မင်းမိန်းမကို ဝယ်မလို့
Vol. 2 Ch. 18
"လော့ချန် ဟုတ်လား"
ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ကျန်းဖန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားလေသည်။ သူသည် ယခင်က ထိုလူကို မသိခဲ့သော်လည်း ယခုရက်ပိုင်းတွင် လော့ချန်ဆိုသော နာမည်မှာ နာမည်ဆိုးဖြင့် အတော်ပင် ကျော်ကြားနေသည် မဟုတ်ပါလော။
ရှေးလူကြီးများ ပြောသကဲ့သို့ပင် "သတင်းကောင်းက တံခါးအပြင် မထွက်ပေမယ့်၊ သတင်းဆိုးကတော့ မိုင်ထောင်ချီ ပျံ့နှံ့တယ်" တဲ့။ ဤလူ၏ ဂုဏ်သတင်းသည် အိမ်သာတွင်းကဲ့သို့ နံစော်နေလေသည်။
သေချာ ကြည့်လိုက်သောအခါ လော့ချန်သည် အသက် ၂၇၊ ၂၈ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ နှာခေါင်းချွန်ချွန်ဖြင့် မျက်နှာပေးမှာ မျောက်တစ်ကောင်နှင့် တူကာ ကြည့်ရသည်မှာ အလွန် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်။
ခန္ဓာကိုယ် အနေအထားမှာ သာမန်မျှသာ ဖြစ်သော်လည်း အရက်နှင့် မိန်းမကြောင့် လူက ပိန်လှီခြောက်ကပ်နေပြီး အချိန်မရွေး သေသွားနိုင်မည့် ပုံပေါက်နေသည်။
"သခင်ကြီးလော့ ပါလား... အခုလို တွေ့ဆုံရတာ ဝမ်းသာပါတယ်ခင်ဗျာ။ ကျွန်တော့်ကိုခေါ်တာ ဘာကိစ္စများ ရှိလို့ပါလိမ့်"
ကျန်းဖန်သည် နှိမ့်ချလွန်းခြင်း မရှိသလို၊ မောက်မာလွန်းခြင်းလည်း မရှိဘဲ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
သို့သော် လော့ချန်သည် မောက်မာဝင့်ကြွားသော အမူအရာဖြင့် နှာခေါင်းကို မော့ထားသည်။ ကျန်းဖန်အား စကားပြန်ပြောရန် စိတ်ကူးရှိပုံ မရပေ။
သူသည် ကောမားကျီအား မျက်လုံးဖြင့် အချက်ပြလိုက်ရုံသာ ပြလိုက်လေသည်။
ကောမားကျီသည် ချက်ချင်း သဘောပေါက်လိုက်ပြီး သခင်ကို ဖားလိုသော ကျွန်တစ်ယောက်ပီပီ ကျန်းဖန် အနားသို့ ကပ်သွားကာ တီးတိုး လေသံဖြင့် ပြောလေသည်။
"ကျန်းလေး... မင်းမှာ ငယ်ငယ်ကတည်းက ယူထားတဲ့ ကလေးမလေး တစ်ယောက် ရှိတယ် မဟုတ်လား။ ရုပ်ရည်လေးက တော်တော် ချောတယ်လို့ ကြားတယ်။ သခင်ကြီးလော့ ကြည့်လို့ရအောင် ခေါ်လာခဲ့စမ်းပါ။ တကယ်လို့ သခင်ကြီး သဘောကျသွားရင် ငွေ ၁၀ တောလောက် ပေးပြီး အပြီးဝယ်လိမ့်မယ်"
"ဒါ မင်းအတွက် စီးပွားတက်မယ့် အခွင့်အရေးကြီးပဲကွ။ ဒီရွာကျော်သွားရင် ဒီလိုဆိုင်မျိုး မရှိတော့ဘူးနော် (အခွင့်အရေးကောင်းကို လက်လွတ်ခံလိုက်ရင် နောက်ထပ် ရလာမှာ မဟုတ်ဘူး)"
"ဘာ..."
