အနိုင်ကျင့်ပြီး ဈေးဝယ်ခြင်း
Vol. 1 Ch. 13
"ဘာဖြစ်တာလဲဟ"
ထိုအချိန်၌ ကျန်းဖန်နှင့် စုဝေဝေတို့ တယောက်မျက်နှာ တယောက် ကြည့်လိုက်မိကြသည်။ ယခုလောက်ထိ နာနာကျင်ကျင် ငိုကြွေးနေသည် ဆိုမှတော့ အရေးကြီးကိစ္စ တစ်ခုခု ဖြစ်ပျက်နေပြီမှန်း သူတို့ ခံစားမိလိုက်ကြသည်။
ထိုသို့ တွေးလိုက်ပြီး ကျန်းဖန်သည် စိတ်လှုပ်ရှားနေမှုများကို ချိုးနှိမ်ကာ အိမ်ပြင်သို့ ထွက်ကြည့်လိုက်သည်။
မလှမ်းမကမ်းရှိ မုန်မိသားစု၏ အိမ်ရှေ့တွင် အနက်ရောင် ခေါင်းတလားကြီးတစ်ခု ထားရှိထားသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။
ဦးလေးမုန်၏ ဇနီးသည် အစ်မကြီးမုန်သည် အဖြူရောင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ မျက်လုံးများ နီရဲကာ မြေကြီးပေါ်တွင် ဒူးထောက်၍ ငိုကြွေးနေရှာသည်။
သူမ၏ သားဖြစ်သူ မုန်ထယ်သည်လည်း ဒူးထောက်လျက် ရှိနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
သို့သော် ထိုမျက်ရည်များထက် ပိုသည်မှာ ဒေါသနှင့် အမုန်းတရားများပင် ဖြစ်၏။
အနီးအနားရှိ အိမ်နီးနားချင်းများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ သူတို့၏ မျက်နှာများတွင် ခံစားချက်မဲ့နေသလို ရှိသော်လည်း၊ ဆုံးရှုံးမှုအတွက် အားလုံးက ဝမ်းနည်းပူဆွေးနေကြသည်ကို ခံစားရပေသည်။
"ဦးလေးမုန် ဆုံးသွားတာလား"
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းဖန် ထိတ်လန့်သွားမိသည်။ မုန်မိသားစု တစ်ခုလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် ဝတ်စုံများ ဝတ်ဆင်ထားကြသည်။ လွန်ခဲ့သော ၂ ရက်က ဖြစ်ရပ်ကို ပြန်ဆက်စပ်ကြည့်လိုက်သည့်အခါ ရလဒ်က ရှင်းလင်းနေပေပြီ။
"ဟူး... ဦးလေးမုန်ခမျာ ကံဆိုးရှာပါတယ်။ နဂါးမင်းဂိုဏ်းသားတွေ ဝိုင်းရိုက်ကြလို့ ဒဏ်ရာအပြင်းအထန် ရသွားတာလေ။ အသက်ရှင်မယ်လို့ ထင်ထားပေမယ့် ဒဏ်ရာက ပြင်းထန်လွန်းတော့ ဆေးကုသစရာစရိတ်ကလည်း မရှိဆိုတော့ သေသွားရှာတယ်"
ဆုန်ဖူကွေ့က သက်ပြင်းချရင်း ပြောရှာသည်။
တကယ်တော့ ဦးလေးမုန်အနေဖြင့် ကောင်းမွန်စွာ ဆေးကုသခွင့် ရခဲ့ပါက သေစရာအကြောင်း မရှိပေ။
သို့သော် မုန်မိသားစု၏ ငွေကြေးများကို နဂါးမင်းဂိုဏ်းက စောစောစီးစီး သိမ်းယူသွားခဲ့ပြီဖြစ်ရာ ဆေးကုသစရာ ငွေကြေး ကျန်ရှိမနေတော့ချေ။
ရလဒ်အနေဖြင့် ဦးလေးမုန်ခမျာ ဆေးမကုနိုင်ဘဲ အိမ်မှာသာ ဒီအတိုင်း နေခဲ့ရသည်။
