တိုက်ပွဲကွင်းက လှုံ့ဆော်မှု
Vol. 15 Ch. 216
ဗဟို ကိုယ်ခံပညာ နယ်မြေကွင်းတွင် စိတ်လှုပ်ရှားဖွယ် ပြိုင်ပွဲများကို
လာကြည့်သည့် လူများနဲ့ ပြည့်နှက်နေသည်။
သို့ရာတွင် အဆင့်မြင့်သူများနဲ့ အရာရှိများကတော့ ၎င်းပြိုင်ပွဲသည် ပျင်းစရာကောင်းသည်ဟု ထင်မြင်ကြတာကြောင့် မလာရောက်ကြပေ
ဤကဲ့သို့သော ပြိုင်ပွဲများသည် အမြင့်ဆုံးအဆင့် ပညာရှင် မဟုတ်သော သာမန် အားနည်းသည့် ကျင့်ကြံသူများ အထူးသဖြင့် တိုက်ပွဲ တစ်ပွဲတောင် မမြင်နိုင်သူများအတွက် အထူးသင့်တော်သည်။
ထို့ကြောင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများအကြား တိုက်ပွဲသည်သာ သူတို့အတွက် အကောင်းဆုံးပင်
ပြိုင်ပွဲဝင်သူများ၏ မိသားစုများကတော့ စင်မြင့်ထက်၌ အော်ဟစ်နေကြသည်။
နီဖန်းကျိုးသည် ကွင်းစောင့်ဆိုင်းရာနေရာ တံခါးဝအောက်တွင် လက်နှစ်ဖက်ကို နောက်ပစ်ရင်း မလှုပ်မရှား ရပ်နေသည်။
သူ့၏ အနက်ရောင်နဲ့ ငွေရောင်ဝတ်ရုံသည် လေထဲတွင် အနည်းငယ် လွင့်မျောနေပြီး နီမျိုးနွယ်စု၏ အမှတ်တံဆိပ်ဖြစ်သော ငွေရောင်ကြိုးကြာ တစ်ကောင်သည် မုန်တိုင်းတိမ်တိုက်တွေကြား၌ ပျံဝဲနေသည့်ပုံရိပ်ကို ပန်းထိုးထား၏
လေထုသည် စိတ်လှုပ်ရှားမှုများနှင့် နံနက်ခင်း အစောပိုင်းပြိုင်ပွဲမှ သွေးနံ့ အနည်းငယ်ဖြင့် လွှမ်းမိုးနေသည်။
သို့တိုင် နီဖန်းကျိုးကတော့ တည်ငြိမ်နေသည်။
မျက်လုံးပိတ်ထားပြီး အသက်ရှူသံ ပြင်းထန်လာကာ ပတ်ဝန်းကျင် ဆူညံသံများကို
မကြားသလိုပင်။
သူ့ပတ်ဝန်းကျင်မှာတော့ တခြား လူငယ် ပြိုင်ဘက်များသည် လက်နက်များ ပြင်နေကြပြီး စိတ်ရှုပ်ထွေးစွာနဲ့ ဂါထာများ ရွတ်ဆိုနေကြသည်။
သူ့ဘေးက တချို့ကတော့ တိတ်တိတ်လေး သူ့ကို ကြည့်နေပြီး အမြန်ဆုံး မျက်နှာလှည့်သွားကြသည်။
နီဖန်းကျိုးသည် ပိုင်ကျီဟန်နှင့် ပိုင်ရွှယ်ချင်းတို့လို အလွန်ကျော်ကြားသူ မဟုတ်သော်လည်း ဤပြိုင်ပွဲတွင် ပါဝင်သူများအကြား၌ နာမည်ကျော်ကြားသူဖြစ်ပြီး လူထုရွေးချယ်မှုတွင် အသန်မာဆုံးဖြစ်ကာ ပွဲတွင် အဓိကနေရာ၌ အနိုင်ရနိုင်သူတစ်ဦးအဖြစ် တွေးမြင်ခံထားရသည်။
သို့တိုင် နီဖန်းကျိုးသည် သူ့အပေါ်ရှိနေသော အာရုံများကို ဂရုမပြုပေ။
သူ ကြုံခဲ့ရသော အရာတွေ အားလုံးကြောင့် လူတွေ မည်သို့မြင်သည်က အရေးမကြီးကြောင်း သိသွားခဲ့ချေပြီ။
