ဓားသိုင်းပညာ အဆင့်မြှင့်တင်ခြင်း
Vol. 5 Ch. 44
ထိုအချိန်တွင် ပြင်ပလောက၏ဆူညံပွက်လောရိုက်မှုများကို လစ်လျူရှုလျက် ရှန်းချန်ကောသည် သူ့အခန်းထဲတွင် ငြိမ်သက်စွာထိုင်နေလေသည်။
ယခုအချိန်၌ သူသည် "မဟာပျက်သုဥ်းခြင်းကျမ်း" ကို အဆက်မပြတ် နားလည်သဘောပေါက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ရှန်းချန်ကောသည် တစ်ရက် ချက်အင်ဝင်ပြီးနောက် ဤမဟာပျက်သုဥ်းခြင်းကျမ်း၏ 'ပျက်သုဉ်းခြင်းအပိုင်း'အတွက် နှစ်ငါးဆယ်စာ ကျင့်ကြံခြင်းစွမ်းအားများကို ရရှိခဲ့သည်။
ထိုသို့ရရှိပြီးနောက် ဤ 'ပျက်သုဉ်းခြင်းအပိုင်း' သည် အစပိုင်းအခန်းကဏ္ဍမျှသာ ဖြစ်ကြောင်း သူရိပ်စားမိလိုက်သည်။
သို့သော် အစပိုင်းအခန်းကဏ္ဍမျှသာ ဖြစ်လင့်ကစား ၎င်း၏ စွမ်းအားမှာ ကြောက်ခမန်းလိလိ ကောင်းမွန်နေဆဲပင်။
ရှန်းချန်ကော၏ခံစားချက်အရ 'ကောင်းကင်ဘုံဓားကျမ်း' သည် သမားရိုးကျနည်းလမ်းကျင့်စဉ်တစ်ခု ဖြစ်သည်ဆိုလျှင်၊ ဤ 'မဟာပျက်သုဥ်းခြင်းကျမ်း' မှာမူ အခြားသော ဖွဲ့စည်းပုံတစ်ခုမှ ဆင်းသက်လာသည့် ပညာရပ်တစ်ခုနှင့် ပို၍ တူနေသည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ထိုမဟာပျက်သုဥ်းခြင်းကျမ်းသည် ရှန်းချန်ကော၏ ခန္ဓာကိုယ်အတွင်း၌ မီးခိုးရောင်စွမ်းအင်မရီဒန်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး သူ၏ဒန်တျန် နှင့် တိုက်ရိုက် ချိတ်ဆက်ပေးလိုက်သောကြောင့် ဖြစ်သည်။
ရှန်းချန်ကောသည် ၎င်းကို "ပျက်သုဉ်းခြင်းစွမ်းအင်" ဟု အမည်ပေးလိုက်သည်။
အစောပိုင်းက သူသည် ထိုပျက်သုဉ်းခြင်းစွမ်းအင်ဖြင့် သူ၏လက်ကို ဖုံးအုပ်လိုက်သောကြောင့် လာထိသမျှ ဓားအလင်းတန်းများ အားလုံးကို လေထဲတွင်ပင် အလွယ်တကူ ချိုးဖျက်ပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
"တကယ်လို့ ဒီပျက်သုဉ်းခြင်းစွမ်းအင်ကိုသာ ဓားနည်းစနစ်မှာ ပေါင်းစပ်အသုံးပြုနိုင်မယ်ဆိုရင်... ငါအခု နတ်တံတားအဆင့် အထွတ်အထိပ် ရောက်နေတဲ့သူတွေကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်လောက်တယ်။"
ရှန်းချန်ကော၏စိတ်အနည်းငယ် လှုပ်ရှားသွားသည်။
ယနေ့ ချက်အင်ဝင်ပြီးနောက် နောက်ထပ် နှစ်ငါးရာစာ ကျင့်ကြံခြင်းအခြေခံများကို ရရှိခဲ့ပြန်သည်။
ရှန်းချန်ကော တွေ့ရှိလိုက်ရသည်မှာ သူ၏ကျင့်ကြံခြင်းအဆင့်သည် နတ်တံတားအဆင့် သို့ မရောက်ရှိသေးသော်လည်း သူ ပိုမိုသန်မာလာခြင်းပင် ဖြစ်သည်။
