အခန်း (၄၂၃)
Vol. 32 Ch. 423
နန်ပါးထျန်းသည် ထိုင်ခုံတွင်ထိုင်လျက် ဒေါသတကြီး ကြိမ်းမောင်းသည်။ ထို့နောက် စားပွဲခုံကိို လက်ဖြင့် ရိုက်ချသည်။
“ငါမင်းတို့ကိုပြောလိုက်မယ်၊ ဒီလိုမျိုး နောက်တစ်ကြိမ်ထပ်ဖြစ်လာခဲ့ရင် မင်းတို့ကို လွယ်လွယ်ကျော်သွားခွင့်ပေးမှာ မဟုတ်ဘူး။ အဲဒါကို မြဲမြဲမှတ်ထားကြ! မင်းတို့က ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ခန်းမအရှင်သခင်တွေ လမ်းဘေးက လူရမ်းကားတွေမဟုတ်ဘူး!”
ဟူး…
နန်ပါးထျန်း ပင့်သက်ရှိုက်လိုက်သည်။ သူ၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်လှုပ်ရှားနေခဲ့သည်။
ချန်ကျဲ့နှင့် ချင်းယင်တို့သည် နေရာတွင် မလှုပ်မယှက်ရပ်နေခဲ့သည်။ ချန်ကျဲ့သည်တော့ လုံးဝ တည်ငြိမ်အေးဆေးနေခဲ့၏။
ထိုစဉ် ချင်းယင်သည် ခေါင်းကို တစ်ဖက်သို့စောင်းကာ ဒေါသကြောင့် ရှူးရှူးရှားရှားဖြစ်နေသည်။ သူသည် ဤမျှအထိ အများကြီးဆုံးရှုံးခဲ့ရသည့်တိုင် ခေါင်းဆောင်နန်သည် သူ့ဘက်တွင် ရပ်တည်မပေးချေ။ ချင်းယင်မှာ တွေးလေလေ ဒေါသထွက်လေလေ ဖြစ်နေခဲ့သည်။
နန်ပါးထျန်းမှ ချန်ကျဲ့နှင့် ချင်းယင်ကို ဆူပူကြိမ်းမောင်းနေစဉ် သံချေးရောင်ပန််းပွင့်နှင့် ငှက်သဏ္ဍာန်များ ပန်းထိုးထားသည့် အနီဖျော့ရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် အစေခံတစ်ဦးနှင့်အတူ သူတို့ဘေးမှ ဖြတ်လျှောက်သွားခဲ့သည်။
“ကုန််သည်အဖွဲ့သခင်မ”
“ကုန်သည်အဖွဲ့သခင်မ”
တံခါးစောင့်အဖွဲ့သားများသည် ထိုအမျိုးသမီးကို နှုတ်ဆက်ကြသည်။ ဟွမ်ဝမ်အာသည် အပြုံးဖြင့် ခေါင်းလေးငြိမ့်ကာ ထိုအဖွဲ့သားများကို ပြန်လည်တုံ့ပြန်သည်။
သူမ တံခါးရှေ့သို့ရောက်သောအခါ အခန်းထဲမှ ခွက်ကျကွဲသံကို ကြားလိုက်ရသဖြင့် ရပ်တန့်သွားခဲ့ပြီး တံခါးစောင့်အဖွဲ့သားလေးဘက်သို့ လှည့်မေးလိုက်သည်။
“ခေါင်းဆောင်နန်က ဘယ်သူ့ကို ဒေါသထွက်နေတာလဲ”
တံခါးစောင့်မှ တီးတိုးပြောသည်။
“လင်းယုန်ခန်းမအရှင်သခင်ချင်းနဲ့ ကျားဖြူခန်းမအရှင်သခင်အသစ် ချန်ကိုပါ”
“ခန်းမအရှင်သခင်ချန်?”
