← Chapters

ဖြောင့်မတ်မှုအတွက် မိသားစုကို စွန့်လွှတ်ခြင်း

Vol. 41 Ch. 605

ဖြောင့်မတ်မှုအတွက် မိသားစုကို စွန့်လွှတ်ခြင်း

Vol. 41 Ch. 605

စူးချင်း ဖီးနစ်ဝေါယာဉ်ဖြင့် ပင်မနန်းဆောင်သို့ ရောက်ရှိလာချိန်တွင် ညီလာခံ ပြီးနေပြီ ဖြစ်သည်။ သို့သော် ရှောင်းကျဲယွိက မှူးမတ်တချို့ကို ညီလာခံခန်းမအတွင်း ဆက်နေရန် အမိန့်ပေးခဲ့ပြီး ထိုအထဲတွင် စူးချင်း၏ဖခင် စူးဟန်ရွှမ်လည်း ပါဝင်သည်။

စစ်သည်များစွာ သေဆုံးခဲ့ရပြီး မော်တာများနှင့် လက်ပစ်ဗုံးများ ခိုးယူခံခဲ့ရခြင်းက တိုင်းပြည်အတွက် ကြီးစွာသော ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့အတွက် ရှောင်းကျဲယွိက အလွန်ဒေါသထွက်နေပြီး ဆေးပစ္စည်းများဝယ်ရန် တာဝန်ခံသည့် တော်ဝင်သမားတော်ကို အရင် ခေါင်းဖြတ်ကွပ်မျက်ရန် အမိန့်ချမှတ်လိုက်သည်။ သူ့မိသားစုမှ စည်းစိမ်ဥစ္စာများကို သိမ်းယူပြီး သူ့၏မိသားစုဝင်များကို ကျင့်ရှီလျိုမြောင်သို့ ပြည်နှင်ဒဏ်ပေးမည်ဟု စီရင်ချက်ချလိုက်သည်။

တော်ဝင်ဆေးဌာနမှ အခြားသော တော်ဝင်သမားတော်များကလည်း ဆေးအတုများကို တွေ့ခဲ့သည့်တိုင် အစီရင်ခံခဲ့ခြင်း မရှိပေ။ ထို့အတွက် သတင်းပို့ရန် ပျက်ကွက်ခြင်း၊ ဖုံးကွယ်ပေးခြင်းနှင့် ဖုံးကွယ်ပေးခြင်းကြောင့် တရားခံနှင့် ပူးပေါင်းသည်ဟု သံသယရှိခံရခြင်းစသည်တို့ဖြင့် အပြစ်ပေးခံခဲ့ရသည်။ သူတို့ကို ကြိမ်ဒဏ်တစ်ရာအရိုက်ခံရန် ပြစ်ဒဏ်ပေးခဲ့ပြီး ယာဆေးတက္ကသိုလ်မှ တော်ဝင်ဆေးဌာနမှ ထုတ်ပယ်ခဲ့သည်။ နောက်တစ်ကြိမ် အလုပ်ပြန်မခန့်ရန်လည်း တားမြစ်လိုက်သည်။

“အရှင်မင်းမြတ်၊ ကျွန်တော်မျိုးတို့ရဲ့အသက်ကို ချမ်းသာပေးတော်မူပါ၊ စူးမိသားစုက ဧကရီမယ်မယ်ရဲ့မိသားစုပါ၊ ကျွန်တော်မျိုးတို့က သူတို့ကို မစော်ကားရဲလို့ ဘာမှ မပြောရဲခဲ့တာပါ၊ အရှင်မင်းမြတ် နားလည်ပေးတော်မှုပါ”