သူ၏လက်ရှိအခြေအနေသည် လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ်တွင် ရှိနေသော်လည်း၊ လူများစွာ မရောက်ရှိဖူးသော အကန့်အသတ်တစ်ခုအထိ တက်လှမ်းနေသည့် ပုံစံမျိုး ဖြစ်နေသည်။
ယခုဆိုလျှင် သူသာမာန်အတိုင်း ထုတ်လိုက်သည့် ဓားချက်တစ်ချက်သည်ပင် သာမန် နတ်တံတားအဆင့် အစောပိုင်း ပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်နေပြီ ဖြစ်သည်။
အကယ်၍ သူသာ တိုက်ခိုက်ခြင်းဓား နှင့် လှုပ်ရှားခြင်ူနည်းစနစ်များကိုပါ ထုတ်သုံးလိုက်ပါက နတ်တံတားအဆင့်နှောင်းပိုင်းကို သတ်ဖြတ်နိုင်မည်ဖြစ်ပြီး၊ ပျက်သုဉ်းခြင်းစွမ်းအင်ကိုပါ ထပ်ပေါင်းလိုက်ပါက နတ်တံတားအဆင့် အထွတ်အထိပ် ပညာရှင်များကိုပါ အလွယ်တကူ သတ်ဖြတ်နိုင်ပေလိမ့်မည်။
ဤအချက်က အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
မဟာပျက်သုဥ်းခြင်းကျမ်းသည် ရှန်းချန်ကော၏ စွမ်းရည်ကို အဆင့်တစ်ဆင့်လုံးစာမက မြှင့်တင်ပေးလိုက်ခြင်း ဖြစ်ပါသည်။
ထို့ပြင် မဟာပျက်သုဥ်းခြင်းကျမ်းသည် ရိုးရှင်းသည့်အရာ မဟုတ်ဟု ရှန်းချန်ကော ခံစားမိသည်။
ထိုပျက်သုဉ်းခြင်းစွမ်းအင်များ သူ၏ဒန်တျန်ထဲသို့ ဝင်ရောက်လာသောအခါ အလွန်ထူးဆန်းသော နယ်ပယ်တစ်ခုကို ဖွင့်လှစ်နေသကဲ့သို့ ခံစားရသည်။
ယခုရက်ပိုင်းအတွင်း သူ၏ဒန်တျန်သည် နှလုံးခုန်သကဲ့သို့ တဒိတ်ဒိတ်လှုပ်ရှားနေသည်ကို မကြာခဏ ခံစားနေရပြီး ၎င်းသည် အလွန် ထူးဆန်းနေသည်။
"မဟာပျက်သုဥ်းခြင်းကျမ်း... အမှောင်မြူတွေထဲမှာ ချက်အင်လုပ်ရင်း ရလာတဲ့ ကျမ်းစာ... အမှောင်မြူတွေက အစကတည်းက အရမ်းနက်နဲလျှို့ဝှက်တဲ့အရာလေ။ ချက်အင်စနစ်အကြောင်း ငါနားလည်သလောက် ပြောရရင် အမှောင်မြူတွေထဲမှာ ရလာတဲ့ အရာတွေက သေချာပေါက် အမှောင်မြူတွေနဲ့ ဆက်စပ်မှု ရှိနေမှာပဲ။"
မဟာပျက်သုဥ်းခြင်းကျမ်း၏လျှို့ဝှက်ချက်ကို သူ ဆက်လက်ရှာဖွေရဦးမည့်ပုံ ပေါ်သည်။
ထို့ပြင် စိတ်ဝိညာဉ်လမ်းညွှန်ခြင်းကျမ်းကို ကျင့်ကြံခြင်းကလည်း သူ၏စိတ်ဝိညာဉ်ကို လေ့ကျင့်ပေးနေပြီး၊ အလွန်သန့်စင်သော စွမ်းအင်တစ်ခုက သူ၏စိတ်ဝိညာဉ်အား အဆက်မပြတ် ဆေးကြောပေးနေသည်ကို အချိန်တိုင်း ခံစားနေရသည်။
ရှန်းချန်ကောသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။