ဟွမ်ဝမ်အာ၏မျက်လုံးများ တောက်ပသွားခဲ့သည်။ တံခါးစောင့်သည် ကုန်သည်အဖွဲ့သခင်မမှာ ခန်းမအရှင်သခင်ချန်သည် မည်သူမည်ဝါဖြစ်ကြောင်း မသိဟု တွေးထင်သွားပြီး ပြောလာသည်။
“ဟုတ်ပါတယ် ခန်းမအရှင်သခင်ချန်ပါ။ သူ့နာမည်က ချန်ကျိုစစ်ဖြစ်မယ်ထင်ပါတယ်”
“ချန်ကျိုစစ် ဟားဟား… ဘယ်လိုတောင် သာမန်မဆန်လိုက်တဲ့နာမည်လဲ”
ဟွမ်ဝမ်အာ၏မျက်လုံးများသည် ပို၍တောက်ပသွားခဲ့ပြီး နှုတ်ခမ်းများသည် အနည်းငယ်ကွေးညွှတ်သွားရာ မျက်နှာထက်တွင် ညှို့ဓာတ်ပြင်းသည့် အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။
တံခါးစောင့်လေးသည် သူမ၏အလှတရားကြောင့် မင်သက်သွားခဲ့သည်။
ဟွမ်ဝမ်အာသည် အစေခံမိန်းကလေးသုကျွမ်းကို လက်ဝှေ့ရမ်းပြသည်။
“လက်ဖက်ရည်နှစ်ခွက်ယူလာခဲဲ့”
“ဟုတ်ကဲ့ပါ သခင်မ”
သုကျွမ်းသည် လက်ဖက်ရည်ကို အမြန်သယ်ယူလာခဲ့သည်။ ထို့နောက် ဟွမ်ဝမ်အာသည် တံခါးစောင့်ကို အပြုံးဖြင့်ပြောသည်။
“ကျွန်မ ခေါင်းဆောင်နန်အတွက် လက်ဖက်ရည်ယူသွားပေးချင်လို့ပါ”
“အာ သခင်မ ကျွန်တော် အကြောင်းကြားပေးပါ့မယ်”
“မလိုပါဘူး၊ ကျွန်မဘာသာ ဝင်သွားလိုက်မယ်”
ထိုသို့ပြောလျက် ဟွမ်ဝမ်အာသည် တံခါးရှေ့သို့ လျှောက်သွားလိုက်ပြီး ညင်သာစွာ တံခါးခေါက်လိုက်သည်။
ဒေါက် ဒေါက်
“ဘယ်သူလဲ!”
နန်ပါးထျန်းမှ ဒေါသတကြီးဖြင့် မေးမြန်း၏။
“ကျွန်မပါ သခင်ကြီး”
ဟွမ်ဝမ်အာသည် တံခါးကိုတွန်းဖွင့်ပြီး အခန်းထဲသို့ ဝင်လိုက်သည်။ နန်ပါးထျန်း၏ မျက်မှောင်ကြုတ်နေသည့် မျက်ခုံးစပ်သည် ဟွမ်ဝမ်အာကို မြင်တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ပြေလျော့သွားခဲ့သည်။ နန်ပါးထျန်းသည် နူးညံ့စွာသော မျက်နှာအမူအရာဖြင့် ပြောသည်။
“ဇနီးလေး မင်းက ဘာကိစ္စကြောင့် ဒီကိုရောက်လာရတာလဲ”
