သိုင်းပညာ မဖြစ်မနေ သင်ရမည်။
Vol. 1 Ch. 14
"ဒါတွေက ခင်ဗျား စိတ်ပူနေရမယ့် ကိစ္စတွေ မဟုတ်ပါဘူး"
"ဘာပဲဖြစ်ဖြစ် အချိန်တန်ရင် ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်"
ကျန်းဖန်သည် ကောမားကျီနှင့် စကားနိုင်လုရန် ပျင်းရိနေမိ၏။ ဒီလူက သူ့ကို လာပြီး ခြိမ်းခြောက်ချင်နေသည်။ တကယ့်အရူးပဲ။
အကယ်၍သာ ဘေးနားတွင် ရွာသားများ မရှိခဲ့လျှင် ဒီအောက်တန်းစားကောင်ကို သူ တစ်ချက်တည်း ရိုက်သတ်လိုက်ပြီ ဖြစ်သည်။
"ဘာ..."
ကျန်းဖန်၏ စကားကို ကြားသောအခါ ကောမားကျီ ထိတ်လန့်သွားသည်။ ကျန်းဖန် ယခုလောက်ထိ သတ္တိရှိလာလိမ့်မည်ဟု သူ ထင်မထားခဲ့။
အရင်တုန်းကဆိုလျှင် ဤကောင်လေးသည် ကြောက်လန့်တကြားနှင့် ခေါင်းငုံ့ခံနေမည်မှာ သေချာသည်။ ဘာစကားမှပင် ပြန်ပြောရဲမည် မဟုတ်ပါ။
သို့သော် ယခုတော့ သူ့ကို လုံးဝ ဂရုမစိုက်သည့် အပြင် ယုံကြည်မှုပါ ပြည့်နေသည့် ပုံစံမျိုးနှင့်။
ဤကောင်လေးစီမှာ ဆက်ကြေးပေးဖို့ ပိုက်ဆံရှိနေလို့များလား။
ဒါကြောင့်ပဲ သူ့ခြိမ်းခြောက်မှုကို ဂရုမစိုက်တာလား။
ပြဿနာက ဒီကောင်လေး ဘယ်ကနေ ပိုက်ဆံတွေ ဒီလောက်အများကြီး ရလာတာလဲ။ ဦးလေးကျန်း မသေခင်ကတည်းက ပိုက်ဆံတွေ အများကြီး ချန်ထားခဲ့ပေးလို့များလား။
အဲဒါဆိုရင်တော့ ဒီကောင်လေး ဒီလောက် ယုံကြည်မှု ရှိနေတာ မဆန်းပါဘူး။
"သြော်... အဲဒီလိုလား"
"မင်း မလိုဘူးဆိုမှတော့လည်း ငါက အတင်း မဝယ်ပါဘူးကွာ"
"သော်ကရွာမှာ ငါ ကောမားကျီ ဆိုတာ သူများ ဒုက္ခရောက်ရင် ကူညီတတ်မှန်း လူတိုင်းသိပါတယ်"
"တကယ်လို့များ နောက်ကျမှ လှေရောင်းချင်လာရင် ငါ့ဆီ လာခဲ့နော်... ဈေးညှိလို့ ရပါသေးတယ်"
ကောမားကျီသည် လေသံကို ချက်ချင်း ပြောင်းလိုက်သည်။ အချိန်ကြာကြာ မနေတော့ဘဲ ချက်ချင်းပင် လှည့်ထွက်သွားလေသည်။
သူ့လိုကောင်မျိုးက အားနည်းသူကိုသာ အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တတ်သည့် လူစားမျိုး ဖြစ်သဖြင့် အဆင်မပြေနိုင်မှန်း သိသည်နှင့် ဆက်မတိုက်တွန်းတော့ပေ။
သို့သော် သူ လက်လျော့လိုက်မည်တော့ မဟုတ်ပါ။ လှေကွေး တစ်စင်းကို ပြန်ရောင်းစားလိုက်လျှင် ငွေအများကြီး ရနိုင်သည်။
ထိုငွေနှင့်ဆိုလျှင် သူ အကြာကြီး ဇိမ်ခံနိုင်လိမ့်မည်။ ထို့ကြောင့် ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် သူ အရယူဦးမှာပင်။