ထိုစကားများကို ကြားလိုက်ရသည့်အခါ ကျန်းဖန်၏ ရင်ထဲတွင် ကြောက်မက်ဖွယ် ကောင်းသော လူသတ်လိုစိတ်များ ပြင်းထန်လာလေသည်။ ကောမားကျီအား ပါးရိုက်ကာ သတ်ပစ်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားလိုက်ရသည်။
ယခင်က ဤ ကောမားကျီသည် သူ၏ လှေကွေးကို မက်မောပြီး နည်းမျိုးစုံဖြင့် ကြံစည်ခဲ့ဖူးသည်။
သူ့ဘက်က တင်းမာပြလိုက်သည့် အတွက် ကောမားကျီ နောက်ဆုတ်သွားပြီဟု သူ ထင်ခဲ့မိသည်။
သို့သော် ဤကောင်စုတ်သည် နဂါးမင်းဂိုဏ်းမှ လော့ချန်နှင့် ချိတ်ဆက်မိသွားပြီး အခွင့်ကောင်း ရသွားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
သူ့ဇနီးသည်ကို အသုံးချပြီး လော့ချန်ကို မျက်နှာလုပ်ချင်နေသေးသည်။
ကြည့်ရသည်မှာ သဘောကောင်းခြင်းကို အားနည်းချက်ဟု ထင်နေပုံရသည်။
ဤကောမားကျီက သူ့မှာ ဒေါသ မရှိဘူးများ ထင်နေသည်လား။
ကျန်းဖန်သည် စိတ်ထဲတွင် ကောမားကျီအား လူသေတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သော်လည်း၊ အပြင်ပန်းတွင်တော့ တည်ငြိမ်စွာဖြင့်ပင် ရှိနေသေးသည်။
"ဘာဖြစ်လို့လဲ ကျန်းလေးရဲ့... မင်းက မရောင်းချင်ဘူးလား"
"ဒီ သခင်ကြီးလော့က ဘယ်သူလဲဆိုတာ မင်း သိရဲ့လား"
"သခင်ကြီးလော့က မင်းရဲ့ ဇနီးသည်ကို ငွေပေးဝယ်မယ် ဆိုတာက မင်းကို မျက်နှာသာ ပေးလိုက်တာကွ"
"မင်းသာ ကျေးဇူးကန်းမယ် ဆိုရင်တော့... ငါတို့ ရိုင်းတယ်လို့ အပြစ်မတင်နဲ့နော်"
"အဲဒီအချိန်ကျရင် ငွေရော၊ မိန်းမပါ ဆုံးရှုံးသွားရလိမ့်မယ်"
"ကိုယ့်ဖာသာ ချင့်ချိန်ပေရော့"
ကောမားကျီသည် ရက်စက်သော ကျွန်ပါးဝသူ တစ်ယောက်ကဲ့သို့ ခက်ထန်စွာ ပြောဆိုလေသည်။
မည်သို့ဆိုစေ သူ့နောက်တွင် လော့ချန် ရှိနေသည်။ တံငါသည်လေး တစ်ယောက်ကို ဖိနှိပ်ရခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသလောက်ပင် လွယ်ကူသည် မဟုတ်ပါလား။
ဒီကောင်က လှေကို မရောင်းချင်ဘူး ဆိုတော့... ငါ့အစွမ်းကို ပြလိုက်ရသေးတာပေါ့။
ဒါဟာ ကောမားကျီကို စော်ကားခြင်းရဲ့ အကျိုးဆက်ပဲ။
"ဟေ... ငါက ငြင်းမယ်ဆိုရင်ရော... မင်းတို့က ငါ့ကို သတ်မလို့လား"
ကျန်းဖန်သည် ထိုလူအုပ်စုကို အေးစက်စွာ ကြည့်လိုက်လေသည်။
သူ ဂရုမစိုက်တော့ပေ။ အကယ်၍ သူတို့သာ စတင် လှုပ်ရှားလာပါက၊ သူသည် အားလုံးကို ပြန်လည် သတ်ဖြတ်ပစ်လိုက်မည် ဖြစ်သည်။
နဂါးမင်းဂိုဏ်းနှင့် ရန်ငြိုးဖွဲ့လိုက်ရလျှင်တောင် ဤမျှကျယ်ဝန်းသည့် ကမ္ဘာကြီးထဲတွင် ပုန်းစရာနေရာ သေချာပေါက် ရှိသည်။
အဆိုးဆုံး အခြေအနေ ဆိုလျှင်တောင် ဝရမ်းပြေး လုပ်လိုက်ရုံပင်။
ပြီးမှ တော်လှန်ရေး တပ်မတော်ကြီးကို ဦးဆောင်ပြီး နဂါးမင်းဂိုဏ်း တစ်ခုလုံးကို ပြန်လာ ချေမှုန်းပစ်မည်။ အကုန်လုံးကို သုတ်သင်ပစ်မည်။
ဒီလူစုက သူ့ကို လာခြိမ်းခြောက်နေတယ် ဆိုတော့ ရူးများနေကြသလား။
"ဘာ..."
