← Chapters

အခန်း (၄၂၀)

Vol. 32 Ch. 420

အခန်း (၄၂၀)

Vol. 32 Ch. 420

“ခွေးကောင်… မင်းမေ..!”

ကျိုးချူသည် မြေပြင်တွင် မှောက်လျက်သားဖြင့် ချင်းဟူအား ဘေးစောင်းစူးစိုက်ကြည့်ကာ ဒေါသတကြီး ဆဲရေးသည်။

ချင်းဟူသည် မျက်နှာအမူအရာပြောင်းလဲသွားပြီး ကျိုးချူ၏မျက်နှာကို ဖိနင်းလိုက်သည်။

“ထပ်ဆဲကြည့်စမ်း၊ မင်းဘယ်လောက် သတ္တိရှိလဲ ကြည့်ဦးမယ်!”

“မင်းမေ… အား…”

ကျိုးချူသည် နာကျင်စွာအော်ဟစ်၏။ ချင်းဟူသည် မည်းမှောင်နေသော မျက်နှာအမူအရာဖြင့် ပြောသည်။

“သောက်‌သုံးမကျတဲ့ သားမက်ကောင်ကများ ငါ့အမေကို ဆဲရဲ‌တယ်ပေါ့လေ။ ငါဒီနေ့ မင်းကို သတ်လိုက်ရင်တောင်မှ ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး သိရဲ့လား”

“အဟွတ် အဟွတ်… စောင့်နေလိုက်၊ ကျိုစစ်က ငါ့အတွက် လက်စားချေပေးလိမ့်မယ်။ ကျားဖြူခန်းမက ဒီကိစ္စကို ဘာမှမလုပ်ဘဲ ကျော်သွားမှာမဟုတ်ဘူး!”

“အို တကယ်လား?”

ချင်းဟူသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကျိုးချူကို ဆံပင်မှ ဆွဲမကာ မျက်နှာကို နှစ်ချက်ရိုက်နှက်သည်။

“အခုထိ အကြောမာနေသေးတယ်ပေါ့လေ ဟမ်? ပြောစမ်း! မင်းရဲ့ဇနီးက ပြည့်တန်ဆာမပါလို့!”

ဖြန်း ဖြန်း…

“ပြောစမ်း! ချန်ကျိုစစ်က အဖေနဲ့အစ်ကိုကို ပြန်သတ်တဲ့ တိရစ္ဆာန်ကောင်ပါလို့ ပြောစမ်း!”

“_ီးပဲ!”

ကျိုးချူ၏လက်အောက်ငယ်သားများမှာ ဒေါသထွက်နေကြသည်။ သူတို့၏ခေါင်းဆောင်သည် အရှက်ခွဲစော်ကားခံနေရရာ သူတို့အဘယ်သို့များ ခံနိုင်ရည်ရှိပါအံ့နည်း။

ရုတ်တရက် လက်အောက်ငယ်သားတစ်ဦးသည် ဒေါသဖြင့် အော်ဟစ်လျက် ရှေ့သို့ တစ်ဟုန်ထိုးပြေးဝင်ရန် ပြင်သည်။

“မလုပ်နဲ့၊ မလာခဲ့နဲ့!”

ကျိုးချူသည် ဒေါသပြင်းထန်စွာ အော်ဟစ်‌ပြောဆိုသည်။ သူ၏ပါးစပ်မှ သွေးများစီးကျနေ၏။

“မင်းမှာ သတ္တိရှိရင် ငါ့ကိုသတ်လိုက်စမ်းပါ၊ လာ သတ်လိုက်လေ!”

ချင်းဟူသည် ခေါင်းငုံ့လျက် သရော်လှောင်ပြောင်ဟန်ဖြင့် ရယ်မောသည်။

“မင်းကိုသတ်ရမယ်? ဆုတောင်းလေ!”

“ဟား မင်းကြောက်နေတာပဲ၊ ကြောက်နေတာပဲ။ မင်းငါ့ကို မသတ်ရဲပါဘူး ဟုတ်တယ်မလား?”

