စားနပ်ရိက္ခာယူဆောင်ပေးသည့် ဇနီးသည်
Vol. 41 Ch. 602
စူးချင်းကလည်း ထိုကိစ္စက အလွန်စိတ်ဝင်စားနေပြီး တရားရုံးမှ အရာရှိတစ်ဦးပင် သူမ၏ လုပ်ရပ်ကို တားဆီးနိုင်ပါ့မလားဟု သူမ တွေးနေခဲ့သည်။
ရှောင်းကျဲယွိက လျှို့ဝှက်ချင်နေသည့်အမူအရာဖြင့် မပွင့်တပွင့် ပြုံးနေရင်း ပြန်ဖြေလိုက်သည်။
"သိပ်မကြာခင် သိရမှာပါ၊ ကိုယ် သေသေချာချာ စီစဉ်ထားပြီးပြီ"
"စောင့်ရဦးမှာလား? အဲ့ဒါက ဘယ်သူဖြစ်နိုင်လောက်လဲ?"
စူးချင်းက ထိုလူ မည်သူဖြစ်နိုင်သည်ကို တွေးတောနေရင်း စိတ်မသက်မသာ ခံစားလာရသည်။
"အဲ့ဒါက မင်းအမေပဲ"
ရှောင်းကျဲယွိက လုံးဝ အပြစ်ကင်းစင်နေဟန်ဖြင့် အပြုံးတစ်ခုကို ဆင်မြန်းပြီးမှ စူးချင်းသိချင်နေသည့်အဖြေကို ပြောပြလိုက်သည်။ စူးချင်းက သူ့အမေ၏ တင်းကျပ်သော သွန်သင်ဆုံးမများကို မနှစ်သက်ကြောင်း သူ့ကို ပြန်ပြောဖူးပြီး သူမက သူမ၏အမေကို မဆန့်ကျင်ရဲမှန်းလည်း သူ သိထားသည်။
စူးချင်းက မိခင်ဖြစ်သူကို ရိုသေလေးစားပြီး အနည်းငယ် ကြောက်သည်ကိုလည်း သိနေသည့် ရှောင်းကျဲယွိက သူ့၏ယောက္ခမ နန်းတော်သို့ အမြန်ဖိတ်ခေါ်ရန် စီစဉ်ခဲ့သည်။ ယန်ရုရွှယ်က စူးချင်း ကလေးမွေးပြီးချိန်အထိ သူမနှင့်အတူ အဖော်ပြုပေးပြီး နန်းတွင်း၌ နေထိုင်တော့မည် ဖြစ်သည်။ ထိုအချိန်ရောက်လာလျှင် သူလည်း ညီလာခံသို့ စိတ်ဖြောင့်ဖြောင့် သွားနိုင်ပေလိမ့်မည်။
စူးချင်း၏မျက်လုံးများထဲမှ အားကိုးရာမဲ့နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီး ရှောင်းကျဲယွိကို စိတ်ပျက်မှုနှင့် ဝမ်းနည်းမှု ရောထွေးနေသည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။
"ကျွန်မ ရှင့်အတွက် ဝူးခို့တွေကို တိုက်ခိုက်ပေးပြီး အောင်ပွဲတွေ ယူလာပေးခဲ့တယ်လေ၊ ဒါက ရှင့်ရဲ့ ကျေးဇူးပြန်ဆပ်တဲ့ ပုံစံလား?"
"ဒါက အကောင်းဆုံး ကျေးဇူးဆပ်တာလေ"
ရှောင်းကျဲယွိက သူ သူမ၏အမေ အကြောင်း ပြောလိုက်ချိန်တွင် စူးချင်း စိတ်မသက်မသာဖြစ်သွားသည်ကို သတိထားမိသွားပြီး ကျေကျေနပ်နပ် တုံ့ပြန်လိုက်သည်။
ထို့နောက် သူက သူမနားသို့ တိုးကပ်လာကာ သူမ၏လက်လေးကို ညင်ညင်သာသာ ကိုင်လိုက်ပြီး ချော့မော့လိုက်သည်။
“ချင်းအာ၊ အခုက စပြီး အေးအေးဆေးဆေး အနားယူတော့နော်။ ဒီမှာ ထိုင်ပြီး မင်းရဲ့အမေ ရောက်လာတာကို စောင့်နေလို့ ရပါတယ်၊ မင်းကိုယ်မင်း အရမ်းအပင်ပန်းမခံရဘူးလေ"
“...”
