← Chapters

မဟာပျက်သုဉ်းခြင်းအငွေ့အသက်

Vol. 5 Ch. 42

မဟာပျက်သုဉ်းခြင်းအငွေ့အသက်

Vol. 5 Ch. 42

ယနေ့တွင် ရှန်းချန်ကောသည် အိမ်၌ ကျင့်ကြံနေလေသည်။

ခဏတာ လေ့ကျင့်ပြီးနောက် သူ့၏ အသုံးမကျသော ပါရမီကို ဒေါသထွက်ကာ အိပ်ပျော်သွားလေတော့သည်။

"ကံကောင်းလိုက်တဲ့လူ... အကြီးဆုံးစီနီယာအစ်ကိုကြီးကတော့အကြီးဆုံးစီနီယာအကိုကြီးပဲ။ သုံးမိနစ် လေ့ကျင့်တယ်၊ နှစ်နာရီ အိပ်တယ်"

"နှစ်နာရီ မင်း အကြီးဆုံးစီနီယာအစ်ကိုကြီးကို လျှော့တွက်လွန်းတာပဲ"

ကင်းလှည့်နေသော တပည့်များသည် ရှန်းချန်ကော၏အိမ်ကို ဖြတ်သန်းသွားရင်း ခံစားချက်မျိုးစုံဖြင့် ပြောဆိုနေကြသည်။

တစ်နေ့လုံး။

ရှန်းချန်ကောသည် ဒီအတိုင်း အိပ်ပျော်နေလိုက်သည်။

သူသည် သူ့သဘာဝနာရီနှင့် အသားကျနေပြီဟု ခံစားရသည်။

သူသည် နေ့ဘက်တစ်နေ့လုံး အိပ်ပြီး မနက်စောစောထကာ ချက်အင်ဝင်တတ်သည်။

ညဉ့်နက်လေပြီ။

အပြင်ဘက်ရှိ အမှောင်မြူခိုးများသည် နေရာတစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းခြုံလာသည်။

အစကတည်းက အလင်းရောင် သိပ်မရှိသဖြင့် အလွန် မှောင်မိုက်ပြီး မှိုင်းညို့နေသောကြောင့် အသက်ရှူရ ခက်ခဲစေသည်။

အမှောင်မြူခိုးထဲတွင် ရေတွက်မရသော အသက်ရှိ ပိုးမျှင်လေးများ ရှိနေပုံရပြီး အမှောင်ထဲတွင် မိုးခိုးအရောင်ကဲ့သို့ ဖြစ်နေသည်။

တစ်ချက်ကြည့်လိုက်လျှင် ငြိမ်သက်နေသော်လည်း အနီးကပ် ကြည့်လိုက်သောအခါ သိုးမွှေးလုံးများကဲ့သို့ ရွေ့လျားနေကြသည်။

သို့သော် ထိုအချိန်တွင်...

"ငါတို့ သူ့ကို စောင့်ကြည့်ရမယ်"

အမှောင်ထဲတွင် တမင်တကာတိုးထားသော အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် ကောင်းကင်ဘုံဓားဂိုဏ်းကို ဝန်းရံထားသော အမှောင်မြူခိုးများထဲ၌ တစ္ဆေပုံရိပ်အချို့ ပေါ်လာသည်။

"သေချာ စုံစမ်းပြီးပြီလား"

"'လွတ်မြောက်ခြင်းအဆင့်' နောက်ဆုံးအဆင့်ရှိတဲ့ အကြီးအကဲ ငါးဦးရှိတယ်။ ဒါပေမဲ့ သူတို့ထဲက နှစ်ယောက်က ဒဏ်ရာအပြင်းထန်ရထားပုံရတယ်။ ပြီးတော့ 'လွတ်မြောက်ခြင်းအဆင့်' အစောပိုင်းအဆင့်ရှိတဲ့ အကြီးအကဲတစ်ယောက်လည်း ဒဏ်ရာရထားတယ်။ ဂိုဏ်းချုပ်ကြီးကတော့ 'နတ်တံတားအဆင့်' မှာ ရှိလောက်တယ်ဆိုတော့ ငါတို့ မစမ်းသပ်ရဲဘူး..."

