တခြားသူတွေအတွက် ခက်ခဲတဲ့အရာက ငါ့အတွက်တော့ မြေပြင်ပေါ် လမ်းလျှောက်နေရသလိုပဲ
Vol. 26 Ch. 367
အခန်း (၃၆၇) တခြားသူတွေအတွက် ခက်ခဲတဲ့အရာက ငါ့အတွက်တော့ မြေပြင်ပေါ် လမ်းလျှောက်နေရသလိုပဲ
ထိုသို့ဖြင့်...
အချိန်များတရွေ့ရွေ့ ကုန်ဆုံးသွားသည်။
သို့သော် ကျောက်စိမ်းပင်လယ်မြို့တော်သခင်’စုန့်ဝူလျန်’ ကတော့ တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာသေးပေ။
ဝါဒတောင်မှ အကြီးအကဲ’ဖုန်းချီ’ ကတော့ ဆေးလုံးဖော်ဆပ်ပြီးသည့်အခါ ရန်ကျောက်ကဲနှင့်တွေ့ဆုံပြီး လွန်ခဲ့သည့်နှစ်များအတွင်း ရရှိခဲ့သောအတွေ့အကြံများအကြောင်း စကားစမြည် ပြောဆိုကြသည်။
ထို့နောက် ဖုန်းချီနှင့် ဖုန်းမော့ယန်တို့ သားအဖ ဝါဒတောင်သို့ ပြန်သွားကြ၏။
သူတို့နှင့်အတူ ရန်ကျောက်ကဲထည့်ပေးလိုက်သော အရိပ်ကျုံ့အိတ်ထဲတွင် ကျင့်ကြံခြင်းစွမ်းအားများ ဖိနှိပ်ချိတ်ပိတ်ခံထားရသော ချွိယန်ချီ ပါသွားခဲ့သည်။
စစ်ခုန်ချင်းကတော့ ဒဏ်ရာကုသရမည်ဖြစ်သဖြင့် ကျောက်စိမ်းပင်လယ်မြို့တော်တွင်သာ ကျန်ရစ်ခဲ့၏။
သို့သော် မကြာမီပင် ရန်ကျောက်ကဲ၏ ဆေးဝါးအကူအညီဖြင့် သူမ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ဒဏ်ရာ၏နောက်ဆက်တွဲဆိုးကျိုးများလည်း မကျန်ရစ်တော့ပေ။
ရန်ကျောက်ကဲကတော့ ကျောက်စိမ်းပင်လယ်မြို့တော်တွင် အေးအေးလူလူပင် ကျင့်ကြံနေသည်။
လက်ရှိတွင် သူက ကျင့်ကြံခြင်းတစ်ဆို့နေပြီး ထိုတစ်ဆို့ခြင်းကို ကျော်ဖြတ်နိုင်ပါက လောကသစ်တစ်ခုကို ဖွင့်လှစ်နိုင်မည်ဖြစ်သည်။
မြောက်ဖျားဒေသသို့သွားရောက်စဉ် ရန်ကျောက်ကဲက ကိုယ်ပိုင်ဝိညာဉ်မျိုးစေ့ကို အောင်မြင်စွာပျိုးထောင်နိုင်ခဲ့ပြီး သိုင်းဆရာသခင် ဒုတိယအဆင့်ဖြစ်သော ဝိညာဉ်ခန္ဓာ အလယ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ယခု သူ၏ဝိညာဉ်မျိုးစေ့က မြေပြင်ကိုးထိုးခွဲကာ ဝိညာဉ်အပင်ပေါက်လာတော့မည်ဟု ခံစားရသည်။
ဝိညာဉ်အပင်ထွက်ပေါ်လာပြီဆိုလျှင် “အစစ်အမှန်သိုင်းဝိညာဉ်” တရားဝင် သန္ဓေတည်ပြီဟု ဆိုနိုင်၏။
ဝိညာဉ်ခန္ဓာအလယ်ဆင့်ကို ဖြတ်ကျော်ပြီးသည်နှင့် သိုင်းကျင့်ကြံသူတိုင်း ဤအဆင့်သို့ ရောက်ရှိကြသည်ပင်။ ကိုယ်ပိုင် ‘အစစ်အမှန်သိုင်းဝိညာဉ်’ စတင် ဖြစ်တည်လာပြီး ကြယ်တာရာချီစွမ်းအားကိုလည်း “ကြယ်တာရာချီစွမ်းအားအနှစ်သာရ” အဖြစ် သန့်စင်နိုင်မည် ဖြစ်သည်။
ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအရှိန်အဟုန်က အလွန်လျှင်မြန်သည်။ ဝိညာဉ်ခန္ဓာကနဦးအဆင့်မှ ဝိညာဉ်ခန္ဓာအလယ်ဆင့်သို့ တက်ရောက်သွားသည်မှာ လျှင်မြန်လွန်းသဖြင့် အားဟူသည်ပင် အံ့သြထိတ်လန့်ကာ မယုံကြည်နိုင် ဖြစ်ခဲ့ရသည်။
ဝိညာဉ်ခန္ဓာအလယ်ဆင့်မှ ဝိညာဉ်ခန္ဓာ နှောင်းပိုင်းအဆင့်သို့ တက်ရောက်မည်ဆိုလျှင် ပို၍ပင် အံ့သြတုန်လှုပ်ကြမည် ဖြစ်သည်။
သူက နဂါးသွေးကိုစုပ်ယူပြီး နဂါးသွေးအနှစ်သာရကို သန့်စင်ကျင့်ကြံခဲ့သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်တွင် ကျင့်ကြံခြင်းစွမ်းအားစုဆောင်းရန် အချိန်ကြာရှည်စွာ မကျင့်ကြံရဘဲ ဝိညာဉ်ခန္ဓာအလယ်ဆင့် အထွတ်ထိပ်သို့ တန်းပြီးရောက်ရှိသွားခဲ့သည်။
သို့သော် ဝိညာဉ်ခန္ဓာ နှောင်းပိုင်းအဆင့်အဆင့်သို့ အောင်မြင်စွာတက်ရောက်နိုင်ရန်က လွယ်ကူသောကိစ္စ မဟုတ်ပေ။
ရန်ကျောက်ကဲ ကျင့်ကြံခြင်းအဆင့်လျှင်မြန်ရခြင်းအတွက် ဆီလျော်သောအကြောင်းပြချက်တစ်ခု ရှိသည်။ သူက အစတကည်းက ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို သေချာစေရန်အာရုစိုက်ခဲ့ပြီး ကျင့်ကြံခြင်းစွမ်းအားကို အဆက်မပြတ် စုဆောင်းခဲ့လေရာ ထိုသို့ပြုလုပ်ခဲ့ခြင်း အကျိုးကျေးဇူးများကို ခံစားရခြင်းဟု ဆိုနိုင်သည်။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက အစကတည်းက ကျင့်ကြံခြင်းအဆင့်တက်ရာတွင် လျှင်မြန်သူ ဖြစ်သည်။
အခြားသူများအာရုံစိုက်လာမည်ကိုတားဆီးရန်အတွက် ကိုယ့်ကိုယ်ကိုယ် အနည်းငယ် ထိန်းချုပ်ထားခြင်းသာ ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် နိမ့်ကျစဉ်တွင် ကျင့်ကြံခြင်းအဆင့်တက်ခြင်း အလွန်လျှင်မြန်နေပါက အခြားသူများ အသုံးချခံရမည်ဖြစ်သည်။ ထို့ကြောင့် သူက ကျင့်ကြံခြင်းအဆင့်တက်ခြင်းကို အနည်းငယ် ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်၏။ ယခုတော့ သိုင်းဆရာသခင်အဆင့် ရောက်ရှိပြီဖြစ်ရာ ထိန်းချုပ်မှုများပြုလုပ်ရန် မလိုအပ်တော့ပေ။
