← Chapters

မမျှော်လင့်သည့်တိုက်ခိုက်မှု

Vol. 26 Ch. 368

မမျှော်လင့်သည့်တိုက်ခိုက်မှု

Vol. 26 Ch. 368

အခန်း (၃၆၈) မမျှော်လင့်သည့်တိုက်ခိုက်မှု

မီးတောက်မိစ္ဆာများ တိုက်ခိုက်လာနိုင်ခြေရှိသဖြင့် ထိပ်တန်းသိုင်းသမားများစွာ အရှေ့ပင်လယ်ကို သတိဖြင့် စောင့်ကြည့်နေကြသည်။

မီးတောက်မိစ္ဆာများ၏ ခြိမ်းခြောက်မှုကိုကာကွယ်ရန် အရှေ့ပင်လယ်တွင် ရုံးထိုင်နေသည့် အရှေ့ပင်လယ် ပထမအဆင့်ထိပ်တန်းအကြီးအကဲ ‘ဖူအန်းစု’ က သတင်းအခြေအနေကို ဝါဒတောင်သို့ ပြန်လည်တင်ပြသည်။

အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီးများသည်လည်း သတင်းများရရှိပြီးဖြစ်ရာ အရှေ့ပင်လယ်သို့ စစ်ကူများ စေလွှတ်ခဲ့ကြသည်။

ယင်းပြဿနာများကြောင့် ထိပ်သီးသိုင်းဂိုဏ်းကြီးများကြား အခြေအနေတင်းမာမှုများ အနည်းငယ် အားလျော့သွားသည်။

သို့သော် လူတိုင်းက ဝါဒတောင်တိုက်ပွဲအကြောင်းကို ကောင်းစွာသိရှိကြပြီး ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းဆိုသည်က ကံကြမ္မာသတ်မှတ်သည့် ရန်သူများဖြစ်သည်ပင်။

နေသူတော်စင်ဂိုဏ်းနှင့် ဝါဒတောင်ကြားမှ ရန်ငြိုးက နေသူတော်စင်ဂိုဏ်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်ကြားမှ ရန်ငြိုးထက် ပိုမိုဆိုးရွားသည်။ ထို့အတူ ဝါဒတောင်နှင့် ကောင်းကင်မိုးကြိုးခန်းမအကြား ဆက်ဆံရေးထက်လည်း ပိုမိုတင်းမာသည်။

ယခု ရန်ငြိုးရန်စအငွေ့အသက်များ အနည်းငယ်သက်သာနေသည်မှာ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဘုံရန်သူဖြစ်သော မီးတောက်မိစ္ဆာများဖြင့် ရင်ဆိုင်ရခြင်းကြောင့် ဖြစ်သည်။

နေသူတော်စင်ဂိုဏ်းမှ ထူးကဲယင်မိန်းမပျို ‘မန်ဝမ်’ သည် ထူးကဲယင်သရဖူနှင့်အတူ အရှေ့ပင်လယ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သလို လှိုင်းနက်ဂေဟာ၏ ဂေဟာသခင်မ ‘အန်းချင်လင်’ လည်း ရောက်ရှိနေပြီ ဖြစ်သည်။

အားဟူက...

“သူတို့ရောက်နေကြပြီ ၊ ပြီးတော့ ကောင်းကင်မိုးကြိုးခန်းမက အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင်’ချန်လီ’ နဲ့ ပန်းချီဆရာသူတော်စင် အဘိူးအို’မော့’ တို့ကိုလည်း ဆက်သွယ်ထားတယ် ၊ ဒါပေမဲ့ သူတို့ အရှေ့ပင်လယ်ကို လာမလားဆိုတာတော့ ပြောရခက်တယ်”

ရန်ကျောက်ကဲက...

“အင်း... အခြေအနေအပြောင်းအလဲကို ကြည့်ရမှာပေါ့”

အားဟူက တံတွေးတစ်ချက်မျိုချရင်း...

“ဒီနှစ်ပိုင်းအတွင်း မီးတောက်မိစ္ဆာတွေက တဖြည်းဖြည်းပိုပြီး အားကောင်းလာတယ်တဲ့ ၊ မဟာမီးတောက်မိစ္ဆာဘုရင် ထွက်ပေါ်လာမယ်လို့ သခင်လေးထင်သလား”

ရန်ကျောက်ကဲက ခေါင်းမော့ကာ ခဏမျှ စဉ်းစားရင်း...

