← Chapters

စူးချင်း ကလေးမွေးခြင်း

Vol. 41 Ch. 608

စူးချင်း ကလေးမွေးခြင်း

Vol. 41 Ch. 608

ယခုရက်ပိုင်းအတွင်း ရှောင်းကျဲယွိက ဆေးအတုကိစ္စအား ဖြေရှင်းရန်နှင့် နန်မန်လူမျိုးများ၏ ကျူးကျော်မှုအား နှိမ်နင်းရန် ရုံးတော်၌ တချိန်လုံးရှိနေပြီး စနစ်တကျ စီမံခန့်ခွဲနေခဲ့သည်။ ထို့ကြောင့်လည်း လက်ရှိတွင် ဆေးဝါးများ အဆင်သင့် ဖြစ်လာပြီး တပ်များလည်း စုစည်းပြီးဖြစ်ကာ နန်မန်ကို စတင်တိုက်ခိုက်နိုင်ကြတော့မည် ဖြစ်သည်။ ဤအတောအတွင်း စူးချင်းကည်း ဘာမှ မလုပ်ဘဲ အလဟဿ ထိုင်နေခြင်း မဟုတ်ပေ။ သူမက ပစ္စတိုအတွက် အသေးစိတ်ပုံစံတစ်ခုကို ပုံကြမ်းရေးခဲ့ပြီး ချင်ထျဲဆီသို့ သွားရောက်ခဲ့သည်။ သူမနှင့် ချင်ထျဲတို့ စနစ်တကျ လေ့လာဆွေးနွေးပြီးနောက် ပစ္စတိုနှစ်လက် ပြုလုပ်နိုင်ခဲ့ကြသည်။ ဤသည်မှာ ကျုံးယုံနှင့် ကျန်းကျင့်လင်းတို့ တလက်စီရရှိလိုက်သည့် လက်နက်အသစ် ဖြစ်သည်။

"ဆရာ၊ ဒါက ဘာလဲ?"

ကျုံးယုံက ပစ္စတိုသေနတ်ကို ကိုင်ထားပြီး ဘက်ပေါင်းစုံမှ လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် သူ လုံးဝ နားမလည်နိုင်ဘဲ စူးချင်းကိုသာ ပြန်မေးရတော့သည်။

"မင်းတို့ နှစ်ယောက် ငါနောက်ကို လိုက်ခဲ့ကြ"

စူးချင်းက သူတို့ကို တော်ဝင်ဥယျာဉ်ဆီသို့ ခေါ်သွားပြီး မိန်းမစိုးတစ်ယောက်အား လှမ်းခေါ်လိုက်သည်။ ထို့နောက် မြေအိုးတစ်လုံးယူစေကာ သစ်ပင်၌ ချိတ်ဆွဲခိုင်းလိုက်သည်။ စူးချင်းက သူတို့ကို အိုးနှင့် ခပ်ဝေးဝေးတစ်နေရာသို့ ခေါ်လာခဲ့ပြီး ထိုနေရာတွင် ရပ်လိုက်ပြန်သည်။ ထို့နောက် သူမက သေနတ်ကို မြှောက်လိုက်ပြီး အိုးကို ချိန်ရွယ်ကာ တချက်တည်းဖြင့် ပစ်ခွဲပြလိုက်သည်။

“ဒီလျှို့ဝှက်လက်နက်က ကောင်းလှချီလား?”

ကျုံးယုံက သူ့ပါးစပ်ကြီးကို အကျယ်ကြီး ဖွင့်ကာ ချီးကျူးရင်း ရယ်မောလိုက်သည်။ ထို့နောက် သူက သူ့သေနတ်ကို အမြတ်တနိုး ပွတ်သပ်နေလေသည်။

“ဒီကို လာကြည့်၊ ဒီမှာ ချိန်ခွက်တစ်ခု ရှိတယ်၊ ဒီချိန်ခွက်ကို ကြည့်ပြီး ပစ်မှတ်ကို ချိန်ရွယ်ထား၊ ပြီးရင် မောင်းကို ဆွဲလိုက်ရုံပဲ"

စူးချင်းက ကျုံးယုံအား သေနတ်အသုံးပြုပုံ သင်ပေးနေပြီး ကျန်းကျင့်လင်းက ဘေးမှ ကြည့်ကာ သင်ကြားနေသည်။ သူက ဉာဏ်ကောင်ပြီး လိမ္မာပါးနပ်လွန်းသောကြောင့် တစ်ချက်ကြည့်လိုက်ရုံ မြန်မြန်ဆန်ဆန် သင်ယူနိုင်ခဲ့သည်။ သူက သူ့သေနတ်ကို မြှောက်ကာ မြေအိုးကို ချိန်ရွယ်ပြီး သေနတ်မောင်းကို ဆွဲချလိုက်သည်။

သူက သူ ထိုမြေအိုးကို ခွဲနိုင်မည်ဟု ထင်ထားခဲ့သော်လည်း အသံပင်ထွက်မလာမှန်း သိလိုက်ရသည်။

ဘာဖြစ်သွားတာလဲ?

