လူသတ်တရားခံမှာ ပန်းသူခိုး ချောင်ကျွင်း ဖြစ်၏။
Vol. 2 Ch. 23
ဒုတိယမြောက်နေ့ နေ့လယ်ခင်း၊ ငါးဖမ်းစခန်း၌။
အစောပိုင်းတွင် လော့ချန်နှင့် အခြားသူများ သေဆုံးနေခြင်းကို မည်သူမျှ သတိမထားမိကြချေ။ သာမန်အားဖြင့် တစ်ညလုံး ပျော်ပါးသောက်စားထားကြသဖြင့် နောက်တစ်နေ့ နေ့လယ်ရောက်သည်အထိ အိပ်စက်လေ့ရှိကြသည်မှာ ဓမ္မတာကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
သို့ရာတွင် လော့ချန်တို့အဖွဲ့ အိပ်ရာမှ မထလာသည်မှာ ကြာမြင့်နေပြီဖြစ်ရာ နဂါးဘုရင်ဂိုဏ်းမှ လူတစ်ယောက် သွားရောက်ကြည့်ရှုလေသည်။
မြင်တွေ့လိုက်ရသည်မှာ နေရာအနှံ့ ပြန့်ကျဲနေသော အလောင်းကောင်များဖြစ်ပြီး အခန်းတစ်ခုလုံး၌လည်း ဆိုးရွားလှသော အနံ့ဆိုးများဖြင့် ဖုံးလွှမ်းနေတော့၏။
ဤသည်မှာ ကြုံတောင့်ကြုံခဲ လူသတ်မှုကြီးတစ်ခု ဖြစ်ပေသည်။
ထုန်ဟယ်မြို့နယ်မှ အစိုးရဖမ်းဆီးရေး အရာရှိများပင် တုန်လှုပ်သွားကြပြီး ခြံဝင်းတစ်ခုလုံးကို ခေတ္တ ပိတ်ပင် တားဆီးထားလိုက်ရသည်။
"ဘယ်သူလဲ... ငါ့သားကို ဘယ်သူ သတ်သွားတာလဲ"
နဂါးဘုရင်ဂိုဏ်း၏ အကြီးအကဲဖြစ်သူ လော့ကျန့်မှာ အတိုင်းအဆမရှိ ဒေါသထွက်နေလေသည်။ မိမိ၏ သားဖြစ်သူ သေဆုံးနေသည်ကို မြင်လိုက်ရသောအခါ ပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်သွားပြီး လူသတ်တရားခံကို ရှာဖွေကာ အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ်များ ပေါက်ဖွားလာတော့သည်။
လော့ချန်သည် မကြာခဏဆိုသလို မဆင်မခြင် ပြုမူတတ်ပြီး ပြဿနာရှာလေ့ရှိသော်လည်း...
မည်သို့ပင်ဆိုစေကာမူ သူသည် အသက်ကြီးမှရသည့် တစ်ဦးတည်းသော သားဖြစ်သည်။
ယခုမူ အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ သေဆုံးသွားခဲ့ရချေပြီ။
သူ၏ ရင်ထဲမှ ဒေါသတရားကို ခန့်မှန်းကြည့်နိုင်ပေသည်။
"ကျုပ်မမှားဘူးဆိုရင် ခင်ဗျားသားကို သတ်သွားတဲ့သူက ပန်းသူခိုး ချောင်ကျွင်း ဖြစ်လောက်တယ်"
ထိုအချိန်၌ ထုန်ဟယ်မြို့နယ်မှ မြို့စောင့်တပ်ခေါင်းဆောင် ဖုန်းဟောင်သည် ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်လျက် ကျယ်ပြန့်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာလေသည်။
ဘေးပတ်ဝန်းကျင်ရှိ နဂါးဘုရင်ဂိုဏ်းသားများ အားလုံးမှာ ခေါင်းငုံ့ထားကြပြီး ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။ သူ့ကို မော်ကြည့်ရဲခြင်းပင် မရှိကြချေ။
