ပျော်ရွှင်ရတဲ့ နေတစ်နေ့
Vol. 41 Ch. 611
သုံးနှစ်ကြာပြီးနောက်တွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့ မော့ချန်သို့ ပြန်ရောက်လာကြသည်။ ဤနေရာက ရှောင်းမိသားစုစစ်တပ် ပြန်လည်စတင်ရာ အမာခံစခန်း ဖြစ်သလို သူတို့ အငတ်ဘေးမှ ထွက်ပြေးလာပြီး ခိုလှုံခဲ့ရသည့် နေရာလည်း ဖြစ်သည်။
မော့ချန်၏မြေပေါ်သို့ တစ်ဖန်ခြေပြန်ချလာခဲ့သည့် စူးချင်းနှင့် ရှောင်းကျဲယွိတို့အတွက် မော့ချန်က စည်ကားနေသောမြင်ကွင်းများ ကြိုဆိုနေခဲ့သည်။ ထိုအရာက သူတို့ကို သူတို့ မော့ချန်သို့ ပထမဆုံးရောက်လာစဥ်က မြင်ကွင်းများအား ပြန်မြင်ယောင်စေပြီး နှိုင်းယှဥ်တွေးမိစေသည်။ ထိုစဥ်က လုံးဝ ဆိုးဆိုးဝါးဝါး ပျက်ယွင်းနေသည့် မြင်ကွင်းများကိုသာ မြင်ခဲ့ရပြီး တစ်မြို့လုံးနီးပါး လူသူကင်းမဲ့နေခဲ့သည်။ နေရာတိုင်းတွင် ပျက်စီးယိုယွင်းနေသည့် စွန့်ပစ်ခံအိမ်စုတ်လေးများကိုသာ တွေ့မြင်ရပြီး လမ်းဘေးစျေးသည်ဟူ၍လည်း တစ်ယောက်တစ်လေမျှပင် မတွေ့ရပေ။ ရှောင်းမိသားစုစစ်တပ်ကလည်း ကြိုးတော့မည့်လေးကိုင်းသဖွယ် ဖြစ်နေပြီး နောက်ဆုံးခွန်းအာဖြင့် မာန်တင်းကာ မြို့ကို ကာကွယ်ရန် သူတို့ အတက်နိုင်ဆုံး ရုန်းကန်နေခဲ့ကြသည်။
လက်ရှိ မော့ချန်ကတော့ ခိုင်မာတော့တင်းကာ ဖွံ့ဖြိုးနေပြီ ဖြစ်သည်။ မြို့တော်ကို စောင့်ရှောင့်နေသော သန်မာသည့် ခြေလျင်တပ်နှင့် မြင်းတပ်များလည်း ရှိနေပြီ ဖြစ်သည်။ လမ်းမများပေါ်တွင် လမ်းသွားလမ်းလာများဖြင့် အချိန်တိုင်း စည်ကားနေပြီး လမ်းဘေးတစ်ချက်တစ်ချက်စီတွင်လည်း ဈေးဆိုင်များ စီတန်းနေသည်။ သူတို့ တွေ့မြင်နေရသည့် မြို့သူမြို့သားများကလည်း ယခင်ကဲ့သို့ ပိန်လှီနေခြင်း မရှိတော့ပေ။ သူတို့အားလုံး ကောင်းကောင်းမွန်မွန် ဝတ်စားထားကြပြီး သူတို့၏မျက်နှာများပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင်ဟူ၍ တစိုးတစိမျှ မရှိတော့ပေ။ သူတို့၏မျက်လုံးများက တောက်ပနေပြီး လူတိုင်းလူတိုင်း မျှော်လင့်ချက်များ၊ ယုံကြည်ချက်များနှင့် ရှေ့ဆက်နေမှန်း သိသာလွန်းလှသည်။
ရှောင်းကျဲယွိက ငွေကြေးနှင့် လူအင်အား မဖြုန်းတီးချင်သောကြောင့် ဇနီးမောင်နှံနှစ်ယောက်က ကုန်သည်စုံတွဲအဖြစ် ဟန်ဆောင်လာခဲ့ကြသည်။ တော်ဝင်သက်တော်စောင့်များက သာမန်အစောင့်များအဖြစ် အသွင်ယူထာပြီး ကြီးမားသော ကုန်သည်အဖွဲ့မှ လှည်းတန်းတစ်ခုဟုသာ ထင်ရစေသည်။