ဟွမ်ဝမ်အာသည် အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် ချန်ကျိုစစ်ကို မြင်သောအခါ အနည်းငယ်မျှ အံ့အားသင့်ဟန်ဖြစ်သွားခဲ့ပြီး တဒင်္ဂအတွင်း တည်ကြည်သည့် မျက်နှာအမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
သူမ၏နှုတ်ခမ်းများသည်တော့ မထိန်းချုပ်နိုင်စွာဖြင့် ပျော်ရွှင်ဝမ်းမြောက်ဟန် အပြုံးတစ်ခုကို လှစ်ဟပြသနေခဲ့သည်။
ထိုအပြုံးကို ချင်းယင်မှ သတိထားမိသွားခဲ့ကာ ချင်းယင်သည် အချိန်တခဏမျှ မင်သက်သွားခဲ့သည်။ သူ၏စိတ်နှလုံးတွင် ရှင်းပြမရနိုင်သော လှိုင်းဂယက်တစ်မျိုး ရိုက်ခတ်သွား၏။
ခေါင်းဆောင်နန်ရဲ့ဇနီးက တကယ့်ကို ရှားပါးတဲ့အလှလေးပဲ– သူမနဲ့ ခဏတာလေး နီးကပ်ခွင့်ရတယ်လို့ပဲ စိတ်ကူးကြည့်စမ်းပါလေ၊ အရမ်းသာယာဖွယ်ကောင်းတဲ့ သုခဘုံလေးဖြစ်နေမှာပဲ။
သို့သော် ချင်းယင်သည် ထိုအတွေးများထဲမှ လျင်မြန်စွာ ပြန်ရုန်းထွက်နိုင်ခဲ့သည်။ နန်ပါးထျန်းမှ ဟွမ်ဝမ်အာကို နှုတ်ဆက်စကားပြောသည့် မြင်ကွင်းသည် သူ၏စိတ်ထဲမှ အတွေးများကို တမဟုတ်ချင်း လွင့်ပါးပျောက်ကွယ်သွားစေခဲ့သည်။
ထိုသို့အမျိုးသမီးသည် သူလိုက်လံပိုးပန်းနိုင်သည့် အမျိုးသမီးမျိုး မဟုတ်ပါချေ။
တစ်ဖက်တွင်လည်း ချန်ကျဲ့သည် စိတ်မအေးနိုင်ဖြစ်နေခဲ့သည်။
ဒီအချိန်မှာမှ ဟွမ်ဝမ်အာက ဘာလို့ရောက်လာရတာလဲ?
ဟွမ်ဝမ်အာက ရူးနေတာလား? သူ့ဆီမှာ လွန်ကဲတဲ့အပြုအမူ နည်းနည်းလေးပဲဖြစ်ဖြစ် နန်ပါးထျန်းမြင်သွားခဲ့ရင် နန််ပါးထျန်းက စိတ်ရူးဖောက်သွားလိမ့်မယ်။ အဲဒီအခါကျ နန်ပါးထျန်းက ငါ့ကို ဒေါသပေါက်ကွဲပြီး အသေအကြေလိုက်သတ်ဖြတ်တော့မှာ မဟုတ်ဘူးလား။
အခု ငါ့မှာ ထွက်ပြေးနိုင်တဲ့အင်အားရှိတယ်။ ဒါပေမဲ့ လုပ်ငန်းအစီအစဉ်တွေကို ဘယ်လိုလုပ်မလဲ?
သခင်မရေ အို သခင်မရေ၊ ကျေးဇူးပြုပြီး ရူးနှမ်းတဲ့အရာတွေကို မလုပ်လိုက်ပါနဲ့။ ကျုပ်နှလုံးသားလေးက အဲဒီအရာတွေကို ခံနိုင်ရည်မရှိဘူးဗျ!