“မင်းအသံကျယ်ကျယ်နဲ့ ဟစ်ကြွေးပြီး သန်မာချင်ယောင်ဆောင်နေပေမဲ့ မင်း ကျိုစစ်ကို ကြောက်နေတယ်မလား”

“ငါက သူ့ကိုကြောက်တယ်? ငါက စွမ်းအင်ပြောင်းလဲခြင်းအဆင့်၊ ငါ့ညီကလည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်၊ ငါ့အစ်ကိုကြီးကလည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်ပဲကို ငါက သူ့ကိုကြောက်ရမှာတဲ့လား”

ချင်းဟူသည် အထင်မြင်သေးဟန်ဖြင့် ပြောသည်။ သို့တိုင် သူ၏မျက်လုံးများထဲတွင် ရှောင်လွှဲဝေ့ဝိုက်လိုသည့် အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။

“မကြောက်ဘူးလား? ဒါဆို ငါ့ကိုသတ်လိုက်လေ!”

မျက်နှာတစ်ခုလုံး သွေးများဖုံးလွှမ်းနေသည့်တိုင် ကျိုးချူသည် ချင်းဟူအား အထင်အမြင်သေးသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

“မင်းက သေချင်နေတာပဲ။ ဒါဆို ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်!”

ကျိုးချူ၏ မထီမဲ့မြင်သော မျက်နှာအမူ‌အရာကြောင့် ချင်းဟူသည် ဒေါသပေါက်ကွဲကာ ကျိုးချူ၏မျက်နှာကို နောက်တစ်ကြိမ်ရိုက်နှက်ရန် လက်မြှောက်လိုက်သည်။ ကျိုးချူအား အမှန်တကယ် အသတ်နုတ်ဖို့ရာတော့ သူမဝံ့ရဲပါချေ။

သို့သော် ချင်းဟူ လက်မြှောက်လိုက်ချိန်တွင် သူ၏နောက်ဘက်မှ တစ်စုံတစ်ရာသည် နေရောင်ခြည်ကို ပိတ်ဆို့သွားခြင်းအား ခံစားမိလိုက်သည်။ အရိပ်တစ်ခုသည် သူ့ကို ဝါးမြိုဖုံးလွှမ်းသွား၏။

ကျိုးချူ၏ သွေးလွှမ်းသော မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။

မင်း‌ နောက်ဆုံးတော့ ရောက်လာပြီပဲ~

ချင်းဟူ နောက်လှည့်ကြည့်လိုက်ရာ နေရောင်ခြည်ကို ပိတ်ဆို့နေသည့် ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ ထိုပုံရိပ်‌ပိုင်ရှင်၏ မျက်နှာအမူအရာမှာ ကြက်သီးထ‌ဖွယ်ကောင်းလောက်အောင် အေးစက်နေခဲ့သည်။

“ချန် ချန်ကျိုစစ်!”

ချင်းဟူ၏ မျက်လုံးအစုံ၌ ကြောက်ရွံ့ထိတ်လန့်ခြင်းများ ပြည့်နှက်သွားခဲ့၏။

ထိုအခါ ချန်ကျဲ့မှ ချင်းဟူကို ပြောသည်။

“ချင်းဟူ ဟုတ်လား?”

ထိုစကားသံထွက်အံလာချိန်တွင် ချန်ကျဲ့၏ လက်ဝါးရိုက်ချက်သည် ချင်းဟူထံ ကျရောက်ခဲ့ပြီး ဖြစ်လေသည်။

လက်ဝါးရိုက်ချက်၏ အဟုန်သည် ပြင်းထန်ကာ ရက်စက်ကြမ်းကြုတ်သည်။ ချင်းဟူသည် ထိတ်လန့်သွားပြီး ရှောင်တိမ်းရန် ကြိုးစားခဲ့သော်ငြား နောက်ကျသွားခဲ့လေပြီ။ ချင်းဟူသည် ချန်ကျဲ့၏ မိုးကြိုးသွားအလား လက်ဝါးရိုက်ချက်တွင် လူတစ်ကိုယ်လုံး အဝေးသို့ လွင့်ထွက်သွားခဲ့သည်။

ဘုန်း!

