← Chapters

မင်္ဂလာပွဲ

Vol. 41 Ch. 612

မင်္ဂလာပွဲ

Vol. 41 Ch. 612

"ရွှေ့ရှန့်၊ စူးချင်း၊ မင်းတို့ ရောက်လာတာလား? မင်းတို့ တကယ်ပဲ ရောက်လာကြတာလား? ဒါမှမဟုတ် ငါ အိပ်မက်မက်နေတာလား? ငါ အိပ်မက်မက်နေတာလားကွာ"

လီတာ့နျိုက အလွန် စိတ်လှုပ်ရှားနေပုံရပြီး ရှောင်းကျဲယွိကို အလောတကြီး ပွေ့ဖက်လိုက်သည်။ သူ့မျက်လုံးများက နီရဲနေပြီး သူ့အသံတွင်လည်း ခံစားချက်များ ပါဝင်နေကာ ရှိုက်သံအနည်းငယ် ပါဝင်နေသေးသည်။ သူက စူးချင်းကိုပင် ပွေ့ဖက်ချင်ဟန်ဖြင့် လက်ဆန့်လိုက်သော်လည်း ရှောင်းကျဲယွိက သူ့ကို ပြန်ဆွဲထားလိုက်သည်။

လီတာ့နျိုတစ်ယောက် ဝမ်းသာလွန်းလို့ ‌အော်ငိုချင်သလိုမျိုး ခံစားနေရသည်။

အခု ဧကရာဇ်ဖြစ်နေပြီဖြစ်တဲ့ ရှောင်းကျဲယွိ သူ့မင်္ဂလာပွဲကို တက်ရောက်လိမ်မယ်လို့ သူ လုံးဝ မမျှော်လင့်ခဲ့ဘူး။ ရှင်းရှင်းပြောရရင် ဒါက သူ အိပ်မက်တောင် မမက်ရဲတဲ့ အရာပါပဲ။

"မင်း လက်ထပ်မယ့်အကြောင်း ငါ့ကို ဘာလို့ မပြောတာလဲ?"

ရှောင်းကျဲယွိက လီတာ့နျို စိတ်ပြန်ငြိမ်သွားအောင် စောင့်ဆိုင်းပြီးမှ သူ့ကို ပြန်မေးလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် ရှောင်းကျဲယွိလည်း အနည်းငယ် ဒေါသဖြစ်နေခဲ့သည်။

အခု တာ့နျိုက သူ့ကို ညီအစ်ကိုလို မဆက်ဆံတော့ဘူး။ အိမ်ထောင်ပြုတဲ့ကိစ္စလိုမျိုး ကြီးမားတဲ့ ကိစ္စကိုတောင် သူ့ကို မပြောတော့ဘူး။ သူ တိုင်းရေးပြည်ရေးတွေနဲ့ အလုပ်ရှုပ်နေပြီး မလာနိုင်ရင်တောင် အနည်းဆုံးတော့ ဂုဏ်ပြုလက်ဆောင်ပို့ပေးနိုင်သေးတယ်လေ။ အခုတော့ အရိပ်အမြွက်တောင် မပြောနိုင်ရလောက်အောင် ဖြစ်သွားပြီလား?

"မင်းက.... အခု... ငါက သာမန်ပြည်သူတစ်ယောက်ပါ... ငါ"

လီတာ့နျိုက စကားကို ပြတ်တောင်းပြတ်တောင်းဖြင့် မပြည့်မစုံ ပြောနေသော်လည်း သူပြောချင်သည့် အဓိပ္ပါယ်ကို လူတိုင်း ရှင်းရှင်းလင်းလင်း နားလည်နိုင်သည်။ လက်ရှိ သူတို့၏ အဆင့်အတန်းများကြောင့် သူနှင့် ရှောင်းကျဲယွိတို့ သူငယ်ချင်းဖြစ်ရန် မထိုက်တန်တော့သလို သူ ခံစားနေရပြီး ရှောင်းကျဲယွိက သူ၏မင်္ဂလာပွဲကို တက်ရောက်မည်မဟုတ်ဟု သူ တွေးထားခဲ့ခြင်း ဖြစ်သည်။