"ကျင့်လင်း၊ မင်း မပစ်ခင် ကျည်ဆံထည့်ဖို့ လိုသေးတယ်"

“ဒါက ကျည်ဆန်ထည့်ရမယ့် ပုံစံ”

စူးချင်းက သူမ၏သေနတ်ကို ကိုင်ထားပြီး ကျန်းကျင့်လင်းကို သင်ပေးလိုက်သည်။

ကျန်းကျင့်လင်းက ဂရုတစိုက်ကြည့်နေပြီး ယခုတစ်ကြိမ်တော့ သူ မကျရှုံးတော့ပေ။ သူလည်း မြေအိုးကို တစ်ချက်တည်းဖြင့် ပစ်ခွဲနိုင်ခဲ့သည်။

“ဒီသေနတ်ကို မင်းတို့နဲ့ အနီးကပ်ဆုံးနေရာမှာ အမြဲဆောင်ထား၊ အရေးကြီးတဲ့အခိုက်အတန့်မှာ ဒါက မင်းတို့ကိုယ်မင်းတို့ ကာကွယ်ဖို့ လက်နက်ကောင်း ဖြစ်လာလိမ့်မယ်၊ ဒါကို ဝှက်ဖဲအနေနဲ့ အသုံးပြုနိုင်တယ်”

စူးချင်းက ကျန်းကျင့်လင်း၏ ဥာဏ်ရည်နှင့် လိမ္မာပါးနပ်မှုကို အလွန်သဘောကျနေသည်။

အရင်ကတည်းက နန်မန်လူရိုင်းတွေကို တိုက်ခိုက်ဖို့ သူ့ကို စေလွှတ်လိုက်သင့်တယ်၊ အဲ့တုန်းက သူကို လွှတ်လိုက်ရင် အခုလိုမျိုး စိတ်ပျက်ဝမ်းနည်ဖို့ကောင်းတဲ့အထိ အကျအဆုံးများခဲ့မှာ မဟုတ်ဘူး။

"အမိန့်တော်အတိုင်းပါ၊ မယ်မယ့်ကို ကျေးဇူးတင်ပါတယ်"

ကျန်းကျင့်လင်းက လက်သီးအုပ်ကာ စူးချင်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။ သူတို့က မိသားစုသား ဖြစ်ပြီး ဧကရီမယ်မယ်က သူတို့ကို ဂရုစိုက်ပေးမှန်း သူ နားလည်နေခဲ့သည်။

“ပြီးတော့ ဒီဆေးပုလင်းကိုလည်း ယူသွား၊ အရမ်းပင်ပန်းလာရင် တစ်လုံးသောက်လို့ ရတယ်"

စူးချင်းက သူတို့နှစ်ယောက်ကို ဆေးပုလင်းသေးသေးလေးတစ်လုံးစီ ထပ်ပေးလိုက်သည်။ ဤဆေးက စွမ်းအင်တိုးစေသည့် အာနိသင်ရှိပြီး လန်းဆန်းတက်ကြွမှုနှင့် ခွန်အားကို အလျင်အမြန် ပြန်ဖြည့်တင်းပေးနိုင်သည်။ အလွန်ပင်ပန်းနေချိန်၌ ဤဆေးတစ်လုံး သောက်လိုက်ပါက ခွန်အားများ ချက်ချင်း ပြန်လည်ရရှိလာပေလိမ့်မည်။ ခန္ဓာကိုယ်အတွက် မည်သည့်ဆိုးကျိုးမှ မရှိသောကြောင့် နောက်ဆက်တွဲ ထိခိုက်မှုလည်း မရှိနိုင်ပေ။

“ပြီးတော့ ဒါက အပူဒဏ်ကာကွယ်ဆေးနဲ့ ဆေးညွှန်း၊ အခု နန်မန်မှာ အရမ်းပူနေပြီ။ စစ်သည်တွေ အပူဒဏ်မခံရအောင် ကာကွယ်ပေးရမယ်”