ချင်းဟူ၏ ခန္ဓာကိုယ်သည် နံရံတစ်ချပ်နှင့် တိုက်မိသွားပြီး နံရံသည် အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့သည်။

ချင်းဟူသည် ပါးစပ်အပြည့် သွေးတစ်ပွက် အန်ထွက်သွား၏။

ဖုန်မှုန့်များ ပေကျံညစ်ပတ်‌လျက် ချင်းဟူသည် ပြန်ထရပ်ရန် ရုန်းကန်‌နေသည်။

သို့သော် သူ မတုံ့ပြန်မီ၌ပင် ချန်ကျဲ့သည် သူ့ကို အပေါ်စီးမှ ငုံ့ကြည့်နေခဲ့ပြီး အင်္ကျီလည်ပင်းစမှ ဆွဲမလိုက်သည်။

သံမဏိလက်ဝါးသိုင်းသည် အလွန်အင်အားကြီးမားသော ရိုက်ချက်အဖြစ်သို့ ပြောင်းလဲသွား၏။

ချန်ကျဲ့၏ လက်ဝါးတစ်ချက်တွင် ချင်းဟူ၏မျက်နှာသည် ပုံစံပျက်ယွင်းသွားရကာ သွားလေးချောင်းခန့် ကျွတ်ထွက်သွားခဲ့သည်။

ချန်ကျဲ့မှ နားပင် ကန်းစေလောက်သော အားဖြင့် နှစ်ချက်ထပ်ရိုက်လိုက်ရာ ချင်းဟူမှာ သွေးများ ထပ်အန်လာတော့သည်။

ဤအဖြစ်အပျက်များသည် မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ချန်ကျဲ့သည် နောက်ထပ် အညှာအတာမဲ့စွာ ထပ်မံရိုက်နှက်‌တော့မည်တွင် ရုတ်တရက် လူတစ်ယောက်မှ အော်ပြောလာခဲ့၏။

“ချန်ကျိုစစ် မင်းက ငါ့ညီကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ!”

ဂါး!

လင်းယုန်ဟစ်ကြွေးသံနှင့်အတူ အနီးရှိ လက်ဖက်ရည်ဆိုင်မှ လူတစ်ယောက် ဆင်းလာသည်။ ထိုလူ၏လက်မောင်းနှစ်ဖက်သည် ဂဠုန်ငှက်တစ်ကောင်၏ ငွားငွားစွင့်စွင့်သော အတောင်ပံများအလား ချန်ကျဲ့ထံ တစ်ဟုန်ထိုး ဦးတည်လာသည်။

ထိုသူမှာ ချင်းယင်ဖြစ်သည်။

ချင်းယင်သည် ထိုနေရာတွင် တစ်ချိန်လုံးရှိနေခဲ့၏။ ဒီနေ့ ချင်းဟူနှင့်အတူ ယုံချန်းလမ်းမကြီးကို မိမိတို့ အပိုင်သိမ်းထားမည့်အကြောင်း ပြောခဲ့ချိန်တွင် ချင်းယင်သည်လည်း တပ်မက်မိခဲ့သည်။

ယုံချန်းလမ်းမသည် အလွန်ချမ်းသာကြွယ်ဝ၏။ လမ်းမနှစ်ခုပေါင်းခြင်းထက်ပင် ပို၍ ကြွယ်ဝသေးသည်။ ဤသို့ ကြွယ်ဝမှုကြီးအား သူလက်လွှတ်မခံနိုင်ပါချေ။

ထို့ပြင် ချင်းယင်သည် ချင်းဟူ၏စကားကို စိတ်ထဲစွဲထင်နေခဲ့၏။

“ဟုတ်တယ်၊ လင်းယုန်ခန်းမမှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သုံးယောက်ရှိနေတာကို ချန်ကျိုစစ်တစ်ယောက်ကို ဘာလို့ ကြောက်နေရမှာလဲ။ ဟုတ်တယ်၊ ယုံချန်းလမ်းမကို ပြန်မပေးဘဲ ငါတို့ပဲ အပိုင်သိမ်းယူမယ်။ ချန်ကျိုစစ် ဘာလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့”

