ကောင်းရန်
Vol. 1 Ch. 13
အစ်မရှုကား အပြင်စည်းဂိုဏ်းသို့ ရောက်သည်နှင့် လူအများ၏အာရုံစိုက်မှုကို ရသည်သာ။ သူမဘေးမှ မန်ဟိုကို မြင်လျှင် အားလုံး၏အမူအရာများက ထူးဆန်းနေကြ၏။ အထူးသဖြင့် မန်ဟိုထံမှ ဆေးဝယ်ခဲ့ရသူများဖြစ်ပေသည်။ သူတို့ရင်ထဲတွင် မုန်းတီးမှုများဖြစ်ပေါ်လာသော်လည်း အတင်းချိုးနှိမ်ထားကြရပေသည်။
ကျင့်ကြံခြင်းအဆင့်မြင့်မားသူများမူကား အများပိုင်ကွင်းထဲတွင် ဖြစ်ပျက်ခဲ့သည်များကို မသိကြသော်လည်း မန်ဟိုကို ကြည့်ကာ သွားရှုပ်၍ ရသည့်သူမဟုတ်ဟု တွေးလိုက်ကြသည်။
အမှန်တကယ်အားဖြင့် မန်ဟိုသည် ပြီးခဲ့သည့် ၂လအတွင်း အပြင်စည်းဂိုဏ်း၌ ကျော်ကြားလာခဲ့သည်ကို သူမသိပေ။
သူ့အမြင်တွင် အရေးအကြီးဆုံးအရာမှာ နေ့တစ်နေ့ကို ကောင်းမွန်စွာ ဖြတ်သန်းရန်ဖြစ်သည်။ အချိန်ကား ညဖြစ်ရာ တပည့်အားလုံးက မန်ဟိုနှင့် အစ်မရှုတို့ကို တွေ့မြင်ခဲ့ကြသည်တော့ မဟုတ်ပေ။
သည်အခွင့်အရေးက အလွယ်တကူ ရောက်မလာနိုင်သည်ကို သိရာ မန်ဟိုက သူ၏စာပေသမား စကားအကောင်းစားများဖြင့် အစ်မရှုကို နားဝင်ပီယံအောင် ပြောဆိုရသည်။ ထို့နောက် သူက အစ်မရှုနှင့်အတူ ဆေးဝါးအလုပ်ရုံသို့ သွားခဲ့ကြကာ ထိုနေရာမှ သတ်လတ်ပိုင်းလူကြီးသည် စိုးရိမ်စိတ်လှုပ်ရှားစွာဖြင့် မန်ဟိုကို ဆေးအမျိုးအမျိုးအတွက် သက်သာသော နှုန်းထားများဖြင့် ရောင်းချခဲ့သည်။ မန်ဟိုက ဆေးလုံးများကို အများအပြား ဝယ်ခဲ့ရာ ဆေးဝါးအလုပ်ရုံ၌ ဆေးများ ပြန်ဖြည့်ရန် ရသတ္တပတ်များစွာ ကြာမြင့်တော့မည်အထိပင်။
သူတို့က ရတနာဆောင်ကိုလည်း ရောက်ခဲ့သေး၏။ အစ်မရှုက ပါးသိုင်းမွှေးများဖြင့်လူကြီးကို ဒေါသတကြီးကြည့်လျှင် ထိုလူကြီး၏မျက်နှာက ပြာနှမ်းသွားကာ ချက်ချင်းပင် မန်ဟိုအား ဝိညာဉ်ကျောက်တုံးတစ်တုံး တိတ်တခိုးလာဘ်ထိုးပြီး ကြေးမုံအား အချိန်မရွေး လာလဲနိုင်ကြောင်း ပြောသည်။
