ဇနီးကို ချစ်တဲ့ ယောကျာ်းကောင်း
Vol. 41 Ch. 614
"အမ်? သူလား? သူက လက်ရှိဧကရာဇ်လေ၊ ငါ့ရဲ့အစ်ကိုကောင်းပေါ့"
သူ့ဇနီး၏မေးခွန်းကို ကြားလိုက်ရချိန်တွင် လီတာ့နျိုက သူ့ထံတွင် ဧကရာဇ်မင်းမြတ်ဖြစ်နေသည့် ညီအစ်ကိုကောင်းတစ်ဦးရှိနေကြောင်း ဂုဏ်ယူစွာ ပြောပြလိုက်သည်။
သူ့ရဲ့မင်္ဂလာပွဲကို ဧကရာဇ်ကိုယ်တိုင် တက်ရောက်ခဲ့တာလေ။ ဒါက သူ့ဘဝတစ်လျှောက်လုံး ဂုဏ်ယူဖို့ လုံလောက်နေပြီ။
“သူက ဧကရာဇ်လား?”
ရှောင်းကျဲယွိက ဧကရာဇ်မင်းမြတ်ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် သတို့သမီးဖြစ်သည့် ဝမ်ရှို့က အံ့အားသင့်သွားပုံဖြင့် လီတာ့နျိုကို အလောတကြီး ထပ်မေးလိုက်သည်။
“ဒါဆို... အဲဒီအမျိုးသမီးက ဧကရီလား?”
"ဟုတ်တယ်လေ၊ သူ(မ)က ဧကရီလေ၊ ဧကရီက အရမ်းတော်ပြီး ငါတို့ ယောက်ျားသားတွေထက် ပိုစွမ်းဆောင်နိုင်စွမ်းရှိတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ ငါတို့ရဲ့ အရက်ချက်ရုံကလည်း ဧကရီ ပိုင်တာ။ ဧကရီက အရက်ချက်နည်းကို သိရုံတင်မကဘဲ ပါးနီမှုန်နဲ့ နှုတ်ခမ်းနီလုပ်နည်းကိုလည်း သိတယ်။ ပြီးတော့ ပိုးထည်အဝတ်အစားတွေ ပြုလုပ်တဲ့ ပိုးတွေကိုလည်း မွေးမြူနိုင်တယ်။ လယ်ထဲမှာ စိုက်ပျိုးနိုင်သလို မျိုးစေ့တွေအကြောင်းကိုလည်း ကောင်းကောင်း သိတယ်။ အရေးအကြီးဆုံးကတော့ ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာနဲ့ လက်နက်လုပ်နည်းကို သိနေတာပဲ။ ဪ... ဟုတ်သားပဲ၊ ဧကရီကို နတ်ဆေးသမားတော်လို့လည်း ခေါ်နိုင်တယ်။ ငါတို့ရဲ့ ဧကရီက သေပြီးတဲ့သူကိုတောင် အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်။ ဧကရီက သေမျိုးလောကကို ဆင်းသက်လာတဲ့ နတ်ဘုရားမတစ်ပါးလိုပဲ"
လီတာ့နျိုက စူးချင်း၏အကြောင်းကို ဘာမှ ဖုံးကွယ်မထားဘဲ လေးစားမှုအပြည့်ဖြင့် ပြောနေကာ စူးချင်းကို ချီးကျူးနေသေးသည်။
စူးချင်းသာ မရှိရင် ဝမ်မိသားစုကို ဒီလောက် ချောချောမွေ့မွေ့ ရှင်းပစ်နိုင်မှာ မဟုတ်ဘူး။ တာ့ထန်အင်ပါယာရဲ့ ကြီးပွားချမ်းသာမှု တစ်ဝက်က သူမ ယူဆောင်လာပေးတာလို့တောင် ပြောနိုင်တယ်။
တကယ်တော့ စူးချင်းကို လေးစားကိုးကွယ်တာက သူတစ်ယောက်တည်း မဟုတ်ဘူး။ ထောင်ဟွားဝူက ရွာသူရွာသားတွေ အပါအဝင် မော့ချန်က မြို့သူမြို့သားတွေအားလုံးနဲ့ စစ်တပ်ထဲက စစ်သည်တွေ အားလုံးလည်း သူမကို လေးစားကိုးကွယ်ကြတယ်။
လူတိုင်းရဲ့နှလုံးသားထဲက စူးချင်းရဲ့ဖြစ်တည်မှုက ရွှေရှန့်ကို လေးစားတာထက်တောင် သာလွန်နေသေးတယ်။