ထို့နောက် တစ်ညတည်းနှင့်ပင် ဒဏ်ရာပြင်းထန်လွန်းသဖြင့် အသက်ပါ ပါသွားခဲ့ရရှာသည်။
လူ့အသက်တစ်ချောင်းသည် ဤခေတ်ကြီးထဲတွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ တန်ဖိုးမဲ့လှပေသည်။
"ဦးလေးမုန်ခမျာ တစ်သက်လုံး ပင်ပင်ပန်းပန်း လုပ်လာခဲ့ရတာပါ။ မိုးလင်းမိုးချုပ် ရာသီဥတုဒဏ်ကို အန်တုပြီး နေ့တိုင်း မနားမနေ ငါးဖမ်းခဲ့ပေမယ့် ငွေစလေး နည်းနည်းပဲ စုမိရှာတာ။ ဒါကို နဂါးမင်းဂိုဏ်းက ကောင်စုတ်တွေက အဲဒီငွေလေးကို လိုချင်ရုံတင်မကဘဲ လူကိုပါ သေအောင် ရိုက်သတ်ကြတယ်"
"နဂါးမင်းဂိုဏ်းက ကောင်တွေ တကယ် သေသင့်တာ"
"တော်စမ်းပါ... နဂါးမင်းဂိုဏ်းက လူတွေ ကြားသွားရင် ငါတို့အတွက် ဘာကောင်းကျိုးရှိမှာမို့လို့လဲ"
"ဒီလောက် ပြောတာလေးနဲ့ ကပ်ဘေးဆိုက်ပါ့မလားကွ"
"ဟေ့ကောင်... နဂါးမင်းဂိုဏ်းက လူတွေက အကျိုးအကြောင်း နားလည်မယ်များ ထင်နေသလား"
"တော်ပါတော့ကွာ... ဆက်မပြောကြပါနဲ့တော့"
သော်ကရွာသားများ တီးတိုးဆွေးနွေးနေကြပြီး တစ်ယောက်စီတိုင်းတွင် ဝမ်းနည်းခြင်း၊ ကူကယ်ရာမဲ့ခြင်း အကြည့်များ ရှိနေကြသည်။
သူတို့လည်း မုန်မိသားစုကို ကူညီချင်ကြသော်လည်း သူတို့ကိုယ်တိုင်ပင် မတတ်နိုင်ကြရှာပေ။
"ဒါကတော့..."
ထိုစကားများကို ကြားလိုက်ရသည့်အခါ ကျန်းဖန်သည် လက်သီးကို ဆုပ်လိုက်မိသည်။ ဝမ်းနည်းမှုများ သူ့ရင်ထဲသို့ လှိုင်းလုံးပမာ ဝင်ရောက်လာသည်။
ဤသည်မှာ ခေတ်ပျက်ကြီးထဲရှိ ဆင်းရဲသားများ၏ ဘဝပင်။ မတော်တဆမှု တစ်ခု ဖြစ်လိုက်သည်နှင့် အိမ်ထောင်ပြိုကွဲပြီး ဘဝပျက်သွားရနိုင်သည်။
ဦးလေးမုန်သည် မည်သည့်အမှားကိုမျှ မကျူးလွန်ခဲ့ပေ။ သူသည် စကားထစ်အသော ရိုးသားသည့် တံငါသည်တစ်ဦးသာ ဖြစ်ပြီး တစ်သက်လုံး ကြိုးစားလုပ်ကိုင်လာခဲ့သူလည်း ဖြစ်သည်။
သို့သော် နဂါးမင်းဂိုဏ်း၏ လောဘကြောင့် သူ အသက်ပေးလိုက်ရရှာသည်။
ကျန့်ဝမ်ပင်းသည် တကယ်ကို သေသင့်သောသူ ဖြစ်ပြီး အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်သင့်သော သူယုတ်မာ ဖြစ်သည်။
ကံကောင်းသည်မှာ ထိုကောင်သည် သူ့လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်ပြီး၊ အလောင်းကိုပင် တောရိုင်းဝံပုလွေများ စားသောက်သွားခဲ့ကြပြီ။
ဦးလေးမုန်၏ ဝိညာဉ် ကောင်းကင်ဘုံကနေ ကျေနပ်နိုင်ပါစေ။
"မုန်မိသားစုမှာ မုဆိုးမနဲ့ သားအမိနှစ်ယောက်ပဲ ကျန်တော့တာ... ရှေ့ဆက်ရမယ့် ရက်တွေက ခက်ခဲတော့မယ်"