ဟိုးယခင်ကသာ မော့ချန်၌ ဤမျှကြီးမားတဲ့ လှည်းတန်းကြီး ထွက်ပေါ်လာလျှင် လူတိုင်းက အထူးအဆန်းသဖွယ် ရပ်ကြည့်ကြပေလိမ့်မည်။ ယခုအချိန်တွင်မှု ဤမြင်ကွင်းမျိုးက သာမာန်သာ ဖြစ်ပြီး သူတို့ ကျင့်သားရနေပြီ ဖြစ်သည်။ တိုင်းတပါးနှင့် ကူးသန်းရောင်းဝယ်ရန် အချက်အချာကျသော မြို့တစ်မြို့ ဖြစ်လာသည့် မော့ချန်က ကုန်သည်အများအပြား နေ့တိုင်း ဝင်ထွက်သွားလာရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် ရှောင်းကျဲယွိတို့ အဖွဲ့ကို မည်သူကမျှ အထူးအလည် ဂရုမစိုက်ကြတော့ပေ။
လူစည်ကားသောမြို့တစ်မြို့ ဖြစ်လာသည့်နှင့်အမျှ သူလျှိုများ၏ ဝင်ရောက်လာမှုကလည်း တိုးပွားလာသည်။ ထို့ကြောင့် မြို့စောင့်တပ်က သူတို့၏စစ်ဆေးမှုများကို တင်းကြပ်ထားဆဲ ဖြစ်သည်။ ချန်ယွိက မြို့ထဲသို့ ဝင်လာသူအားလုံးကို ယခင်နည်းအတိုင်း ကိုင်တွယ်ဖြေရှင်းရန် အမိန့်ပေးထားခဲ့သည်။
ရောက်လာသူအားလုံးကို စာရင်းသွင်းရန် လိုအပ်ပြီး စီးပွားရေးလုပ်ရန် ရောက်လာသူများက သူတို့လုပ်နေသည့်လုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်မည့် မြို့ခံစီးပွာဖက်ကိုပါ ပြောပြရသည်။ ဆွေမျိုးများထံ လာရောက်လည်ပတ်သူ သို့မဟုတ် ခိုလှုံရန် ရောက်လာသူများကလည်း သူတို့၏ဆွေမျိူးများကို သေသေချာချာ ဖော်ပြရမည် ဖြစ်သည်။
ဤသည်မှာ စူးချင်းနှင့် ရှောင်းကျဲယွိတို့ မော့ချန်၌ ရှိနေစဥ်ကတည်းက ရှောင်းကျဲယွိ ချမှတ်ထားခဲ့သည့် စည်းမျဉ်းများဖြစ်ကာ ယနေ့တိုင် ဆက်လက်ကျင့်သုံးနေခဲ့သည်။
ရှောင်းကျဲယွိ၏ယာဉ်တန်းကို စစ်ဆေးမေးမြန်းသည့် မြို့စောင့်တပ်သားခေါင်းဆောင်က အလွန် စည်းကမ်းတင်းကျပ်ပုံရသည်။ သူက သူတို့၏အထောက်အထားများ၊ ခရီးသွားလက်မှတ်များနှင့် ကုန်အဖွဲ့အတွက် စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေးခဲ့သည့်အပြင် သူတို့၏လုပ်ငန်းစာရွက်စာတမ်းများ မှန်မှန် လှည်းများပေါ်ရှိ ကုန်ပစ္စည်းများနှင့်ပင် ယှဥ်တွဲစစ်ဆေးခဲ့သည်။
ရှောင်းကျဲယွိတို့အဖွဲ့ကလည်း ထောင်ဟွားဝူမှ လူများအတွက် လက်ဆောင်များ သယ်ဆောင်လာခဲ့ကြသည်။ ထို့ကြောင့် သူတို့ စစ်ဆေးခံရသည့်တိုင် ပူပန်နေစရာမလိုဘဲ သံသယဖြစ်စရာလည်း တစ်ခုမှ မတွေ့သွားကြပေ။
ကုန်စည်များကို စစ်ဆေးပြီးနောက်တွင် သူတို့နေထိုင်မည့်နေရာနှင့် လက်တွဲအလုပ်လုပ်မည့် စီးပွားဖက်ကိုပါ ရေးမှတ်ရန် မေးမြန်းလာကြသည်။