ထို့ကြောင့် ချင်းဟူ ဒီနေ့တစ်နေ့လုံး လုပ်ဆောင်ခဲ့သည့်ကိစ္စများ၊ ခုနက ကျိုးချူကို စော်ကားပြုမူခြင်းများ အားလုံးကို သူမြင်တွေ့နေခဲ့သည့်တိုင် ချင်းယင်သည် လူမြင်ကွင်းသို့ ပေါ်‌ထွက်မလာခဲ့ခြင်းဖြစ်သည်။

သို့သော် ချန်ကျဲ့ ရုတ်တရက်ရောက်လာပြီး သူ၏ညီဖြစ်သူအား ရက်ရက်စက်စက် တိုက်ခိုက်ချိန်တွင်တော့ ချင်းယင်သည် သည်းမခံနိုင်တော့ပေ။

သို့ဖြင့် ချင်းဟူသည် လက်ဖက်ရည်ဆိုင်အပေါ်ထပ်မှ ခုန်ဆင်းကာ ချန်ကျဲ့ဆီသို့ ကြီးမြတ်လှသည့် လင်း‌ယုန်တစ်ကောင်အလား တစ်ဟုန်ထိုး ချီတက်ခဲ့သည်။ လက်‌များကို လင်းယုန်လက်သည်းကဲ့သို့ ပြောင်းလဲစေခဲ့ပြီး သူ၏အမှတ်သင်္ကေတသိုင်းပညာဖြစ်သော သွေးလင်းယုန်လက်သည်းသိုင်းကို အသုံးပြု၍ ချန်ကျဲ့ကို ဦးတည်တိုက်ခိုက်သည်။

ဝှစ် ဝှစ်…

ချင်းယင်မှ တိုက်ခိုက်လာသည်ကို မြင်သောအခါ ချန်ကျဲ့၏မျက်လုံးအကြည့်များသည် စူးရဲထက်ရှသွား၏။ ချန်ကျဲ့သည် ချင်းဟူကို မြေပြင်သို့ အရှိန်ပြင်းပြင်း ပစ်ပေါက်လိုက်ပြီးနောက် ချင်းဟူ၏ကျောပေါ်သို့ ဖိနင်းထားရင်း ချင်းယင်၏တိုက်ခိုက်မှုကို ရင်‌ဆိုင်တိုက်ခိုက်သည်။

ချင်းယင်၏အင်အားသည် အစောင့်အရှောက်ကြီး၁၃ဦးထဲတွင် အားအနည်းဆုံးဟု ဆိုနိုင်ပေသည်။ အကြောင်းမှာ သူ၏ သွေးလင်းယုန်လက်သည်းသိုင်းသည် ပြစ်ချက်ရှိသောကြောင့် ဖြစ်သည်။ ချင်းယင်သည် ‌၎င်းပြစ်ချက်ကို ဖာထေးနိုင်မည့်နည်းလမ်းကို နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့ပြီး မကြာသေးခင်ကမှ နည်းလမ်းတစ်ခု ရှာတွေ့ခဲ့သည်။ များများလေ့ကျင့်လိုက်ပါက သူ၏အင်အားသည် သေချာပေါက် ခုန်တက်မြင့်တက်သွားပေလိမ့်မည်။

သူ၏အမြင်၌ ချန်ကျဲ့၏အင်အားသည် သူ၏အင်အားထက် အများကြီးသာလွန်နေခြင်းမျိုး မဟုတ်ပါချေ။

ထို့ကြောင့် ချင်းယင်သည် လက်နှစ်ဖက်စလုံးကို လင်းယုန်လက်သည်းအဖြစ် ပြောင်းလဲတိုက်ခိုက်သော သိုင်းကွက်ဖြင့် ချန်ကျဲ့ကို ဦးတည်တိုက်ခိုက်ခဲ့သည်။ သို့သော် ထိုအခိုက်တွင် ချန်ကျဲ့သည် လက်ကို ရုတ်ချည်းဆန့်ထုတ်၍ စကားတစ်ခွန်းမှ မဆိုဘဲ တိုက်ရိုက်တိုက်ခိုက်သည်။

သံမဏိလက်ဝါးသိုင်း၈ကွက်မြောက်သိုင်းကွက်!