စူးချင်းက လူတိုင်းအတွက် အများကြီး လုပ်ပေးခဲ့တယ်၊ စူးချင်းကြောင့်သာ မဟုတ်ရင် သူတို့ ထောင်ဟွားဝူက ရွာသူရွာသားတွေ အကြိမ်ပေါင်းများစွာ သေဆုံးပြီးနေလောက်ရောပေါ့။
မော့ချန်ကို ရောက်လာတဲ့အချိန်မှာလည်း စူးချင်းက လူတိုင်းကို ဦးဆောင်ပြီး ပိုက်ဆံရှာပေးခဲ့ပြန်တယ်။ စူးချင်းက သူတို့ တူးပေးတဲ့ ကျောက်မီးသွေးတွေကို တာ့ထန်ရဲ့ သိုးတွေနဲ့ လဲလှယ်ပေးခဲ့တယ်။ အဲ့ဒီဆောင်းရာသီတုန်းက သိုးတွေ ရှိလို့သာ လူတိုင်း အစာငတ်ပြီး မသေခဲ့ကြတာလေ။
တကယ်တော့ သူတို့က စူးချင်းရဲ့ကံကြမ္မာကို ဖျက်ဆီးမိမှာကို ကြောက်နေလို့သာပေါ့။ အဲ့လိုမှမဟုတ်ရင် လူတိုင်းက စူးချင်းကို ကိုးကွယ်ဖို့ ဘုရားကျောင်း ဆောက်ပြီး နေ့တိုင်းနေ့တိုင်း မနက်ရော ညပါ နံ့သာတိုင်တွေ မီးရှို့ပြီး ကန်တော့နေကြမှာ သေချာတယ်။
“.....”
သတို့သမီးဝမ်ရှို့က သူမ၏အင်္ကျီထောင့်စွန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူမ စကားတစ်ခွန်းမှ မပြောသော်လည်း သူမ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သူမ မြဲမြဲ ရပ်နိုင်ရန် သူမလက်နှစ်ဘက်ကို စားပွဲပေါ်သို့ ထောက်ထားရသည်။
"ဝမ်ရှို့... ဘာဖြစ်လို့လဲ?"
လီတာ့နျိုက သူမ တစ်ခုခု ဖြစ်နေသည်ကို သတိပြုမိသွားပြီး အဆက်မပြတ် ပြောဆိုနေမှုကို ရပ်တန့်လိုက်သည်။ သူက သူမကို ကူတွဲပေးရန် အမြန်ရှေ့တိုးလာပြီး ဝမ်ရှီးကို စိုးရိမ်တကြီး မေးလိုက်သည်။
"ကျွန်မ... ကျွန်မ ဗိုက်ဆာနေလို့ ဖြစ်မယ်"
ဝမ်ရှို့၏ မျက်နှာက ဖြူဖျော့နေပြီး သူမက ထိုင်ခုံပေါ်သို့ အားမရှိသလို ထိုင်ချလိုက်သည်။ သူမ၏မျက်လုံးများကလည်း နီရဲနေသည်။
"အိုက်ယား၊ မင်းက ဘာလို့ ဗိုက်ဆာနေရတာလဲ? ဒီအစေခံတွေက ဘယ်လို အလုပ်လုပ်နေကြတာတုန်းကွာ"
လီတာ့နျိုက သူ့၏ဇနီးအသစ်လေး ဗိုက်ဆာလွန်းသောကြောင့် လဲကျမလိုဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် ဒေါသဖြင့် တီးတိုးရေရွတ်နေသည်။ ထို့နောက် သူက စားပွဲပေါ်ရှိ မုန့်များကို မြင်သွားပြီး မုန့်ကို ဖဲ့ကာ ဝမ်ရှီးကို အမြန် လှမ်းပေးလိုက်သည်။
“မင်း ဒါကို အရင်စားလိုက်၊ ငါ အတွက် ကြက်သားယာဂု ချက်ပေးဖို့ မီးဖိုချောင်ကို သွားပြောလိုက်မယ်"
“အင်း”
ဝမ်ရှို့က မုန့်ကို လှမ်းယူလိုက်သော်လည်း မစားဘေးဘဲ ကြောင်တောင်တောင် အမူအရာဖြင့် ဆက်ထိုင်နေပြန်သည်။ လီတာ့နျိုက သူမအတွက် စိုးရိမ်နေပြီး ထပ်တိုက်တွန်းလိုက်ပြန်သည်။
"ခဏလောက် အိပ်လိုက်ပါလား?"