ဆေးဝါးများကို ဝယ်ယူရန် တာဝန်ခံရသည့် တော်ဝင်သမားတော်က သူ ခေါင်းဖြတ်ခံရမည်ဖြစ်ပြီး သူ့၏မိသားစုဝင်အားလုံးကိုလည်း ပြည်နှင်ဒဏ်ပေးတော့မည်ဟု ကြားလိုက်ရသောကြောင့် သူ သေသွားရလျှင်ပင် တစ်စုံတစ်ယောက်ကို သူနှင့်အတူ ဆွဲခေါ်သွားမည်ဟု ဆုံးဖြတ်လိုက်ပုံရသည်။ ထို့ကြောင့် သူက စူးမိသားစု၏အပြစ်ကို ထုတ်ဖော်လာခဲ့သည်။

"သူ့ကို ဆွဲထုတ်ပြီး ကွက်မျက်လိုက်တော့"

ရှောင်းကျဲယွိက သူ့အင်္ကျီလက်ကို ဝှေ့ယမ်းပြီး သူ့ကို စကားဆက်ပြာခွင့် မပေးတော့ပေ။ သူက တော်ဝင်အစောင့်များအား ထိုလူကို ဆွဲခေါ်သွားစေပြီး ခေါင်းဖြတ်ကွပ်မျက်ရန် အမိန့်ပေးလိုက်သည်။

အခြားတော်ဝင်သမားတော်များကလည်း အလွန်ကြောက်ရွံ့တုန်လှုပ်နေပြီး အသံမထွက်ရဲကြပေ။ ညီလာခံခန်းမအတွင်းရှိ မှူးမတ်များအားလုံး ခေါင်းငုံ့နေကြပြီး တိတ်ဆိတ်နေကြသည်။

ဧကရီရဲ့မိသားစုနဲ့ ပတ်သက်နေမှတော့ ဘယ်သူက ဘာပြောရဲမှာတုန်း။ သူတို့ရဲ့ ဧကရီဆိုတာက ဧကရာဇ်ကတောင် အရှုံးပေးရတဲ့သူလေ၊ ပြီးတော့ ဧကရာဇ်က ဧကရီကို အရမ်းအလိုလိုက် အကြိုက်ဆောင်တတ်မှန်း မသိတဲ့သူ ရှိလို့လား?

"အရှင်မင်းမြတ်၊ ကျွန်တော်မျိုးက ကျွန်တော်မျိုးရဲ့မိသားစုကို မထိန်းချုပ်နိုင်ခဲ့ပါဘူး၊ အဲ့အတွက် အရှက်ရမိပါတယ်"

စူးဟန်ရွှမ်က ဤကိစ္စ သူ့အစ်ကိုနှင့် သက်ဆိုင်နေကြောင်း သိသောကြောင့် သူလည်း အပြစ်ရှိသလို ခံစားနေရသည်။ သူက သားမက်ဖြစ်သူ ပေးမည့်အပြစ်ဒဏ်ကို လက်ခံရန် ဆုံးဖြတ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်သည်။

ရှောင်းကျဲယွိက နဂါးပလ္လင်၏လက်တင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့လက်ချောင်းများမှ အရိုးဖြူများကို မြင်ရလုနီးပါဖြစ်နေသည်။ သူ သူ့ဒေါသကို ချုပ်တည်းရန် အတတ်နိုင်ဆုံး ကြိုးစားနေမှန်း သိသာလှသည်။

"အားလုံး ထွက်သွားကြ"

ရှောင်းကျဲယွိက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ညီလာခံခန်းမထဲမှ မှူးမတ်၊ အရာရှိများနှင့် မိန်းမစိုးများအား ထွက်သွားရန် လက်ဟန်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ‌ရှေ့မှ လူက သူ့ယောက္ခမဖြစ်နေပြီး သူ တခြားသူများကို ပြတ်ပြတ်သားသား အမိန့်တော်ချမှတ်နိုင်သော်လည်း ယောက္ခမကို သတ်ရန်တော့ မဖြစ်နိုင်ပေ။

စူးချင်း ရောက်လာချိန်တွင် မှူးမတ်၊ အရာရှိများအားလုံး တံခါးဝသို့ ရောက်နေပြီ ဖြစ်သည်။ စူးချင်းကိုတွေ့လိုက်ရချိန်တွင် ဧကရီက သူတို့အား မေးခွန်းထုတ်မည်ကို ကြောက်နေကြပြီး ခေါင်းငုံ့ထားကြပြန်သည်။

