← Chapters

ထုံဟယ်မြို့

Vol. 1 Ch. 8

ထုံဟယ်မြို့

Vol. 1 Ch. 8

"ရော့... ကြည့်ထား"

ကျန်းဖန်သည် စကားအများကြီး ပြောမနေတော့ဘဲ မီးဖိုချောင်ထဲသို့ တန်းဝင်ကာ ဟင်းလှီးဓားတစ်ချောင်းကို ယူလိုက်သည်။

ထို့နောက် ဓားဖြင့် သူ့လက်မောင်းကို အားကုန် ခုတ်ချလိုက်တော့သည်။

သို့သော်... လက်မောင်းပေါ်တွင် အစင်းရာအဖြူလေးတစ်ခု ထင်ကျန်ရစ်သည်မှလွဲ၍ ဓားရာထင်ခြင်း၊ သွေးထွက်ခြင်း အလျဉ်းမရှိပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသော စုဝေဝေမှာ ထိတ်လန့်လွန်းသဖြင့် ရင်ဘတ်ထဲမှ နှလုံးပင် ခုန်ထွက်မတတ် ဖြစ်သွားသည်။

သူမ၏ ခင်ပွန်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေနေသည်ဟုပင် သူမ ထင်မှတ်သွားမိသည်။

"နွားသားရေလို မာကျောနေတာပဲ... ဒါ အရေပြားသန့်စင်ခြင်း အဆင့် သိုင်းပညာရှင်တွေရဲ့ စွမ်းရည်ပဲ"

"အစ်ကိုကြီး... တကယ်ကြီး သိုင်းပညာရှင် ဖြစ်သွားတာလားဟင်"

စုဝေဝေသည် အံ့သြခြင်း၊ ဝမ်းသာခြင်းတို့ ရောယှက်ကာ မေးလိုက်မိသည်။

သူမသည် ကျန်းဖန်၏ လက်မောင်းကို ဆွဲယူကာ ဆိတ်ကြည့်၊ ဆွဲကြည့် လုပ်နေမိသည်။

သူ့အရေပြားမှာ သားရေကဲ့သို့ မာကျောတင်းရင်းနေသည်ကို ခံစားလိုက်ရသည်။

သာမန်ဓားတွေ၊ လှံတွေလောက်နဲ့ကတော့ အရာတောင် ထင်မည်မဟုတ်ပါ။

ယင်းသည် အရေပြား သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်များ၏ ထူးခြားချက်ဖြစ်ပြီး သာမန်လူများထက် သာလွန်သည့် အားသာချက် တစ်ခုလည်း ဖြစ်သည်။

"ဟုတ်တယ်... အခု မင်း စိတ်ချလို့ ရပြီမလား"

"ဒါပေမဲ့ ဒါက လျှို့ဝှက်ချက်နော်... ပြဿနာ တက်မစိုးလို့ ဘယ်သူ့ကိုမှ မပြောနဲ့ဦး"

ကျန်းဖန်က သူမကို သတိပေးလိုက်သည်။

"အင်းပါ... ကျွန်မ နားလည်ပါတယ်"

စုဝေဝေမှာ ပျော်လွန်းသဖြင့် မျက်နှာလေးများပင် ရဲတက်လာသည်။ သူမ၏ရင်ထဲတွင် ကြည်နူးမှုများ ပြည့်လျှံနေတော့သည်။

သူမ၏ အစ်ကိုကြီးက သိုင်းပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိပါ။

ဤကမ္ဘာတွင် သိုင်းပညာရှင်များ၏ အဆင့်အတန်းသည် အလွန်မြင့်မားသည်။

အရေပြား သန့်စင်ခြင်း အဆင့်သာ ရှိသေးလျှင်ပင် သာမန်လူများထက် အများကြီး အဆင့်မြင့်နေပြီ ဖြစ်သည်။

ကိုယ့်ခွန်အားကိုသာ ထုတ်ပြလိုက်လျှင် လူတိုင်း၏ လေးစားမှုကို ခံရမည်မှာ အသေအချာပင်။

မနေ့ကသာ ဦးလေးမုန်တို့ အိမ်တွင် သိုင်းပညာရှင်တစ်ယောက် ရှိနေခဲ့လျှင် ကျန့်ဝမ်ပင်းတို့တစ်တွေ အဲဒီလောက် အခွင့်ကောင်းယူပြီး ငွေညှစ်ရဲကြမှာ မဟုတ်။

