← Chapters

အခန်း (၄၂၄)

Vol. 32 Ch. 424

အခန်း (၄၂၄)

Vol. 32 Ch. 424

“အမလေး သနားဖို့ကောင်းလိုက်တာ၊ သူက ဒီလောက်ငယ်ရွယ်သေးတာကို အရေးကိစ္စတွေအများကြီးနဲ့ ဝန်ပိနေရရှာတယ် ကျီ…”

“ကျိုစစ် ကျိုစစ်ပါ!”

ဟွမ်ဝမ်အာသည် သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်၏။ ချန်ကျဲ့သည် မိမိ၏နာမည်ကို အမြန်ကြားဖြတ်ပြောပြလိုက်သည်။

ဟွမ်ဝမ်အာမှ ပြောသည်။

“အာ ဟုတ််သား၊ ကျွန်မဆိုတာလည်း ကျီရှန်းဘုရားကျောင်းမှာပဲ ဗုဒ္ဓကျမ်းစာတွေ ဖတ်နေခဲ့တော့ အပြင်ဘက်က ပြဿနာတွေကို သတိမထားမိလိုက်ဘူး။ မဟုတ်ရင် ဒီလိုဝမ်းနည်းကြေကွဲဖို့ကောင်းတဲ့ မေးခွန်းမျိုးကို ကျွန်မ မေးထုတ်လိုက်မိမှာ မဟုတ်ဘူးရယ်”

“ဟမ်?”

နန်ပါးထျန်း ဟွမ်ဝမ်အာကို ကြည့်လိုက်သည်။ ဟွမ်ဝမ်အာမှ ဆက်ပြောသည်။

“ရာထူးဆက်ခံပွဲက နောက်သုံးရက်နေရင်မလား။ ကျွန်မ သခင်ကြီးကို အဖော်ပြုပြီး လိုက်ခဲ့ပေးမယ်လေ? ကျွန်မ စည်စည်ကားကားလေးတွေ ကြည့်ချင်တယ်။ ပြီးတော့လည်း ခုနက မသင့်တော်တဲ့မေးခွန်းကို မေးလိုက်မိတဲ့အတွက် တောင်းပန်ချင်သေးလို့်ပါ”

“အဲဒါက… မလိုအပ်ပါဘူး”

နန်ပါးထျန်းမှ ဘာမျှမပြောရသေးမီ၌ပင် ချန်ကျဲ့မှ ပြောလိုက်သည်။ အားလုံးသည်လည်း သူတို့ကို ကြည့်လာကြသည်။ ချန်ကျဲ့မှ ဆက်ပြောသည်။

“ဒီလိုအရေးကိစ္စမျိုးတွေကြောင့်နဲ့ ကုန်သည်အဖွဲ့သခင်မအနေနဲ့ တကယ်ကို အလုပ်ရှုပ်ခံဖို့ မလိုအပ်ပါဘူး။ သခင်မက ဗုဒ္ဓကျင့်စဉ်ကို ကျင့်ကြံသူဖြစ်တာကြောင့် ဒီလိုလောကီကိစ္စရပ်တွေမှာ ဝင်မပါသင့်ပါဘူး! ခေါင်းဆောင်ရော ဘယ်လိုသဘောရပါသလဲ”

ချန်ကျဲ့သည် စူးရှစွာသော မျက်လုံးများဖြင့် ‌နန်ပါးထျန်းကို ကြည့်နေခဲ့သည်။

ချန်ကျဲ့သည် ဟွမ်ဝမ်အာမှာ ရည်ရွယ်ချက်ကောင်းမရှိဟု အမြဲခံစားနေခဲ့ရသည်။ သူ၏ရာထူးဆက်ခံပွဲကို ဤအမျိုးသမီးတက်ရောက်ပါက သူမသည် သေချာပေါက် ပြဿနာကြီးကြီးရှာပေလိမ့်မည်။ ထိုအခါ သူအဘယ်သို့ စီစဉ်ရပါမည်နည်း။

ဟွမ်ဝမ်အာကို ဘာမျှမလုပ်နိုင်လောက်ဟု မထင်လိုက်လေနှင့်။ သူမ၏ ရူးသွပ်မှုပုံစံအရ ချောက်ချား‌ဖွယ်စိတ်လှုပ်ရှားမှုကို ရှာဖွေပေလိမ့်မည်။