စူးချင်းက ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး ထိုလူများ သူမ၏အကြည့်ကို ရှောင်နေကြမှန်း ချက်ချင်း သတိပြုမိသွားသည်။ သူမက သူတို့ကို စကားတစ်ခွန်းမှ မပြောဘဲ ညီလာခံခန်းမထဲသို့ ဝင်သွားလိုက်သည်။ မိန်းမစိုးက သူမ ရောက်ရှိနေလာကြောင်း ကြေငြာရန် ပြင်လိုက်သော်လည်း စူးချင်း၏အကြည့်ကြောင့် အလွန်ထိတ်လန့်သွားပြီး ပါးစပ်ပင် မဖွင့်ရဲတော့ပေ။

ဧကရီရဲ့ အကြည့်တွေက အရမ်းကြောက်ဖို့ကောင်းလွန်းတယ်။ သူမဆီက အကြည့်တစ်ချက်က သူ့ကို ထိုက်တောင်ကြီး လာဖိနေသလို ခံစားရစေတယ်။ ဘာပဲဖြစ်ဖြစ် ဧကရာဇ်မင်းမြတ်ကလည်း ဧကရီမယ်မယ် ရောက်လာရင် အကြောင်းကြားဖို့ မလိုအပ်ဘူးလို့ ပြောခဲ့ဖူးတယ်။ အခု သူ ဧကရီကို မမြင်ချင်ယောင်ဆောင်နေလိုက်တာက အကောင်းဆုံးပဲ။

စူးချင်းက ညီလာခံခန်းမထဲသို့ ဝင်လာပြီး သူမ၏ဖခင် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ရှောင်းကျဲယွိ၌ တောင်းပန်နေသည်ကို တွေ့လိုက်ရသည်။

"အဖေ၊ ဦးလေး တော်ဝင်ကုန်သည် ဖြစ်လာတာက အဖေ စီစဉ်ပေးလိုက်တာလား?"

စူးချင်းက ညီလာခံခန်းမထဲသို့ ဝင်လာပြီးပြီးချင်း သူမ၏ဖခင်ကို တန်းမေးလိုက်သည်။ သူမ၏ယခင်ဘဝတွင် သူမက အမှားလုပ်မိသည့်သူများကို အပြစ်ပေးရန် တွန့်ဆုတ်ခြင်း မရှိဘဲ ထိုက်သင့်သော အပြစ်ဒဏ်ကို ချက်ချင်း ချမှတ်လေ့ရှိသည်။

သို့သော် ယခု ဤလူက သူမ၏ဖခင် ဖြစ်သောကြောင့် သူမ ကြမ်းကြမ်းတမ်းတမ်း မပြုမှုနိုင်တော့ပေ။

ရှောင်းကျဲယွိကလည်း သူ့ယောက္ခမအား ထိုကိစ္စကို မေးရန် ပြင်ဆင်နေပြီး စူးချင်း၏အသံကို ကြားလိုက်ရသောကြောင့် ခေါင်းမော့ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်မှ အေးစက်မှုများက ချက်ချင်း ပျောက်ကွယ်သွားပြီး စူးချင်းကို လှမ်းမေးလိုက်သည်။

"ချင်းအာ၊ မင်း ဘာလို့ ဒီကို ရောက်လာတာလဲ?"