ပုံရိပ်အချို့ ခပ်ဖွဖွခေါင်းညိတ်လိုက်ကြသည်။

"ပြန်ပြီး သတင်းပို့လိုက်။ ဒီဂိုဏ်းကို (၃) ရက်အတွင်း ဝါးမျိုဖို့ ကြိုးစားရမယ်။ ငါတို့ဂိုဏ်းနဲ့ 'ကပ်ဘေးတစ်ထောင်ဓားဂိုဏ်း' ကြားက အဆုံးအဖြတ်တိုက်ပွဲ စတော့မယ်။ ငါတို့ အင်အားကို အမြန်ဆုံး ချဲ့ထွင်ရမယ်..."

ထိုပုံရိပ်သည် အမှောင်ထဲတွင် ဖုံးကွယ်နေသည်။

သူ့အသံသည် တိုးညင်းသော်လည်း ခန့်ညားထည်ဝါမှု အရိပ်အယောင်များ ပါဝင်နေသည်။

သူသည် 'လွတ်မြောက်ခြင်းအဆင့်' ပါရမီရှင်တစ်ဦးဖြစ်ပြီး စေလွှတ်လိုက်သော အဖွဲ့ငယ်၏ ခေါင်းဆောင်အဖြစ် လိုက်ပါလာခြင်း ဖြစ်သည်။

"ခေါင်းဆောင်... ခင်ဗျားတို့ကော"

"ငါတို့ ဒီဓားဂိုဏ်းကို သေချာ စုံစမ်းပြီးပြီ။ ဒီဓားဂိုဏ်းရဲ့ ဇာစ်မြစ်က နည်းနည်း ထူးဆန်းတယ်လို့ ငါ သံသယရှိတယ်။ သူတို့ဆီမှာ ဂိုဏ်းရုပ်တု နှစ်ခုတောင် ရှိတယ်။ဆိုလိုတာက ဒီဓားဂိုဏ်းဟာ အရင်တုန်းက တခြားဂိုဏ်းတွေကို သိမ်းပိုက်ခဲ့ဖူးတယ်ဆိုတဲ့ သဘောပဲ။ အခုချိန်ထိ ငါတို့ မြင်ရသလောက်တော့ ဒီဂိုဏ်းရဲ့ စွမ်းအားက တခြားဂိုဏ်းတွေကို ဖျက်ဆီးပစ်နိုင်လောက်အောင် မလုံလောက်ဘူး..."

သူတို့အမြင်တွင် ကောင်းကင်ဘုံဓားဂိုဏ်းသည် အမှောင်မြူခိုးများထဲတွင် အားအနည်းဆုံး ဂိုဏ်းဖြစ်သင့်သော်လည်း သူတို့တွင် ရုပ်တုနှစ်ခု ရှိနေသည်။

ကိစ္စတွေက ဒီလောက် မရိုးရှင်းလောက်ပေ။

"ခေါင်းဆောင်... ခင်ဗျား အများကြီး တွေးမနေပါနဲ့။ ဒီဓားဂိုဏ်းက ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေလောက်နဲ့ ဘာလှိုင်းဂယက်မှ ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး"

"ဆက်လက် စုံစမ်းတာ ပိုကောင်းမယ်"

သတင်းပို့သူ ထွက်သွားပြီးနောက် ခေါင်းဆောင်သည် လူအနည်းငယ်ကို ခေါ်ဆောင်ပြီး ကောင်းကင်ဘုံဓားဂိုဏ်းထဲသို့ ခိုးဝင်ရန် ပြင်ဆင်လိုက်သည်။

"တပည့်တစ်ယောက်လောက် အရင်ရှာပြီး သူတို့ဆီက သတင်းအချက်အလက် တစ်ခုခု ရနိုင်မလား ကြည့်ကြတာပေါ့"

သူတို့ အလွန် သတိထားနေကြသည်။

သို့သော် ထိုအချိန်တွင် အိမ်ထဲမှ တပည့်တစ်ယောက် လမ်းလျှောက်ထွက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုတပည့်သည် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး လက်ကို နောက်ပစ်ထားသည်။

သူ့မျက်လုံးများသည် သူတို့ နားမလည်နိုင်သော အမူအရာများကို မတော်တဆ ထုတ်ဖော်ပြသနေသည်။

"လိုက်သွား"