မော့ချန်တွင် စူးဟန်ရွှမ်၏ စီးပွားရေးလုပ်ငန်းများ ရှိနေဆဲဖြစ်သောကြောင့် သက်တော်စောင့်တစ်ယောက်က ရှေ့တိုးသွားပြီး စူးမိသားစုနှင့် စီးပွားရေးလုပ်မည့်အကြောင်း စာရင်းသွင်းလိုက်သည်။ ဧကရီ၏မိသားစုနှင့် စီးပွားလုပ်နေသည်ဟု ကြားလိုက်ရချိန်တွင် မြို့စောင့်တပ်သားများက သူတို့အတွက် ထပ်အနှောက်မယှက်မပေးတော့ဘဲ မြို့ထဲသို့ ဝင်ခွင့်ပြုလိုက်သည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က စူးချင်းနှင့် ရှောင်းကျဲယွိတို့ကို မှတ်မိသွားခဲ့သည်။ သို့သော်လည်း သူတို့ ဝတ်ဆင်ထားသည့် ပေါ့ပေါ့ပါးပါး ၀တ်စုံများကို မြင်လိုက်ရသည်နှင့် ထိုလူက နောက်သို့ ချက်ချင်း လှည့်ကာ ကမန်းကတန်း ပြန်ထွက်ခွာသွားသည်။
စူးချင်းနှင့် ရှောင်းကျဲယွိတို့က မော့ချန်ရှိ စူးမိသားစု၏အိမ်တော်သို့ အရင်သွားလိုက်ကြသည်။ ဇနီးမောင်နှံနှစ်ယောက်သား ထိုနေရာတွင် နေရာချပြီးမှ လက်ဆောင်ပစ္စည်းများကို ထုတ်ယူကာ ကျုံးယုံနှင့်အတူ အဒေါ်လီ၏မိသားစုထံ သွားရောက်လည်ပတ်ရန် ထွက်လာခဲ့ကြသည်။
သူတို့ နောက်ဆုံး တွေ့ခဲ့ရသည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။ အဒေါ်လီ၏ မိသားစုကလည်း မူလနေရာ၌ မနေကြတော့ပေ။ လီတာ့နျိုက အရက်ချက်ရုံတွင် ရှယ်ယာဝင်ခဲ့ပြီး နှစ်စဉ် ၀င်ငွေများစွာ ရရှိခဲ့သည်။ ယခုအချိန်တွင် သူတို့မိသားစုလည်း အိမ်ကြီးကြီး ဆောက်နိုင်ခဲ့ပြီး အစေခံများ ဝယ်ယူကာ သူဌေးသူကြွယ်ဘဝဖြင့် နေထိုင်နေသည်။
ရှောင်းကျဲယွိနှင့် စူးချင်းတို့က လီမိသားစုအကြောင်း မေးမြန်းစုံစမ်းပြီး ထိုနေရာသို့ ဦးတည်လိုက်ကြသည်။ တာ့ထန်အင်ပါယာကို စတင်တည်ထောင်သည့်အချိန်၌ ရှောင်းကျဲယွိက သူ့လူများကို စေလွှတ်ကာ လီတာ့နျိုအား ခေါ်ခိုင်းခဲ့ပြီး တရားဝင်ရာထူးတစ်ခုပေးမည်ဟု ကမ်းလှမ်းခဲ့ဖူးသည်။ အချုပ်အချယ်ကို မကြိုက်သည့် လီတာ့နျိုက နန်းတော်အတွင်းသို့ မ၀င်ချင်ဘဲ ငြင်းဆန်ခဲ့သည်။ နောက်ဆုံးတွင် ရှောင်းကျဲယွိက သူ့ကို ရှောင်းယောင်မြို့စားဘွဲ့ အပ်နှင်းခဲ့ပြီး မြေဩဇာကောင်းသည့် မြေမူတစ်ရာနှင့် ဆိုင်ဆယ်ဆိုင် ဆုချီးမြှင့်ခဲ့သည်။ အဒေါ်လီကိုလည်း မြင့်မြတ်သည့်သခင်မဘွဲ့ ချီးမြှင့်ခဲ့သည်။
(ရှောင်းယောင် ဆိုတာက လွပ်လပ်ခြင်း အနှောင်အဖွဲ့ကင်းခြင်းကို ဆိုလိုတာပါ)