"တာ့နျို၊ ငါ အခု ပြောတဲ့စကားကို အမြဲတမ်းအတွက် မှတ်ထား။ ငါတို့က တစ်သက်လုံး ညီအစ်ကိုကောင်းတွေပဲ။ ငါတို့ရဲ့ အဆင့်အတန်းနဲ့ ချမ်းသာခြင်း၊ ဆင်းရဲခြင်းတွေ အဲ့အချက်ကို ပြောင်းလဲအောင် မလုပ်နိုင်ဘူး”

ရှောင်းကျဲယွိက သူ့ညီအစ်ကိုကောင်း၏လက်ကို ပုတ်ကာ လေးလေးနက်နက် ပြောလိုက်သည်။

ချိုးယုံခန်းကြောင့် သူတို့ညီအစ်ကိုတွေ ဝေးကွာသွားတာ ဖြစ်နိုင်လား?

ချိုးယုံခန်းအကြောင်း ရုတ်တရက် တွေးတောမိချိန်တွင် ရှောင်းကျဲယွိတစ်ယောက် အနည်းငယ် ဝမ်းနည်းသွားရပြန်သည်။

ယုံခန်းသာ သူ့နဲ့ ရန်သူဖြစ်ဖို့ မရွေးချယ်ခဲ့ရင် ယုံခန်းရဲ့ အရည်အချင်းနဲ့ အခုလောက်ဆို ရုံးတော်မှာ နေရာကောင်းကောင်း ရနေလောက်ပြီ။

"အေး၊ အေးပါ ငါ မှတ်ထားပါ့မယ်"

ရှောင်းကျဲယွိ၏စကားကို ကြားလိုက်ရချိန်တွင် လီတာ့နျိုက အသည်းအသန် ခေါင်းညိတ်ပြလာခဲ့သည်။

‌ရွှေရှန့်က သူ့ရဲ့မင်္ဂလာပွဲကို တက်ဖို့ အဝေးကြီးကနေ လာခဲ့တာလေ၊ အခု ပြောနေတဲ့ စကားတွေကလည်း ရွှေရှန့်ရဲ့ စိတ်ရင်းမှန်ဆိုတာကို သူ နားလည်တယ်။

အမှန်တကယ်တွင် လီတာ့နျိုကလည်း ရှောင်းကျဲယွိ၊ ကျန်းလောင်ချီတို့နှင့် ခွဲခွဲခြားခြားနေရန် တွန့်ဆုတ်နေသူ ဖြစ်သည်။

အရင်က သူတို့ လုံးဝ ခွဲမရလောက်အောင် တပူးပူးတတွဲတွဲ နေခဲ့ကြတာလေ၊ အခုတော့ ယုံခန်းက ကွယ်လွန်သွားခဲ့ပြီ၊ လောင်ချီကလည်း မြို့တော်သခင် ဖြစ်လာပြီး မြောက်ပိုင်းလူရိုင်းတွေဆီကို ထွက်သွားခဲ့တယ်၊ ရွှေ့ရှန့်က ဧကရာဇ်ဖြစ်လာပြီး အားလုံးက သူ့ကို မော့ချန်မှာ တစ်ယောက်တည်းချန်ထားခဲ့ကြတယ်။

သူကတော့ ထောင်ဟွားဝူမှာ သူတို့ အတူတူ ပျော်ရွှင်ခဲ့ရတဲ့အကြောင်းတွေကို အမြဲတွေးမိနေတုန်းပဲ။ အဲ့အချိန်တုန်းက သူတို့ ဘာကိုမှ ဂရုစိုက်စရာမလိုပဲ တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်ခဲ့ကြရတယ်၊ တစ်ခါတလေ သူ့တို့မှာ စားဖို့ မလောက်မငှဖြစ်ခဲ့ပြီး သူတို့ ဝတ်ဆင်နိုင်တဲ့ အဝတ်အစားတွေနဲ့ နေရေးထိုင်ရေးက အခုလောက် မကောင်းဘူးဆိုရင်တောင် သူကတော့ အဲဒီအချိန်တွေကို လွမ်းနေမိတုန်းပဲ။

