← Chapters

ရတနာ ဆွတ်ခူးရရှိခြင်း

Vol. 1 Ch. 4

ရတနာ ဆွတ်ခူးရရှိခြင်း

Vol. 1 Ch. 4

"မင်းဆက်တစ်ခု ပျက်သုဉ်းတော့မယ့် နိမိတ်တွေပေါ့လေ..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းဖန် တစ်ယောက် ကြောင်အမ်းသွားမိသည်။

သူသည် လွန်ခဲ့သော ဘဝက မှတ်ဉာဏ်များကို အပြည့်အဝ ပြန်လည် မရရှိသေးသည့် သော်ကရွာလေးထဲ၌ နေထိုင်သော သာမန် ရွာသားလေး တစ်ယောက်သာ ဖြစ်သည်။

ပြင်ပကမ္ဘာတွင် မည်သို့သော အဖြစ်အပျက်များ ဖြစ်ပျက်နေသည်ကို သူ မည်သို့ သိနိုင်ပါမည်နည်း။

သူကိုယ်တိုင်ကလည်း အပြင်လောကကို စူးစမ်းလိုစိတ် သိပ်မရှိခဲ့ပေ။

ထို့ကြောင့် သူ့အနေဖြင့် ဝါရင့် လူကြီးသူမများ ဖြစ်ကြသော ဦးလေးဖူကွေ့၊ ဦးလေးဇီချန်တို့လောက် သတင်းအချက်အလက် မကြွယ်ဝသည်မှာ သဘာဝကျပါသည်။

ဖြစ်နိုင်သည်မှာ သူ၏ မိဘနှစ်ပါးသည် ထိုအကြောင်းများကို သိရှိခဲ့သော်လည်း ကျန်းဖန်ကို အသိမပေးခဲ့ခြင်း ဖြစ်နိုင်သည်။

သို့သော် သူဖတ်ဖူးသော သမိုင်းစာအုပ်များအရ ယခုအခြေအနေသည် မင်းဆက်တစ်ခု ပျက်သုဉ်းခါနီးတွင် ဖြစ်ပေါ်တတ်သော နိမိတ်လက္ခဏာများနှင့် တူညီနေသည်မှာတော့ အမှန်ပင်။

အကယ်၍များ တော်လှန်ရေး တပ်မတော်ကြီးသာ ယွင်မန်ရေကန်ဘက်သို့ ချီတက်လာခဲ့ပါက ဤတံငါရွာလေးများသည် မီးဟုန်းဟုန်းတောက်ကာ ပြာပုံဘဝသို့ ရောက်သွားနိုင်သည်။

ထိုအချိန်ရောက်လျှင် လူပေါင်းမည်မျှ သေကြေပျက်စီးပြီး မည်မျှ ဒဏ်ရာရကြမည်ကို မည်သူမျှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။

သို့သော် သော်ကရွာကို စွန့်ခွာသွားဖို့ဆိုသည်မှာလည်း မဖြစ်နိုင်သည့် ကိစ္စပင်။

အမှန်အတိုင်း ပြောရလျှင် သော်ကရွာကဲ့သို့သော တံငါရွာလေးများ၏ အခြေအနေသည် မဆိုးလှဟု ဆိုရမည်။

အနည်းဆုံးတော့ ယွင်မန်ရေကန်ကြီးထဲတွင် ငါးကြီးငါးကောင်းများ ပေါများနေသေးသည် မဟုတ်ပါလော။

ရေရှိလျှင် ငါးရှိမည်။ နှိုင်းယှဉ်ရလျှင် အသက်ရှင်ရပ်တည်ဖို့က လွယ်ကူနေသေးသည်။

အကယ်၍သာ မြောက်ဘက်ပိုင်းဒေသများသို့ ပြောင်းရွှေ့သွားပါက နှစ်စဉ်နှစ်တိုင်း မိုးခေါင်ရေရှားမှု၊ သီးနှံပျက်စီးမှုနှင့် မြစ်ချောင်းအင်းအိုင်များ ခြောက်သွေ့မှုဒဏ်ကို ခါးစည်းခံရပေလိမ့်မည်။ ထိုဘဝကမှ အစစ်အမှန် ဒုက္ခရောက်ခြင်းပင်။

