← Chapters

မွေးဖွားရန် ခက်ခဲနေမှု

Vol. 41 Ch. 609

မွေးဖွားရန် ခက်ခဲနေမှု

Vol. 41 Ch. 609

တော်ဝင်သမားတော်ကျန်းရှင်းချန်က သားဖွားခြင်းနှင့် မီးယပ်ရောဂါများကို ကုသပေးရာတွင် ဆရာတစ်ဆူ ဖြစ်သည်။ သူက မွေးဖွားရန် ခက်ခဲနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ သန္ဓေသားများကို အနေအထား ပြောင်းလဲပေးရာတွင် ကျွမ်းကျင်လှသူ ဖြစ်ပြီး သူ့၏ ကြိုးစားမှုဖြင့် အသက်ရှင်ခွင့်ရခဲ့သည့် မိခင်နှင့်ကလေးများစွာ ရှိခဲ့သောကြောင့် သူ့၏ကောင်းသတင်းကလည်း ကျော်ကြားလှသည်။ သို့တိုင်အောင် လက်ရှိပြသနာက ဧကရီ၏ ဝမ်းဗိုက်ထဲတွင် တော်ဝင်သန္ဓေသားနှစ်ခု ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် သန္ဓေသား၏အနေအထား ပြောင်းလဲသွားစေရန် လှည့်ဖို့ မဖြစ်နိုင်ပြန်ပေ။ တော်ဝင်သမားတော်များအားလုံး အလွန် စိုးရိမ်နေကြပြီး ချွေးသီးချွေးပေါက်များပင် ထွက်လာကြသည်။

ဝမ်းဆွဲသည်များကတော့ ပို၍ပင် ပျာယာခပ်နေကြသည်။

ဧကရီ တစ်ခုခု ဖြစ်သွားခဲ့ရင် သူတို့အားလုံး သူမနဲ့အတူ သင်္ဂြိုဟ်ခံရမှာလေ။

"ထွက်သွားကြစမ်း"

စူးချင်းက သူမ၏ ဝမ်းဗိုက်မှ နာကျင်မှု ပိုပြင်းထန်လာပြီး သွေးသွန်နေသည်ကိုလည်း ခံစားနိုင်သေးသည်။ သူမက သွေးတိတ်စေရန် ဆေးအချို့ ထပ်သောက်လိုက်သည်။ သူမကိုယ်တိုင်လည်း သူမ၏ သွေးခုန်နှုန်းကို ပြန်စစ်ဆေးကြည့်ခဲ့ပြီး ‌မွေးဖွားရန် ခက်ခဲနေပြီဖြစ်ကြောင်း နားလည်လိုက်သည်။

ရှေးခေတ်တွင် သူမကဲ့သို့သော အခြေအနေမျိုး ရင်ဆိုင်ရပါက သေခြင်းဆီသို့သာ ဦးတည်ရကြောင်း သူမ သိထားပြီး ဖြစ်သည်။ ထိုသို့မဟုတ်လျှင် တချို့လူများက မိခင်၏ဗိုက်ထဲမှ ကလေးကို အပိုင်းပိုင်းဖြတ်ကာ ဝမ်းဗိုက်ထဲမှ ရက်ရက်စက်စက် ဆွဲထုတ်ကြပြီး မိခင်၏အသက်ကိုသာ ကယ်တင်ကြသည်။

စူးချင်းကတော့ သူမ၏ကလေးများအား မသေစေချင်သလို သူမကိုယ်တိုင်လည်း မသေချင်သေးပေ။ ထို့ကြောင့် သူမက ဗိုက်ခွဲမွေးရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ ဆုံးဖြတ်လိုက်ချိန်တွင် ဤလူများအား အခန်းထဲ၌ ‌နေခွင့်မပြုနိုင်တော့ပေ။ ရှေး‌ခေတ်ဟောင်းမှ လူများ၏အမြင်တွင် ဓားဖြင့် ဖြတ်တောက်ခံရပါက သေသွားမည်ဟုသာ တရားသေ မှတ်ယူထားကြသည်။ သူတို့ ရှိနေလျှင် ရှောင်ချီက သူမအတွက် ခွဲစိတ်မှု လုပ်ပေးနိုင်မည် မဟုတ်ပေ။

"မယ်မယ်၊ ကျွန်တော်မျိုးတို့ အပြင်ထွက်သွားဖို့ မဖြစ်နိုင်ပါဘူး"

ဧကရီက သူတို့ကို နှင်ထုတ်နေသောကြောင့် တော်ဝင်သမားတော်များနှင့် ဝမ်းဆွဲသည်လည်း ကြောက်ရွံ့ထိတ်လန့်သွားကာ ဒူးထောက်တောင်းပန်လိုက်ကြသည်။

ဧကရီမယ်မယ် မီးဖွားဖို့ ခက်ခဲနေတဲ့ အချိန်မှာ သူတို့ ထွက်သွားရင် ဧကရာဇ်မင်းမြတ်က သူတို့ကို ခေါင်းဖြတ်မှာပေါ့။