ရန်ကျောက်ကဲ အခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။
ကြည်လင်ပြတ်သားသော ချီစွမ်းအားအလွှာတစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံထားသည်။
ထို ကြည်လင်သည့်ချီစွမ်းအားများအောက်တွင် ဖော်ပြရန်ခက်ခဲသော ချီစွမ်းအားအစုအဝေးတစ်ခုက ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်ကို ဝန်းရံထားပြန်သည်။ ထိုချီစွမ်းအားများက တောက်ပသည်လည်းမဟုတ် ၊ မှောင်မိုက်သည်လည်းမဟုတ် ၊ အနက်ရောင်လည်းမဟုတ် ၊ အဖြူရောင်လည်းမဟုတ် ၊ အေးစိမ့်သည်လည်းမဟုတ် ၊ ပူပြင်းသည်လည်းမဟုတ်။
ရန်ကျောက်ကဲ အသက်မှန်မှန်ရှူရင်း မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
သူ အသက်ရှူသွင်းရှူထုတ်ပြုလုပ်တိုင်း သူ့ခန္ဓာကိုယ်အား ဝန်းရံထားသော ပရမ်းပတာချီစွမ်းအားအစုဝေးက ပြောင်းလဲလျှက်ရှိသည်။
အေးခဲသည့်ချီစွမ်းအား ၊ တောက်လောင်ပူပြင်းသည့်ချီစွမ်းအား ၊ မိုးကြိုးစွမ်းအား ၊ လေးလံသောမြေလွှာများ ၊ မုန်တိုင်းများ...
ထိုသို့နှယ် အမျိုးမျိုးသောပုံရိပ်များအဖြစ် ဝေဝါးစွာ ပြောင်းလဲနေသည်။
ရန်ကျောက်ကဲ၏ စွမ်းအင်ဗဟိုချက်တွင်တော့ ပရမ်းပတာဝိညာဉ်မျိုးစေ့က အထက်အောက် ဆုန်ချီဆန်ချီ ရွေ့လျားနေသည်။
သူ အသက်တစ်ချက်ရှူထုတ်လိုက်ချိန် ပရမ်းပတာချီစွမ်းအားအစုအဝေးက ခန္ဓာကိုယ်တစ်ခုလုံးသို့ စတင်ပျံ့နှံ့လာသည်။
ထိုချီစွမ်းအားများက ရန်ကျောက်ကဲ၏ အသက်ရှူသံနှင့်အတူ ပရမ်းပတာဝိညာဉ်မျိုးစေ့ထက်သို့ ကျရောက်သွားပြီး မျိုးစေ့ကို စွမ်းအားအပြည့်ဖြင့် အက်ကွဲသွားစေသည်။
အခြေအနေက ရှင်းပြရန်ခက်ခဲသလို ဖော်ပြရန်လည်းခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်မျိုးစေ့ အက်ကွဲသွားသည်နှင့် “အဆုံးမဲ့တရား” တစ်ခု မွေးဖွားလာသောကြောင့်ပင်။
ထို ‘အဆုံးမဲ့တရား’ က အရာအားလုံးကို အမြင့်ဆုံးအဆင့် ဖိနှိပ်ထားပြီး ပုံသဏ္ဌန်မရှိသလို နိမိတ်ပုံ ထုတ်ဖော်ပြသခြင်းလည်း မရှိပေ။
အခြားသောကျင့်ကြံသူများဆိုလျှင် ဝိညာဉ်မျိုးစေ့အက်ကွဲကာ ဝိညာဉ်အပင်ပေါက်လာပြီး “အစစ်အမှန်သိုင်းဝိညာဉ်” စတင်သန္ဓေတည်သည်နှင့် ထူးဆန်းသောနိမိတ်ပုံများ ထင်မြင်လာမည် ဖြစ်သည်။
