← Chapters

ဒီရေကိုဘယ်လိုပြောင်းပြန်လှန်မလဲ

Vol. 26 Ch. 369

ဒီရေကိုဘယ်လိုပြောင်းပြန်လှန်မလဲ

Vol. 26 Ch. 369

အခန်း (၃၆၉) ဒီရေကိုဘယ်လိုပြောင်းပြန်လှန်မလဲ

မီးတောက်မိစ္ဆာများ ရုတ်တရက်ပျောက်ကွယ်သွားကြောင်း သတင်းရရှိသည်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်က ပင်မအစီအရင်ကို ချက်ချင်းဖြန့်ကျက်ပြီး လျင်မြန်စွာတုံ့ပြန်ခဲ့သည်။

သို့သော် မီးတောက်မိစ္ဆာဘုရင်နှစ်ယောက် ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ အခြေအနေက အလွန်ပင် အန္တရယ်များလာသည်။

မီးတောက်မိစ္ဆာဘုရင်ဆိုသည်က လူသားမျိုးနွယ်သိုင်းသူတော်စင်အဆင့်နှင့် ညီမျှသည်။

ကျောက်စိမ်းပင်လယ်မြို့တော်၏ အဆုံးမရှိသော ပင်မအစီအရင်ကြီးက အလွန်တရာ စွမ်းအားမြင့်မားလှသည်။ သို့သော် အစီအရင်ကိုထိန်းချုပ်သူက မြို့တော်သခင် ‘စုန့်ဝူလျန်’ မဟုတ်သဖြင့် သိုင်းသူတော်စင်အဆင့်နှင့်ညီမျှသော မီးတောက်မိစ္ဆာဘုရင်နှစ်ယောက်၏ တိုက်ခိုက်မှုကိုရင်ဆိုင်သည့်အခါ ကြီးမားသောဖိအားကို ခံစားလိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော မီးတောက်ပင်လယ်ကြီးက ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ထက်သို့ ကျရောက်လာပြီး ကျယ်‌လောင်သောမိုးခြိမ်းသံကြီးများထွက်ပေါ်လာကာ အစီအရင်ကြီးကို ဖြိုခွဲပစ်တော့မည့်အလား ထင်မှတ်ရသည်။

ကျောက်စိမ်းပင်လယ်မြို့တော်၏ ပင်မအစီအရင်ကို ထိန်းချုပ်နေသူမှာ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ရှိသော ဘိုးဘေးအကြီးအကဲတစ်ယောက် ဖြစ်သည်။

သူက စွမ်းအားကုန်အသုံးပြုထားသည့်တိုင် အစီအရင်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခြင်း မရှိတော့ပေ။

ရန်သူက မီးတောက်မိစ္ဆာဘုရင်တစ်ယောက်တည်းဆိုလျှင် ပြဿနာမရှိပေ။ ပင်မအစီအရင်ကို ဖြန့်ကျက်လျှက် ခုခံကာကွယ်ရန် လုံလောက်သည်။ သို့သော် မီးတောက်မိစ္ဆာဘုရင်နှစ်ယောက် ပူးပေါင်းတိုက်ခိုက်သည့်အခါမှာတော့ ကိုင်တွယ်ရန် အတော်လေး ခက်ခဲသည်။

ကျောက်စိမ်းပင်လယ်မြို့တော်မှ အခြားသော သိုင်းဆရာသခင် (၄)ယောက်သည်လည်း မတူညီသည့် တည်နေရာများတွင် ရပ်တည်လျှက် ဘိုးဘေးအကြီးအကဲကိုကူညီကာ အစီအရင်ကို ထိန်းချုပ်ပေးနေကြသည်။

သို့သော် ထိုအကြီးအကဲ၏မျက်နှာက ဖြူဖျော့လာပြီး အခြေအနေမကောင်းသည့် အရိပ်အယောင်အဖြစ် သွေးစင်းကြောင်းများ ထင်ဟပ်လာသည်။