မန်ဟိုကလည်း နှာခေါင်းတစ်ချက်ရှုံ့ကာ ကြေးမုံမှာ ပျောက်သွားခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ပြောသည်။ ရတနာဆောင်မှလူကြီးသည် မသက်မသာ ရယ်မောကာ တောင်းပန်သည်။ မန်ဟိုအား စိတ်မပူစေကြောင်းနှင့် ကြေးမုံသည် ယခင်ကလည်း ထိုသို့ ပျောက်ဆုံးဖူးပြီး ၂နှစ်၃နှစ်ခန့်ကြာလျှင် ပြန်တွေ့ကြောင်း ပြောဆိုသည်။ တောင်ခြေတွင် အစ်မရှုက အဝေးကို လျှောက်သွားသည်ကို မန်ဟိုက ကြည့်ကာ သူမသည် အင်မော်တယ်နတ်သမီးတစ်ပါးအလား အလွန်လှသည်ဟု ပထမဆုံးအကြိမ် သိလိုက်သည်။
“အစ်မရှုက အရမ်းအေးစက်တာ ဆိုးတာပဲ။ မဟုတ်ရင် အစ်မရှုက လက်ထပ်ဖို့ စဉ်းစားသင့်တဲ့သူပဲ” သူမက အနည်းငယ် စိတ်ကူးယဉ်ကာ ကျင့်ကြံခြင်းဂူသို့ ပြန်သည်။
ညသည် မြန်ဆန်စွာ ကုန်ဆုံးသွားပြီး နောက်တစ်နေ့ နံနက်သို့ ရောက်လာခဲ့သည်။ မန်ဟိုလည်း ထုံးစံအတိုင်း အများပိုင်ကွင်းသို့ လျှောက်လာခဲ့သည်။
“ငါက စဦးချီစုစည်းခြင်းအဆင့်(၃)ရဲ့ အမြင့်ဆုံးအနေအထားကို ရောက်ဖို့ နည်းနည်းပဲ လိုတော့တယ်။ ငါ့မှာ သင့်တော်တဲ့ဆေးဝါးတွေ မရှိတာ နာတာပဲ။ မိစ္ဆာသားရိုင်းအမြုတေတွေက အလွယ်တကူ ရဖို့မလွယ်ဘူး။ အဲဒါကို ရဖို့ဆိုရင် ငါက အန္တရာယ်များတဲ့ တောင်နက်ကြီးဘက်ကို သွားရမှာပဲ” သူက လမ်းလျှောက်ရင်း အကြံတစ်ခုရလာသည်။
“ငါ့ရဲ့လက်ရှိ ရည်ရွယ်ချက်က ဝိညာဉ်ကျောက်တုံးတွေ စုဆောင်းဖို့ပဲ။ နောက်တစ်ခေါက် ငါက အမြုတေတစ်လုံးရခဲ့ရင် ငါ့ကျင့်ကြံခြင်းကလည်း အများကြီးတိုးတက်သွားလိမ့်မယ်။ ငါက စဦးချီဖွဲ့စည်းခြင်းအဆင့်(၅)သို့အထိ ရောက်နိုင်လောက်တယ်” သူ၏မျက်လုံးများက အတွေးများဖြင့် တောက်ပလာခဲ့သည်။
“အပြင်စည်းဂိုဏ်းမှာ အဆင့်(၅)အထိ ရောက်တာက အရှင်သခင်တစ်ပါးဖြစ်တာနဲ့ ထူးမခြားနားဘူး။ ပိုပြီးအရေးကြီးတာက လေပေါ်လမ်းလျှောက်ပညာကို သုံးနိုင်တာပဲ”
မန်ဟိုက အစ်ကိုဝမ်တန်ဖေး မည်သို့ လေပေါ်တွင် လမ်းလျှောက်နိုင်သည်ကို တွေးကာ သူ၏နှလုံးက ပိုမိုမြန်ဆန်စွာ လှုပ်ခတ်လာ၏။
မကြာခင် သူသည် အများပိုင်ကွင်းသို့ ရောက်လာကာ နှိမ့်ချတတ်သော စာပေသမားအသွင်ဖြင့် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်၏။
