← Chapters

တစ်သက်လုံး သူ့ကို လုပ်စားမယ်

Vol. 1 Ch. 9

တစ်သက်လုံး သူ့ကို လုပ်စားမယ်

Vol. 1 Ch. 9

သို့သော် ကျန့်ဝမ်ပင်းသည် လိမ္မာပါးနပ်ပြီး အကြံအစည်ကြီးသူ တစ်ယောက်ပီပီ လျင်မြန်စွာပင် တည်ငြိမ်သွားခဲ့သည်။

သူသည် လက်ကာပြလိုက်ပြီး သူ့ဘေးနားရှိ ပိုင်ဟွာ အပန်းဖြေရိပ်သာမှ မိန်းကလေးကို ထွက်သွားခိုင်းလိုက်သည်။

မကြာခင်မှာပင် သီးသန့်အခန်းထဲ၌ ကျန့်ဝမ်ပင်းနှင့် သူ့နောက်လိုက် ၃ ယောက်သာ ကျန်ရစ်ခဲ့တော့သည်။

"သခင်ကြီးပင်း... အလုပ်စတော့မလို့လားဗျ"

အနက်ရောင် အင်္ကျီလက်ပြတ် ဝတ်ထားသည့် အမျိုးသားသည် ကျန့်ဝမ်ပင်း၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိလိုက်သည်။

"အာ အာ... လူသတ်ပြီး ဓားပြတိုက်တယ် ဆိုတာ အရူးတွေလုပ်တဲ့ အလုပ်ကွ"

"အဲဒီတံငါသည်လေးဆီမှာ ပိုက်ဆံနည်းနည်းပါးပါး ရှိတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဒါက ရှိသမျှ အကုန်ပဲလေ"

"ငါတို့သာ သူ့ကို သတ်လိုက်ရင်... ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်လိုက်သလို မဖြစ်သွားဘူးလား"

"ဒီကောင်လေး မြို့ထဲက ထွက်လာတာနဲ့ လမ်းခုလတ်မှာ ဖြတ်ပြီး သေလုမျောပါးဖြစ်တဲ့ထိ ဝိုင်းရိုက်ကြမယ်"

"အဲဒီနောက်ပိုင်းကျရင် ဒီကောင်လေးက ငါတို့ရဲ့ ကျွန် ဖြစ်သွားပြီ။ ငါတို့အတွက် နေ့မနား ညမနား ငါးဖမ်းပြီး ပိုက်ဆံရှာပေးရတော့မယ်"

"ငါ သူ့ကို တစ်သက်လုံး လုပ်စားသွားမှာ"

ကျန့်ဝမ်ပင်းက ယုတ်မာကောက်ကျစ်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။

အရေပြား သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက် အနေနှင့် တံငါသည်လေး တစ်ယောက်ကို ရှင်းပစ်ဖို့ဆိုသည်မှာ အင်မတန် လွယ်ကူသည့် ကိစ္စလေးသာ ဖြစ်သည်။

ဒီကောင်လေးရဲ့ လက်ထဲမှာ ဘာပစ္စည်းပဲ ရှိရှိ၊ ငါ့လက်ခုပ်ထဲက ရေပဲ မဟုတ်လား။

တစ်ခါတည်းနဲ့ အပြတ်ရှင်းလိုက်ရင် နှမြောစရာကြီး။ နေ့တိုင်း ဝင်ငွေရနေမှ ပိုကောင်းမှာပေါ့။

ဒါမှလည်း ငါ ပိုင်ဟွာ အပန်းဖြေရိပ်သာကို မကြာခဏ လာနိုင်မှာလေ။

"သခင်ကြီးပင်းက သခင်ကြီးပင်းပါပဲဗျာ... တကယ့်ကို ဉာဏ်ကြီးရှင်ပါပဲ"

နောက်လိုက် ၃ ယောက်လုံးက သူ့ကို လေးစားအားကျစွာဖြင့် ကြည့်လိုက်ကြသည်။

သူတို့သာဆိုလျှင် ရေတိုနည်းလမ်းများကိုသာ စဉ်းစားမိကြမည် ဖြစ်သည်။ သခင်ကြီးပင်းလိုမျိုး မည်သူကများ တစ်ဖက်လူကို တစ်သက်လုံး ကျွန်ပြုပြီး နေ့တိုင်း ဂုတ်သွေးစုပ်ရန် တွေးမိပါမည်နည်း။

