စုံစမ်းစစ်ဆေးမှု
Vol. 41 Ch. 604
"ချင်းအာ ဆေးထုပ်တွေ ရောက်ပြီ၊ ကြည့်ပေးပါဦး"
ရှောင်းကျဲယွိက စူးချင်းကို ကြည့်နိုင်ရန် ဆေးသိုလှောင်ခန်းမှ ဆေးထုပ်များကို ယူလာရန် အမိန့်ပေးလိုက်သည်။ စူးချင်းက ဆေးထုပ်တစ်ထုပ်ကို သွန်ချကာ စစ်ဆေးလိုက်သည်။ ထို့နောက် သူမက ဆေးထုပ်ဆယ်ထုပ်လုံးကို ဆက်တိုက် သွန်ပစ်လိုက်သည်။ ရှောင်းကျဲယွိကလည်း အတူတူ ကြည့်နေခဲ့ပြီး ပါဝင်ပစ္စည်းများက ဆေးညွှန်းအတိုင်း ဖြစ်နေကာ ဘာအမှားအယွင်းမှ မရှိပေ။
ဒါဆို ပြဿနာက ဘာလဲ?
"ဒီပြဒါးနီက အတုတွေ"
စူးချင်းက ပြဒါးရိုင်းများကို ကောက်ယူလိုက်ပြီး ရှောင်းကျဲယွိအား လှမ်းပေးလိုက်သည်။ ထိုအရာများက အစစ်နှင့် အရောင်ရော ပုံသဏ္ဍာန်ပါ အလွန်ဆင်တူနေပြီး အစစ်အမှန်နှင့် ခွဲခြား၍ မရလောက်အောင် တူလွန်းနေသည့်တိုင် စူးချင်း၏အကြည့်အောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ ထိုပြဒါးနီမှုန့်များအပြင် အခြားတန်ဖိုးကြီးသော ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးလည်း အစားထိုးလဲလှယ်ခံထားရသည်။
ရှောင်းကျဲယွိက ပြဒါးရိုင်းကို လှမ်းယူလိုက်ပြီး ရှူကြည့်လိုက်ရာ သူ့အမူအရာလည်း သိသိသာသာ ပြောင်းလဲသွားသည်။
သူတို့ရဲ့ ရှေ့မှောက်မှာတောင် ဒီလောက်ကြီးမားတဲ့ ခိုးယူမှုကို ပြုလုပ်ခဲ့ကြတယ်ပေါ့။ ဒီဆေးဝါးအတုနှစ်မျိုးကြောင့် စစ်တပ်တစ်ခုလုံး သုတ်သင်ရှင်းလင်းခံခဲ့ရပြီး လက်နက်များ ခိုးယူတွေလည်း ခိုးယူခံခဲ့ရတယ်။ ဆုံးရှုံးမှုတွေက ဘယ်လောက်တောင် များပြားလိုက်သလဲ?
"ကိုယ် အခုချက်ချင်း စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိသူတွေကို ဆင့်ခေါ်လိုက်မယ်"
ရှောင်းကျဲယွိ၏ အမူအရာက အေးစက်တင်းမာနေပြီး သူက ဆေးဖော်စပ်သည့်နေရာတွင် ပါဝင်ခဲ့ကြသော တော်ဝင်သမားတော်များအားလုံးကို ဖမ်းဆီးအရေးယူရန် ဆုံးဖြတ်လိုက်သည်။ တော်ဝင်ဆေးဌာန၏အကြီးအကဲ၊ နန်းတော်အတွက် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများကို ဝယ်ယူသည့် မိန်းမစိုးများနှင့် တာဝန်ခံများ၊ ဆေးကုန်သည်များနှင့် အဆက်အသွယ်ရှိသည့် တာဝန်ခံအရာရှိများအားလုံးလည်း ဖမ်းဆီးစစ်ဆေးမေးမြန်းခံရမည် ဖြစ်သည်။
“အင်း”
"ဒီဆေးကို ရှင်နဲ့အတူ ယူသွားလိုက်ဦး"
စူးချင်းက မြောင်မျိုးနွယ်မှ သူမ ယူသော နတ်ဆေးကို ရှောင်းကျဲယွိထံ ထပ်ပေးလိုက်သည်။ အခြေအနေက အလွန်ဆိုးရွားလွန်းနေပြီး သမာရိုးကျနှိပ်စက်ညှဉ်းပန်းမှုက မသုံးဝင်နိုင်တော့ဟု သူမ တွေးနေခဲ့သည်။