ထို့နောက်တွင် ပိုမိုများပြားသော ကျင့်ကြံသူများ ရောက်လာကာ ယခင်နေ့များက မလာရောက်ခဲ့သူများလည်း ရောက်လာကြပေသည်။ တိုက်သံ၊ခိုက်သံများ ထွက်ပေါ်လာပြီးနောက်တွင် နာကျင်စွာ အော်ဟစ်သံ၊မာန်သွင်းသံများလည်း ထွက်ပေါ်လာသည်။ မန်ဟိုကလည်း ပတ်ဝန်းကျင်ကို အကဲခတ်ကာ ယနေ့အတွက် ပထမဆုံး စျေးဝယ်သူကို ရွေးချယ်ရန် ကြိုးစားနေသည်။ သူ သတိမထားမိသည်ကား အများပိုင်ကွင်း၏တစ်နေရာတွင် လူတစ်ယောက်သည် လူအုပ်ထဲ၌ သတိကြီးစွာ သွားနေ၏။
ထိုကျင့်ကြံသူသည် ဖြေးညင်းစွာ လမ်းလျှောက်ရင်း ပတ်ဝန်းကျင့်ကို ကြည့်ရင်း သွားနေခဲ့ကာ ရုတ်တရက် မန်ဟိုကို မြင်လိုက်ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူက လမ်းလျှောက်နေသည်ကိုလည်း ရပ်လိုက်၏။
သူကား မန်ဟို၏ယမန်နေ့က ပထမဆုံး စျေးဝယ်သူဖြစ်သည်။ မန်ဟိုက သူ၏ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် သတိလစ်အောင် တိုက်ခိုက်ခဲ့သည်အား ထိုသူသည် မျက်မြင်လက်တွေ့ကြုံခဲ့၏။ ယခု သူက မန်ဟိုအား သည်နေရာတွင် ထပ်တွေ့ရမည်ဟု မထင်ထားပေ။
“သူက ဘယ်လိုလုပ် ထပ်ရောက်လာတာလဲ။ ဒီလူလိမ်… သူ့ဆေးတွေက အရမ်းစျေးကြီးတယ်”
ထိုကျင့်ကြံသူကား အမုန်းတရားနှင့် အကြောက်တရားနှစ်မျိုးလုံးကို ခံစားရ၏။ သက်ပြင်းချကာ သူက ထွက်သွားရန် ပြင်လိုက်ပြီးမှ အများပိုင်ကွင်းသို့ ဝင်လာသော ကျင့်ကြံသူတစ်ဦးအား သတိထားမိသည်။
“အဲဒါ ကောင်းရန်ပဲ။ သူက စဦးချီဖွဲ့စည်းခြင်းအဆင့်(၂)ရဲ့ အမြင့်ဆုံးအဆင့်မှာ ရှိတယ်။ သူ့ဝမ်းကွဲအစ်ကိုလုဟွမ်က အဆင့်နိမ့်အများပိုင်ကွင်းမှာ နံပါတ်တစ်ပဲ။ သူ့ကြောင့်ပဲ ကောင်းရန်က တခြားလူတွေအကုန်လုံးကို အနိုင်ကျင့်နေတာ ကြာပြီ။ မနေ့က သူရောက်မလာတော့ အားလုံးက အဆင်ပြေနေခဲ့တယ်။ ဒီနေ့ကတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ”
ကောင်းရန်က ဆေးဝါးအရောင်းဆိုင်အား သွားရောက်ရန်စမည်မှာ သေချာသလောက်ရှိသည်ကို ထိုကျင့်ကြံသူက သိသည်။ သူကား နှစ်ယောက်လုံးကို မုန်တီးသူဖြစ်ရာ အခြေအနေမည်သို့ဖြစ်လာမည်ကို အလွန်စိတ်ဝင်စား၏။