“အင်း”
ဝမ်ရှို့ကလည်း ကြောင်တောင်တောင်ဟန်ဖြင့် သဘောတူလိုက်ပြန်သည်။ သူမက စားပွဲကို လက်ထောက်ကာ မတ်တပ် ထရပ်လိုက်ပြီး ကုတင်ဆီသို့ ရောက်အောင် ယိုင်ထိုးယိုင်ထိုးဖြင့် လျှောက်လှမ်းနေသည်။ သူမလက်ထဲမှ မုန့်ကိုတော့ လုံးဝ မစားဘဲ စားပွဲပေါ်သို့ ပြန်တင်သွားသည်။
လီတာ့နျိုကတော့ ပျာယာခတ်နေပြီး အစေခံမိန်းကလေးအား မီးဖိုချောင်သို့ သွားခိုင်းပြီး ယာဂု ကျိုပေးရန် ညွှန်ကြားလိုက်သည်။ သူကတော့ ကုတင်ဘေးတွင် ထိုင်နေပြီး ဝမ်ရှို့ကို သေချာဂရုစိုက်ပေးနေခဲ့သည်။
“ရေ အရင်သောက်လိုက်ဦး၊ လက်လက်ပွဲကျင်းပရတာက အရမ်း ပင်ပန်းတယ်။ ငါတောင် ပင်ပန်းနေပြီ။ မင်းဆိုရင်တော့ ပြောမနေနဲ့၊ ပြီးတာ့ မင်းရဲ့ ကျန်းမာရေးကလည်း အရမ်းကောင်းတာ မဟုတ်ဘူး၊ ဒါက မင်းအတွက် ခက်ခဲစေမှာ သေချာတယ်"
လီတာ့နျိုက သူ့မိန်းမအပေါ် ချစ်ခင်ကြင်နာတတ်သူဖြစ်သည်။ သူက ဝမ်ရှို့ကို နူးညံ့သော မျက်လုံးများဖြင့် ကြည့်နေပြီး သူ့မျက်လုံးထဲမှ စိတ်မကောင်းဖြစ်နေသည့် အရိပ်အယောင်များကို အတိုင်းသားမြင်နိုင်သည်။
ဝမ်ရှို့ နေမကောင်းဖြစ်မယ့်အစား ငါသာ ဖြစ်လိုက်ပါတော့....
"ကျွန်မ ခဏလောက် အိပ်ချင်တယ်"
ဝမ်ရှို့က စကားမပြောချင်မှန်း သိသာနေပြီး သူမ၏မျက်လုံးများကို မှိတ်ချလိုက်သည်။ လီတာ့နျိုက သူမကိုယ်ပေါ်သို့ စောင်ပါးလေးတစ်ထည် အုပ်ပေးလိုက်ပြီး ခုတင်ဘေးတွင် ပြန်ထိုင်ကာ သူမကို စောင့်ကြည့်ပေးနေခဲ့သည်။
ဝမ်ရှို့က အရမ်းလှတယ်။ သူမရဲ့မျက်ခုံးလေးတွေက ဟိုးအဝေးမှာ မြင်နေရတဲ့ တောင်တန်းတွေနဲ့ တူတယ်၊ သူမရဲ့မျက်လုံးလေးတွေက စမ်းရေလို ကြည်လင်နေတဲ့အပြင် သူမရဲ့အရေပြားကလည်း ဆိတ်နို့ရဲ့အရောင်လိုမျိုး ဖြူစင်လွန်းတယ်။ သူက ဝမ်ရှို့နဲ့ မထိုက်တန်ဘူးဆိုတာကို သူ သိပါတယ်။ ဒါပေမယ့် သူ သူမကို သဘောကျတယ်။ သူ သူမကို တသက်လုံး ချစ်သွားပြီး တန်ဖိုးထားပေး၊ ဂရုစိုက်ပေးပါ့မယ်။
သူမ ဘာပဲ လိုချင် လိုချင်၊ ကောင်းကင်က လဆိုရင်တောင် သူက သူမအတွက် လမင်းကို ခူးဆွတ်ပေးဖို့ နည်းလမ်းရှာမိမှာ သေချာတယ်။
သိပ်မကြာခင် မီးဖိုချောင်မှ သတို့သမီးနှင့် သတို့သားအတွက် ကြက်သားယာဂုနှင့် ခေါက်ဆွဲပြုတ်များ လာပို့ပေးသည်။ လီတာ့နျိုကတော့ မျက်လုံးများ တင်းတင်းမှိတ်ထားသည့် ဝမ်ရှို့ကို ကြည့်ကာ အတွေးများနေပြန်သည်။
သူ သူမကို တစ်ခုခု ထစားဖို့ နိုးလိုက်ရမလား? ဒါမှမဟုတ် သူမကို ဆက်အိပ်ခွင့်ပေးထားသင့်လား?