သူမ ရှေ့တန်းသို့ မလိုက်နိုင်သော်လည်း စူးချင်းက စစ်သည်များအတွက် စိတ်ပူနေသေးသည်။

သူမအတွက်တော့ တာ့ထန်အင်ပါယာရဲ့စစ်သည်တိုင်းက အရမ်းတန်ဖိုးရှိတယ်။

"အများကြီး ကျေးဇူးတင်ပါတယ်၊ မယ်မယ်"

ထိုအရာက ကျန်းကျင့်လင်းကို အလွန်စိတ်လှုပ်ရှားသွားစေသည်။

ဧကရီမယ်မယ်က အရမ်း တော်လွန်အားကြီးတယ်၊ အစစအရာရာ တွေးနိုင်တဲ့အပြင် လက်တွေ့ စီမံပေးနိုင်တဲ့ စွမ်းရည်လည်း ရှိတယ်။

"ကောင်းပြီ၊ ငါ ဘက်က ပြောစရာ မရှိတော့ဘူး၊ မင်းတို့ အကောင်းဆုံး တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာဖို့ ငါ မျှော်လင့်တယ်"

“ဒီလက်အောက်ငယ်သားတွေက မယ်မယ်ရဲ့ မျှော်လင့်ချက်ကို မဖြစ်မနေ ဖြည့်ဆည်းပေးပါ့မယ်”

"အင်း၊ ငါ မင်းတို့အတွက် ဟင်းပွဲတွေ ပြင်ဆင်ထားဖို့ တော်ဝင်စားဖိုဆောင်ကို အမိန့်ပေးထားပြီးပြီ၊ နှုတ်ဆက်ညစာ အတူစားကြမယ်"

စားစရာအကြောင်း ပြောလိုက်ချိန်တွင် စူးချင်းက နောက်ထပ် အရေးကြီးသောပြဿနာတစ်ခုကို တွေးမိသွားပြီး ရှောင်ချီအား ဝမ်းပိတ်ဆေးတချို့ ပြုလုပ်ပေးရန် ချက်ချင်း တောင်းဆိုလိုက်သည်။ စစ်ချီရာတွင် ကြောက်စရာအကောင်းဆုံးအရာက အအေးမိခြင်းနှင့် အပူရှပ်ခြင်းကြောင့် ဖြစ်လေ့ရှိသည့် ဖျားနာခြင်းအပြင် ဝမ်းလျှောခြင်းလည်း ပါဝင်နေသေးသည်။ အထူးသဖြင့် ဝမ်းလျှောခြင်းက လူ၏ခုခံစွမ်းအားကို ဆုံးရှုံးစေသည်။

ရှောင်ချီလည်း စနစ်ထဲ၌ ဆေးဖော်ရန် အလုပ်များသွားရပြန်သည်။ ယခင်က စနစ်ထဲ၌ သိမ်းဆည်းထားခဲ့သော ဆေးများကလည်းသူမ သုံး၍ ကုန်သလောက် ဖြစ်နေကာ မလုံလောက်တော့ပေ။ ‌ရှောင်ချီက ဆေးဘက်ဝင်ပစ္စည်းများ လိုအပ်ကြောင်း အစီရင်ခံလိုက်ပြီး စူးချင်းက ရှောင်ချီပေးသည့်စာရင်းအတိုင်း ဆေးပစ္စည်းယူရန် တော်ဝင်ဆေးဌာနသို့ လူလွှတ်လိုက်သည်။

ကျုံးယုံက စစ်ထွက်ရတော့မည် ဖြစ်သောကြောင့် ကျန်းယွိရန်က မနက်စောစောထကာ မီးဖိုတောင်သို့ ဝင်သွားပြီး ကျုံးယုံအတွက် မုန့်ပေါင်းကြီးတစ်ထုပ် ပေါင်းလာခဲ့သည်။ ထိုအပြင် သူက ပဲငံပြာရည်အသားနှပ်တစ်အိုးလည်း နှပ်လာခဲ့သည်။ ဧကရီက သူတို့ကို ညစာစာရန် ဖိတ်ခေါ်ထားကြောင်း သိသွားပြီးနောက် သူမက သူမ၏မုန့်ပေါင်းများနှင့် အသားနှပ်ကို ယူဆောင်လာခဲ့သည်။

