← Chapters

ပျံလွှားမြွေနဂါး သိုင်းပညာ

Vol. 1 Ch. 5

ပျံလွှားမြွေနဂါး သိုင်းပညာ

Vol. 1 Ch. 5

"ဒါက..."

စာအုပ်ကို လှန်လှောကြည့်လိုက်ရုံနှင့် ကျန်းဖန် တစ်ယောက် ကြောင်အမ်းသွားရချေပြီ။

အကြောင်းမှာ စာအုပ်ထဲမှ စာများကို သူ လုံးဝ နားမလည်သောကြောင့်ပင်။

စာအုပ်ထဲမှ စာလုံးများသည် သူ့မျက်လုံးထဲတွင် လျှောက်ခြစ်ထားသကဲ့သို့ ဖြစ်နေသည်။

သူ့ယခင်ဘဝတုန်းကဆိုလျှင် သူသည် ဘွဲ့ရပညာတတ်တစ်ဦး ဖြစ်ခဲ့ပြီး ကျောင်းသားများကို စာသင်ပြပေးရသည့် ဆရာတစ်ဦးပင် ဖြစ်ခဲ့သည်။

သို့သော် ဤကမ္ဘာ၌မူ သူသည် စာမတတ်ပေမတတ် တစ်ယောက် ဖြစ်နေခဲ့ပြီ။

သတိထားကြည့်မှ သူ့နာမည်လေးကိုပင် ရေးတတ်ဖတ်တတ်ရုံသာ။

သို့သော် ဒါသည် သူ့အပြစ်တော့ မဟုတ်ပေ။

ဤကမ္ဘာတွင် ဆင်းရဲသားများအတွက် စာသင်ကြားခွင့် ဘယ်မှာ ရှိပါ့မလဲ။

ရာထူးကြီးသူများ၊ မျိုးရိုးမြင့် အသိုင်းအဝိုင်းမှ သားသမီးများသာလျှင် စာပေသင်ကြားခွင့် ရှိကြသည်။

လယ်သမားများနှင့် တံငါသည်များကဲ့သို့သော အောက်ခြေလူတန်းစားများမှာမူ ဝမ်းတစ်ထွာအတွက် ရုန်းကန်နေရသည်နှင့်ပင် အချိန်ကုန်နေကြရသည်။

စာသင်ချင်စိတ် ရှိလျှင်တောင် သင်စရာနည်းလမ်း ရှာမတွေ့နိုင်ပေ။

ဆင်းရဲသားဆိုလျှင် တစ်သက်လုံး ဆင်းရဲသားဘဝနှင့်သာ နေသွားရမည့် အတားအဆီးများက အဆင့်ဆင့် ရှိနေသည်။

အထက်တန်း လူတန်းစားဆီသို့ တက်လှမ်းနိုင်မည့် လမ်းစဟူ၍ မရှိသလောက်ပင်။

ဝုန်း...။

ထိုအချိန်၌ ကျန်းဖန်သည် စာအုပ်ကို မသိစိတ်ဖြင့် လက်နှင့် ပုတ်လိုက်မိရာ ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး စာအုပ်ကို လွှမ်းခြုံသွားတော့သည်။

နောက်တစ်စက္ကန့် အကြာတွင် စာအုပ်ထဲရှိ ရေတွက်၍မရနိုင်သော စာလုံးများနှင့် ရုပ်ပုံများသည် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး သူ၏ အသိစိတ်အာရုံ နက်ရှိုင်းရာသို့ တစ်ရှိန်ထိုး စီးဝင်သွားလေသည်။

ထို့နောက် စာအုပ်သည် ပြာမှုန့်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

ချက်ချင်းဆိုသလိုပင် သူ၏ အသိစိတ်ထဲ၌ ရွှေရောင်အစက်ကလေးတစ်ခု ပေါ်လာသည်ကို အာရုံခံမိလိုက်သဖြင့် စိတ်ဖြင့် ထိတွေ့လိုက်သည်။

ရုတ်တရက် သူ၏ မျက်စိရှေ့မှောက်တွင် အလင်းရောင် ဖန်သားပြင်တစ်ခု ပေါ်လာလေသည်။

[ အမည် - ကျန်းဖန် ]

