← Chapters

အခန်း (၄၂၁)

Vol. 32 Ch. 421

အခန်း (၄၂၁)

Vol. 32 Ch. 421

ဖြန်း!

ဖြန်း!

ဖြန်း…

ချင်းဟူ၏မျက်နှာပေါ်သို့ ကြမ်းတမ်းသည့်ရိုက်ချက်များ ဆက်တိုက်ကျရောက်နေခဲ့ရာ ချင်းဟူမှာ ကယောင်ကတမ်းဖြစ်လာတော့သည်။ သူ၏မျက်နှာသည် ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းနေတော့သည်။

ဖြတ်သွားဖြတ်လာများသည် ထိုမြင်ကွင်းကို လက်ညှိုးညွှန်လျက် တီးတိုးပြောဆိုနေကြသည်။ လူအမြောက်အများသည်လည်း ရပ်ကြည့်ကြသည်။ ချင်းယင်သည် မုန်းတီးနာကျည်းစွာဖြင့် အံကိုတင်းတင်းကြိတ်ထား၏။ သူသည် ရှေ့တိုး၍ ညီဖြစ်သူကို ကယ်တင်ချင်သော်ငြား သူ့ဘက်မှ လှုပ်ရှားလာသည်ကို စောင့်ဆိုင်းနေသည့်အလား သူ့ထံ မလွှဲတမ်းကျရောက်နေသည့် ချန်ကျဲ့၏ အန္တရာယ်ပြုလိုသည့် အကြည့်များကို ခံစားမိနေခဲ့သည်။ ချန်ကျဲ့သည် ချင်းယင်ဘက်မှ လှုပ်ရှားလာပါက တန်ပြန်တိုက်ခိုက်ပြီး သေချာရင်ဆိုင်ဖြေရှင်းရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ထို့ကြောင့် ချင်းယင်သည် မလှုပ်ရှားရဲပါချေ။

“ခွေးကောင်!”

ချင်းယင်သည် အံကို တင်းတင်းကြိတ်ထားကာ အရှက်ခွဲစော်ကားခြင်းကို ကြိတ်မှိတ်သည်းခံနေခဲ့သည်။

ထို့နောက်တွင် နောက်ထပ်လူတစ်ယောက် အဝေးမှ ရောက်လာသည်။ ထိုအခါ ချင်းယင်သည် ပျော်ရွှင်မှုကြောင့် ရုတ်ချည်း တောက်ပသွားခဲ့သည်။ ထိုလူမှာ အတွင်းခန်းမအရှင်သခင် ထန်ဇီယွဲ့ဖြစ်သည်။

ထန်ဇီယွဲ့သည် အနီးသို့ရောက်လာနှင့် ချင်းဟူ၏ ရိုက်နှက်ခံထားရသည့် အခြေအနေကို ‌မြင်သောအခါ ချန်ကျဲ့ကို ကြည့်လိုက်သည်။

ထန်ဇီယွဲ့ လက်ဟန်ဖြင့် အရိုအသေပြုလိုက်သည်။

“ခန်းမအရှင်သခင်ချန်”

ချန်ကျဲ့လည်း ထန်ဇီယွဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

“အို ခန်းမအရှင်သခင်ထန် ဘာကိစ္စရှိလို့များ ရောက်လာတာလဲ”

ထန်ဇီယွဲ့မှ ပြန်ပြောသည်။

“ဪ မင်းတို့နှစ်ယောက် အချိန်အတော်ကြာတဲ့အထိ ရောက်မလာကြလို့ ခေါင်းဆောင်နန်က စိုးရိမ်နေတာ။ အဲဒါကြောင့် ခေါင်းဆောင်နန်က မင်းတို့ကို အမြန်ခေါ်ခဲ့ဖို့ ငါ့ကိုလွှတ်လိုက်တာ။ မင်းတို့ ကြာဦးမှာလား”

ချန်ကျဲ့ ထန်ဇီယွဲ့ကိုကြည့်လိုက်ပြီး ပြောသည်။

“အို ပြီးခါနီးပါပြီ။ ကျွန်တော်က ဒီတိုင်း သူ့ကို လင်းယုန်ခန်းမအစား ပြုမူတတ်ဖို့ သင်ကြားပေးနေတာပါ”

ထန်ဇီယွဲ့ပြုံးလိုက်သည်။ ထို့နောက် ပြောသည်။

“ခန်းမအရှင်သခင်ချန် ကြည့်ရတာတော့ ‌သူလည်း တကယ့်ကို သင်ခန်းစာရသွားပြီးပုံပါပဲ။ ကျုပ်တို့ ခေါင်းဆောင်နန်ကို အကြာကြီး ‌ဆက်စောင့်ခိုင်းလို့ မဖြစ်ဘူးမဟုတ်လား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အာ ခန်းမအရှင်သခင်ထန်က သူ့အစား တောင်းဆိုပေးတာကြောင့်သာ မဟုတ်ရင် ကျွန်တော် သူ့ကို ဒီလောက်လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူးရယ်”