ထိုအခိုက်အတန့်တွင် ဝမ်ရှို့၏ မျက်တောင်များ တုန်နေသည်ကို မြင်လိုက်ရသောကြောင့် လီတာ့နျိုက သူကိုယ်ကြီးကို သူမ၏မျက်နှာရှေ့သို့ ကိုင်းချကာ တိုးတိုးလေး မေးလိုက်သည်။
"ဝမ်ရှို့.... မင်း အိပ်ပျော်နေတာလား? အိပ်မပျော်သေးရင် တခုခု ထစားလေ၊ စားပြီးမှ ပြန်အိပ်ပေါ့"
ဝမ်ရှို့က ခေါင်းခါလိုက်သည်။ ထို့နောက် သူမက အတွင်းဘက်သို့ လှည့်သွားပြီး နံရံကို မျက်နှာမူကာ လီတာ့နျိုကို ကျောခိုင်းလိုက်သည်။
“သတို့သမီး၊ ထပါဦး။ မင်္ဂလာအရက်သောက်ဖို့ ကျန်နေသေးတယ်”
အောင်သွယ်တော်က ဝမ်ရှို့ မထလာလျှင် သူမ၏အလုပ် မပြီးနိုင်သည်ကို တွေးမိသွားပြီး အသံတိုးတိုးဖြင့် လှမ်းခေါ်လိုက်သည်။
ဝမ်ရှို့ကတော့ ဘာမှ မကြားသလိုလို ပြုမူနေပြီး လှုပ်ပင်မလှုပ်လာတော့ပေ။
လီတာ့နျိုက အောင်သွယ်တော်ကို လက်ခါပြလိုက်သည်။
“မလိုဘူး၊ မလိုဘူး။ ဒါက ရိုးရာ ဓလေ့ထုံးတမ်းတွေပါ ၊ မဖြစ်မနေ လုပ်ရမယ်လို့ သတ်မှတ်ထားတာမှ မဟုတ်တာ၊ ဘာမှ အရေးမကြီးဘူး။ ခင်ဗျား ထွက်သွားလို့ ရပြီ"
လီတာ့နျိုက သူမကို နှင်ထုတ်နေသောကြောင့် အောင်သွယ်တော်က စိတ်တိုသွားသည်။ သို့သော် သူမက ထွက်ခွာရန် ဆန္ဒမရှိပုံဖြင့် ပေကပ်ရပ်နေသေးသည်။
ဒီအရက်ခွက်ကို မသောက်ရင် သူတို့ အကြင်လင်မယားဖြစ်ပြီလို့ ဘယ်လိုယူဆနိုင်မှာတုန်း?
သူမက လီတာနျိုကို ထပ်ဖျောင်းဖျချင်နေသေးသော်လည်း လီတာ့နျိုက သူမကို အခန်းထဲမှ တွန်းထုတ်လိုက်ပြီး တံခါးကို အတွင်းမှ သော့ချလိုက်သည်။
ယခုတစ်ကြိမ်တွင် သတို့သမီးခန်းအား နှောက်ယှက်ရန် ကြံစည်နေသည့်သူမျာပင် တံခါးအပြင်ဘက်၌ ရပ်နေကြရသည်။ အခန်းအပြင်ဘက်ရှိလူများကလည်း တအံ့တသြဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ဒါက ဘယ်လိုဖြစ်သွားတာလဲ?
သတို့သားက သတို့သမီးအခန်းထဲကို ဝင်ဖို့ အရမ်းစိတ်စောနေတာလား?