"ဟုတ်တယ်... နောက်လကျရင် ဆက်ကြေးတောင် ပေးနိုင်ပါ့မလား မသိဘူး"
"ဝါရင့်တံငါသည် ဦးလေးမုန် မရှိတော့ရင် ငါးဘယ်လောက်များ ဖမ်းနိုင်မှာမို့လဲ။ မုန်ထယ်လေးကရော ငါးဖမ်းနိုင်ပါ့မလား"
"မပေးနိုင်ရင် နောက်ထပ် အရိုက်ခံရမယ့်ကိန်းပဲ"
"ဟူး... တို့တွေက တစ်ရွာတည်းသားတွေပဲဟာ၊ ကူညီနိုင်ရင် ကူညီကြရအောင်"
"နင်က သဘောကောင်းလွန်းမနေနဲ့... ကိုယ့်အိမ်မှာတောင် ဆန်မရှိတော့တာကို မုန်မိသားစုကို ပိုက်ဆံပေးချင်နေသေးတယ်။ သူတော်ကောင်း လုပ်ချင်တိုင်း ကိုယ့်မိသားစုကို အငတ်ထားမလို့လား"
"ငါက အဲဒီလို ပြောတာ မဟုတ်ပါဘူး... ပိုက်ဆံတော့ မတတ်နိုင်ဘူးပေါ့၊ ဒါပေမဲ့ မုန့်ပြားလေး ဘာလေး ပေးရင်လည်း စေတနာပါပဲ"
"အေးလေ... တို့တွေက အိမ်နီးချင်း ဖြစ်လာတာ ဆယ်စုနှစ်တွေတောင် ကြာခဲ့ပြီပဲ"
ရွာသားများသည် တက်ကြွစွာ ဆွေးနွေးနေကြပြီး ငွေဘယ်လောက် ကူညီကြမလဲဆိုသည်ကို ညှိနှိုင်းနေကြသည်။
ကျန်းဖန်သည် ဘေးမှနေ၍ တိတ်ဆိတ်စွာ နားထောင်နေသည်။ သူ့တွင် ငွေအများအပြား ရှိနေသော်လည်း သူရဲကောင်း လုပ်ပြမည် မဟုတ်ပေ။
မုန်မိသားစုသည် သနားစရာ ကောင်းပြီး ခက်ခဲကြမ်းတမ်းစွာ နေထိုင်ရသည်မှာ မှန်ပါသည်။
သို့သော် ဤကမ္ဘာကြီးထဲတွင် ဘယ်သူကများ မရုန်းကန်ရလို့လဲ။ ဘယ်သူကများ သနားစရာ မကောင်းလို့လဲ။
အကယ်၍ သူ ကြွယ်ဝချမ်းသာနေကြောင်း ထုတ်ဖော်ပြသလိုက်လျှင် ကောင်းကျိုး ဖြစ်လာလိမ့်မည် မဟုတ်ပေ။
မလိုလားအပ်သော ကပ်ဘေးများကိုသာ ဆောင်ကြဉ်းလာနိုင်သည်။
သာမန်လူတစ်ယောက်လို ရောနှောနေထိုင်ခြင်းသည် သော်ကရွာတွင် အကောင်းဆုံး နေထိုင်နည်း ဖြစ်သည်။
လောလောဆယ်တွင် သူ ဘာမှ မတတ်နိုင်သေးပါ။
ကိုယ့်မိသားစုလေးကို ဂရုစိုက်နိုင်ခြင်းသည် သူ့ရဲ့ အကန့်အသတ်ပင် ဖြစ်သည်။
ထိုအချိန်တွင် ရွာသားများသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြပြီး ဦးလေးမုန်အား ဂါရဝပြုကာ ငွေအနည်းငယ်စီ ထည့်ဝင် ကူညီကြလေသည်။
ကျန်းဖန်သည်လည်း လူအုပ်ကြီးနောက်သို့ လိုက်ပါကာ ရှေ့သို့ ထွက်လိုက်သည်။
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်ဗျာ"
မုန်ထယ်သည် မြေကြီးပေါ်တွင် ဒူးထောက်လျက် သူ၏ မျက်လုံးများသည် ဗလာဖြစ်နေပြီး မျှော်လင့်ချက် ကင်းမဲ့နေပုံ ရသည်။
စက်ရုပ်တစ်ရုပ်လို ကျေးဇူးတင်စကားကို ထပ်ခါတလဲလဲ ပြောနေရှာသည်။
ဖခင်ဆုံးပါးသွားမှုကြောင့် ရရှိလာသော စိတ်ဒဏ်ရာမှ ပြန်မသက်သာသေးပုံ ရသည်။
"ဟူး..."
ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်းဖန် စိတ်မကောင်း ဖြစ်မိသည်။
တစ်ချိန်တုန်းက မုန်ထယ်သည်လည်း တက်ကြွဖျတ်လတ်သော လူငယ်လေးတစ်ယောက် ဖြစ်ခဲ့ဖူးပြီး၊ သိုင်းပညာသင်ကာ နာမည်ကျော် သူရဲကောင်းကြီး ဖြစ်အောင် လုပ်မယ်လို့ ပြောခဲ့ဖူးသည်။
ဒါပေမဲ့ အခုတော့ ဒီလိုအခြေအနေ ရောက်နေရှာပြီ။
ဒီမြင်ကွင်းက ကျန်းဖန်ကို စွမ်းအားကြီးမားသော ခွန်အားများ ပိုင်ဆိုင်လိုစိတ် ပိုမို ပြင်းပြလာစေသည်။
ဒီလိုခေတ်ပျက်ကြီးထဲတွင် ကျန်သည့် အရည်အချင်းများ အားလုံးက အသုံးမဝင်ပါ။
ပိုက်ဆံဘယ်လောက်ပင် ရှာနိုင်ပါစေ အဓိပ္ပာယ် မရှိပါ။ အားလုံးသည် ယာယီသာ။
စွမ်းအားကြီးမားသော ခွန်အားမရှိလျှင် ထိုအရာများကို ကာကွယ်နိုင်မည် မဟုတ်ပါ။
သူတပါးအတွက် "မင်္ဂလာဆောင် ဝတ်စုံ ချုပ်ပေးနေသလို" (ကိုယ်ကျိုးမခံစားရဘဲ သူတပါးအတွက် လုပ်ပေးနေရခြင်း)သာ ဖြစ်နေလိမ့်မည်။
ထို့ကြောင့် သူ့ဆီက ကံကောင်းခြင်း အမှတ်များကို အလဟဿ မသုံးသင့်ပါ။ သိုင်းပညာ စွမ်းအားကို မြှင့်တင်ဖို့အတွက်သာ သုံးရမည်။
ဦးလေးမုန်အား ဂါရဝပြုပြီးနောက် ကျန်းဖန်သည် မုန်မိသားစု အိမ်မှ ပြန်ထွက်လာခဲ့သည်။
"ရှောင်ကျန်း (ကျန်းလေး)... ပြီးခဲ့တဲ့တခေါက်က ကိစ္စ စဉ်းစားပြီးပြီလား"
"မင်းရဲ့ လှေကွေးကို ငါ့ဆီ ရောင်းဖို့ စိတ်ကူးရှိလား"
ထိုအချိန်တွင် မျက်နှာပေါ်၌ အမည်းစက်များရှိသည့် အသက် ၂၅၊ ၂၆ အရွယ် လူငယ်တစ်ယောက် ရောက်လာသည်။ သူ၏ ဝတ်စားဆင်ယင်ပုံမှာ ဖရိုဖရဲ ဖြစ်နေပြီး ဂရုစိုက်ပုံလည်း မရပေ။
ထိုသူမှာ သော်ကရွာ၏ နာမည်ကြီး လူလေလူလွင့် ကောမားကျီပင် ဖြစ်သည်။
ဤလူသည် ရွာထဲတွင် အလုပ်မလုပ်ဘဲ လေလွင့်နေပြီး ခိုးဝှက်ကာ အသက်မွေးနေသူ ဖြစ်သည်။
သို့သော် သူသည် လူပေါင်းဆံ့ပြီး နဂါးမင်းဂိုဏ်းသား တချို့နှင့်လည်း ရင်းနှီးမှု ရှိသည်။
ထို့ကြောင့် ရွာထဲတွင် လူရော နတ်ပါ မုန်းကြသော်လည်း မည်သူမှ သူ့ကို သွားမထိရဲကြပါ။
သူသည် ကျန်းဖန်၏ ရှေ့တည့်တည့်သို့ ရောက်လာသည်။