ထန်ဇီယွဲ့မှ ပြန်ပြောသည်။

“ဒါပေါ့ ဒါပေါ့။ ခန်းမအရှင်သခင်ချန်က ဉာဏ်ပညာကြီးမားတဲ့သူပါ။ ကျုပ်သိပါတယ်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ညီနောင်တို့ ဒေါသဖြေပြီးကြပြီလား”

အဟွတ် အဟွတ် ဟွတ်…

ထိုစဉ် ကျိုးချူသည် နဖူးမှ‌ ချွေးစေးများကို သုတ်လိုက်ပြီး ‌ပြောသည်။

“ဒေါသတော့ ဖြေပြီးသွားပြီ၊ ဒါပေမဲ့ ငါတော့ သေမလိုပဲ”

အခြားလက်အောက်ငယ်သားများမှလည်း ထိုသို့တူညီစွာ ပြောကြသည်။ ထို့နောက် ချန်ကျဲ့မှ ပြောသည်။

“ဒါဆိုလည်း ကောင်းပြီ။ ချင်းယင်!”

ချင်းယင်မှ လှည့်ကြည့်လာပြီး ပြောသည်။

“အခုရော ဘာဖြစ်ချင်ပြန်ပြီလဲ”

“ငွေတုံး‌တစ်သောင်းပေးပြီး သူ့ကိုခေါ်သွား!”

“ဘာ? ငွေတုံးတစ်သောင်း? မင်းရူးနေလား? ငါက ဘာလို့ မင်းကို ‌ပိုက်ဆံပေးရမှာလဲ”

ချင်းယင်မှ ဒေါသတကြီးဖြင့် အော်ဟစ်ပြောသည်။ ချင်းယင်သည် ဥပဒေမရှိတော့ဘူးလားဟု မေးခွန်းထုတ်နေ၏။ ချင်းဟူသည် ရိုက်နှက်ခံရသည့်အပြင် ပိုက်ဆံ‌လည်း ပေးရဦးမည်။

ငါက အဲဒါကို ဒီတိုင်းလက်ခံလိုက်ရမှာလား?

ထိုအခါ ချန်ကျဲ့မှ ပြုံးလိုက်ပြီး ပြောသည်။

“ခန်းမအရှင်သခင်ချင်း ဒီကိစ္စက ခင်ဗျားရဲ့အမှားပါ။ ယုံချန်းလမ်းမကို ကျားဖြူခန်းမဆီ ပြန်ပေးပြီး လွန်ခဲ့တဲ့ ခုနစ်ရက်က အကျိုးအမြတ်တွေကို ပြန်ပေးမယ်လို့ ခင်ဗျား ကတိပေးခဲ့တယ် မဟုတ်လား”

“‌ငွေတုံးတစ်သောင်းက အဲဒါ‌ကိုတောင် ထည့်မတွက်ရသေးဘူး”

ချင်းယင်သည် မကျေနပ်ပေ။

ချန်ကျဲ့ ပြန်ပြောသည်။

“ခင်ဗျားရဲ့ညီ ရိုက်နှက်ထားတဲ့ ကျုပ်ညီနောင်ရဲ့ ဆေးဖိုးအတွက်ကို ဘယ်လိုလုပ်မှာလဲ”

“မင်းက ငါ့ကို ဆေးဖိုးတောင်းနေတာလား။ ငါ့ညီက မင်းတို့ဆီကနေ ဒီလိုပုံစံဖြစ်တဲ့အထိ အရိုက်ခံထားရတာကို မင်းက ငါ့ကို ဆေးဖိုးတောင်းနေသေးတာလား”

ချင်းယင်သည် ဒေါသထွက်နေခဲ့သည်။ သူ ချန်ကျဲ့ကို အနိုင်မတိုက်နိုင်သောကြောင့်သာ မဟုတ်ခဲ့လျှင် သူ ထိုအချိန်ကတည်းက ချန်ကျိုစစ်ကို လင်းယုန်လက်သည်းဖြင့် စုတ်ဖြဲပစ်ခဲ့ပြီးလောက်ပြီဖြစ်သည်။

သို့သော် သူ ချန်ကျဲ့ကို အနိုင်မတိုက်နိုင်ပေ။

ချန်ကျဲ့မှ ပြောသည်။

“လာ မြန်မြန်ပေးလိုက်တော့။ ခေါင်းဆောင်နန် စောင့်နေလို့ ‌ခင်ဗျားတို့ကို သက်ညှာပေးလိုက်တယ်လို့ မှတ်ထားလိုက်ပါ။ တကယ်ဆို ကျုပ်ညီနောင်တွေရဲ့ လုပ်အားခကိုတောင် ထည့်မတောင်းထားဘူး။ ငွေတုံးတစ်သောင်းလောက်က ခင်ဗျားတို့လင်းယုန်ခန်းမအတွက် ဘာမှကြီးမားတဲ့ပမာဏ မဟုတ်ပါဘူး။ ဒီတိုင်းပေးလိုက်စမ်းပါ”