ဒီလူတွေက အကျိုးအမြတ်အတွက် လုပ်တာလား? ဒါမှမဟုတ် သူလျှိုတွေလားဆိုတာကို တိတိကျကျ သိရမှ ဖြစ်မယ်။
ရှောင်းကျဲယွိက ဆေးနှင့်အတူ ထွက်သွားပြီး တစ်ညလုံး ပြန်မလာခဲ့ပေ။ သူက နန်းတော်ရှိ တော်ဝင်သက်တော်စောင့်တပ်ကို ဆင့်ခေါ်ကာ ညွှန်ကြားခဲ့ပြီး အိမ်တွင် အိပ်ပျော်နေသည့် တော်ဝင်သမားတော်များအားလုံး တိတ်တဆိတ် အဖမ်းခံလိုက်ရသည်။ ထိုဆေးဝါးများနှင့် စပ်ဆက်နေသည့်သူအားလုံး ညတွင်းချင်း စစ်ဆေးမေးမြန်းခံခဲ့ရသည်။
စူးချင်းလည်း အလွန်ဒေါသထွက်နေပြီး တစ်ညလုံး ကောင်းကောင်းအိပ်မပျော်နိုင်တော့ပေ။ သူမနှင့် ရှောင်းကျဲယွိတို့ ကောင်းစွာပြင်ဆင်ထားခဲ့သော်လည်း ထိုဆေးအတုနှစ်မျိုးကြောင့် အရာအားလုံး လုံးလုံးလျားလျား ပျောက်ကွယ်သွားရသည်။ သူမတို့ တိုက်ပွဲဝင်ခဲ့သည့် ကာလတစ်လျှောက် စစ်ပွဲများအတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ကာ ထိုအတွက် ပေးဆပ်လိုက်ရသည့်တန်ဖိုးကလည်း နာကျင်ဖွယ်အကောင်းဆုံး ဖြစ်သည်။
ကျဆုံးသွားသော စစ်သည်က သုံးထောင်ထက်ပိုများပြီး အသတ်ခံခဲ့ရသော မြို့စောင့်တပ်ဖွဲ့ဝင်များနှင့် မြို့သူမြို့များပေါင်းလျှင် သောင်းနှင့်ချီသည့် အသက်များ ဆုံးရှုံးခဲ့ရသည်။
နောက်တစ်နေ့ စူးချင်း အိပ်ရာမှ နိုးလာချိန်တွင် သူ့ခေါင်းအုံးက အေးစက်နေပြီး ရှောင်းကျဲယွိ ပြန်မလာခဲ့သည်ကို သူမ သိလိုက်ရသည်။
“စုံစမ်းမှု ဘယ်လိုဖြစ်သွားလဲဆိုတာ သွားမေးကြည့်ပေးဦး”
စူးချင်းက အခြေအနေကို မေးမြန်းရန် မိန်းမစိုးတစ်ယောက်ကို စေလွှတ်လိုက်သည်။ နန်းတွင်းအစေခံများက ရေချိုးခန်းသုံးပစ္စည်းများကို အခန်းထဲသို့ ယူဆောင်လာပြီး စူးချင်း မျက်နှာသစ်၊ ဆေးကြောရန် ကူညီပေးနေကြသည်။
ယခင်က စူးချင်းက သူမဘာသာ ဆံပင်ဖြီးပြီး အဝတ်အစားလဲလေ့ရှိကာ မည်သူ့၏အကူအညီကိုမှ လက်မခံခဲ့ပေ။ ယခုတွင်မူ သူမ၏ဗိုက်ကြီးက ကြီးလွန်းလှသဖြင့် သူမ မလှုပ်ရှားနိုင်တော့ဘဲ နန်းတွင်းအစေခံများ၏ ခစားမှုကို လက်ခံပေးနေရသည်။
သတင်းသွားစုံစမ်းသည့် မိန်းမစိုးက အချိန်ကြာသည်အထိ ပြန်မရောက်လာခဲ့ပေ။ စူးချင်း ရေချိုးပြီး မနက်စာ စားခါနီးမှ ထိုမိန်းမစိုး အဆောတလျှင် ပြန်လာနေသည်ကို သူမ တွေ့လိုက်ရသည်။ အခန်းထဲသို့ ဝင်လာပြီးနောက် သူ့မျက်လုံးများထဲတွင် တစ်ခုခု ပြောချင်နေသည့် အရိပ်အယောင်များ ရှိသော်လည်း သူက မပြောရဲပုံဖြင့် တုံ့ဆိုင်းနေသေးသည်။