ထိုပုံရိပ်သည် ဓားသခင်ရုပ်တုဆီသို့ ရောက်လာပြီး ခဏတာ တင်ပျဉ်ခွေထိုင်နေသည်။

ထို့နောက် အခြားရုပ်တုတစ်ခုဆီသို့ ရောက်လာပြီး ခဏတာ ထိုင်နေပြန်သည်။

ပြီးနောက် ကျမ်းစာတိုက်နှင့် တိုက်ခိုက်ခြင်းဓားစံအိမ်သို့ သွားပြန်လေ၏။

နေရာတစ်ခုကို ဖြတ်သန်းတိုင်း သူသည် ခဏတာ တင်ပျဉ်ခွေထိုင်ပြီးနောက် ချက်ချင်း နောက်တစ်နေရာသို့ ရွှေ့သွားသည်။

နောက်ဆုံးတွင် တောင်ခြေရှိ လေ့ကျင့်ရေးကွင်းပြင်သို့ ရောက်လာပြီး ထိုင်ချလိုက်သည်။

ထိုအချိန်တွင် ထိုတပည့်နောက်သို့ လိုက်ပါလာသူများသည် အချင်းချင်း ကြည့်လိုက်ကြသည်။

"..."

ဒီကောင်က စက်ဆုပ်စရာကောင်းတဲ့ ကြက်တစ်ကောင်လား။

သို့သော် ထိုလူလေ့ကျင့်ရေးကွင်းပြင်ပေါ် ထိုင်ချလိုက်သည့် အခိုက်အတန့်တွင်... ဝုန်း...

ထိုတပည့်၏ ခန္ဓာကိုယ်မှ ရောင်စုံအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုတပည့်၏ ကျင့်ကြံခြင်းအဆင့်သည် ထိုခဏတာအတွင်း ကြီးမားသော ပမာဏဖြင့် တိုးတက်လာသည်ကို သူတို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ဒါ ဘယ်လို ကျင့်ကြံခြင်းနည်းစနစ်မျိုးလဲ။

ထိုတပည့်သည် လေ့ကျင့်ရေးကွင်းပြင်ပေါ်တွင် ခဏလေးသာ ထိုင်လိုက်သော်လည်း နှစ်ပေါင်းရာချီ ထိုင်နေခဲ့သကဲ့သို့ ဖြစ်နေသည်ဟု သူတို့ ခံစားရသည်။

သူတို့ အချင်းချင်း ကြည့်လိုက်ကြသည်။

ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို ရှင်းပြဖို့ နည်းလမ်းမရှိဘူးလို့ သူတို့ ခံစားလိုက်ရ၏။

အဲဒီလူက လေ့ကျင့်ရေးကွင်းပြင်ပေါ်မှာ ခဏလေးပဲ ထိုင်လိုက်ပေမယ့် ချက်ချင်းဆိုသလို အချိန်အကြာကြီး ကျင့်ကြံခဲ့သလို ဖြစ်သွားတာလား။

ဒါ့အပြင် ဒီတပည့်က အစောပိုင်းမှာ ဓားဂိုဏ်းတစ်ခုလုံးကို လျှောက်သွားခဲ့တယ်။

ခန္ဓာကိုယ်လေ့ကျင့်ဖို့ လမ်းလျှောက်ထွက်လာတယ်လို့တော့ ပြောလို့မရဘူး မဟုတ်လား။

အရာအားလုံး ပုံမှန်မဟုတ်ရင် တစ်ခုခု မှားယွင်းနေတာ သေချာတယ်။

ဒီလေ့ကျင့်ရေးကွင်းပြင်မှာ ပြဿနာ ရှိနေတာများလား။

"အမှောင်မြူခိုးတွေ ကျရောက်လာပြီးနောက် သာမန်အသိဉာဏ်နဲ့ ခန့်မှန်းလို့မရနိုင်တဲ့ အရာတွေ အများကြီး ဖြစ်ပျက်ခဲ့တယ်။ ဒီလေ့ကျင့်ရေးကွင်းပြင်မှာ ထူးဆန်းတာ တစ်ခုခု ရှိနေတာ ဖြစ်နိုင်မလား"

သူတို့၏ အာရုံကို လေ့ကျင့်ရေးကွင်းပြင်ဆီသို့ လှည့်လိုက်ကြသည်။

ထိုတပည့် လက်ကို နောက်ပစ်လျက် ဖြည်းညှင်းစွာ ထွက်ခွာသွားပြီးနောက်...