ချင်းယင်မှ ပြန်ချေပသည်။

“ဒါက ခြိမ်းခြောက်ငွေညှစ်နေတာပဲ”

ချန်ကျဲ့မှ ပြောသည်။

“ခန်းမအရှင်သခင်ချင်း ခင်ဗျားစကားပြောတဲ့အခါ သက်သေရှိမှ ပြောပါ။ ခင်ဗျားက ကျုပ်တို့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ လင်းယုန်ခန်းမအရှင်သခင်ပါ။ ဘယ်သူကများ ခင်ဗျားကို ခြိမ်းခြောက်ငွေညှစ်ရဲမှာတဲ့လဲ”

“မင်း!”

“ကောင်းပြီ ကောင်းပြီ။ ငါ အဲဒီငွေကို မပေးနိုင်ဘူး။ မင်းဘာလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့”

ချင်းယင် အံကြိတ်လိုက်သည်။

ထိုအခါ ချန်ကျဲ့၏မျက်နှာထက်တွင် မရိုးဖြောင့်သည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒါဆိုလည်း စိတ်မကောင်းပါဘူး။ ညီနောင်တို့ ဒီက လူကြီးမင်းဟူကို အဝတ်ကူချွတ်ပေးပြီး တင်ပါးကို စပြီး ရိုက်နှက်လိုက်ကြရအောင်။ ချင်းမိသားစုက အရှက်မရှိမှတော့ ငါတို့ဘက်ကလည်း သူတို့အတွက် ဘာကိုမှ ထိန်းသိမ်းပေးဖို့ မလိုအပ်ဘူး!”

“မင်းလုပ်ရဲလား!”

ချန်ကျဲ့၏စကားများတွင် ချင်းယင်သည် ဒေါသပေါက်ကွဲတော့သည်။ ချင်းဟူကို အဝတ်ချွတ်၍ တင်ပါးကိုရိုက်နှက်ခြင်းသည် ‌အလွန်တရာ ရှက်ရွံ့ဖွယ်ကောင်းပြီး အဘယ်သို့မျှ လက်မခံနိုင်စရာဖြစ်သည်။

ချင်းယင်သည် ဒေါသပေါက်ကွဲနေသောကြောင့် အခြေအနေသည် ပဋိပက္ခဖြစ်လုနီးနီး အခြေအနေ‌သို့ ရောက်ရှိသွားခဲ့သည်။

ထန်ဇီယွဲ့မှ ကြားဝင်ပြောဆိုသည်။

“ညီနောင်ချင်း စိတ်လျှော့ပါ စိတ်လျှော့ပါ”

“အခုအချိန်က အင်အားသုံးသင့်တဲ့အချိန် မဟုတ်ပါဘူး။ သည်းခံပြီး ပေးလိုက်ပါဗျာ”

ထိုအခါ ချင်းယင်သည် ထန်ဇီယွဲ့ကိုကြည့်ပြီး ပြောသည်။

“ခင်ဗျား ဘာ‌ကိုဆိုလိုတာလဲ”

ထန်ဇီယွဲ့မှ ပြန်ပြောသည်။

“နည်းနည်းစိတ်ရှည်သည်းခံလိုက်တာက အကြံအစည်ကြီးကို အောင်မြင်စေမှာပါ။ ဒီတိုင်းပေးလိုက် ပေးလိုက်ပါ”

ချင်းယင်သည် ထန်ဇီယွဲ့၏မျက်လုံးများထဲသို့ အချိန်အနည်းငယ်မျှ စိုက်ကြည့်သည်။ ထို့နောက် အံတင်းတင်းကြိတ်လျက် ပြောသည်။

“ကောင်းပြီ၊ ပေးမယ် ပေးမယ်!”