အဲ့တုန်းက သူတို့အားလုံး ညီအကိုကောင်းတွေ ဖြစ်ခဲ့ကြပြီး လူတိုင်းက ထောင်ဟွားဝူရဲ့ ရွာသားတွေပဲ။ သူတို့ ဆင်းရဲကြပေမယ့် တင့်တိမ်ရောင့်ရဲနိုင်ခဲ့ကြတယ်။ မနက်မိုးလင်းတာနဲ့ ‌တွေ့ဆုံနိုင်ပြီး ညနေရောက်လို့ ‌အော်ဟစ်နှုတ်ဆက် လမ်းမခွဲခင်အထိ တစ်နေ့တာလုံး ရယ်မောသံတွေနဲ့ ကုန်ဆုံးခဲ့ကြဖူးတယ်။ အခုတော့ သူတို့ အားလုံး ဝေးကွာသွားကြပြီ၊ အားလုံးအတူ ပြန်ဆုံနိုင်ဖို့ဆိုတာက ကောင်းကင်ဘုံကို တက်ရတာထက်တောင် ပိုခက်နေမယ်ထင်ပါရဲ့။

"မင်း ကျန်းလောင်ချီကိုရော မပြောထားဘူးလား?"

ရှောင်းကျဲယွိက လီတာ့နျိုကို ထပ်မေးလိုက်သည်။

သူလည်း လောင်ချီကို လွမ်းဆွတ်နေမိတယ်။ သူ သူ့ရဲ့ညီအစ်ကိုကောင်းတွေနဲ့ နောက်ဆုံး တွေ့ခဲ့တာ အရမ်းကြာနေပြီ။ သူ အခုလို ပြန်နိုင်လာဖို့ဆိုတာလည်း မလွယ်လှဘူး။ ရောက်တုန်းရောက်ခိုက် အတူတူ ဆုံပြီး အတူတူ သောက်ချင်တယ်၊ ပြီးတော့ ပြောချင်တာတွေ ပွင့်ပွင့်လင်းလင်း ပြောကြမယ်။

“ငါ သူ့ကို သွားပြောသေးတယ်၊ ဒါပေမယ့် အဲ့တုန်းက သူက မြောက်ပိုင်းမြို့တော်မှာ မရှိနေဘူး။ သူ ဘယ်တော့မှ ပြန်လာမယ်ဆိုတာတောင် ငါ မသိခဲ့ရဘူး"

လီတာ့နျို၏ မျက်လုံးများထဲတွင် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။

သူလည်း သူ့မင်္ဂလာပွဲမှာ သူ့ရဲ့ညီအကိုကောင်းတွေ အားလုံး ရှိနိုင်ဖို့ မျှော်လင့်ခဲ့ဖူးတာပေါ့။

“ဟုတ်ပါပြီ၊ အခု သတို့သမီးအခန်းကို အရင်သွားလိုက်ဦး။ မင်း ပြန်လာပြီး သောက်မယ့်အချိန်ကို ငါ စောင့်နေမယ်"

ရှောင်းကျဲယွိက ပုဝါအုပ်ထားသည့် သတို့သမီး ရပ်စောင့်နေသေးသည်ကို မြင်သွားခဲ့သည်။ သူက သူ ရောက်လာသောကြောင့် သတို့သမီးအခန်းထဲသို့ ဝင်ရန် နှောင့်နှေးသွားသလို မဖြစ်စေချင်သည့်အတွက် လီတာ့နျို၏ ပုခုံးကို ပုတ်လိုက်ပြီး သတို့သမီးအား အခန်းထဲသို့ အရင်လိုက်ပို့ရန် တိုက်တွန်းလိုက်သည်။

"ဒါဆို ငါ့ကို စောင့်ဦး၊ မင်း ချက်ချင်း ပြန်မသွားနဲ့နော်၊ လုံးဝ မပြန်ရဘူးနော်"

လီတာ့နျိုက နာခံမှုရှိရှိဖြင့် ထွက်သွားသော်လည်း ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက်တွင် နောက်သို့ ပြန်လှည့်ကာ ရှောင်းကျဲယွိကို သတိပေးလာသည်။ ရှောင်းကျဲယွိက အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အေးပါကွာ၊ ငါ မပြန်ပါဘူး"