[ ဇာတာခွင် - ကောင်းကင်ယံနှင့်အမျှ ကောင်းချီးမင်္ဂလာ (စွမ်းရည် - ကပ်ဘေးကို ကျော်လွှားပြီးနောက် ကံကောင်းခြင်းများ ရောက်ရှိမည်) ]

[ သက်တမ်း - ၄၈ နှစ် ]

[ ကံကောင်းခြင်းအမှတ် - ၁၀၀ ]

[ ကျင့်စဉ် - ပျံလွှားမြွေနဂါး သိုင်းပညာ (မပြည့်စုံ)၊ အခြေခံအဆင့် (+) ]

[ ကျွမ်းကျင်မှု - ငါးဖမ်းခြင်း (အခြေခံအဆင့် (+)) ]

[ ကျင့်ကြံခြင်းအဆင့် - မရှိသေး ]

ထိုအချက်အလက်များကို မြင်လိုက်ရသောအခါ ဒါသည် သူ့ဇာတာခွင်တွင် ပါလာသော မွေးရာပါ စွမ်းရည်တစ်ခုဖြစ်ပြီး၊ လက်ရှိ သူ၏ အခြေအနေမှန်ကို သိမြင်နိုင်အောင် ကူညီပေးခြင်းဖြစ်ကြောင်း ကျန်းဖန် သဘောပေါက်လိုက်သည်။

"ငါက အသက် ၄၈ နှစ်ထိပဲ နေရမှာလား"

ကျန်းဖန် ဆွံ့အသွားမိသည်။ အသက်ရာကျော် ရှည်ဖို့အထိ မမျှော်လင့်ထားသော်လည်း အနည်းဆုံး အသက် ၇၀၊ ၈၀ လောက်အထိတော့ နေရမည်ဟု ထင်မှတ်ထားခဲ့မိသည်။

သို့သော် ယခုကြည့်ရသည်မှာ သူ၏ ကျန်းမာရေး အခြေအနေကို သူ အထင်ကြီးလွန်းနေပုံ ရသည်။

တံငါသည် မိသားစုမှ မွေးဖွားလာသူပီပီ ငယ်စဉ်ကတည်းက အာဟာရချို့တဲ့ခဲ့သည်။

ဝဝလင်လင် မစားခဲ့ရ၊ နွေးနွေးထွေးထွေး မဝတ်ခဲ့ရဘဲ ရာသီဥတုဒဏ်ကို အလူးအလဲ ခံခဲ့ရသဖြင့် ခန္ဓာကိုယ်ထဲတွင် ရောဂါမျိုးစုံ အောင်းနေလောက်သည်။

ငယ်ရွယ်သေးသည့်အတွက် ထိုရောဂါများ မဖောက်လာသေးခြင်းသာ ဖြစ်မည်။

သူ့မိဘနှစ်ပါးသည်လည်း ထိုနည်းအတိုင်းပင်။

ပင်ပင်ပန်းပန်း အလုပ်လုပ်ရင်း ဖျားနာကာ စောစီးစွာ ကွယ်လွန်ခဲ့ကြရသည်။

ဒီအတိုင်းသာ ဆက်သွားနေလျှင် သူလည်း မိဘများ၏ ခြေရာအတိုင်း လိုက်ရဖွယ် ရှိသည်။

"ဒီပြဿနာကို ဖြေရှင်းချင်ရင်တော့ ငါ သိုင်းပညာ လေ့ကျင့်မှပဲ ရတော့မယ်"

ကျန်းဖန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သေချာသည်မှာ ယခုရရှိလိုက်သော 'ပျံလွှားမြွေနဂါး သိုင်းပညာ'သည် သူ့အတွက် အကြီးမားဆုံးသော ဆုလာဘ်ပင်။

ဤကမ္ဘာလောက၏ ထိပ်တန်း သိုင်းကျင့်စဉ်တစ်ခု ဖြစ်ပေသည်။

'ပျံလွှားမြွေနဂါး' ဆိုသည်မှာ ဒဏ္ဍာရီလာ နတ်ဘုရားသားရဲတစ်ကောင် ဖြစ်ပြီး တိမ်များကို စီးနင်းလိုက်ပါနိုင်ကာ အရာရာကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။