“ဒီဆေးအတုတွေက ကျွန်မရဲ့မိသားစုနဲ့ ပတ်သက်နေမှတော့ ကျွန်မက ဘယ်လိုလုပ်ပြီး မလာဘဲနေနိုင်မှာတုန်း"

စူးချင်းက ရှောင်းကျဲယွိကို စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

သူမရဲ့မိသားစုနဲ့ ပတ်သတ်နေမှတော့ သူမကိုယ်တိုင် ဖြေရှင်းရမှာပေါ့။

"အဖေ၊ မတ်တပ်ရပ်ပြီး စကားပြောပါ"

စူးချင်းက သူမ၏အဖေကို ပြန်ထူပေးရန် ရှေ့တိုးသွားလိုက်သည်။ ခေတ်သစ်မှလူတစ်ယောက်အနေဖြင့် လူငယ်တစ်ယောက်၏ရှေ့တွင် အသက်ကြီးသူတစ်ဦး ဒူးထောက်နေရခြင်းက အဓိပ္ပာယ်မရှိသလို သူမ ခံစားနေရသည်။

“အဲ့လို လုပ်လို့ မဖြစ်ပါဘူး မယ်မယ်၊ ဒီအရာရှိက မိသားစုကို စနစ်တကျ ထိန်းချုပ်ထားဖို့ ပျက်ကွက်ခဲ့ပါတယ်၊ ဒါက ဧကရာဇ်မင်းမြတ်နဲ့ ဧကရီမယ်မယ်တို့ရဲ့ ယုံကြည်မှုကို သစ္စာဖောက်တာနဲ့ အတူတူပါပဲ။ ဒီအရာရှိက ပြစ်ဒဏ်ကို ကျေကျေနပ်နပ် လက်ခံပါ့မယ်”

စူးဟန်ရွှမ်က မတ်တပ်ထရပ်ရန် ငြင်းဆန်နေပြီး ခေါင်းငုံ့ထားကာ ပြစ်ဒဏ်ကျခံရန် တောင်းဆိုနေသည်။

"ချင်းအာ၊ မင်း ပြန်သွားလို့ ရပါတယ်။ ဒီကိစ္စအတွက် စိတ်မပူပါနဲ့”

ရှောင်းကျဲယွိက စူးချင်းကို လာကူတွဲပေးပြီး သူမကို ပြန်လွှတ်ချင်နေသည်။ ယခုအချိန်အထိ ရှောင်းကျဲယွိက သူ့ယောက္ခမအား မည်သို့အပြစ်ပေးရမည်ကို မစဉ်းစားရသေးပေ။

သို့သော်လည်း သူက စူးချင်းကို ထည့်တွက်ကာ တတ်နိုင်သလောက် ပေါ့ပါးသည့် ပြစ်ဒဏ်မျိုးသာ ပေးမည် ဖြစ်သည်။

"အဖေ၊ ဦးလေး တော်ဝင်ကုန်သည် ဖြစ်လာအောင် အဖေ စီစဉ်ပေးခဲ့တာလား?"

စူးချင်းက ငြိမ်ငြိမ်လေး ရပ်နေလိုက်ပြီး ယခင်မေးခွန်းကိုသာ ထပ်မေးလိုက်သည်။

“မဟုတ်ဘူး၊ မယ်မယ်ရဲ့ ဦးလေးက သူ့သားသုံးယောက်ကို ခေါ်ပြီး ကျွန်တော်မျိုးရဲ့အိမ်ကို ရောက်လာခဲ့တယ်၊ သူက သူ့သားသုံးယောက်အတွက် ရာထူးတစ်ခုစီ စီစဉ်ပေးဖို့ တောင်းဆိုခဲ့တယ်၊ ဒါပေမယ့် ကျွန်တော်မျိုးက သဘောမတူခဲ့ဘူး။ သူက တော်ဝင်ကုန်သည် ဖြစ်ချင်တယ်လို့လည်း ပြောခဲ့သေးတယ်။ ကျွန်တော်မျိုးက အဲ့ဒါကိုလည်း သဘောမတူခဲ့ဘူး။ စည်းမျဥ်းစည်းကမ်းတွေအရ ဝော်ဝင်ကုန်သည်တစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီအောင် အရင်လုပ်ဖို့ ပြောလိုက်တယ်။ သူက ကျွန်တော်မျိုးရဲ့အိမ်မှာ လတစ်ဝက်လောက်နေခဲ့ပေမယ့် ကျွန်တော်မျိုးက လုံးဝ သဘောမတူခဲ့ပါဘူး။ နောက်တော့ သူ ရုတ်တရက် ကျွန်တော်မျိုးအိမ်ကနေ ထွက်ခွာသွားပြီး တော်ဝင်ကုန်သည် ဖြစ်လာတယ်။ ကျွန်တော်မျိုး တွေးမိတာတာ ရွေးချယ်တဲ့ စည်းမျဥ်းစည်းကမ်းတွေ သိပ်မများလို့ သူ အရည်အချင်း ပြည့်မီသွားပြီး တော်ဝင်ကုန်သည် ဖြစ်လာတယ်လို့ ထင်ခဲ့မိတာပါ၊ အဲ့ဒါကြောင့်လည်း ကျွန်တော်မျိုးက သူ့ရဲ့ကိစ္စတွေကိ ဝင်မပါဘဲ လျစ်လျူရှုထားခဲ့မိတာပါ"