ထို့ပြင် ပို၍ကြောက်မက်ဖွယ်ကောင်းသည့် အချက်မှာ အခမ်းအနားတွင် စူးယွင်ကျင်းရှိနေလိမ့်မည်ဖြစ်ခြင်း ဖြစ်သည်။ ဟွမ်ဝမ်အာသာ စူးယွင်ကျင်းနှင့် ဆုံတွေ့သွားပါက စူးယွင်ကျင်း၏ထက်မြက်မှုနှင့် ဟွမ်ဝမ်အာ၏ရူးသွပ်မှုများအရ ငရဲအရှင်လတ်လတ်အဖြစ်သို့ သေချာပေါက် ပြောင်းလဲသွားပေလိမ့်မည်။

အတွေးသက်သက်ဖြင့်ပင် သူ၏ဦးခေါင်းခွံမှာ တဆစ်ဆစ် ကိုက်ခဲလာရသည်။

ချန်ကျဲ့သည် နန်ပါးထျန်းအား ဆုံးဖြတ်ချက်ချရန် မျှော်လင့်တကြီးဖြင့် ကြည့်နေခဲ့သည်။

ခင်ဗျားရဲ့ခေါင်းက အစိမ်းရောင်ပြောင်းနေပြီဆိုတာကို ခင်ဗျား သတိမထားမိဘူးလား?

(ဦးထုပ်စိမ်းဆောင်းတယ်၊ ခေါင်းစိမ်းတယ်ဆိုတဲ့ အသုံးအနှုန်းက ဖောက်ပြန်ခံရတဲ့သူကို ဖော်ပြတဲ့အခါ သုံးလေ့ရှိပါတယ်)

ခေါင်းဆောင်နန်ရေ ဒီကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုကို သေချာအလေးပေးပြီး စဉ်းစားဆုံးဖြတ်စမ်းပါ။ အစိမ်းရောင်တွေ ပိုများလာခွင့်မပြုလိုက်နဲ့။

ကျုပ်အခုပြောနေတာတွေက စိတ်ရင်းအမှန်နဲ့နော်။ ခင်ဗျား ကျုပ်အကြံပေးတာကို နားထောင်သင့်တယ်။ ခင်ဗျား စိတ်သဘောထားပြည့်ဝစမ်းပါ။

ချန်ကျဲ့၏စကားကြောင့် နန်ပါးထျန်းလည်း တွေဝေနေခဲ့သည်။ သူ၏ဇနီးသည် ဤသို့အခမ်းအနားများတွင် တစ်ကြိမ်တစ်ခါမျှ ပါဝင်ခဲ့ဖူးခြင်း မရှိပေ။

ငါသူ့ကို ခေါ်သွားသင့်လား။

ချန်ကျဲ့မှာ စိုးရိမ်ပူပန်လွန်းသောကြောင့် ချွေးများရွှဲနစ်နေသည်။ ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို ကြည့်နေ၏။ သူမ၏ ကျီစယ်ကစားလိုစိတ်မှာ ပို၍ကြီးထွားလာခဲ့သည်။

ထိုစဉ် ဟွမ်ဝမ်အာမှ ပြောသည်။

“သခင်ကြီး၊ ခန်းမအရှင်သခင်ချန်ပြောတာ နည်းလမ်းမကျပါဘူး။ ကျွန်မက ဖြစ်‌တောင့်ဖြစ်ခဲ အရေးကိစ္စတွေကို မသိနားမလည်တဲ့ ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်သူတစ်ယောက်ပါ။ ဒီလိုမျိုး လူစည်ကားပြီး ပျားပန်းခတ်သွားလာလှုပ်ရှားနေကြတဲ့ လေထုကို ထိတွေ့ခွင့်ရတာကလည်း ကျွန်မအတွက် ဉာဏ်အလင်းပွင့်စရာတစ်ခုဖြစ်မှာပါ”

ထိုအခါ နန်ပါးထျန်းမှ ပြောသည်။

“အဲဒါလည်း အဓိပ္ပာယ်ရှိတာပဲ”

“ခေါင်းဆောင်!”