"တောက်... ကောမားကျီ ဆိုတဲ့ကောင်က တကယ် ယုတ်မာတာပဲ"
"သူများကို လှေရောင်းအောင်ပဲ လိုက်မြှောက်ပေးနေတာ... တကယ့် အောက်တန်းစား"
"ကြားတာတော့ ဒီကောင်က ရွာသားတွေကို ငါးဈေးတန်းက လောင်းကစားဝိုင်းစီ ခေါ်သွားပြီး လောင်းကစား လုပ်ခိုင်းတတ်တယ်တဲ့။ တချို့ဆို အသက်ပါ လောင်းကြေးထပ်ကြတယ် ဆိုလား"
"အကြွေးဆပ်ဖို့အတွက် မဖြစ်မနေ လှေရောင်းရတာတွေ၊ နောက်ဆုံး ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာတွေ ရှိတယ်"
"မင်း ဒီကောင့်ရဲ့ ထောင်ချောက်ထဲ မဝင်မိစေနဲ့နော်... သူက ဒီလိုမျိုး မသမာတဲ့ နည်းတွေနဲ့ လုပ်စားနေကျ"
ထိုအချိန်၌ ကျောက်ဇီချန်သည် အဖြစ်အပျက်ကို မြင်လိုက်သဖြင့် ရှေ့ထွက်လာပြီး ကျန်းဖန်ကို သတိပေးရှာသည်။
သူသည် ကောမားကျီကို အစကတည်းက မနှစ်မြို့ခဲ့ပေ။ ဒီကောင်က သော်ကရွာ၏ ကပ်ပါးကောင်ပင်။
သို့သော် သူသည် နဂါးမင်းဂိုဏ်းသားများနှင့် ရင်းနှီးပြီး ကျောထောက်နောက်ခံ ရှိနေသည့်အတွက် မည်သူကမှ သူ့ကို ဘာမှ မလုပ်နိုင်ကြပါ။
"ဟုတ်တယ်... ဒီကောင်က ကောင်းတာ ဘာမှ မလုပ်ဘူး၊ ယုတ်မာတာကျတော့ စုံလို့။ ဒီကောင် တနေ့ကျရင် သေချင်းဆိုးနဲ့ သေမှာ"
ဆုန်ဖူကွေ့ကလည်း ဒေါသတကြီး ထောက်ခံပြောဆိုသည်။
သူသည် မျက်နှာချင်းဆိုင် ပြောရဲလောက်အောင် သတ္တိမရှိသော်လည်း၊ ထိုသူ ထွက်သွားမှ ကျိန်ဆဲရဲသည့် သတ္တိတော့ ရှိပါသည်။
သူသည်လည်း ကောမားကျီ၏ အပြုအမူများကို အလွန် စက်ဆုပ်ရွံရှာမိသည်။
"ဦးလေးကျောက်၊ ဦးလေးဆုန်... ကျွန်တော် နားလည်ပါတယ်၊ သူ့ရဲ့ လှည့်ကွက်ထဲ မဝင်မိစေရပါဘူး"
ကျန်းဖန် ခေါင်းညိတ်ပြလိုက်သည်။
ဒီဦးလေးကြီး ၂ ယောက်က သူ့ကို ဂရုစိုက်ပြီး အလိမ်ခံရမှာ စိုးလို့ သတိပေးနေကြမှန်း သူသိပါသည်။
ဒါပေမဲ့ ဘဝနှစ်ခုစာ ဖြတ်သန်းလာခဲ့ရသည့် သူ့အနေနှင့် ကောမားကျီ ဘာတွေ တွေးနေသည်ဆိုတာကို ကောင်းကောင်းကြီး သိနေသည်။
အိမ်နီးချင်းများကို နှုတ်ဆက်ပြီးနောက် ကျန်းဖန်သည် အိမ်သို့ အမြန်ပြန်လာခဲ့ပြီး တံခါးပိတ်လိုက်လေသည်။
"ယောက်ျား... ဦးလေးမုန် ဒီလို ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး"