လီတာ့နျို ထွက်သွားပြီးနောက် ရှောင်းကျဲယွိက နောက်သို့ လှည့်ကြည့်လိုက်သည်။ လီရွှမ်းအာက စူးချင်း၏လက်ကို ကိုင်ထားပြီး ငိုလိုက် ရယ်လိုက်ဖြစ်နေကာ စူးချင်းအား ပွေ့ဖက်နမ်းရှုံနေသည်ကို သူ မြင်လိုက်ရသည်။

လီရွှမ်းအာက ပိုးထည်တိုက်ပိုင်ရှင်၏ ဒုတိယသားနှင့် လက်ထပ်ထားပြီး ဖြစ်သည်။ သူမက ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်ခဲ့ပြီး သူမ၏ယောက္ခမများက လီရွှမ်းအာကို အလွန်တန်ဖိုးထားကြသည်။ သူမ၏ခင်ပွန်းကလည်း ယောက်ဖဖြစ်သူ၏ မင်္ဂလာပွဲကို တက်ရောက်ရန် ဇနီးသည်ကို ပြန်ခွင့်ပြုခဲ့သည့်အပြင် သူကိုယ်တိုင် အတူ လိုက်လာခဲ့သည်။

ထောင်ဟွားဝူမှ လူအားလုံးနီးပါးလည်း လီတာ့နျို၏မင်္ဂလာပွဲသို့ တက်ရောက်လာခဲ့ကြသည်။ ရှောင်းကျဲယွိနှင့် စူးချင်းကို တွေ့လိုက်ရချိန်တွင် သူတို့အားလုံး၏မျက်လုံးများထဲမှ မယုံနိုင်သလို ဖြစ်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူတို့က ‌ရှောင်းကျဲယွိတို့နားသို့ ဝိုင်းလာကြပြီး သာကြောင်းမာကြောင်း မေးမြန်းနေကြသည်။ ရှောင်းကျဲယွိကလည်း သူတို့ကို ဖော်ဖော်ရွေရွေသာ ဆက်ဆံနေဆဲ ဖြစ်သည်။

"အခု အားလုံး ဘယ်လိုတွေ နေထိုင်နေကြလဲ? အခက်အခဲတွေ ရှိရင် ကျွန်တော့်ကို ပြောကြနော်"

ရှောင်းကျဲယွိက သူ ထောင်ဟွားဝူတွင် ရှိနေစဥ်ကအတိုင်း ချဥ်းကပ်ရန် လွယ်ကူသည့်ဟန်ပန်ကိုသာ ဖော်ပြထားခဲ့သည်။

အခု သူ ဘာပဲဖြစ်နေဖြစ်နေ ထောင်ဟွားဝူက သူ့ရဲ့ မွေးရပ်မြေလို့တောင် ပြောလို့ရတဲ့ နေရာပါ။ ထောင်ဟွားဝူက လူတွေက သူနဲ့ ရှောင်ယင်ကို လက်ဆွဲခေါ်သွားတဲ့ သူတို့ရဲ့မွေးစားအဖေကို လက်ခံပေးခဲ့တာကြောင့် သူတို့ အသက်ရှင်နိုင်ခဲ့ကြတာလေ။

အခု သူ့မှာ သူတို့ကို ပြန်ပေးဆပ်နိုင်တဲ့ အခြေအနေ ရှိ‌နေပြီ၊ တိုင်းပြည်နဲ့ ပတ်သက်တာမျိုးတွေအထိ မဆင်မခြင် မတောင်းဆိုသရွေ့ သူ အားလုံးကို ဖြည့်ဆည်းပေးနိုင်တယ်။