စူးချင်းက သူ့ကို မကျေမနပ် စိုက်ကြည့်နေသော်လည်း ရှောင်းကျဲယွိကတော့ လုံးဝ စိတ်ဆိုးပုံမရပေ။ သူက စူးချင်းကို ထိုင်ခုံဆီသို့ ဆွဲခေါ်သွားပြီး သေသေချာချာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူက သူမ၏ပုခုံးလေးများကို သူ့လက်ဖြင့် နှိပ်နယ်ပေးနေရင်း တတွတ်တွတ် ပြောနေသေးသည်။
"ကိုယ်ရဲ့ချင်းအာက စစ်ပွဲကြောင့် အရမ်းပင်ပန်းနေပြီ။ ဒီခင်ပွန်းက ချင်းအာကို နှိပ်နယ်ပေးမယ်နော်"
စူးချင်းတစ်ယောက် အမှန်တကယ် ပြောစရာစကားမဲ့သွားရသည်။
သူက သူမ ဒေါသထွက်အောင် လုပ်ပြီးမှ ဘာလို့ အပြစ်ပေးခံရမှာကို ကြောက်နေရတာလဲ?
ယန်ရုရွှယ်က သူမ၏သားငယ်လေးကိုပါ နန်းတော်တွင် နေထိုင်ရန် ခေါ်ဆောင်လာခဲ့သည်။ သူမက စူးချင်းကို နေ့တိုင်း အဖော်ပြုပေးနေပြီး ဘာမှ လုပ်ခွင့်မပေးတော့ပေ။ သူမက သမီးဖြစ်သူကို လယ်လုပ်ခွင့်ပင် မပေးဘဲ သူမ၏ ဖီးနစ်ဝေါယာဥ်ပေါ်မှာသာ အမိန့်ပေးစေသည်။
စူးချင်းကတော့ သူမ အသက်ရှင်စရာ ဘာတစ်ခုမှ မကျန်တော့သလို ခံစားနေရသည်။
သူမက နေ့တိုင်းနေ့တိုင်း ပြေးလွှားလှုပ်ရှားပြီး အလုပ်ပေါင်းစုံလုပ်နေတတ်တဲ့သူလေ၊ ရုတ်တရက် မင်းသမီးလေးလို နေနေရတော့ သူမ ဘယ်လိုနေတတ်မှာတုန်း။
ရှောင်းကျဲယွိက စူးချင်းအတွက် မြို့တော်မှ အော်ပရာတစ်ဖွဲ့ အမှန်တကယ် ငှားရမ်းပေးခဲ့သည်။ စူးချင်းက တစ်စုံတစ်ဦးအား ရိုက်ပုတ်ချင်စိတ် ဖြစ်စေသည်ဟု ညည်းညူပြခဲ့သည်။ ရှောင်းကျဲယွိက စူးချင်း အပျင်းပြေစေရန်အတွက် ပြဇာတ်အဖွဲ့ကို နန်းတော်သို့ ဖိတ်ကြားရန် အမိန့်ပေးခဲ့သည်။ စူးချင်းကလည်း ဆူညံလွန်းသည်ဟု ညည်းညူပြန်သည်။
ရှောင်းကျဲယွိက တိုင်းပြည်တဝှမ်းမှ ဖျော်ဖြေရေးအဖွဲ့မျိုးစုံကို ရှာဖွေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ဧကရီ အပျင်းပြေစေရန် ဧကရာဇ်မင်းမြတ်က လူကြိုက်များသော ဖျော်ဖြေရေးအဖွဲ့များ ရှာနေသည်ကို တစ်တိုင်းပြည်လုံး သိသွားကြသည်။
ဧကရာဇ်မင်းမြတ်က ဧကရီ၏သဘောအတိုင်း ကိုယ်လုပ်တော် မယူရဟူသော တားမြစ်ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဧကရာဇ်မင်းမြတ်က ဧကရီအတွက် ပြဇာတ်အဖွဲ့များကို တိုင်းပြည်အနှံ့ ရှာဖွေခဲ့သည်။ ထိုသို့သော အကြောင်းများ ပျံနှံ့လာချိန်တွင် ဧကရာဇ်မင်းမြတ်၏ သူ့ဇနီးအပေါ် ချစ်ခင်မြတ်နိုးမှုကို တင်စားသည့် ပုံပြင်စာအုပ်များပင် ရေးသားဖြန့်ဝေခဲ့ကြသည်။ လက်ဖက်ရည်ဆိုင်များရှိ ပုံပြင်ပြောသူများကလည်း ဧကရာဇ်မင်းမြတ်နှင့် ဧကရီတို့၏ ပုံပြင်များအား ပြောရခြင်းကို နှစ်သက်ကြပြီး ပုံပြင်အများစုက သူတို့နှစ်ယောက်အကြောင်း ဖြစ်လာခဲ့သည်။