သူတို့ ချက်ချင်း လေ့ကျင့်ရေးကွင်းပြင်သို့ ရောက်လာပြီး အချင်းချင်း ကြည့်လိုက်ကြသည်။

"အဲဒီတပည့်က ခဏလေးပဲ ထိုင်လိုက်တာ။ ဒါပေမဲ့ နှစ်ရာချီ ကျင့်ကြံခဲ့သလို ဖြစ်သွားတယ်။ အရမ်း ထူးဆန်းတယ်"

"မြန်မြန်... ငါတို့လည်း စမ်းကြည့်ရအောင်"

တကယ်သာဆိုရင်

သူတို့၏ကျင့်ကြံခြင်းအဆင့်များက အရှိန်အဟုန်နှင့် တိုးတက်လာလိမ့်မည်။

ခေါင်းဆောင်က သံသယဖြစ်နေဆဲ ဖြစ်သော်လည်း မျှော်လင့်ချက်တော့ရှိနေသည်။

ဤလေ့ကျင့်ရေးကွင်းပြင်သာ တကယ် ထူးဆန်းနေပါက သူ 'နတ်တံတားအဆင့်' ကို ချိုးဖျက်ဝင်ရောက်နိုင်လောက်လေ၏။

"စကြစို့"

သူတို့ တန်းစီလိုက်ပြီး လေ့ကျင့်ရေးကွင်းပြင်ပေါ်သို့ တညီတညွတ်တည်း ဖင်ချထိုင်လိုက်ကြသည်။

"မင်းတို့ ဘာမှ မခံစားရဘူးလား"

သူတို့ အနည်းငယ် ထူးဆန်းသလို ခံစားရသည်။

သို့သော် ထိုအခိုက်အတန့်တွင်...

ရုတ်တရက် လေတစ်ချက် တိုက်ခတ်လာသည်။

လေ့ကျင့်ရေးကွင်းပြင်မှ ထွက်ခွာသွားသော တပည့် ရုတ်တရက် ပြန်ရောက်လာသည်။

သူသည် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး သူ့အဝတ်အစားများ လေထဲတွင် လွင့်ပျံနေသည်။

လူတိုင်း၏မျက်စိထဲတွင် ဤပုံရိပ် ရုတ်တရက် ပေါ်လာခြင်းက သူတို့ကို ကြောင်အသွားစေသည်။

ထိုပုံရိပ်က သူတို့ကို ရုပ်ဆိုးသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ဂိုဏ်းထဲမှာ ကျင်ကြီး ကျင်ငယ် စွန့်တာကို တားမြစ်ထားတယ်"

ဒီလူတွေ ဘာလုပ်နေကြတာလဲ။

သူ နေ့တိုင်း ထိုင်တဲ့နေရာမှာ ဒီလူအုပ်စုတန်းစီထိုငိနေကြတယ်။

သူတို့ ဖင်တွေကိုလည်း ကုန်းပြီး မြေကြီးနဲ့ ပွတ်တိုက်နေကြသေးတယ်။

တွေးလိုက်မိရုံနဲ့တင် သူ ကျောချမ်းသွားလေသည်။

ထိုအချိန်တွင်...

ခိုးဝင်လာသော လူအနည်းငယ်၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

သူတို့ အမိခံလိုက်ရပြီ

ဤတပည့် အဘယ်ကြောင့် ဤနေရာသို့ရုတ်တရက်ပြန်ပေါ်လာမှန်းမသိသော်လည်း ထိုအချိန်က သူတို့လွန်စွာစိတ်လှုပ်ရှားပြီး သတိလက်လွတ်ဖြစ်နေသောကြောင့် သတိမထားမိလိုက်သည်လော။

သို့သော် ယခု သူတို့ထိုအရာကို ဂရုမစိုက်နိုင်တော့ပါဘူး။

သူတို့ လူမိခံလိုက်ရပြီ။

သူတို့ ချက်ချင်း ဓားဆွဲလိုက်ကြသည်။

ဓားစွမ်းအင်များ တုန်ခါသွားပြီး ဓားသံများ ထွက်ပေါ်လာသည်။

ဓားအလင်းတန်းများသည် အလွန် ထက်ရှစွာဖြင့် ရှန်းချန်ကောဆီသို့ ပစ်မှတ်ထား ဝင်လာနေသည်။

ရှန်းချန်ကော ထိုနေရာတွင် ရပ်နေပြီး ဝင်ရောက်လာသော ဓားအလင်းတန်းများကို မထီမဲ့မြင်ပြုသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

သူ လက်ညှိုးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။

ဝှစ်...