အချို့သော တိုက်ခိုက်နေသူများမှာ ကောင်းရန်ကို သတိထားမိကြပြီး သူတို့၏အမူအရာများ ပြောင်းလဲသွားကြ၏။ သူတို့က ဘေးကို မြန်ဆန်စွာ ဖယ်ပေးကြကာ ကောင်းရန်နှင့် ခိုက်ရန်မဖြစ်မိစေအောင် သတိထားကြသည်။
ကောင်းရန်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့သည်။ သူကား အရပ်မြင့်မားကာ ထွားကျိုင်းသန်မာ၏။ သူ၏အေးစက်သောအကြည့်က အဆင့်နိမ့်အများပိုင်ကွင်းသည် သူ၏နောက်ဖေးခြံဝင်းနှင့်မခြားသည့်အလား ပိုင်စိုးပိုင်နင်းဆန်လှသည်။ သူ သွားမရှုပ်ရဲသော လူနှစ်ဦး သုံးဦးမှလွဲ၍ သူကား လူတိုင်းကို အထင်သေးပေသည်။ ယနေ့မှ သူ၏မိတ်ဆွေကောင်း ကျောက်ဝူကန်းကို မတွေ့ရသည့်အပေါ် သူကား မျက်မှောင်ကြုတ်နေသည်။ သူ၏စိတ်ခံစားမှုက သိပ်မကောင်းရာ လူသစ်များထံမှ ဆေးလုံးများ လုယယ်မည့်အတွေးများ ပေါ်လာတော့သည်။
ထို့နောက်တွင် သူ၏အကြည့်က မန်ဟိုထံသို့ ရောက်လာကာ သစ်ကိုင်းအလံက သူ၏စိတ်ကို ဆွဲဆောင်သွားသည်။
မူလက သူသည် မန်ဟိုကို သိပ်သတိမထားမပေ။ သို့သော်လည်း တခြားသော ကျင့်ကြံသူများက မန်ဟိုကို စိတ်ဝင်တစားဖြင့် ကြည့်နေသည်ကို မြင်ရာ သူ၏စိတ်ဝင်စားမှုက မြင့်တက်လာခဲ့သည်။
“သွား… သွား… မြန်မြန်သွား” ထိုကျင့်ကြံသူက တိတ်တဆိတ် ရေရွက်နေမိသည်။ တခြားလူများ တိုက်ခိုက်သည်ကို စောင့်ကြည့်ခြင်းက ပိုမိုစိတ်ဝင်စားဖွယ်ကောင်းကြောင်းလည်း သူ သတိထားမိသည်။
သူ၏ရေရွက်ခြင်းက အကျိုးသက်ရောက်သည်ထင်ရ၏။ ကောင်းရန်သည် မန်ဟိုရှိနေရာသို့ လျှောက်သွားတော့သည်။ တခြားလူများကလည်း သူ့အား မြန်ဆန်စွာဖြင့် လမ်းဖယ်ပေးကြ၏။
မန်ဟိုသည် ကျောက်တုံးပေါ်တွင် ထိုင်ကာ ပတ်ဝန်းကျင်ကို အကဲခတ်နေဆဲဖြစ်သည်။ ကောင်းရန် သူ့ထံသို့ လှမ်းလာသည်ကိုမြင်လျှင် ယနေ့အတွက် အလုပ်မဖြစ်တော့သည်ကို သိလိုက်၏။
သည်လူကား သူ့အတွက် စိမ်းမနေခဲ့ပေ။ သူကား ယခင် ရက်အနည်းငယ်က သူတွေ့ခဲ့သော ရုန့်ရမ်းကြမ်းတမ်းသောလူဖြစ်သည်။ မန်ဟိုက ထိုနေရာတွင်ပင် အားနည်းသည့်စာပေသမားဟန်ပင်ဖြင့် ထိုင်ကာ ပြောသည်။