သူ၏စွမ်းရည်ကို ဆက်လက်မြှင့်တင်လိုပါက ယခုအချိန်တွင် ကောင်းကင်ဘုံဓားဂိုဏ်း၏ ဓားစွမ်းအင်တောင်ထိပ် ကို သွားရောက်သင့်ပြီ ဖြစ်သည်။
ဓားစွမ်းအင်၊ ဓားရည်ရွယ်ချက်၊ ဓားအရှိန်အဝါ
စီးနင်းခြင်းဓားတွင် ဓားစွမ်းအင်ဖြင့်ထိန်းချုပ်သည်၊ သဏ္ဍာန်ဖော်ခြင်းဓား တွင် ဓားရည်ရွယ်ချက် ကိန်းအောင်းသည်၊ တိုက်ခိုက်ခြင်းဓားတွင် ဓားအရှိန်အဝါ ပေါက်ကွဲစေသည်။
ဤအရာ တစ်ခုချင်းစီသည် အလွန်တန်ဖိုးရှိသော အရာများ ဖြစ်သည်။
ယခင်က ကောင်းကင်ဘုံဓားဂိုဏ်းခွဲတွင် ဓားစွမ်းအင်တောင်ထိပ်၊ ဓားရည်ရွယ်ချက်တောင်ထိပ် နှင့် ဓားအရှိန်အဝါတောင်ထိပ် ဟူ၍ ရှိခဲ့သော်လည်း ပြီးပြည့်စုံသော ဓားစွမ်းအင် သို့မဟုတ် ဓားသဏ္ဌာန်ဖြစ်ပေါ်ခြင်းဖြစ်သည့် ဓားရည်ရွယ်ချက်နှင့် ဓားအရှိန်အဝါတို့ကို နားလည်သဘောပေါက်နိုင်သည့် ပါရမီရှင်ဟူ၍ မရှိသလောက် နည်းပါးခဲ့သည်ဟု ဆိုကြသည်။
ဓားသဏ္ဌာန်ဖြစ်ပေါ်ခြင်း အနည်းငယ်မျှကို နားလည်နိုင်သူများကိုပင် ဂိုဏ်းခွဲက အလေးပေး မွေးထုတ်ပေးလေ့ရှိသည်။
ပြီးပြည့်စုံပြီး ကိုယ်ပိုင်စွမ်းရည်များ ပါဝင်သည့် ဓားသဏ္ဌာန်ဖြစ်ပေါ်ခြင်းကို နားလည်နိုင်သော ပါရမီရှင်မျိုးသည် ကောင်းကင်ဘုံဓားဂိုဏ်းချုပ်တွင်သာ ရှိနိုင်ပြီး၊ ထိုနေရာမှာပင် အလွန်ရှားပါးသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ရှန်းချန်ကော တစ်ယောက် မျှော်လင့်တကြီး ဖြစ်လာခဲ့သည်။
………
ထိုအချိန်၌၊အမောတကောဖြင့် လူရိပ်တစ်ခု ပြေးလွှားနေခဲ့သည်။
နေ့တစ်ဝက်ခန့် အစွမ်းကုန်ပြေးလွှားလာပြီးနောက် နောက်ဆုံးတွင် သူသည် ဂိုဏ်းထံသို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းတံခါးဝတွင် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ဆက်သွယ်ထားသကဲ့သို့ မြင့်မားသော ကျောက်ဓားတစ်လက် ရှိနေပြီး၊ ၎င်းသည် ဤဂိုဏ်း၏သင်္ကေတ ရုပ်တုလည်း ဖြစ်သည်။
ဤသည်မှာ ကောင်းကင်ဘုံဓားဂိုဏ်းအား ကျူးကျော်ဝင်ရောက်ခဲ့သူများ၏ ဂိုဏ်းပင် ဖြစ်သည်။
နတ်ဓားဂိုဏ်း
ကောင်းကင်အဆင့်ဂိုဏ်း
ဂိုဏ်း၏ သင်္ကေတရုပ်တုကြီး (၇) ခုကို ပိုင်ဆိုင်ထားသော ဂိုဏ်းဖြစ်သည်။
ထိုပြန်ရောက်လာသူ၏အမည်မှာ ကျန်းယွင် ဖြစ်သည်။
သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သက်ပြင်းချလိုက်မိသည်။
အမှန်အတိုင်း ပြောရလျှင် အမှောင်မြူခိုးများကြားထဲတွင် သွားလာရသည်မှာ လူကို ကြောက်ရွံ့ထိတ်လန့်စေသည်။