"ရွှေ့ရှန့်၊ ငါတို့အားလုံးက မင်းနဲ့ စူးချင်းကြောင့် အခုလို ကောင်းကောင်းမွန်မွန် နေနိုင်ခဲ့ကြတာပါ။ အခု ငါတို့မှာ ကိုယ်ပိုင် မြေယာတွေ ရှိနေတဲ့အပြင် စူးချင်း ပြန်ပို့ပေးလိုက်တဲ့ မျိုးစေ့တွေလည်း ရှိတယ်။ ငါတို့ စိုက်ပျိုးထားတဲ့ ကောက်နှံတွေက ငါတို့ စားဖို့ လုံလောက်နေပြီ။ ငါတို့မှာ စားဖို့ သောက်ဖို့အပြင် နွေးထွေးတဲ့ အဝတ်အစားတွေနဲ့ သက်တောင့်သက်သာရှိတဲ့ အိမ်ယာတွေ ရှိတယ်။ အခု ငါတို့ လှည့်ပတ်ထွက်ပြေးနေစရာလည်း မလိုတော့ဘူးလေ။ ငါတို့ဘဝက အရမ်းကို သက်တောင့်သက်သာ ရှိနေပါပြီကွာ”

ထောင်ဟွားဝူမှ လူအိုကြီးများက သူတို့၏ လက်ရှိဘဝကို အလွန်ကျေနပ်ကြသည်။ ထို့ကြောင့် သူတို့က မည်သည့်တောင်းဆိုမှုမှ ထပ်မလုပ်ကြတော့ပေ။ ယခု သူတို့ ငြိမ်းငြိမ်းချမ်းချမ်း ပြည့်ပြည့်စုံစုံဖြင့် နေထိုင်နိုင်ကာ ပျော်ရွှင်စရာကောင်းသည့် ဘဝကို ခံစားနိုင်သည့်အပေါ် ကျေနပ်ရောင့်ရဲနိုင်ကြပြီး ရှောင်းကျဲယွိတို့ကို အလွန်ကျေးဇူးတင်နေကြသည်။

"ဟား ဟား၊ ဟုတ်တာပေါ့။ နွေးနွေးထွေးထွေး ဝတ်နိုင်ပြီး ဝဝလင်လင် စားနိုင်သရွေ့တော့ ကျွန်တော်လည်း ပျော်ရွှင်ရတာပါပဲ”

ရှောင်းကျဲယွိကလည်း အလွန် ကျေနပ်နေခဲ့သည်။

ထောင်ဟွားဝူက ရွာသားအများစုက ရိုးသားတဲ့ လူတွေပါပဲ။ သူတို့က နွေးနွေးထွေးထွေး နေနိုင်ပြီး ဝဝလင်လင် စားသောက်နိုင်ရုံနဲ့ ကျေနပ်နေနိုင်တဲ့သူတွေပါ။

“ငါကတော့ ကလေးတွေအတွက် စာသင်ကျောင်းလေးတစ်ဆောင် ဆောက်ပေးဖို့ တောင်းဆိုချင်တယ်၊ ဒါမှလည်း သူတို့လေးတွေအနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို ထမ်းပိုးနိုင်ကြမှာလေ”

ဦးလေးဝမ်က ရှောင်းကျဲယွိကို တိုးတိုးလေး တောင်းဆိုလိုက်သည်။

အခု သူတို့ စားဝတ်နေရေးအတွက် အဆင်ပြေလာပြီဆိုတော့ ကလေးတွေအတွက် တောက်ပတဲ့ အနာဂတ်တွေ ရလာနိုင်ဖို့ သူ မျှော်လင့်လာမိတယ်။ ကလေးတွေက ထူးချွန်လို့ ရုံးတော်မှာ အရာရှိတွေ ဖြစ်လာနိုင်ရင်တော့ ပိုကောင်းတာ သေချာတယ်လေ။ ဒါက သူတို့ရဲ့ ဘိုးဘေးတွေအတွက် ဂုဏ်ယူစရာကိစ္စဘဲ။

“အရင်က မော့ချန်မှာ ကျောင်းတစ်ကျောင်း ရှိပြီသားမလား? နောက်ဆိုရင် ထောင်ဟွားဝူက ကလေးတွေအားလုံး အဲ့ကျောင်းမှာ အခမဲ့တက်လို့ ရတယ်”