“အစ်ကို… ဒါက ဆေးဆိုင်ဖွင့်တာ ဒုတိယမြောက်နေ့ပဲ။ ခင်ဗျားလိုချင်တဲ့ဆေးလုံးရမယ်။ ခင်ဗျား ဝယ်ဦးမလား”
ကောင်းရန်က မန်ဟိုအား ကြည့်သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်ကို မခန့်မှန်းနိုင်ပေ။ တစ်စုံတစ်ယောက်၏ကျင့်ကြံခြင်းအဆင့်သည် အဆင့်(၇)ထက်နိမ့်ပါက၊ထိုသူက တမင်တကာ ချီစွမ်းအားလှုပ်ခတ်ခြင်းကို ထိန်းချုပ်ထားပါက ထိုလူ၏ကျင့်ကြံခြင်းအဆင့်ကို ခန့်မှန်းရန် မလွယ်ပေ။
ထို့ကြောင့် သူသည် မန်ဟို၏အဆင့်ကို မခန့်မှန်းနိုင်ပေ။
“ငါက တစ်ခုခုကို ဝယ်တဲ့အခါ ဘယ်တော့မှ ငွေပေးစရာမလိုဘူးကွ။ မင်းရဲ့ဆေးလုံးတွေနဲ့ဝိညာဉ်ကျောက်တုံးတွေကို ပေးစမ်း။ မင်း နှောင့်နှေးနေရင် မင်းလည်ပင်းကို ဖြတ်မယ်”
ကောင်းရန်၏လေသံကား မာကြောကာ အေးစက်လွန်းသည်။ မည်သို့ဆိုစေ သည်နေရာကား အဆင့်နိမ့်အများပိုင်ကွင်းဖြစ်ကာ အားလုံးက သူ့ကို ကြောက်ရပေသည်။ သူ၏ဝမ်းကွဲအစ်ကိုမှာ လုဟွမ်ဖြစ်သည်။ သူ့အမြင်တွင် မန်ဟိုကား ဘာမှ မဟုတ်ပေ။
အဝေးတွင် မန်ဟို၏ပထမဆုံးစျေးဝယ်သူသည် ဖြစ်ပျက်သမျှအား စိတ်အားထက်သန်စွာ ကြည့်နေ၏။
“သူ့ကို သေအောင်ရိုက်… သူ့ကို သေအောင်ရိုက်” သူက မည်သူ့ကို ရည်ညွန်းသည် မသိသော်လည်း တိတ်တဆိတ် ရေရွက်နေ၏။
“အစ်ကို… ပညာရှိတွေပြောတာက လုယက်တာက မကောင်းမှုမြောက်တယ်” မန်ဟိုက ကောင်းမွန်စွာ ပြောသည် “ကျုပ်တို့ အေးဆေးပြောကြရအောင်။ ကျုပ်က ဒီမှာ ဆေးတွေတောင် မရောင်းရသေးဘူး။ ဘယ်လိုလုပ် ဝိညာဉ်ကျောက်တုံး ရှိမှာလဲ”
“ပညာရှိလား။ ဒီမှာ ငါ ပညာရှိပဲ” ကောင်းရန်က မန်ဟို၏စကားကို ကြားလျှင် ပိုမို၍ ယုံကြည်မှု ရှိလာဟန်ရသည် “ ငါ မင်းကို ရိုက်ချင်ရင် ဘယ်သူတားလို့ရမှာလဲ။ ငါမင်းကို တစစီ ဆွဲဖြုတ်ချင်ရင် ဘယ်သူက တစ်ခွန်းပြောရဲမလဲ”
မန်ဟို ထိတ်လန့်သည်ကို မြင်လျှင် သူက ဟက်ဟက်ပက်ပက်ရယ်မောကာ ရှေ့ကို တိုးလာသည်။