အလွန့်အလွန် ပျင်းနေပြီဖြစ်သည့် စူးချင်းက သူမ၏မောင်လေးကို သိုင်းပညာ သင်ပေးရန် အကြံရသွားပြန်သည်။ သို့သော် ယန်ယုရွှယ်က သူမကို ဟန်ပန်အမူအရာ လုပ်ပြခွင့်မပေးဘဲ ပါးစပ်ဖြင့်သာ ညွှန်ကြားစေခဲ့သည်။ စူးချင်း အကုန်းအကွ လုပ်လျှင် ဗိုက်ထဲမှ ကလေးများအား ထိခိုက်မည်ဟု ယန်ရုရွှယ်က ဆူပူနေပြန်သည်။
ရှောင်းလန်ရှင်းက ငါးလပိုင်းတွင် လက်ထပ်ခဲ့ပြီး ရှောင်းကျဲယွိက သူ့၏ညီမလေးအတွက် မရေမတွက်နိုင်သော ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာ၊ ပိုးထည်များပါဝင်သည့် ခန်းဝင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ စူးချင်းက သူမအတွက် အရက်ချက်နည်းကို ခန်းဝင်ပစ္စည်းအဖြစ် ပေးအပ်ခဲ့ပြီး ထိုအရာက သူမ၏ လုပ်ငန်းနှင့် သူမ၏ယုံကြည်မှုဖြစ်စေမည့်အကြောင်း ရှောင်းလန်ရှင်းအား ပြောပြခဲ့သည်။
ရှောင်းလန်ရှင်းက တာ့ထန်ပြည်ထောင်သို့ တင့်တင့်တယ်တယ် လိုက်ပါသွားခဲ့ပြီး ကြီးကျယ်ခန်းနားစွာ လက်ထပ်ခဲ့သည်။ အိမ်ထောင်ကျပြီး တစ်လအကြာတွင် သူမ ကိုယ်ဝန်ရခဲ့သည်။ သူမက ထိုသတင်းကောင်းကို သူမ၏အစ်ကိုနှင့် ယောင်းမထံသို့ ပေးပို့ခဲ့ပြီး သူမ တာ့ထန်ပြည်ထောင်တွင် ကောင်းကောင်းနေရကြောင်းနှင့် သူမအတွက် စိတ်မပူရန် စာဖြင့် ပြောပြခဲ့သည်။
အချိန်သုံးလတာက တဖျပ်ဖျပ် ကုန်ဆုံးသွားပြီး စူးချင်း၏ဗိုက်က အလွန်ကြီးမားလာကာ ဧရာမအိုးကြီးတစ်လုံးကို သယ်ဆောင်ထားသည်ဟု ထင်ရစေသည်။ ယခုအချိန်တွင် သူမ လမ်းလျှောက်ရန်ပင် အားမစိုက်နိုင်တော့ဘဲ လိမ္မာရေးခြားရှိနေပြီ ဖြစ်သည်။ သူမဘာသာပင် အထိုင်အထ မလုပ်နိုင်တော့သောကြောင့် ယန်ရုရွှယ်လည်း သူမကို စောင့်ကြည့်နေရန် မလိုအပ်တော့ပေ။
သို့သော်လည်း စူးချင်းက အလဟသ နားမနေနိုင်ဘဲ စိုက်ပျိုးရေးနည်းစနစ်များအတွက် မှတ်တမ်းများ ရေးခဲ့ပြီး ရှောင်းကျဲယွိထံ ပေးကာ စိုက်ပျိုးရေးဝန်ကြီးတစ်ဦး ခန့်အပ်လေ့ကျင့်ပေးရန် တောင်းဆိုခဲ့သည်။ ထို့အပြင် သူမက တိုင်းပြည်တဝှမ်းမှ ကျွမ်းကျင်စိုက်ပျိုးရေးပညာရှင်များကို ရှာဖွေစုဆောင်းရန်လည်း အကြံပေးခဲ့သည်။ သူမက ထိုလူများကို ဦးစွာသင်ကြားပေးပြီး သူတို့ထံမှတဆင့် လယ်သမားများကို ပြန်သင်ကြားပေးနိုင်ရန် ထိုလူများအား ကျေးလက်ဒေသများသို့ စေလွှတ်ရန် ဖြစ်သည်။