"ကဲ... ဒါဆို ငါသွားတော့မယ်"

"အိမ်မှာ ဂရုစိုက်နေနော်... မလိုအပ်ဘဲ အပြင်မထွက်နဲ့ဦး"

"အခုတလော အခြေအနေတွေက သိပ်မကောင်းဘူး"

ကျန်းဖန်က မှာကြားလိုက်သည်။

သူမ တစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့ချိန် တစ်ခုခုဖြစ်မည်ကို စိုးရိမ်သောကြောင့် သတိထားရန် ထပ်ခါတလဲလဲ မှာနေရခြင်း ဖြစ်သည်။

မည်သို့ဆိုစေ သူသည် ထုံဟယ်မြို့ဘက်သို့ သွားမည်ဖြစ်သည့်အတွက် ဒီမှာ ဘာဖြစ်မည်ဆိုသည်ကို ကြိုမသိနိုင်ပါ။

"အိမ်မှာ မြေအောက်ခန်း ရှိတာပဲဟာ"

"တစ်ခုခုဆို ကျွန်မ မြေအောက်ခန်းထဲ ဝင်ပုန်းလိုက်မှာပေါ့"

စုဝေဝေ ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုရင်လည်း ပြီးတာပါပဲ"

စုဝေဝေက သတိကြီးသည့် အမျိုးသမီးတစ်ယောက်မို့ ကိစ္စများကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာပါဟု ကျန်းဖန် တွေးလိုက်မိသည်။

ထို့နောက် သူသည် ငွေတုံးအချို့ကို ယူဆောင်ကာ ထုံဟယ်မြို့ရှိရာသို့ ထွက်ခွာလာခဲ့သည်။

...

တစ်နာရီခန့် အကြာတွင် ကျန်းဖန်သည် ထုံဟယ်မြို့သို့ ရောက်ရှိလာခဲ့သည်။

ယခင်က ဖခင်ဖြစ်သူနှင့်အတူ ထုံဟယ်မြို့သို့ လာဖူးသဖြင့် လမ်းခရီးကို သူ အနည်းငယ် ရင်းနှီးပြီးသား ဖြစ်သည်။

လမ်းတစ်လျှောက်တွင် လူပြတ်သော တောင်ကုန်းများနှင့် တောရိုင်းမြေများကို ဖြတ်သန်းလာခဲ့ရသည်။

သော်ကရွာသားများ ဘာကြောင့် ထုံဟယ်မြို့ဘက်သို့ မလာချင်ကြသလဲ ဆိုသည်ကို သူ နားလည်သွားခဲ့သည်။

ဤလမ်းခရီးသည် လူနေအိမ်ခြေ နည်းပါးသည့်အပြင် တောတောင်များနှင့် ဝန်းရံထားသည်ကိုး။

လမ်းမှာ တစ်ခုခုဖြစ်ပြီး သေသွားလျှင်ပင် ကယ်မည့်သူမရှိဘဲ တောခေါင်ခေါင်မှာ အရိုးဆွေးသွားရမည့် ကိန်းပင်။

"ပျံလွှားမြွေနဂါး အသက်ရှုခြင်း ကျင့်စဉ်က အမောခံနိုင်ရည်ကိုပါ တိုးတက်စေတာကိုး"

ကျန်းဖန် ကိုယ့်ကိုယ်ကိုယ် သဘောကျစွာ ရေရွတ်လိုက်မိသည်။

အရေပြား သန့်စင်ခြင်းအဆင့်ကို ရောက်သွားပြီးနောက် သူ့၏ အမောခံနိုင်စွမ်းသည် အံ့မခန်း တိုးတက်လာခဲ့သည်။ သူ့ယခင်ဘဝက ကမ္ဘာကျော် အားကစားသမားတွေပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်။

သူသည် အရှိန်ပြင်းပြင်းဖြင့် မိုင်၂၀ခန့် ခရီးကို တောက်လျှောက် ပြေးလာခဲ့ခြင်း ဖြစ်သည်။

ထုံဟယ်မြို့ကို ရောက်သည့်တိုင်အောင် သူ မောပန်းခြင်း မရှိသလောက်ပင်။ အသက်ရှုသံပင် မမြန်ခဲ့ပေ။