စူးချင်းက အေးစက်စက် အမိန့်ပေးလိုက်သည်။
“ပြောစရာရှိတာ ပြော”
“ဟုတ်ကဲ့၊ စုံစမ်းစစ်ဆေးမှုက..... အဲဒါက… စူးမိသားစုကနေ တင်သွင်းတဲ့ ဆေးဝါးတွေပါ၊ စူးမိသားစုက ဧကရီမယ်မယ်ရဲ့မွေးရင်းမိသားစု ဖြစ်နေမှန်း သိနေတာကြောင့် တော်ဝင်သမားတော်တွေက အတုမှန်းသိရက်နဲ့ မပြောရဲကြတာပါ။ အဲ့ဒိဆေးအတုနှစ်ခုအပြင် အခြားနေရာမှာ သုံးတဲ့ ဂျင်ဆင်း၊ ကတိုးဆီနဲ့ အခြားတန်ဖိုးကြီး ဆေးဝါးတွေကိုလည်း အစားထိုး တင်သွင်းထားတာ ရှိပါသေးတယ်”
စူးမိသားစု၏ ဆေးဆိုင်က စူးချင်းမိသားစု၏ ဘိုးဘွားပိုင်လုပ်ငန်းဖြစ်ပြီး ယခုအခါတွင် စူးမိသားစု၏အကြီးဆုံးသားက ထိုဆိုင်ကို စီမံခန့်ခွဲနေခဲ့သည်။ စူးမိသားစု၏ အကြီးဆုံးသားနှင့် စူးဟန်ရွှမ်တို့က ညီအစ်ကိုအရင်းများဖြစ်ပြီး အကြီးဆုံးသားက ဘိုးဘွားပိုင်လုပ်ငန်းကို အမွေဆက်ခံခဲ့သည်။ စူးဟန်ရွှမ်ကတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်ရန် မိသားစုမှ ခွဲထွက်ခဲ့သည်။
အစပိုင်းတွင် သူတို့ ညီအစ်ကိုချင်း ရင်းနှီးမှု မရှိဘဲ အဆက်အသွယ်လည်း သိပ်မလုပ်ကြပေ။ စူးဟန်ရွှမ် သူ့၏ဘိုးဘွားအိမ်မှ ထွက်ခွာခဲ့ခြင်းကလည်း သူ့၏အစ်ကိုက ဖိအားပေးနေသောကြောင့် မဖြစ်မနေ ရွေးချယ်စရာမရှိဘဲ ခွဲထွက်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း စူးချင်း သူမ၏မိဘအိမ်သို့ ပြန်ရောက်လာချိန်တွင် ဤဦးလေးဟု ခေါ်ရမည့်လူကို တစ်ခါမှ မတွေ့ဖူးခဲ့ခြင်း ဖြစ်သည်။
သို့သော် စူးချင်း ဧကရီ ဖြစ်လာပြီးနောက်ပိုင်းတွင် ထိုဦးလေးက သူမတို့ မိသားစုကို ပြန်ဆက်သွယ်ခဲ့သည်။ သူမ၏အဖေကို လာတွေ့ပြီး သူ့၏ဘိုးဘေးများကို ဂါရဝပြုရန် အိမ်ပြန်လာဖို့ ဖိတ်ခေါ်ခဲ့သည်။ စူးချင်းကိုလည်း သူတို့၏မိသားစုထံ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ချင်နေခဲ့သည်။
ထိုအချိန်တွင် စူးချင်းက ဝူးခိုးများနှင့် တိုက်ခိုက်ရန် ထွက်ခွာသွားခဲ့ပြီး ထိုမိသားစုထံ မသွားနိုင်ခဲ့ပေ။ ထို့ကြောင့် ဦးလေး၏မိသားစုနှင့် မတွေ့ဆုံလိုက်ရခြင်း ဖြစ်သည်။
သူမ မြို့တော်သို့ ပြန်ရောက်လာချိန်တွင်လည်း သူမ၏ကိုယ်ဝန်ကြောင့် ဘိုးဘေးများကို ကန်တော့ရန် မပြန်နိုင်ဘဲ ထိုကိစ္စကို ခဏဆိုင်းငံ့ထားခဲ့ရသည်။
စူးချင်းအတွက် သူမ၏ဦးလေးမိသားစုက သူစိမ်းများသာ ဖြစ်သည်။
သူတို့က ဘယ်လိုလုပ်ပြီး တော်ဝင်ကုန်သည်တွေ ဖြစ်လာရတာတုန်း? ဦးလေး တော်ဝင်ကုန်သည်ဖြစ်လာတာက အဖေနဲ့ ပတ်သက်မှု ရှိနေတာလား?