ဆောင်းဦးရာသီရောက်လာပြီး နှစ်တစ်နှစ်၏အလုပ်များသော ရိတ်သိမ်းချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ စူးချင်း၏ ပြောင်းနှင့် အာလူးများကိုလည်း ရိတ်သိမ်းပြီးဖြစ်ကာ သီးနှံအထွက်နှုန်းကောင်းမွန်သည်ဟု ဆိုနိုင်သည်။
လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသော ပြောင်းဖူးများကို အိုးကြီးတစ်လုံးဖြင့် ပြုတ်ထားသည်။ ပြုတ်ထားသော ပြောင်းဖူးများ၏ရနံ့က ညီလာခံမှ ထွက်ခွာလာသော ရှောင်းကျဲယွိအား စွဲဆောင်လိုက်သည်။ သူက ပြောင်းဖူး၏မွှေးရနံ့ကို စူးစမ်းလိုက်ပြီး ထိုရနံ့ထွက်ပေါ်နေသည့်နေရာကို ခန့်မှန်းလိုက်သည်။ ထို့နောက် သူက သူ့ယောက္ခမနေထိုင်သည့် စီနင်းနန်းဆောင်သို့ သွားရန် တော်ဝင်ဝေါယဥ်ထမ်းနေသည့် သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။
ထိုစီနင်းနန်းဆောင်က ယခင်မင်းဆက်၏ မယ်တော်မိဖုရားကြီး နေထိုင်ရာနန်းဆောင် ဖြစ်သည်။ ထို့ကြောင့် ခမ်းနားထည်ဝါစွာ အလှဆင်ထားပြီး အကောင်းဆုံးပရိဘောဂများ ဖြည့်သွင်းထားသည်။ ရှောင်းကျဲယွိတွင် မိခင်မရှိသောကြောင့် စီနင်းနန်းဆောင်က အလွတ်ဖြစ်နေပြီး ယန်ရုရွှယ် နန်းတော်ထဲသို့ ဝင်လာပြီးနောက် ရှောင်းကျဲယွိက သူမကို ထိုနေရာ၌ နေထိုင်ခွင့်ပေးခဲ့သည်။
အစပိုင်းတွင် ယန်ရုရွှယ်နှင့် စူးဟန်ရွှမ်တို့က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ကြသည်။ ထိုနန်းဆောင်က မယ်တော်မိဖုရားကြီးနေထိုင်ရမည့် နန်းဆောင်ဖြစ်ပြီး ယန်ရုရွှယ်ကလည်း သူမ၏သားငယ်လေးကိုပါ ခေါ်ဆောင်သွားရမည် ဖြစ်သည်။ အကယ်၍ သူမ ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်ပါက သူမ၏သားမက် ဝေဖန်ခံရမည်ကို သူမတို့ စိုးရိမ်ခဲ့ကြသည်။
သို့သော်လည်း ရှောင်းကျဲယွိက သူ့ယောက္ခမကို ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်ရန် ခိုင်ခိုင်မာမာ တောင်းဆိုခဲ့ပြီး မတတ်သာသည့်အဆုံးတွင် ယန်ရုရွှယ်လည်း လက်ခံလိုက်ရသည်။
"ချင်းအာ၊ မင်း ပြောင်းဖူးစားနေတာလား?"