ထိုစဉ် ဂိုဏ်းအတွင်းမှ လူတစ်ယောက် ထွက်လာပြီး ကျန်းယွင်ကို မြင်လိုက်သည်။
"ကျန်းယွင် မင်း... မင်း ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"
ထိုဂိုဏ်းသား၏မျက်နှာတွင် အံ့သြသည့် အရိပ်အယောင်များပေါ်နေပြီး၊ ကျန်းယွင်၏ စိတ်ထဲအရ ထိုဂိုဏ်းသားသည် သူ့ကိုကြည့်ရင်း ကြောက်ရွံ့နေသည့် ပုံစံမျိုးပင် ပေါက်နေ၏။
ဟမ်
ကျန်းယွင် မျက်နှာတွင် သံသယများထွက်ပေါ်လာလေသည်။
"ငါ သတင်းပြန်ပို့ဖို့ လာတာလေ။ ငါတို့ ဂိုဏ်းတစ်ခုကို တွေ့ထားတယ်။ အဲဒီဂိုဏ်းရဲ့ အင်အားက သိပ်မကြီးဘူး၊အချိန်တိုအတွင်း သိမ်းပိုက်လို့ ရနိုင်လောက်တယ်။ အဲဒါဆိုရင် ငါတို့ရဲ့ ရုပ်တုအရေအတွက်က 'ဓားတစ်ထောင်သေဆုံးခြင်း ဓားဂိုဏ်း' နဲ့ တန်းတူ ဖြစ်သွားလိမ့်မယ်။" ကျန်းယွင်သည် ထိုအကြောင်းကို တွေးမိပြီး စိတ်လှုပ်ရှားသွားသည်။
သို့သော် ထိုဂိုဏ်းသားက သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။
"ဒါဆို ဘာလို့ မင်းနဲ့ပါသွားတဲ့ အဖွဲ့သားတွေ အကုန်လုံး သေကုန်တာလဲ..."
ထိုစကားတစ်ခွန်းက ကျန်းယွင်၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွေးအမျှင်များကို ထောင်မတ်သွားစေပြီး ရင်ထဲ ထိတ်လန့်တုန်လှုပ်သွားစေသည်။
"မင်း ဘာပြောလိုက်တာလဲ"
ကျန်းယွင် အော်ဟစ်လိုက်သဖြင့် လူအများ၏ အာရုံစိုက်မှုကို ရသွားသည်။
ထိုအချိန်မှာပင် အရပ်ရှည်ရှည် လူတစ်ယောက် လျှောက်လာသည်။
"ကျန်းယွင်... ငါနဲ့ လိုက်ခဲ့။"
"ဂိုဏ်းအကြီးအကဲ... တကယ်ဘာတွေ ဖြစ်နေတာလဲ" ယခုအခါ ကျန်းယွင်၏မျက်နှာတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လာပြီး စိတ်ခံစားချက်များ မထိန်းချုပ်နိုင်တော့ပေ။
သူ့အဖွဲ့... အကုန်သေကုန်ပြီ
"လွန်ခဲ့တဲ့ သုံးနာရီလောက်က မင်းရဲ့ အဖွဲ့သားတွေ အားလုံးရဲ့အသက်ကမ္ပည်းပြားတွေ တစ်ချိန်တည်းမှာပဲ ကွဲအက်သွားတယ်။ သူတို့တွေ မဟာနတ်ဆိုးကြီးတွေ၊ ဒါမှမဟုတ် ကောင်းကင်အဆင့်ဂိုဏ်းက ကျွမ်းကျင်သူတွေနဲ့ တွေ့ကြုံလိုက်ရတယ်လို့ ငါ သံသယရှိတယ်။ ဒါကြောင့် မင်း အခု ငါနဲ့ လိုက်ခဲ့။ ဂိုဏ်းအကြီးအကဲတွေက မင်းကို စောင့်နေကြတယ်။ မင်းတို့ ဘယ်ကိုသွားခဲ့ကြပြီး ဘာတွေနဲ့ တွေ့ခဲ့ရသလဲ ဆိုတာကိုပေါ့။"
ကျန်းယွင် တစ်ကိုယ်လုံး အေးစက်သွားသည်။
တစ်ချိန်အတွင်းမှာပဲလား...