ချင်းယင်သည် အင်္ကျီလက်ထဲမှ ငွေလက်မှတ်များကို ထုတ်ယူပြီး မြေပြင်သို့ ပစ်ပေါက်ပေးရန်ပြင်သည်။ သို့သော် ထန်ဇီယွဲ့သည် သူ့လက်ထဲမှ ငွေလက်မှတ်များကို ဆွဲယူသွားပြီး ချန်ကျဲ့ဆီသို့ လျှောက်သွားခဲ့ပြီး ပြောသည်။

“ခန်းမအရှင်သခင်ချန် ဒီမှာပိုက်ဆံပါ။ မင်းက သဘောထားကြီးမားတဲ့သူပါ။ ပြဿနာထပ်မဖြစ်စေပါနဲ့တော့။ ကျုပ်တို့အားလုံးက အဖွဲ့တစ်ဖွဲ့ထဲက ညီနောင်တွေပဲလေ။ ဒီထက်ကိစ္စကြီးသွားရင် အပြင်လူတွေ လှောင်ရယ်ဖို့အတွက် အခွင့်အရေးပေးလိုက်သလို ဖြစ်သွား‌မှာပေါ့”

“ခန်းမအရှင်သခင်ထန် ဒီကိစ္စအတွက် ကျုပ်ကို အပြစ်တင်လို့ မရဘူးနော်။ သူတို့ဘက်က အရမ်းလွန်လွန်းခဲ့တာ”

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ ကျုပ်သိပါတယ်”

ထန်ဇီယွဲ့သည် ချန်ကျဲ့၏လက်ထဲသို့ ငွေလက်မှတ်များကို ထိုးထည့်ပေးရင်း ဖျောင်းဖျပြောဆိုသည်။ ချန်ကျဲ့မှ ပြောသည်။

“ခန်းမအရှင်သခင်ထန် ကျုပ်ပြောပါရစေ၊ ဒီကိစ္စမှာ ပိုက်ဆံက အဓိက မဟုတ်ပါဘူး။ ကျုပ်တို့ခန်းမရဲ့ တရားမျှတမှုအတွက် ရပ်တည်ချင်ရုံ‌ပါပဲ။ တစ် နှစ်…”

ချန်ကျဲ့သည် ထိုသို့ပြောရင်း ငွေတုံးတစ်ထောင်တန် ငွေလက်မှတ်များကို ရေတွက်သည်။

“တကယ်တမ်းပြောရရင် ခန်းမအရှင်သခင်ထန် ကျုပ်အတွက်တော့ ပိုက်ဆံက ဘယ်လောက်နည်းသည်၊ များသည်ဖြစ်စေ ဘာအဓိပ္ပာယ်မှ မရှိဘူး ဟုတ်တယ်မလား”

ချန်ကျဲ့မှ ဆက်ပြောသည်။

ထန်ဇီယွဲ့မှ ပြောသည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ ခန်းမအရှင်သခင်ချန်က ပိုက်ဆံကို အရေးမထားတာ ကျုပ်တို့အားလုံးသိကြပါတယ်။ ခန်းမအရှင်သခင်ချန်က ဘယ်လိုလုပ်ပြီးများ ပိုက်ဆံကြောင့်နဲ့…”

“အာ ခန်းမအရှင်သခင်ထန် ခင်ဗျားစောင့်ကြည့်နေတယ်မလား။ ကျုပ်ဘာကိုမှ ‌ဖုံးကွယ်မထားဘူးနော်၊ ငွေလက်မှတ်တစ်ရွက်လျော့နေတယ်”

ချန်ကျဲ့မှ ထန်ဇီယွဲ့ကို ပြောသည်။ ထိုစကားတွင် ထန်ဇီယွဲ့၏မျက်နှာ တောင့်တင်းသွား၏။ ထန်ဇီယွဲ့တွေးလိုက်သည်။

ပိုက်ဆံကို အရေးမထားဘူးဆိုတော့ စာရင်းရှင်းမပြီးသေးဘူးလို့ သတ်မှတ်တာလား။

ပိုက်ဆံကို ဂရုမစိုက်ဘူးဆိုပြီးတော့ ငွေလက်မှတ်ကိုတော့ ရေတွက်နေတယ်။ အခုတော့ ငွေလက်မှတ်တစ်ရွက်လျော့နေတာကို အရေးတယူပြောနေတယ်လား?

“ချင်းယင် ငွေလက်မှတ်တစ်ရွက်လျော့နေတယ်!”

ချန်ကျဲ့မှ ပြောလိုက်ရာ ချင်းယင်သည် ဒေါသတကြီးဖြင့် ပြန်ပြောလာသည်။

“အခုကျုပ်မှာရှိတာ အဲဒါအကုန်ပဲ။ ယူချင်ယူ မယူချင်နေ။ မဟုတ်လည်း မင်း ငါနဲ့ ငါ့ညီနဲ့ကို အတူတူသတ်လိုက်ပါတော့လား!”

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ထန်ဇီယွဲ့ကို ပြောသည်။

“ခန်းမအရှင်သခင်ထန် ကြားတယ်နော်။ သူ ကျုပ်တို့ကို လိမ်တယ်! အခု ကျုပ်သူ့ကို မလွှတ်နိုင်တော့ဘူး!”

“အာ အာ လူကြီးမင်းတို့ လူကြီးမင်းတို့ တော်ကြပါတော့ တော်ကြပါတော့၊ ခန်းမအရှင်သခင်ချင်း?”

All Chapters