စူးဟန်ရွှမ်က ခေါင်းယမ်းကာ ငြင်းဆန်လိုက်သည်။

ဒါက သူ လုပ်ဖူးသမျှထဲမှာ အကြီးမားဆုံးအမှားပဲ။ သူ့ရဲ့အစ်ကိုကြီးက တော်ဝင်ကုန်သည်တစ်ဦး ဖြစ်လာဖို့ အရည်အချင်း ပြည့်မီပြီး သမာသမတ်ကျကျနဲ့ ပါဝင်ယဥ်ပြိုင်ခဲ့တယ်လို့ သူ တွေးခဲ့မိတယ်၊ အဲ့ဒါကြောင့်လည်း ညီတစ်ယောက်အနေနဲ့ သူက မကူညီချင်ရင်တောင် မနှောက်ယှက်သင့်ဘူးလို့ တွေးခဲ့တယ်။ သူရဲ့အဓိက အမှားက နောက်ဆုံး ပြန်လည်သုံးသပ်တဲ့အချိန်မှာ သူ့ရဲ့အစ်ကိုကြီးကို တော်ဝင်ကုန်သည် အဖြစ်ကနေ မဖယ်ရှားခဲ့မိတာပဲ။

"ချင်းအာ၊ ဒီကိစ္စက မင်းရဲ့မိသားစုနဲ့ သက်ဆိုင်နေတယ်။ ဒါကို ဘယ်လို ကိုင်တွယ်သင့်တယ်လို့ မင်း ထင်လဲ?”

ရှောင်းကျဲယွိက စူးချင်းကို ကြည့်ရင်း လှမ်းမေးလိုက်သည်။

ဒီအချိန်မှာ သူ့ယောက္ခမက လုံးဝ အပြစ်ကင်းတာတော့ မဟုတ်ဘူး။ အနည်းဆုံးတော့ သူ ကြီးကြပ်မှု ပေါ့လျော့ခဲ့တဲ့အတွက် သူ့မှာလည်း အပြစ်ရှိတယ်။

ဒါပေမယ့် ဒါက သူ့ယောက္ခမလေ။ သူက သူ့ယောက္ခမကို အပြစ်ပေးလို့ ကောင်းပါ့မလား? အဲ့လိုဆိုမှတော့ ချင်းအာဆီကို လက်လွှဲပေးတာက အကောင်းဆုံးပဲ။ သူမက လွှတ်ပေးသင့်တယ်လို့ ပြောရင် သူလည်း လွှတ်ပေးလိုက်မယ်။

“တရားဥပဒေအရ တော်ဝင်ကုန်သည်တွေဘက်က အရည်အသွေးညံ့ဖျင်းတဲ့ ကုန်စည်တွေကို လိမ်ညာတင်သွင်းရင် ဘယ်လို ပြစ်ဒဏ်ပေးလေ့ရှိလဲ?”