တိုင်းပြည်ကို ကြီးမားသော ဆုံးရှုံးနစ်နာမှု ဖြစ်စေခဲ့သည်က မိသားစုဝင်အားလုံး ကွပ်မျက်ခံရနိုင်သည့် ရာဇ၀တ်မှု ဖြစ်သည်။ သူမနှင့် ဦးလေးနှင့် တခြားသူများက ရဲတင်းလွန်းပြီး တာဝန်မဲ့လွန်းသောကြောင့် စူးချင်းက သူမ၏ဖခင်နှင့် မောင်လေး ပါဝင်ငြိစွန်းမည်ကို စိုးရိမ်သွားမိသည်။
စူးချင်းတစ်ယောက် မနက်စာ ဆက်မစားနိုင်တော့ဘဲ အဖြစ်အပျက်အားလုံးကို နားလည်နိုင်ရန် သူမ၏မိခင်ကို ရှာဖွေဖို့ စီနင်းနန်းဆောင်သို့ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
စူးချင်း စီနင်းနန်းဆောင်သို့ မသွားမီ ယန်ရုရွှယ်က ရှောင်ချန်ကို ခေါ်ကာ ရောက်လာပြီ ဖြစ်သည်။ သူမက ဘာမှ မသိသေးပုံရပြီး စူးချင်းက မနက်စာ မစားရသေးသည်ကို မြင်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။
"ချင်းအာ၊ သမီး ဘာလို့ မနက်စာ မစားတာလဲ?"
"အမေ၊ သမီး အမေ့ကို မေးစရာ ရှိတယ်"
စူးချင်းက သူမ၏အမေကို အတွင်းခန်းထဲသို့ ဆွဲခေါ်သွားပြီး ရှောင်ချန်ကို ရှောင်ချီနှင့်အတူ သွားကစားခိုင်းလိုက်သည်။
"ဘာကိစ္စရှိလို့လဲ?"
သမီးဖြစ်သူ၏ လေးနက်သော အမူအရာကို မြင်လိုက်ရသောကြောင့် ယန်ရုရွှယ်လည်း ထိတ်လန့်သွားရသည်။
"အမေ၊ ဦးလေး တော်ဝင်ကုန်သည်ဖြစ်လာအောင် အဖေ ပံ့ပိုးပေးခဲ့တာလား?"
စူးချင်းက ဆိုလိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။
"ဘာလို့ အဲ့လို မေးတာလဲ? ဘာတွေ ဖြစ်နေလို့လဲ?"
ယန်ရုရွှယ်က တစ်ခုခု မှားနေပြီကို ချက်ချင်း ခံစားမိသွားပြီး သမီးဖြစ်သူ၏မေးခွန်းကို ပြန်မဖြေဘဲ အမေးဖြင့် တုံ့ပြန်လိုက်သည်။ သူမက အလွန်စိတ်လှုပ်ရှားနေသလို စိုးရိမ်နေပုံလည်း ရသည်။
"အမေ၊ အဖေက ဒီကိစ္စအတွက် တစ်ခုခု လုပ်ပေးခဲ့တာမျိုး ရှိမရှိ ဆိုတာပဲ သမီးကို ပြောပြပါ"
စူးချင်းက ဤဝန်ထုပ်ဝန်ပိုးကို သူမ၏အမေ လက်မခံနိုင်မည်အား စိုးရိမ်နေပြီး မိခင်ဖြစ်သူကို မပြောပြချင်တော့ပေ။
အခု သူမမှာ အမေ့ကို နှစ်သိမ့်ပေးဖို့ မချိန်မရှိသေးဘူး။