ကျန်းလောင်ချီလည်း အလားတူ ခံစားခွင့်ရခဲ့ပြီး မြေယာများ ရရှခဲ့သလို သူတို့ သိမ်းပိုက်ခဲ့သည့် မြောက်လူရိုင်းပြည်နယ်၏ မြို့တော်သခင်လည်း ဖြစ်လာခဲ့သည်။ ရှောင်းကျဲယွိ ဧကရာဇ်ဖြစ်လာပြီးနောက် ကျန်းလောင်ချီအား မြို့တော်သို့ ပြောင်းရွှေ့လိုခြင်း ရှိ မရှိ မေးမြန်းခဲ့သေးသည်။ ကျန်းလောင်ချီကလည်း မြို့တော်သခင် ဖြစ်နေရခြင်းကို နှစ်သက်နေပြီဖြစ်ကာ နန်းတွင်း၏အချုပ်အနှောင်ထဲသို့ မဝင်ချင်တော့ပေ။
ရှောင်းကျဲယွိက အဒေါ်ကျန်းအတွက် ဧကရာဇ်အမိန့်တော်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မြင့်မြတ်သခင်မဘွဲ့ ချီးမြှင့်ခဲ့သည်။ ကျန်းလောင်ချီအား သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သော ညီအစ်ကိုကောင်းအဖြစ် သတ်မှတ်ကာ ပြန်ပေးဆပ်သည့်အနေဖြင့် မြို့စားဘွဲ့ အပ်နှင်းခဲ့သည်။ ထိုဘွဲ့များက မျိုးဆက်တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းပေးအပ်ဆက်ဆံနိုင်မည့်ဘွဲ့ထူးများဖြစ်သည်။
"ချွင်.... ချွင်....ချပ်... တုန်....တုန်..."
ရှောင်းကျဲယွိနှင့် စူးချင်းတို့ လီမိသားစု၏ အိမ်ရှေ့တံခါးဝသို့ မရောက်မီ ပျော်ရွှင်ဖွယ် တီးမှုတ်သံများကို ကြားလိုက်ရပြိး အိမ်ကြီးတွင်လည်း တောက်ပသောအနီရောင်ပိတ်စများ အလှဆင်ထားသည်ကို မြင်လိုက်ကြရသည်။ အိမ်ရှေ့တံခါးချပ်ပေါ်တွင်လည်း အနီရောင်စာလုံးများ ကပ်ထားပြီး အနီရောင်မီးပုံးများကို တံခါး၏ဘေးနှစ်ဘက်စလုံးတွင် “ပျော်ရွှင်” ဟူသော စာလုံးများ ရေးထားသည့် မီးပုံးနီကြီးများ ချိတ်ဆွဲထားသည်။
ခြံဝင်းထဲတွင် ဧည့်သည်များ ပြည့်နေပြီး စားပွဲများကို ပြင်ဆင်ထားသည်။ ထိုစားပွဲများအနက်မှ တစ်ဝက်လောက်တွင် လူပြည့်နေပြီဖြစ်ကာ သတို့သမီးနှင့် သတို့သားတို့ ကောင်းကင်မြေကြီး ကန်တော့မည့် မင်္ဂလာအချိန်ကို စောင့်နေကြဟန်ရှသည်။
"တာ့နျိုက လက်ထပ်တော့မှာလား?"
ရှောင်းကျဲယွိနှင့် စူးချင်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
သူတို့ ဘာလို့ ဘာသတင်းမှ မကြားခဲ့ရတာတုန်း?
"ကိုယ်တို့ လက်ဗလာနဲ့ ဝင်သွားလို့တော့ မဖြစ်ဘူး"
ရှောင်းကျဲယွိက သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ စူးချင်းက စနစ်ထဲမှ ကြင်လင်တောက်ပနေသည့် မင်္ဂလာကျောက်စိမ်းကို ထုတ်ယူလိုက်ရင်း ရှောင်းကျဲယွိကို လှမ်းမေးလိုက်သည်။
"ဒါကို ဂုဏ်ပြုလက်ဆောင်အနေနဲ့ ပေးလိုက်ရင်ရော?"