ရှောင်းကျဲယွိက စီနင်းနန်းဆောင်ဆီသို့ လျှောက်သွားပြီး သူ အခန်းထဲသို့ မ၀င်လာခင်မှာပင် သူ့၏ကြည်လင်သောအသံက ခန်းမဆောင်တစ်ခုလုံး ပြည့်နှက်သွားသည်။
သူ ယခင်ကလည်း စူးချင်း ပြုတ်ကျွေးသည့်ပြောင်းဖူးကို စားဖူးပြီး ဖြစ်သည်။ ထိုစားစရာက ချိုမြိန်ပြီး မွှေးကြိုင်နေသေးကြောင့် သူ ပြောင်းဖူးဆယ်ဖူးကျော် တစ်ထိုင်တည်း စားခဲ့ရသည့်တိုင် စိတ်ကျေနပ်မှု မရခဲ့ပေ။
“အင်း၊ အခုမှ ပြုတ်လို့ပြီးတာ၊ ရှင်က အချိန်ကိုက်ရောက်လာတာပဲ၊ ရှင် ကံကောင်းသွားပြီ"
စူးချင်းက အပြုံးလေးဖြင့် မတ်တပ်ထရပ်လိုက်သည်။ သူမ၏ဗိုက်က အလွန်ကြီးနေပြီး မတ်တပ်ရပ်ရန်ပင် ခက်ခဲလှသည်။ ရှောင်းကျဲယွိက သူမဆီသို့ အမြန် လှမ်းသွားပြီး သူမကို လက်နှစ်ဖက်ဖြင့် ကူတွဲပေးလိုက်သည်။ သူထံတွင် ဧကရာဇ်တစ်ပါး၏ မောက်မာမှုူများ ရှိမနေဘဲ ဇနီးသည်ကို ချစ်မြတ်နိုးသော ခင်ပွန်းကောင်းတစ်ဦး၏အသွင်အပြင်ကိုသာ တွေ့မြင်ရသည်။
"ယောက်ဖတော်"
ရှောင်ချန်ကလည်း အခန်းထဲသို့ ဝင်လာခဲ့သည်။ သူ ယနေ့ ဓားသိုင်းအသစ်တစ်ခု သင်ယူခဲ့ရပြီး ကောင်လေးက ထိုဓားသိုင်းကို စွဲလန်းနေခဲ့သည်။ သူက ယခုအချိန်အထိ ဓားသိုင်း လေ့ကျင့်နေခဲ့ပြီး သူ့မျက်နှာက နီရဲနေကာ သူ့မျက်လုံးကြီးကြီးလေးများက တလက်လက် တောက်ပနေသည်။ သူက အဆောင်ပန်းချီကားချပ်ထဲမှ ကံကောင်းစေသော ကလေးလေးနှင့်ဆင်တူပြီး ချစ်စရာကောင်းလွန်းလှသည်။
ရှောင်ချီကလည်း သူမ၏သခင်ငယ်လေးနောက်မှ တိတ်တဆိတ် လိုက်ပါလာသည်။ နန်းတော်သို့ ပြန်ရောက်ပြီးနောက်တွင် သူမလည်း ကလေးထိန်းအဒေါ်ကြီးတစ်ယောက် ဖြစ်လာခဲ့ရသည်။ နေ့ခင်းဘက်တွင် သူမက ရှောင်ချန်နှင့်အတူ သိုင်းပညာ လေ့ကျင့်ရပြီး ညဘက်တွင် သူမက ရှောင်ချန်၏ အရုပ်လေးတစ်ရုပ်အဖြစ် သူနှင့်အတူ အိပ်စက်ရပြန်သည်။
ရှောင်ချီက စူးချင်း ကလေးမွေးလာမည့်အချိန်ကို မျှော်လင့်စောင့်စားနေပြီး နောက်ထပ်ကလေးတစ်ဦးကို ပြုစုစောင့်ရှောက်ရခြင်း သူမ အတွက် မထူးတော့ဘူးဟု တွေးနေခဲ့သည်။
ကလေးတစ်ယောက်ကို ထိန်းရတာနဲ့ ကလေးနှစ်ယောက်ထိန်းရတာက သိပ်မကွာဘူးလေ၊ အဲ့တော့ သူမ သူတို့အားလုံးကို တစ်ပြိုင်နက်တည်း ဂရုစိုက်ပေးနိုင်မှာ သေချာပါတယ်။
"ရှောင်ချင်၊ ဒီနေ့ ကြိုးကြိုးစားစား သင်ယူခဲ့ရဲ့လား?