ကျုံးယုံက အသားကို ပျော်ပျော်ရွှင်ရွှင် စားနေပြီး ကျန်းယွိရန်ကို မြင်လိုက်ရသောကြောင့် အပြုံးဖြင့် လှမ်းခေါ်လိုက်သည်။

"ယွိရန်"

“ကျွန်မ ရှင့်အတွက် ပဲငံပြာရည်အသားနှပ်နဲ့ မုန့်ပေါင်းတွေ လုပ်ထားပြီးပြီ။ လမ်းမှာ စားဖို့ ယူသွားနော်"

ကျန်းယွိရန်က ကျုံးယုံ စစ်တိုက်ထွက်ရမည်ကို စိတ်ပူနေပြီး သူမ၏မျက်လုံးများ နီရဲနေသည်။ သို့သော်လည်း ယောက်ျားတစ်ယောက်အား မိန်းမ၏ခါးပတ်ကြိုး၌ ချိတ်ထား၍ မရနိုင်မှန်း သူမ သိထားပြီး ဖြစ်သည်။

သူမှာလည်း သူ့အောင်မြင်မှုနဲ့အတူ သူ ခန့်ခန့်ညားညား ရပ်တည်ရမှာပေါ့။

“အင်း၊ အင်း”

ကျုံးယုံကတော့ အကျေနပ်ကြီး ကျေနပ်နေကာ သွားအဖြဲသားဖြင့် ခေါင်းတဆတ်ဆတ်ညိတ်နေလေသည်။

နောက်နှစ်နှစ်နေပြီးရင် သူ ယွိရန်ကို လက်ထပ်နိုင်တော့မယ်။

ရှောင်းကျဲယွိ နန်းတော်မှ ပြန်လာချိန်တွင် စူးချင်းက ကျုံးယုံနှင့် ကျန်းကျင့်လင်းတို့အတွက် နှုတ်ဆက်စားပွဲ တည်ခင်းပေးနေကြောင်း သိသွားခဲ့သည်။ သူလည်း အတူစားရန် ရောက်ရှိလာကာ ပေါ့ပေါ့ပါးပါး အ၀တ်အစားများကို ပြောင်းလဲဝတ်ဆင်ထားသည်။ သူ့ထံတွင် ဟန်ဆောင်ပန်ဆောင် အမူအရာများ မရှိတော့ဘဲ သူတို့ မော့ချန်တွင် ရှိခဲ့စဥ်ကအတိုင်းသာ ဖြစ်နေသေးသည်။

"ယုံအာ၊ မင်း မဖြစ်မနေ သတိထားရမယ်နော်။ သတိလက်လွတ်မနေဲ့၊ ပြီးတော့ တဇွတ်ထိုး မလုပ်နဲ့”

ရှောင်းကျဲယွိကလည်း ကျုံးယုံအတွက် စိတ်ပူနေခဲ့သည်။ ကျုံးယုံက ရဲရင့်သော်လည်း တစ်ခါတရံ ရဲတင်းလွန်းကာ ဘေးအန္တရာယ်ကို သတိမမူဘဲ စိတ်လိုက်မာန်ပါ ပြုမူတတ်သည်။ နန်မန်လူမျိုးများက အလွန်လိမ္မာပါးနပ်သောကြောင့် ကျုံးယုံ အန္တရာယ်ဖြစ်မည်ကို သူ စိုးရိမ်နေခြင်းပင်။

“အစ်ကိုကြီး၊ ငါ သိပါတယ်။ ငါ့အတွက် စိတ်မပူနဲ့၊ ငါ နန်မန်လူမျိုးတွေကို အပြီးတိုင် ဖျက်ဆီးပြီးမှ ပြန်လာခဲ့မယ်"

ကျုံးယုံက သူ့ရင်ဘတ်ကို ပုတ်ကာ အားမာန်အပြည့်ဖြင့် အာမခံနေသည်။

အစ်ကိုကြီးက သူ့အပေါ် အရမ်းကောင်းတာ သူ သိတာပေါ့၊ သူက အစ်ကိုကြီးရဲ့ စိတ်ပူပင်မှုတွေကို ဖြေရှင်းဖို့ မဖြစ်မနေ ကူညီပေးရမယ်။

“ကောင်းတယ်”

ရှောင်းကျဲယွိက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီး သူ့ခွက်ကို ကိုင်ကာ ကျန်းကျင့်လင်းနှင့် ခွက်ချင်းတိုက်လိုက်သည်။