ရှောင်းကျဲယွိက အမြဲလိုလို သူမကို လက်ဆောင်ပေးတတ်သောကြောင့် စူးချင်း၏ စနစ်ထဲတွင် ရတနာများစွာ ရှိနေခဲ့သည်။ ရှောင်းကျဲယွိက သူ့အတွက် လက်ဆောင်ပဏ္ဍာများ ရလာတိုင်း ထိုအရာအားလုံးကို စူးချင်း၏နန်းဆောင်ဆီသို့ သယ်ယူခိုင်းလေ့ရှိသည်။ စူးချင်းက ထိုဘဏ္ဍာများအားလုံးကို သူမ၏စနစ်ထဲတွင် ထည့်ထားတတ်ပြီး ရှောင်ချီက သူမ၏ အကောင်းဆုံး အိမ်တော်ထိန်း ဖြစ်လာခဲ့သည်။
ဘယ်သူပဲ သူမကို သစ္စာဖောက်ပါစေ ရှောင်ချီကတော့ သူမကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။
“ဒါက နည်းနည်း သေးလွန်းတယ်”
ရှောင်းကျဲယွိသက မင်္ဂလာကျောက်စိမ်းကို တစ်ချက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။
အဒေါ်လီတို့က ကျောက်စိမ်းရဲ့တန်ဖိုးကို နားမလည်ကြဘူးလေ။ သူ့တိုအတွက် ကျောက်စိမ်းက ရွှေတုံးတွေလောက်တောင် အဖိုးမတန်ဘူး။
"ဒါဆိုရင်ရော?"
စူးချင်းက မြို့တော်၏ အကောင်းဆုံးရတနာဆိုင်ဖြစ်သည့် ချီလင်အိမ်တော်မှ ရွှေရတနာအစုံလိုက်ကို ထုတ်ယူလိုက်ပြန်သည်။ ရွှေဖြင့်ပြုလုပ်ထားပြီး ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသည့် ထိုလက်ဝတ်ရတနာတစ်စုံက တန်ဖိုးကြီးမှန်း သိသာနေသည်။
"ဒါက ကိုယ် မင်းအတွက် ပေးထားတဲ့ လက်ဆောင် မဟုတ်ဘူးလား?"
ဤအရာက သူ စူးချင်း၏ နန်းဆောင်သို့ ပေးပို့ရန် အမိန့်ပေးခဲ့သည့် လက်ဝတ်ရတနာများ ဖြစ်ကြောင်း ရှောင်းကျဲယွိက ချက်ချင်း သတိပြုမိသွားသည်။
ချင်းအာက ဘာလို့ ဒါတွေကို လက်ဆောင်အဖြစ် ပေးချင်နေရတာလဲ?
“ကျွန်မ ဒါတွေကို ဝတ်ရတာ မကြိုက်ဘူး။ အဲ့တော့ အခု လက်ဆောင်ပေးလိုက်တာက ပိုကောင်းတယ်လေ”
စူးချင်းက ထိုကဲ့သို့ လက်ဝတ်ရတနာမျိုးကို လုံးဝ မကြိုက်ပေ။ ထူးခြားသည့် အခမ်းအနားများနှင့် ပွဲလမ်းသဘင်များ ရှိသည့်အချိန်အခါများရှိမှသာ သူမက ဖီးနစ်သရဖူကို ဆောင်းလေ့ရှိပြီး များသောအားဖြင့် ပေါ့ပါးပြီး ပြေပြစ်သော ရိုးရိုးကျောက်စိမ်းဆံထိုးများကိုသာ ၀တ်ဆင်လေ့ရှိသည်။ စူးချင်းက သမိုင်းတွင် ခန်းနားထည်ဝါမှုမအနည်းဆုံး မိဖုရားတစ်ပါးဟု ဆိုရပေမည်။
“ဟုတ်ပါပြီ”
ရှောင်းကျဲယွိတစ်ယောက် ကူကယ်ရာမဲ့ ခေါင်းယမ်းရင်း သဘောတူလိုက်ရသည်။
သူ့ရဲ့ချင်းအာက ဒီလိုရှုပ်ထွေးတဲ့အရာတွေကို မကြိုက်ဘူး။ ဒီလက်ဝတ်ရတနာအစုံလိုက်က ဝတ်ထားရင် ခမ်းနားထည်ဝါစေပြီး အရမ်း စွဲဆောင်မှုရှိပေမယ့် အရမ်းတောက်ပနေတာတော့ အမှန်ပဲ။