ကံမကောင်းလျှင် လူသားအချင်းချင်း ပြန်စားကြသည့် အဖြစ်ဆိုးများ၊ အရိုးကို ထင်းစိုက်ကာ သားသမီးကို အစာလုပ်စားကြသည့် ကြေကွဲဖွယ် မြင်ကွင်းများကိုပါ ကြုံတွေ့ရနိုင်သည်။

ထို့ကြောင့် နဂါးမင်းဂိုဏ်းက လစဉ်ဆက်ကြေးကို တိုးကောက်လိုက်သဖြင့် နေထိုင်ရ ကြပ်တည်းသွားသော်လည်း တံငါသည်များအနေဖြင့် ရွာကို စွန့်ခွာရန် အစီအစဉ် မရှိကြခြင်း ဖြစ်သည်။

ထိုအကြောင်းများကို တွေးတောရင်း ကျန်းဖန်သည် ဆက်ကြည့်မနေတော့ဘဲ လှည့်ထွက်လာခဲ့သည်။

ဦးလေးမုန်တို့ မိသားစု အဖြစ်ဆိုး ကြုံခဲ့ရသည်မှာ မှန်သော်လည်း သူ့အခြေအနေနှင့် သူများကို ကူညီချင်စိတ် ရှိလျှင်တောင် ကူညီနိုင်စွမ်း မရှိပေ။

ကိုယ့်အိမ်မှာတောင် စားစရာက ၃ ရက်စာပဲ ကျန်တော့တာ၊ သူများကို ဂရုစိုက်ဖို့ ဘယ်လိုလုပ် တတ်နိုင်ပါ့မလဲ။

သူ အိမ်သို့ ပြန်လာခဲ့သည်။

"ကိုကိုကျန်း... ဦးလေးမုန်တို့ မိသားစု တအားကြီး ဒုက္ခရောက်သွားတာတော့ မဟုတ်ဘူးမလားဟင်"

ထိုအချိန်တွင် စုဝေဝေသည်လည်း ပြဿနာဖြစ်ပွားခဲ့သူမှာ ဦးလေးမုန်တို့ မိသားစုမှန်း သိနေပြီဖြစ်သည်။ သို့သော်လည်း အခြေအနေ အတိအကျကိုတော့ သူမ မသိရှာပေ။

"သိပ် ကြီးကြီးမားမားရယ်တော့ မဟုတ်ပါဘူး၊ အရိုက်ခံလိုက်ရရုံပါ... အသက်အန္တရာယ်တော့ မရှိပါဘူး"

"ဒါပေမဲ့ အနည်းဆုံး လဝက်လောက်တော့ အိပ်ရာထဲက ထနိုင်မယ် မထင်ဘူး"

ကျန်းဖန် ခေါင်းယမ်းလိုက်သည်။

ဦးလေးမုန်တို့ မိသားစုအတွက်ကတော့ ဒါဟာ ကပ်ဘေးဆိုးတစ်ခုပါပဲ။

တစ်လလောက်သာ အိပ်ရာထဲ လှဲနေရမည်ဆိုလျှင် ငါးထွက်ဖမ်းနိုင်တော့မည် မဟုတ်ပါ။ ထိုသို့ဆိုလျှင် ထိုင်စားရင်းနှင့် ရှိတာလေးတွေ ကုန်သွားလိမ့်မည်။

စားစရာ လက်ကျန်မရှိတော့လျှင် နောက်လကျ ငတ်သေဖို့သာ ရှိတော့သည်။

၎င်းသည် ဒီခေတ်ဒီအခါက တံငါသည်များ၏ ဘဝအမှန်တရားပင်။ အနည်းငယ်လေး အမှားအယွင်း ဖြစ်လိုက်သည်နှင့် ကပ်ဘေးဆိုးကြီး ကျရောက်လာတတ်သည်။

"တော်သေးတာပေါ့... ကျွန်မတို့လည်း ဆက်ကြေး ပေးလိုက်လို့။ မဟုတ်ရင် ဦးလေးမုန်တို့လို ဖြစ်သွားနိုင်တယ်"

စုဝေဝေ၏ မျက်နှာလေးတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်လာသည်။

နဂါးမင်းဂိုဏ်းသားများ ဒီလောက်အထိ ရိုင်းစိုင်းကြမ်းကြုတ်ကြလိမ့်မည်ဟု သူမ ထင်မထားခဲ့မိ။

ရွေးချယ်မှု တစ်ခုလောက် မှားလိုက်တာနဲ့ မိသားစုပါ ပျက်စီးသွားနိုင်သည်။

"မပူပါနဲ့... ငါ ရှိနေသရွေ့ ဘာမှမဖြစ်စေရဘူး"