"နင်တို့ မထွက်သွားရင် ငါ နင်တို့ကို အခု ချက်ချင်း သတ်ပစ်မယ်"

စူးချင်းက သူမ ဆက်တောင့်မခံနိုင်တော့မှန်း သိနေပြီး ထထိုင်ရန် ရုန်းကန်နေကာ ထိုလူများကို မောင်းထုတ်ရန် ကြိုးစားနေသည်။

ရှောင်ချီက သူမ၏သခင် မသက်မသာဖြစ်နေသည်ကို မြင်နေရပြီး သူမလည်း စိတ်တိုလာကာ ထိုလူများကို တစ်ယောက်ချင်းစီ ဆွဲမကာ အပြင်သို့ ပစ်ထုတ်နေသည်။ ရှောင်းကျဲယွိ အပြေးရောက်လာချိန်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ ရှောင်ချီက တော်ဝင်သမားတော်များ၊ ဝမ်းဆွဲသည်နှင့် နန်းတွင်းအစေခံများကို တစ်ယောက်မကျန် အပြင်သို့ ပစ်ထုတ်နေသည်။

"ဘာတွေ ဖြစ်နေတာလဲ?"

ရှောင်းကျဲယွိက ကမန်းကတန်း အော်မေးလိုက်သည်။ တော်ဝင်သမားတော်များနှင့် ဝမ်းဆွဲသည်က အလျင်အမြန် ဒူးထောက်ကာ ပြန်ဖြေလိုက်သည်။

“အရှင်မင်းမြတ်ကို သတင်းပို့ပါတယ်၊ ဧကရီမယ်မယ်ရဲ့ သန္ဓေသားက အနေအထား မမှန်ပါဘူး။ မီးဖွားဖို့ ခက်ခဲမှာကို စိုးရိမ်မိပါတယ်။ ဒါပေမယ့် ဒီသတ္တဝါလေးက ကျွန်တော်မျိုးတို့ကို အခန်းထဲကနေ နှင်ထုတ်နေတာပါ”

သူတို့လည်း ထိတ်လန့်တုန်လှုပ်နေကြဆဲ ဖြစ်သည်။

ဒီအိမ်မွေးတိရစ္ဆာန်နဲ့တူတဲ့ အရာလေးက အရမ်းအစွမ်းထက်လွန်းတယ်။ သူတို့ကို ကြက်ကလေးတွေလို ဖမ်းပြီး ကိုင်ပေါက်လိုက်တာနော်။

"ဧကရီက မီးဖွားဖို့ ခက်ခဲနေတယ်လို့ မင်း ပြောလိုက်တာလား?"

ရှောင်းကျဲယွိကတော့ "မီးဖွားဖို့ ခက်ခဲနေတယ်" ဟူသော စကားမှ လွဲ၍ ဘာမှ မကြားရလိုက်ပေ။ ယန်ရုရွှယ်က ငိုယိုပြီး မူးမေ့လဲကျသွားသည်။ စူးဟန်ရွှမ်က ဇနီးဖြစ်သူကို ‌‌ပွေ့ချီရန် အမြန်ပြေးသွားပြီး သူ့မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

သူတို့သမီးလေး ပြန်ရောက်လာတာ တစ်နှစ်ပဲသေးတယ်လေ၊ အခု သေခြင်းတရားက သူတို့ကို ခွဲထုတ်ဖို့ ကြိုးစားနေတာကို ထပ်ရင်ဆိုင်ရပြန်ပြီ၊ သူတို့ ဘယ်လို သည်းခံနိုင်တော့မှာလဲ?

“ဟုတ်ပါတယ်၊ တော်ဝင်သန္ဓေသားက ဆုံပိုင်းအနေအထား ဖြစ်နေတာပါ၊ အခုအချိန်မှာ ဧကရီမယ်မယ်ကို ကယ်တင်ဖို့နဲ့ တော်ဝင်သန္ဓေသားတွေကို ထိန်းသိမ်းထားဖို့ ဘာကို ရွေးချယ်သင့်တယ်ဆိုတာ အရှင်မင်းမြတ် ဆုံးဖြတ်ပေးတော်မှုပါ”

ကျန်းရှင်းချန်က အထိတ်တလန့်ဖြင့် ကမန်းကတမ်း ထပ်ပြောလိုက်သည်။ သူက ဧကရာဇ်မင်းမြတ် ဒေါသထွက်ပြီး သူ၏ခေါင်းအား ဖြတ်ပစ်မည်ကိုလည်း ကြောက်ရွံ့ထိတ်လန့်နေသေးသည်။

"ဧကရီကိုပဲ ကယ်တင်ပေး"

ရှောင်းကျဲယွိ၏ မျက်လုံးများက သွေးရောင်လွမ်းလုနီးပါး နီရဲလာသည်။ သူက သူ့လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူ့လက်သည်းများက သူ့လက်ဖဝါးထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေသည်။