"မလိုပါဘူး... ငါ့မိသားစုပိုင် လှေကို ရောင်းဖို့ အစီအစဉ် မရှိဘူး"
ကျန်းဖန် ပြတ်ပြတ်သားသား ခေါင်းယမ်းလိုက်သည်။
သူ့မိသားစုပိုင် လှေကွေးဆိုသည်မှာ မျိုးဆက် ၃ ဆက်လောက် စုဆောင်းထားသည့် ငွေနှင့် ဝယ်ထားသည်မို့ အတော်လေး တန်ဖိုးရှိပါသည်။
တံငါသည်များ အတွက် လှေဆိုသည်မှာ သူတို့၏ အသက်မွေးဝမ်းကျောင်း ပြုရာ အိုးပင်။ မရှိမဖြစ် လိုအပ်သည်။
တချို့တံငါသည်များသည် ဆင်းရဲလွန်းသဖြင့် နဂါးမင်းဂိုဏ်းစီက လှေကို ငှားသုံးကြရသည်။ ထိုအခါ ထပ်ပြီး ခေါင်းပုံဖြတ်ခံရပြန်သည်။
သူတို့ခမျာ ဝမ်းရေးတောင် မနည်း ဖြေရှင်းနေရသည်။
သို့သော် ကိုယ်ပိုင်လှေရှိသည့် တံငါသည်များအတွက်မူ အခြေအနေချင်း လုံးဝ ကွာခြားသွားသည်။ နဂါးမင်းဂိုဏ်း၏ ခေါင်းပုံဖြတ်ခြင်းကို ရှောင်နိုင်ပြီး တခြားတံငါသည်များထက်လည်း ဝင်ငွေ ပိုရကြသည်။
အမှန်တကယ် ဆင်းရဲမွဲတေပြီး လမ်းမရှိတော့သည့် အခြေအနေ မဟုတ်လျှင် ဘယ်တံငါသည်ကမှ ကိုယ့်ထမင်းအိုး ကိုယ်ခွဲပြီး လှေကို ရောင်းမည် မဟုတ်။
ဒါတင် မကသေးပါ။ ဤကောမားကျီ ဆိုသည့်ကောင်သည် ယုတ်မာလွန်းအားကြီးသည်။ ကျန်းဖန်၏ တန်ဖိုးရှိသော လှေကွေးကို ရိုးရိုးလှေ တစ်စင်းဈေးနှင့် လာဝယ်ချင်နေသည်။ ယင်းသည် နေ့ခင်းကြောင်တောင် ဓားပြတိုက်သည်နှင့် အတူတူပင်။
"ဟေ... မင်းတို့အိမ်မှာ ပိုက်ဆံကုန်နေပြီလို့ သတင်းကြားမိပါရဲ့"
"ဒီလသာ ငါးမရရင် နောက်လကျ ဆက်ကြေးတောင် ပေးနိုင်မှာ မဟုတ်ဘူးတဲ့"
"ပြီးတော့ ငါပေးတဲ့ဈေးက တော်တော် မြင့်တယ်နော်"
"ဘာပဲပြောပြော မင်းတို့လှေက သုံးလာတာ နှစ်တွေ ကြာနေပြီဆိုတော့ အိုဟောင်းနေပြီလေ... ဈေးကောင်း ဘယ်ရပါ့မလဲ"
"တစ်ရွာတည်းသားတွေမို့လို့သာ ငါက ဒီလောက် ဈေးပေးတာနော်"
"တကယ်လို့ နောက်လကျ နဂါးမင်းဂိုဏ်း ရောက်လာတဲ့အချိန် မင်း ဆက်ကြေး မပေးနိုင်တဲ့အချိန်ကျမှ ရောင်းမယ်ဆိုရင်တော့..."
"ဒီဈေး ရမှာ မဟုတ်တော့ဘူးနော်"
ကောမားကျီက ခြိမ်းခြောက်လိုသော လေသံဖြင့် ပြောလိုက်လေသည်။
…