ဝါဒတောင်၏ ‘နက်ရှိုင်းချီစွမ်းအားကျင့်စဉ်’ ကို ကျင့်ကြံသူဆိုလျှင် ကျယ်ပြန့်သော ကောင်းကင်ပြင်ကြီးကို နိမိတ်ပုံအဖြစ် တွေ့မြင်ရမည် ဖြစ်သည်။
နေသူတော်စင်ဂိုဏ်း၏ ‘မဟာနေမင်းချီစွမ်းအားကျင့်စဉ်’ ကျင့်ကြံသူဆိုလျှင်က တောက်ပသော ရွှေရောင်နေမင်းတစ်စင်း နိမိတ်ပုံထင်မြင်လာပေမည်။
မည်သည့်သိုင်းကျင့်ကြံသူမဆို သူတို့အခြေခံအုတ်မြစ်ပြုသည့် သိုင်းပညာနှင့်ဆက်စပ်သော နိမိတ်ပုံများ တွေ့မြင်ရမည်ပင်။
ထို့နောက် ပုံရိပ်ယောင်က အစစ်အမှန်ပြောင်းလဲကာ လောကအသစ်တစ်ခုသို့ လှမ်းတက်ဝင်ရောက်မည် ဖြစ်သည်။
သို့ပေသိ ရန်ကျောက်ကဲ၏ ဝိညာဉ်အပင်ကတော့ ထိုသို့မဟုတ်ဘဲ တမူထူးခြားသည်။ မည်သည့်နိမိတ်ပုံရိပ်မှ ထွက်ပေါ်လာခြင်းမရှိဘဲ ကမ္ဘာဦးကာလ ပရမ်းပတာအခြေအနေမြင်ကွင်းများ ၊ မတူညီသော ဖန်ဆင်းခြင်းတရား ပုံရိပ်များကိုသာ လှည့်ပတ်ပြသနေသည်။
ရန်ကျောက်ကဲက နောက်တစ်ကြိမ် အသက်ရှူသွင်းရှူထုတ် ပြုလုပ်လိုက်သည်။
ထိုအခါမှ ပရမ်းပတာမြင်ကွင်းများ ပျောက်ကွယ်သွားပြီး ကြည်လင်ကျယ်ပြန့်သော ကောင်းကင်ကြီး၏ပုံရိပ် ထွ်ကပေါ်လာသည်။ ဤသည်ကတော့ ဝါဒတောင်၏ ‘နက်ရှိုင်းချီစွမ်းအားကျင့်စဉ်’ နိမိတ်ပုံပင် ဖြစ်သည်။
ကျင့်ကြံခြင်းပြီးဆုံးသွားချိန်မှာတော့ ပြဿနာများစွာမရှိဘဲ အစ်အမှန်သိုင်းဝိညာဉ်က သန္ဓေတည်လာခဲ့သည်။ ယခုဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် သိုင်းဆရာသခင်တတိယအဆင့်ဖြစ်သော “ဝိညာဉ်ခန္ဓာ နှောင်းပိုင်းအဆင့်” သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာလိုတော့၏။
“တခြားသူတွေအတွက် ခက်ခဲတဲ့အရာက ငါ့အတွက်တော့ မြေပြင်ပေါ် လမ်းလျှောက်နေရသလိုပဲ”
တွေးရင်း ပြုံးလိုက်ပြီးနောက် ရန်ကျောက်ကဲ မတ်တတ်ရပ်ကာ ဘေးဘက်အခန်းအတွင်းသို့ ဝင်သွားသည်။
ထိုအခန်းထဲတွင် လည်ပတ်နေသည့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ရှိနေသည်။ ရန်ကျောက်ကဲက မီးဖိုကိုတစ်ချက်ပုတ်လိုက်ရာ လည်ပတ်မှုရပ်တန့်သွားသည်။
သူက မီးပြင်းဖိုအဖုံးကိုဖွင့်လိုက်ရာ အတွင်းမှ ရွှေရောင်မိုးစက်များပမာ ရွှေရောင်အလင်းတန်းများ တဖွဲဖွဲထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ထိုရွှေရောင်မိုးစက်များကို ကြယ်တာရာချီစွမ်းအားဖြင့် ထိန်းချုပ်ပြီး ညာဘက်လက်ဖဝါးထဲတွင် စုစည်းဖမ်းဆုပ်လိုက်သည်။