ဤသိုင်းကျင့်စဉ်သည် ထိုနတ်ဘုရားသားရဲ၏ လှုပ်ရှားမှုများကို တုပပြီး တီထွင်ထားခြင်း ဖြစ်သည်။

အောင်မြင်အောင် ကျင့်ကြံနိုင်ပါက ၎င်း၏ စွမ်းအားသည် နက်ရှိုင်းပြီး အံ့မခန်း ကြောက်မက်ဖွယ် ကောင်းလှသည်။

သို့သော်... ဤကျင့်စဉ်သည် မပြည့်စုံဘဲ လိုအပ်ချက်များ ရှိနေသေးသည်။

အကယ်၍သာ ပြည့်စုံသော ကျင့်စဉ်ဖြစ်ခဲ့ပါက 'အဆင့် ၈ အခွင့်အရေး' မျှသာ ဖြစ်နေမည် မဟုတ်ပေ။

"ဒီသိုင်းကျင့်စဉ်က တကယ်ကို တန်ဖိုးရှိတာပဲ"

ကျန်းဖန် စိတ်လှုပ်ရှားနေမိသည်။ ဤကမ္ဘာတွင် သိုင်းကျင့်စဉ် စာအုပ်များက မည်မျှ တန်ဖိုးကြီးကြောင်း သူသိသည်။

ယေဘုယျအားဖြင့် မျိုးရိုးမြင့် အသိုင်းအဝိုင်းများနှင့် သိုင်းသင်တန်းကျောင်းကြီးများတွင်သာ သိုင်းစာအုပ်များ ရှိတတ်ကြသည်။

သာမန်လူများအဖို့ သိုင်းစာအုပ်တစ်အုပ်ကို ထိတွေ့ခွင့်ရဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက် ခက်ခဲလှသည်။

သိုင်းသင်တန်းကျောင်း တက်ရောက်မည် ဆိုလျှင်တောင် ငွေအများအပြား ကုန်ကျမည့်အပြင် ဆရာသမားကို ဆယ်စုနှစ်နှင့်ချီပြီး ကျွန်ခံပြုစုပြီးမှသာ သိုင်းပညာအစစ်ကို သင်ကြားခွင့် ရတတ်သည်။

မျိုးရိုးမြင့် အိမ်တော်များသို့ ဝင်ရောက်မည် ဆိုလျှင်လည်း အစေခံကျွန်အဖြစ် အသက်နှင့်ရင်းကာ အလုပ်လုပ်ပြီးမှသာ သိုင်းပညာကို သင်ယူခွင့် ရနိုင်သည်။

သိုင်းကျင့်စဉ်များကို လက်ဝါးကြီးအုပ်ထားခြင်းသည် သာမန်လူတန်းစားများ ဘဝတက်လမ်းမရှိအောင် ပိတ်ပင်ထားခြင်း တစ်မျိုးပင်။

အကယ်၍သာ သူ ဤသိုင်းကျင့်စဉ်ကို ရရှိထားသည့် သတင်းပေါက်ကြားသွားပါက သူ မခံနိုင်လောက်သော ကပ်ဘေးဆိုးကြီး ကျရောက်လာမည်မှာ အသေအချာပင်။

ကံကောင်းသည်မှာ အစောပိုင်းက ထွက်ပေါ်လာသော ထူးဆန်းသည့် စွမ်းအင်ကြောင့် သိုင်းစာအုပ်မှာ ပြာကျသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် သူမှလွဲ၍ အခြားမည်သူမျှ ဤကျင့်စဉ်ကို ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။

ထို့ပြင် ဤကဲ့သို့ ဉာဏ်အလင်းပွင့်သွားခြင်းကြောင့် သူသည် ဤလောက၏ စာပေကို ချက်ချင်း တတ်မြောက်သွားခဲ့သည်။

သိပ်မကျွမ်းကျင်သေးသော်လည်း စာမတတ်ပေမတတ် ဘဝမှ ကျွတ်လွတ်သွားခဲ့လေပြီ။

"အခု ငါ့မှာ တိုးတက်အောင် လုပ်လို့ရတဲ့ စွမ်းရည် နှစ်ခုရှိတယ်"