ကျန်းဖန်က သူမကို နှစ်သိမ့်လိုက်ရင်း သူမ၏ ခေါင်းလေးကို လှမ်းပုတ်ပေးလိုက်သည်။

"ဟုတ်"

ကျန်းဖန်၏ နွေးထွေးသော အထိအတွေ့ကြောင့် စုဝေဝေ၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး မျက်ဝန်းလဲ့လဲ့လေးများဖြင့် ကျန်းဖန်ကို မော့ကြည့်လာသည်။

အပြင်လောကကြီး ရှုပ်ထွေးနေမှန်း သိသော်လည်း အကြောင်းတစ်ခုခုကြောင့် သူမ၏ စိတ်ထဲတွင် လုံခြုံသလို ခံစားလိုက်ရသည်။ အိမ်ထဲတွင် ယောက်ျားသားတစ်ယောက် ရှိနေခြင်းက အလွန် အားကိုးရာ ရစေသည်။

ဂွီ…

ထိုအချိန်မှာပင် ကျန်းဖန်၏ ဗိုက်ထဲမှ မြည်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံကို ကြားလိုက်ရသော် စုဝေဝေက တခစ်ခစ် ရယ်မောလိုက်ပြီး ချွဲနွဲ့နွဲ့လေသံလေးဖြင့် ပြောလေသည်။

"ဒီအသံ ကြားရတာ အစ်ကိုကြီးကျန်းလည်း ဗိုက်ဆာနေပြီ ထင်တယ်... နေဦး ကျွန်မ တစ်ခုခု သွားချက်လိုက်ဦးမယ်"

ထို့နောက် သူမသည် မီးဖိုချောင်ဘက်သို့ ကပျာကယာ ပြေးထွက်သွားလေသည်။

"ငါ လာကူပေးမယ်လေ"

ကျန်းဖန်လည်း နောက်မှ လိုက်သွားသည်။

"နေ... နေ... မလိုဘူး။ မီးဖိုချောင်ဆိုတာ မိန်းကလေးတွေရဲ့ နယ်မြေ၊ ယောက်ျားလေး ဝင်မရှုပ်ရဘူး"

စုဝေဝေက ကျန်းဖန်ကို မီးဖိုချောင်ထဲ ပေးမဝင်ဘဲ အတင်းပြန်တွန်းထုတ်လေသည်။

မကြာမီမှာပင် သူမ တစ်ယောက်တည်း အလုပ်ရှုပ်နေတော့သည်။

မီးမွှေးသည်၊ ချက်ပြုတ်သည်။ နေရောင်ခြည်အောက်တွင် သူမ၏ သန့်စင်သော မျက်နှာလေးနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးမှာ ပိုမို ကြည့်ကောင်းနေသည်။

အလုပ်ရှုပ်နေသော စုဝေဝေကို ကြည့်ရင်း ကျန်းဖန် စိတ်လှုပ်ရှားသလို ခံစားလိုက်ရသည်။

အကယ်၍သာ ယခင်ဘဝကဆိုလျှင် မည်သို့ပင်ဖြစ်စေကာမူ ဤကဲ့သို့ မိန်းကလေးမျိုးနှင့် ဖူးစာဆုံရဖို့ မလွယ်ကူလောက်ပေ။

သိပ်မကြာခင်မှာပင် စုဝေဝေ ချက်ပြုတ်ပြီးသွားသည်။

မည်းနက်နေသော သစ်သားစားပွဲပေါ်တွင် ချက်ပြုတ်ထားသော ငါးရံ့ဟင်းတစ်ခွက် ရှိနေသည်။ အငွေ့တထောင်းထောင်းထကာ မွှေးပျံ့နေသည်။

ထို့အပြင် တောဟင်းရွက်ပြုတ်နှင့် ပြောင်းဖူးကိတ်တို့လည်း ပါသေးသည်။ ထိုမျှသာ။

ကံကောင်းသည်မှာ တံငါသည်အိမ်ဖြစ်သဖြင့် ငါးစားရဖို့ မခက်ခဲလှပေ။ လယ်သမားများဆိုလျှင် တောဟင်းရွက်နှင့် ကိတ်မုန့်လောက်သာ စားနိုင်ကြရာ ဤထမင်းဝိုင်းသည် တော်တော်လေး ဟန်ကျသည်ဟု ဆိုရမည်။