"သမီး ဧကရီ ဖြစ်လာပြီးနောက်ပိုင်း သမီးရဲ့အဖေ အမတ်ချုပ်ကြီး ဖြစ်လာတော့ သမီးရဲ့အကြီးဆုံးဦးလေးက သူ့သားကို ခေါ်လာပြီး သမီးရဲ့အဖေကို လာတွေ့ခဲ့တယ်။ သမီးရဲ့အစ်ကိုဝမ်းကွဲသုံးယောက်လုံးကို အရာရှိတွေဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်၊ ဒါ့ပေမယ့် သမီးရဲ့အဖေက ငြင်းလိုက်တယ်။ အဲ့နောက်ပိုင်း သူတို့ ဘုတွေ ဆက်ပြောတယ်ဆိုတာကိုတော့ အမေ မသိတော့ဘူး၊ တကယ်တော့ အမေက သမီးရဲ့အကြီးဆုံးဦးလေးကို စိတ်ဆိုးနေလို့ သူတို့နဲ့ ကြာကြာ မနေခဲ့တာ၊ သူက သမီးရဲ့အဖေကို အနိုင်ကျင့်လွန်းတယ်"
ယန်ရုရွှယ်က သူမ၏ အကြီးဆုံးခဲအိုအကြောင်း ပြောနေရင်း ဒေါသထွက်နေဟန်ရသည်။
အဲ့တုန်းက သူမက သမီးလေးတစ်ယောက်ပဲ မွေးဖွားခဲ့ပြီး သားတစ်ယောက် မမွေးဖွားနိုင်ခဲ့တဲ့အတွက် သူမရဲ့ခဲအိုက သူကို အထင်သေးအမြင်သေးနဲ့ နှိမ့်ချပြောဆိုခဲ့တယ်။ ပြီးတော့ ဟန်ရွှမ်ကိုလည်း သားတစ်ယောက်ရဖို့ ကိုယ်လုပ်တော်ယူရမယ်ဆိုပြီး ဖိအားပေးခဲ့တယ်။ သူက တအိမ်လုံးကို လွှမ်းမိုးထားပြီး သူမတို့မိသားစုလေးကို အရမ်းဖိနှိပ်ထားခဲ့တယ်။
ဟန်ရွှမ်ရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကြောင့်သာ မဟုတ်ရင် သူမ အနောက်ဘက်ခြံဝန်းမှာ ဘယ်လောက်ရုန်းကန်ရတယ်ဆိုတာကို သူမဘာသာတောင် မမှန်းဆနိုင်ခဲ့ဘူး။ အဲ့နောက်ပိုင်းမှာ သူမရဲ့ခဲအိုက စူးမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ်ချင်တာကြောင့် သူမရဲ့ခင်ပွန်းကို ငွေနည်းနည်းလောက် ပေးပြီး နှင်ထုတ်ခဲ့တယ်။
ထိုအဖြစ်အပျက်များကြောင့် ယန်ရုရွှယ်က ထိုအကြင်နာကင်းမဲ့သော ခဲအိုမျိုးနှင့် အဆက်အဆံ မလုပ်ချင်တော့ပေ။ ယခု သူမတို့၏သမီးလေးက တိုင်းပြည်၏မိခင် ဖြစ်လာသောကြောင့် သမီးဖြစ်သူ၏ဂုဏ်ကျက်သရေကို ချေးငှားရန် အရှက်မရှိ ရောက်လာသူများဟုသာ သတ်မှတ်လိုက်သည်။
“ဒါဆို အဖေက အဲ့ဒီဆေးတွေ တင်သွင်းဖို့ ကူညီပေးလိုက်တာလား?”
မိခင်ဖြစ်သူက သူမ၏ဦးလေးအပေါ် ထိုမျှဆိုးရွားသည့် အမြင်ရှိနေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းလည်း ထိုဆေးများကို အစားထိုးသူက သူမ၏ဦးလေးဖြစ်နိုင်ကြောင်း ခံစားလာရသည်။
"ချင်းအာ၊ ဘာဖြစ်လို့လဲ?"
