အရေပြား သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်
Vol. 1 Ch. 6
ဝုန်း…
ချက်ချင်းပင် ကျန်းဖန်သည် သူ၏ အသိစိတ်အာရုံ နက်ရှိုင်းရာမှ ထွက်ပေါ်လာသော နက်နဲဆန်းကြယ်သည့် လေစီးကြောင်းတစ်ခုကို အာရုံခံမိလိုက်သည်။
ထိုလေစီးကြောင်းတွင် အံ့မခန်း စွမ်းအင်များ ပါဝင်နေပြီး သူ၏ အရေပြား အစိတ်အပိုင်းတိုင်းဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
မြွေသဏ္ဌာန် လေစီးကြောင်းများသည် သူ၏ ခန္ဓာကိုယ် အနှံ့အပြားတွင် လှည့်ပတ်သွားလာနေသကဲ့သို့ ခံစားနေရသည်။
ထိုစွမ်းအင် လှုပ်ရှားသွားတိုင်း သူ၏ အရေပြားသည် ပိုမို ချောမွေ့လာပြီး ပိုမို မာကျောခိုင်ခံ့လာသည်။
ဝင်လေ... ထွက်လေ...၊ ဝင်လေ... ထွက်လေ…
ဤသည်မှာ 'ပျံလွှားမြွေနဂါး သိုင်းပညာ' ထဲတွင် မှတ်တမ်းတင်ထားသော 'ပျံလွှားမြွေနဂါး
အသက်ရှုခြင်း ကျင့်စဉ်'ပင် ဖြစ်သည်။
ထိုအသက်ရှုခြင်း ကျင့်စဉ်၏ စွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်ကို သန့်စင်ပြီး နောက်တစ်ဆင့်သို့ ဆင့်ကဲပြောင်းလဲစေခြင်း ဖြစ်သည်။
ထိုနက်နဲသော စွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် ကျန်းဖန်သည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ ယခင်က နားလည်ရခက်ခဲသော ထိပ်တန်း သိုင်းပညာ လျှို့ဝှက်ချက်များကို ချက်ချင်းဆိုသလို နားလည်သဘောပေါက်သွားတော့သည်။
ကောင်းကင်နှင့် မြေကြီးကြားရှိ သဘာဝ စွမ်းအင်များသည် အသက်ရှုခြင်း ကျင့်စဉ်မှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်ပျံ့နှံ့လာသည်။
ထိုအချိန်၌ ကျန်းဖန်၏ ခန္ဓာကိုယ်သည် ကြီးမားသော အဖြူရောင် မြူခိုးတိမ်တိုက်ကြီးများ၏ လွှမ်းခြုံမှုကို ခံထားရသကဲ့သို့ ဖြစ်နေသည်။ တိမ်စီးနေရသကဲ့သို့ပင်။
ထိုမြူခိုးများသည် သူ၏ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးနှင့် ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်တိုင်းမှတစ်ဆင့် ဝင်ထွက်သွားလာနေကြသည်။
ထိုအခိုက်အတန့်တွင် သူသည် မသေမျိုး နတ်ဘုရားတစ်ပါး ဖြစ်သွားသကဲ့သို့ပင်။
သော်ကပင်ကြီး၏ ပတ်ဝန်းကျင် တစ်ဝိုက်သည်လည်း မြူခိုးများဖြင့် ဖုံးလွှမ်းသွားသည်။
ကံကောင်းသည်မှာ ညဉ့်နက်သန်းခေါင်အချိန် ဖြစ်နေပြီး ပတ်ဝန်းကျင်၌ ပိုးကောင်အော်သံ၊ ငှက်အော်သံများမှလွဲ၍ တိတ်ဆိတ်နေခြင်းပင်။
သို့မဟုတ်ပါက ဤကဲ့သို့ ထူးခြားဆန်းကြယ်သော ဖြစ်ရပ်ကို ရွာသားများ သတိထားမိသွားကြပေလိမ့်မည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိ၊ နောက်ဆုံးတွင် ထိုဖြစ်စဉ်ကြီး ပြီးဆုံးသွားခဲ့သည်။
ကျန်းဖန်သည်လည်း ထိုထူးခြားသော အခြေအနေမှ ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