“အဲဒါက ပြောဖို့ခက်တယ် ၊ မီးတောက်မိစ္ဆာတွေကြားက အတွင်းပိုင်းပဋိပက္ခကလည်း အတော်လေး ပြင်းထန်တယ်လေ ၊ တိုက်ပွဲကြားမှာပဲ စံနှုန်းတွေကိုချိုးဖျက်ပြီး စွမ်းအားကြီးမားတဲ့ မီးတောက်မိစ္ဆာဘုရင်တစ်ယောက် မွေးဖွားလာနိုင်မလားဆိုတာတော့ မပြောတတ်ဘူး”

သူက အားဟူကိုကြည့်ရင်း...

“ဘာပဲဖြစ်ဖြစ် အရှေ့ပင်လယ်က လှုပ်ရှားမှုအားလုံးကို အနီးကပ်စောင့်ကြည့်ပါ ၊ သတင်းထူးတာနဲ့ ချက်ချင်းအကြောင်းကြားပါ”

အားဟူက ခေါင်းညိတ်ရင်း...

“ဟုတ်ကဲ့ပါ သခင်လေး”

မီးတောက်မိစ္ဆာဘုရင်(၂)ယောက်၏ ဦးဆောင်မှုဖြင့် ထိပ်တန်းအဆင့် မီးတောက်မိစ္ဆာများစွာ အရှေ့ပင်လယ်သို့ စစ်ချီလာသည့်သတင်းက လျှင်မြန်စွာ ပျံ့နှံ့သွားသည်။

သိုင်းသူတော်စင် အန်းချင်လင်နှင့် ထူးကဲယင်သရဖူတို့က ရန်သူများကို တိုက်ခိုက်ချေမှုန်းခဲ့ကြသည်။ အရှေ့ပင်လယ်တွင် လူသားများနှင့် မီးတောက်မိစ္ဆာများ တိုက်ပွဲပြင်းထန်ပြီး ရေများပွက်ပွက်ဆူကာ ပင်လယ်ရေပြင် အမြှုပ်ထသည်အထိ တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။

သို့သော် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး၏ အခြေအနေကတော့ တည်ငြိမ်သေးသည်ဟု ဆိုနိုင်သည်။

ယခုနှစ်များအတွင်း မီးတောက်မိစ္ဆာများက အဆက်မပြတ် တိုက်ခိုက်လာလေရာ အရှေ့ပင်လယ်တွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေခဲ့၏။

ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲနှင့် ဝါဒတောင်တိုက်ပွဲ ကာလများတွင် မီးတောက်မိစ္ဆာများက ငရဲကိုးထပ်နှင့်ပူးပေါင်းကာ အရှေ့ပင်လယ်တွင် ထကြွသောင်းကြမ်းခဲ့ကြသည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ငရဲကိုးထပ် ဝင်ရောက်မည်ကို ထိပ်တန်းသိုင်းသမားများ အာရုံမစိုက်နိုင်ရန်အတွက် မီးတောက်မိစ္ဆာများက အာရုံလွှဲခဲ့ကြခြင်း ဖြစ်သည်။

ထိုစဉ်က မီးတောက်မိစ္ဆာဘုရင်တစ်ယောက်စီက တိုက်ပွဲတစ်ခုစီကို ဦးဆောင်ခဲ့သဖြင့် ယခု မီးတောက်မိစ္ဆာဘုရင်နှစ်ယောက် အရှေ့ပင်လယ်သို့ အတူတူရောက်လာကြသည့်အခါ မည်သူမှ အလွန်အမင်းထိတ်လန့်ခြင်း မဖြစ်ခဲ့ကြပေ။

ယခု လူအများစိုးရိမ်သည်မှာ မီးတောက်မိစ္ဆာများဘက်မှ အင်အားဖြည့်ပေးမည့် မဟာမီးတောက်မိစ္ဆာဘုရင်လို ပုဂ္ဂိုလ်မျိုး တည်ရှိနေမည်လားဆိုသည့်အချက်ဖြစ်သည်။ ထိုသို့သောတည်ရှိမှုသာ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဝင်ရောက်လာပါက အခက်တွေ့နိုင်သည်။

ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ဂရုတစိုက်ထိန်းသိမ်းရင်း ရေခဲစူးချွန်ကိုးခုကို ဆက်လက်ပြုလုပ်နေသည်။

သို့သော် အားဟူက လျှင်မြန်စွာပင် သတင်းဆိုးတစ်ခုနှင့် ပြန်လည်ရောက်ရှိလာသည်။

ရန်ကျောက်ကဲက အခန်းထဲဝင်လာသည့်အားဟူကိုကြည့်ရင်း အံ့အားသင့်စွာမေးလိုက်သည်။

“ဘာ... သူတို့အကုန်လုံး သဲလွန်စမကျန် ပျောက်သွားကြတယ် ဟုတ်လား ၊ မီးတောက်မိစ္ဆာတွေ အကုန်လုံး ပျောက်ကွယ်သွားတာလား”

အားဟူက အလွန်တရာ လေးနက်သည့် မျက်နှာထားဖြင့်...

“အခြေအနေက မရှင်းလင်းဘူး ၊ အကြီးအကဲ’ဖူ’ နဲ့ တခြားသူတွေအကုန်လုံး သူတို့ကို အသဲအသန် လိုက်ရှာနေကြတယ် ၊ မီးတောက်မိစ္ဆာဘုရင်(၂)ယောက် ခေါင်းဆောင်တဲ့ ထိပ်တန်းမီးတောက်မိစ္ဆာတွေအကုန်လုံး ပျောက်ကွယ်သွားတာ ၊ ဂေဟာသခင်မ ‘အန်းချင်လင်’ ၊ အကြီးအကဲ’ဖူ’ နဲ့ တခြားသူတွေ လောလောဆယ် ဘယ်ရောက်နေလဲ မသိရဘူး”

ရန်ကျောက်ကဲက မျက်ခုံးများကို တွန့်ချိုးရင်း...

“ဒီလိုဖြစ်ဖို့ မျှော်လင့်မထားဘူး ၊ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ”

မီးတောက်မိစ္ဆာများ၏ သဘောသဘာဝက ကြမ်းတမ်းကြသည်။ သူတို့က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပြဿနာမရှာဘဲ နေထိုင်မည်ဆိုလျှင်တောင်မှ သူတို့၏တည်ရှိမှုကြောင့် လောကတစ်ခွင်ရှိ ဝိညာဉ်စွမ်းအားလှည့်ပတ်မှုများနှင့် ချီစွမ်းအားစီးဆင်းမှုများ လောင်ကျွမ်းသွားမည်ဖြစ်ရာ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ကြီးမားစွာ ထိခိုက်ပျက်ဆီးစေမည် ဖြစ်သည်။

မီးတောက်မိစ္ဆာတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလေ သက်ရောက်မှုများ ဆိုးရွားလေဖြစ်သည်။ ထို့အတူ ကျင့်ကြံခြင်းအဆင့်မြင့်မားလေ သူတို့၏တည်ရှိမှုကို ဖုံးကွယ်ရန်ခက်ခဲလေ ဖြစ်သည်။

လူသားကျင့်ကြံသူများ၏ သိုင်းပညာရှင်အဆင့်နှင့်ညီမျှသော မီးတောက်မိစ္ဆာများအတွက် အဆင်ပြေသော်လည်း သိုင်းဆရာသခင်အဆင့်နှင့်ညီမျှသော မီးတောက်မိစ္ဆာများဆိုလျှင်တော့ သူတို့ကိုယ်သူတို့ ဖုံးကွယ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထိပ်တန်းအဆင့် မီးတောက်မိစ္ဆာများက သူတို့၏ရောင်ဝါကို ထိန်းချုပ်ပြီး ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသော လူသားသိုင်းသမားများကို လှည့်စားနိုင်သော်လည်း ကျင့်ကြံခြင်းအဆင့်တူညီသူများကိုလှည့်စားရန်ကတော့ အလွန်ခက်ခဲမည် ဖြစ်သည်။

သူတို့၏ရောင်ဝါများက ညကောင်းကင်တွင်တောက်ပနေသော မီးတောက်များပမာ တာက်ပနေကြသည် မဟုတ်ပါလား။