နောက်ဆုံးတော့ သူ့ဘာသာ အာရုံစိုက်ခြင်းကသာ အခြားသူများ အမြင်ထက်
အရေးကြီးကြောင်း သိရှိသွားသည်။
တခြားသူများအမြင်အပေါ် အချိန်ဖြုန်းထက် ကိုယ့်ကိုကိုယ် အာရုံစိုက်တာ ပိုကောင်း၏
ထို့ပြင် သူ့အနေနဲ့ အတိတ်က အရှက်ရမှုကို ပြန်လည်ရှင်းပစ်ပြီး လက်စားချေဖို့
အလွန်နီးကပ်နေပြီဟု ခံစားနေသည်။
(ပိုင်ရွှယ်ချင်း… နင်ကို အရှက်ရအောင် လုပ်မယ်)
နီဖန်းကျိုးသည် စဉ်းစားနေ၏
အလယ်ပလက်ဖောင်းမှ အသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့်အမျှ ကွင်းအတွင်းရှိ စိတ်လှုပ်ရှားစွာ ပြောဆိုနေသော အသံများသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။
“သုံးလှည့်မြောက် ရွေးချယ်ပွဲ ပြီးပါပြီ”
ဧကရာဇ်အမှတ်တံဆိပ်ပါ ရှည်လျားသောဝတ်ရုံများကို ဝတ်ဆင်ထားသည့် ကြေညာသူသည် မြေပြင်မှ ပေအနည်းငယ်အထက်တွင် ပျံဝဲနေပြီး သူ့အသံသည် အသံချဲ့စက်များမှတစ်ဆင့် ပဲ့တင်ထပ်နေသည်။
“နောက်အုပ်စု—အုပ်စုလေး..ပါဝင်သူများ၊ အရှေ့သို့လာပါ”
နီဖန်းကျိုးသည် မျက်လုံး ဖွင့်လိုက်သည်။
ထက်မြက်မှု၊ အေးစက်မှု၊ အာရုံစိုက်မှု
“နောက်ဆုံးတော့ ငါ့အလှည့်ရောက်ပြီ”
အရိပ်ထဲကနေ ထွက်လာပြီး သူ့ ခြေလှမ်းရှည်များသည် တည်ငြိမ်ပြီး ယုံကြည်မှုရှိနေ၏
ကွင်းတစ်ဖက်ခြမ်းက တခြားပါဝင်သူ လေးယောက်သည်လည်း ရှေ့ကို တိုးလာကြပေသည် ။ သူတို့မျက်နှာအမူအရာသည် စိုးရိမ်နေသည့်တိုင် တည်ငြိမ်နေ၏
တီးတိုးစကားများက လူအုပ်ကြားထဲ၌ ပျံ့နှံ့သွားပေသည်။
"ဒီမှာ…နီဖန်းကျိုးရဲ့ အလှည့်ပဲ”
"ဘယ်သူလဲ?"
"မင်းသိလား၊ တစ်ချိန်က ပိုင်ရွှယ်ချင်းနဲ့ စေ့စပ်ထားခဲ့တဲ့လူ”
"အဲဒီ အမှိုက်လား?"
"ဘာအမှိုက်လဲ။ စေ့စပ်ပွဲ ပျက်ပြယ်ပြီးကတည်းက သူက ခုန်ပျံကျော်လွှားပြီး တိုးတက်လာတယ်။ သူက
အခြေတည်ဝိညာဉ်အဆင့်မှာ ရောက်နေပြီလို့ ပြောကြတယ်။ သူက အသန်မာဆုံး ပါဝင်သူတွေထဲက တစ်ယောက်ဆိုတာ ရှင်းနေတယ်။"
"ဒါပေမယ့် သူ့အတွက် အနိုင်ရဖို့ မလွယ်ဘူး။ ကျန်တဲ့ လေးယောက်က နီဖန်းကျိုးကို အရင်ရင်ဆိုင်ဖို့ ပူးပေါင်းထားပုံရတယ်။ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် ရွှေအမြုတေအဆင့် ပြိုင်ဘက် လေးယောက်ကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ဖို့ ခက်လိမ့်မယ်။"