ချန်ကျဲ့မှ ထပ်ပြောသည်။

“ဒါပေမဲ့ အဲဒီမြင်ကွင်းတွေက ဆူညံပွက်လောရိုက်နေရုံပါပဲ။ ကြည့်ရှုဖို့ထိုက်တန်တာ ဘာမှမရှိပါဘူး”

ဟွမ်ဝမ်အာမှ ပြောသည်။

“ဒါပေမဲ့ ကျွန်မက လူစည်ကားတာကို မြင်ချင်တယ်လေ! သခင်ကြီး ကျွန်မက ‌ခံစားချက်တွေ အေးခဲလုနီးပါးအထိ ခြံဝင်းထဲမှာ ပိတ်လှောင်နေခဲ့တာ။ သခင်ကြီးက အခမ်းအနားတွေကို ပုံမှန်တက်လေ့ရှိပေမဲ့ ကျွန်မက သခင်ကြီးနောက်ကို သိပ်ပြီး လိုက်လေ့မရှိဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ ရှားပါးတဲ့အခွင့်အရေးပဲ။ ကျွန်မ သခင်ကြီးနဲ့အတူလိုက်ကြည့်ချင်တယ်”

ထို့နောက် နန်ပါးထျန်းမှ ပြောသည်။

“အို ကိုယ့်ရဲ့ သနားဖို့ကောင်းတဲ့ ဇနီးလေးရယ်၊ ဒါဆိုလည်း ငါတို့ သခင်မကို ခေါ်သွားကြမလား”

“အဟွတ် ခေါင်း…”

“ဟေး ချန်ကျိုစစ် မင်းအရမ်းတွေ ကျေးဇူးကန်းပြမနေစမ်းနဲ့။ သခင်မက မင်းရဲ့ရာထူးဆက်ခံပွဲကို တက်ရောက်ချင်တယ်ဆိုတာ မင်းကို မျက်နှာသာပေးနေတာပဲ။ မင်းက ဘာလို့ ဆက်တိုက်ကန့်ကွက်နေရတာလဲ။ မင်းမှာ စိတ်မလုံစရာ လျှို့ဝှက်ချက်တစ်ခုခုရှိနေလို့လား”

ချင်းယင်သည် စောင့်ကြည့်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်၏။

နောက်ဆုံးတွင်တော့ အခွင့်အရေးကို မြင်တွေ့ခဲ့သည်။

ဒီကောင်းစုတ်လေးက ဘာကြောင့်မှန်းမသိ ကျေးဇူးတင်ကြောင်း မပြသနေဘူး။ သခင်မဟွမ်က ဒီတိုင်းပျော်ပွဲရွှင်ပွဲတစ်ခုမှာ ပါဝင်ချင်ရုံပဲကို သူက မျက်နှာသာ လုံးဝမပေးဘူး။ ဘာလဲ၊ သူနဲ့ သခင်မဟွမ်ကြားမှာ ရန်ငြိုးရန်စရှိနေလို့လား? ကောင်းပြီလေ၊ သူက ကျေးဇူးတင်မနေမှတော့ ငါသူ့ကို စိတ်ကသိကအောက်ဖြစ်အောင် လုပ်ပစ်မယ်။ တစ်လက်စတည်း သခင်မရဲ့ နှစ်ခြိုက်မှုကိုလည်း နည်းနည်းလောက်ရနိုင်တာပေါ့…

ချင်းယင်၏စကားတွင် ချန်ကျဲ့မှာ ရင်ထဲတွင် ပေါက်ကွဲသံကြီး မြည်ဟီးသွားခြင်းအား ကြားလိုက်ရသလိုပင်။

တကယ်ပါပဲ၊ ငါ့ရဲ့တုံ့ပြန်မှုက အရမ်းပိုလွန်းသွားပြီလား။

ချင်းယင် ဘာကို သတိထားမိသွားတာများလဲ?