ထို့နောက် သူ၏ နှာခေါင်းနှင့် မျက်လုံးထောက်များမှ သွေးများစီးကျလာသည်။

ထိုအချိန် အရှေ့နဂါးကျွန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်သည် အရှေ့ပင်လယ်အတွင်းသို့ အပြည့်အဝ နစ်မြုပ်သွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပင်လယ်ရေမျက်နှာပြင်အထက် ကြည်လင်သည့်ကောင်းကင်ပြင်သည်လည်း ပျောက်ကွယ်သွားပြီး ပင်လယ်လေလှိုင်းအော်မြည်သံများကိုလည်း မကြားရတော့ပေ။

ပတ်ဝန်းကျင် မိုးမြေတစ်ခွင်လုံး မီးတောက်ကမ္ဘာတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ထက်မှတိမ်တိုက်များက မီးတောက်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားကာ လေထုထဲတွင် အဆုံးမရှိသောမီးတောက်များလွင့်ပျံနေသည်။

ကမ္ဘာပျက်ကိန်းမြင်ကွင်းတစ်ခုပမာ မရေမတွက်နိုင်သောဥက္ကာခဲများက ကောင်းကင်ထက်မှကျဆင်းလာပြီး ပင်လယ်ရေအတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။

ပင်လယ်ရေမျက်နှာပြင်ထက်တွင် ကျောက်စိမ်းပြာရောင်ဝိညာဉ်သင်္ကေတများက မရပ်မနးလှည့်ပတ်နေပြီး တောက်လောင်နေသောဥက္ကာပျံများမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများကို ပျောက်ကွယ်သွားစေသည်။

သို့သော် ဥက္ကာပျံများ၏ အပူရှိန်ကြောင့် ပင်လယ်တစ်ခုလုံးပွက်ပွက်ဆူလျှက် ပင်လယ်ရေများလည်း အငွေ့ပျံသွားကြသည်။

ပင်လယ်ရေအောက်တွင် ပင်မအစီအရင်ကြီးဖြင့် လွှမ်းခြုံခံထားရသော ကျောက်စိမ်းပင်လယ်မြို့တော် တည်ရှိနေသည်။

ရန်ကျောက်ကဲ အပေါ်သို့မော့ကြည့်လိုက်တော့ မရပ်မနားလှည့်ပတ်နေသည့် ကျောက်စိမ်းပြာရောင် ဝိညာဉ်သင်္ကေတများကို တွေ့မြင်ရသည်။ ဥက္ကာပျံများ၏ ရိုက်ခတ်မှုကြောင့် အချို့သောဝိညာဉ်သင်္ကေတများက အက်ကွဲနေပြီး အစီအရင်သည်လည်း အက်ကွဲစပြုနေပေပြီ။

အစီအရင်အက်ကွဲကြောင်းများမှတစ်ဆင့် မီးတောက်များနှင့် ဥက္ကာပျံအပိုင်းအစများ ကျောက်စိမ်းပင်လယ်မြို့တော်ထဲသို့ ဝင်ရောက်လာကြသည်။

ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမားများက ကျဆင်းလာသော ဥက္ကာပျံများကို တားဆီးရင်း မြို့တော်ကြီး ပျက်ဆီးမှုမဖြစ်အောင် ကြိုးစားနေသည်။

အားဟူက ခါးသီးမှုအပြည့်ဖြင့် ကျောက်စိမ်းပင်လယ်မြို့တော်အတွင်းပိုင်းသို့ လှမ်းကြည့်လိုက်၏။

“မြို့တော်သခင်’စုန့်’က အခုထိ တံခါးပိတ်ကျင့်ကြံရာက ထွက်မလာသေးဘူး”

ရန်ကျောက်ကဲက မည်သို့မှမတတ်နိုင်စွာ ခေါင်းခါယမ်းရင်း...