စူးချင်းက ဖခင်ဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စူးဟန်ရွှမ် သူ့ကိုယ်သူ အပြစ်တင်နေသေးမှန်း သူမ ရိပ်မိလိုက်သည်။ စူးချင်းက သူမ၏အကြည့်ကို ပြန်လွှဲလိုက်ပြီး ရှောင်းကျဲယွိအား မေးမြန်းလိုက်သည်။

“ဆေးဝါးအတုတင်သွင်းတဲ့ ကိစ္စမှာ တော်ဝင်ကုန်သည်ပဲဖြစ်ဖြစ်၊ သာမာန်ကုန်သည်ပဲ ဖြစ်ဖြစ် ဒီလုပ်ရပ်ကို ကျူးလွန်တဲ့ ဘယ်သူမဆို အပြင်းထန်ဆုံး ပြစ်ဒဏ်ကို ကျခံရလိမ့်မယ်၊ သေဒဏ်စီရင်မှုနဲ့အတူ မိသားစုရဲ့ပိုင်ဆိုင်မှုကို သိမ်းယူပြီး မိသားစုတစ်ခုလုံးကို ပြည်နှင်ဒဏ်ပေးရမယ်”

ရှောင်းကျဲယွိက ထိုစကားကို မပြောမီ ခဏတာမျှ တွန့်ဆုတ်နေသေးသည်။ သူ့၏အမူအရာတွင် စိတ်ပိုင်းဖြတ်မှုများနှင့် မတင်မကျဖြစ်နေမှုများ ရောထွေးနေသည်။ သူ နန်းတက်ချိန်မှ စ၍ သူ့၏သမာဓိနှင့် တရားမျှတမှုကြောင့် အပြစ်အနာအဆာကင်းသော မှတ်တမ်းကို ထိန်းသိမ်းနိုင်ခဲ့သည်။ ထို့အတွက် သူ ဂုဏ်ယူနေခဲ့သည်။ သို့သော် ဤအခြေအနေက သူ၏အုပ်ချုပ်မှုအတွက် သိသာထင်ရှားသော စိန်ခေါ်မှုတစ်မှု ဖြစ်လာခဲ့သည်။ ၎င်းက သူ၏တရားမျှတမူနှင့် အုပ်ချုပ်ရေးကို တိုက်ရိုက်စမ်းသပ်မှုလည်း ဖြစ်နေပြီး ဤကဲ့သို့သော အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

“ဒါဆို ပါဝင်ပတ်သက်တဲ့သူတွေကို သေသေချာချာ မစုံစမ်းဘဲ ဆုံးဖြတ်ချက်ချခဲ့တဲ့ မင်းမှုထမ်းတွေကိုရော ဘယ်လိုပြစ်ဒဏ်ချသင့်လဲ?

စူးချင်းက ထပ်မေးလိုက်ပြီး သူမ၏အသံက တည်ငြိမ်နေသော်လည်း အနည်းငယ် စူးစမ်းချင်နေပုံရသည်။

“စစ်ဆေးဖို့ ပျက်ကွက်တဲ့ မင်းမှုထမ်းကို ရာထူးကနေ ချက်ချင်း ထုတ်ပယ်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမယ်"

ရှောင်းကျဲယွိက ချက်ချင်း ပြန်မဖြေသေးဘဲ ဤအခြေအနေ၏ သက်ရောက်မှုအား ထင်ဟပ်စေသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ဒါဆို အခုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ကြရအောင်။ ဦးလေးရဲ့ လောဘကြောင့် မရေမတွက်နိုင်တဲ့ စစ်သည်တွေ သေကျေပျက်ဆီးခဲ့ရတယ်။ သူ့ကို ကွပ်မျက်သင့်တယ်၊ ပြီးတော့ သူ့ရဲ့ဥစ္စာပစ္စည်းတွေကို သိမ်းယူသင့်တယ်။ ကျွန်မမှာ ကန့်ကွက်စရာ ဘာမှ မရှိဘူး။ ဒါက အခြားသူတွေအတွက်လည်း ပြင်းထန်တဲ့ သတိပေးချက်ဖြစ်လာလိမ့်မယ်၊ ပြီးတော့ ကျွန်မရဲ့ဦးလေးကို တော်ဝင်ကုန်သည်ဖြစ်လာစေတဲ့ လူကိုလည်း ဖော်ထုတ်ရမယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဒီလို မြှောက်ပင့်ပြီး ကပ်ဖားတတ်တဲ့သူတွေအတွက် နေရာ မရှိဘူး”