ဂါး ဂါးး!

ချင်းယင်သည် ချန်ကျဲ့ကို ဦးတည်တိုက်ခိုက်နေစဉ်တွင် သူ၏ရှေ့တွင် နဂါးတစ်ကောင်ပေါ်ထွက်လာသည်ဟု ခံစားလိုက်ရသည်။ နောက်တဒင်္ဂ၌ ချင်းယင်သည် မိမိကိုယ်ကိုယ် မလှုပ်ရှားနိုင်တော့ကြောင်း သိလိုက်ရသည်။

ထို့နောက် သူ့ထံ အရှိန်ပြင်းစွာ ဦးတည်လာသည့် ချန်ကျဲ့၏လက်ဝါးရိုက်ချက်ကို မြင်လိုက်ရသည်။

ချင်းယင်သည် ထိတ်ပျာသွားပြီး လင်းယုန်လက်သည်းသိုင်းဖြင့် အမြန်ဟန့်တားရန် ကြိုးပမ်းသည်။

ထို့နောက် ကျယ်လောင်သည့်အသံကြီးနှင့်အတူ ချင်းယင်သည် အနောက်သို့ လွင့်ထွက်သွားခဲ့ကာ ခြေလှမ်းဆယ်လှမ်းခန့်သော အကွာအဝေးသို့ရောက်မှ ရပ်တန့်သွားခဲ့သည်။ ထိုအခါ ချင်းယင်သည် ချန်ကျဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်၏။

ဒါက…

ဒါက ၈ကွက်မြောက်သိုင်းကွက်ဆိုတာပဲ!

ချန်ကျဲ့ ချင်းယင်ကိုကြည့်၍ ပြောလိုက်သည်။

“ချင်းယင် ဒီနေ့ဒီအဖြစ်အပျက်က ခင်ဗျားရဲ့အကြံအစည်မလား”

“မင်းဘာပြောတာလဲ? ငါနားမလည်ဘူး!”

ချင်းယင်သည် တုန်‌ရီနေသည့် ညာလက်ကို ကျောနောက်သို့ လွှဲရပ်လိုက်ပြီး အရှိန်အဝါကြီးမားတည်ငြိမ်ဟန်ကို ကြိုးစားထိန်းသိမ်းနေသည်။ သို့တိုင် စိတ်လှုပ်ရှားမှုအရိပ်အယောင်အချို့ ထင်ဟပ်နေဆဲပင်။

“အို ဒါဆိုရင်တော့ ကိစ္စတွေက ရိုးရှင်းသွားပြီပေါ့။ ခင်ဗျားရဲ့အကြံအစည်မဟုတ်ဘူးဆိုရင် တခြားတစ်ယောက်က ကုန်သည်အဖွဲ့ခေါင်းဆောင်နန်ရဲ့ အမိန့်ကို မနာခံဘဲနဲ့ ကျုပ်ရဲ့လူကို အန္တရာယ်ပြုခဲ့တာပေါ့ ဟုတ်တယ်မလား”

ထိုသို့ပြောနေရင်း ချန်ကျဲ့သည် ညာဘက်မျက်နှာတစ်ခြမ်းလုံး ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းနေသည့် ချင်းဟူကို ဆွဲမ,ပြသည်။ ချန်ကျဲ့၏ မျက်လုံးအကြည့်များကြောင့် ချင်းယင်မှာ ကြောက်ရွံ့ချောက်ချားစိတ်များ လှိုက်တက်လာရသည်။

“ဘာလဲ မင်းက ဘာလုပ်ချင်တာလဲ!”

“ကျုပ်ဘာလုပ်ချင်တာလဲတဲ့လား?”

ချန်ကျဲ့၏ မျက်နှာအမူအရာသည် အေးစက်သွား၏။

“သွေးကို သွေးနဲ့ပဲ ပြန်ပေးဆပ်ရမယ်”

ထိုသို့ပြောလျက် ချန်ကျဲ့သည် ချင်းယင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ချင်းယင်၏ရှေ့၌ပင် ချင်းဟူ၏မျက်နှာကို နှစ်ချက်ရိုက်နှက်လိုက်၏။

ဖြန်း ဖြန်း~

“ချန်ကျိုစစ်!”