တကယ်တော့ ဒီဆုံးဖြတ်ချက်က သူ့အတွက် အရမ်း ခက်ခဲတဲ့ဆုံးဖြတ်ချက်ပါ။ ဘာပဲဖြစ်ဖြစ် ဒီကလေးတွေက သူနဲ့ ချင်းအာ ကိုးလလောက် မျှော်လင့်တကြီး စောင့်မျှော်နေခဲ့ရတဲ့ ကလေးလေးတွေလေ။ ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ် သူ့အတွက်တော့ ချင်းအာထက် ပိုအရေးကြီးတာ ဘာမှ မရှိဘူး။ အခု ကလေး မရှိတော့ရင်တောင် နောက်တစ်ယောက် ထပ်ရှိလာနိုင်သေးတယ်။ နောင်မှာ သူတို့အတွက် နောက်ထပ် ကလေးတစ်ယောက် ထပ်မရနိုင်တော့ရင်တောင် ချင်းအာ အသက်ရှင်နေသရွေ့တော့ သူ့အတွက် လုံလောက်ပြီ။

"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းမြတ်၊ ဒါပေမယ့် ဧကရီမယ်မယ်က ကျွန်တော်မျိုးတို့ကို အထဲကို ၀င်ခွင့်မပေးပါဘူး"

ဧကရာဇ်၏စကားကြောင့် ကျန်းရှင်းချန်က သူ ဘာလုပ်ရမည်ကို သိသွားပြီ ဖြစ်သည်။

သူ ဝမ်းဆွဲသည်တွေကို ဧကရီရဲ့ သားအိမ်ထဲက သန္ဓေသားကို အပိုင်းပိုင်းဖြတ်ပြီး ဖယ်ရှားဖို့ ညွှန်ကြားရတော့မယ်။ ကံကောင်းရင် တခြားကလေးတစ်ယောက်ကိုတော့ ကယ်တင်နိုင်လိမ့်မယ်။ ဒါပေမယ့် အခုလက်ရှိပြဿနာက ဟိုသတ္တဝါလေးက အခန်းတံခါးကို ပိတ်ဆို့ထားပြီး သူတို့ အထဲကိုတောင် မဝင်နိုင် ဖြစ်နေတာပဲ။

"ကျန်း သွားကြည့်ပေးမယ်"

ရှောင်းကျဲယွိက တံခါးဆီသို့ လျှောက်သွားလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်ရာ အတွင်းမှ သော့ခတ်ထားမှန်း သူ သိလိုက်ရသည်။ ထို့ကြောင့် ရှောင်းကျဲယွိလည်း အခန်းထဲသို့ အသံလှမ်းပြုရုံသာ တက်နိုင်တော့သည်။

"ချင်းအာ၊ ကိုယ် ရောက်နေပြီ။ ကိုယ့်ကို ဝင်ခွင့်ပြုပါဦး"

"ဧကရာဇ်မင်းမြတ်၊ အရှင်အနေနဲ့ မွေးခန်းထဲကို ဝင်လို့ မရပါဘူး"

ဧကရာဇ်မင်းမြတ် မွေးခန်းထဲသို့ ဝင်တော့မည်ဟု နားလည်းသွားသည့် တော်ဝင်သမားတော်များနှင့် ဝမ်းဆွဲသည်များက ကြောက်ရွံ့ထိတ်လန့်သွားပြီး အလျင်အမြန် ဒူးထောက်ကာ ဆီးတားနေကြပြန်သည်။

အမြင့်မြတ်ဆုံးအုပ်စိုးရှင်ဖြစ်တဲ့ ဧကရာဇ် မပြောနဲ့ သာမန်အိမ်ထောင်ဦးစီးတစ်ယောက်တောင် မီးတွင်းထဲက သွေးသံတွေကို မကြည့်ရဘူး။ ဒီလို မသန့်ရှင်းတဲ့သွေးတွေနဲ့ အညစ်အကြေးတွေကိုလည်း မထိတွေ့သင့်ဘူး။ ဒါက ဧကရာဇ်ရဲ့အရှိန်အဝါကို နိမ့်ပါးသွားစေလိမ့်မယ်။

"ပါးစပ် ပိတ်ထားကြစမ်း"

ရှောင်းကျဲယွိက တော်ဝင်သမားတော်များနှင့် တခြားလူများကို ဘာမှ ဆက်ပြောခွင့်မပေးဘဲ အကျယ်ကြီး အော်ဟစ်တားဆီးလိုက်သည်။

ချင်းအာ အဆင်ပြေဖို့ ဆိုရင် သူ ဘာကိုမှ မကြောက်ဘူး။

ထိုအခိုက်အတန့်တွင် စူးချင်း၏ အားနည်းနေသော်လည်း ပုံမှန်ထက် လေးနက်နေသည့်အသံက အခန်းတွင်းမှ ထွက်ပေါ်လာခဲ့သည်။

"ရှင် ကျွန်မကို အသက်ရှင်စေချင်တယ်ဆိုရင် အပြင်ကနေ အေးအေးဆေးဆေး စောင့်နေပေးပါ"

All Chapters