လက်ဖဝါးကို ဖြန့်လိုက်တော့ ရွှေရောင်သလင်းကျောက်များစွာကို တွေ့ရသည်။
ဤရေခဲသလင်းကျောက်များက အရင်က သွေးနီရောင်ဖြစ်သော်လည်း ရန်ကျောက်ကဲက သန်စင်လိုက်သဖြင့် ရွှေရောင်ပြောင်းလဲသွားခြင်းပင်။
ထို့နောက် ရန်ကျောက်ကဲက ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဖဝါးကို ဖြန့်လိုက်သည်။ တစ်ချိန်တည်းပင် သူ၏ စွမ်းအင်ဗဟိုချက်ချီပင်လယ်အတွင်းရှိ ပရမ်းပတာချီအစုအဝေးထဲတွင် သွေးနီရောင်တောက်နေသည့် မီးမျိုးစေ့တစ်ခု ထွက်ပေါ်လာသည်။
ထို မီးမျိုးစေ့က ‘ကောင်းကင်မီးတောက်ကျမ်းစာ’ မှ အရင်းခံလာခြင်းဖြစ်သည်။ ထိုကျမ်းစာကို ကျင့်ကြံခြင်းက အောင်မြင်မှုနောက်ကွယ်မှ တန်ခိုးစွမ်းအားအနှစ်သာရကို သိမြင်ထင်ရှားစေသည်။
ရန်ကျောက်ကဲ၏ ဖြန့်ထားသောဘယ်ဘက်လက်ဖဝါးက ရုတ်တရက် ပြောင်းလဲသွားသည်။ များပြားလှစွာသော မီးတောက်သဏ္ဌန်များ အရေပြားထက်တွင်ပေါ်လာပြီး လက်ဖဝါးတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
လက်ဖဝါးထက်မှ မီးတောက်သဏ္ဌန်များက အစစ်အမှန်မီးတောက်များအလား တောက်ပလာပြီး ပူလောင်သောချီစွမ်းအားလှိုင်းလုံးကြီးများ တလိမ့်လိမ့် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက မီးမျိုးစေ့စွမ်းအားကို အထူးနှိုးဆော်ခြင်းမရှိသည့်တိုင် ထိုစွမ်းအားက ကောင်းကင်ကိုလောင်ကျွမ်းတောမ့ည့်အလား အရှိန်အဟုန်ဖြင့် မြင့်တက်လျှက် ပြင်းထန်ရက်စက်စွာ တောက်လောင်လာသည်။
ဘယ်ဘက်လက်မှ မီးစွမ်းအားများထွက်ပေါ်လာသည့်အခါ ညာဘက်လက်က အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် ညာဘက်လက်ထဲတွင်ရှိနေသည့် ရွှေရောင်ရေခဲသလင်းကျောက်များမှ အအေးဓာတ်များစိမ့်ထွက်လာကာ ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ဘယ်ဘက်လက်ဖဝါးထက်သို့ ကျဆင်းသွား၏။
အဆုံးမရှိသောရွှေရောင်အလင်းတန်းများက ချက်ချင်းပင် အခန်းတစ်ခုလုံးအား လွှမ်းခြုံသွားသည်။
ပြင်းထန်သော အအေးဓာတ်များထွက်ပေါ်လာပြီး အခန်းတစ်ခုလုံးကို ရေခဲဂူတစ်ခုအဖြစ် ပြောင်းလဲတော့မည့်အလား ထင်မှတ်ရသည်။