ချင်းယင်မှ ဒေါသတကြီး အော်လိုက်၏။

ဒါက ချင်းဟူကို ရိုက်နေတာတဲ့လား? ဒါက ငါ့မျက်နှာကို ဖြတ်ရိုက်နေတာပဲလေ။

ချန်ကျဲ့ ချင်းယင်ကို စိုက်ကြည့်၍ ပြောသည်။

“မကြိုက်ဘူးလား? ဒါဆို ခင်ဗျားလာပြီး သူ့အတွက် တိုက်ခိုက်လေ”

“မဟုတ်ရင်တော့ ငြိမ်ငြိမ်နေလိုက်!”

ထိုသို့ပြောလျက် ချန်ကျဲ့သည် ချင်းဟူကို အင်္ကျီလည်ပင်းစမှ ဆွဲကာ ခွေးသေတစ်ကောင်ကို သယ်နေသည့်အလား လမ်းမပေါ်သို့ တရွတ်တိုက်ဆွဲသွားခဲ့သည်။

ထို့နောက် ချင်းဟူကို ဆွဲမလိုက်ပြီးနောက် မတ်တပ်ထရပ်နေပြီဖြစ်သည့် ကျိုးချူကို လှည့်ပြောသည်။

“လောင်ကျိုး သူ့ကို အချက်တစ်ရာလောက် ရိုက်နှက်ပြီး သင်ခန်းစာပေးလိုက်”

“ချန်ကျိုစစ် မင်းလုပ်ရဲလား မင်း မင်း…”

ထိုအခါ ချင်းယင်သည် ချန်ကျဲ့ကို ဒေါသတကြီးဖြင့် စူးရဲစွာကြည့်နေခဲ့သည်။ သို့သော် မတိုက်ခိုက်ရဲပါချေ။ ခုနက တိုက်ခိုက်မှုအပြီးတွင် သူ၏ညာလက်မောင်းမှာ ကျိုးတော့မည်ကဲ့သို့ ခံစားနေရ၏။

သူလုပ်နိုင်သည်မှာ အော်ဟစ်ခြင်းသာ ရှိလေသည်။

ချန်ကျဲ့ ကျိုးချူကို ညွှန်ကြားသည်။

“သူ့ကို ဂရုစိုက်မနေနဲ့။ ရိုက်သာရိုက်၊ ပြင်းပြင်းလေးရိုက်”

“အင်း!”

ထိုအခါ ကျိုးချူသည် ပါးစပ်မှ သွေးတစ်ပွက်ခန့် ထွေးထုတ်လိုက်ပြီးနောက် ပျော်ရွှင်မြူးထူးစွာ စတင်ရိုက်နှက်တော့သည်။

အနီးအနားရှိ လမ်းသွားလမ်းလာများသည် အသီးသီးလက်ညှိုးညွှန် တီးတိုးပြောဆိုကြလျက် ပွဲကြည့်နေကြသည်။ ထိုစဉ် ချန်ကျဲ့မှ ချင်းဟူကို ကြည့်၍ ပြောသည်။

“ကျုပ် မင်းကို အခွင့်အရေးမပေးဘူးလို့တော့ မပြောနဲ့နော်။ မင်း နာကျင်မှုကို ကြောက်တယ်ဆိုရင် ‘သခင်ကြီးကျိုး ကျေးဇူးပြုပြီး ရပ်ပါတော့’လို့ လေးလေးစားစားလေး အော်ပြောလိုက်ရုံပဲ။ အဲဒါဆို မင်းကို လွှတ်ပေးမယ်။ မဟုတ်ရင်တော့… ဆက်အရိုက်ခံနေလိုက်ပေါ့”

“လောင်ကျိုး အဲဒီလောက်က ရိုက်တယ်လို့မခေါ်နိုင်ဘူးလေကွာ။ လာကြ၊ ကျားဖြူခန်းမညီနောင်တို့ တန်းစီကြ။ အားလုံးပဲ သူ့ကို တစ်ယောက်တစ်ချက်စီ ရိုက်ကြမယ်။ ကျိုးချူ မင်းက ညီနောင်တွေရိုက်ဖို့အတွက် သူ့ကို တည့်တည့်ထိန်းပေးထားလိုက်။ လာကြ ညီနောင်တို့ သူ့ကိုရိုက်ကြ!”