“ပထမဦးဆုံး ကောင်းကင်နဲ့မြေကြီးကို ဦးညွှတ်ပါ၊ ဒုတိယ၊ မိဘတွေကို ဦးညွှတ်ပါ၊ ပြီးရင် အကြင်လင်မယား အချင်းချင်း ဦးညွှတ်ကြပါ”
ခြံဝင်းထဲရှိ အခမ်းအနားမှူးက ကျယ်ကျယ်လောင်လောင် အော်ဟစ်နေပြီ ဖြစ်သောကြောင့် ရှောင်းကျဲယွိနှင့် စူးချင်းတို့လည်း ကျုံးယုံကို ခေါ်ကာ လီမိသားစု၏ခြံဝင်းထဲသို့ ဝင်လာခဲ့ကြသည်။
သူတို့ တံခါးဝ၌ ရပ်လိုက်ချိန်တွင် အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ထားပြီး တောက်ပစွာ ပြုံးနေသည့် လီတာ့နျိုကို အရင်မြင်လိုက်ရသည်။ သတို့သမီးက လီတာ့နျိုနှင့် အကြင်လင်မယားချင်း ဂါရဝပြုရန်အတွက် လျှောက်လာနေသည်။ သူမ၏ဦးခေါင်းကို ပုဝါဖြင့် အုပ်ထားသောကြောင့် အောင်သွယ်တော်က ပိုးနီကြိုးကို ကိုင်ကာ သူမရှေ့မှ ဦးဆောင်ပေးနေသည်။
ရှောင်းကျဲယွိက သူ့၏ညီအစ်ကိုကောင်း စိတ်ဓာတ်တက်ကြွနေသည့်အသွင်အပြင်ကို မြင်လိုက်ရသောကြောင့် စိတ်ရင်းမှန်ဖြင့် ပြုံးလိုက်သည်။
ကံကောင်းပြီး သူ မော့ချန်ကို လာဖို့ ဆုံးဖြတ်ခဲ့မိတာ မှန်သွားပြီ။ ဒီလိုမှမဟုတ်ရင် သူ့ညီအစ်ကိုကောင်းတစ်ယောက်ရဲ့ အရေးကြီးဆုံးပွဲကို လွတ်သွားမှာ သေချာတယ်။
" ဧည့်သည်တော်တို့..... ဝင်လာခဲ့ကြပါခင်ဗျာ"
အစေခံတစ်ယောက်က ရှောင်းကျဲယွိ၊ စူးချင်းနှင့် ကျုံးယုံတို့ကို တွေ့သွားပြီး သူတို့ကို ကြိုဆိုရန် အမြန်ပြေးထွက်လာသည်။ ဝင်ပေါက်နားတွင် လက်ဆောင်စာရင်းများ ရေးနေသည့် လူတစ်ယောက်ရှိနေသည်။ ထိုအစေခံက ရှောင်းကျဲယွိနှင့် စူးချင်တို့ကို လက်ဆောင်စာရင်းများကို ရေးသည့် စားပွဲဆီသို့ အရင်ခေါ်ဆောင်သွားလိုက်သည်။
“ဧည့်သည်တော်ကြီးတို့ခင်ဗျာ.... ဒီနေရာမှာ လက်ဆောင်စာရင်းအတွက် နာမည်လေးတွေ ရေးပေးကြပါဦး”
ရှောင်းကျဲယွိက စုတ်တံကို လှမ်းယူလိုက်ပြီး 'ကျိရွှေရှန့်' ဟူသည့် စကားလုံးသုံးလုံးကို ရေးလိုက်သည်။ စူးချင်းကတော့ 'စူးချင်း' ဟူသော စကားလုံးနှစ်လုံးသာ ရေးလိုက်သည်။ ကျုံးယုံကလည်း စုတ်တံကို လှမ်းယူလိုက်ပြီး သူ့နာမည်ကို ခပ်သွက်သွက် ရေးလိုက်သည်။ သူက လက်ရေးလှစာလုံးများ ရေးလိုက်သော်လည်း စုတ်ချက်က ထိန်းမနိုင်သိမ်းမရဟန် မညီမာ ဖြစ်နေသည်။ သို့သေည်လည်း ထူးခြားသည့် ခံစားမှုတစ်မျိုး ပေးနိုင်ပြီး သူ့စရိုက်နှင့် သူ့ခွန်အားကို အပြည့်အဝ ဖော်ပြနေသည်
ကျိရွှေ့ရှန့်? စူးချင်း?