"ကျင့်လင်း၊ မင်း ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲနဲ့အတူ ပြန်လာတာကို ငါ မြင်ချင်တယ်"

"ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်"

ကျန်းကျင့်လင်းက ကျုံးယုံနှင့် မတူပေ။ သူက စည်းမျဥ်းစည်းကမ်းများကို အာရုံစိုက်လေ့ရှိပြီး အဆင့်အတန်းသတ်မှတ်ချက်များကို အပြည့်အဝ လိုက်နာသူ ဖြစ်သည်။

ဘာပဲဖြစ်နေဖြစ်နေ ဧကရာဇ်ဆိုတာ သူ အပါအဝင် တိုင်းသူပြည်သားတွေအားလုံးရဲ့ အရှင်သခင်ပဲ။ သူတို့က ဆွေမျိုးတော်စပ်နေရင်တောင် စည်းမျဥ်းတွေကိုတော့ လိုက်နာရမှာပါပဲ။

ပြီးတော့ သူနဲ့ လွမ်ဟုန်ကလည်း စေ့စပ်ထားတုန်းပဲ ရှိနေသေးတယ်။

“မင်း အောင်ပွဲခံပြီး ပြန်လာတဲ့အချိန် ရောက်ရင် မင်းရဲ့ မင်္ဂလာပွဲကို ငါ ကိုယ်တိုင် ဦးစီးကျင်းပပေးမယ်။ မင်းနဲ့ လွမ်ဟုန်လည်း လက်ထပ်ဖို့ အချိန်တန်နေပြီ၊ အဲ့အချိန်က မင်း လွမ်ဟုန့်ကို အိမ်ပြန်ခေါ်သွားဖို့ အချိန်ကောင်းပဲ"

ရှောင်းကျဲယွိက ပြုံးနေပြီး ကျန်းကျင့်လင်းအတွက် မျှော်လင့်ချက်တစ်ခု ထပ်ပေးလိုက်ပြန်သည်။ သူလည်း လွမ်ဟုန်နှင့် လက်ထပ်ရန် စောင့်မျှော်နေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း တိုင်းပြည်က ထူထောင်စဖြစ်နေသောကြောင့် စီမံဆောင်ရွက်စရာများ အများကြီး ရှိနေခဲ့သည်။ သူလည်း နေ့တိုင်း အလုပ်ထဲတွင် နစ်မြုပ်နေရပြီး ဧကရာဇ်ကလည်း ထိုအတိုင်းသာ ဖြစ်သည်။ ထို့ကြောင့် သူ့၏အိမ်ထောင်ရေး နှောင့်နှေးနေခဲ့ရသည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်၊ ကျွန်တော်မျိုး အမြန်ဆုံး အောင်ပွဲခံပြီး သိပ်မကြာခင် ပြန်လာခဲ့ပါ့မယ်"

ကျန်းကျင့်လင်းက ရှောင်းကျဲယွိအား ကျေးဇူးတင်ကြောင်း ဖော်ပြရန် ကြမ်ပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်သည်။ သို့သော်လည်း ရှောင်းကျဲယွိက သူ့ကို လက်နှစ်ဖက်ကို ကိုင်ကာ သူ့ကို ပြန်ဆွဲထူပေးလိုက်သည်။

"ကျင့်လင်း၊ မင်း အဲ‌လောက် ယဉ်ကျေးနေဖို့ မလိုဘူး။ ငါတို့ နန်းတော်မှာ ရှိနေပြီး တိုင်းရေးပြည်ရေး ကိစ္စတွေ ပြောနေတာ မဟုတ်ရင် ငါတို့က ညီအစ်ကိုတွေပဲ။ ပုံမှန်အတိုင်း တစ်ယောက်နဲ့တစ်ယောက် မိသားစုလို့ ဆက်ဆံကြမယ်၊ အကြောင်းပြချက်မရှိဘဲ အလွယ်တကူ ဒူးမထောက်ပါနဲ့ကွ"

စူးချင်းက အစားမစားဘဲ လေးလေးနက်နက် စကားပြောနေကြသည့် ယောက်ျားများကို မကျေမနပ် စိုက်ကြည့်နေသည်။

သူတို့ရှေ့မှ ထမင်းပန်းကန် ရှိနေတာကို မမြင်ကြဘူးလား? သူမရဲ့ ဗိုက်ထဲက ကလေးတွေလည်း ဆန္ဒပြနေကြပြီ၊ သူတို့ရဲ့နှိုးဆော်သံကြောင့် သူမရဲ့ ဆာလောင်မှုကလည်း တဖြည်းဖြည်း ပိုဆိုးလာပြီ။