ရှောင်းကျဲယွိက သူ့ယောက်ဖလေးကို ညင်ညင်သာသာ ပွေ့ချီလိုက်ရင်း အပြုံးဖြင့် မေးလိုက်သည်။
"ဟုတ်ကဲ့၊ အခု ကျွန်တော် ကောင်းကင်မိုးတိမ်ဓားသိုင်းကို သင်ထားပြီးပြီ"
ရှောင်ချန်က ကလေးဆန်နေသေးသည့် အသံလေးဖြင့် ပြန်ဖြေလိုက်သည်။
သူက ရှောင်းကျဲယွိကို လုံးဝ မကြောက်ဘဲ သူ့ရင်ခွင်ထဲ၌ နေရသည်ကို သက်တောင့်သက်သာရှိနေပုံရသည်။ သူက ရှောင်းကျဲယွိ၏ တော်ဝင်သရဖူပေါ်မှ တောက်ပသောပုလဲကို သူ့လက်ဖောင်းဖောင်းလေးဖြင့် လှမ်းကိုင်ကာ ဆော့ကစားနေသေးသည်။
"ဒီပုလဲတွေကို ကြိုက်လို့လား?"
ရှောင်းကျဲယွိက သူ့ယောက်ဖလေး ပုလဲများအား သဘောကျနေသည်ကို တွေ့သွားပြီး အပြုံးဖြင့် မေးမြန်းလိုက်သည်။ သူက စူးချင်းကို ချစ်မြတ်နိုးသလို သူမ၏မိသားစုကိုလည်း တန်ဖိုးထား ဆက်ဆံလေ့ရှိသည်။
"ရှောင်ချန်၊ အဲ့လို မလုပ်ရဘူးလေ၊ လက်ကို အခု ဖယ်လိုက်စမ်း"
ယန်ရုရွှယ်က ဝင်ပြောလိုက်ပြီး သူမ၏မျက်နှာက စိုးရိမ်မှုအပြည့်ဖြင့် ဖျော့တော့နေသည်။
ရှောင်းကျဲယွိထံတွင် ချဉ်းကပ်ရလွန်ကူသည့်အမူအရာ ရှိနေသော်လည်း သူက ဧကရာဇ်မင်းတစ်ပါး ဖြစ်နေသေးသည်။ သူမ၏သားက သူ၏သရဖူပေါ်မှ ပုလဲကို ကိုင်ကာ ဆော့ကစားနေပြီး ထိုအရာက ပြင်းထန်သောရာဇဝတ်မှုတစ်ခုဟု သတ်မှတ်နိုင်သည်။
“ယောက္ခမ စိတ်မပူပါနဲ့။ ရှောင်ချန် ကြိုက်ရင် သူ ယူလို့ရပါတယ်"
ရှောင်းကျဲယွိက သူ့ယောက္ခမကို စိတ်အေးသွားစေရန် အပြုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်။ သူက ရှောင်ချန်အတွက် သူ့၏သရဖူမှ ပုလဲများကို ဖြုတ်ပေးလိုက်သည်။
စူးချင်းက ရှောင်းကျဲယွိ၏ ရှောင်ချန်အပေါ် ချစ်ခင်ကြင်နာသော အပြုအမူကို သတိပြုမိပြီး သူမ ကလေးမွေးပြီးချိန်တွင် သူ သူမတို့၏ ကလေးများအား မည်မျှ ချစ်ခင်အလိုလိုက်မည်ကို တွေးတောနေမိသည်။
“ပြောင်းဖူး စားဦးလေ”
နန်းတွင်းအစေခံများက ပြောင်းဖူးပြုတ်များ ယူလာပေးပြီး စူးချင်းက ရှောင်းကျဲယွိကို စားရန် တိုက်တွန်းလိုက်သည်။