နီဖန်းကျိုး အလှည့်ဖြစ်မှန်း သိလိုက်သည်နှင့်လူအများ၏ အာရုံစိုက်မှုကို ချက်ချင်းရသွားသည်။
နီဖန်းကျိုးသည် စင်မြင့်ပေါ်သို့ ရောက်ရှိလာပြီး ဒိုင်လူကြီး စည်းမျဉ်းများကို ထပ်မံကြေငြာသောအခါ ငြိမ်နေခဲ့သည်။
"အုပ်စုလေး… ပါဝင်သူငါးဦး။ တစ်ဦးချင်း ထုတ်ပယ်မှု။ အားလုံးပြီးဆုံးရင် တိုက်ပွဲမှာတစ်ယောက်တည်းသာ ကျန်ရှိမယ်”
ဒိုင်လူကြီးက လက်မြှောက်လိုက်သည်။
"စတင်”
ကျန်လေးယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး မျှော်လင့်ထားသည့်အတိုင်း နီဖန်းကျိုးကို ဦးစွာဖယ်ရှားရန် စီစဉ်ထားကြသည်။
နောက်ဆုံးတွင် အားအကောင်းဆုံးသူများကို အတူတကွ အနိုင်ယူခြင်းသည် အနိုင်ရရှိရန် အခွင့်အလမ်းအများဆုံးဖြစ်သည်။
မဟုတ်ပါက တစ်ဦးချင်းတိုက်ပွဲတွင် ၎င်းတို့ထက် တစ်ဆင့်ပိုမြင့်သော နီဖန်းကျိုးကို ရင်ဆိုင်ရန် အခွင့်အရေးမရှိကြောင်း သူတို့သိကြသည်။
နီဖန်းကျိုးသည် လှောင်ပြောင်နေ၏
"ဟွန်း..ဒါက ပိုမြန်စေလိမ့်မယ်။"
နီဖန်းကျိုးသည် ယုံကြည်မှုရှိရှိနဲ့ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် အော်ဟစ်အားပေးနေသော လူအုပ်ကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။
"ဒါလား... မဖြစ်နိုင်ဘူး”
"သူဘာလို့ ဒီမှာရှိနေရမှာလဲ?"
"ဒါပေမယ့် အဲဒါက ရှင်းနေတာပဲ..."
ခေါင်းတွေလှည့်သွားသည်။ စကားဝိုင်းများ ရပ်တန့်သွားသည်။
အံ့အားသင့်နေသော မျက်နှာတွေ အများကြီးရှိနေ၏ ကြေငြာသူတောင်မှ တိုက်ပွဲအကြောင်း ခဏမေ့သွားပြီး အံ့အားသင့်သွားပုံရသည်။
နီဖန်းကျိုးသည် ပတ်ဝန်းကျင်ပြောင်းလဲမှုကို ဂရုမစိုက်ဘဲ သူ့ရှေ့က ရန်သူတွေအပေါ်မှာသာအာရုံစိုက်နေခဲ့၏။
သူ မကြားခင်အထိပေါ့။
"ပိုင်မျိုးနွယ်”
"သူပဲ - ပိုင်ကျီဟန်”
"သူဒီမှာ ဘာလုပ်နေတာလဲ?"
ချက်ချင်းပဲ နီဖန်းကျိုး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
သူ့မျက်လုံးသည် လူတိုင်းကြည့်နေသော ဘက်ကို ရောက်သွားပြီး အဲဒီမှာ သူရှိနေခဲ့တာပင်
ပိုင်ကျီဟန်
သူဟုတ်မဟုတ် သေချာမသိတောင် သူ့ဝတ်ရုံပေါ်က ပိုင်မျိုးနွယ်၏ သင်္ကေတသည် သူသိဖို့လိုအပ်တာအားလုံးကို ပြောပြနေ၏။
"ပိုင်မျိုးနွယ်က တစ်ယောက်ယောက် ဒီမှာ ဘာလုပ်နေတာလဲ?"