ထိုအခိုက်တွင် ဟွမ်ဝမ်အာသည် မတရားခံရဟန်မျိုးဖြင့် ချန်ကျဲ့အား ပြောလာပြန်သည်။

“ခန်းမအရှင်သခင်ချန်၊ ကျွန်မနဲ့ ရှင့်ကြားမှာ ရန်ငြိုးရန်စလည်း ရှိပုံမပေါ်ပါဘူး။ ဘာလို့ ကျွန်မကို ရှင့်ရဲ့ရာထူးဆက်ခံပွဲကို မတက်စေချင်ရတာလဲ။ ကျွန်မလို အမျိုးသမီးတစ်ယောက်က နိမ့်ကျလို့ ရှင့်ရဲ့ရာထူးဆက်ခံပွဲကို တက်ဖို့ မထိုက်တန်ဘူးလို့ တွေးနေတာများလား”

ထိုအခါ နန်ပါးထျန်းသည် ချန်ကျဲ့ကို ခက်ထန်စွာသောအကြည့်များဖြင့် စူးစိုက်ကြည့်လာသည်။

ချန်ကျဲ့သည် မူယာမာယာများလွန်းသည့် ဟွမ်ဝမ်အာကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

အစ်မကြီးရေ ခင်ဗျားက တကယ်ကို ပွဲကြီးကြီးကစားနေတာပဲ။ ခင်ဗျား ပြဿနာရှာလိုက်မိရင် နောက်ဆက်တွဲအကျိုးဆက်တွေက ဘယ်လောက်တောင် ပြင်းထန်မယ်ဆိုတာကိုရော နားလည်ရဲ့လား။

သို့သော် ဟွမ်ဝမ်အာသည် သရုပ်ဆောင်ရခြင်းအပေါ် စွဲလမ်းသွားပုံရ၏။ ယခုတွင် တိတ်တိတ်ကလေး မျက်ရည်ကျပြနေပြန်သည်။

နန်ပါးထျန်းသည် ဇနီးဖြစ်သူ စော်ကားခံလိုက်ရခြင်းကြောင့် ဒေါသထွက်ကာ ချန်ကျဲ့ကို စူးရဲစွာ စိုက်ကြည့်လျက် ပြောသည်။

“ချန်ကျိုစစ် မင်း…”

“ခေါင်းဆောင်နန် ကျွန်တော်က ဒီတိုင်း အခမ်းအနားက အရမ်းလူများပြီး ဆူညံလွန်းလို့ သခင်မကို စိတ်အနှောင့်အယှက်ဖြစ်စေမှာကို စိုးရိမ်မိရုံပါပဲ”

ချန်ကျဲ့သည် အခြေအနေကို ပြေလျော့စေရန် အမြန်ကြိုးစားရသည်။

ထို့နောက် နန်ပါးထျန်းမှ ပြောသည်။

“ငါ့ဇနီးက ဆူညံသံတွေကို မကြောက်ပါဘူး။ ကောင်းပြီ ဇနီးလေး စိတ်မဆိုးနဲ့တော့။ ဒီချန်ကျိုစစ်က ကြင်နာမှုကို ကျေးဇူးမတင်တတ်ဘူးဆိုမှတော့ ကိုယ်တို့လည်း သူ့ရဲ့အခမ်းအနားကို ချီးမြှင့်မပေးတော့ဘူး”

ဟွမ်ဝမ်အာမှ ဖီဆန်ဟန် ပြန်မော့ကြည့်လာပြီး ပြောသည်။

“ဟင့်အင်း သွားမယ်၊ ကျွန်မ သွားချင်တယ်!”

“ကောင်းပြီ ကောင်းပြီ၊ သွားတာပေါ့ ကိုယ်တို့သွားကြတာပေါ့”

နန်ပါးထျန်းသည် ချန်ကျဲ့ဘက်သ်ို့ လှည့်ကြည့်လာ၏။

“ကောင်းပြီ ကျိုစစ် ဒီကိစ္စကို ဒီလိုပဲဆုံးဖြတ်လိုက်ပြီ။ သခင်မက မင်းကို ထောက်ခံအားပေးချင်နေမှတော့ သူ့မှာ လုပ်ခွင့်ရှိတယ်။ မင်း ကျေးဇူးမကန်းနဲ့”