ကျွန်အဖြစ် ခိုင်းစေလိုက်မည်ပေါ့။

ဤနည်းနှင့်ဆိုလျှင် အဲ့ဒီကောင်လေး ရှာသမျှ ပိုက်ဆံအားလုံးသည် သူတို့အပိုင် ဖြစ်လာတော့မည်။

တစ်ခါတည်း အရောင်းအဝယ် လုပ်တာထက်စာလျှင် ရေရှည်စားသွားခြင်းသည် အများကြီး ပိုသာသည်။

"မင်းတို့ သဘောပေါက်ရင် ပြီးတာပဲ"

"မင်းတို့ သွားပြီး အဲဒီကောင်လေးကို မျက်ခြေမပြတ် စောင့်ကြည့်ထားကြ"

"သူ မြို့ထဲက ထွက်လာတာနဲ့ ငါတို့ သူ့ကို ဒုက္ခပေးကြမယ်"

ကျန့်ဝမ်ပင်း မဲ့ပြုံး ပြုံးလိုက်သည်။

မည်သို့ဖြစ်စေ သူသည် နဂါးမင်းဂိုဏ်း၏ ခေါင်းဆောင်ငယ်လေး တစ်ယောက် ဖြစ်သည့်အတွက် ထုံဟယ်မြို့ထဲတွင်တော့ ပြဿနာ မရှာချင်ပေ။

တစ်ခုခု လွဲချော်သွားခဲ့လျှင် သူ့ကို မည်သူမှ ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။

လူပြတ်သည့် တောလမ်းကျမှ လှုပ်ရှားခြင်းသည် ပိုကောင်းသည်။

ထိုနေရာရောက်မှ ဒီကောင်လေး ဘယ်လောက်ပင် အော်ဟစ်၍ အကူအညီတောင်းတောင်း၊ ကောင်းကင်က မကြား၊ မြေကြီးက မကြား ဖြစ်နေစေရမည်။

"ဟုတ်ကဲ့ပါ ဆရာ"

နောက်လိုက် ၃ ယောက်လည်း ချက်ချင်း ခေါင်းညိတ်လက်ခံလိုက်ပြီး ကျန်းဖန်ကို စောင့်ကြည့်ရန် ထွက်ခွာသွားကြတော့သည်။

…

တစ်နာရီခန့် ကြာပြီးနောက်၊ ထုံဟယ်မြို့အတွင်း…

ကျန်းဖန်သည် ထုံဟယ်မြို့ဈေးထဲတွင် လိုအပ်သော စားသောက်ကုန် ပစ္စည်းများကို ဝယ်ယူပြီးစီးနေပြီ ဖြစ်သည်။ အိတ်ကြီးအိတ်ငယ် အသွယ်သွယ်ဖြင့် သူနှင့် စုဝေဝေတို့ နှစ်ယောက်စာအတွက် ၂ ပတ်၊ ၃ ပတ်စာလောက်တော့ ဖူလုံမည့် ပမာဏကို ဝယ်ယူလာသည်။

အနည်းဆုံးတော့ ငတ်မည့်ဘေးမှ ကင်းဝေးသွားပြီ ဖြစ်သည်။

"ဟင်... တစ်ယောက်ယောက် ငါ့ကို ချောင်းကြည့်နေပါလား"

ထိုအချိန်တွင် ကျန်းဖန်၏ မျက်လုံးများထဲ၌ အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ကျောချမ်းသလို ခံစားလိုက်ရသည်။ ကျောကုန်းပေါ်တွင် ဆူးတစ်ချောင်း လာကပ်နေသကဲ့သို့ပင်။

ပျံလွှားမြွေနဂါး သိုင်းပညာကို အခြေခံအဆင့် အောင်မြင်ပြီးကတည်းက သူ့ခွန်အား၊ အမြန်နှုန်းနှင့် ပေါက်ကွဲအားတင်မက ပိုအရေးကြီးသည့် အာရုံခံစားမှု ငါးပါးပါ ပိုမို ထက်မြက်လာခဲ့ကြောင်း သူ သတိထားမိသည်။

