ဖြောင့်မတ်မှုအတွက် မိသားစုကို စွန့်လွှတ်ခြင်း (၂)
Vol. 41 Ch. 606
ထိုစကားက စူးဟန်ရွှမ်ကို စိတ်ပျက်အားငယ်သွားစေခြင်း မရှိပေ။ ထိုအစား သူ့သမီးက သူ့ကို ကူညီနေသည်ဟုသာ သူ ခံစားရသည်။
ရာထူးကနေ ထုတ်ပယ်ခံရတာထက် အငြိမ်းစားယူပြီး ဇာတိမြို့ကို ပြန်ခွင့်ရတာက ပိုကောင်းတာပေါ့။
ဒီလိုတွေ ဖြစ်လာမှတော့ အငြိမ်းစားယူလိုက်တာလည်း ကောင်းပါတယ်လေ။ သူ အမတ်ချုပ်ကြီး ဖြစ်လာပြီးကတည်းက သူ့မှာ ကိုယ်ပိုင်အချိန် သိပ်မရှိတော့ဘူး။ သူ နေ့တိုင်းနေ့တိုင်း မိုးလင်းမိုးချူပ် အလုပ်ရှုပ်နေပြီး ရုရွှယ်နဲ့အတူ ပန်းလေးတွေ ကြည့်ဖို့ ရှုခင်းတွေ ကြည့်ရင်း လေညင်းခံဖို့တောင် အဖော်မလိုက်ပေးနိုင်တော့ဘူး၊ ဟုတ်တယ်၊ ဒါက အကောင်းဆုံးပဲ၊ သူ သူ့ရဲ့သမီးလေးအတွက် ခက်ခဲအောင်လုပ်လို့ မဖြစ်ဘူး။
“အဲ့လောက်လည်း မလိုအပ်ပါဘူး၊ ဒါပေမယ့် ပေါ့ပါးတဲ့ အပြစ်တစ်ခုတော့ ပေးမှဖြစ်မယ်။ မဟုတ်ရင် တခြားသူတွေ အဆိုးမြင်သွားပြီး တီးတိုးစကားသံတွေ ထွက်လာနိုင်တယ်”
စူးချင်းက သူ့၏ယောက္ခမအား တရားဝင်ရာထူးမှ နုတ်ထွက်စေပြီး မွေးရပ်မြေသို့ ပြန်ခိုင်းချင်နေကြောင်း ကြားလိုက်ရချိန်တွင် ရှောင်းကျဲယွိတစ်ယောက် တွန့်ဆုတ်နေပြန်သည်။
“မလိုအပ်ဘူးဆိုတာမျိုး မရှိဘူး။ ကျွန်မ အဖေ့မှာ ရာထူးနဲ့ အာဏာ မရှိတော့ရင် မျိုးနွယ်စုက လူတွေလည်း ကျွန်မတို့မိသားစုရဲ့ အာဏာကို အားကိုးပြီး သူတို့ လုပ်ချင်သလို လုပ်ရဲတော့မှာ မဟုတ်ဘူး၊ ဒါဆို အားလုံး ပြေလည်သွားလိမ့်မယ်"
စူးချင်းက ရှောင်းကျဲယွိ၏ စေသနာကောင်းကို ငြင်းပယ်လိုက်သည်။
မင်းဆက်တစ်ဆက် ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်လာပြီး စည်းလုံးညီညွတ်မှုအပြည့်နဲ့ ရှေ့ဆက်ချင်ရင် ဒီဆွေတော်မျိုးတော်တွေရဲ့ ပါဝင်ပတ်သတ်မှုနဲ့ ဆက်ဆံရေးတွေကို အရင် ဖြတ်တောက်ရမယ်။ အရာရှိဆိုတဲ့ တာဝန်ကို ယူထားပြီး အမှားလုပ်မိရင် ဧကရာဇ်မင်းရဲ့ယောက္ခမဖြစ်နေရင်တောင်မှ အပြစ်ပေးခံရလိမ့်မယ်၊ ဒီအကြောင်းကို သိသွားတာနဲ့ ဘယ်သူက အမှားလုပ်ရဲဦးမှာတဲ့?