တစ်ဖက်မှ သတို့သမီးအခန်းကို နှောက်ယှက်ချင်သည့်လူများ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်လာရချိန်တွင် အခြားတစ်ဖက်မှ ရှောင်းကျဲယွိ၊ ကျန်းလောင်ချီနှင့် ကျုံးယုံတို့က မီးရောင်အောက်၌ စကားပြောနေကြသေးသည်။ စူးချင်းနှင့် ကျန်းယွိရန်တို့ကလည်း ပန်းထိုးရင်း စကားပြောနေကြသည်။ သူတို့ တစ်ယောက်နှင့် တစ်ယောက် မတွေ့ရသည်မှာ ကြာနေပြီဖြစ်သောကြောင့် လူတိုင်း၌ ပြောစရာစကားများ အဆုံးမရှိအောင် များပြားနေကြသည်။
သူတို့ လီမိသားစု၏အိမ်တွင် အရက်သောက်ရန် စိတ်အားထက်သန်နေကြပြီး တစ်ခု မေ့လာကြသည်။ လီတာ့နျိုက သူတို့ကို သတို့သမီးနှင့် မိတ်ဆက်ပေးခဲ့ခြင်း မရှိသလို သူတို့ကိလည်း ဘယ်သူ့သမီးလဲဟုပင် မမေးမိခဲ့ကြချေ။
နောက်ဆုံးတွင် ထိုအချက်က အသေးအမွှားကိစ္စတစ်ခုသာဖြစ်ပြီး လီတာ့နျို ပျော်ရွှင်နေသရွေ့ မိန်းကလေးက ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ အရေးမကြီးဟုသာ သူတို့ သတ်မှတ်လိုက်ကြတော့သည်။
“ငါ ရော လောင်ချီနဲ့ တာ့နျိုရော အိမ်ထောင်ကျပြီးသွားပြီ။ မင်းရဲ့မင်္ဂလာပွဲကို ဘယ်တော့ တက်ရမှာလဲ??"
ရှောင်းကျဲယွိက သူ့၏လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ရင်း ကျန်းလောင်ချီကို ကြည့်ကာ လှမ်းမေးလိုက်သည်။
လောင်ချီလည်း မငယ်တော့ဘူးလေ။ သူ့ရဲ့ညီမတောင် လက်ထပ်တော့မယ်။ သူကတော့ အခုထိ ဘာသတင်းမတောင် မကြားရသေးဘူး။
"ငါ မသေမျိုးလမ်းစဥ်ကို ကျင့်ကြံဖို့ စိတ်ကူးထားတယ်၊ ငါ ခဏလေးနဲ့ ဉာဏ်အလင်းရဖို့တောင် မျှော်လင့်နေမိပြီ"
ကျန်းလောင်ချီက ခပ်ဟဟ ရယ်နေကာ သူ့လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး လောကီရေးရာမှ ကင်းကွာနေဟန်ဖြင့် တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
“တော်စမ်း၊ ပေါက်ကရတွေ ပြောမနေဲ့တော့။ ငါ မြို့တော်ကို ပြန်ရောက်တာနဲ့ မင်းအတွက် အရည်အချင်းရှိပြီး လှပတဲ့ မိန်းမကောင်းလေးတစ်ယောက် ရွေးပေးမယ်"
ရှောင်းကျဲယွိက သူ့ကို စိုက်ကြည့်ကာ ခပ်တည်တည် ဆူပူလိုက်သည်။
လူကဖြင့် အသက်နှစ်ဆယ်ကျော်နေပြီ၊ ဘာလို့ ကလေးစကားတွေ ပြောနေနိုင်သေးတာလဲ?