ယန်ရုရွှယ်က အမှန်တကယ် ထိတ်လန့်နေပြီ ဖြစ်သည်။
ဒီအကျင့်မကောင်းတဲ့ ခဲအိုကြောင့် သူမရဲ့မိသားစုကို မထိခိုက်စေချင်ဘူး။
“အဲ့ဒါက အရမ်းအကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အမေ အရမ်း စိတ်ပူဖို့ မလိုပါဘူး။ သမီး ဖြေရှင်းနိုင်ပါတယ်"
စူးချင်းက မိခင်ဖြစ်သူ၏မျက်နှာ နီရဲလာသည်ကို မြင်လိုက်ရပြီး သူမကို နှစ်သိမ့်ပေးလိုက်သည်။
စူးချင်းက သူမ၏အကြီးဆုံးခဲအိုကို ကာကွယ်ပေးမည်ဟု အတွေးလွဲချော်သွားသည့် ယန်ရုရွှယ်က စူးချင်ကို ချက်ချင်း ထပ်ပြောလိုက်သည်။
“ချင်းအာ၊ သူတို့မိသားစုကို မကာကွယ်ပေးနဲ့။ အဲ့ဒီမိသားစုက စရိုက်မကောင်းဘူး”
"ဟုတ်ကဲ့၊ သမီး သိပါပြီ၊ မင်းသားတွေ ဥပဒေကို ချိုးဖောက်ရင်တောင် သာမာန်လူတွေလို အပြစ်ပေးခံရမှာပဲ၊ ဦးလေးနဲ့ သူ့မိသားစု အပစ်လုပ်ခဲ့တာ သေချာသွားရင် ကျွန်မနဲ့ ရွှေရှန့်က သူတို့ကို ဘယ်မှာ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”
စူးချင်းက ခေါင်းညိတ်ရင်း သူမ၏အမေကို ပြန်ရှင်းပြလိုက်သည်။
ဒီကိစ္စအတွက် သူမ ဘာလုပ်ရမယ်ဆိုတာကို သူမ သိတယ်။ ဒါက သူမရဲ့ဦးလေးဖြစ်နေရုံမကလို့ သူမရဲ့အစ်ကိုအရင်းဖြစ်နေရင်တောင် သူမက မိသားစုထက် တရားမျှတမှုကိုပဲ ပိုဦးစားပေးမယ့်သူပဲ။
"မဟုတ်သေးဘူး၊ ငါ အခု အိမ်ပြန်မှ ဖြစ်မယ်"
သမီးဖြစ်သူက အကြောင်းအရာကို ပြောပြရန် ငြင်းဆန်နေပြီး မည်သို့မျှ မေး၍ မရနိုင်မည်ကို နားလည်သွားသည့် ယန်ရုရွှယ်က ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။
စူးချင်းက သူမ၏အမေကို တားဆီးလိုက်သည်။
“အမေ၊ အခုနေ အိမ်ပြန်ရင်တောင် အဖေ့ကို တွေ့နိုင်မှာ မဟုတ်ဘူး။ ခုချိန်ဆို အဖေက ဧကရာဇ်နဲ့ တွေ့နေပြီး တိုင်းရေးပြည်ရေး ဆွေးနွေးနေလောက်တယ်။ အမေ စီနင်းနန်းဆောင်ကို အရင်ပြန်သွားတာ အကောင်းဆုံးပဲ။ သတင်းထူးရှိရင် ချက်ချင်း သမီး အမေ့ကို အကြောင်းကြားဖို့ လူလွှတ်ပေးပါ့မယ်" ၏၏
“အင်း၊ ကောင်းပြီလေ၊ ဒါပေမယ့် သမီး သမီးရဲ့အဖေကို သေသေချာချာ ကာကွယ်ပေးရမယ်နော်”
ယန်ရုရွှယ်က စူးချင်းက အကြံပေးချက်ကို လက်ခံရန် ချီတုံချတုံ ဖြစ်နေပြီး ခင်ပွန်းဖြစ်သူအတွက် စိုးရိမ်ပူပန်မှုများကို ထပ်ခါတလဲလဲ ဖော်ပြကာ စူးချင်းထံမှ အာမခံချက်တောင်းနေသေးသည်။
“သမီး နားလည်ပါတယ် အမေရဲ့”
စူးချင်းက မိခင်ဖြစ်သူ၏စိုးရိမ်မှုကို နားလည်နေပြီး သူမ၏အမေ နန်းဆောင်သို့ ပြန်သွားနိုင်ရန် စီစဉ်ပေးလိုက်သည်။ ထို့နောက် သူမကိုယ်တိုင်လည်း ဖီးနစ်ဝေါယာဥ်ဖြင့် ထွက်ခွာရန် မိန်းမစိုးတစ်ဦးကို ခေါ်ကာ ညွှန်ကြားလိုက်သည်။ သူမက ပင်မနန်းတော်သို့ သွားရန် စိတ်ကူးထားပြီး လက်ရှိ အခြေအနေကို နားလည်ရန် လိုအပ်နေမှန်း သူမ သိနေခဲ့သည်။
အဖေက ဒီကိစ္စတွေမှာ တစ်နည်းနည်းနဲ့ ပတ်သတ်နေနိုင်လား? သူမ အမှန်တရားကို မဖြစ်မနေ ဖော်ထုတ်ရမယ်။