ပြီးတော့ ဒီနေ့ သူမ ချယ်ရီဝက်သားနှပ် ရှိတယ်၊ ဒါက သူမကိုယ်တိုင် တော်ဝင်စားတော်ကဲတွေကို သင်ပေးထားတဲ့ ဟင်းပွဲလေ။ သူမက သူတို့ကို ဟင်းလျာတစ်မျိုးတည်းနဲ့ ဟင်းပွဲတွေ အကန့်အသတ်မရှိ ပြင်ဆင်နိုင်တဲ့ အကြောင်း ပြောပြပြီး ချက်ပြုတ်နည်းတွေလည်း မျှဝေပေးထားခဲ့သေးတယ်။ ဥပမာအနေနဲ့ ပြောပြရရင် ဒီနေ့မှာ ဝက်သားတစ်မျိုးတည်းကို သုံးပြီး ချယ်ရီဝက်သားနှပ်နဲ့ ဝက်ချိုချဥ် ချက်ခိုင်းခဲ့တယ်။

သူမ ကိုယ်ဝန်ဆောင်နေတဲ့အချိန်အတောအတွင်းမှာ သူမရဲ့အကြိုက်က ပြောင်းသွားပြီး ချိုချိုချဉ်ချဥ် အရသာရှိတဲ့ အစားအစာတွေကို ပို နှစ်သက်လာတယ်၊ စပ်တဲ့ အစားအစာတွေကို သိပ်မကြိုက်တော့ဘူး။

နောက်ဆုံးတွင် အားလုံး ဝလင်အောင် စားသောက်ပြီးစီးသွားကာ လူစုခွဲလိုက်ကြပြီး တာဝန်ကိုယ်စီ ထမ်းဆောင်ရန် ပြန်သွားကြသည်။

ကျုံးယုံနှင့် ကျန်းကျင့်လင်းတို့က တပ်များ စနစ်တျ စုစည်းထားရန် စစ်ရေးလေ့ကျင့်ကွင်းသို့ သွားခဲ့ကြသည်။ ရှောင်းကျဲယွိကလည်း စစ်သည်များ စိတ်ဓာတ်တက်ကြွစေရန် မိန့်ခွန်းပြောဖို့ ရောက်ရှိလာခဲ့သည်။

စစ်သည်များကလည်း ဧကရာဇ်မင်းမြတ်ကို မြင်လိုက်ရသည်နှင့် စိတ်ဓာတ်တက်ကြွလာပြီး တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာကြသည်။ သူတို့၏ ကတိသစ္စာစကားများနှင့် ကြွေးကြော်သံများတွင် ထူးကဲသော အားမာန်များ ပါဝင်နေကာ ပဲ့တင်ထပ်နေသည်။ သူတို့က သူတို့၏ အင်ပါယာကို ကာကွယ်ရန် သစ္စာစောင့်သိမှုနှင့်အတူ ရန်သူကို ရင်ဆိုင်ရန် အဆင်သင့်ပြင်ထားပြီး ဖြစ်သည်။

စစ်တပ်ကြီး ထွက်ခွာသွားပြီး တစ်လအကြာတွင် အောင်ပွဲသတင်းများ စတင်ထွက်ပေါ်လာသည်။ သူတို့က မြို့နှစ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ရှောင်းကျဲယွိကလည်း ရှေ့တန်းများကို အပြည့်အဝ ကာကွယ်ထားရန် အမိန့်ပေးခဲ့ပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများကို ရှေ့တန်းသို့ စဉ်ဆက်မပြတ် ပေးပို့နေခဲ့သည်။

ထိုအချိန်တွင် စူးချင်းလည်း မွေးဖွားရက်နီးလာပြီ ဖြစ်ကာ သူမ၏ဗိုက်ကြီးက ကြီးလွန်းနေသဖြင့် လမ်းလျှောက်ရန် ခက်ခဲနေသည်။ ရှောင်ချီက ရှောင်ချန်ကို ရှောင်တိမ်းနေကာ စူးချင်း၏ဘေးတွင် အမြဲရှိနေပေးခဲ့သည်။ သူမက သူမ၏သခင် မွေးလာသည့်အချိန်တွင် အနားတွင် မည်သူမျှ မရှိမည်ကို စိုးရိမ်နေရှာသည်။