“ကြည့်ရတာ... မြို့တော်သခင်’စုန့်’က နောက်ပြန်ဆုတ်မရတဲ့ အကျပ်အတည်းထဲ ရောက်နေပြီ ၊ အခြေအနေက ပိတ်မိနေတဲ့အခြေအနေလို့ ပြောလို့ရတယ် ၊ ကျင့်ကြံခြင်းအဆင့်တက်တာပဲဖြစ်ဖြစ် ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းပြုလုပ်နေတာပဲဖြစ်ဖြစ် အခုချိန်မှာ လုံးဝထွက်လာလို့ရမှာ မဟုတ်ဘူး”

ပင့်သက်တစ်ချက်ရှိုက်ရင်း ရန်ကျောက်ကဲ စိတ်ကိုတည်ငြိမ်စေလိုက်သည်။ ထို့နာက် အားဟူနှင့်အတူ ကျောက်စိမ်းပင်လယ် အတွင်းပိုင်းမြို့တော်သို့ အလျှင်အမြန် ထွက်ခွာသွားသည်။

“ကျောက်စိမ်းပင်လယ်မြို့တော်က ဒီပြဿနာကို ရှောင်လွှဲလို့ မရနိုင်ဘူး”

သွားရင်းလာရင်း ရန်ကျောက်ကဲက ဆိုသည်။

“မြို့တော်သခင်’စုန့်’ သာ တံခါးပိတ်မကျင့်ကြံဘူးဆိုရင် သူက မီးတောက်မိစ္ဆာတွေကိုတိုက်ခိုက်ဖို့ သေချာပေါက် အရှေ့ပင်လယ် အပြင်ပိုင်းဒေသကို သွားမှာပဲ ၊ အဲဒီအချိန် ရန်သူက အလစ်ချောင်းတိုက်ခိုက်မယ်ဆိုရင် မထင်မှတ်ထားတဲ့ ဖြစ်ရပ်ကြောင့် ကျောက်စိမ်းပင်လယ်မြို့တော်အနေနဲ့ အကြီးအကျယ် ဒုက္ခရောက်မှာပဲ”

သူက သက်ပြင်းတစ်ချက်ချရင်း...

“အခု မြို့တော်သခင်’စုန့်’ က ဒီနေရာမှာ ရှိနေပေမယ့် တံခါးပိတ်ကျင့်ကြံနေတဲ့အခါကျတော့ သူ မရှိသလိုအခြေအနေမျိုး ဖြစ်သွားတာပဲလေ”

အားဟူက နှုတ်ခမ်းများတွန့်ကွေးရင်း...

“သူ အပြင်ရောက်နေတယ်ဆိုရင်တောင် ကျောက်စိမ်းပင်လယ်မြို့တော် ဖျက်ဆီးခံရရင် သိုင်းသူတော်စင်တစ်ယောက် ကျန်ရှိနေသေးတယ်လို့ ပြောနိုင်တယ် ၊ သူအသက်ရှင်နေသရွေ့ တစ်နေ့နေ့မှာ သေချာပေါက် ကျောက်စိမ်းပင်လယ်မြို့တော်ကို ပြန်လည်ထူထောင်နိုင်မှာပဲ ၊ ဒါပေမဲ့ အခုတော့ မီးတောက်မိစ္ဆာတွေရဲ့ တိုက်ခိုက်မှုမှာ အခန့်မသင့်ရင် အားလုံး အတူတူသေရတော့မယ်”

“ဒီ မီးတောက်မိစ္ဆာတွေကလည်း မဟုတ်သေးပါဘူး ၊ ဂေဟာသခင်မ ‘အန်းချင်လင်’ က အရှေ့ပင်လယ်ရောက်နေပေမယ့် မြို့တော်သခင်’စုန့်’က လုံးဝ ထွက်မလာဘူးလေ ၊ တကယ်ဆို မီးတောက်မိစ္ဆာတွေအနေနဲ့ လှိုင်းနက်ဂေဟာကိုသွားပြီး တိုက်ခိုက်ရမှာ မဟုတ်ဘူးလား ၊ ဘာလို့ ကျောက်စိမ်းပင်လယ်မြို့တော်ကို လာတိုက်ရတာလဲ ၊ တွေးကြည့်ရင် အခုချိန် လှိုင်းနက်ဂေဟာက ပိုပြီးအကာအကွယ်မဲ့နေတာလေ ၊ သူတို့အဲဒီကိုသွားပြီးတိုက်ခိုက်ရင် အောင်မြင်နိုင်ခြေ များတာပေါ့ ၊ ပြီးတော့ မြို့တော်သခင်’စုန့်’ တံခါးပိတ်ကျင့်ကြံနေတယ်ဆိုတာကို မီးတောက်မိစ္ဆာတွေ သိစရာအကြောင်းလည်း မရှိပါဘူး”