နီဖန်းကျိုးသည် သူ့အသက်ရှူသံအောက်တွင် တိုးတိုးလေးပြောလိုက်ပေ၏။
သူလည်း ပိုင်ကျီဟန်အကြောင်း ကောင်းကောင်းသိနေသည် ။ သူဘယ်လိုမှ မသိဘဲ မနေနိုင်ပေ
ပိုင်ကျီဟန်၏ ကျော်ကြားမှုသည် နေရာတိုင်းတွင် ပျံ့နှံ့နေတာကြောင့် အဝေးဆုံးရွာတွင် ပုန်းနေလျှင်ပင် သူ့အကြောင်း တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်တော့ ကြားရလိမ့်မည်သာ။
ပိုင်ကျီဟန်သည် သူ့မျိုးဆက်၏ အသန်မာဆုံးနှင့် အရည်အချင်းအရှိဆုံး ပါရမီရှင်အဖြစ်လည်း ချီးကျူးခံရသည်။ နီဖန်းကျိုးသည်လည်း သူ့အကြောင်း သေချာနားထောင်ခဲ့သည်။
ထို့အပြင် သူသည် နီဖန်းကျိုး အကြီးမားဆုံးရန်သူ၏ မောင်လည်း ဖြစ်သည်။
(ငါလုပ်သင့်လား။)
နီဖန်းကျိုး လက်ချောင်းများသည် တုန်ရီနေပြီး ပိုင်ကျီဟန်ကို စိုက်ကြည့်နေကာ နှလုံးသားများသည် အမုန်းတရားနဲ့ စိတ်ဆန္ဒရောနှောကာ တဒိတ်ဒိတ်ခုန်နေသည်။
သူ အမုန်းဆုံး ပိုင်မျိုးနွယ်စုက ဖြစ်သည့်ဟူသော အချက်ကလွဲလို့ တခြားအကြောင်းပြချက် မရှိပေ
သူ့မာနကို နင်းခြေပြီး သူ့မိသားစုကို ဖျက်ဆီးလုနီးပါးဖြစ်စေခဲ့သော မျိုးနွယ်စုပင်။
သူ့ချီတွေ လှုပ်ရှားလာပြီး ဝိညာဉ်စွမ်းအင်များ လှုပ်ရှားလာကာ သူ့ခန္ဓာကိုယ်ကနေ သတ်ဖြတ်ချင်စိတ်များ ထွက်လာသည်။
သို့တိုင် ထိုအချိန်မှာပဲ
"စိတ်အေးအေးထားပါ ဖန်းကျိုး”
သူ့စိတ်ထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာ၏။ အသက်ကြီးပြီး တည်ငြိမ်သည့်တိုင် ခက်ထန်နေသည်။
နီဖန်းကျိုး မျက်လုံးတွေ အနည်းငယ် ပြူးကျယ်သွားပေသည်။
၎င်းက သူ့ဆရာပင်
သူ့ဝိညာဉ်လက်စွပ်၏ အနက်ရှိုင်းဆုံးအထဲ၌ အရိပ်တစ်ခုသည် ဖြည်းဖြည်းချင်းပေါ်လာပြီး လေထဲမှ ဖယောင်းတိုင်တစ်တိုင်လို တလက်လက်တောက်ပနေသည်။
စုတ်ပြဲနေသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာက မှုန်ဝါးနေကာ နီဖန်းကျိုးကို ပင်ပန်းနွမ်းနယ်နေသည့် မျက်လုံးများနဲ့ စိုက်ကြည့်နေသည်။
"မင်းက ဒီလောက်ကြာကြာလေ့ကျင့်ထားတာ... အများကြီးခံနိုင်ရည်ရှိရမယ်။ အခု မင်းက ခံစားချက်တစ်ခုတည်းအတွက် အားလုံးကို ပစ်ချဖို့ ဆန္ဒရှိနေတာလား။"
နီဖန်းကျိုးသည် သွားများကို ကြိတ်လိုက်သည် ။
"ဒါပေမယ့် သူက ပိုင်မျိုးနွယ်က။ သူ့ကို ကျွန်တော်အတွက် ဒီကိုပို့လိုက်တာဖြစ်ရမယ်။ ကျွန်တော်လုပ်ရမှာက”
"ဒါဆို ဘာဖြစ်မလဲ။"
ဝိညာဉ်အသံသည် ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်သည်။
"ပိုင်ရွှယ်ချင်းကို လက်စားချေချင်တာလား။ ပိုင်မျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးချင်တာလား။"
နီဖန်းကျိုး တိတ်ဆိတ်သွားသည်။
