို၍ ကူညီပေးရန် ဆန္ဒများ ရှိလာနိုင်လောက်ပေသည်။
တချိန်တည်းမှာပင် သူသည် ရင်ထဲ နွေးထွေးမှုအား ခံစားရ၏။ သူမက သူ့အား လာကြည့်သည်ဆိုလျှင် မိမိအား သတိရသည်ဟု အဓိပ္ပာယ်ရသည်မဟုတ်ပါလား။ မန်ဟိုက စိတ်လှုပ်ရှားစွာဖြင့်ပင် သိုလှောင်အိတ်ထဲမှ ပန်းရောင်ဆေးလုံးကို ထုတ်လိုက်သည်။
“ကျွန်တော် အစ်မရှုကို ကျေးဇူးတင်ဖို့ စောင့်နေခဲ့တာ ကြာပါပြီ။ ကျွန်တော်က ဒီရုပ်ပျိုဆေးလုံးနဲ့လဲလှယ်ဖို့ ဝိညာဉ်အားတိုးဆေးလုံး အတော်များများကို စုဆောင်းခဲ့တယ်။ ဒါကို လက်ခံပေးပါ။ ကျွန်တော့ မျက်လုံးထဲမှာ အစ်မရှုကပဲ ဒီလိုဆေးလုံးနဲ့ ထိုက်တန်တယ်။ ကျွန်တော် ဂိုဏ်းကို ဝင်လာကတည်းက ကျွန်တော့မှာ အိပ်မက်တစ်ခုရှိတယ်။ အဲဒါက အစ်မရှု ထာဝရ အသက်ရှည်ပြီး လှပနေဖို့ပဲ” ထို့နောက် သူက ဆေးလုံးကို သူမအား လေးစားစွာ ပေးသည်။
အစ်မရှုက လမ်းလျှောက်နေရာမှ ရပ်လိုက်ကာ မန်ဟိုအား နောက်လှည့်ကြည့်သည်။ သူမက ဆေးလုံးကို တိတ်ဆိတ်စွာ ကြည့်နေပြီးမှ လက်ခံလိုက်၏။
“ဝိညာဉ်အားတိုးဆေးလုံးက ဂိုဏ်းမှာ ပေါတယ်ဆိုပေမယ့် ဒါက စဦးချီဖွဲ့စည်းခြင်းအဆင့်၅အထိပဲ အကျိုးရှိတယ်။ ငါတို့ ကျင့်ကြံသူတွေဟာ ကျင်စဉ်ခိုင်မာမှုကို အလေးထားကြရတယ်။ ငါတို့က ကျင့်ကြံခြင်းကမ္ဘာမှာ နေကြတာဖြစ်ပြီးတော့ အမြဲတမ်းအားဖြင့် သေခြင်းရှင်ခြင်းအခိုက်အတန့်တွေ ရှိတယ်။ အနာဂတ်မှာ မင်းက ဒီလို လုပ်လို့ မရဘူး။ မင်းက ဉာဏ်ကောင်းတယ်ဆိုပေမယ့် ကျင့်ကြံတာမှာပဲ ပိုအာရုံစိုက်သင့်တယ်”
အစ်မရှု ထိုမျှ များများပြောသည်ကို မန်ဟို ပထမဆုံး ကြုံဖူးခြင်းဖြစ်သည်။ သူမက ထိုသို့ပြောလျှင် မန်ဟိုက လေးစားစွာ ခေါင်းညိတ်သည်။
“အစ်မရှုသာ သဘောကျတယ်ဆိုရင် ကျွန်တော် ဝယ်ပေးဖို့ ဆန္ဒရှိပါတယ်” သူက ခေါင်းငုံ့လိုက်သည်။ ထိုအခိုက်တွင် သူကား အတော်လေး ရှက်ရွံ့နေပေသည်။
“ဒီဆေးလုံးကို ဒီတစ်ခါ လက်ခံလိုက်မယ်။ နောက်ဆိုရင်တော့ အဲလို မဝယ်ပေးနဲ့” သူမက ဆေးလုံးကို သိမ်းဆည်းလိုက်ကာ အတန်ကြာ တွန့်ဆုတ်နေပြီးမှ ပန်းရောင်ကျောက်စိမ်းလည်ဆွဲတစ်ခုအား ထုတ်ယူလျှက် မန်ဟိုကို ပေးသည်။
“ဒါက မှော်ဝင်ပစ္စည်းပဲ” သူမက ပြောသည် “မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လိုတယ်” သူမက ပြောကာ တောင်အောက်ကို ဆင်းသည်။
“ကျေးဇူးတင်ပါတယ် အစ်မရှု” မန်ဟိုက ပြောသည် “ကျွန်တော် အစ်မရှုနဲ့လမ်းနည်းနည်း ထပ်လျှောက်ပေးလို့ရမလား။ အစ်မရှုကို မတွေ့ရတာ တော်တော်ကြာပြီ။ ကျွန်တော့မှာ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီးတော့ မေးစရာတွေ အများကြီးပဲ”
သည်အခွင့်အရေးက ရှားပါးကြောင်း မန်ဟိုသိပေသည်။ သူမသည် သူအားထားရမည့် တစ်ဦးတည်းသောသူဖြစ်သည်။ သူက အပြင်စည်းဂိုဏ်းတွင် လူအများရှေ့၌ အနည်းငယ်မျှ အစ်မရှုနှင့် လမ်းလျှောက်ခွင့်ရပါက နောက်ပိုင်းတွင် တခြားလူများက သူ့အား လာရောက်ရှုပ်ရဲတော့မည်မဟုတ်တော့ပေ။
အစ်မရှု တွန့်ဆုတ်သွားသည်။ ပုံမှန်အားဖြင့် သူမသည် သူစိမ်းယောက်ျားလေးတစ်ဦးနှင့် သိပ်နီးနီးကပ်ကပ်နေလေ့မရှိပေ။ သူမက ငြင်းပယ်ရန် ပြင်ပြီးမှ ရုပ်ပျိုဆေးလုံးကို တွေးမိကာ အသာခေါင်းညိတ်သည်။
လရောင်အောက်တွင် သူတို့နှစ်ဦး ရှေ့ကို ဆက်လျှောက်သွားကြသည်။
ထိုစဉ်မှာပင် မြောက်ဘက်တောင်ကုန်းပေါ်၌ အရပ်ရှည်ရှည်ဖြင့် မီးခိုးရောင်ဝတ်အဘိုးထိုတစ်ဦးက ထရပ်သည်။ သူက မန်ဟိုတို့ရှိနေရာကို သဘောကျစွာ ကြည့်၏။
“အရမ်းကောင်းတယ်။ ဒီကောင်စုတ်လေးက သိပ်မဆိုးဘူးပဲ။ သူက မှီခိုရာဂိုဏ်းရဲ့ တကယ့် ဆောင်ပုဒ်ကို နားလည်တယ်။ သူက မှီခိုရမယ့်လူရှာရမယ်ဆိုတာ သိတယ်။ ပြီးတော့ အဲဒီလူနဲ့ ဆက်ဆံရေးကောင်းရှိရင် အမြဲတမ်းအားဖြင့် သူ့ရဲ့အကာအကွယ်ကိုရမယ်ဆိုတာ သိတယ်”
ထိုအဘိုးအိုသည် ဆေးလုံးဝေသည့်နေ့က မန်ဟိုကို ချီးကျူးခဲ့သူဖြစ်သည်။ သူက မန်ဟိုကို ကြည့်လေလေ သဘောကျလေလေပင်။