ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့ သတို့သမီး
Vol. 41 Ch. 613
ရောက်လာသည့် ဧည့်သည်တော်က ကျန်းလောင်ချီမှ လွဲ၍ အခြားသူ မဟုတ်ပေ။ သူက မိုးပြာရောင်ဖျော့ဖျော့ ၀တ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မြို့တော်သခင်တစ်ယောက်၏ အသွင်အပြင်ကို အပြည့်အဝ ဖော်ပြနေသည်။ သူ့၏အမူအရာနှင့် သွင်ပြင်ဟန်ပန်များက ယခင်ကနှင့် အလွန်ကွာခြားနေပြီ ဖြစ်ကာ လက်ရှိတွင် သူက မြင့်မြတ်သောမိသားစုမှ လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည့်အပြင် သူ့ကိုယ်ပေါ်၌ အာဏာကို ပိုင်ဆိုင်သည့် လူတစ်ဦး၏ ဖုံးကွယ်ထားသော စွမ်းအားကိုပင် ယောင်ဝါးဝါး မြင်နေရသည်။
ကျန်းယွိရန်ကလည်း သူမ၏အစ်ကိုနှင့်အတူ လိုက်ပါလာခဲ့သည်။ သူမက ပိုးသားဖြင့် ချူပ်ထားသည့် ပန်းရောင်ခါးကျည်းပိုးဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံက စူးချင်း သူမနှင့် ရှောင်းလန်ရှင်းအတွက် ချုပ်ပေးခဲ့ခြင်း ဖြစ်သောကြောင့် ကျန်းယွိရန်က အများအားဖြင့် ထိုဝတ်စုံကို ထုတ်မဝတ်ရက်ဖြစ်နေလေ့ရှိသည်။ ယခု လီတာ့နျို၏မင်္ဂလာပွဲ ဖြစ်နေသောကြောင့်သာ သူမ ဤပိုးဂါဝန်ရှည်ကို ဝတ်ဆင်လာခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူမလည်း လယ်ကွင်းများထဲ၌ အလုပ်လုပ်ရန် မလိုအပ်တော့ပေ။ ထို့အပြင် တောထဲသို့ ဝင်ပြီး ဟင်းရွက်ရိုင်းများ ရှာဖွေရခြင်း၊ ဆေးပင်များတူးရခြင်းနှင့် ချက်ပြုတ်ခြင်းအပါအဝင် အိမ်မှုကိစ္စများအားလုံးကည်း သူမ၏တာဝန်မဟုတ်တော့ပေ။ ကျန်းယွိရန်က စူးချင်း ထုတ်လုပ်ထားသည့် မျက်မှာချေမှုန့်များ၊ ပါးနီများ၊ အရေပြားအလှဆီများနှင့် နှုတ်ခမ်းဆိုးဆေးများကို နေ့တိုင်း သုံးစွဲနိုင်သူဖြစ်သည်။ ထို့ကြောင့် သူမ၏မျက်နှာက အလွန်တရာ ပိုလှလာပြီး သူမ၏ အသားအရည်ကလည်း ပန်နုရောင်သန်းနေကာ ချမ်းသာသောမိသားစုမှ သခင်မလေးတစ်ယောက်နှင့် ခွဲမရအောင် တူနေပြီ ဖြစ်သည်။
"လောင်ချီ၊ နောက်ဆုံးတော့ မင်း ရောက်လာပြီ"
အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည့် လီတာ့နျိုက စိတ်လှုပ်ရှားစွာဖြင့် တံခါးဆီသို့ အပြေးအလွှား လျောက်လှမ်းသွားသည်။ သူက ကျန်းလောင်ချီကို ခြံဝင်းထဲသို့ ဆွဲခေါ်ပြီး နေရာတစ်ခုဆီသို့ ဦးတည်လိုက်သည်။
“လောင်ချီ.... ဒီကို ကြည့်.... ဘယ်သူလဲဆိုတာ ကြည့်ပါဦးကွ”
"ရွှေ့ရှန့်"
ရှောင်းကျဲယွိကို တွေ့လိုက်ရသောကြောင့် ကျန်းလောင်ချီ၏ မျက်လုံးများလည်း ချက်ချင်း တောက်ပလာသည်။ သူက ခြေလှမ်းကျယ်ကြီးများဖြင့် ရှေ့တိုးလာပြီး ရှောင်းကျဲယွိ၏လက်ကို အားရပါးရ ဆုပ်ကိုင်ကာ ဝမ်းသာအားရ လှမ်းပြောလိုက်သည်။
“မင်း ရောက်နေမယ်လို့ ငါ လုံးဝ မမျှော်လင့်ထားမိဘူး။ ငါ မင်းကို တကယ်သတိရနေတာ"
"ငါလည်း မင်းတို့အားလုံကို သတိရပါတယ်"
ရှောင်းကျဲယွိ၏ စိတ်လှုပ်ရှားမှုကလည်း သူတို့နှစ်ယောက်ထက် လုံးဝ မနည်းနေချေ။
သူ ဒီပွဲမှာ လောင်ချီကို မတွေ့နိုင်တော့ဘူးလို့ ထင်ထားခဲ့တာ။ သူ့မွေးစားအမေရဲ့သင်္ချိုင်းကို ရွှေ့ပြီးသွားလို့ အချိန်ရရင်တော့ မြောက်ပိုင်းလူရိုင်းပြည်ထောင်ဘက် သွားပြီး လည်ပတ်ဖို့ စီစဉ်ထားသေးတယ်။ သူက သူ့ရဲ့ညီအစ်ကိုကောင်းကို တွေ့ချင်တဲ့အပြင် လောင်ချီ မြောက်ပိုင်းလူရိုင်းတွေကို ဘယ်လို အုပ်ချုပ်နေလဲဆိုတာလည်း ကြည့်ချင်သေးတယ်။
အခုတော့ မမျှော်လင့်ပဲ လောင်ချီ ရောက်လာခဲ့တယ်၊ တကယ့်ကို အံ့သြစရာပဲ။
"အစ်မစူးချင်း"
ကျန်းယွိရန်နှင့် စူးချင်းတို့ ကွဲကွာနေသည်မှာ နှစ်နှစ်ရှိပြီ ဖြစ်သည်။ စူးချင်းကလည်း စူးချင်းကို မြင်လိုက်သည်နှင့် စူးချင်း၏လက်မောင်းကို ရင်းရင်းနှီးနှီး ပြေးဖက်ကာ ချိုသာသောအသံလေးဖြင့် ခေါ်လိုက်သည်။
"မင်း ပိုလှလာတယ်"
စူးချင်းကလည်း ကျန်းယွိရန်ကို ကြည့်နေပြီး ကြည်ကြည်နူးနူး အပြုံးဖြင့် ချီးမွမ်းလိုက်သည်။
"အစ်မစူးချင်းကလည်း"
ကျန်းယွိရန်က ရှက်ရွံ့သွားဟန်ဖြင့် ခေါင်းငုံသွားသည်။ စူးချင်း၏ဘေးတွင် ရပ်နေသည့် ကျုံးယုံကတော့ ကျန်းယွိရန်ကို ငေးကြည့်နေရင်း သူ့၏မူပိုင်ထုံထုံထိုင်းထိုင်းအပြုံးကြီးကို ဖော်ပြနေသည်။ သူက ကျန်းယွိရန်ကိုသာ ငေးကြည့်နေပြီး သူ့မျက်လုံးများထဲ၌ တခြားလူများ ရှိမနေတော့ပုံရသည်။
"အစ်ကိုယုံ"