ချန်ကျဲ့သည် လက်အောက်ငယ်သားတစ်ရာအား ချင်းဟူကို ရိုက်နှက်ရန် ညွန်ကြားလိုက်သည်။ ဤနည်းဖြင့် ချင်းဟူ၏စိတ်ဓာတ်ကို ပြိုလဲစေရန်မှာ အချိန်တိုလေးသာ လိုအပ်ပါ၏။ အထူးသဖြင့် သူ၏အစ်ကိုချင်းယင် ဘာမျှလုပ်ပေးနိုင်သည့် အင်အားမရှိဘဲ ဒီတိုင်းရပ်ကြည့်နေရမည်ဖြစ်သောကြောင့် ပို၍ဆိုးရွားပေလိမ့်မည်။

ချင်းယင်သည် အမျက်ဒေါသဖြင့် အံကိုတင်းတင်းကြိတ်ထားသော်ငြား ဘာမျှမတုံ့ပြန်ရဲပေ။

ထိုစဉ် အဝေးမှ သတင်းပို့ဆောင်သူတစ်ဦး ပြေးလွှားရောက်ရှိလာသည်။ ချင်းယင်သည် ထိုသတင်းပို့သူကို မြင်သောအခါ နောက်ဆုံးတော့ ဌာနချုပ်မှ လာရောက်ကူညီလေပြီဟူသော အတွေးဖြင့် ဝမ်းသာသွားခဲ့သည်။ ချင်းယင်မှ မေးလိုက်သည်။

“ခေါင်းဆောင်နန်က ဘာအမိန့်ပေးလိုက်သလဲ”

ချန်ကျဲ့လည်း သတင်းပို့သမားကို ကြည့်လိုက်သည်။

ကပ်သီးလေး လာကယ်တာလား?

သတင်းပို့သမားသည် အနီးသို့ရောက်လာပြီးနောက် အရိုအသေပြုသည်။

“ခန်းမအရှင်သခင်ချင်း၊ သခင်၅၊ ခေါင်းဆောင်နန်က ဌာနချုပ်မှာ ကိစ္စအချို့ ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်”

“ကောင်းတယ် ကောင်းတယ်။ ချန်ကျဲ့ ခေါင်းဆောင်နန်က ငါတို့ကို ဌာနချုပ်ဆီ ခေါ်နေတယ်။ သူ့ကိုရိုက်တာ ရပ်လိုက်ပြီးတော့ ဌာနချုပ်ကို အမြန်သွားကြရအောင်။ ငါ့ညီကို လွှတ်လိုက်တော့”

ထိုအခါ ချန်ကျဲ့သည် ချင်းယင်ကို လျစ်လျူရှလျက် ပြောသည်။

“ခေါင်းဆောင်နန်ကို အချိန်ခဏလောက် စောင့်ခိုင်းထားပေးပါ။ ငါဒီမှာ ကိုယ်ရေးကိုယ်တာကိစ္စလေးရှိနေသေးလို့။ ညီနောင်တို့ ဆက်ရိုက်ကြ။ မင်းတို့ ထမင်းကောင်းကောင်းမစားကြရလို့လား? အားပြင်းပြင်းရိုက်ကြလေ! ကျားဖြူခန်းမအဖွဲ့သားကို မြင်တာနဲ့ တုန်ယင်လာတဲ့အထိ ဆက်ရိုက်နေကြ။ နားလည်လား!”

“နားလည်ပါပြီ ခန်းမအရှင်သခင်!”

လက်အောက်ငယ်သားများသည် တက်ကြွပျော်ရွှင်စွာ အော်ဟစ်ဖြေကြ၏။ ချန်ကျဲ့ကဲ့သို့ ခန်းမအရှင်သခင်တစ်ဦးနောက်သို့ လိုက်ရခြင်းအား တက်ကြွလျက် စိတ်အားထက်သန်နေကြပေသည်။

All Chapters