"စားရတာ တကယ် အရသာမရှိလိုက်တာ"

ကျန်းဖန် တစ်လုပ်မြည်းကြည့်လိုက်သည်။

ငါးရံ့ဟင်းမှလွဲ၍ ကျန်သည့်ဟင်းများမှာ မျိုချရ ခက်လှသည်။ စုဝေဝေ၏ လက်ရာ မကောင်း၍ မဟုတ်၊ ပါဝင်ပစ္စည်းများက ညံ့ဖျင်းလွန်းသဖြင့် ဘယ်လိုချက်ချက် ကောင်းအောင် လုပ်မရခြင်း ဖြစ်သည်။

တောဟင်းရွက်ပြုတ်ဆိုလျှင် လည်ချောင်းထဲတွင် တစ်ဆို့ဆို့ ဖြစ်နေပြီး အရသာလည်း မရှိ၊ ဗိုက်ပြည့်ရုံ စားနေရခြင်းသာ ဖြစ်သည်။

ပစ္စည်းဥစ္စာ ပေါကြွယ်ဝသော ကမ္ဘာမှ ရောက်လာသူ တစ်ယောက်အဖို့ ဤအစားအစာများသည် တကယ်ကို စားရခက်လှသည်။

သူ့ယခင်ဘဝကဆိုလျှင် ကြက်စာလို အစားအစာမျိုးကို သူ ဘယ်တုန်းက ယခုလိုမျိုး စားခဲ့ဖူးပါသနည်း။

သို့သော် ဤခေတ်တွင်မူ ဒါသည် သာမန်ပြည်သူများ၏ အဓိက အစားအစာ ဖြစ်နေသည်။

သို့သော် လူသားဆိုသည်မှာ အလွန် အသားကျလွယ်သော သတ္တဝါမျိုး ဖြစ်သည်။

ယခင်ဘဝက အမှတ်တရများ ပြန်ရပြီး ရက်ပိုင်းအကြာမှာပင် သူသည် ဤအစားအစာများနှင့် အသားကျစပြုလာခဲ့ပြီ။

မစားချင်လည်း ရွေးချယ်စရာမှ မရှိဘဲ။ ဆင်းရဲသား အစားအစာမို့ မစားရင် ငတ်သေရုံသာ ရှိတော့သည်။

…

အချိန်များ ကုန်ဆုံးသွားခဲ့ပြီ။ မျက်စိတစ်မှိတ်အတွင်း ညဉ့်နက်သန်းခေါင် အချိန်သို့ ရောက်ရှိလာခဲ့သည်။

စုဝေဝေလည်း အိပ်မောကျနေပြီ။

သော်ကရွာ တစ်ရွာလုံးလည်း ထိုနည်းလည်းကောင်းပင်။ ပိုးကောင်လေးများနှင့် ညငှက်အော်သံများမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

နေရာတိုင်းသည် မှောင်မိုက်နေပြီး ကိုယ့်လက်ကိုယ် ပြန်ကြည့်လျှင်ပင် မမြင်ရလောက်အောင် အမှောင်ထုက ကြီးစိုးနေသည်။

ဤခေတ်တွင် လျှပ်စစ်မီးသီးများ မရှိ၊ ဆင်းရဲသားများမှာလည်း ဖယောင်းတိုင် မထွန်းနိုင်ကြ။ အများအားဖြင့် ည ၇ နာရီလောက်ဆိုလျှင် အိပ်ရာဝင်ကြစမြဲ။

ကျန်းဖန်သည် အိပ်ရာမှထကာ ဂေါ်ပြားတစ်ချောင်းကို ကိုင်ဆောင်၍ အိမ်ထဲမှ သတိထားပြီး ထွက်လာခဲ့သည်။

သူ့အသိစိတ်အာရုံထဲမှ လမ်းညွှန်ပြသနေသော အလင်းစက်လေး နောက်သို့ လိုက်ရင်း သော်ကရွာထိပ် မီတာ ၁၀၀ ခန့်အကွာသို့ ရောက်သောအခါ သော်ကပင်ကြီး တစ်ပင်ကို တွေ့လိုက်ရသည်။

ထိုသော်ကပင်သည် အခြားအပင်များနှင့်ယှဉ်လျှင် မထူးခြားဘဲ ပုံမှန်အတိုင်းပင် ဖြစ်သည်။

သူသည် ဂေါ်ပြားဖြင့် သော်ကပင်အောက်ကို စတင် တူးဆွလိုက်သည်။

မကြာခင်မှာပင် ကျန်းဖန်၏ ဂေါ်ပြားသည် မြေအောက်ရှိ မာကျောသော အရာဝတ္ထုတစ်ခုနှင့် တိုက်မိသွားသည်။