"ချင်းအာ ပြောတာမှန်ပါတယ်။ ဒီအရာရှိလည်း အရမ်းပင်ပန်းနေပြီ။ အိမ်ပြန်ပြီး စီးပွားရေးလုပ်ရတာကို ပိုနှစ်သက်ပါတယ်၊ အဲ့ဒါကမှ ကျွန်တော်မျိူးရဲ့ အစစ်အမှန် အသက်မွေးဝမ်းကျောင်းအလုပ်ပါ”
စူးဟန်ရွှမ်ကလည်း သူ့သမီး၏စကားများက အဓိပ္ပာယ်ရှိသလို ခံစားနေရပြီး သမီးဘက်မှ ထောက်ခံလိုက်သည်။
စီးပွားရေးသမားတစ်ယောက် လုပ်ပြီး ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေရတာက အရာရှိလုပ်ရတာထက် ပိုလွယ်ကူတယ်။ သူ ရာထူးကနေ ထုတ်ပယ်ခံရလိုက်ရရင် မိသားစုနောက်ခံကို အားကိုးပြီး ထင်ရာစိုင်းချင်တဲ့ သူ့ဆွေမျိုးသားချင်းတွေလည်း မဆင်မခြင်လုပ်ရဲကြတော့မှာ မဟုတ်ဘူး။
"ဒါက... ကောင်းပြီလေ၊ ဒါဆိုလည်း ကျွန်တော်တို့ ချင်းအာ ပြောတဲ့အတိုင်း လုပ်ကြာတာပေါ့"
အဖေနှင့် သမီးက ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချပြီးသွားပြီ နားလည်လိုက်သောကြောင့် ရှောင်းကျဲယွိက သူ ခြွင်းချက်အဖြစ် သက်ညှာပေးရန် မလိုအပ်ကြောင်း သိသွားခဲ့သည်။ ယခုအချိန်တွင် သူ ကျန်နေသည့် ပြဿနာများကို လိုအပ်သလို နည်းဗျူဟာရော အင်အားပါ အသုံးပြု၍ ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရန် အာရုံစိုက်ရတော့မည် ဖြစ်သည်။
“ဧကရာဇ်မင်းမြတ်က ဆေးကုန်သည်အသစ်တွေ ချက်ချင်း ခန့်အပ်ပေးဖို့ ကျွန်မ အကြံပေးပါရစေ။ ဒီတစ်ကြိမ်မှာ ကျွန်မ ကိုယ်တိုင်ကြီးကြပ်ပေးပါ့မယ်”
ဆေးဝါးအတုပြဿနာကို ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင် နန်မန်လူမျိုးများ၏ကျူးကျော်မှုအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသေးသည်။ ထိုလူရိုင်းမျိုးနွယ်များက သူတို့၏ မော်တာများနှင့် လက်ပစ်ဗုံးများကို လုယူသွားပြီး တာ့ထန်မင်းဆက်အတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။
အနည်းငယ် ကံကောင်းနေသေးသည့်အချက်က သူတို့ဘက်မှ လူများအနေဖြင့် ထိုလက်နက်များနှင့် အကျွမ်းတဝင်မရှိသောကြောင့် ထိထိရောက်ရောက် အသုံးမပြုနိုင်ကြပေ။ သူတို့ ပစ်လွှတ်လိုက်သည့် မော်တာကျည်များက တိကျမှု မရှိသည့်အပြင် လက်ပစ်ဗုံးများကို ထိထိရောက်ရောက် မပစ်နိုင်သောကြောင့် သိသိသာသာ အလေအလွင့်ဖြစ်စေသည်။ သို့တိုင်အောင် ရှောင်းကျဲယွိအတွက် ကြီးမားပြီး အန္တရာယ်များသော စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်သေးသည်။ အချိန်ခဏတာမျှ ကြာပြီးလျှင် ထိုလူရိုင်းများက