၎င်းတို့သည် တံငါသည်များအပေါ်တွင် မောက်မာဝင့်ကြွားစွာ ပြုမူလေ့ရှိပြီး အနိုင်ကျင့် ဗိုလ်ကျလေ့ရှိသော်လည်း…
ဖုန်းဟောင်ကဲ့သို့သော ပုဂ္ဂိုလ်ကြီးမျိုးနှင့် ရင်ဆိုင်ရသောအခါ၌မူ မဆင်မခြင် ပြုမူရဲခြင်း အလျဉ်းမရှိပေ။
သို့မဟုတ်ပါက နဂါးဘုရင်ဂိုဏ်း တစ်ခုလုံးပင် ဒုက္ခလှလှ တွေ့သွားနိုင်ပေသည်။
သာမန်လူသတ်မှု တစ်ခုဆိုလျှင် ဖုန်းဟောင်ကဲ့သို့သော လူမျိုး၏ အာရုံကို ဖမ်းစားနိုင်မည် မဟုတ်ချေ။
သို့သော် ဤကိစ္စသည် ပန်းသူခိုး ချောင်ကျွင်းနှင့် ပတ်သက်နေသဖြင့် အခြေအနေချင်း လုံးဝ ကွာခြားသွားပြီ ဖြစ်သည်။
ချောင်ကျွင်းသည် သူ အမြဲတစေ ခြေရာခံ လိုက်လံဖမ်းဆီးနေသော ပစ်မှတ်တစ်ခုဖြစ်သည်။ မမျှော်လင့်ဘဲ ဤနေရာတွင် သဲလွန်စ တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
"ပန်းသူခိုး ချောင်ကျွင်း ဟုတ်လား"
"မြို့စောင့်တပ်မှူးဖုန်း... လူသတ်တရားခံက ချောင်ကျွင်းမှန်း ခင်ဗျား ဘယ်လိုသိတာလဲ"
ထိုစကားကို ကြားလိုက်ရသော် နဂါးဘုရင်ဂိုဏ်း အကြီးအကဲ လော့ကျန့်မှာ တုန်လှုပ်သွားလေသည်။ ထိုဝရမ်းပြေး ရာဇဝတ်ကောင်အကြောင်းကို သူ ကောင်းစွာ ကြားဖူးထားသည်။
ထိုပုဂ္ဂိုလ်သည် သိုင်းလောက၌ ဆယ်စုနှစ်များစွာ ကြာအောင် မွှေနှောက်ဖျက်ဆီးခဲ့ပြီး မရေမတွက်နိုင်သော အထက်တန်းလွှာမှ အမျိုးသမီးများမှာလည်း သူ၏ သားကောင်များ ဖြစ်ခဲ့ရသည်ဟု ဆိုစမှတ်ပြုကြသည်။
တစ်ချိန်က နန်းတော်မှပင် ချောင်ကျွင်းကို လိုက်လံသတ်ဖြတ်ရန် ဆုံးဖြတ်ကာ ဆုငွေထုတ်ခဲ့ဖူးသည်။
မြေပြင်နှင့် ကောင်းကင်အနှံ့ ပိုက်ကွန်ဖြန့်၍ ဖမ်းဆီးခဲ့ဖူးသည်။
ကံဆိုးစွာဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ချောင်ကျွင်းမှာ လွတ်မြောက်နေဆဲပင် ဖြစ်သည်။
နန်းတော်ကပင် ဤလူကို မည်သို့မျှ မတတ်နိုင်ဖြစ်နေခြင်းက သူ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် စွမ်းအားကြီးမားမှုကို ဖော်ပြနေသကဲ့သို့ ရှိသည်။
"ရှင်းရှင်းလေးပဲလေ... ခင်ဗျားသားနဲ့ ဒီလူတွေ သေဆုံးရတဲ့ အကြောင်းရင်းက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကင်းခြေများသုံးကောင်နှင့် ဖားပြုတ်ငါးကောင် အဆိပ်မြူကြောင့်ပဲ"
"ဒါက ချောင်မိသားစု အဆိပ်ကျမ်းထဲက ချောင်ကျွင်း တစ်ယောက်တည်းပိုင်တဲ့ အဆိပ်မြူလေ"
"ချောင်ကျွင်းကလွဲရင် ဘယ်သူမှ ဒီအဆိပ်ကို မပိုင်ဆိုင်ဘူး"