စုဝေဝေ သက်ပြင်းချလိုက်မိသည်။ သူမ၏ ပတ်ဝန်းကျင်ရှိ ရင်းနှီးသူများ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်ဟု ခံစားနေရသော်လည်း သူမ ဘာမှ မတတ်နိုင်ရှာပေ။
ဒီလောကကြီးက တကယ်ကို ရက်စက်ကြမ်းကြုတ်လွန်းတယ်။
"ဘာမှ လုပ်လို့မရပါဘူး... လူတွေရဲ့ ကံကြမ္မာဆိုတာ ကြိုမမြင်နိုင်သလို၊ မိုးလေဝသကိုလည်း ကြိုခန့်မှန်းလို့ မရဘူးလေ"
"ငါတို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပဲ ရှိတာပေါ့"
ကျန်းဖန်သည် စုဝေဝေကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"အင်း"
စုဝေဝေ ခေါင်းညိတ်လိုက်သည်။ သူမသည်လည်း စိတ်ဓာတ်ကြံ့ခိုင်သူ တစ်ဦးဖြစ်သည်၊ ရင်းနှီးသူများ ဆုံးပါးသွား၍ ခေတ္တမျှ စိတ်ထိခိုက်ရုံသာ ဖြစ်သည်။
သူမကို ခဏလောက် နှစ်သိမ့်ပေးပြီးနောက် ကျန်းဖန်သည် အခန်းလွတ်တစ်ခန်းဆီသို့ ဝင်သွားလိုက်သည်။
ဤအခန်းလွတ်သည် သူ့အတွက် သိုင်းကျင့်ရန်နေရာ ဖြစ်သည်။
ကံကောင်းခြင်းအမှတ်များကို အသုံးပြုပြီး သိုင်းပညာအဆင့်ကို လျင်မြန်စွာ မြှင့်တင်နိုင်သော်လည်း၊ နေ့စဉ် မပျက်မကွက် ကိုယ်တိုင်လေ့ကျင့်ခြင်းသည် မရှိမဖြစ် လိုအပ်သည်။
ဒါမှသာ ကိုယ့်ခန္ဓာကိုယ်၏ စွမ်းအားကို ပိုမို ရင်းနှီးကျွမ်းဝင်လာပြီး ပိုင်နိုင်လာမှာ ဖြစ်သည်။
ပျံလွှားမြွေနဂါး အသက်ရှုခြင်း ကျင့်စဉ်
တခဏအတွင်းမှာပင် ကျန်းဖန်သည် ငြိမ်သက်စွာ ရပ်လိုက်ပြီး ပျံလွှားမြွေနဂါး သိုင်းပညာ၏ အကြောင်းအရာများကို ပြန်လည် အာရုံပြုလိုက်သည်။
ထိုအချိန်၌ သူ၏ သွေးခုန်နှုန်းနှင့် နှလုံးခုန်သံတို့သည် ဖြည်းညှင်းစွာ စတင် လှုပ်ရှားလာသကဲ့သို့ ရှိ၏။
ဝင်လေ... ထွက်လေ...၊ ဝင်လေ... ထွက်လေ…
ထိုအခိုက်အတန့်၌ ကျန်းဖန်သည် ကျင့်ကြံခြင်း အခြေအနေသို့ ချက်ချင်း ရောက်ရှိသွားပြီး ပျံလွှားမြွေနဂါး တစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
အသက်ရှု လေ့ကျင့်ခန်း လုပ်ဆောင်နေစဉ်တွင် ကောင်းကင်နှင့် မြေကြီးကြားရှိ နက်နဲဆန်းကြယ်သော ဒြပ်ပစ္စည်းများသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်တိုင်းမှတစ်ဆင့် စီးဝင်ပျံ့နှံ့လာပြီး၊ ခန္ဓာကိုယ်၏ ထောင့်တိုင်း၌ လှည့်ပတ်သွားလာနေသော မြွေနဂါးများအဖြစ် ပြောင်းလဲသွားကြသည်။