သူမ ခြံဝင်းထဲသို့ ပထမဆုံး ဝင်လာကတည်းက ကျန်းယွိရန် ပထမဆုံး မြင်လိုက်ရသူက ကျုံးယုံသာ ဖြစ်သည်။ သူမက ရှက်စနိုးအသံလေးဖြင့် ကျုံးယုံကို ခေါ်လိုက်ပြီး သူမ၏မျက်လုံးလေးများကလည်း သူ့ကို ပြန်ကြည့်နေကာ ထိုမျက်ဝန်းများထဲ၌ နူးညံ့သိမ်မွေ့သော ကြင်နာမှုဖြင့် ပြည့်လျှံနေသည်။
သူမနဲ့ အစ်ကိုယုံတို့ စေ့စပ်ထိမ်းမြားထားတာ သုံးနှစ်နီးပါး ရှိနေပြီ။ အစ်ကိုယုံရဲ့ ဝမ်းနည်းခြင်းကာလ ပြီးဆုံးသွားတာနဲ့ သူမတို့ လက်ထပ်ရတော့မယ်။ ဒီနှစ်က သုံးနှစ်မြောက်ပဲ။ သူမရဲ့မိဘတွေနဲ့ အစ်ကိုက သူမကို တတ်နိုင်သမျှ အမြန်ဆုံး လက်ထပ်ဖို့ တိုက်တွန်းနေပြီး မြို့တော်ကိုတောင် စာပို့ခိုင်းနေသေးတယ်။
"ယွိရန်"
ကျုံးယုံက ရှက်ရယ် ရယ်နေရင်း သူ့ဇနီးလောင်းကို လှမ်းခေါ်လိုက်သည်။ သူ “ယွိရန်” ဟုခေါ်နေသည့်ပုံစံက စူးချင်း၏လက်မောင်းပေါ်မှ မွေးညှင်းပေါက်များကို ပွင့်သွားစေပြီး ကြက်းသီများပင် ထလာစေသည်။
ဒါကြီးက အရမ်းကို ချွဲပျစ်နေတာ မဟုတ်ဘူးလား?
အရပ်နှစ်မီတာကျော် ရှည်ပြီး ဝက်ဝံကြီးတစ်ကောင်လို သန်မာတဲ့ လူက ချိုမြိန်တဲ့အသံတဲ့ စကားပြောနိုင်တယ်တဲ့လား? ဒါကို ဘယ်သူက သည်းခံနိုင်မှာတုန်း?
“လာ စားရင်း သောက်ရင်း စကားပြောကြမယ်။ မင်းတို့ စိတ်ကြိုက်သောက်နိုင်ဖို့ သေရည် အလုံအလောက် ရှိတယ်”
အဒေါ်လီက သူတို့ကို လှမ်းခေါ်လိုက်သည်။
သူတို့ မထိုင်သေးရင် တခြားသူတွေလည်း စားရဲကြမှာ မဟုတ်ဘူးလေ။ အားလုံးက သူတို့ကိုပဲ လိုက်ကြည့်နေကြရပြီ။
"ဟုတ်တယ်၊ လာ.... သောက်ကြရအောင်"
ရှောင်းကျဲယွိအတွက်လည်း စိတ်လွတ်ကိုယ်လွတ် မသောက်နိုင်သည်မှာ ကြာနေပြီဖြစ်သည်။ နှစ်သစ်ကူးပွဲများတွင် သူ အရက် အနည်းငယ် သောက်လေ့ရှိသော်လည်း တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရသောကြောင့် ခွက်အနည်းငယ်သာ သောက်ခဲ့ရသည်။
ဒီနေ့ကတော့ လုံးဝ ကွဲပြားသွားပြီ။ သူ ပေါ့ပေါ့ပါးပါး ဝတ်စားထားသလို အားရပါရလည်း သောက်နိုင်တော့မယ်။ ပြီးတော့ သူရဲ့ ညီအစ်ကိုကောင်းတွေကလည်း သူနဲ့အတူရှိ နေနေသေးတယ်။ သူ စိတ်ကျေနပ်တဲ့အထိ သောက်သင့်တာပေါ့။