မြွေတစ်ကောင်လို အန္တရာယ်ကို ကြိုတင် အာရုံခံနိုင်စွမ်းမျိုး သူ့ဆီမှာ စတင် ပေါ်ပေါက်လာခဲ့သည်။

သူ့အပေါ် ထားရှိသည့် မလိုလားအပ်သော ရန်ငြိုးအငွေ့အသက်များကို သူ ရှင်းရှင်းလင်းလင်းကြီး အာရုံခံမိနေသည်။

သေချာပါသည်...ယင်းသည် ထိပ်တန်း သိုင်းပညာတစ်ခု ဖြစ်သော ပျံလွှားမြွေနဂါး သိုင်းပညာက ပေးသည့် ထူးခြားဆန်းကြယ်သော အကျိုးကျေးဇူးများပင်။

အမှန်တိုင်း ပြောရလျှင် သူ အတော်လေး သတိထားပြီး လှုပ်ရှားခဲ့သည်။

ဝယ်သည့် ဆန်ပမာဏကလည်း သိပ်မများသလို၊ ဆိုင်တစ်ဆိုင်တည်းမှာ မဝယ်ဘဲ ဆိုင်ခွဲပြီးတောင် ဝယ်ခဲ့သေးသည်။

ဒါတောင်မှ ပစ်မှတ်ထားခံလိုက်ရသေးသည်။

ဤလောကကြီးက ဘယ်လောက်တောင် ယုတ်မာကောက်ကျစ်ပြီး ဥပဒေစိုးမိုးမှု မရှိသလဲဆိုတာ ပေါ်လွင်နေသည်။

ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရတော့မည်။

"သူတို့က ထုံဟယ်မြို့ထဲမှာ ငါ့ကို တိုက်ခိုက်ဖို့ အစီအစဉ် မရှိကြဘူးပဲ"

"ငါ မြို့ပြင်ထွက်တဲ့အထိ စောင့်နေကြတာလား"

ကျန်းဖန်သည် သူ့နောက် လိုက်နေသူများကို သတိမထားမိသလို ဟန်ဆောင်ကာ ဆိုင်ခန်းအချို့နားတွင် တမင် ယောင်ပြလိုက်သည်။

သေချာသည်မှာ သူတို့သည် နောက်ယောင်ခံ လိုက်ရုံသာ လိုက်နေကြခြင်း ဖြစ်သည်၊ ထုံဟယ်မြို့ထဲတွင် ရန်မူမည့် အရိပ်အယောင်တော့ မရှိပါ။

မည်သို့ဖြစ်စေ ဤမြို့သည် ခရိုင်အဆင့် မြို့တော်ဖြစ်ပြီး မြို့စောင့်တပ်များနှင့် အရာရှိများ ရှိနေသေးသည်။

မဆင်မခြင် လုပ်လိုက်လျှင် ပြဿနာ တက်သွားနိုင်သည်။

ထို့ကြောင့် သူတို့အနေနှင့် ထုံဟယ်မြို့ထဲတွင် ဘာမှမလုပ်ရဲကြသည်မှာ သဘာဝကျသည်။

"ပုစဉ်းရင်ကွဲကို ချောင်းနေတဲ့ ဓားခုတ်ကောင်က... သူ့နောက်မှာ စာကလေးတစ်ကောင် ချောင်းနေမှန်း သတိမထားမိဘူးတဲ့"

"နောက်ဆုံးကျ ဘယ်သူနိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့"

ကျန်းဖန်၏ ခန္ဓာကိုယ်မှ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူခိုးဖြစ်ဖို့ ရက်တစ်ထောင် ကြိုးစားလို့ ရသော်လည်း သူခိုးရန်ကနေ ရက်တစ်ထောင်လုံး ကာကွယ်နေဖို့ဆိုသည်မှာ မလွယ်ကူပါ။

သူတို့က ငါ့ကို အရင် ရန်စလာမှတော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့။

အကယ်၍သာ သူသည် အရေပြား သန့်စင်ခြင်းအဆင့် သိုင်းပညာရှင် ဖြစ်မလာသေးလျှင် ယခုလိုအခြေအနေမျိုးနှင့် ကြုံသည့်အခါ ကြောက်လန့်ပြီး ထွက်ပြေးမိမည်မှာ အသေအချာပင်။