ရှောင်းကျဲယွိက ပြောင်းဖူးကို နှစ်နှစ်သက်သက် စားနေရင်း ချီးကျူးလိုက်သေးသည်။
“အရမ်းကောင်းတယ်။ ဒီပြောင်းတွေနဲ့ အာလူးတွေ ရှိနေသရွေ့ ပြည်သူတွေ စားနပ်ရိက္ခာပြတ်လပ်မှုမှာကို စိတ်ပူနေစရာ မလိုတော့ဘူး”
သူက စကားပြောနေရင်း ပြောင်းဖူးကို ကျက်သရေရှိရှိ စားနေခဲ့သည်။ သူ၏ အတွင်းစိတ်က ဤပြောင်းဖူးကို ကြိုက်နှစ်သစ်ပြီး အားရပါရ အများကြီး စားချင်နေသည့်တိုင် သူက ဧကရာဇ်ဖြစ်နေသည့်အတွက် သူ့ပုံရိပ်ကို အချိန်တိုင်း ထိန်းသိမ်းထားရပြန်သည်။
“ဟုတ်တယ်၊ ပြောင်းစေ့တွေကို အခြောက်ခံပြီး မျိုးစေ့အဖြစ် ပြုပြင်ဖို့ တာဝန်ရှိတဲ့သူတွေကို ကျွန်မ အမိန့်ပေးထားပြီးပြီ၊ သိပ်မကြာခင် စီရင်စုတွေနဲ့ မြို့တွေအထိ ဖြန့်ဖို့ စီစဉ်ထားတယ်။ နောက်သုံးနှစ်ဆိုရင်တော့ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်လိမ့်မယ်။ ဒါက တိုင်းပြည်အတွင်း အငတ်ဘေးတွေ ဖြစ်မလာအောင် ကူညီပေးနိုင်မှာပါ”
ဤမျိုးစေ့များကို စူးချင်း စနစ်ဆီမှ ရရှိခဲ့ခြင်း ဖြစ်သည်။ အထွက်နှုန်းကောင်းပြီး မိုးခေါင်မှုဒဏ်ကိုလည်း ခံနိုင်သောကြောင့် တိုင်းပြည်အနှံ့ စိုက်ပျိုးရန် သင့်တော်သည်။
"ချင်းအာ၊ မင်းက တိုင်းပြည်အတွက် ကောက်ပဲသီနှံတွေ ပို့ဆောင်ပေးတဲ့ နတ်ဘုရားမလေးပဲ"
လယ်ယာစိုက်ပျိုးရေးအကြောင်း ပြောနိုင်သည့်အချိန်တွင် တောက်ပလာသော စူးချင်း၏မျက်ဝန်းလေးများကြောင့် ရှောင်းကျဲယွိက သူမကို စနောက်လိုက်သည်။
စူးချင်းက ထိုချီးမွမ်းမှုကို နှစ်သက်နေပြီး ကျေကျေနပ်နပ် ပြုံးနေခဲ့သည်။
သူမတို့ မိသားစုမှာ ငွေရှာနိုင်တဲ့ ကောင်လေးတစ်ယောက်ရှိရင် လုံလောက်ပြီ၊ သူမကတော့ ကောက်ပဲသီးနှံတွေ ယူလာပေးတဲ့ ဇနီးလေးလုပ်နေတာ ပိုကောင်းလိမ့်မယ်။
ထိုအချိန်တွင် အရေးပေါ်သတင်းစကားတစ်ခု ရောက်ရှိကြောင်း သတင်းပို့သံထွက်ပေါ်လာသည်။
“အရှင်မင်းမြတ်၊ ချက်ချင်းအရေးယူဆောင်ရွက်ဖို့ လိုအပ်တဲ့ အစီရင်ခံစာတစ်စောင် ရောက်ရှိနေပါတယ်”