ထိုစကားကို ကြားလိုက်ရသောအခါ ကောမားကျီသည် အံ့သြသွားသလို ဒေါသလည်း ထွက်သွားလေသည်။ သူ့စကားလုံးများက ကျန်းဖန်ကို မခြောက်လှန့်နိုင်ရုံမက၊ ကျန်းဖန်က ပြန်ပင်ပြောရဲလိမ့်မည်ဟု သူ ထင်မထားခဲ့။
သခင်ကြီးလော့ ရှေ့မှောက်တွင် သူ့သိက္ခာကျသွားသလို ခံစားလိုက်ရသည်။
သာမန် တံငါသည်လေး တစ်ယောက်ကိုတောင် မထိန်းချုပ်နိုင်ရင် နောင်ကျ သခင်ကြီးလော့ ရှေ့မှာ ဘယ်လို မျက်နှာပြရတော့မလဲ။
"ကောင်းပြီလေ"
ထိုအချိန်၌ လော့ချန် ရုတ်တရက် ဝင်ပြောလိုက်သည်။
"ငါက လူကောင်းလူသန့် တစ်ယောက်ပါကွာ... သူတစ်ပါး သားမယားကို အဓမ္မ ပြုကျင့်တာမျိုး ဘယ်တော့မှ မလုပ်ပါဘူး။ နှစ်ဦးသဘောတူမှ လုပ်တာပါ။ မင်း မရောင်းချင်ဘူး ဆိုရင်လည်း ငါ အတင်း မဝယ်ပါဘူး"
"ဒါပေမဲ့ ငါ့ကမ်းလှမ်းချက်က အမြဲတမ်း ရှိနေမှာပါ။ တကယ်လို့ မင်း စိတ်ပြောင်းသွားရင် ငါ့ဆီ လာပြီး အရောင်းအဝယ် လုပ်လို့ ရပါတယ်"
သူသည် ကြင်နာသော မျက်နှာထားကို ဖော်ပြနေသည်။ ကျန်းဖန်နှင့် ပြဿနာ ဖြစ်ချင်ပုံ မရပေ။
"ဒါက..."
ကောမားကျီ ကြောင်အမ်းသွားမိသည်။ လော့ချန်ကဲ့သို့ လူမျိုးထံမှ ဤမျှ ကြင်နာသော အမူအရာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူသိထားသော လော့ချန်နှင့် လုံးဝ ကွာခြားနေ၏။ သခင်ကြီးလော့သည် ဘယ်တုန်းကများ စိတ်သဘောထား ပြောင်းသွားသနည်း။
သို့သော် သခင်ကြီးလော့ ဤသို့ပြောဆိုခြင်းသည် အကြောင်းရင်း ရှိရပေမည်။
နှစ်ရှည်လများ အလုပ်အကျွေး ပြုခဲ့သော ကျွန်တစ်ယောက်အနေဖြင့် သခင်ပြောသမျှ စကားတိုင်းကို မျက်နှာချင်းဆိုင်မှာနေ၍ ဘယ်သောအခါမျှ ငြင်းဆန်မည် မဟုတ်ပေ။
သခင် ပြောသမျှ မှန်သည်။ မေးခွန်းထုတ်စရာ မလိုပါ။
သူ ဘေးဘီဝဲယာကို ကြည့်လိုက်ရာ မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော တံငါသည်အုပ်စုက သူတို့ကို ဝိုင်းရံထားပြီး လက်ညှိုးထိုးကာ ဝေဖန်ပြောဆိုနေကြသည်ကို တွေ့လိုက်ရသည်။
ထိုအခါမှ သခင်ကြီးလော့၏ စိုးရိမ်မှုကို သူ သဘောပေါက်သွားတော့သည်။
ဖြစ်နိုင်သည်မှာ သခင်ကြီးလော့ အနေဖြင့် လူအများရှေ့တွင် ပြဿနာ မဖြစ်ချင်၍ ဖြစ်ပေလိမ့်မည်။
"မလိုပါဘူး... ငါ မရောင်းဘူး"
ကျန်းဖန်သည် တစ်ဖက်လူကို မျက်နှာသာပေးရန် စိတ်ကူးမရှိဘဲ လော့ချန်အား အေးစက်စွာ ကြည့်လိုက်လေသည်။
"ဟက်..."