ဤကမ္ဘာလောကကြီးတွင် သာမန် သိုင်းပညာရှင်များထက် ထူးကဲသော အဆင့်အတန်းများ ရှိနေရခြင်းမှာ ကောင်းကင်နှင့် မြေကြီးကြား၌ ကြီးမားလှသော စွမ်းအင်များ တည်ရှိနေသောကြောင့် ဖြစ်သည်။
ထို သိုင်းပညာကျင့်စဉ်များတွင် ပါဝင်သော အသက်ရှုခြင်း ကျင့်စဉ်များသည် ကောင်းကင်မြေကြီးနှင့် ပဲ့တင်ထပ်ကာ ထိုနက်နဲသော စွမ်းအင်များကို စုပ်ယူနိုင်စွမ်း ရှိကြသည်။
ထို့ကြောင့်ပင် သိုင်းပညာကျင့်စဉ် စာအုပ်များသည် မရှိမဖြစ် အရေးပါရခြင်း ဖြစ်သည်။
သိုင်းသင်တန်းကျောင်းများနှင့် မျိုးရိုးမြင့် မိသားစု အများအပြားသည် ထိုကျင့်စဉ်များကို မိသားစု အမွေအနှစ်အဖြစ် တန်ဖိုးထား ထိန်းသိမ်းထားကြသည်။
ငွေကြေး အမြောက်အမြား မပေးနိုင်ပါက သိုင်းကျင့်စဉ် စာအုပ်တစ်အုပ် ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် ကျန်းဖန်အနေဖြင့် ထိပ်တန်း သိုင်းကျင့်စဉ်တစ်ခုကို အလကား ရရှိလိုက်ခြင်းမှာ တကယ့်ကို ကြီးမားသော ကံကောင်းခြင်း ဖြစ်ပြီး ရှားပါးသော အခွင့်အရေး တစ်ခု ဖြစ်ပေသည်။
ဝုန်း…
ကျန်းဖန်သည် ကျင့်ကြံခြင်း အခြေအနေသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် သူ့ပတ်ဝန်းကျင်ရှိ လေထုသည် တိမ်တိုက်များနှင့် မြူခိုးများအဖြစ် ဖွဲ့စည်းလာပြီး ဒြပ်ရှိသော အရာဝတ္ထုများအဖြစ် ပြောင်းလဲကာ ပျံလွှားမြွေနဂါးများ အသွင်ဖြင့် သူ့ခန္ဓာကိုယ် အတွင်းပိုင်း၌ လှည့်ပတ်သွားလာနေတော့သည်။
ထိုအချိန်၌ သူသည် ရှေးဟောင်း ဒဏ္ဍာရီလာ ပျံလွှားမြွေနဂါးကြီး တစ်ကောင်ကဲ့သို့ တိမ်စီးကာ မြူခိုးများကြား ပျံသန်းနေသကဲ့သို့ ရှိလေသည်။
ထိုအချိန်တွင် သူ၏ အရေပြားသည်လည်း ထိုဆန်းကြယ်သော စွမ်းအင်များ၏ သန့်စင်မှုကို အပြည့်အဝ ခံယူနေရပြီး ပိုမို ကြံ့ခိုင်ကာ ချောမွေ့လာတော့သည်။
အတန်ကြာသည်အထိ သူသည် အချိန်ကို မေ့လျော့ကာ ကျင့်ကြံခြင်း၌သာ အာရုံနှစ်ထားမိလေတော့သည်။
…
ထိုအချိန်တွင် ဆုန်ဖူကွေ့သည်လည်း အိမ်သို့ ပြန်ရောက်လာပြီး မျက်နှာမကောင်း ဖြစ်နေရှာသည်။
ဇနီးဖြစ်သူ လီစုဖန်သည် သူ့ပုံစံကို မြင်ပြီး မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောလေသည်။
"ဘာဖြစ်လာတာလဲ... ဦးလေးမုန် ဆုံးသွားတာကို ရှင်က ဘာတွေ ဒီလောက် စိတ်ပူနေရတာလဲ။ ရွာသားတွေ သေတာကို မြင်ရတာ ရှင့်အတွက် မစိမ်းတော့ပါဘူး"