စူးချင်းက လုံးဝ တည်တည်ငြိမ်ငြိမ် အဆိုပြုလိုက်သည်။

တရားမျှတမှုအပေါ်ထားတဲ့ သူမရဲ့ စိတ်ဆန္ဒနဲ့ ကတိကဝတ်က မိသားစုဆက်ဆံရေးထက် သာလွန်တယ်။ ပြီးတော့ သူမ အဲ့ဒိဆိုးယုတ်တဲ့ ဦးလေးနဲလည်း တစ်ခါမှ မဆုံခဲ့ဖူးဘူး။ သူရဲ့လုပ်ရပ်တွေက သူမတို့မိသားစုရဲ့ဂုဏ်သိက္ခာကို ပျက်ပြားစေခဲ့တယ်။ သူမက အဲ့လို အကျင့်ဆိုးတဲ့သူကို ဘာလို့ ကာကွယ်ပေးနေရမှာတုန်း။

"ချင်းအာ၊ မင်း အဲ့လို လုပ်လိုက်ရင် မင်းရဲ့မျိုးနွယ်စုက မင်းကို အပြစ်တင်မှာကို မင်း မကြောက်ဖူးလား?"

ရှောင်းကျဲယွိက စူးချင်း၏ ရိုးသားမှုနှင့် သူမ၏ ရပ်တည်မှုအတွက် သူမကို ပိုသဘောကျလေးစားလာခဲ့သည်။ အကြောင်းအရာ အပြည့်အစုံကို သိရှိသူများကတော့ စူးချင်း၏ လုပ်ရပ်များက မိသားစုအပေါ် သစ္စာစောင့်သိမှုထက် တရားမျှတမှုနှင့် ဖြောင့်မတ်မှုအပေါ် ပိုဦးစားပေးခဲ့ကြောင်း နားလည်ကြပေလိမ့်မည်။ သို့သော် အကြောင်းစုံ မသိသူများအတွက်မူ စူးချင်းက သူမ၏ဦးလေးအပေါ် အကြင်နာကင်းမဲ့သည်ဟု စွပ်စဲပြီး ရှုတ်ချစရာ ဖြစ်လာပေလိမ့်မည်။ ဤခံယူချက်နှင့် အယူအဆများက သူမ၏ ဆုံးဖြတ်ချက်နှင့် စိန်ခေါ်ချင်သော သဘောသဘာဝကိုလည်း မီးမောင်းထိုးပြနေသေးသည်။

“ကျွန်မက ဥပဒေနဲ့အညီ လုပ်နေတာလေ။ ဘယ်သူ ဝေဖန်မှာကို ကြောက်နေရမှာလဲ? ပြီးတော့ ဒါက စူးမိသားစုရဲ့ သားစဉ်မြေးဆက်တွေအတွက် သတိပေးချက်ဆိုလည်း ဟုတ်တယ်၊ ကျွန်မရဲ့ ဆွေမျိုးတွေဖြစ်နေရင်တောင်မှ ဥပဒေကို ချိုးဖောက်တာနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်ဆိုတာ သူတို့ သိနေမှ ဖြစ်မယ်”

စူးချင်းက ခံစားချက်မဲ့ဟန် ပြောဆိုနေခဲ့သည်။

အမှန်တကယ်တွင်လည်း သူမက သူမ၏ မျိုးနွယ်စုမှ ရှုတ်ချလာမည့်စကားများအား လုံးဝ ဂရုမစိုက်ပေ။ ပထမတစ်ချက်က သူမ လုံးဝ ဂရုမစိုက်ချင်သောကြောင့် ဖြစ်ပြီး ဒုတိယအနေဖြင့် သူတို့ သူမရှေ့၌ မပြောရဲမှန်း သူမ ယုံကြည်နေသောကြောင့် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူမမှ မကြားရတာ သူတို့ဘာသာ ပြောချင်ရာပြော သူမက ဘာကြောင့် ဂရုစိုက်နေရမှာလဲ?