ထိုတောင်းဆိုမှုက ယုတ္တိမတန်သည့် အလွန်အကျွံတောင်းဆိုမှုတော့ မဟုတ်ပေ။ ရှောင်းကျဲယွိက မော့ချန်၏စီရင်စုအမတ်ကို ကြည့်ကာ လှမ်းပြောလိုက်သည်။ ယခင် မော့ချန်၏ စီရင်စုအမတ်က ရှင်းရုဟိုင် ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် ရှောင်းကျဲယွိက သူ့ကို လက်ဝဲအမတ်ချုပ်ကြီးအဖြစ် မြို့တော်သို့ ပြောင်းရွေ့လိုက်သည်။ ထို့ကြောင့် မော့ချန်၏ လက်ရှိ စီရင်စုအမတ်ကို အစားထိုး စေလွှတ်ခဲ့သည်။ သူ့၏အမည်က လီဖူဟိုင်ဖြစ်ပြီး သူကလည်း ထူးချွန်ထက်မြက်သော ထိပ်တန်း ပညာရှင်သုံးဦးထဲမှတစ်ဦး ဖြစ်သည်။

ရှောင်းကျဲယွိက မော့ချန်နှင့် ကျင့်ရှီလျိုမြောင်ကို တန်ဖိုးထားသောကြောင့် လီဖူဟိုင်ကို စီရင်စုအမတ်အဖြစ် စေလွှတ်လိုက်သည်။ သူက ချန်ယွိနှင့် အတူတူ ပူးပေါင်းဆောင်ရွက်ကာ မော့ချန်ကို စီမံခန့်ခွဲနေခဲ့သည်။ တစ်ယောက်က အရပ်ဘက်အုပ်ချုပ်ရေးတွင် ကျွမ်းကျင်ပြီး နောက်တစ်ယောက်က စစ်ဘက်ရေးရာတွင် ကျွမ်းကျင်သောကြောင့် နှစ်ယောက်သား မြို့ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ခဲ့ကြသည်။

“ဟုတ်ကဲ့”

လီဖူဟိုင်က ယခင်ကတည်းက ဧကရာဇ်နှင့် ဧကရီကို မှတ်မိနေပြီသားဖြစ်သည်။ သို့သော် သူက ဘာမှ မပြောရဲဘဲ ဧကရာဇ်မင်းမြတ်အား လေးစားကြောင်းဖော်ပြရန် လေးလေးနက်နက် ဦးညွှတ်ရုံသာ နှုတ်ဆက်ခဲ့သည်။ ယခု ဧကရာဇ်မင်းမြတ်က အမိန့်တော်ကို ချမှတ်လိုက်သောကြောင့် သူ ချက်ချင်း သဘောတူလိုက်သည်။

“ထောင်ဟွားဝူက ကလေးတွေတင် မဟုတ်ဘူး၊ အပြစ်ကျူးလွန်ခဲ့တဲ့ အရာရှိတွေနဲ့ အပြစ်သားတွေရဲ့ သားသမီးတွေကလွဲရင် ကျန်တဲ့သူတွေ အားလုံး သူတို့ ကျောင်းတက်ဖို့ ဆန္ဒရှိရုံနဲ့ ကျောင်းတက်လို့ ရတယ်”

ရှောင်းကျဲယွိက ခဏလောက်စဉ်းစားပြီး ထပ်ပြောလိုက်သည် ။

"ယဉ်ကျေးတဲ့လူတွေက ရက်စက်မှုကို ကျူးလွန်ဖို့ တွန့်ဆုတ်တတ်ကြတယ်၊ ယဉ်ကျေးမှုကို နားလည်တဲ့သူတွေ များလာသရွေ့ လူ့အဖွဲ့အစည်းကို ပိုတည်ငြိမ်လာစေလိမ့်မယ်။ အဲ့အတွက် သုံးရတဲ့ငွေက ထိုက်တန်ပါတယ်"

“ဟုတ်ကဲ့”

လီဖူဟိုင်က ဧကရာဇ်မင်းအား ကျေးဇူးတင်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။

ဒီလိုပညာရှိတဲ့ ဧကရာဇ်နောက်ကို လိုက်နိုင်တာကလည်း သူ့ရဲ့ကံကြမ္မာပါပဲ။ အခုဆိုရင် သူတို့ရဲ့တိုင်းပြည် ပိုမိုကောင်းမွန်လာဖို့ အနာဂတ် မျှော်လင့်ချက်တွေ ရှိလာခဲ့ပြီ။

"ရွှေ့ရှန့်၊ စူးချင်း၊ မင်းတို့ ဒီတစ်ခေါက် အကြာကြီး နေလို့ရမလား?"