လက်နက်ကြီးများနှင့် ကျွမ်းကျင်မှု ရှိလာပြီး ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်ခြေ ရှိနေသောကြောင့် ရှောင်းကျဲယွိဘက်က စိတ်အေးလက်အေးနေရန် လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် လက်ရှိအချိန်တွင် အရေးကြီးဆုံးမှာ နန်မန်စစ်တပ်ကို ဖြိုခွင်းရန်၊ မော်တာများကို ပြန်သိမ်းယူရန်နှင့် ဆုံးရှုံးသွားသည့်မြို့များကို ပြန်လည်သိမ်းပိုက်ရန် ဖြစ်သည်။
သို့ရာတွင် နန်မန်လူမျိုးများ၏ အဆိပ်က ထိပ်တိုက်ရင်ဆိုင်ရန် ခက်ခဲနေစေသည်။ ထို့ကြောင့် ဆေးထုပ်များ ထပ်လုပ်ရမည် ဖြစ်ပြီး ယခုတစ်ကြိမ်တွင် ဘာအမှားအယွင်းမှ မဖြစ်အောင် သူမကိုယ်တိုင် ထိန်းချုပ်မည်ဟု စူးချင်း တောင်းဆိုနေခြင်း ဖြစ်သည်။
"ချင်းအာ၊ မင်း အဲအတွက် စိတ်မပူပါနဲ့။ ကိုယ် ကိုယ်တိုင် ကြီးကြပ်ပါ့မယ်"
ရှောင်းကျဲယွိက စူးချင်း၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော်လည်း သူမ၏ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်သည်။ သူက တော်ဝင်သမားတော်အသစ်များ ရွေးချယ်ရန် အမိန့်ပေးထားပြီး ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ထိုလူများအား သုံးစုခွဲစေပြီး တော်ဝင်သက်တော်စောင့်များအား စောင့်ကြပ်စေကာ မည်သူနှင့်မျှ ဆက်သွယ်ခွင့်ပြုတော့မည် မဟုတ်ပေ။
ပထမတစ်ဖွဲ့က ဆေးထုပ်များ ပြုလုပ်ရမည် ဖြစ်ပြီး ဒုတိယတစ်ဖွဲ့က ထိုဆေးထုပ်များကို စစ်ဆေးကာ တတိယအဖွဲ့က နောက်တစ်ကြိမ် ပြန်စစ်ရမည် ဖြစ်သည်။ ထိုအဖွဲ့သုံးဖွဲ့မှလူများအားလုံးကို မတူညီသည့် မိသားစုနောက်ခံများမှ ခေါ်ယူထားပြီး တစ်စုံတစ်ယောက် ခိုးကြောင်ခိုးဝှက်ပြုလုပ်သည်နှင့် ချက်ချင်း သိနိုင်အောင် စီမံထားသည်။
"ဒါဆိုလည်း ကောင်းပြီလေ။ အခု ဧကရာဇ်မင်းမြတ်က တိုင်းရေးပြည်ရေးတွေကို ကိုယ်တွယ်ဖြေရှင်းဖို့ ရှိနေသေးတယ်၊ ကျွန်မ အရှင်မင်းမြတ်ကို မနှောက်ယှက်တော့ဘူး။ အဖေ၊ အဖေက သမီးနဲ့အတူ အနောက်ဆောင်ကို လိုက်ခဲ့ဦး၊ ရှောင်ချန်က အဖေ့ကို လွမ်းနေပြီ"
ရှောင်းကျဲယွိက ဆေးအတွက် သူကိုယ်တိုင် ကြီးကြပ်မည်ဟု ပြောလိုက်သောကြောင့် စူးချင်းက ထိုကိစ္စအတွက် စိတ်ပူမနေတော့ပေ။ ထို့ကြောင့် သူမက ပြန်ရန် ခြေလှမ်းပြင်နေပြီး ဖခင်ဖြစ်သူကိုလည်း သူမနှင့်အတူ လိုက်ရန် ဖိတ်ခေါ်လိုက်သည်။
စူးဟန်ရွှမ်က ရှောင်းကျဲယွိအား တွေတွေကြီး စိုက်ကြည့်နေလေသည်။
ဧကရာဇ်က ဘာမှ မပြောသေးဘူးလေ၊ သူ ထွက်သွားလို့ ဖြစ်ပါ့မလား?