အဖွဲ့ခေါင်းဆောင်ဆိုရင် လွတ်မြောက်ခြင်းအဆင့် ပညာရှင်လေ...
တန်းပြီး သေသွားတာလား
သူ သတင်းပြန်ပို့ဖို့ ထွက်မလာခဲ့ရင် သူလည်း ထိုအခိုက်အတန့်မှာပင် သေသွားခဲ့လိမ့်မယ်ဆိုတာ တွေးကြည့်လို့ ရနေပြီ။
သူတို့ တကယ်တမ်း ဘာတွေ ကြုံတွေ့ခဲ့ရတာလဲ
သူ တွေးလေလေ ပိုကြောက်လေလေ ဖြစ်လာသည်။
အထူးဖွင့်လှစ်ထားသော လျှို့ဝှက်အခန်းတစ်ခုထဲသို့ ရောက်သွားသည့်တိုင်အောင်ပင်။
အခန်းထဲတွင် အရှိန်အဝါ ကြီးမားသော ဂိုဏ်းအကြီးအကဲ အများအပြား ခန့်ညားထည်ဝါစွာ ထိုင်နေကြပြီး သူ့ကို လေးနက်သော မျက်နှာထားများဖြင့် ကြည့်နေကြသည်။
ကျန်းယွင် တစ်ကိုယ်လုံး တုန်ယင်နေသည်။
"ကျွန်... ကျွန်တော်တို့ အပြင်ဘက်ပိုင်းက ဓားဂိုဏ်းတစ်ခုကို သွားခဲ့ကြတာပါ။ အဲဒီဂိုဏ်းရဲ့ အင်အားက သိပ်မကြီးပါဘူး... အသန်မာဆုံးလူက နတ်တံတားအဆင့် လောက်ပဲ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီ နတ်တံတားအဆင့် ပညာရှင်ကို သွားမစမ်းသပ်ခဲ့ပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ခဲ့တဲ့ နေရာတွေကလည်း အဲဒီလူ ရှိတဲ့နေရာနဲ့ တော်တော်ဝေးပါတယ်... ပြီးတော့ အဲဒီ နတ်တံတားအဆင့် ပညာရှင်က ဒဏ်ရာရထားပုံပါပဲ..."
ကျန်းယွင် စကားပြောရာတွင်ထစ်နေပြီး စကားလုံးများပင် ရှေ့နောက် မညီတော့ပေ။
သူ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
နတ်တံတားအဆင့်ရှိကြသော ဂိုဏ်းအကြီးအကဲများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိကြသည်။
"မင်းရဲ့ 'ဝိညာဉ်ကျောက်စိမ်း' ပေါ်မှာ ဘာသတင်းအချက်အလက်မှ မရှိဘူးလား"
ရုတ်တရက် အကြီးအကဲတစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။
ကျန်းယွင် ကြားလိုက်ရသည့်အခါမှ ရင်ဘတ်ထဲမှ ဝိညာဉ်ကျောက်စိမ်းတုံးကို အလျင်အမြန် ထုတ်လိုက်သည်။
အမှန်ပင် သူသည် လမ်းတစ်လျှောက်လုံး အပြင်းနှင်လာခဲ့ရသဖြင့် သူ့ကျောက်စိမ်းတုံးကို သတိမထားမိခဲ့ပေ။
အပေါ်တွင် တကယ်ပင် ချန်ထားခဲ့သော သတင်းစကားများ ရှိနေသည်။
"ကျွန်တော်တို့ ဝတ်ရုံဖြူနဲ့ ဂိုဏ်းသားတစ်ယောက်နောက်ကို လိုက်နေကြတယ်။"
နောက်ထပ် စာတစ်ကြောင်း...