အရင်တုန်းကဆိုလျှင် ဤခရီးကို အနည်းဆုံး ၂ နာရီ၊ ၃ နာရီခန့် လျှောက်ရမည့်အပြင် ရောက်သည်နှင့် ဖတ်ဖတ်မောပြီး လူလည်း သေလုနီးပါး ဖြစ်နေလောက်ပြီ ဖြစ်သည်။

ကျန်းဖန်သည် မြို့ဝင်ကြေး ပေးဆောင်ပြီးနောက် မြို့တံခါးစောင့်များ၏ တားဆီးခြင်း မခံရဘဲ ထုံဟယ်မြို့ထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်လာနိုင်ခဲ့သည်။

သူ့ပုံစံက ဆင်းရဲသားတစ်ယောက်မှန်း သိသာနေသည့်အတွက် သူတို့အနေနှင့် ငွေညှစ်လျှင်တောင် ဘာမှရမည် မဟုတ်မှန်း သိနေကြပုံရသည်။

"မြောက်ဘက်ပိုင်းက ဒုက္ခသည်တွေ ဒီဘက်ကို မရောက်လာကြသေးဘူး ထင်တယ်"

ကျန်းဖန်သည် မြို့ထဲမှ အခြေအနေကို အကဲခတ်ကြည့်လိုက်ရာ ပုံမှန်အတိုင်းပင် ရှိနေသေးပြီး ကုန်ဈေးနှုန်းများလည်း တက်မလာသေးကြောင်း တွေ့ရသည်။ ယာယီအားဖြင့် တည်ငြိမ်နေဆဲပင်။

သို့သော် ဒါသည် ခဏတာ ငြိမ်သက်မှုသာ ဖြစ်ကြောင်း သူသိသည်။

မြောက်ဘက်မှ ဒုက္ခသည်အုပ်ကြီးသာ ဒီဘက်ကို ရောက်လာခဲ့လျှင် ထုံဟယ်မြို့လည်း ဗရုတ်သုက္ခတွေ ဖြစ်ကုန်မှာ အသေအချာပင်။

ထိုအချိန်ရောက်လျှင် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမည်ကို မပြောနှင့်။ ပိုက်ဆံရှိလျှင်‌တောင် ဆန်ဝယ်၍ ရချင်မှရနိုင်တော့မည်။

ဤနေရာရှိ ဒေသခံများကမူ သတင်းအချက်အလက် နည်းပါးသည့်အတွက် ဤအကြောင်းအရာများကို ကြိုမြင်နိုင်မည် မဟုတ်ပါ။

သို့သော် ယင်းသည် သူ့အတွက်တော့ အခွင့်ကောင်းပင်။

သူ့အနေနှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် အချိန်ရသေးသည် ဆိုသည့်သဘောပင်။

အကယ်၍ ဖရိုဖရဲ ဖြစ်နေပြီဆိုလျှင် ဆန်ဝယ်ဖို့ပင် လွယ်တော့မည် မဟုတ်ပါ။

"ထုံဟယ်မြို့အထိ လာဝယ်ရတာ တကယ်တန်ပါတယ်"

"ဒီက ဈေးနှုန်းတွေက ငါးဈေးတန်းထက် အများကြီး သက်သာတာပဲ"

ကျန်းဖန်သည် ဈေးတန်းတစ်ခုသို့ ရောက်ရှိလာပြီး ဆိုင်ခန်းများနှင့် ပျံကျဈေးသည်များကို လိုက်ကြည့်လိုက်သည်။ ပဲပုပ်၊ သခွားသီး၊ ဆန် နှင့် အခြား ဟင်းသီးဟင်းရွက် ဈေးနှုန်းများသည် ငါးဈေးတန်းထက် ၃၀ ရာခိုင်နှုန်းခန့် သက်သာပြီး အချို့ပစ္စည်းများဆိုလျှင် ၅၀ ရာခိုင်နှုန်းခန့် သက်သာနေသည်။

ငါးဈေးတန်းနှင့် ယှဉ်လိုက်လျှင် လျှော့ဈေးနှင့် ရောင်းနေသလိုပင်။

နဂါးမင်းဂိုဏ်းက ကောင်တွေ တံငါသည်များကို ဘယ်လောက်ထိ ရက်ရက်စက်စက် ခေါင်းပုံဖြတ်နေသလဲ ဆိုသည်ကို တွေးကြည့်လို့ပင် ရသည်။ တံငါသည်များ၏ လက်ထဲတွင် ငွေပိုငွေလျှံ မကျန်ရအောင်ကို ညှစ်ထုတ်နေကြသည်။