သူတို့လေးယောက်ထဲတွင် လီတာ့နျို၏အရက်ဒဏ် ခံနိုင်ရည်က အဆိုးဆုံးဖြစ်ပြီး ထို့နောက်မှာသာ ကျန်းလောင်ချီက ဒုတိယဖြစ်ပြီး ကျုံးယုံကတော့ ကျန်းလောင်ချီထက် ပိုတောင့်ခံနိုင်သည်။ ရှောင်းကျဲယွိကတော့ အရက်အသောက်နိုင်ဆုံးသူ ဖြစ်ပြီး အခြားသုံးယောက် ပေါင်းလျှင်ပင် သူ့လောက် မသောက်နိုင်ကြပေ။
အဒေါ်လီနှင့် ကျန်းယွိရန်တို့က စူးချင်းကို ဆွဲခေါ်သွားပြီး ထောင်ဟွားဝူမှ အမျိုးသမီးများ ရှိနေသည့် စားပွဲဆီသို့ ဦးတည်လိုက်ကြသည်။ အစပိုင်းတွင် လူတိုင်းက အတော်လေး သတိထားနေကြပြီး တိတ်ဆိတ်နေကြသည်။ သို့သော် နောက်ပိုင်းတွင် စူးချင်းက ယခင်ကဲ့သို့ ဖော်ရွှေနေဆဲဖြစ်ပြီး သူမတို့နှင့်အတူ စားသောက်ရင်း ရယ်မောနေသည်ကို တွေ့လိုက်ရသောကြောင့် အားလုံးက သူမကို စကားစမြည် ပြောရဲလာကြသည်။
"ဧကရီမယ်မယ်က အမြွှာလေးတွေ မွေးထားတယ်လို့ ကျွန်မ ကြားခဲ့တယ်"
ဝမ်မိသားစုမှ ချွေးမဖြစ်သူက စူးချင်းကို အသံတိုးတိုးဖြင့် လှမ်းမေးလိုက်သည်။ သူမတို့ မိသားစုထဲမှ ယောက်ျားသားအားလုံး အငတ်ဘေးမှ ထွက်ပြေးရသည့် လမ်းခရီး၌ သေဆုံးသွားခဲ့ကြသည်။ မော့ချန်သို့ ရောက်လာပြီးနောက်တွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့က သူမတို့မိသားစု ဆက်ရှင်သန်နိုင်ရန် သိုးများနှင့် စားနပ်ရိက္ခာများ ခွဲဝေပေးခဲ့သည်။ နောက်ပိုင်း တာ့ထန်အင်ပါယာကို ထူထောင်ပြီးနောက်တွင် သူမနှင့် သူမ၏သားသမီးများ ဝဝလင်လင် စားသောက်နိုင်ရန် လုံလောက်သည့် မြေသုံးမူနှင့် ပြောင်း၊ အာလူးမျိုးစေ့များလည်း ပေးခဲ့သေးသည်။
“အင်း”
စူးချင်းက အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ကလေးနှစ်ယောက် ရှိလာခြင်းက သူမ၏ ပင်ကိုယ်စရိုက်ကို ယခင်ကထက် ပိုနွေးထွေးလာစေသည်။ သူမက တနေကုန် အေးစက်သော မျက်နှာဖြင့် နေလေ့မရှိတော့ဘဲ စကားပြောသည့်အခါတွင် ပိုနူးညံ့လာကာ ပိုပြီးလည်း ပြုံးတတ်လာသည်။ ထိုအရာက မိခင်တစ်ယောက်ဖြစ်နေခြင်းနှင့် မိခင်မဟုတ်သူတစ်ယောက်၏ ခြားနားချက်ကြောင့်ဟု သူမ ယူဆထားသည်။
"မင်းသားလေးနဲ့ မင်းသမီးလေးရော ဒီကို လိုက်လာတာလား?"