ဤနေရာတွင် ဆက်နေရဲမည် မဟုတ်ပါ။

သို့သော် ယခုအခါတွင်တော့ သူသည် စိတ်လှုပ်ရှားနေပြီး တိုက်ခိုက်လာမည့် သူများကိုတောင် ပြန်သတ်ပစ်ချင်နေသည်။

သူသည် သံပန်းဆိုင်မှ ခုလေးတင် ဝယ်ထားသော ဓားမြောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ သူ၏ စိတ်ထဲတွင် ယုံကြည်မှုများ ပြည့်သွားသည်။

ရန်သူ၏ ကျင့်ကြံခြင်းအဆင့်က အရေပြား သန့်စင်ခြင်းအဆင့်ထက် မကျော်လွန်သရွေ့ သူ့ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပါ။

တကယ်လို့သာ အရေပြား သန့်စင်ခြင်းအဆင့်ထက် မြင့်သော သိုင်းပညာရှင် အစစ်ဆိုလျှင်လည်း သူ့လို ဆင်းရဲသား တံငါသည်လေးကို ဒုက္ခပေးရန် စိတ်ဝင်စားမည် မဟုတ်ပါ။

သူ့ကို ပစ်မှတ်ထားနေသည်မှာ ထုံဟယ်မြို့က လူမိုက်အဆင့်လောက်သာ ဖြစ်ဖို့များသည်။

ဒီလောက် လူတန်းစားမျိုးကိုတော့ သူ ကောင်းကောင်း ကိုင်တွယ်နိုင်ပါသေးသည်။

နာရီဝက်လောက် ကြာပြီးနောက်၊ မွန်းလွဲပိုင်းသို့ ရောက်ရှိလာပြီး နေမင်းကြီးလည်း အနောက်ဘက်သို့ ယွန်းစပြုလာခဲ့သည်။

ကျန်းဖန်သည် အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်လျက် ဘာမှ မသိသလို ဟန်ဆောင်ကာ ပျော်ရွှင်သော ပုံစံဖြင့် ထုံဟယ်မြို့မှ ထွက်ခွာပြီး သော်ကရွာဘက်သို့ ဦးတည်လာခဲ့သည်။

သိပ်မကြာခင်မှာပင် ၅ မိုင်၊ ၆ မိုင်လောက် လျှောက်လာပြီးနောက် သစ်ပင်များ ထူထပ်သော တောအုပ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

"ဟေ့ကောင်လေး"

ထိုအချိန်၌ တောအုပ်ထဲမှ အရပ်ရှည်ရှည် လူ ၄ ယောက် ထွက်ပေါ်လာပြီး သူ့ကို ချက်ချင်း ဝိုင်းလိုက်ကြသည်။

"နဂါးမင်းဂိုဏ်းက ကျန့်ဝမ်ပင်းပါလား"

ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ကျန်းဖန်၏ မျက်ဝန်းအိမ်သည် ကျဉ်းမြောင်းသွားပြီး လူမိုက် ၄ ယောက်၏ သရုပ်မှန်ကို ချက်ချင်း မှတ်မိလိုက်သည်။ သူတို့သည် သော်ကရွာတွင် လစဉ်ဆက်ကြေး လာကောက်သော နဂါးမင်းဂိုဏ်းသားများပင်။

သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေသူများက ကျန့်ဝမ်ပင်းနှင့် သူ့လူစု ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့မိပါ။

ဒါကတော့ တကယ့်ကို 'ရန်သူချင်း လမ်းကျဉ်းမှာ ဆုံကြပြီ' ဆိုသလိုပင်။

"အို... မင်းက ဆန်တွေ အများကြီးတောင် ဝယ်လာပါလား။ မင်းမိဘတွေက မင်းအတွက် ငွေဘယ်လောက်တောင် ထားခဲ့ပေးလို့လဲ"

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မင်းအိမ်မှာ ပိုက်ဆံမရှိတော့ဘူးလို့တောင် ငါ့ကို ပြောလိုက်သေးတာကို။ ရယ်စရာ ကောင်းလိုက်တာကွာ"

"ငါ့ဘဝမှာ အမုန်းဆုံးအရာက ဘာလဲဆိုတာ မင်းသိလား"

"အဲဒါက လိမ်ညာတာပဲ"