“အစ်ကို… ခင်ဗျား ကျုပ်ကို ရန်လာမစနဲ့နော်။ ပြီးတော့ ကျုပ်က အများပိုင်ကွင်းထဲမှာ မဟုတ်သေးဘူး။ သေချာကြည့်ဦး။ ကျုပ်က အပြင်ဘက်မှာ” မန်ဟိုက ထိုင်နေရာမှ ထကာ ပြောသည်။
“မင်း တကယ်စကားများတာပဲ” ကောင်းရန်က စိတ်မရှည်စွာ ပြောသည် “မင်း အတွင်းမှာ ရှိတယ်လို့ ငါပြောရင် အတွင်းမှာပဲ” သူက ရှေ့ကို တက်လာကာ မန်ဟိုထံသို့ လက်ရမ်းလိုက်၏။
“ဘယ်လောက် အနိုင်စားလိုက်သလဲ” ကောင်းရန်က လက်ရမ်းလာသည်ကို မြင်လျှင် မန်ဟိုက မျက်မှောင်ကျုံ့လိုက်ပြီး သူသည်လည်း တခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်။ ကောင်းရန်က ရှေ့ကို တက်လာလျှင် သူကလည်း ရှေ့ကို တက်ကာ ညာလက်ဝါးကို ဆန့်တန်းလိုက်သည်။
ဘန်းခနဲမြည်သံ၊ ထိတ်လန့်တကြား အော်ဟစ်သံနှင့်အတူ ကောင်းရန်၏ပါးစပ်မှ သွေးများ အပွက်လိုက်အန်ပြီး အဝေးကို လွင့်စင်သွား၏။
သူ၏ကျင့်ကြံခြင်းအဆင့်ကား မနေ့ကလူထက် ပိုမြင့်ရာ သူသည် သတိလစ်သွားခြင်းတော့ မရှိပေ။ သို့သော်လည်း တကိုယ်လုံး နာကျင်မှုကိုတော့ ခံစားရ၏။ သူက ထရပ်ရန် ကြိုးစားလိုက်စဉ်မှာပင် မန်ဟိုသည် သူ့ဘေးကို ရောက်လာကာ မြေပြင်ပေါ်သို့ ရက်စက်စွာ ကန်ကျောက်လိုက်၏။
“ပညာရှိတွေ ပြောတာက မင်းဟာ တခြားတစ်ယောက်ရဲ့ပစ္စည်းကို ငွေမပေးဘဲယူရင် သေရွာသို့သွားချင်တာပဲ”
“ကျုပ် ခင်ဗျားကို ပြောတယ်။ ကျုပ် ဆိုင်တောင် မဖွင့်ရသေးဘူး။ ကျုပ်မှာ ဝိညာဉ်ကျောက်တုံး မရှိသေးဘူး” သူက ပြောရင်းဖြင့် ကောင်းရန်ကို အဆက်မပြတ် နင်းတော့သည်။ နာကျင်စွာ အော်ဟစ်သံများ တကွင်းလုံး၌ ဆူညံစွာ ထွက်ပေါ်လာတော့သည်။ ကောင်းရန်၏မျက်နှာနှင့် တကိုယ်လုံးတွင် မန်ဟို၏ခြေထောက်ရာများ ပေါ်လာ၏။
“ကျုပ်က အများပိုင်ကွင်းအပြင်ဘက်မှာလို့ ပြောခဲ့တယ်။ အထဲမှာ မဟုတ်ဘူး” မန်ဟိုက ဒေါသတကြီး ပြောသည်။ ကောင်းရန်၏အော်ဟစ်သံမှာ တဖြည်းဖြည်း အားနည်းလာခဲ့ကာ သူ့တွင် အော်ဟစ်ရန်ပင် အားများ မရှိတော့ဟန်ရသည်။ ကြည့်နေကြသူများအားလုံးမှာ အသက်ပြင်းစွာ ရှူလျှက် ဒေါသထွက်နေသော မန်ဟိုကို ကြည့်ကြသည်။ ယမန်နေ့က အများပိုင်ကွင်းသို့ ရောက်လာသူများအားလုံးသည် မိမိတို့ကိုယ်ကိုယ် အလွန်ကံကောင်းသည်ဟု တွေးမိကြ၏။