ဒေါက်။

"တကယ်ကြီး ရတနာ ရှိနေတာလားဟ"

ကျန်းဖန် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။ အစကတော့ သူ့အသိစိတ်ထဲ ပေါ်လာသော စာများကို ယုံတဝက် မယုံတဝက် ဖြစ်နေခဲ့သည်။ သို့သော်လည်း ယခုလို လက်တွေ့ တွေ့လိုက်ရသောအခါ အစစ်အမှန်ဖြစ်ကြောင်း သေချာသွားခဲ့သည်။

ထိုစိတ်ကြောင့် ခွန်အားများ ပြည့်လာပြီး မြေကြီးများကို အားသွန်ခွန်စိုက် ယက်ထုတ်လိုက်သည်။

သိပ်မကြာခင်မှာပင် မြေကြီးအောက်မှ ရှေးဟောင်း သစ်သားသေတ္တာအိုလေး တစ်လုံးကို တူးဖော်ရရှိလိုက်သည်။

သေတ္တာသည် သော့ခတ်ထားသော်လည်း ကာလကြာရှည်နေပြီဖြစ်သဖြင့် သံချေးတက်နေပြီ ဖြစ်သည်။

အနည်းငယ် အားစိုက်ကာ ဆွဲဖွင့်လိုက်ရုံဖြင့် သော့ပွင့်သွားသည်။

ထို့နောက် သူသည် သစ်သားသေတ္တာကို စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ကြည့်လိုက်သည်။

"ဟာ... မိုက်လိုက်တာ။ တကယ်ကြီး ပိုက်ဆံတွေ ပါလာတာပဲ... ငွေတုံး ၂၀ တောင်ပါလားကွ"

ကျန်းဖန်သည် သေတ္တာထဲရှိ ငွေတုံးများကို မြင်လိုက်ရသည်နှင့် ပျော်ရွှင်လွန်းသဖြင့် အော်ဟစ်မိလုမတတ် ဖြစ်သွားသည်။

ငွေ ၂၀ တော၏ တန်ဖိုးကို သူ ကောင်းကောင်းသိသည်။ ယင်းသည် စည်းစိမ်ဥစ္စာလေး တစ်ခုပင်။

သာမန် တံငါသည် မိသားစုတစ်ခုအနေနှင့် ဤငွေ ၂၀ တောကို စုမိရန် ဘယ်နှစ်နှစ် ကြာမည်ဆိုသည်ကို မပြောနိုင်ပါ။

နေ့စဉ်စရိတ်လောက်သာ သုံးမည်ဆိုလျှင် ဤငွေ ၂၀ တောသည် ၂ နှစ်၊ ၃ နှစ်လောက် ကောင်းကောင်း အသုံးခံသည်။ ကိုယ်တိုင် ရေကန်ထဲဆင်းပြီး ငါးဖမ်းစရာပင် မလိုတော့ပါ။

ဤငွေပမာဏကို အခြားသူများ သိသွားလျှင် ဘယ်လောက်တောင် ပြဿနာတက်လိုက်မည်နည်း။

အသက်အန္တရာယ်တောင် ဖြစ်သွားနိုင်သည်။

ငွေဘယ်လိုရှာရမလဲလို့ ခေါင်းစားနေတာ၊ ဤငွေ ၂၀ တောက သူ့၏ အရေးပေါ် လိုအပ်ချက်များကို အပြည့်အဝ ဖြေရှင်းပေးလိုက်ပြီ ဖြစ်သည်။

"ဟင်... ဒီထဲမှာ စာအုပ်တစ်အုပ် ပါနေပါလား"

ကျန်းဖန်သည် ငွေ ၂၀ တောကို ကပျာကယာ သိမ်းဆည်းလိုက်ပြီးနောက် သေတ္တာထဲတွင် စာအုပ်တစ်အုပ် ရှိနေသေးသည်ကို သတိထားမိလိုက်သည်။

ငွေတုံးတွေက အပိုဆုလောက်သာ ဖြစ်ပြီး ဒီစာအုပ်ကမှ တကယ့်ရတနာ အစစ် ဖြစ်နေမလား...။

…

All Chapters