ထောင်ဟွားဝူမှ အမျိုးသမီးများ အားလုံးက အမြွှာလေးများကို တွေ့ချင်နေကြသည်။ သူမတို့ ဘဝတွင် လိင်မတူသည့် အမြွှာကို မြင်ခွင့်ရရန် ခက်ခဲလွန်းလှသည်။ သူမတို့ ယခင်က လိင်တူသည့် အမြွှာလေးများကို မြင်ဖူးသော်လည်း တစ်ခါနှစ်ခါသာ မြင်ဖူးခြင်း ဖြစ်သည်။ လိင်မတူသည့် အမြွှာများကတော့ ကြားဖူးရုံသာ ရှိပြီး တခါမှ မြင်တွေ့ခွင့်မရဘူးကြပေ။ ထို့ကြောင့် လူတိုင်းက မင်းသားလေးနှင့် မင်းသမီးလေးကို တွေ့ချင်နေကြသည်။
ဒါက အရင်တုန်းကဆို သူတို့ အိမ်မက်တောင် မမက်ဖူးတဲ့ ကိစ္စလေ။
"သူတို့နှစ်ယောက်ကို မြို့တော်မှာ ထားခဲ့တယ်၊ ခေါ်မလာခဲ့ဘူး"
စူးချင်းက ခေါင်းယမ်းလိုက်သည်။ သူမထံတွက် လုပ်စရာများ အများကြီး ရှိနေသောကြောင့် ကလေးများကို မခေါ်လာနိုင်ခဲ့ပေ။ သူမ၏အမေနှင့် အထိန်းတော်များက ကလေးများကို ပြုစုစောင့်ရှောက်ပေးနေပြီး သူမကလည်း ကလေးနှစ်ယောက်ကို ကာကွယ်ပေးဖို့ ရှောင်ချီကို ချန်ထားခဲ့သည်။
ကလေးများအကြောင်း ပြောလိုက်ချိန်တွင် စူးချင်းတစ်ယောက် သူမ၏သားလေးနှင့် သမီးလေးကို လွမ်းဆွတ်သွားရပြန်သည်။
သူတို့ရဲ့ ကလေးဆန်တဲ့ အသံလေးတွေနဲ့ အမေလို့ ခေါ်တဲ့အသံကို နေ့တိုင်းကြားနေရတာက သူမရဲ့နှလုံးသားကိုတောင် အရည်ပျော်သွားစေတယ်။ သူမက သူတို့ကိုအတွက် ကမ္ဘာပေါ်က အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲ ပေးချင်တယ်။
“အင်း၊ အဲ့တာ ကောင်းတယ်။ ကလေးတွေကို ခေါ်လာခဲ့ရင် ဒီခရီးရှည်ကြီးက မင်းသားလေးနဲ့ မင်းသမီးလေးကို ပင်ပန်းစေလိမ့်မယ်”
လူတိုင်းက အနည်းငယ် စိတ်ပျက်သွားကြသော်လည်း မင်းသားနှင့် မင်းသမီးများအနေဖြင့် ကလေးများ နန်းတော်မှ ပေါ့ပေါ့ပါးပါး ထွက်လာ၍မရကြောင်းကို သူမတို့ တွေးမိသွားပြီး ဖြစ်သင့်သည်ဟုသာ ခံစားလိုက်ရသည်။
“ဒီမှာ ကလေးတွေရဲ့ ပုံတူတွေ ရှိတယ်”
စူးချင်းက လူတိုင်း အနည်းငယ် ဝမ်းနည်းသွားသည်ကို မြင်လိုက်သောကြောင့် သူမနှင့်အတူ အမြဲယူဆောင်လာလေ့ရှိသော ကလေးများ၏ပုံတူများကို ထုတ်ပေးလိုက်သည်။ ထိုပုံများအားလုံးကို သူမဘာသာ ဆွဲထားခြင်းဖြစ်ပြီး သူမထံတွင် ကလေးနှစ်ယောက်၏ ဓာတ်ပုံများပင် အများကြီး ရှိနေသေးသည်။ သို့သော် ယခုခေတ်တွင် ရုတ်တရက် ဓာတ်ပုံများ ထုတ်ပြလိုက်ပါက လူတိုင်းအား ကြောက်လန့်သွားစေမည် ဖြစ်သည်။
“အို ဘုရားရေ၊ ဒီကလေးနှစ်ယောက်က အရမ်းကြည့်ကောင်းတာပဲ”