ရန်ကျောက်ကဲက...

“နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမတောင် မြို့တော်သခင်’စုန့်’ တံခါးပိတ်ကျင့်ကြံတာကို မသိတာ ၊ မီးတောက်မိစ္ဆာတွေက ဘယ်လိုလုပ်သိမှာလဲကွ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဖြစ်နိုင်ခြေ နှစ်ခုရှိတယ် ၊ ပထမတစ်ချက်က မီးတောက်မိစ္ဆာတွေ သဲလွန်စမကျန်ကိုယ်ယောင်ဖျောက်တဲ့နည်းလမ်းမှာ အချိန် ဒါမှမဟုတ် အကွာအဝေး ကန့်သတ်ချက်ရှိလို့ အရှေ့ပင်လယ်နဲ့ တောင်ပင်လယ်ကိုဖြတ်ပြီး လှိုင်းနက်ဂေဟာအထိမသွားနိုင်လို့ နီးစပ်ရာ ကျောက်စိမ်းပင်လယ်မြို့တော်ကိုပဲ အလစ်ဝင်တိုက်တာ ဖြစ်နိုင်တယ်”

“ဒုတိယတစ်ချက်ကတော့ ကျောက်စိမ်းပင်လယ်မြို့တော်မှ မီးတောက်မိစ္ဆာတွေလိုချင်တဲ့ ပစ္စည်းတစ်ခု သေချာပေါက် ရှိနေရမယ်”

ရန်ကျောက်ကဲက မျက်မှောင်ကြုတ်ရင်း အရှေ့ဆီမှ ခမ်းနားသောနန်းတော်ကြီးကို လှမ်းကြည့်လိုက်သည်။ ထိုနန်းတော်ကြီးက ကျောက်စိမ်းပင်လယ်မြို့တော် အတွင်းပိုင်း ပင်မနေခန်းဆောင် ဖြစ်၏။

သူက...

“ကျောက်စိမ်းပင်လယ်မြို့တော်က အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်နေတာ ၊ သူတို့ ဘယ်လိုပစ္စည်းမျိုးတွေ ရှာဖွေထားလို့ မီးတောက်မိစ္ဆာတွေက မျက်စိကျရတာလဲ”

အားဟူ၏မျက်နှာအမူအရာက ခါးသက်နေပြီး...

“သခင်လေး ၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

“အိပ်နေလေ”

ရန်ကျောက်ကဲ ခပ်ပေါ့ပေါ့ပင်ဆိုရင်း ပင်မခန်းဆောင်ကြီးဆီ လမ်းလျှောက်သွားသည်။

ထိုအချိန် ပင်မခန်းဆောင်ကြီးအတွင်းမှ ထွက်လာသူအချို့ကို တွေ့လိုက်ရ၏။ အများစုမှာ ကျောက်စိမ်းပင်လယ်မြို့တော်၏ ဝါရင့်အကြီးအကဲများ ဖြစ်ကြသည်။

ထိုလူများထဲတွင် စုန့်ချောင်လည်း ပါဝင်သည်။

စုန့်ချောင်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ရန်ကျောက်ကဲကို ကြည့်ရင်း...