"ငါ တကယ်ပဲ ပျံလွှားမြွေနဂါး သိုင်းပညာရဲ့ အခြေခံအဆင့်ကို ဒီလောက် လွယ်လွယ်ကူကူနဲ့ အောင်မြင်သွားတာလား"
ကျန်းဖန်သည် သူ့မျက်စိရှေ့ရှိ ဖန်သားပြင်မှ အချက်အလက်များကို ကြည့်လိုက်သည်။
[ အမည် - ကျန်းဖန် ]
[ ဇာတာခွင် - ကောင်းကင်ယံနှင့်အမျှ ကောင်းချီးမင်္ဂလာ (စွမ်းရည်: ကပ်ဘေးကျော်လွှားပြီးနောက် ကံကောင်းခြင်းများ ရောက်ရှိမည်) ]
[ သက်တမ်း - ၆၀ နှစ် ]
[ ကံကောင်းခြင်းအမှတ် - ၀ ]
[ ကျင့်စဉ် - ပျံလွှားမြွေနဂါး သိုင်းပညာ (မပြည့်စုံ)၊ ပထမအဆင့် ]
[ ကျွမ်းကျင်မှု - ငါးဖမ်းခြင်း (အခြေခံအဆင့်) ]
[ ကျင့်ကြံခြင်းအဆင့် - အရေပြားသန့်စင်ခြင်း အဆင့် (၅၃%) ]
"ဟားဟား... တကယ်ကြီး အဆင့်တက်သွားတာပဲ။ ငါ အခု ‘'အရေးပြား သန့်စင်ခြင်း အဆင့်' သိုင်းပညာရှင် တစ်ယောက် ဖြစ်သွားပြီကွ"
ကျန်းဖန်သည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သူ၏ အရေပြားတွင် သိသာထင်ရှားသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်နေသည်ကို သူ ချက်ချင်း သတိထားမိလိုက်သည်။
မူလက နေပူဒဏ်၊ မိုးဒဏ်နှင့် နေ့စဉ် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရမှုတို့ကြောင့် သူ၏ အရေပြားသည် ခြောက်သွေ့ကြမ်းတမ်းပြီး အမာရွတ်များဖြင့် ပြည့်နှက်နေကာ အိုစာနေခဲ့သည်။
အသက် ၁၇၊ ၁၈ သာ ရှိသေးသော်လည်း ၂၇၊ ၂၈ အရွယ်ကဲ့သို့ ရင့်ရော်နေခဲ့သည်။
ဒါသည်လည်း တံငါသည်တိုင်း၏ သဘာဝပင်၊ သူတို့သည် စောစီးစွာ ကြီးရင့်လွယ်ပြီး လျင်မြန်စွာ အိုမင်းလွယ်ကြသည်။
သို့သော် ယခုအခါတွင်မူ 'အရေပြား သန့်စင်ခြင်း အဆင့်' သိုင်းပညာရှင် ဖြစ်လာပြီးနောက် ပျံလွှားမြွေနဂါးကြီး အရေလဲလိုက်သကဲ့သို့ သူ၏ အရေပြားသည် ပြောင်လက်ချောမွေ့လာပြီး အမာရွတ်ဟောင်းများ အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ပို၍ အရေးကြီးသည်မှာ အရေပြားသည် အလွန်တရာ မာကျောခိုင်ခံ့သွားပြီး ဓားဒဏ်၊ တုတ်ဒဏ်များကိုပင် ခံနိုင်ရည် ရှိသွားခြင်း ဖြစ်သည်။
"ပြောကြတာတော့ အရေပြား သန့်စင်ခြင်း အဆင့် ရောက်သွားတဲ့ သိုင်းပညာရှင်တွေရဲ့ အရေပြားက နွားသားရေလို မာကျောပြီး ထိခိုက်မှုတွေကို ကောင်းကောင်း ခံနိုင်ရည်ရှိတယ်တဲ့"
"သာမန်လူတွေရဲ့ လက်သီးလောက်နဲ့ကတော့ ဘာမှ မဖြစ်ဘူးတဲ့"
"သူတို့ရဲ့ ထူးခြားတဲ့ အရေပြားက သက်ရောက်လာတဲ့ အားအင် တော်တော်များများကို လျှော့ချပေးနိုင်လို့ပဲ"
"တချို့ အစွမ်းထက်တဲ့ အရေပြားသန့်စင်ခြင်း အဆင့် သိုင်းပညာရှင်တွေဆိုရင် ဓားတွေ တုတ်တွေနဲ့ ရိုက်တာကိုတောင် ခံနိုင်ရည် ရှိကြတယ်"
"လူအယောက် ဒါဇင်နဲ့ချီပြီး ဝိုင်းတိုက်ရင်တောင်မှ သူတို့က ဆံချည်တစ်မျှင်တောင် မထိခိုက်ဘူး ဆိုပဲ"
ကျန်းဖန် တစ်ယောက် နဂါးမင်းဂိုဏ်းသားများ ဘာကြောင့် ဒီလောက် မောက်မာရဲတင်းနေကြသလဲ ဆိုသည်ကို ကောင်းကောင်းကြီး နားလည်သွားပြီ ဖြစ်သည်။ သူတို့အားလုံးက သိုင်းပညာရှင်တွေ ဖြစ်နေကြလို့ကိုး။