ထိုအကြောင်းကို တွေးမိသည့်အခါ နဂါးမင်းဂိုဏ်းအပေါ် ထားရှိသည့် သူ့အမုန်းတရားများ ပိုနက်ရှိုင်းလာခဲ့သည်။ သူတို့သည် ယွင်မန်ရေကန်၏ ဆိုးယုတ်သော ကပ်ပါးကောင်များ ဖြစ်သည်။

ရေလုပ်သားတွေ ဘယ်လောက်များများ သူတို့၏ ခေါင်းပုံဖြတ်ခြင်းကို ခံနေရပြီး ဘဝတွေ ပျက်စီးခဲ့ရပြီလဲ။

"ဒါပေမဲ့ ငါ ဆန်အများကြီး တစ်ခါတည်း ဝယ်လို့မဖြစ်ဘူး"

"အများကြီး ဝယ်ရင် ပြန်သယ်ရခက်တာ တစ်ကြောင်း၊ လူတွေ သတိထားမိသွားမှာက တစ်ကြောင်း..."

"ပြီးတော့ ဓားပြတွေရဲ့ ပစ်မှတ် ဖြစ်သွားနိုင်တယ်"

"နည်းနည်းချင်းစီ ခွဲဝယ်မှ ဖြစ်မယ်။ တစ်ခါဝယ်ရင် ကျင်းပေါင်း တစ်ဒါဇင်လောက်ပဲ ဝယ်မယ်"

"ပြီးမှ နေ့တိုင်း လာဝယ်ပြီး စုမယ်။ နည်းနည်းချင်းစီ မကြာခဏ လာဝယ်တာက ပိုပြီး သတိကြီးရာ ရောက်တယ်"

"ပါလာတဲ့ ငွေတုံး အများစုကို ဆန်နဲ့ လဲပစ်လိုက်တာ အကောင်းဆုံးပဲ"

ကျန်းဖန် စဉ်းစားခန်း ဖွင့်လိုက်သည်။ မင်းဆက်တစ်ခု ပျက်သုဉ်းတော့မည့် အချိန်မျိုးတွင် ငွေသည် တန်ဖိုးအရှိဆုံး မဟုတ်ဘဲ၊ ဆန်ရေစပါးသာလျှင် တကယ့် ငွေကြေးအစစ်အမှန် ဖြစ်ကြောင်း သူသိသည်။

လူတွေ ငတ်လာသည့်အခါ ငွေကို ကိုက်စားလို့မရနိုင်ပါ။

ထို့ပြင် ဆန်ကိုသာ စနစ်တကျ သိုလှောင်ထားလျှင် ၂ နှစ်၊ ၃ နှစ်လောက်ထိ အထားခံသည်။

ထို့ကြောင့် ဆန်ပိုးထိုးမှာ၊ ပျက်စီးမှာကို သူ မပူပါ။

ထိုအစီအစဉ်အတိုင်း သူသည် ဈေးထဲတွင် ဆန်များကို စတင် ဝယ်ယူလေတော့သည်။

…

သို့သော်...အနက်ရောင် အင်္ကျီလက်ပြတ် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက သူ့ကို မတော်တဆ လှမ်းမြင်သွားသည်ကိုတော့ ကျန်းဖန် သတိမထားမိလိုက်ပေ။

ထိုသူမှာ အခြားမဟုတ်၊ နဂါးမင်းဂိုဏ်း ခေါင်းဆောင် ကျန့်ဝမ်ပင်း၏ တပည့်ကျော် ရှောင်ဝူပင် ဖြစ်သည်။

"ဟင်... ဟိုကောင် သော်ကရွာက ဆင်းရဲသား တံငါသည်လေး ကျန်းဖန် မဟုတ်လား။ သူက ဘယ်ကပိုက်ဆံနဲ့ ထုံဟယ်မြို့အထိ တက်ပြီး ဆန်လာဝယ်နေတာလဲ"

"ကြည့်ရတာ ဒီကောင် မနေ့က လိမ်ပြောလိုက်တာပဲ။ သူ့အိမ်မှာ ပိုက်ဆံတွေ အများကြီး ကျန်နေသေးပုံ ရတယ်"

"ဒီတံငါသည်တွေက ကြည့်တော့သာ ဆင်းရဲသလိုလိုနဲ့ တကယ်တမ်းကျတော့ တော်တော် စုမိဆောင်းမိ ရှိကြတာပဲ"