"ငါသာ မင်းကို ထုံဟယ်မြို့မှာ မတွေ့လိုက်ရင် မင်း ငါ့ကို ဗြောင်လိမ်သွားတာ ခံလိုက်ရတော့မှာ"

"ချက်ချင်း ဒူးထောက်လိုက်စမ်း"

"မဟုတ်ရင် ဒီနေ့ မင်းကို သေချင်တာတောင် သေခွင့်မရှိ၊ ရှင်ချင်ပေမယ့်လည်း ရှင်ခွင့်မရတဲ့ ဘဝမျိုးဖြစ်အောင် လုပ်ပစ်မယ်"

လူလတ်ပိုင်းအရွယ် ကျန့်ဝမ်ပင်းက ယုတ်မာသော မျက်နှာထားဖြင့် ပြောလိုက်သည်။ သူသည် ကျန်းဖန်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်နေပြီး သူ့လက်ခုပ်ထဲ ရောက်နေသော သားကောင်ငယ်လေး တစ်ကောင်လို သဘောထားနေသည်။

"သခင်ကြီးပင်းရာ... ဒီကောင်နဲ့ စကားတွေ အများကြီး ပြောမနေပါနဲ့တော့"

"အရင်ဆုံး ဝိုင်းရိုက်လိုက်ကြတာပေါ့"

"ဒီလို အောက်တန်းစား ကောင်မျိုးက မနာရင် မှတ်မှာ မဟုတ်ဘူး"

အနက်ရောင် အင်္ကျီလက်ပြတ် ဝတ်ထားသော ထွားကျိုင်းကျိုင်း လူမိုက်ကြီးက လက်သီးကို ဆုပ်လိုက်ပြီး ကျန်းဖန်စီသို့ တန်းတန်းမတ်မတ် လျှောက်လာကာ ပြင်းထန်သော လက်သီးချက်ဖြင့် ဝင်ထိုးလိုက်သည်။

ဤလက်သီးချက်သာ ထိသွားလျှင် သေချာပေါက် သွေးများထွက်လာပြီး မျက်နှာတစ်ခုလုံး ရစရာမရှိအောင် ကြေမွသွားကာ သတိပင် မေ့သွားနိုင်သည်။

လုံးဝ ညှာတာမှုမရှိသည့် လက်သီးချက်ပင်။

ရွှစ်။

ကျန်းဖန်သည် ဆန်အိတ်များကို အောက်ချလိုက်ပြီး ခေါင်းကို အနည်းငယ် စောင်းလိုက်ရာ ဆံခြည်မျှင် တစ်မျှင်စာ အကွာအဝေးလေးဖြင့် လက်သီးချက်ကို ရှောင်တိမ်းနိုင်လိုက်သည်။

ဘာ…

လက်ပြတ်အင်္ကျီ အနက်ရောင်နှင့် လူမိုက်ကြီး ကြောင်အမ်းသွားသည်။ ဒီလိုဖြစ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့။ ယင်းသည် သေချာပေါက် ထိမည့် လက်သီးချက်ပင်။ ဒီ သရဲဘောကြောင်တဲ့ တံငါသည်လေးက ဘယ်တုန်းကများ ရှောင်တိမ်းရဲသွားရသနည်း။

ယင်းက သူ့ကို ပိုပြီး ဒေါသထွက်စေသည်။

နောက်တစ်ချက်ကျရင်တော့ ဒီတံငါသည်လေးကို အရိုးကျိုးအောင် ရိုက်ပြီး နာကျင်လွန်းလို့ အော်ဟစ်နေရအောင် လုပ်ပစ်ရမယ်။

သို့သော် သူ နောက်ထပ် မလှုပ်ရှားနိုင်ခင်မှာပင် ကျန်းဖန်သည် ဓားမြောင်ကို ဆွဲထုတ်လိုက်ပြီး ပြောင်းပြန်ကိုင်ကာ ထိုလူမိုက်ကြီး၏ ရင်ဘတ်တည့်တည့်သို့ ထိုးစိုက်လိုက်တော့သည်။

တစ်ချက်တည်းနှင့်ပင် ထိုလူ၏ နှလုံးသားကို ဖောက်ထွင်းသွားခဲ့ပြီး လမ်းဘေးက ရေပိုက်ခေါင်းကဲ့သို့ သွေးများ ပန်းထွက်လာတော့သည်။

…

All Chapters