“ဟုတ်ကဲ့ပါ။ ကျွန်တော် သခင်မကို ကြိုဆိုဖို့အတွက် လိုအပ်တဲ့စီစဉ်မှုတွေ ပြုလုပ်ထားလိုက်ပါ့မယ်”

ချန်ကျဲ့သည် အရူးငတုံးဇာတ်ကောင်ကို သရုပ်ဖော်ရန် အလွန်စိတ်အားထက်သန်နေသည့် နန်ပါးထျန်းကို ကြည့်ရင်း မျှော်လင့်ချက်မဲ့သည်ဟု တွေးလိုက်မိ၏။

ပျက်စီးဖို့ကံကြမ္မာပါလာတဲ့သူကို ဖျောင်းဖျရတာ တကယ်ခက်ခဲတာပဲ။

ဒါပေမဲ့ အဲဒီဟွမ်ဝမ်အာက တကယ်ပဲ ဘာလုပ်ချင်နေတာလဲ။ အဲဒီနေ့ကျ သူနဲ့ ယွင်ကျင်းနဲ့ တွေ့ကြရင်.. ဘုရားသခင် ခေါင်းကိုက်လိုက်တာ။

ချန်ကျဲ့သည် ဟွမ်ဝမ်အာမှ စိတ်ရူးဖောက်၍ သူ၏ ချစ်မြတ်နိုးရသော သခင်မလေးအား နာကျင်စေမည်ကို စိုးရိမ်နေခဲ့သည်။

နန်ပါးထျန်းသည် ချန်ကျဲ့၏တုံ့ပြန်မှုကို စိတ်ကျေနပ်သွားခဲ့ပြီး ညွှန်ကြားသည်။

“ကျိုစစ်၊ သခင်မက အခမ်းအနားကို တက်ရောက်မယ်ဆိုတော့ သူ့အတွက် သီးသန့်အခန်းတစ်ခန်း ပြင်ဆင်ထားလိုက်ပါ။ သခင်မ အနားယူတဲ့အခါ အနှောင့်အယှက်မဖြစ်ရအောင် တိတ်ဆိတ်ပြီး လူနည်းနည်းပဲရှိတဲ့ အခန်းမျိုး ပြင်ဆင်ထားရမယ်၊ နားလည်လား”

“နားလည်ပါပြီ”

“သခင်မအနေနဲ့ တခြား လိုအပ်တာများ ရှိပါသေးလား”

ဟွမ်ဝမ်အာမှ ပြန်ပြောသည်။

“အခန်းထဲမှာ ခေါင်းအုံးတစ်လုံး ပြင်ဆင်ထားပေးပါ”

“ဟုတ်တယ်၊ သခင်မက ကျန်းမာရေးသိပ်မကောင်းလှဘူး။ သူပင်ပန်းလာတဲ့အခါ လှဲပြီး အနားယူနိုင်ဖို့လိုတယ်”

ထိုစကားတွင် ချန်ကျဲ့ နန််ပါးထျန်းကို မော့ကြည့်လိုက်သည်။ နန်ပါးထျန်း၏ တစ်ခေါင်းလုံးမှာ အစိမ်းရောင်မြက်ခင်းပြင်ကြီးဖြင့် ဖုံးလွှမ်းနေသည်ဟု ခံစားလိုက်ရ၏။

ဘုရားသခင် တိတ်ဆိတ်ပြီး လူနည်းရမယ်၊ အနှောင့်အယှက်မရှိစေရဘူး၊ ပြီးတော့ ခေါင်းအုံးတစ်လုံးလည်း လိုသေးတယ််တဲ့။ အဲဒီခေါင်းအုံးနဲ့အတူ အိပ်ရာပါ ပြင်ထားပေးဖို့ လိုသေးလားနော်?

ခေါင်းဆောင်နန်ရေ ခင်ဗျား စဉ်းစားစမ်းပါဦး။ သူ့တောင်းဆိုချက်တွေက တစ်ခုခုမူမမှန်ဘူးလို့ မခံစားရဘူးလား?

နန်ပါးထျန်း၏ အဖြေသည်တော့ မခံစားရဘူးဟုသာ ဖြစ်လိမ့်မည်ပင်။

All Chapters