သူတို့ဘက်က ၂ ယောက်၊ ၃ ယောက်လောက်ပဲ လာလျှင်တောင် သော်ကရွာက လူအယောက် ၁၀၀လောက်သည် သူတို့၏ ပြိုင်ဘက် မဖြစ်နိုင်ပါ။
ယင်းသည် အရည်အသွေးပိုင်းအရ လုံးဝ ကွာခြားသွားသည့် အားသာချက်ပင်။
သို့သော် သိုင်းပညာများတွင်လည်း အဆင့်နိမ့်၊ အဆင့်လတ်၊ အဆင့်မြင့်နှင့် ထိပ်တန်း ဆိုပြီး အဆင့်အတန်း ခွဲခြားမှုများ ရှိသေးသည်။
အကယ်၍ အဆင့်နိမ့် သိုင်းပညာဆိုလျှင် အရေပြားသန့်စင်ရာ၌ တစ်ကိုယ်လုံး နှံ့စပ်အောင် မလုပ်နိုင်ဘဲ လက် သို့မဟုတ် ခြေထောက်လောက်သာ သန့်စင်နိုင်တတ်သည်။
'ထိပ်တန်း သိုင်းပညာ' များသာလျှင် ခန္ဓာကိုယ်၏ နေရာအနှံ့အပြားကို လွှမ်းခြုံ သန့်စင်ပေးနိုင်သည်။
ကံဆိုးသည်မှာ ထိုကဲ့သို့သော ထိပ်တန်း သိုင်းပညာများမှာ လက်ချိုးရေလို့ ရလောက်အောင် အလွန် ရှားပါးလှသည်။
ထုံဟယ်ခရိုင်ကဲ့သို့သော နေရာမျိုးတွင် တစ်အုပ်လောက် ရှာတွေ့ဖို့ပင် မလွယ်ကူပေ။
ပျံလွှားမြွေနဂါး သိုင်းပညာသည် ထိုကဲ့သို့သော ထိပ်တန်း သိုင်းပညာမျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို ထောင့်စေ့အောင် အရေပြားကို သန့်စင်ပေးနိုင်ကာ သိုင်းပညာရှင်၏ အရေပြားကို အကြိမ်ကြိမ် အရေလဲသလို ပြောင်းလဲပေးနိုင်သည်။
"အခု ငါ့ရဲ့ ခွန်အားက တော်တော်ကြီးကို တိုးတက်လာပြီ"
"လက်သီးတစ်ချက် ထိုးလိုက်ရင် အနည်းဆုံး အားအင် ကျင်း ၃၀၀လောက်တော့ ရှိလောက်မယ်"
ကျနဖန် လက်သီးကို ဆုပ်ကြည့်လိုက်ရာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းတွင် စွမ်းအင်များ လှိုင်းထနေသည်ကို ခံစားလိုက်ရသည်။
တံငါသည် လုပ်သားတစ်ယောက်အနေဖြင့် နေ့ရောညပါ အလုပ်လုပ်ခဲ့ရသဖြင့် ခွန်အား ဗလ ရှိသည် ဆိုသော်လည်း သိုင်းပညာရှင် အစစ်တစ်ယောက်နှင့် ယှဉ်လျှင် များစွာ ကွာခြားလှသည်။
ထို့ပြင် အလွန်အကျွံ အလုပ်လုပ်ရသဖြင့် အတွင်းဒဏ်ရာများနှင့် ပင်ပန်းနွမ်းနယ်မှုများ ရှိနေခဲ့သည်။
ယခုအခါတွင်မူ ပျံလွှားမြွေနဂါး သိုင်းပညာကို တတ်မြောက်သွားပြီ ဖြစ်သဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ခန္ဓာကိုယ် အတွင်းပိုင်းရှိ ဒဏ်ရာအဟောင်းများ အားလုံး ပျောက်ကင်းသွားပြီး စွမ်းအင်များလည်း အံ့မခန်း ပြည့်ဝနေသည်။
ထိုအကြောင်းကြောင့်ပင် သူ၏ သက်တမ်းသည် နှစ် ၆၀ အထိ တိုးသွားခြင်း ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် တစ်ဆင့် တက်သွားရုံဖြင့် သက်တမ်း ၁၂ နှစ် တိုးသွားခဲ့လေပြီ။
ကံကောင်းခြင်းအမှတ် ၁၀၀ လုံး ကုန်သွားခဲ့သော်လည်း ယင်းသည် တကယ် တန်ပါသည်။
"ခွန်အား တိုးလာတာတင် မဟုတ်ဘူး"
"ငါ့ရဲ့ အမြန်နှုန်းနဲ့ ပေါက်ကွဲအားတွေလည်း အများကြီး တိုးတက်လာတယ်"