"ရှုရှိုက်မိလိုက်တာနဲ့ ချက်ချင်းဆိုသလို သေဆုံးသွားနိုင်တယ်။ အကူအညီတောင်းဖို့တောင် အချိန်ရမှာ မဟုတ်ဘူး"
ဖုန်းဟောင်က ပြတ်သားစွာ ပြောကြားလိုက်သည်။
"ဒါပေမဲ့ ဘာဖြစ်လို့ ဒီလောက် နာမည်ကြီးတဲ့ ပုဂ္ဂိုလ်က ကျုပ်သားကို လာသတ်ရတာလဲ"
နဂါးဘုရင်ဂိုဏ်း အကြီးအကဲ လော့ကျန့်မှာ လုံးဝ နားမလည်နိုင် ဖြစ်နေရှာသည်။
သူ၏ သားဖြစ်သူမှာ သာမန်လူတစ်ယောက်သာဖြစ်ပြီး ထိုမျှကြီးမားသော ပုဂ္ဂိုလ်မျိုးကို ပြစ်မှားမိရန် မဖြစ်နိုင်ချေ။
"အကြောင်းပြချက်တော့ မရှိပါဘူး၊ ကံဆိုးသွားတယ်လို့ပဲ ပြောရမှာပေါ့"
"ချောင်ကျွင်းက အစိုးရအရာရှိတွေပြီးရင် သူနဲ့အမျိုးအစားတူတဲ့ ပန်းသူခိုးတွေကို အမုန်းဆုံးပဲ"
"ခင်ဗျားသားက မိန်းကလေးတွေကို အနိုင်ကျင့်ရတာ ကြိုက်တယ်ဆိုပြီး နာမည်ပျက်ရှိနေတယ်ဆို... ဟုတ်တယ်မလား"
ဖုန်းဟောင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောလာဟလတွေပါ... ဒါတွေက ကောလာဟလတွေပါ"
"ဒါပေမဲ့ ဒီလူက သူကိုယ်တိုင်က ပန်းသူခိုး ဖြစ်နေပြီးတော့ တခြား ပန်းသူခိုးတွေကို မုန်းတယ်ဆိုတာ ဖြစ်နိုင်လို့လား"
လော့ကျန့်သည် အမှန်တရားကို သိသော်လည်း ဝန်မခံချေ။ သားဖြစ်သူမှာ သေဆုံးသွားပြီဖြစ်ရာ ဂုဏ်သိက္ခာ ထပ်မံကျဆင်းမည်ကို သူ မလိုလားပေ။
"ကောလာဟလပဲဖြစ်ဖြစ်၊ အမှန်တရားပဲဖြစ်ဖြစ် ချောင်ကျွင်းကတော့ ခင်ဗျားသားကို ပစ်မှတ်ထားလိုက်ပြီ"
"ပန်းသူခိုး တစ်ယောက်အနေနဲ့ တခြား ပန်းသူခိုးတွေကို မုန်းတီးတာ သဘာဝပါပဲ"
"ချောင်ကျွင်းလို လူမျိုးက သူ့ပြိုင်ဘက်တွေကို အမုန်းဆုံးပဲလေ"
"နေရာတိုင်းမှာသာ ပန်းသူခိုးတွေ ရှိနေမယ်ဆိုရင် ချောင်ကျွင်း မျက်စိကျထားတဲ့ မိန်းမလှလေးတွေ တခြားလူလက်ထဲ ပါသွားဖို့ လွယ်ကူသွားမှာပေါ့"
"ဒါကြောင့် ချောင်ကျွင်းက တခြား ပန်းသူခိုးတွေကို တွေ့တာနဲ့ မညှာမတာ သတ်ဖြတ်လေ့ရှိတယ်"
"ဒီနှစ်တွေအတွင်း ချောင်ကျွင်းလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ပန်းသူခိုးတွေက မနည်းတော့ဘူး"
ဖုန်းဟောင်က အေးစက်စွာ ပြုံးလိုက်သည်။
ချောင်ကျွင်းသည် ဘေးကပ်ဆိုး တစ်ခုဖြစ်သော်လည်း နန်းတော်အတွက် အတိုင်းအတာ တစ်ခုအထိ ပန်းသူခိုးအချို့ကို ရှင်းလင်းပေးသကဲ့သို့ ဖြစ်နေပြီး သားကောင်ဖြစ်ခဲ့ရသူများ အတွက် လက်စားချေပေးရာလည်း ရောက်နေပေသည်။
အမှန်စင်စစ် ဤအချက်သည် ချောင်ကျွင်း၏ ရည်ရွယ်ချက် မဟုတ်ချေ။
"ဒါ... ဒါက..."