ချန်ကျဲ့သည် ဆုတောင်းနေခဲ့သည်။ ထိုအခိုက်အတန့်တွင် ဟွမ်ဝမ်အာသည် လက်ဖက်ရည်တစ်ခွက််နှင့်အတူ နန်ပါးထျန်းအနီးသို့ ချဉ်းကပ်သွားရင်း ပြောသည်။
“ကျွန်မ ဖြတ်သွားရင်းနဲ့ ခွက်ပစ်ပေါက်လိုက်တဲ့အသံကို ကြားလိုက်လို့ သခင်ကြီး ရေဆာနေလိမ့်မယ်ထင်လို့ သုကျွမ်းကို လက်ဖက်ရည်နှစ်ခွက်ယူလာခိုင်းလိုက်တာ”
“ကိုယ့်ဇနီးလေးက အရမ်းတွေးပေးတတ်ပါပေတယ်”
နန်ပါးထျန်းသည် တောက်ပသောအပြုံးဖြင့် ချက်ချင်းတုံ့ပြန်သည်။
နန်ပါးထျန်းသည် ဟွမ်ဝမ်အာကို ပုံမှန်မဟုတ်သော အချစ်ဖြင့် ချစ်မိနေခဲ့သည်။ သူ၏အတိတ်က ဆရာတူညီမလေးကိုမူ ပို၍ပင် ပုံမှန်မကျသော ချစ်ခြင်းမေတ္တာမျိုးဖြင့် မေတ္တာသက်ဝင်မိခဲ့သည်။
သို့သော် သူ၏ကျင့်စဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းသည် သူ့အား လက်ထပ်ထိမ်းမြားခြင်းကို အရာမရောက်စေနိုင်ဘဲ ဖြစ်ခဲ့သည်။ ဤသို့အလှတရားမျိုးကို မျက်စိရှေ့မြင်တွေ့နေသည့်တိုင် မထိတွေ့နိုင်ခြင်းသည် နန်ပါးထျန်းအား စိတ်ထိခိုက်ကာ အပြင်းအထန် ရူးသွပ်စေခဲ့သည်။
အဆုံးတွင်တော့ နန်ပါးထျန်းသည် ဖောက်ပြန်သည့် သာယာမှုများကို ပျော်မွေ့လာခဲ့သည်။ သူ၏မစွမ်းဆောင်နိုင်ခြင်းအစား ကျာပွတ်ဖြင့်ရိုက်နှက်ခြင်းကို အစားထိုး၍ သာယာမှုကို ခံစားတတ်လာခဲ့သည်။
နန်ပါးထျန်းသည် အမျိုးသမီး၏ ငိုကြွေးသံ၊ တောင်းပန်တိုးလျှိုးသံတို့ကို ကြားရတိုင်းတွင် အကြောင်းအရင်းမသိပါဘဲ သိသာထင်ရှားသည့် စိတ်ကျေနပ်မှုကို ခံစားရသည်။
ဤသည်မှာ စိတ်ဖောက်ပြန်ခြင်းတစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်ပါ၏။
သို့သော် ထိန်းမနိုင်သိမ်းမရသည့် အခြေအနေမျိုး မဟုတ်ပါက နန်ပါးထျန်းသည် ဟွမ်ဝမ်အာအပေါ် ကြင်နာသည်။ ဤသည်မှာလည်း သူ၏ အမှားအတွက် ပြန်လည်ဖြည့်ဆည်းခြင်းနည်းလမ်းတစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ဟွမ်ဝမ်အာသည် လက်ဖက်ရည်တစ်ခွက်ကို နန်ပါးထျန်းထံ ကမ်းပေးပြီး ကျန်တစ်ခွက်ကို ထန်ဇီယွဲ့ထံ ကမ်းပေးသည်။
ထန်ဇီယွဲ့သည် သူမကို ကျေးဇူးတင်စကား ချက်ချင်းဆိုသည်။
“ကျေးဇူးတင်ပါတယ် သခင်မ”
ဟွမ်ဝမ်အာသည် မတ်တပ်ရပ်နေဆဲဖြစ်သည့် ချင်းယင်နှင့် ချန်ကျဲ့တို့ကို ကြည့်လိုက်ပြီးနောက် သုကျွမ်းကို ပြောသည်။
“လက်ဖက်ရည်နောက်နှစ်ခွက်ထပ်ယူခဲ့”