ထိုခဏတွင် ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်တစ်ခုလုံးထုံကျင်သွားပြီး အာရုံခံမှုပင် ဆုံးရှုံးသွားသလို ခံစားလိုက်ရ၏။
အအေးဓာတ်ချီစွမ်းအားက ထက်ရှသည့်ဓားသွားပမာ သူ၏ဘယ်ဘက်လက်သွေးကြောတစ်လျှောက် စီးဆင်းဝင်ရောက်လာပြီး စွမ်းအင်ဗဟိုချက်သို့ ရောက်ရှိသွားကာ သွေးနီရောင်မီးတောက်ကို အပြည့်အဝ ငြိမ်းသတ်ပစ်လိုက်သည်။
ရန်ကျောက်ကဲ ကျေနပ်စွာဖြင့် ခေါင်းတစ်ချက်ညိတ်လိုက်၏။
သူ့ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာချီစွမ်းအားများ ပြောင်းလဲသွားသည်။ သွေးနီရောင်မီးမျိုးစေ့ ပျောက်ကွယ်သွားကာ ရေခဲပမာအေးစက်သော ကြယ်တာရာချီစွမ်းအားများ ထွက်ပေါ်လာသည်။
ထိုကြယ်တာရာခှီစွမ်းအားများက သွေးကြောထဲသို့ ဝင်ရောက်လာသည့် အအေးဓာတ်စွမ်းအားကို ဝါးမျိုစားသုံးပစ်လိုက်လေရာ သူ၏ခန္ဓာကိုယ်ကို အန္တရယ်မဖြစ်စေဘဲ အကျိုးအမြတ်ကိုသာ ရရှိစေခဲ့သည်။
“ဒီ နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတတွေက မဆိုးဘူးပဲ”
အတွေးနှင့်အတူ ရန်ကျောက်ကဲ ပြုံးလိုက်သည်။
ထို့နောက် ညာဘက်လက်ထဲဆုပ်ကိုင်ထားသော ရွှေရောင်ရေခဲသလင်းကျောက်များကို သိမ်းဆည်းလိုက်သည်။
ထို့နောက် သူက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအနားသို့သွားပြီး ခေါင်းငုံ့ကြည့်လိုက်သည်။
မီးပြင်းဖိုထဲတွင် ဓားသွားနှင့်ဆင်တူသော ရေးခဲစူးချွန် (၉)ခု ရှိနေလေသည်။
ရန်ကျောက်ကဲက မီးပြင်းဖိုထဲလက်နှိုက်ပြီး ရေခဲစူးချွန်တစ်ခုကို ထိကိုင်စမ်းသပ်လိုက်၏။
“နည်းနည်းလိုသေးတယ်”
သူစဉ်းစားနေစဉ် အားဟူ တံခါးခေါက်လာသဖြင့် ဝင်ခွင့်ပြုလိုက်ရသည်။
အားဟူက တည်ကြည်လေးနက်သောမျက်နှာထားဖြင့်...
“သခင်လေး ခန့်မှန်းထားတဲ့အတိုင်း မီးတောက်မိစ္ဆာတွေ လှုပ်ရှားနေကြပြီ ၊ လှုပ်ရှားမှုက အတော်ကြီးတယ် ၊ မီးတောက်မိစ္ဆဘုရင်(၂)ယောက်က ထိပ်တန်းမီးတောက်မိစ္ဆာအတော်များများကို ဦးဆောင်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာထဲကို ဝင်လာကြတယ်”
ရန်ကျောက်ကဲက...
“လှိုင်းနက်ဂေဟာက ဂေဟာသခင်မ ‘အန်းချင်လင်’ နဲ့ နေသူတော်စင်ဂိုဏ်းက ‘မန်ဝမ်’ တို့ အရှေ့ပင်လယ်ကို ရောက်နေကြပြီလား”