အဒေါ်လီနှင့် ဦးလေးလီတို့က ရှောင်ကျဲယွိနှင့် စူးချင်းတို့၏လက်များကို ထပ်ခါတလဲလဲ ဆုပ်ကိုင်ကာ ဝမ်းသာအားရ စကားပြောနေကြသည်။ သူတို့က ရှောင်းကျဲယွိနှင့် စူးချင်း နောက်ထပ် ရက်အနည်းငယ် ပိုနေနိုင်ရန် မျှော်လင့်နေကြသည်။

“အဒေါ်လီ၊ ဒီတစ်ခါ ငါးရက်လောက်ပဲ နေနိုင်လိမ့်မယ်”

ရှောင်းကျဲယွိက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

မော့ချန်မှာ ငါးရက်လောက်နေနိုင်တာကတောင် သူ့အတွက် အရမ်းခက်ခဲနေပြီ။ တကယ်တော့ တိုင်းပြည်တစ်ခုလုံးကို အုပ်ချုပ်ရတာက အရမ်းအလုပ်များတယ်။ ဧကရာဇ်ဆိုတာက နန်းတွင်းနဲ့ အကြာကြီး ဝေးကွာနေလို့ မရဘူး။ ဒါတောင်မှ သူ ပြန်သွားရင် လျှောက်တင်လွှာတွေ စုပုံနေလောက်ပြီ။

"ငါးရက်ပဲလား?"

အဒေါ်လီက စိတ်မကောင်းဖြစ်သွားပြီး တိုးတိုးလေး ညည်းညူလိုက်သည်။ ထောင်ဟွားဝူမှ အခြားရွာသူရွာသားများကတော့ ပို၍ပင် စိတ်ပျက်သွားကြသေးသည်။ သူတို့အားလုံးက ရှောင်းကျဲယွိနှင့် စူးချင်းတို့ကို ထမင်းစား ဖိတ်ချင်နေပြီး အလှည့်မရောက်နိုင်သည့် မိသားစုများ အများကြီး ကျန်နေနိုင်သည်ကို သူတို့ တွက်ဆနိုင်သွားပြီ ဖြစ်သည်။

လီတာ့နျိုက သတို့သမီးကို သတို့သမီးအခန်းသို့ လိုက်ပို့ခဲ့ပြီး ရှောင်းကျဲယွိနှင့် စူးချင်တို့ အမြန်ပြန်သွားမည်ကို စိုးရိမ်နေကာ အပြေးအလွှား ပြန်ရောက်လာသည်။

"ရွှေ့ရှန့်၊ ငါတို့ မူးတဲ့အထိ သောက်ကြမယ်နော်"

ဤမိုက်မဲသည့်လူငယ်လေးက သူ သတို့သား ဖြစ်နေမှန်း မေ့သွားပြီး အမူးသောက်ရန် တောင်းဆိုနေသည်။ ထိုအပြင် ရှောင်းကျဲယွိက ဘယ်တော့မှ မမူးတတ်သည်ကိုလည်း သူ မေ့သွားပြန်သည်။

“ကောင်းပြီလေ၊ ငါက ခွက်တစ်ထောင် သောက်ရင်တောင် မမူးဘူးနော်"

ရှောင်းကျဲယွိက ရယ်ရယ်မောမော ပြန်ပြောလိုက်သည်။

"ဧည့်သည်တွေ ရောက်လာပါတယ်"

တံခါးစောင့်က လှမ်းအော်လိုက်သောကြောင့် ရှောင်းကျဲယွိနှင့် လီတာ့နျိုက တံခါးဘက်သို့ လှမ်းကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများ တပြိုင်တည်း တောက်ပသွားသည်။

All Chapters