"ဟူး... သူများအဖြစ်ကို ကြည့်ပြီး ကိုယ့်အဖြစ်ကို တွေးမိလို့ပါကွာ"
"ဦးလေးမုန်ခမျာ တစ်သက်လုံး ပင်ပင်ပန်းပန်း လုပ်ခဲ့ပေမယ့် နောက်ဆုံးကျတော့ ရိုက်သတ်ခံလိုက်ရတာပဲ"
"တစ်သက်လုံး တံငါသည် ဖြစ်လာခဲ့ပြီး ဘဝတက်လမ်းမရှိ၊ ချမ်းသာခွင့် မရနိုင်ဘဲ အနိုင်ကျင့် ခံနေရတာ"
"သိုင်းပညာ သင်မှ ဖြစ်တော့မယ်"
ဆုန်ဖူကွေ့ ညည်းညူလိုက်သည်။
သေချာသည်မှာ ဦးလေးမုန်၏ သေဆုံးမှုသည် ကျန်းဖန်ကို သတိပေးလိုက်သလို ဖြစ်ရုံသာမက ဆုန်ဖူကွေ့ကိုလည်း အကြီးအကျယ် တုန်လှုပ်သွားစေခဲ့ပြီး သူ့စိတ်ထဲရှိ ဇွဲနပဲများကို ရိုက်ချိုးလိုက်သလို ဖြစ်သွားစေသည်။
"ဘာကို ဆိုလိုတာလဲ... ရှင်က သားလေးကို သိုင်းပညာ သင်ခိုင်းမလို့လား"
"ဒါပေမဲ့ သိုင်းသင်တန်းကျောင်း စရိတ်က ဘယ်လောက်ကြီးလဲ ရှင် သိရဲ့လား... သင်တန်းကြေးသပ်သပ်တင်ကို ငွေ ၁၀ တောလောက် ပေးရတာနော်"
"တကယ်လို့ နာမည်ကြီးအောင် လုပ်မယ်ဆိုရင် ငွေဆယ်ချီ ကုန်ရင်တောင် လောက်မှာ မဟုတ်ဘူး"
"သိုင်းသင်တယ် ဆိုတာ ကျွန်မတို့လို တံငါသည်တွေ ထည့်တောင် စဉ်းစားလို့ရတဲ့ ကိစ္စ မဟုတ်ဘူး"
"အရေးကြီးဆုံးက အဲဒီလောက် ငွေအများကြီးကို ရှင် ဘယ်က ရှာမှာလဲ"
လီစုဖန်သည် ခင်ပွန်းသည်၏ အတွေးကို ချက်ချင်း ရိပ်မိလိုက်သည်။
သို့သော် ဤကိစ္စသည် အရမ်း ခက်ခဲလွန်းသည်ဟု သူမ ထင်သည်။
ရှေးလူကြီးတွေ ပြောသလိုပဲ "သူရဲကောင်း ဖြစ်ချင်ရင် ငွေရှိမှ ဖြစ်မယ်"တဲ့။
တံငါသည်များအနေနှင့် ကိုယ့်ဝမ်းကိုယ် ကျောင်းဖို့တောင် မနည်း ရုန်းကန်နေရသည်။
သိုင်းသင်ရန်အတွက် ငွေအများကြီး သုံးဖို့ဆိုသည်မှာ ဝေလာဝေး။
ထို့ပြင် အောင်မြင်မယ်ဆိုသည့် အာမခံချက်လည်း မရှိပါ။
သူတို့သား ဆုန်ဝမ်ချိုင်တွင် ပါရမီ မပါလျှင် ကုန်သမျှ ငွေတွေ အလကား ဖြစ်ကုန်လိမ့်မည်။
ဆင်းရဲသားများအနေနှင့် ဤတစ်ပွဲသာ လောင်းကြေးထပ်ခွင့် ရှိသည်။
ရှုံးသွားလျှင်တော့ ဘဝပျက်ပြီသာ။ ပြန်ထူထောင်ဖို့ရန် မလွယ်တော့ပါ။
"ဒီကိစ္စ မင်း စိတ်မပူပါနဲ့... ငါ့တာဝန် ထားလိုက်"
"အင်အား မရှိရင် ရှာသမျှ ပိုက်ဆံတွေ အကုန်လုံး နဂါးမင်းဂိုဏ်းဆီပဲ ရောက်သွားမှာ"
"ငါ့သားကို မဖြစ်မနေ သိုင်းသင်ပေးရမယ်"
ဆုန်ဖူကွေ့၏ မျက်နှာထား တင်းမာခက်ထန်သွားသည်။ သူ လုံးဝ ဆုံးဖြတ်ချက် ချလိုက်ပုံ ရလေသည်။
…