မှောင်မိုက်သော အလင်းတန်းတစ်ခု သူ့လက်ညှိုးမှ ရုတ်တရက် ထွက်ပေါ်လာပြီး ပျက်သုဉ်းခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

ပတ်ဝန်းကျင်မှဟင်းလင်းပြင်အနည်းငယ် မှောင်မိုက်သွားပြီး ရှင်သန်ခြင်းလက္ခဏာများပျောက်ဆုံးသွားလေ၏။

ပျက်သုဉ်းခြင်းအလင်းတန်းသည် သူ့လက်ညှိုးကို ရစ်ပတ်ထားပြီး ရှန်းချန်ကော၏လက်က လေထဲတွင် မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။

ခွပ်... ခွပ်... ခွပ်...

ဓားအလင်းတန်းများ လေထဲတွင် ပေါက်ကွဲသွားသည်။

"ငါ မဟာပျက်သုဉ်းခြင်းကျမ်းရဲ့ အခြေခံကိုတောင် သေချာမကျွမ်းကျင်သေးပေမယ့် ငါထုတ်လွတ်နိုင်တဲ့ ပျက်သုဉ်းခြင်းချီ က အရမ်း ကြောက်စရာကောင်းနေတုန်းပဲ..."

ရှန်းချန်ကော အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ထိုပုံရိပ်များကိုပင် မကြည့်ဘဲ သူ့လက်ချောင်းများ အနည်းငယ်လှုပ်ရှားလိုက်ရာ သူ့ကျောနောက်မှ 'တိုက်ခိုက်ခြင်းဓား' သည် ကျယ်လောင်သော အသံဖြင့် ဓားအိမ်မှ ထွက်လာခဲ့သည်။

အေးစက်သော အလင်းရောင် ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် ဓားအလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။

ဓားအလင်းတန်းသည် ထိုလူများ၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး သူတို့၏ကြောက်ရွံ့ထိတ်လန့်နေသော မျက်နှာများကို လင်းထိန်သွားစေသည်။

...

"ဒါ ဘာအရှိန်အဝါလဲ"

ဂိုဏ်းအတွင်း၌အကြီးအကဲတစ်ဦး အိပ်ပျော်နေရာမှ ရုတ်တရက် လန့်နိုးလာသည်။

သူ့မျက်လုံးများ လှုပ်ခတ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူ့နေအိမ်သည် လေ့ကျင့်ရေးကွင်းပြင်နှင့် မဝေးလှသဖြင့် အရှိန်အဝါအချို့ကို သူ ခံစားလိုက်ရသည်။

"ဒါ မကောင်းတော့ဘူး... တစ်ယောက်ယောက် ဂိုဏ်းထဲ ခိုးဝင်လာတယ်"

"ချီးပဲ... လွတ်မြောက်ခြင်းအဆင့်... သူတို့ အများကြီးပဲ"

အကြီးအကဲ အလွန် စိုးရိမ်သွားပြီး အလျင်အမြန် ထရပ်လိုက်သည်။

သူ အဝတ်အစား ဝတ်ဖို့ပင် အချိန်မရလိုက်ပေ။

သူ့ဓားသုံးလက်ကို ကောက်ယူပြီး ချက်ချင်း ထွက်သွားလိုက်သည်။

"အားလုံး ထွက်ခဲ့ကြ တစ်ယောက်ယောက် ကောင်းကင်ဘုံဓားဂိုဏ်းကို ကျူးကျော်နေပြီ"

သူ့အသံသည် ကျယ်လောင်ပြတ်သားပြီး ကောင်းကင်ဘုံဓားဂိုဏ်းမှကျွမ်းကျင်သူများစွာကို နှိုးလိုက်လေသည်။

All Chapters