ရှောင်းကျဲယွိကလည်း ‌ရှောင်ချီထက်ပင် ပိုစိတ်ပူနေပြီး သူ့၏ယောက္ခမ ယန်ရုရွှယ်အား စူးချင်းအတူ နေပေးရန် တောင်းဆိုထားခဲ့သည်။ သူလည်း ညီလာခံပြီးသည်နှင့် ချက်ချင်း ပြန်ရောက်လာလေ့ရှိသည်။ ထို့အပြင် တော်ဝင်သမားတော်များအား အချိန်ပြည့် တာဝန်ထမ်းဆောင်စေပြီး ဝမ်းဆွဲသည်များကိုလည်း အဆင်သင့်ခေါ်ထားပြီး ဖြစ်သည်။

နေ့တာနှင့် ညတာ ညီမျှသော ဆောင်းဦးရာသီ၏ အစပိုင်း နေ့တစ်နေ့တွင် စူးချင်း၏ ဗိုက်က စတင်လှုပ်ရှားလာသည်။ စူးချင်းက သူမ၏ဗိုက်ထဲမှ စူးရှသောဝေဒနာကို ကျိတ်မှိတ်သည်းခံရင်း သူမ၏ ဗိုက်ကို ပင့်မကာ အခန်းထဲ၌ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသည်။ သူမကို အိပ်ယာပေါ်သို့ တွဲခေါ်ချင်နေသည့် နန်းတွင်းအစေခံနှစ်ယောက်ကိုလည်း တွန်းဖယ်လိုက်သည်။

ယန်ရုရွှယ်ကလည်း အလွန်စိုးရိမ်ပူပန်နေသည်။ သို့သော် သူမက ဧကရာဇ်မင်းမြတ်အား အကြောင်းကြာရန် မိန်းမစိုးတစ်ယောက်အား စေလွှတ်လိုက်ပြီး အခြားမိန်းမစိုးတစ်ယောက်အား တော်ဝင်သမားတော်များနှင့် ဝမ်းဆွဲသည်ကို အမြန် ဆင့်ခေါ်ခိုင်းလိုက်သည်။ ထို့နောက် နန်းတွင်းအစေခံများအား ရေနွေးပြင်ဆင်ထားရန် အမိန့်ပေးလိုက်ပြန်သည်။ ခွန်နင်းနန်းဆောင်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေလေသည်။

ထိုအချိန်တွင် ရှောင်းကျဲယွိက ရှေ့တန်းမှ သတင်းကောင်းတစ်ခုကို လက်ခံပြီးစအချိန် ဖြစ်သည်။ ကျန်းကျင့်လင်းနှင့် ကျုံးယုံတို့က နန်မန်လူမျိုးများ သိမ်းပိုက်ထားသည့် မြို့များအားလုံးကို ပြန်လည်သိမ်းယူထားပြီး ဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့် သူတို့က နန်မန်များအား အပြီးတိုင် တိုက်ခိုက်ချေမှုန်းရန် ပြင်ဆင်နေကြသည်။

ထိုသတင်းက ပျော်ရွှင်စရာ သတင်းကောင်း ဖြစ်ပြီး ရှောင်းကျဲယွိလည်း အလွန်အားရကျေနပ်နေသည်။ သူက ရှေ့တန်းမှ စစ်သည်များကို အပြည့်အဝ ထောက်ပံ့ပေးရန် အမိန့်ထပ်ပေးလိုက်သည်။ သူတို့ ထိုကိစ္စအတွက် ဆွေးနွေးနေကြစဉ် မိန်းမစိုးတစ်ဦး ရောက်လာပြီး အဆောတလျင် သတင်းပို့လာခဲ့သည်။

“ဧကရာဇ်မင်းမြတ်ကို သတင်းပို့ပါတယ်၊ မောင်းမဆောင်က မိန်းမစိုးတစ်ယောက် ရောက်လာပြီး ဧကရီမယ်မယ် မီးဖွားတော့မယ်လို့ အကြောင်းကြားခဲ့ပါတယ်”

စူးချင်း မွေးဖွားတော့မည်ဟု ကြားလိုက်သည်နှင့် ရှောင်းကျဲယွိက စိုးရိမ်တကြီး ထရပ်ကာ သူ့အင်္ကျီလက်ကို ဝှေ့ယမ်းရင်း ညီလာခံကို ချက်ချင်း ရုတ်သိမ်းလိုက်သည်။

“ညီလာခံ သိမ်းစေ”