ပုံတူများကို ပထမဆုံးမြင်ခွင့်ရလိုက်သူက အဒေါ်လီ ဖြစ်သည်။ ပုံတူထဲမှ ကလေးနှစ်ယောက်က နှစ်သစ်ကူးပန်းချီကားလေးထဲမှ ကလေးများထက်ပင် ပိုခောမောပြီး ချစ်စရာကောင်းနေသည်။ တစ်ယောက်က အဝါရောင်ဖျော့ဖျော့ အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံထုံးသေးသေးလေး နှစ်လုံး ထုံးဖွဲ့ထားသည်။ နောက်တစ်ယောက်ကလည်း ပန်းရောင်ဝတ်စုံလေးကို ဝတ်ထားပြီး ဆံထုံးသေးသေးလေးနှစ်လုံး ရှိနေသည်။ သူတို့နှစ်ယောက်လုံးက ကျောက်စိမ်းပန်းပုရုပ်လေးများသဖွယ် ဖြစ်နေပြီး ချစ်စရာကောင်းလှသည်။
ထိုစားပွဲဝိုင်းရှိ အမျိုးသမီးများအားလုံး ဆက်ကနဲ ထရပ်လိုက်ကြပြီး ပုံတူကားချပ်ရှေ့သို့ ဝိုင်းအုံလာကြသည်။ အစားအသောက်များက သူမတို့အတွက် ဆွဲဆောင်မှု မရှိတော့ဘဲ သူမတို့၏မျက်လုံးရှေ့မှ ကလေးနှစ်ယောက်ကိုသာ ငေးကြည့်နေကြသည်။
သူတို့ရဲ့မျက်လုံးလေးတွေက ကြီးကြီး ဝိုင်းဝိုင်းလေးတွေ ဖြစ်နေတဲ့အပြင် အရမ်းကို တောက်ပနေတာပဲ။ သူတို့ရဲ့ ပါးစပ်လေးတွေကလည်း သေးငယ်တဲ့ ပန်းပွင့်ချပ်လေးတွေနဲ့ တူတယ်။ မင်းသမီးလေးက ချိုချိုသာသာ ပြုံးနေပြီး မင်းသားလေးကတော့ နည်းနည်း အဆော့သန်မယ့်ပုံပဲ။ တော်ဝင်မိသားစုက သားသမီးတွေက သူတို့လိုမျိုး သာမန်မိသားစုက သားသမီးတွေနဲ့ ကွဲပြားနေတာကတော့ အမှန်ပဲ။
“ချစ်ဖို့ ကောင်းလိုက်တာ”
စူးချင်း၏ မျက်လုံးများထဲတွင်လည်း မိခင်တစ်ယောက်၏ ဂုဏ်ယူမှုများ ပြည့်နှက်နေပြီး သူမက ရှက်ရွံ့ဟန်မျိုး မရှိသလို နှိမ့်ချသည့်စကားမျိုးလည်း လုံးဝ မပြောခဲ့ပေ။
အမျိုးသမီးဝိုင်း၌ အမြွှာလေးများ၏ပုံတူများကို ကြည့်နေကြချိန်တွင် ညီအစ်ကိုများကတော့ တော်တော်လေး မူးနေကြပြီ ဖြစ်သည်။ သူတို့ တစ်ယောက်စီ၏ရှေ့တွင် အရက်တစ်အိုးစီ ရှိနေပြီး ရှောင်းကျဲယွိနှင့် ကျုံးယုံတို့က အိုးထဲမှ အရက်များအားလုံး ကုန်သွားအောင် သောက်လိုက်ပြီ ဖြစ်သည်။ လီတာ့နျိုနှင့် ကျန်းလောင်ချီတို့၏ အရက်အိုးများကတော့ တစ်ဝက်လောက် ကျန်နေသေးသည်။ သို့သေည် နှစ်ယောက်လုံး မူးနေပြီဖြစ်ကာ စားပွဲပေါ်သို့ မှောက်ကျနေပြီ ဖြစ်သည်။ သို့ရာတွင် နှစ်ယောက်လုံး အလျော့မပေးဘဲ ဆက်သောက်ချင်နေကြဆဲပင်။
“နောက်တစ်ခွက် ထပ်သောက်မယ်၊ ပြီးရင် စကားတွေ ဆက်ပြောကြမယ်၊ အရမ်း ပျော်ဖို့ ကောင်းတယ်ကွ”
“တော်ပြီ ထပ်မသောက်နဲ့တော့။ ငါတို့ မင်္ဂလာဦးညကို နှောင့်နှေးအောင် လုပ်လို့ မဖြစ်ဘူး"