“ယောက္ခမလည်း ချင်းအာနဲ့အတူ လိုက်သွားပြီး အနားယူသင့်တယ်"
စူးချင်းက သူမ၏ဖခင်အတွက် စိတ်ပူနေကြောင်း သိနေသည့် ရှောင်းကျဲယွိက ယောက္ခဖြစ်သူကို ထွက်ပေါက်တစ်ခုပေးလိုက်သည်။
ချင်းအာနဲ့ ဆက်ဆံရေးကို ထည့်မတွက်ရင်တောင် သူနဲ့ စူးဟန်ရွှမ်က မိတ်ဆွေကောင်းတွေ ဖြစ်နေတုန်းပါပဲ။ ဒီတကြိမ် ဆေးဝါးအတုကိစ္စက စူးဟန်ရွှမ်အတွက်လည်း မမြင်အပ်တဲ့ ဘေးအန္တရာယ်တစ်ခုပဲ။ တခြားတစ်ဘက်ကနေ ကြည့်ရင်တော့ သူ အဲဒါကို မျက်ကွယ်ပြုထားလိုက်တာက အကောင်းဆုံးပဲ။
ညီလာခံခန်းမ၏အပြင်ဘက်တွင် စောင့်ဆိုင်းနေသော မှူးမတ်များက ဧကရီ ညီလာခံခန်းမထဲသို့ ဝင်သွားပြီး အမတ်ချုပ်ကြီးအား ပြန်ခေါ်ဆောင်သွားသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း သူတို့အားလုံးက မမြင်ဟန်ဆောင်ကာ ငုံ့ကြည့်နေကြသည်။
ဧကရာဇ်မင်းမြတ်က ဧကရီအား မည်မျှမျက်နှာသာ ပေးသည်ကို သူတို့ သိထားပြီး ဖြစ်ကာ ဤသို့ ဖြစ်သွားသည်က အထူးအဆန်းမဟုတ်ဟု တွေးလိုက်ကြသည်။
ကံကောင်းလို့ သူတို့ ဘာမှ မပြောခဲ့ကြဘူး၊ မဟုတ်ရင် ဧကရီက သူတို့ကို မုန်းတီးနေလိမ့်မယ်။
.........။.......။.....
ကျင်းချန်၊ စူးမိသားစုနေအိမ်၌.....
စူးဟန်ရွှမ်၏အကြီးဆုံးအစ်ကို စူးဟန်စန်က ရောက်ရှိလာသည့်ဆေးဝါးများကို စစ်ဆေးနေသည်။ သူ့သားသုံးယောက်ကလည်း သူ့နောက်မှ လိုက်ပါလာပြီး ဆေးပစ္စည်းများလာပို့သည့် ဆေးကုန်သည်ကို အမိန့်ပေးနေကြသည်။
"ဒါတွေက ဘာဆေးတွေလဲ? မင်းတို့က ဒီလိုဆေးအတွက် ပိုက်ဆံတောင်းရဲကြတယ်လား?"
"သခင်ကြီးစူး၊ ဒါတွေက အားလုံးက အရမ်းကောင်းတဲ့ ဆေးပစ္စည်းတွေပါ"
စူးဟန်စန်က စျေးနှုန်းအား ထပ်မံလျှော့ချတော့မည်ကို သိနေသည့် ဆေးကုန်သည်က အပြင်တွင် ချိုချိုသာသာ ပြောနေသော်လည်း စိတ်ထဲမှ ကျိန်ဆဲနေသည်။
ဒီလူက ပိုပိုပြီး လောဘကြီးလာပြီ၊ သူတို့ မရောင်းနိုင်တဲ့အဆင့်အထိ စျေးကို လျှော့ချတော့မှာ သေချာတယ်။
“မကောင်းလို့ မကောင်းဘူးပြောတာလေ။ မင်းတို့က ငြင်းဆုံချင်နေသေးတာလား? တတိယတန်းစားအဆင့်အတိုင်းပဲ ပိုက်ဆံပေးနိုင်မယ်”