ထိုစကားကို ကြားသောအခါ လော့ကျန့် ဆွံ့အသွားလေသည်။
အကယ်၍ ဤအချက်သာ မှန်ကန်ပါက ၎င်းသည် မမျှော်လင့်ထားသော ကပ်ဘေးတစ်ခု၊ အကြောင်းပြချက်မရှိ ကျရောက်လာသော ဘေးအန္တရာယ်တစ်ခုပင် ဖြစ်တော့သည်။
"အစက ကျုပ်ထင်ထားတာ ချောင်ကျွင်းက ခြုံခိုတိုက်ခိုက်ခံရပြီး ဒဏ်ရာ အပြင်းအထန်ရထားလို့ ယွင်မုန်ကန်ထဲမှာ ပုန်းအောင်းရင်း သေလောက်ပြီလို့ပေါ့"
"ဒီကောင်ကြီးက ဒီလောက် အသက်ပြင်းပြီး ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ထပ်ထွက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
ဖုန်းဟောင်က သက်ပြင်းချရင်း ပြောလိုက်သည်။
မူလက သူသည် ဤကိစ္စအတွက် ကုသိုလ်ယူလိုခဲ့သည်။ ချောင်ကျွင်းကို မသတ်နိုင်လျှင်ပင် အလောင်းကို ရှာတွေ့နိုင်မည်ဟု မျှော်လင့်ခဲ့သည်။
သို့မှသာ သူ ကောင်းမှုကုသိုလ် ပြုနိုင်ပေမည်။
မမျှော်လင့်ဘဲ ချောင်ကျွင်းသည် သေဆုံးခြင်း မရှိသည့်အပြင် ရာဇဝတ်မှုများ ကျူးလွန်ရန် ထွက်ပေါ်လာခဲ့လေသည်။
သေချာသည်မှာ ဤလုပ်ရပ်သည် နန်းတော်ကို ရန်စလိုက်ခြင်းပင် ဖြစ်သည်။
ခြုံခိုတိုက်ခိုက်ခံရသော်လည်း သူသည် အသက်ရှင်နေဆဲဖြစ်ပြီး လှုပ်ရှားနေဆဲ ဖြစ်ကြောင်း နန်းတော်ကို ရဲဝံ့စွာ သတင်းပါးလိုက်ခြင်းပင်။
ပန်းသူခိုး တစ်ယောက်အနေဖြင့် ဆယ်စုနှစ်များစွာ ရှင်သန်ရပ်တည်နိုင်ရန် ကျွမ်းကျင်မှု လိုအပ်ပြီး သူ့ကို သတ်ဖြတ်ရန်မှာ မလွယ်ကူလှချေ။
"ခင်ဗျား လက်စားချေချင်တယ်ဆိုရင် ချောင်ကျွင်းကိုသာ သွားရှာပေတော့"
"ဒါပေမဲ့ သူ့အကျင့်စရိုက်အရဆိုရင် သူက လူမသိသူမသိ တစ်နေရာရာကို ထွက်ပြေးလောက်ပြီ"
ဖုန်းဟောင်က လေးနက်စွာ ပြောကြားလိုက်သည်။
အိမ်ကို စစ်ဆေးကြည့်ပြီးသော်လည်း သဲလွန်စ တစ်စုံတစ်ရာ မတွေ့ရပေ။
ထိုလူသည် ရာဇဝတ်မှု ကျူးလွန်ပြီးသည်နှင့် ချက်ချင်း ထွက်ပြေးလေ့ရှိပြီး အလွန် သတိကြီးသူ ဖြစ်ကြောင်းလည်း ထင်ရှားနေသည်။
ဤသရဲအိုကြီးကို ရှာဖွေရန် သူတို့အား အခွင့်အရေး ပေးလိမ့်မည် မဟုတ်ပေ။
"လက်စားချေမယ်ဟုတ်လား... ဘယ်လို လက်စားချေရမှာလဲ"
"အဲ့ဒါ ချောင်ကျွင်းနော်... ဘယ်သူကများ သူ့ကို သတ်နိုင်မှာလဲ"
ထိုစကားကို ကြားလိုက်ရသော် လော့ကျန့်မှာ မျှော်လင့်ချက် ကင်းမဲ့သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာလေသည်။
သာမန်လူတစ်ယောက်သာဆိုလျှင် သူသည် လက်စားချေရန် ကြိုးပမ်းမည်ဖြစ်ပြီး တစ်ဖက်လူ၏ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ရန်ပင် ဝန်လေးလိမ့်မည် မဟုတ်ချေ။
သို့သော် ယခု သူရင်ဆိုင်နေရသည်မှာ နာမည်ဆိုးဖြင့် ကျော်ကြားလှသော ပန်းသူခိုး ချောင်ကျွင်း ဖြစ်နေပေသည်။