ရှောင်ဝူ၏ မျက်လုံးများ အရောင်လက်သွားပြီး ယုတ်မာသော အကြံအစည်များ ပေါ်လာတော့သည်။

သူသည် အချိန်ဆွဲမနေတော့ဘဲ လူအုပ်ကြားမှ တိုးဝှေ့ထွက်ခွာလာပြီး ထုံဟယ်မြို့ရှိ ပိုင်ဟွာ အပန်းဖြေရိပ်သာ (ပြည့်တန်ဆာအိမ်) သို့ အမြန်ဆုံး သွားလိုက်သည်။

နဂါးမင်းဂိုဏ်း ခေါင်းဆောင် ကျန့်ဝမ်ပင်းသည် ထိုနေရာတွင် ပျော်ပါးနေသည် မဟုတ်ပါလော။

သော်ကရွာနှင့် အခြားနေရာများမှ ဆက်ကြေးငွေ အများအပြား ကောက်ခံရရှိထားသဖြင့် သူ့အိတ်ထဲတွင် ငွေများ ပြည့်ဖောင်းနေသည်။

ဦးလေးမုန်တို့ မိသားစုသည် သူ၏ သားကောင်များထဲမှ တစ်ကောင်ပဲ ရှိသေးသည်။

သူ ရိုက်နှက် ငွေညှစ်ခဲ့သော တံငါသည်များ အများကြီး ရှိသေးသည်။

ငွေအများကြီး ရလာသည့်အခါ ထုံဟယ်မြို့ပေါ် တက်ပြီး ကာမဂုဏ် ခံစားရန် စိတ်ကူးပေါက်လာခြင်းသည် မဆန်းပါ။

အတိုချုပ် ပြောရလျှင် သူ ဓားပြတိုက်ထားသမျှ ငွေများသည် ဤမိန်းမများစီ ရောက်ကုန်ကြသည်ကြည့်ပင်။

"ဟေ့ကောင် ရှောင်ဝူ... မင်းကလည်း ဘာလို့ ဒီလောက် ကြာနေရတာလဲ။ ငါစောင့်နေတာ ကြာလှပြီကွ"

ရှောင်ဝူ ဝင်လာသည်ကို မြင်သည်နှင့် ကျန့်ဝမ်ပင်းက ဟားတိုက်ရယ်မောကာ လှမ်းပြောလိုက်သည်။

"သခင်ကြီးပင်း... ကျွန်တော် စောစောက ဘယ်သူ့ကို တွေ့ခဲ့လဲ သိရင် သခင်ကြီး အံ့သြသွားလိမ့်မယ်"

"သော်ကရွာက တံငါသည်လေး ကျန်းဖန်လေ... အခု ထုံဟယ်မြို့ပေါ် ရောက်နေတယ်ဗျ"

ရှောင်ဝူသည် သူတွေ့မြင်ခဲ့သည်များကို အကုန်ပြန်ပြောပြလိုက်သည်။

သူက ကျန်းဖန်မှာ ငွေတွေ အများကြီး ရှိပုံရကြောင်း၊ ဆန်တွေ အများကြီး ဝယ်နေကြောင်း ပိုပိုသာသာလေး ချဲ့ကား ပြောလိုက်သေးသည်။

"တောက်... ဒီကောင် မရိုးဘူးလို့ ငါ ထင်သားပဲ"

"ဆက်ကြေးပေးတုန်းက အရမ်း လွယ်လွယ်ကူကူ ပေးလိုက်ကတည်းက ထင်တော့ထင်သား။ ဒီကောင် တကယ်ပဲ စီးပွားတက်နေတာ ဖြစ်မယ်"

"မင်းသာ သူ့ကို ဒီမှာ မတွေ့ရင် ငါတော့ အလိမ်ခံလိုက်ရတော့မှာပဲ"

"ဒါပေမဲ့ ကောင်းပါတယ်လေ... ဒီတံငါသည်တွေဆီက ပိုက်ဆံမရရင် ငါတို့ ဘယ်လိုလုပ် ချမ်းသာပါ့မလဲကွ ဟုတ်ဘူးလား"

ကျန့်ဝမ်ပင်း မဲ့ပြုံး ပြုံးလိုက်သည်။

သူ့မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လာသည်။ မြင်ရသူအဖို့ ကျောချမ်းစရာ ကောင်းလှသည်။

…

All Chapters