စူးဟန်စန်က သူတို့ကို စိုက်ကြည့်ကာ သူ့ဘာသာသူ ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ယခင်စီရင်စုအမတ်ထက်ပင် ပိုမောက်မာနေပြီး မည်သူ့ကိုမျှ စကားပြောခွင့်မပေးတော့ဘဲ တတိယအတန်းအစား ဆေးများအဖြစ် မှတ်တမ်းတင်ရန် သူ့၏လက်ထောက်ကို အမိန့်ပေးလိုက်သည်။
“ဒါက မဖြစ်နိုင်ဘူး၊ ကျွန်တော် မရောင်းတော့ဘူး။ ဒီလို အရှုံးခံရမယ်ဆိုရင် ဘယ်လိုလုပ်ပြီး စီးပွားရေးဆက်လုပ်နိုင်တော့မှာတုန်း"
ဆေးကုန်သည်က ထိုအရာကို လုံးဝ လက်မခံပေ။ သူ ပေးခဲ့ရသည့်ဈေးထက်ပင် နည်းနေသောကြောင့် သူက သူ့၏ဆေးဘက်ဝင်ပစ္စည်းများကို ထုပ်ပိုးကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် စူးဟန်စန်က ဒေါသထွက်သွားပြီး သူ့၏ဆေးဖက်ဝင်ပစ္စည်းများကို လုယူကာ ထိုလူအား ရိုက်နှက်ပြီး စူးအိမ်တော်၏အပြင်ဘက်သို့ ချက်ချင်း ဆွဲထုတ်ရန် သူ့လူများအား အမိန့်ပေးလိုက်သည်။
"ငါက ဘယ်သူလဲဆိုတာ မင်း သိလား? ငါက ဧကရီရဲ့ဦးလေး၊ အမတ်ချုပ်ကြီးရဲ့အစ်ကို၊ မင်းက ငါ့အိမ်ကို လာပြီး ဘယ်လိုတောင် မာနထောင်လွှားရဲတာတုန်း၊ မင်းရဲ့ခေါင်းကို မလိုချင်တော့ဘူးလား?"
စူးဟန်စန်က ဆေးပစ္စည်းလာပို့သည့် ဆေးကုန်သည်အား လက်ညှိုးထိုးကာ ဆူပူကြိမ်းမောင်းနေပြီး ရက်ရက်စက်စက် ရိုက်နှက်ခိုင်းနေခဲ့သည်။ သူက ထိုအခြေအနေကို လူတိုင်းသိစေရန် ကျယ်ကျယ်လောင်လောင် အော်ဟစ်ဆဲဆိုနေပြီး’ တံခါးကို တမင်တကာ ဖွင့်ပေးထားသေးသည်။ လမ်းပေါ်ရှိ လူများကလည်း ထိုအဖြစ်အပျက်ကို စောင့်ကြည့်နေကြပြီး ဒေါသထွက်နေကြသည့်တိုင် ဘာမှ မပြောရဲကြပေ။
“ခင်ဗျား အနိုင်ကျင့်တာက လွန်လွန်းနေပြီ။ ကျုပ် ခင်ဗျားကို တရားစွဲတော့မယ်။ ကျုပ်ကိုယ်တိုင် ဧကရာဇ်ဆီကို သွားတိုင်မယ်"
ဆေးကုန်သည်က ရုန်းကန်ပြီး ထရပ်လိုက်သည်။ သူက ဤစော်ကားမှုကို ငုတ်တုတ်မခံနိုင်တော့ဘဲ ပြန်တွန်းလှန်ရန် ဆုံးဖြတ်လိုက်သည်။
ဒီဆေးဖက်ဝင်ပစ္စည်းတွေအကုန်လုံးက သူ့ပစ္စည်းတွေ။ အခု သူ သူ့ပစ္စည်းတွေကို လုယက်ခံခဲ့ရတဲ့အပြင် သူကိုယ်တိုင်လည်း ရိုက်နှက်ခံခဲ့ရတယ်။ တရားမျှတမှုဆိုတာ ရှိသေးရဲ့လား?