"တစ်ခုက 'ပျံလွှားမြွေနဂါး သိုင်းပညာ' ဖြစ်ပြီး နောက်တစ်ခုက 'ငါးဖမ်းခြင်း' စွမ်းရည်ပဲ"

"နှစ်ခုစလုံးရဲ့ ဘေးမှာ အပေါင်းလက္ခဏာ (+)လေးတွေ ပြနေတယ်။ ဆိုလိုတာက 'ကံကောင်းခြင်းအမှတ်' တွေကို သုံးပြီး အဆင့်မြှင့်လို့ ရတယ်ဆိုတဲ့ သဘောပေါ့"

"ကံကောင်းခြင်းအမှတ်တွေရဲ့ အသုံးဝင်ပုံက ဒါပါလား"

ကျန်းဖန် လက်သီးကို ဆုပ်လိုက်မိသည်။

နောက်ဆုံးတော့ သူ ကံကောင်းခြင်းအမှတ်များ၏ အသုံးဝင်ပုံကို သိလိုက်ရပြီ။ ကျင့်စဉ်များနှင့် စွမ်းရည်များကို အဆင့်မြှင့်တင်ရန်အတွက် အသုံးပြုရသည်ကိုး။ အမှန်တကယ်ကို နက်ရှိုင်းပါပေသည်။

အခြားသူများအနေဖြင့် အရည်အချင်း တိုးတက်ရန် နှစ်နှင့်ချီ၍ ကြိုးစားကျင့်ကြံနေရချိန်မှာ သူကတော့ ကံကောင်းခြင်းအမှတ်များကို သုံးလိုက်ရုံပင်။

ရရှိလာမည့် အကျိုးကျေးဇူးက ကြီးမားလွန်းသည်။

သူ့ဇာတာခွင်က 'ကောင်းကင်ယံနှင့်အမျှ ကောင်းချီးမင်္ဂလာ' ဆိုတော့ ကံတရားမှလွဲ၍ ကျန်တာ ဘာမှ မလိုအပ်တော့။

"ဒါပေမဲ့ ဒီကံတရားကို ရဖို့ကလည်း မလွယ်ကူလှဘူး"

" 'ကပ်ဘေးကျော်လွှားပြီးနောက် ကံကောင်းခြင်းများ ရောက်ရှိမည်' ဆိုတဲ့အတိုင်း ဒုက္ခတွေကို ကျော်ဖြတ်နိုင်မှသာ ကံကောင်းခြင်းဆိုတာ ရလာမှာ"

"မကျော်လွှားနိုင်ရင်တော့ သေရုံပဲ ရှိမယ်"

"ဒါပေမဲ့ ကျော်လွှားနိုင်ခဲ့ရင်တော့ ကံတရားရဲ့ ဖေးမမှုကြောင့် အခွင့်အရေးကောင်းတွေ ရလာလိမ့်မယ်"

"အခုလို ခေတ်ပျက်ကြီးထဲမှာ နေရတာဆိုတော့ ကပ်ဘေးတွေက ပေါမှပေါပဲ"

ကျန်းဖန် စဉ်းစားကြည့်လိုက်ရာ ကံကောင်းခြင်းအမှတ်တွေ ရယူဖို့ နည်းလမ်းက ရိုးရှင်းသည်ဟု ထင်မိသည်။

အသက်ရှင်အောင် နေထိုင်ရုံပင်။

သာမန်လူများအတွက် နေရာတိုင်းတွင် ကပ်ဘေးများ ရှိနေသောကြောင့် အသက်ရှင်ရန် ရုန်းကန်ရခြင်းကိုက ကြီးမားသော စိန်ခေါ်မှုကြီး တစ်ခုသာ ဖြစ်သည်။

"ဆိုတော့... ငါ့အနေနဲ့ မထင်ပေါ်အောင်နေပြီး သတိထား လှုပ်ရှားမယ်ဆိုရင် ကပ်ဘေးတွေကို သဘာဝကျကျ ကျော်လွှားနိုင်ပြီး ကံကောင်းခြင်းအမှတ်တွေ စုဆောင်းနိုင်လိမ့်မယ်"