မရေမတွက်နိုင်သော သိုင်းပညာရှင်များသည် သူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရဖူးသည်။
အကယ်၍ သူ ချောင်ကျွင်းကို အမှန်တကယ် ရှာတွေ့ခဲ့လျှင်ပင် ထိုလူ၏ လက်ထဲ၌ ဦးစွာ သေဆုံးသွားနိုင်ပေသည်။
ထို့ပြင် ချောင်ကျွင်းသည် သူ့ကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
ချောင်ကျွင်း၏ များပြားလှသော ရန်သူများထဲတွင် သူကဲ့သို့ လူစားမျိုးသည် အဆင့်ဝင်ခြင်းပင် မရှိချေ။
လက်စားချေရန် ချောင်ကျွင်းကို လိုက်ရှာနေမည့်အစား နောက်ထပ် ကလေးတစ်ယောက် ထပ်မွေးလိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ဤသည်မှာ ဤကမ္ဘာလောက၏ ရက်စက်ကြမ်းကြုတ်မှုပင် ဖြစ်သည်။
အပြင်ပန်း၌ သူသည် နဂါးဘုရင်ဂိုဏ်း၏ အကြီးအကဲ တစ်ယောက်အနေဖြင့် သာမန်ပြည်သူများကို ဖိနှိပ်နိုင်ပြီး ရာထူးနှင့် အာဏာ ရှိသော်လည်း…
စစ်မှန်သော အစွမ်းထက် ပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင်မူ သူသည် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ပင် ဖြစ်နေတော့သည်။
တွေ့ဆုံမိပါက သူသည်လည်း မြေမြှုပ်သင်္ဂြိုဟ်စရာ နေရာမရှိဘဲ သေဆုံးသွားရပေလိမ့်မည်။
လက်စားချေရန်ပင် မစဉ်းစားရဲလောက်အောင် မျှော်လင့်ချက် ကင်းမဲ့နေပြီး ကံတရားကိုသာ လက်ခံလိုက်ရတော့သည်။
သူ အကြီးအကျယ် နောင်တရနေမိ၏။
အခြား ပန်းသူခိုးများကို သတ်ဖြတ်လေ့ရှိသော ချောင်ကျွင်း၏ ရက်စက်မှုကိုသာ စောစီးစွာ သိခဲ့လျှင် သားဖြစ်သူကို မဆင်မခြင် ပြုမူခွင့် ပေးခဲ့မည် မဟုတ်ချေ။
ယခုမူ နောင်တရရန် အချိန်နှောင်းသွားခဲ့ချေပြီ။
"ဒါဆိုရင် ဆုတောင်းကြတာပေါ့... ချောင်ကျွင်းကို နောက်တစ်ခေါက် ထပ်ရှာတွေ့ပါစေလို့ပဲ ဆုတောင်းလိုက်ကြတာပေါ့"
ဖုန်းဟောင် ခေါင်းခါယမ်းလိုက်မိ၏။ သူသည်လည်း အနည်းငယ် လက်လျော့ထားသည့်ပုံ ပေါက်နေလေသည်။
သူသည် ဤကဲ့သို့သော သားကောင်ပေါင်းများစွာကို မြင်တွေ့ဖူးလေပြီ။
လွန်ခဲ့သော အချိန်များစွာကတည်းကပင် ဤအရာများအပေါ် ရိုးအီနေခဲ့ပြီ ဖြစ်သည်။
ယနေ့ခေတ်တွင် အမှုအခင်း ဖြေရှင်းနိုင်မှုနှုန်းသည် ရာခိုင်နှုန်း (၂၀) အောက်သာ ရှိတော့သည်။
အထူးသဖြင့် သိုင်းပညာရှင်များသည် ရာဇဝတ်မှု ကျူးလွန်သည့်အခါ လူသတ်ပြီးနောက် အခြားနေရာသို့ ထွက်ပြေးသွားကြသဖြင့် ဖမ်းဆီး၍ မရနိုင်ကြပေ။
မြို့နယ်အဆင့် အစိုးရဖမ်းဆီးရေး အရာရှိများ အနေဖြင့် အမှုအခင်းများအတွက် ခရီးဝေး သွားရောက်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။
ထို့ကြောင့် မကြာခဏဆိုသလို သူတို့သည် အမှုကို ဒီအတိုင်း ထားလိုက်ရပြီး သားကောင်ဖြစ်သူ၏ ကံဆိုးမှုကိုသာ လက်ခံလိုက်ကြရလေ့ ရှိပေသည်။