“မလုပ်နဲ့၊ မလုပ်နဲ့။ မင်း ရွေးပေးရင် အဲ့ဒါက ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်နဲ့ စီစဥ်တဲ့ မင်္ဂလာပွဲဖြစ်သွားမှာပေါ့၊ အဲ့အချိန်ရောက်လာရင် ဘာပဲဖြစ်နေဖြစ်နေ ငါ မဖြစ်မနေ လက်ခံရမှာ သေချာတယ်”
ကျန်းလောင်ချီက လက်ဟန်ခြေဟန်ဖြင့် ချက်ချင်း ငြင်းဆန်လိုက်သည်။
“ဟား ဟား၊ မင်းဘာသာ အိမ်ထောင်ဖက် မရှာရင် ငါ မင်းအတွက် အိမ်ထောင်ရေးတစ်ခု စီစဥ်ပေးမယ်။ တစ်ကိုယ်တည်းနေဖို့ကတော့ တွေးတောင် မတွေးနဲ့"
ရှောင်းကျဲယွိက ညစ်တစ်တစ် အမူအရာဖြင့် ခပ်လှောင်လှောင် ရယ်မောနေသည်။
သူတို့ညီအစ်ကိုတွေကြားထဲမှာ ဘာကိုမှ အလေးအနက် ထားနေဖို့ မလိုဘူး။ ဒီအချိန်က ဘဝရဲ့ အသာယာဆုံးနဲ့ သက်တောင့်သက်သာရှိဆုံး အခိုက်အတန့်ပဲ။ ဟိုးအရင်က သူတို့ ညီအစ်ကိုလေးယောက် ပေါ့ပေါ့ပါးပါး ပျော်ရွှင်ခဲ့ရတဲ့အချိန်ကို ပြန်ရောက်သွားသလိုပဲ။
"ငါ့ဘာသာ ရှာမယ်ကွာ၊ ကောင်းကင်ဘုံက နတ်သမီးလောက် မလှရင်တော့ ငါ အိမ်ထောင်မပြုချင်သေးဘူး"
ကျန်းလောင်ချီက သူ့လက်ချောင်းကို လေထဲ၌ သုံးလေးကြိမ်လောက် ဝှေ့ယမ်းပြီးမှ စာအုပ် အများကြီး ဖတ်ဖူးသည့် ပညာရှင်တစ်ယောက်၏ဟန်ပန်မျိုးဖြင့် ခေါင်းယမ်းနေပြန်သည်။ သူ့မျက်နှာပေါ်တွင် တည်ငြိမ်သည့် အပြုံးတစ်ခု ရှိနေသော်လည်း သူ့လေသံကတော့ ရွှတ်နောက်နောက်ဖြစ်နေလေသည်။
"ကောင်းပြီလေ၊ မင်း နတ်သမီးနဲ့ လက်ထပ်မယ့်အချိန်ကို ငါ စောင့်နေမယ်"
ရှောင်းကျဲယွိက ခေါင်းခါလိုက်သည်။
ဒီကောင် လောင်ချီက အမြဲတမ်း စိတ်ကူးယဥ်နေတဲ့တတ်တဲ့ကောင်ပဲ။ ထားလိုက်တော့၊ သူ့ကို ပြောမနေတော့ဘူး။ အချိန်တန်ရင် ကံကြမ္မာက သူ့အလိုလို ဖန်တီးပေးသွားလိမ့်မယ်။
နောက်ဆုံးတွင် စကားဝိုင်းကို အဆုံးသတ်ပြီး အိပ်ရန် အခန်းဆီသို့ ပြန်လာခဲ့ကြသည်။
သက်တော်စောင့်များက ရှောင်းကျဲယွိအတွက် ရေနွေး လာပို့ပေးကြသည်။ ရှောင်းကျဲယွိ ပြန်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ကျန်းယွိရန်က ကမန်းကတန်း ထရပ်ကာ ထွက်သွားပြီး အခန်းထဲတွင် လင်မယားနှစ်ယောက်သာ ကျန်နေတော့သည်။
"ချင်းအာ၊ ကိုယ်တို့ အတူတူ ရေချိုးရအောင်"
ရှောင်းကျဲယွိက စူးချင်း၏ရှေ့သို့ တိုးသွားပြီး သူ့၏လက်ချောင်းရှည်များဖြင့် စူးချင်း၏ ချောမွတ်နေသည့် ပါးပြင်လေးများကို ပွတ်သတ်နေသည်။ နောက်ဆုံးတွင် သူ့လက်ချောင်းများက သူမ၏ချယ်ရီရောင်နှုတ်ခမ်းလေးများပေါ်၌ ရပ်တန့်သွားသည်။ သူ့မျက်လုံးများက တောက်ပလာပြီး သူ့၏အသက်ရှုသံက ပိုမြန်လာကာ သူ့အသံက သေရည်ကောင်းတစ်ခွက်ကဲ့သို့ မူးယစ်စေအောင် ဆွဲဆောင်နိုင်လွန်းလှသည်။
စူးချင်းက သူ့ကို မော့ကြည့်ကာ အပြုံးချိုချိုလေးဖြင့် စနောက်လိုက်သည်။
"တာနျို့ရဲ့ လက်ထပ်ပွဲကို မြင်လိုက်ရလို့ ရှင်လည်း သတို့သား ပြန်ဖြစ်ချင်သွားတာလား?"