“ကောင်းတယ်၊ ချင်းအာ၊ မင်းက တာ့ထန်အင်ပါယာရဲ့ အမွန်မြတ်ဆုံး ဧကရီတစ်ပါးပဲ"

ရှောင်းကျဲယွိက စူးချင်းကို ချစ်ခင်စွာ ကြည့်နေပြီး ချီးကျူးစကား ပြောလိုက်သည်။

သူ့ရဲ့ချင်းအာက မိသားစုကို ဘေးဖယ်ထားပြီး တရားမျှတမှုကို ဦးစားပေးခဲ့တယ်၊ သူမကြောင့် သူ့ဘက်က လုပ်ရကိုင်ရမှာတွေ ပိုလွယ်ကူသွားပြီ။

စူးဟန်ရွှမ်က သူ့အစ်ကိုကြီး ဥပဒေကို ချိုးဖောက်ကာ စစ်သည်များစွာကို သေဆုံးစေခဲ့ပြီး တာ့ထန်အင်ပါယာအား သိသိသာသာ ဆုံးရှုံးစေခဲ့မည်ဟု တစ်ခါမှ စိတ်ကူးပင်မယဥ်ခဲ့ပေ။ ယခု ဧကရာဇ်က သူတို့၏မျိုးနွယ်စုတစ်ခုလုံးကို ကွပ်မျက်ရန် အမိန့်မပေးခြင်းကပင် သက်ညှာမှုတစ်ခု ဖြစ်နေမှန်း သူ နားလည်နေသည်။

"ရှင် ကျွန်မကို မြှောက်ပင့်နေစရာ မလိုပါဘူး"

စူးချင်းက ရှောင်းကျဲယွိကို ဆက်မပြောရန် လက်ဟန်ခြေဟန်ပြဖြင့် တားဆီးလိုက်သည်။ ‌ရှောင်းကျဲယွိက သူ့ဘာသာသူ သူမ၏ဖခင်အား ပြစ်ဒဏ်မချချင်မှန်း သူမ နားလည်နေသောကြောင့် စူးချင်းက ရှောင်းကျဲယွိ ဘာမှ မပြောရသေးခင် သူမ၏အဖေကို ကြည့်ကာ ထပ်ပြောလိုက်သည်။

“အဖေကလည်း အရာရှိလုပ်ရတာ တော်တော်ပင်ပန်းနေပြီ။ သူ့ကို အနားယူစေပြီး မွေးရပ်မြေကို ပြန်ခွင့်ပြုလိုက်ပါ”

သာမာန်ကုန်သည်တစ်ယောက်လုပ်နေတာက ဘာအန္တရာယ်မှ မရှိဘူး။ အရာရှိတစ်ယောက်အနေနဲ့ ခေါင်းပြုတ်ဖို့ လွယ်ကူလွန်းတယ်။ ရုံးတော်မှာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာထက် ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးသမား လုပ်နေရတာက ပိုကောင်းတယ်။ အဖေလည်း အသက်ကြီးနေပြီ၊ သူ ဘာသာ ပျော်ပျော်ရွှင်ရွှင် နေပြီး ရှောင်ချန်ကို ပြုစုပျိုးထောင်ပေးတာက အကောင်းဆုံးပဲ။

စူးဟန်ရွှမ်က စူးချင်းကို မော့ကြည့်လိုက်သည်။

သူ့သမီးက သူ့ကို ရာထူးကနေ ဖယ်ရှားချင်နေတာလား?

All Chapters