"မင်းသူ့ကို ဒီမှာတိုက်ခိုက်ရင် ခွေးတစ်ကောင်လို မင်းကို အမဲလိုက်ဖို့ အကြောင်းပြချက်ပေးသလို ဖြစ်လိမ့်မယ်။ မင်းကို ရာဇဝတ်သားလို့ တံဆိပ်ကပ်ပြီး မင်းမပြင်ဆင်ရသေးတဲ့ စစ်ပွဲထဲ ဆွဲခေါ်သွားလိမ့်မယ်။"
"ဒီအားနည်းသူတွေကို မင်းဒီမှာ အနိုင်ယူနိုင်ပေမဲ့ ပိုင်မျိုးနွယ်စုကို ရင်ဆိုင်နိုင်မယ်လို့ တကယ်ယုံကြည်လား။ တောင်တွေကို တစ်ချက်တည်းနဲ့ ပြားပြားဝပ်အောင် လုပ်
နိုင်တဲ့ မျိုးနွယ်စုကို မင်း ခံနိုင်ရည်ရှိမယ်လို့ မင်းထင်လား။"
ပြောစရာမလိုပေ။ နီဖန်းကျိုးသည် ပိုင်ကျီဟန်နဲ့ ပင် မယှဉ်နိုင်ဘူးဆိုတာ သူသိ၏
သူတောင်မှ ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားရလိမ့်မည်ဟု မမျှော်လင့်ထားပေ - ထိုလူငယ်တစ်ယောက်ဆီက ရှင်းပြလို့မရသော ခံစားချက်မျိုး။
သူသည် ပိုင်ကျီဟန်ကို ကြည့်လိုက်၏
ပုံမှန်အားဖြင့် သူ မျက်တောင်မခတ်ဘဲ ကြည့်မိသော နောက်ထပ်လူငယ်တစ်ယောက်။
သို့တိုင် အတွင်းစိတ်ထဲ၌ တစ်ခုခုက သူ့ကို ပြောပြနေ၏ - ဒါက အန္တရာယ်များနေသည်။
ဒါက ရယ်စရာကောင်းလောက်အောင်ပင်။
သူသည် အင်မော်တယ် အဆင့် ကျင့်ကြံသူအများစု၏ ခြိမ်းခြောက်မှုကိုတောင် မခံစားရသော ရှေးခေတ်နတ်ဆိုးဖြစ်ပြီး အခု ထိုအသိစိတ်ကို သာမန်လူငယ်တစ်ယောက်ဆီက ခံစားနေရ၏
နီဖန်းကျိုးသည် စိတ်ပျက်လက်ပျက်နဲ့ လက်သီးကို ဆုပ်ကိုင်လိုက်သည်။
ဝိညာဉ်သည် တိုးတိုးလေး သက်ပြင်းချလိုက်သည်။
"မင်းတကယ်လိုချင်တာကို နားလည်ရမယ်။ မင်းရဲ့ရည်မှန်းချက်က ပိုင်ရွှယ်ချင်းပဲ - ပိုင်မျိုးနွယ်စု မဟုတ်ဘူး။"
ဝိဥာဉ်သတိပေးချက်က သူ့တပည့်အတွက်ပင်။
နီဖန်းကျိုး မျက်လုံးထဲမှ ဇဝေဇဝါဖြစ်မှုသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပေသည်။
သူ နက်ရှိုင်းစွာ ရှူသွင်းလိုက်၏
ပြီးတော့ အသက်ရှူထုတ်လိုက်သည်။
သူ့၏ သတ်ဖြတ်ချင်စိတ် ပျောက်ကွယ်သွားသည်နှင့်အမျှ ဝိညာဉ်စွမ်းအင်၏ ဖရိုဖရဲမှုတွေ ပျောက်ကွယ်သွားပေသည်။ သူ့ဓားကို ဆုပ်ကိုင်ထားမှု လျော့ရဲသွားပြီး သူ့မျက်နှာအမူအရာသည် ရေခဲလို တည်ငြိမ်သွားပေသည်။
သူ မှန်ပေ၏
သူ လုံလောက်အောင် မသန်မာသေးပေ။
သူ့ရည်မှန်းချက်သည် ပိုင်ကျီဟန် မဟုတ်ဘဲ သူ့အစ်မသာ
နီဖန်းကျိုးသည် သူ့ဘာသာသူ ခေါင်းညိတ်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ငါ ဘာလိုချင်လဲဆိုတာ ငါသိတယ်။"
သူသည် ပိုင်ကျီဟန်ကို လှည့်ကြည့်လိုက်ပြီး မသေချာမရေရာပုံ ဖြစ်နေကာ ခဏတာ ဝန်းရံထားသော သွေးဆာမှုလှိုင်းကို ခံစားပြီးနောက် တွန့်ဆုတ်နေသော ပါဝင်သူလေးယောက်ကို အာရုံစိုက်လိုက်သည် ။
နီဖန်းကျိုးအသံက အေးစက်ပြီး ကြည်လင်နေ၏
"မင်းတို့လေးယောက်... ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့။"