“စိတ်မကောင်းပါဘူး ညီလေး’ရန်’ ၊ ဒီတစ်ခါ ငါတို့ဂိုဏ်းရဲ့ ပြဿနာထဲ မင်းကို ဆွဲထည့်သလို ဖြစ်သွားတယ်”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“ဒါက ရုတ်တရက်ဖြစ်လာတဲ့အခြေအနေပဲ ၊ ဘယ်သူမှ ကြိုတင်မှန်းဆနိုင်မှာ မဟုတ်ဘူးလေ”

ထို့နောက် ရန်ကျောက်ကဲက ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲများကို ဂါရဝပြုနှုတ်ဆက်ရင်း မေးမြန်းလိုက်သည်။

“မြို့တော်သခင်’စုန့်’ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်မလာသေးဘူးလား”

ထိုမေးခွန်းကိုကြားတော့ စုန့်ချောင် အတော်လေး မျက်နှာမကောင်း ဖြစ်သွားသည်။

ထိုအချိန် ကျောက်စိမ်းပင်လယ်မြို့တော်ကို လွှမ်းခြုံထားသည် ကျောက်စိမ်းပြာရေလိုက်ကာက အားနည်းလာပြီး ပင်မအစီအရင်အက်ကွဲကြောင်းများမှတစ်ဆင့် ဥက္ကာပျံများ အဆက်မပြတ် ကျဆင်းလာသည်။

ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲတစ်ယောက်က ဒေါသတကြီး နှာမှုတ်လိုက်သည်။ သူက စိတ်ဆိုးမာန်ဆိုးဖြင့် အင်္ကျီလက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ပါးလွှာသည့် ပင်လယ်ဒီရေလှိုင်းတစ်ခု ဖြစ်တည်လာသည်။ ထို့နောက် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများနှင့်အတူ ကောင်းကင်ပလ္လင်တစ်ခု ဖြစ်တည်လာကာ ကျရောက်လာသည့် မီးတောက်များနှင့် ဥက္ကာပျံများကို တားဆီးထားလိုက်၏။

ဥက္ကာပျံများနှင့် ကောင်းကင်ပလ္လင် ထိခတ်မိသည်နှင့် ကောင်းကင်ပလ္လင်အက်ကွဲသွားကာ ပင်လယ်ရေများ ပွက်ပွက်ဆူလာပြီး ရေငွေ့များအဖြစ် ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းကိုတွေ့တော့ ‌ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲများအားလုံး အံ့သြမှင်တက်သွားကြသည်။

အခြေအနေက ပိုမိုကြပ်တည်းလာပေပြီ။

သူတို့နောက်တွင်ရှိသော ပင်မခန်းဆောင်ကြီးထဲတွင် ကျောက်စိမ်းပင်လယ်မြို့တော်၏ ဝါရင့်အကြီးအကဲ (၅)ယောက်ရှိနေပြီး အစီအရင်ကို တောင့်ခံကာ ထိန်းသိမ်းထားသည်။

လက်ရှိတွင် စုန့်ဝူလျန်က တံခါးပိတ်ကျင့်ကြံခြင်းတါင် ပိတ်မိနေပြီး မည်သည့်နည်းနှင့်မှ ထွက်လာနိုင်မည်မဟုတ်ကြောင်း အကြီးအကဲများထံမှ ကြားသိရပြီးနောက် ရန်ကျောက်ကဲ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

ရန်ကျောက်ကဲက စိတ်မသက်မသာဖြင့်...

“အခု ကျောက်စိမ်းပင်လယ်မြို့တော်ရဲ့ ပင်မအစီအရင်မှာ ဖိအားတွေ အရမ်းများနေပြီ”

သူက ဆက်ပြောသည်။

“ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ် ၊ ဒီကအခြေအနေတွေကိုသိရလို့ စစ်ကူရောက်လာမယ်ဆိုရင်တောင်မှ ကျွန်တော်တို့အတွက် အချိန်မမီလောက်တော့ဘူး ၊ အထူးသဖြင့် အရှေ့ပင်လယ်အပြင်ဘက်ရောက်နေတဲ့ ဂေဟာသခင်မ’အန်းချင်လင်’ နဲ့ တခြားသူတွေကလည်း ဒီကိုလာရောက်ဖို့ မဖြစ်နိုင်ဘူး ၊ သူတို့အနေနဲ့ မီးတောက်မိစ္ဆာတွေ ဒီဘက်ကမ္ဘာကို ဝင်လာဦးမလားဆိုတာ စောင့်ကြည့်ဖို့ လိုအပ်တယ်လေ”

သူက ခဏမျှစဉ်းစားနေရင်း...