ရှောင်းကျဲယွိက သူ အဝ သောက်ရသည့်အတွက် ပျော်ရွှင်ကျေနပ်နေသော်လည်း အရေးကြီးသည့် ကိစ္စကိုတော့ သတိရနေသေးသည်။
သူတို့နဲ့အတူ အရက်သောက်နေတာကြောင့် တာ့နျိုရဲ့ မင်္ဂလာဦးညလေး လွတ်သွားတာမျိုး မဖြစ်သင့်ဘူးလေ။
“မရဘူး၊ သောက်၊ ဆက် သောက်ကြမယ်၊ မသောက်ရဲတဲ့ကောင်က မြေးပဲ၊ တစ်ခြားသူတွေကို အဖိုးလို့ ခေါ်”
လီတာ့နျိုက သောက်ရန် စိတ်အားထက်သန်နေပြီး အရက်အိုးကို မော့ကာ သူ့ပါးစပ်ထဲကို အရက်များ လောင်းထည့်လိုက်သည်။ အရက်များက သူ့ပါးစပ်ထဲသို့ ဝင်သွားရုံသာမကဘဲ အပြင်သို့ပါ လျှံကြလာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အနီရောင် မင်္ဂလာဝတ်စုံကို စိုရွှဲသွားစေသည်။
“တော်ပြီ၊ တော်ပြီ ဆက်မသောက်နဲ့တော့”
ရှောင်းကျဲယွိက အရက်အိုးကို လုယူလိုက်ပြီး စူးချင်းထံမှ အရက်နာကျသက်သာစေမည့် ဆေးတစ်လုံးတောင်းယူကာ လီတာ့နျို၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သူက လီတာ့နျို၏ ပခုံးကို ပုတ်ကာ တိုက်တွန်းလိုက်သည်။
“သွား၊ သတို့သမီးအခန်းထဲကို ဝင်တော့”
“ငါတို့လည်း ပြန်တော့မယ်၊ နောက်နေ့မှ ပြန်ဆုံကြမယ်"
ရှောင်းကျဲယွိထံတွင်လည်း အခြားကိုင်တွယ်ရမည့် ကိစ္စများ ရှိနေသေးသည်။ ဤတစ်ကြိမ်တွင် သူက မွေးစားအမေနှင့် မွေးစားအဖေကို ပြန်မြှုပ်နှံပေးရန် ရောက်လာခြင်း ဖြစ်ပြီး ထိုကိစ္စက အရေးကြီးသော ကိစ္စဖြစ်သည်။
ဆရာဦးလေး ခရီးထွက်နေရတာတော့ စိတ်မကောင်းစရာပဲ။ အဲ့လိုမှမဟုတ်ရင် သူရဲ့မွေးစားအမေနဲ့ မွေးစားအဖေ အေးအေးဆေးဆေး အနားယူဖို့ ဖုန်းရွှေကောင်းတဲ့ နေရာကောင်းကို ရွေးပေးဖို့ ဆရာဦးလေးကို တောင်းဆိုလိုက်ရုံပဲ။
ရှောင်းကျဲယွိနှင့် စူးချင်းတို့ အိမ်ပြန်သွားချိန်တွင် တစ်ဖက်မှ လီတာ့နျိုက အမူးပြေသွားပြီး သတို့သမီးအခန်းဆီသို့ ပျော်ပျော်ရွှင်ရွှင် ပြန်လာခဲ့သည်။ သူက အစေခံမိန်းကလေး လှမ်းပေးလိုက်သည် မင်္ဂလာမျဥ်းတံကို လှမ်းယူကာ သူတို့သမီး၏မျက်နှာပေါ်မှ အနီရောင်ပုဝါစကို ဖယ်ရှားလိုက်သည်။
သတို့သမီးက ရှက်ရွံ့နေဟန်ဖြင့် သူမ၏ခေါင်းကို ဖြည်းဖြည်းချင်း မော့လာသည်။ သူမ၏ လှပသော မျက်နှာလေးက လီတာ့နျို၏ မျက်လုံးများကို စွဲဆောင်နိုင်ခဲ့ပြီး သူ သတို့သမီးနှင့် မင်္ဂလာအရက်ကို သောက်တော့မည့်အချိန်တွင် သူမက တိုးတိုးလေး မေးလာပြန်သည်။
“အစ်ကိုတာ့နျို၊ အဲဒီ့ထူးခြားတဲ့ ဧည့်သည်က ဘယ်သူလဲဟင်”