သို့သော် ယခုတော့ မီးတောက်မိစ္ဆာများအားလုံး အမြီးပင်မမြင်ရအောင် သဲလွန်စမကျန် ခြေရာဖျောက်သွားကြသည်။ သိုင်းသူတော်စင်’အန်းချင်လင်’ နှင့် ထူးကဲယင်သရဖူသည်ပင် သူတို့ မည်သည့်နေရာရောက်သွားမှန်း အာရုံမခံနိုင်ခဲ့ကြပေ။ ဤသည်က မကြုံဖူးသောကိစ္စပင်။

အားလုံးကို ပိုပြီးသတိရှိသွားစေသည်မှာ မီးတောက်မိစ္ဆာဘုရင်နှစ်ယောက်သာလျှင် သဲလွန်စမကျန် ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ သူတို့နှင့်အတူ များပြားလှစွာသော မီးတောက်မိစ္ဆာအုပ်စုကြီး ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ရန်ကျောက်ကဲမျက်ဝန်းများ အုံ့မှိုင်းသွားသည်။

အခန်းတံခါးကိုတွန်းဖွင့်ကာ အပြင်သို့ကြည့်လိုက်တော့ ကျောက်စိမ်းပင်လယ်မြို့တော်တစ်ခုလုံး မငြိမ်မသက်ဖြစ်နေကြောင်း ရန်ကျောက်ကဲ တွေ့မြင်ရသည်။

အောက်ခြေသိုင်းသမားများက သာမန်လူများကဲ့သို့ပင် မြို့တော်သခင်’စုန့်ဝူလျန်’ တံခါးပိတ်ကျင့်ကြံနေသည်ကို မသိကြ‌ပေ။

သို့သော် ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံစဉ်ကလိုပင် ဖြစ်သည်။ ကျောက်စိမ်းပင်လယ်မြို့တော်၏ အဆင့်မြင့်ထိပ်တန်းအကြီးအကဲများက ကွဲအက်လွယ်သော လက်ရှိအခြေအနေကို သိရှိထားကြသည်။

အရှေ့ပင်လယ်မှ တိုက်ပွဲအခြေအနေ ထူးဆန်းစွာပြောင်းလဲသွားသည်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲများက ကျောက်စိမ်းပင်လယ်မြို့တော်ကို ကာကွယ်ရန် ပထမဦးစားပေး စီစဉ်ကြသည်။

သို့ရာတွင် မလိုလားအပ်သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုများကို တားဆီးရန်အတွက် သူတို့စတင်လှုပ်ရှားမည်ဖြစ်ကြောင်း ပြင်ပလောကသို့ ပြတ်ပြတ်သားသား မကြေငြာခဲ့ကြပေ။

အရှေ့နဂါးကျွန်းတွင်ရှိနေသော အကြီးအကဲများအားလုံး အထူးသတိထားနေကြပြီး ကျောက်စိမ်းပင်လယ်မြို့တော်၏ ပင်မအစီအရင်ကို အချိန်မရွေး အသက်သွင်းရန် ပြင်ဆင်ထားသည်။

ရန်ကျောက်ကဲက လေထဲသို့ ပျံသန်းထွက်ခွာသွားပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။

မိုးကုတ်စက်ဝိုင်းဆီတွင် ပင်လယ်ဒီရေလှိုင်းများ တဟုန်ထိုးမြင့်တက်လာပြီး အဆုံးမရှိသောပင်လယ်လှိုင်းလုံးကြီးများက နေရာပေါင်းစုံမှ ကောင်းကင်ထက်သို့ မြင့်တက်လာသည်။

ထိုခဏတွင် ပြည်မကြီးကဲ့သို့ ကျယ်ပြန့်ကြီးမားသောကုန်းမြေတစ်ခုဖြစ်သည့် အရှေ့နဂါးကျွန်းကြီးသည် ပင်လယ်ရေများ ဝါးမျိုခြင်းခံရပြီး ပင်လယ်ထဲ နစ်မြုပ်သွားတော့မည်လား ထင်မှတ်ရသည်။

ရေလှိုင်းများမြင့်တက်လာပြီး ကောင်းကင်ထက်လွင့်ပျံလာသဖြင့် ကောင်းကင်ပြာပြာနှင့် နေမင်းကိုပင် မမြင်ရတော့ပေ။

ကြီးမားလှသော အရှေ့နဂါးကျွန်းကြီးသည် ရေအောက်ကမ္ဘာသို့ ရောက်သွားတော့မည့်အလားပင်။

ထိုအချိန်...