လော့ချန်သည် တစ်ဖက်လူက ဤမျှ တင်းမာလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် သူ့အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
သို့သော် ဘေးပတ်လည်ရှိ တံငါသည်များကို ကြည့်ပြီး သူ စကားဆက် မပြောတော့ပေ။
သူသည် လက်ကာပြလိုက်ပြီး သူ့လူများနှင့်အတူ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
"ကျေးဇူးတင်ပါတယ် ဦးလေးတို့ရာ... ဝိုင်းကူပေးကြလို့"
ကျန်းဖန်သည် ဘေးပတ်လည်ရှိ တံငါသည်များကို ကျေးဇူးတင်စကား ပြောကြားလိုက်သည်။
အကယ်၍သာ ဤတံငါသည်များ ဝိုင်းရံမထားခဲ့လျှင် လော့ချန်သည် ဤမျှ လွယ်ကူစွာ နောက်ဆုတ်သွားမည် မဟုတ်ကြောင်းကို သူ ကောင်းကောင်း သိသည်။
"ကျေးဇူးတင်စရာ မလိုပါဘူးကွာ... တို့တွေ ဘာမှ ကူညီပေးလိုက်ရတာ မဟုတ်ပါဘူး"
"ဟုတ်တယ်... တို့က ဒီတိုင်း ရပ်ကြည့်နေရုံပါပဲ"
"ဒါပေမဲ့ လော့ချန်က အငြိုးအတေး ကြီးတယ်လို့ ပြောကြတယ်... မင်း သတိထားဦးနော်"
တံငါသည် အများအပြား ဝင်ရောက်ပြောဆိုကြသည်။
သူတို့ ဘာမှ မတတ်နိုင်ကြသော်လည်း သူတို့၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများ အပြည့် ရှိနေကြသည်။
"ကျေးဇူးပါ ဦးလေးတို့... ဒီကိစ္စကို ကျွန်တော် နားလည်ပါတယ်"
ကျန်းဖန်၏ မျက်လုံးများတွင် အေးစက်သော အရောင်များ တောက်လာသည်။ အငြိုးအတေး ကြီးတယ် ဟုတ်လား။ ဒီလူတွေမှာ အနာဂတ်ဆိုတာ မရှိတော့ပါဘူး။
ဒါကြောင့် လက်တုံ့ပြန်ခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူး။
…
မကြာမီအချိန်တွင် လော့ချန်နှင့် သူ့လူများသည် သော်ကရွာမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
"သခင်ကြီးလော့... တောင်းပန်ပါတယ်ဗျာ၊ တကယ်ကို တောင်းပန်ပါတယ်"
"အဲဒီ ကျန်းဖန်က ကျေးဇူးကန်းပြီး သခင်ကြီးလော့ကို မျက်နှာသာ မပေးဘဲ နေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့မိပါဘူး"
"ကျွန်တော်က တကယ် သေသင့်တဲ့ကောင်ပါ"
ကောမားကျီသည် မြေကြီးပေါ်တွင် ဒူးထောက်လျက် ငိုကြွေးကာ ခွင့်လွှတ်ပေးရန် တောင်းပန်လေသည်။
"ထစမ်းပါ... ဒီကိစ္စက မင်းအပြစ် မဟုတ်ပါဘူး"
"အောက်တန်းစား တံငါသည်လေးကများ ငါ့ကို မျက်နှာသာ မပေးရဲဘူးပေါ့လေ"
"အစကတော့ ငါ အဲဒီမိန်းမကို သိပ်စိတ်မဝင်စားပါဘူး"
"ဒါပေမဲ့ အခုတော့ ငါ အဲဒီကောင်လေးရဲ့ မိသားစုကို ဖျက်ဆီးပစ်ချင်သွားပြီ"
လော့ချန်၏ မျက်နှာထားသည် ရက်စက်ကြမ်းကြုတ်လာပြီး မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ဖြစ်လာလေသည်။
"ဒါပေမဲ့ သခင်ကြီးလော့... စောစောက ဘာလို့ ဘာမှမလုပ်ဘဲ ဒီကောင့်ကို ဒီတိုင်း လွှတ်ပေးလိုက်ရတာလဲဗျ"