စူးဟန်ရွှမ်က ချက်ချင်း မထွက်သွားသေးဘဲ ဧကရာဇ်ကို လှမ်းကြည့်နေသည်။ သူ့သမီးလေး မီးဖွားတော့မည် ဖြစ်သောကြောင့် သူလည်း ရှောင်းကျဲယွိနှင့်အတူ အနောက်ဆောင်သို့ လိုက်သွားရန် ဆန္ဒရှီနေခဲ့သည်။ သို့သော်လည်း ထိုအပြုအမှုက ဓလေ့ထုံးတမ်းများနှင့် မကိုက်ညီပြန်ပေ။ ဧကရီ ကလေးမွေးဖွားချိန်၌ သူမ၏မိခင်ဖြစ်သူကိုသာ နန်းတော်ထဲသို့ ဝင်ခွင့်ပြုလေ့ရှိသည်။ ရှောင်းကျဲယွိက စူးဟန်ရွှမ်က တစ်ခုခုပြောချင်ပုံဖြင့် တုံ့ဆိုင်းနေသည်ကို မြင်သွားခဲ့ပြီး သူ့ခြေလှမ်းကို ခဏရပ်ကာ စူးဟန်ရွှမ်ကို လှမ်းပြောလိုက်သည်။

“ယောက္ခမ၊ ကျွန်တော်နဲ့အတူ လိုက်ခဲ့လေ”

"ကောင်းပါပြီ အရှင်မင်းမြတ်၊ ကျေးဇူးတင်ပါတယ်"

ရှောင်းကျဲယွိ၏စကား ဆုံးသွားသည်နှင့် စူးဟန်ရွှမ်က သူ့ကို ချက်ချင်း ကျေးဇူးတင်လိုက်ပြီး အနောက်ဆောင်သို့ လိုက်သွားတော့သည်။

ခွန်နင်းနန်းဆောင်တွင်လည်း တော်ဝင်သမားတော်၏ မျက်နှာအမူအရာက လုံးဝ ပျက်ယွင်းနေပြီ ဖြစ်သည်။ ဧကရီ၏ သန္ဓေသားအနေအထားက လွဲချော်နေကာ မီးဖွားရန် ခက်ခဲသည့် အခြေအနေ ဖြစ်လာနိုင်ကြောင်း သူ ခန့်မှန်းမိသွားသောကြောင့် ထိုတော်ဝင်သမားတော်လည်း ခြေမကိုင်မိလက်မကိုင် ဖြစ်နေလေသည်။

လွန်ခဲ့တဲ့ နှစ်ရက်ကတောင် သန္ဓေသားရဲ့ အနေအထားက အဆင်ပြေနေသေးတယ်လေ၊ ဘာကြောင့် သန္ဓေသား ထပ်ပြီး လှုပ်ရှားသွားရတာလဲ? အခု နဂါးသန္ဓေသားက ဆုံပိုင်း ဖြစ်နေတော့ မွေးဖွားရင်းနဲ့ ကလေးရော မိခင်ပါ အသက်အန္တာရာယ်ရှိနိုင်တဲ့ အခြေအနေ ဖြစ်နေပြီ။

(t/n: ဆုံပိုင်း ဆိုတာက ကလေးမွေးတဲ့ အချိန်မှာ ခေါ်တဲ့ အခေါ်အဝေါ်တစ်ခုပါ၊ ပုံမှန်ဆိုရင် သန္ဓေသားက မိခင်ရဲ့မွေးလမ်းကြောင်းကို ခေါင်းစိုက်တဲ့ အနေအထားမျိုးနဲ့ အပြင်ကို ထွက်လာတာပါ၊ ပုံမှန်မဟုတ်ဘဲ ကလေးရဲ့တင်ပါးက မွေးလမ်းကြောင်းကို ခေါင်းစိုက်နေရင် မွေးရခက်ပါတယ်၊ အဲ့တာကို ဆုံပိုင်းမွေးဖွားခြင်း လို့ ခေါ်ကြတာပါ၊ သန္ဓေသားက အရမ်းမထွားရင်တော့ ပြင်ပြီး ရိုးရိုးမွေးလို့ ရတယ်ပေါ့လေ၊ အဲ့တာကျတော့ ဆုံပိုင်းပြင်ခြင်း လို့ ခေါ်ကြတယ်၊ မရရင်တော့ ရှေ့ခတ်မှာဆို အသေအပျောက်များတာပေါ့၊ ခုခေတ်က ခွဲမွေးလိုက်ရင် အေးဆေးပေါ့)

All Chapters