မ‌ရေမတွက်နိုင်သော နက်ရှိုင်းရှုတ်ထွေးသည့် ကျောက်စိမ်းပြာရောင် ဝိညာဉ်သင်္ကေတများထွက်ပေါ်လာသည်။ ရေမျက်နှာပြင်ထက်တွင် ကျောက်စိမ်းပြာရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပလာကာ ကြည်လင်သည့်ရေလိုက်ကာတစ်ခုပမာ အကြေးခွံပုံသဏ္ဌန်အစီအရင်ကြီးတစ်ခု ထွက်ပေါ်လာပြီး အရှေ့နဂါးကျွန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်ကို ဗဟိုပြုဝန်းရံကာကွယ်လိုက်သည်။

အားဟူက...

“ဒါက ကျောက်စိမ်းပင်လယ်မြို့တော်ရဲ့ ကျောက်စိမ်းပင်လယ် ပင်မအစီအရင်လား ၊ တကယ့်ကို အထင်ကြီးစရာပါပဲ…”

စကားမဆုံးမီပင် အားဟူ၏မျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်သွားရသည်။

ရန်ကျောက်ကဲကတော့ သူ၏ဦးခေါင်းထက်မှ ပင်မအစီအရင်ကြီးကို မျက်တောင်မခတ် စူးစိုက်ကြည့်နေ၏။

အဝေးတစ်နေရာမှ အနီရောင်အလင်းတန်းတစ်ခု ကြောက်မက်ဖွယ်ရာ မြင့်တက်လာပြီး ရေလိုက်ကာပမာကြည်လင်သော ပင်မအစီအရင်ကြီးထက်သို့ ကျရောက်လာသည်။

ပင်လယ်ရေပြင်ကို ထိုးခွင်းထွက်ပေါ်လာသည့် အဆုံးမရှိလောင်ကျွမ်းနေသော မီးတောက်များက ပင်လယ်ပြင်ကိုပင် ပေါက်ကွဲထွက်စေတော့မည့်အလား ထင်မှတ်ရသည်။

ကြမ်းတမ်းပြင်းထန်သော အနီရောင်မီးတောက်က ကျောက်စိမ်းပင်လယ်မြို့တော်ကို လွှမ်းခြုံထားသော ပင်မအစီအရင်ထက်သို့ ကျရောက်လာသည်။ မီးတောက်က ပြင်းထန်လွန်းပြီး ကောင်းကင်တစ်ဖက်စွန်းမှ အခြားတစ်ဖက်သို့ မျဉ်းကြောင်းတစ်ခုပမာချိတ်ဆက်လျှက် ကြေကွဲဖွယ်ရာ အမာရွတ်တစ်ခုပမာ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်တည်သွားသည်။

ပိုပြီးကြောက်စရာကောင်းသည်မှာ ထိုအနီရောင်မီးတောက်အက်ကွဲကြောင်းကြီးအား ကန့်လန့်ဖြတ်လျှက် နောက်ထပ်မီးတောက်မျည်းကြောင်းတစ်ခု ထပ်မံကျရောက်လာြခင်း ဖြစ်၏။

ကြက်ခြေခတ်မီးတောက်အက်ကွဲကြောင်းကြီးနှစ်ခုက ပင်မအစီအရင်ကြီး၏ ကြည်လင်သောရေလိုက်ကာမျက်နှာပြင်ကို ပျက်ဆီးသွားစေပြီး ကျောက်စိမ်းပြာရောင် ဝိညာည်သင်္ကေတများ အက်ကွဲကုန်ကြသည်။

သူတို့ဦးခေါင်းထက်မှ ကျောက်စိမ်းပင်လယ် ပင်မအစီအရင်သည် အတင်းအကျပ် ဆုတ်ဖြဲခံလိုက်ရဟန်တူသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ မျက်လုံးများ မှေးစင်းလိုက်ရင်း...

“ဒီကောင်တွေက ဒီကိုလာတိုက်ကြတာကိုး...”

All Chapters