ကောမားကျီ အမြန်ထရပ်လိုက်သည်။ လော့ချန်၏ လုပ်ရပ်ကို သူ နားမလည်နိုင် ဖြစ်နေရှာသည်။
"ငတုံးကောင်... အခုတလော ငါ ငါ့အဖေကို ပြဿနာတွေ အများကြီး ပေးထားပြီးပြီ၊ ထပ်ပြီး ပြဿနာ ရှာလို့ မဖြစ်တော့ဘူး"
"ငါ့အဖေက နဂါးမင်းဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ဆိုပေမယ့်၊ အကြီးအကဲက သူတစ်ယောက်တည်း ရှိတာ မဟုတ်ဘူးကွ"
"ငါသာ ဆက်ပြီး ပြဿနာရှာနေရင် ငါ့အဖေကို တိုင်တောကြပြီး ရာထူးဖြုတ်ပစ်ကြလိမ့်မယ်"
"ကျောထောက်နောက်ခံ မရှိရင် ငါ ဘယ်လိုလုပ် သက်တောင့်သက်သာ နေနိုင်တော့မှာလဲ... ဒါကြောင့် နည်းနည်းတော့ သည်းခံရမှာပေါ့"
လော့ချန်က ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"သြော်... အဲဒီလိုကိုး"
ကောမားကျီ ချက်ချင်း သဘောပေါက်သွားသည်။ သခင်ကြီးလော့ ပုံစံပြောင်းနေသည့် အကြောင်းအရင်းသည် အခုမှ ရှင်းသွားတော့သည်။
"ဒါပေမဲ့ ဗြောင်ကျကျ လုပ်လို့မရပေမယ့်၊ ခိုးကြောင်ခိုးဝှက်တော့ လုပ်လို့ရတာပဲ"
"အဲဒီကောင်လေးက မောက်မာနေတယ် မဟုတ်လား"
"မနက်ဖြန် ငါ ယွင်မန်ရေကန်ထဲကို လူလွှတ်ပြီး အဲဒီကောင့်ကို ဒုက္ခပေးခိုင်းမယ်"
"ငါ့ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ခိုင်းမယ်... ပြီးရင် သူ့မိန်းမကိုပါ ငါ့ဆီ ဆက်သခိုင်းပစ်မယ်"
"သော်ကရွာမှာ ဘယ်သူက ငါ့ကို ဆန့်ကျင်ရဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
လော့ချန်သည် လူသတ်လိုသော လေသံဖြင့် ပြောလိုက်လေသည်။
ထိုစကားကို ကြားရသောအခါ ကောမားကျီ ရင်ထဲ တုန်လှုပ်သွားမိသည်။ လော့ချန်၏ နည်းလမ်းများသည် ထင်ထားသည်ထက် ပိုမို ရက်စက်ကြမ်းကြုတ်လှသည်။ ကံကောင်းသည်မှာ သူသည် လော့ချန်ဘက်တွင် ရှိနေခြင်းပင်။ သို့မဟုတ်ပါက သူ သေသွားလောက်ပြီ ဖြစ်သည်။
"ကဲ... တော်ပြီ၊ အချိန်ဖြုန်းမနေနဲ့တော့"
"ငါးဈေးတန်းကို ပြန်ပြီး အပျော်ရှာကြမယ်"
လော့ချန် လက်ကာပြလိုက်သည်။
ငါးဈေးတန်း ဆိုသည်မှာ သာမန် ဈေးတစ်ခုထက် ပိုသည်။
တစ်နည်းအားဖြင့် ပြောရလျှင် လူစုဝေးရာ အချက်အခြာကျသော နေရာလေး တစ်ခု ဖြစ်သည်။
ငါးအမျိုးမျိုး၊ ဆန်၊ ဆီ၊ ဆား နှင့် ဟင်းသီးဟင်းရွက် အစရှိသော နေ့စဉ်သုံး ပစ္စည်းများကို ထိုနေရာတွင် ရောင်းချကြသည်။
ထို့အပြင် နဂါးမင်းဂိုဏ်း၏ စခန်းချရာ နေရာလည်း ဖြစ်သည်။
နဂါးမင်းဂိုဏ်းသားများ နေထိုင်ရန်အတွက် အဆောက်အဦးများ ဆောက်လုပ်ထားသည်။
ထို့ကြောင့် နဂါးမင်းဂိုဏ်းသားများသည် ထုံဟယ်မြို့သို့ မပြန်နိုင်သည့်အခါ ငါးဈေးတန်းတွင် ပျော်ပါးလေ့ရှိကြသည်။
…