"ပြီးရင် အဲဒီ ကံကောင်းခြင်းအမှတ်တွေရဲ့ ထူးခြားဆန်းကြယ်တဲ့ စွမ်းအင်ကို သုံးပြီး ငါ့ခွန်အားကို မြှင့်တင်ရမယ်"

"စောစောတုန်းက နဂါးမင်းဂိုဏ်းရဲ့ လက်ချက်နဲ့ မသေဘဲ လွတ်မြောက်ခဲ့လို့ ကံကောင်းခြင်းအမှတ် ၁၀၀ ရခဲ့တာပဲ"

"ဒီအမှတ်တွေနဲ့ ငါ့စွမ်းရည် တော်တော်များများကို မြှင့်တင်လို့ ရတယ်"

ကျန်းဖန်သည် မည်သည့်စွမ်းရည်အား မြှင့်တင်ရမည်ကို စဉ်းစားလိုက်သည်။

အကယ်၍ 'ငါးဖမ်းခြင်း' စွမ်းရည်ကို မြှင့်တင်လိုက်လျှင် ငါးဖမ်းနည်းပညာ ပိုကောင်းလာပြီး ငါးများများဖမ်းမိကာ ငွေပိုရလာမည်။ သော်ကရွာ၏ ထိပ်တန်း တံငါသည်တစ်ဦး ဖြစ်လာနိုင်သည်။

ရတနာငါးကို ဖမ်းမိနိုင်ခဲ့လျှင် စားဝတ်နေရေး အတွက် ပူစရာ မလိုတော့ပါ။

သို့သော် ဒီနေ့ ဖြစ်ပျက်ခဲ့သည်များကို တွေ့ကြုံပြီးနောက် ဤကဲ့သို့သော ခေတ်ပျက်ကြီးထဲတွင် သိုင်းပညာ စွမ်းအားသာလျှင် အဓိကဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်လိုက်သည်။

အတော်ဆုံး တံငါသည် ဖြစ်လာလျှင်တောင် နဂါးမင်းဂိုဏ်း၏ ခေါင်းပုံဖြတ်ခြင်းကို ခံရဦးမှာပင်။

ပင်ပင်ပန်းပန်း ဖမ်းထားရသော ငါးများသည် ကိုယ့်အတွက် မဟုတ်ဘဲ သူတစ်ပါးအတွက် လက်ဆောင် ဖြစ်သွားလိမ့်မည်။

အကယ်၍သာ သူ့မှာ ပြိုင်ဘက်ကင်း သိုင်းပညာစွမ်းအား ရှိနေခဲ့လျှင် နဂါးမင်းဂိုဏ်းက ကောင်တွေက သူ့ကို ဆံပင်တစ်မွှေးတောင် ထိရဲပါ့မလား။

လာထိရဲရင် ပြန်သတ်ပစ်လိုက်ရုံပင်။

အင်အားမရှိလျှင်တော့ သည်းခံပြီး ခေါင်းငုံ့ခံနေရုံကလွဲ တခြားမရှိပါ။

ထို့ကြောင့် သူ့ရွေးချယ်မှုသည် တစ်ခုတည်းသာ ဖြစ်သည်။ သိုင်းပညာ စွမ်းအားကို မြှင့်တင်ဖို့ပင်။

"ကဲ... ဒါဆို စကားအများကြီး ပြောနေစရာ မလိုတော့ဘူး"

"ပျံလွှားမြွေနဂါး သိုင်းပညာရေ... အစပျိုးဖို့ အချိန်တန်ပြီဟေ့"

ကျန်းဖန်သည် အသက်ကို ဝဝရှုသွင်းလိုက်ပြီး 'ပျံလွှားမြွေနဂါး သိုင်းပညာ' ဘေးနားရှိ အပေါင်းလက္ခဏာလေးကို နှိပ်လိုက်တော့သည်။

ရုတ်တရက် ဖန်သားပြင်ပေါ်ရှိ ကံကောင်းခြင်းအမှတ်များ အားလုံး ပျောက်ကွယ်သွားပြီး အမှတ် ၁၀၀ စလုံး လုံးဝ ကုန်ဆုံးသွားလေသည်။

…

All Chapters