ကျန်းဖန် လေထဲသို့ လက်သီးတစ်ချက် ထိုးလိုက်ရာ သူ၏ လက်သီးအမြန်နှုန်းမှာ ယခင်ကထက် နှစ်ဆကျော် ပိုမြန်နေသည်ကို တွေ့လိုက်ရသည်။
သိုင်းကွက်များ မကျွမ်းကျင်သေးလျှင်တောင် အမြန်နှုန်းနှင့် ပေါက်ကွဲအား သပ်သပ်ကို အသုံးပြုပြီး တိုက်ခိုက်မည် ဆိုပါက သာမန် အရွယ်ရောက်ပြီးသား ယောက်ျားကြီးများသည် သူ့ပြိုင်ဘက် မဟုတ်တော့ပေ။
အခြားသော သာမန် အရေပြား သန့်စင်ခြင်း အဆင့် သိုင်းပညာရှင်များပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်။
မည်သို့ဆိုစေ ပျံလွှားမြွေနဂါး သိုင်းပညာ ဆိုသည်မှာ ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် သန့်စင်ပေးနိုင်သည့် ထိပ်တန်း သိုင်းပညာ ဖြစ်နေသည်ပင်။
သာမန် သိုင်းပညာများသည် ယခုလောက်ထိ စွမ်းဆောင်နိုင်မည် မဟုတ်ပါ။
"ကျန့်ဝမ်ပင်းရဲ့ ခွန်အားက ဘယ်လောက်ရှိမလဲ မသိဘူး"
ကျန်းဖန်သည် နဂါးမင်းဂိုဏ်း ခေါင်းဆောင်ငယ် ကျန့်ဝမ်ပင်း အကြောင်းကို တွေးလိုက်မိသည်။
ထိုလူသည် သေချာပေါက် သိုင်းပညာရှင် တစ်ယောက် ဖြစ်သော်လည်း အရေပြား သန့်စင်ခြင်းအဆင့်လား၊ သို့မဟုတ် ဒီ့ထက်မြင့်သည့် အဆင့်လား ဆိုသည်ကိုမူ မသိနိုင်သေးပါ။
သို့သော် ယခုလို ကိုယ်ပိုင်ခွန်အားများ တိုးတက်လာသည့်အခါ ကျန့်ဝမ်ပင်းအပေါ် ထားရှိသော ကြောက်စိတ်သည် များစွာ လျော့ပါးသွားခဲ့သည်။
ယင်းသည် အစွမ်းအစ ရှိလာသူတစ်ယောက်၏ ယုံကြည်မှုပင်။
"အချိန်တန်ပြီ... ငါ ပြန်မှ ဖြစ်တော့မယ်"
ကျန်းဖန် ကောင်းကင်မှ လမင်းကြီးကို မော့ကြည့်လိုက်သည်။ ဤနေရာတွင် ကြာကြာဆက်နေလျှင် သော်ကရွာသားများ နိုးလာလိမ့်မည်။ ဤအဖြစ်အပျက်ကို မြင်သွားလျှင် သူ့လျှို့ဝှက်ချက်များ ပေါက်ကြားကုန်လိမ့်မည်။
ထိုအတွေးဖြင့် သူသည် တွေဝေမနေတော့ဘဲ သံဂေါ်ပြားကို ကိုင်ကာ တူးထားသော မြေကျင်းကို ပြန်ဖို့လိုက်သည်။
သိပ်မကြာခင်မှာပင် အရာအားလုံးသည် မူလ အတိုင်း ပြန်ဖြစ်သွားသည်။
တစ်ယောက်ယောက်က အသေအချာ လာကြည့်လျှင်တောင် ဘာခြေရာလက်ရာမှ တွေ့ရတော့မည် မဟုတ်ပေ။
ထို့နောက် သူသည် သစ်သားသေတ္တာကို ပိုက်လျက် အိမ်သို့ လျင်မြန်စွာ ပြန်လာခဲ့သည်။
ညဉ့်နက်သန်းခေါင် အချိန်ဖြစ်သဖြင့် ကျန်းဖန် ထိုနေရာသို့ ရောက်နေသည်ကို မည်သူမျှ မသိလိုက်ကြပေ။
"ဒီအခွင့်အရေးက တကယ်ကို ကြီးမားလွန်းတယ်"
အိမ်ပြန်ရောက်ပြီးနောက် ကျန်းဖန်၏ စိတ်လှုပ်ရှားနေသော နှလုံးသားသည် ငြိမ်သက်သွားခဲ့ပြီး သစ်သားသေတ္တာကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
ဤ'အဆင့် (၈) အခွင့်အရေး' က ပေးလိုက်သော အကျိုးကျေးဇူးသည် အမှန်တကယ်ပင် ကြီးမားလှသည်။
ငွေတုံး ၂၀ ရလိုက်တာတင် မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည့် ထိပ်တန်း သိုင်းပညာကိုပါ ရရှိလိုက်သည်။
ရှေ့ဆက်ရမည့် နေ့ရက်များအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့လေပြီ။