ဝိညာဉ်ကျောက်စိမ်းတုံးသည် စာတစ်ကြောင်းလျှင် စာလုံးရေ အနည်းငယ်သာ ပို့နိုင်သော်လည်း သတင်းအချက်အလက်များကို သိမ်းဆည်းထားနိုင်သည်။
ထို့ကြောင့် ပြောစရာအကြောင်းအရာ များပြားနေသည့်အခါ သူတို့သည် စာတစ်ကြောင်းချင်းစီ ခွဲ၍ ပေးပို့လေ့ရှိသည်။
"ဒီဝတ်ရုံဖြူနဲ့ကောင်က ဂိုဏ်းပတ်ပတ်လည်ကို လျှောက်သွားနေတယ်။သူ မရည်ရွယ်ဘဲ ပြသလိုက်တဲ့အမူအရာတွေကို ကြည့်ရတာ ဒါ အရူးတစ်ယောက်လို့ ကျွန်တော်တို့ ထင်တယ်။"
"သူ နောက်ဆုံးမှာ လေ့ကျင့်ရေးကွင်းပြင်ပေါ်မှာ ဝင်ထိုင်လိုက်တယ်။"
"သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ရုတ်တရက် ထိုးတက်လာတယ်။ နှစ်ပေါင်းရာချီ ကျင့်ကြံထားသလိုပဲ။ ကျွန်တော်တို့ ထင်တာကတော့ လေ့ကျင့်ရေးကွင်းပြင်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပုံပဲ"
"အင်း... အခု ကျွန်တော် လေ့ကျင့်ရေးကွင်းပြင်ပေါ်မှာ ဝင်ထိုင်လိုက်ပြီ။ ဒါပေမဲ့ ဘာမှ ဖြစ်မလာဘူး။ ကျွန်တော်တို့ သံသယ ဝင်လာပြီ။"
"ပြဿနာက လေ့ကျင့်ရေးကွင်းပြင် မဟုတ်ဘဲ... ဟို ဝတ်ရုံဖြူနဲ့ ဂိုဏ်းသား ဖြစ်နေမလား.."
အခန်းထဲရှိ လူအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
သတင်းစကားများသည် ဤနေရာတွင် ရပ်တန့်သွားသည်။
သူတို့ အချိန်ကို တိုက်ကာစစ်ဆေးကြည့်လိုက်ရာ နောက်ဆုံးစာကြောင်း ပေးပို့ပြီးသည်နှင့် တစ်ပြိုင်နက် အသက်ကမ္ပည်းပြားများ ကွဲအက်သွားခြင်း ဖြစ်သည်။
ဂိုဏ်းအကြီးအကဲတစ်ဦးသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး...
"ဟိုပုဂ္ဂိုလ်ကြီးရဲ့ သားကလည်း... ဒီအဖွဲ့ထဲမှာ ပါသွားခဲ့တယ်..."
"ကိစ္စဘယ်လောက်ကြီးမားသွားလဲဆိုတာ မင်းတို့ အားလုံး သိကြတယ်မလား... ဒီဂိုဏ်းကို ငါတို့ သိမ်းပိုက်လို့ မရတော့ဘူး၊ အကုန်သတ်ဖြတ် သုတ်သင်ရမယ်... ဟို ဝတ်ရုံဖြူနဲ့ ဂိုဏ်းသားက ဒီကိစ္စနဲ့ ပတ်သက်သည်ဖြစ်စေ၊ မပတ်သက်သည်ဖြစ်စေ... လူတိုင်းရဲ့ ရှေ့မှောက်မှာ သူ့ကို မဖြစ်မနေ သတ်ပြရမယ်..."
" ဝတ်ရုံနက်တွေရဲ့ ဒေါသကို ငါတို့ ခံနိုင်ရည်မရှိဘူး..."