“ဆိုတော့... ကျွန်တော်တို့မှာ ကိုယ့်အားကိုယ်ကိုးဖို့ကလွဲရင် ရွေးချယ်စရာ မရှိဘူး”

စုန့်ချောင်နှင့် အခြားသူများက မည်သည့်စကားမှမဆိုဘဲ ရန်ကျောက်ကဲ ဆက်ပြောမည့်စကားကို စောင့်မျှော်နေသည်။

ရန်ကျောက်ကဲ၏အစွမ်းကို ဝါဒတောင်ကသာ အသိဆုံးဆိုသော်လည်း ဤလူငယ်လေး၏ ခမ်းနားသည့်အောင်မြင်မှုများက ပြင်ပလောကတစ်ခုလုံး ဟိုးဟိုးကျော်သည်ဖြစ်ရာ သူ၏ အောင်မြင်မှုများက ကျင့်ကြံခြင်းအဆင့်တစ်ခုတည်းဖြင့် တိုင်းတာနိုင်သောအရာမဟုတ်ကြောင်း လူတိုင်း သက်သေထင်ရှား သိရှိကြသည်။

ရန်ကျောက်ကဲက ပင်မခန်းဆောင်ကြီးကို လှမ်းကြည့်ရင်း...

“အရေးကြီးဆုံးက မြို့တော်သခင်’စုန့်’ အတွက် အချိန်ဆွဲပေးထားနိုင်ဖို့ပါပဲ ၊ သူ တံခါးပိတ်ကျင့်ကြံရာက ထွက်လာရင် အခု ရင်ဆိုင်နေရတဲ့အန္တရယ်တွေ ချက်ချင်း အဆုံးသတ်သွားလိမ့်မယ်”

သူက ဆက်ပြောသည်။

“အခု တိုက်ခိုက်နေတဲ့ မီးတောက်မိစ္ဆာအုပ်စုမှာ မီးတောက်မိစ္ဆာဘုရင်နှစ်ယောက် ပါဝင်တယ် ၊ သူတို့နှစ်ယောက်လုံးကို အဝေးကိုမျှားခေါ်သွားနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ ၊ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့က မဖြစ်နိုင်ဘူးဆိုတော့... မီးတောက်မိစ္ဆာဘုရင်တစ်ယောက်ကို မျှားခေါ်သွားနိုင်ရင်ခဲ့ရင် ကျောက်စိမ်းပင်လယ်မြို့တော် ပင်မအစီအရင်အနေနဲ့ ဆက်ပြီးတောင့်ခံသွားနိုင်လိမ့်မယ်”

ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲတစ်ယောက်က သက်ပြင်းချရင်း...

“သိုင်းဆရာသခင်အဆင့် မီးတောက်မိစ္ဆာတွေကို မျှားခေါ်သွားဖို့ဆိုတာ ဖြစ်နိုင်ပေမယ့် မီးတောက်မိစ္ဆာဘုရင်တစ်ယောက်ကို မျှားခေါ်ဖို့က အရမ်းခက်ခဲတယ်”

ရန်ကျောက်ကဲက စုန့်ချောင်နှင့် အခြားသူများကို ကြည့်လိုက်ရင်း...

“ကျွန်တော် မြို့တော်အပြင်ထွက်ပြီး မီးတောက်မိစ္ဆာဘုရင်တစ်ယော်ကကို မျှားခေါ်သွားပေးမယ်”

ထိုစကားကိုကြားသည့်အခါ နေရာတွင်ရှိသူများအားလုံး အံ့သြမှင်တက်သွားကြလေသည်။

All Chapters