“ဟုတ်ကဲ့ပါ သခင်မ”
ယခုတွင်တော့ ဟွမ်ဝမ်အာသည် ချန်ကျဲ့တစ်ဦးတည်းကိုသာ ကြည့်နေခဲ့သည်။ ချန်ကျဲ့သည် တစ်ချက်မျှ အကြမ်းဖျင်းပြန်ကြည့်လိုက်သည်တွင် သူမ၏မျက်လုံးများထဲမှ ကျီစယ်ဆော့ကစားလိုဟန် အရိပ်အယောင်များကို မြင်တွေ့လိုက်ရသဖြင့် နှလုံးအိမ်မှာ ခပ်ပြင်းပြင်းခုန်လှုပ်သွားရသည်။
“သခင်မရယ် ကျေးဇူးပြုပြီး စိတ်ရူးမဖောက်လိုက်ပါနဲ့။ ခေါင်းဆောင်နန်က မျက်စိရှေ့တင် ရှိနေတာ။ ခင်ဗျား ကျုပ်ကို သိသလိုအပြုအမူတွေ လုပ်တာမျိုးကို ရှောင်ကြဉ်သင့်တယ်။ ကျုပ်ကိုလည်း လာစကားမပြောလိုက်နဲ့ဦး”
သို့သော် ဟွမ်ဝမ်အာသည် ချန်ကျဲ့၏အတွေးများကို ဖတ်ကြည့်နေနိုင်သည့်အလား ပြောလာသည်။
“အို ဒီညီအစ်ကိုကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ။ သခင်ကြီး သူက ဘယ်သူလဲ”
ထိုအခါ နန်ပါးထျန်းသည် ဟွမ်ဝမ်အာကို ကြည့်လာ၏။ သူ၏ဇနီးသည် ပုံမှန်အားဖြင့် ကုန်သည်အဖွဲ့၏ အတွင်းရေးကိစ္စများကို ဂရုမစိုက်ပေ။ သို့သော် ဂရုစိုက်ခြင်းမှာလည်း အဓိပ္ပာယ်ရှိသည်ဟု သူတွေးထင်မိသည်။ ကုန်သည်အဖွဲ့သခင်မတစ်ဦးအနေဖြင့် ခန်းမအရှင်သခင်ရာထူးရှိသူများကို အာရုံထားရှိသင့်ပေသည်။
ထိုသို့တွေးလျက် နန်ပါးထျန်းမှ ပြောသည်။
“အို ဒီလူငယ်လေးက ငါတို့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အလားအလာကောင်းမွန်တဲ့ အရည်အချင်းပြည့်ဝတဲ့ လူငယ်လေးတစ်ဦးလေ။ ကျားဖြူခန်းမရဲ့ ခန်းမအရှင်သခင်အသစ် ချန်ကျိုစစ်တဲ့”
ဟွမ်ဝမ်အာ : “အာ ကျားဖြူခန်းမက ခန်းမအရှင်သခင်အသစ်တက်နေပြီလား? ခန်းမအရှင်သခင်ဖန်းကရော?”
ထိုစကားတွင် အားလုံး ကြောင်အသွားကြသည်။ သို့သော် ထို့နောက်တွင် သူတို့နားလည်သွားကြ၏။ သခင်မသည် ကျီးရှန်းဘုရားကျောင်းတွင် သီးသန့်နေထိုင်လေ့ရှိသူဖြစ်ရာ ဤသို့အရေးကိစ္စများကို သေချာပေါက် မသိလောက်သေးပေ။ ထို့ကြောင့် ဤသိုင်းလောကအရှုပ်အထွေးအပြောင်းအလဲများကို မသိရှိခြင်းငှာ သဘာဝကျပေသည်။
နန်ပါးထျန်းမှ ရှင်းပြသည်။
“ခန်းမအရှင်သခင်ဖန်း အသတ်ခံလိုက်ရတယ်။ အခု ချန်ကျိုစစ်က ကျားဖြူခန်းမကို တာဝန်ယူဦးဆောင်နေတာ။ နောက်သုံးရက်နေရင် သူက ကျားဖြူခန်းမအရှင်သခင်အဖြစ် တရားဝင်ရာထူးဆက်ခံတော့မှာ။ အဲဒီအခါကျ ကိုယ်လည်း အခမ်းအနားတက်ရောက်ပြီး သူ့ကို ဂုဏ်ပြုပေးမှာ”