ထိုအမည်နှစ်ခုကို မြင်လိုက်သည်နှင့် စာရင်းရေးသူက အံ့အားသင့်သွားပြီး ရှောင်းကျဲယွိနှင့် စူးချင်းကို ခေါင်းမော့ကြည့်လိုက်သည်။ ရှောင်းကျဲယွိနှင့် စူးချင်းတို့က လက်ဝတ်ရတနာတစ်စုံနှင့် မင်္ဂလာကျောက်စိမ်းကို စားပွဲပေါ်တင်လိုက်သည်။ ထိုအခိုက်အတန့်တွင် စားပွဲပေါ်မှ အခြားလက်ဆောင်များအားလုံး ဖျော့သွားသလို ဖြစ်သွားစေသည်။
စာရင်းရေးသူက ရှောင်းကျဲယွိနှင့် စူးချင်းတို့ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားသွားဟန်ဖြင့် ခုန်ထလိုက်သည်။ သူက အတွင်းသို့ လှမ်းအော်ရန် ပါးစပ်ဖွင့်လိုက်သော်လည်း ရှောင်းကျဲယွိက သူ့ကို တိတ်တိတ်နေဖို့ အမူအရာ လုပ်ပြလိုက်သည်။ သူလည်း အလွန်ထိတ်လန့်နေဟန်ဖြင့် သူ့ပါးစပ်ထဲမှ ထွက်လာတော့မည့် စကားလုံးများကို ပြန်မျိုချလိုက်သည်။
ကျုံးယုံက လက်ဆောင် ပေးစရာ ဘာမှ မပါလာဘဲ လျန်တစ်ရာတန် ငွေစက္ကူလက်မှက်ကိုသာ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ စာရင်းရေးသူက အစေခံတစ်ယောက်ကို အလျင်အမြန် လှမ်းခေါ်လိုက်ပြီး ရှောင်းကျဲယွိနှင့်စူးချင်းတို့ကို လက်ညှိုးထိုးပြကာ တီးတိုးညွှန်ကြားလိုက်သည်။
“ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ရောက်လာတယ်လို့ သခင်ကြီးကို သွားပြောလိုက်၊ ပြီးတော့ အဲ့ဒီဧည့်သည်တော်တွေ အကောင်းဆုံး ထိုင်ခုံမှာ ထိုင်နိုင်ဖို့ မြန်မြန် စီစဉ်ပေးလိုက်”
ထိုနောက်တွင် အိမ်ထိန်းက လူအုပ်ထဲမှ အမြန် ထွက်လာပြီး ရှောင်းကျဲယွိနှင့် စူးချင်းတို့၏ ရှေ့သို့ ရောက်လာသည်။ သူက ရှောင်းကျဲယွိတို့ကို တလေးတစား ဦးညွှတ်လိုက်ပြီး တရိုတသေ ကြိုဆိုလိုက်သည်။
“ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးတို့... ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ”
အိမ်ထိန်းက ရှောင်းကျဲယွိ၊ စူးချင်းနှင့် ကျုံးယုံတို့ကို ပင်မထိုင်ခုံများဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ထိုစားပွဲတွင် ထိုင်နေသည့်လူများအားလုံးက အသိမိတ်ဆွေဟောင်းများ ဖြစ်ကြပြီး ရှောင်းကျဲယွိနှင့် စူးချင်းတို့အား တွေ့လိုက်ရချိန်တွင် သူတို့အားလုံး စိတ်လှုပ်ရှားသွားပြီး မတ်တပ်ထရပ်လိုက်ကြသည်။
လီတာ့နျိုက သတို့သမီးနှင့်အတူ ဂါရဝပြုခြင်း မင်္ဂလာကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီး အနီရောင်ပိုးထည်စကို ကိုင်ကာ သတို့သမီးအခန်းဆီသို့ ဦးတည်လိုက်သည်။ သူက လမ်းလျောက်နေရင်း ခြံဝင်းထဲသို့ အမှတ်တမဲ့ လှမ်းကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး သတို့သမီး အခန်းဆီသို့ မသွားတော့ဘဲ ခြံဝင်းထဲသို့ ခြေဦးလှည့်သွားသည်။