အားလုံးကို သဘောပေါက်နားလည်သူမှာ ယမန်နေ့မှ မန်ဟို၏ပထမဆုံး စျေးဝယ်သူဖြစ်ပေလိမ့်မည်။ ကောင်းရန်၏အော်ဟစ်နေမှုများကို ကြည့်ကာ၊ မန်ဟို၏အဆက်မပြတ် ကန်ကျောက်နေမှုများကို ကြည့်ကာ သူကား ရုတ်တရက် ချွေးများ စို့လာခဲ့သည်။ သူက ကြည့်လေလေ မန်ဟိုသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလေလေဟု သိလာသည်။
ကောင်းရန်ကား အသိစိတ်ဆုံးပါးသွားတော့မည့်အနေအထားသို့ ရောက်လာဟန်ရသည်။ သေမင်း၏အရိပ်သည် သူ့ထံသို့ ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။ သူ၏အမြင်အာရုံက ဝေဝါးလာခဲ့၏။ ထို့နောက်တွင် သူက ဘယ်လက်ကို တုန်ယင်စွာဖြင့် မြှောက်လိုက်သည်။ လက်ထဲတွင်ကား ဝိညာဉ်ကျောက်တုံးတစ်တုံး။
“ငါ ဆေးနည်းနည်းဝယ်မယ်” သူက ငိုကြွေးလုနီးပါးအသံဖြင့် ပြောသည်။ သူ၏အော်သံကို မန်ဟိုမကြားမည်စိုးရိမ်ရာ သူက ရှိသမျှခွန်အားကို စုစည်းကာ ကျယ်နိုင်သမျှ ကျယ်အောင်ပြောလိုက်၏။
မန်ဟိုခြေထောက်တစ်ဘက်က လေထဲတွင် ရပ်သွားသည်။ သူ၏ရန်လိုသော ဟန်ပင်က ရုတ်တရက် ကွယ်ပျောက်သွားကာ အပြစ်ကင်းသော အပြုံးဖြင့် စာပေသမားသွင်ပြင်ဖြစ်လာ၏။ ညင်သာသော အပြုံးဖြင့်ပင် သူက ဝိညာဉ်ကျောက်တုံးအား ယူလိုက်သည်။
“ခင်ဗျား ဘာလို့ စောစောက မပြောတာလဲ” သူက ကောင်းရန်ကို ဆွဲထူကာ သူ့အဝတ်အစားပေါ်မှ ခြေထောက်ရာများအား လိုက်၍ ပုတ်ခါပယ်ဖျက်ပေးသည်။
ကောင်းရန်ကား တုန်ယင်သွားကာ မန်ဟိုကို ထိတ်လန့်စွာ ကြည့်သည်။ သူကား သည်နေရာမှ တတ်နိုင်သမျှ မြန်မြန်ထွက်သွားလိုပြီဖြစ်သည်။
ယခု သူ၏အခြေအနေကား ယမန်နေ့မှ ကျင့်ကြံသူနှင့်မခြားတော့။
“အစ်ကို … ခင်ဗျားရဲ့ အခြေအနေကိုလည်း ကြည့်ဦး။ ဆေးတစ်လုံးက ခဏပဲ သက်သာလိမ့်မယ်” မန်ဟိုက ကောင်းရန်၏ပုခုံးကို တင်းတင်းဆုပ်ကိုင်ကာ ပြောသည်။ သူက အနည်းငယ် တွေးတောလိုက်ပြီးမှ ဆက်ပြောသည် “ခင်ဗျားမှာ ရန်သူတွေ အများကြီးရှိပုံရတယ်။ ဘာလို့ ဆေးနည်းနည်းထပ်မဝယ်တာလဲ”