ဧကရီက အရမ်းကြင်နာတတ်တယ်လို့ ပုံပြင်ပြောတဲ့သူတွေ ပြောနေတာကို သူ ကြားဖူးခဲ့တယ်။ ဧကရီက ဒီလိုဆိုးယုတ်တဲ့လူတွေကို အကာအကွယ်ပေးမယ်လို့ သူ မယုံကြည်ဘူး။
"အိုက်ယား၊ မင်းက တကယ်ကို သတ္တိကောင်းပြီး ငါ့ကို ဖိအားပေးနေတယ်ပေါ့၊ အစောင့်တွေ လာကြစမ်း၊ သူ့ကို သေတဲ့အထိ ထပ်ရိုက်ကြစမ်း”
သူ့အား ဧကရာဇ်ထံ တိုင်ကြားမည်ဟု ကြားလိုက်ရချိန်တွင် စူးဟန်စန်က ပိုဒေါသထွက်လာပြီး ထိုလူကို ရိုက်သတ်ရန် သူ့၏လက်ပါးစေများအား အမိန့်ပေးလိုက်သည်။
“ဟူး၊ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား?”
“ဧကရီရဲ့ဦးလေးကို ဘယ်နေရာမှာ သွားတိုင်ရမှာလဲ? ဘယ်သူက ဒီအမှုကို လက်ခံရဲမှာလတုန်း”
ရပ်ကြည့်နေသည့် လမ်းသွားလမ်းလာများကလည်း ဒေါသထွက်ကာ တီးတိုးပြောဆိုနေကြသည်။ သို့သော်လည်း အသံတော့ မထွက်ရဲကြပေ။ သူတို့အားလုံး အသံတိုးတိုးလေးဖြင့် ဆွေးနွေးကြသည်။ သူတို့က စူးဟန်စန်နှင့် သူ့၏သားသုံးယောက်စလုံးကို ကဲ့ရဲ့ရှုတ်ချနေကြသည်။
တော်ဝင်မိသားစုရဲ့ ဆွေမျိုးဖြစ်လာတာနဲ့ သူတို့ကိုယ်သူတို့ သာလွန်မြင့်မြတ်တယ်လို့ တွေးပြီး သူတို့ လုပ်ချင်ရာ လုပ်နေကြတယ်။
"ခင်ဗျား ဝဋ်လည်လိမ့်မယ်"
ဆေးကုန်သည်လည်း မြေကြီးပေါ်သို့ အတွန်းခံလိုက်ရပြီး ဖိချကာ ရိုက်နှက်ခံနေရပြန်သည်။ သို့သော် သူက အဆုတ်ထိပ်မှ အသံဖြင့် အော်ဟစ်နေပြန်သည်။
“ငါက တော်ဝင်မိသားစုရဲ့ ဆွေမျိုးတော်ပဲ။ ဗောဓိသတ္တကတောင် ငါတို့ကို ကာကွယ်ပေးရဦးမှာ၊ ဒီနေ့ မင်းအရိုက်ခံရတာကို မင်းရဲ့အပြစ်ပဲ"
စူးဟန်စန်က ဆေးကုန်သည်၏မျက်နှာကို နင်းထားပြီး မောက်မောက်မာမာ ပြောနေပြန်သည်။
ဆေးကုန်သည်က လုံးဝ မလှုပ်ရှားနိုင်သလို မျက်နှာပင်မဖော်ရဲဘဲ အလွန်ရှက်ရွံ့နေရှာသည်။ သို့တိုင်တောင် သူက စူးဟန်စန်ကို အော်ဟစ်နေသေးသည်။
“ခင်ဗျား ဝဋ်လည်မယ့်အချိန်ကို ကျုပ် စောင့်ကြည့်နေမယ်။ မိုးကောင်းကင်က ခင်ဗျားတဲ့ သေလောက်အောင် ဒဏ်ခတ်မှာ သေချာတယ်”
“လာကြစမ်း၊ သူ့ကို သေအောင်ရိုက်ကြစမ်း။ သူ့ကို သတ်ပြီး သင်္ချိုင်းကို ဆွဲခေါ်သွားကြ၊ သူ့ကို မသတ်ခင် သူ့လျှာကို အရင် ဖြတ်ကြစမ်း၊ ဒီလောက် ကျိန်ဆဲချင်နေတဲ့ ပါးစပ်”
စူးဟန်စန်က သူ့ကို စော်ကားနေသည့်ဟု ခံစားရကာ အလွန်ဒေါသထွက်နေပြီး ထိုဆေးကုန်သည်၏လျှာကို ဖြတ်ခိုင်းနေပြန်သည်။
စူးအိမ်တော်မှ ကျေးကျွန်များက ထိုဆေးကုန်ကို ဖိချုပ်ထားပြီး သူ့လျှာကို ဖြတ်ခါနီးတွင် တော်ဝင်သက်တော်စောင့်အဖွဲ့တစ်ဖွဲ့က မြင်းများကို ဒုန်းဆိုင်းကာ ပြေးဝင်လာကြသည်။
“လမ်းပေါ်ကနေ အမြန်ဖယ်ကြစမ်း။ တော်ဝင်သံတမန်ကြီး အမှု ကိုင်တွယ်ဖို့ ရောက်လာပြီ”
တော်ဝင်သံတမန် အမှုကိုင်တွယ်ရန် ရောက်လာကြောင်း ကြားလိုက်ချိန်တွက် သာမန်ပြည်သူများက လမ်းပေါ်မှ အမြန်ပြေးဆင်းသွားကြသည်။ ဆေးကုန်သည်အား လျှာဖြတ်ရန် ပြင်ဆင်နေသည့် ကျေးကျွန်များလည်း တွန့်ဆုတ်သွားပြီး ဓားကို ပြန်ချလိုက်ကြသည်။
“မကြောက်ကြနဲ့၊ မကြောက်ကြနဲ့။ မင်းတို့ လုပ်စရာရှိတာ ဆက်လုပ်ကြ။ ဘာဖြစ်နေလဲဆိုတာ ငါ သွားကြည့်လိုက်ဦးမယ်"
စူးဟန်စန်က ဘေးဥပဒ်တစ်ခု ကျရောက်တော့မည်ကို မသိသေးပေ။ ထို့ကြောင့် သူက သူ့အစေခံများအား ဆေးကုန်သည်၏လျှာကို ဖြတ်ရန် အမိန့်ပေးလိုက်သည်။ အစေခံများက ဆေးကုန်သည်၏လျှာကို ထပ်မံဆွဲထုတ်ပြန်သည်။
ပတ်ဝန်းကျင်မှ လူများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး မိန်းမနှင့် ကလေးများကတော့ ကြည့်ပင်မကြည့်ဝံ့ကြပေ။
တော်ဝင်သံတမန်ရဲ့ရှေ့မှာတောင် လူ့အသက်ကို မြက်တစ်ပင်လို ပြုမူနေကြပြီလား? ဥပဒေဆိုတာ မရှိတော့ဘူးပေါ့။
ဆေးကုန်သည်ကတော့ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများ မှိတ်ချလိုက်သည်။ သို့ရာတွင် သူ့နှလုံးသားက မခံမရပ်နိုင်ဖြစ်နေကာ အမုန်းတရားများ ပြည့်နှက်နေသည်။
လက်ရှိဧကရာဇ်က ပညာရှိတဲ့ အုပ်ချုပ်သူက ပြောခဲ့ကြတာ မဟုတ်ဘူးလား? အခုတော့ သူနဲ့ ဝမ်မိသားစုစစ်တပ်ကြားမှာ ဘာကွာခြားတော့လို့လဲ?
ဆေးကုန်သည် သေဆုံးရတော့မည်ဟု လူတိုင်း ထင်နေကြပြီး ဆေးကုန်သည်၏လျှာ အဖြတ်ခံရခါနီးတွင် လေသံနှင့်အတူ ထက်ရှသော ဓားတစ်ချောင်း ထွက်ပေါ်လာပြီး ဓားကိုင်ထားသည့် ကျေးကျွန်၏လက်ကောက်ဝတ်ကို ထိမှန်သွားသည်။ ထိုကျေးကျွန်က အော်ဟစ်ညည်းညူကာ သူ့လက်ထဲမှ ဓားကို ပစ်ချလိုက်သည်။ ဆေးကုန်သည်က မယုံကြည်နိုင်စွာဖြင့် မျက်လုံး ပြန်ဖွင့်ကြည့်လိုက်သည်။
စူးဟန်စန်က တော်ဝင်သံတမန်အား ဒေါသတကြီး လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
"ငါ ဘယ်သူလဲဆိုတာ မင်း သိလား။ မင်းက ဘယ်လိုလုပ်ပြီး ငါ့ကိစ္စကို ဝင်စွက်ဖက်ရဲရတာတုန်းကွ"