ဒီလိုမျိုးတွေ ရှိတယ်လား?
Vol. 41 Ch. 615
"ချင်းအာက ကိုယ့်ကို နားလည်ပေးနိုင်ဆုံးလူပဲ"
ရှောင်းကျဲယွိက အရေထူလွန်းပြီး လုံးဝအရှက်မရှိပေ။ သူက စူးချင်း၏ ချယ်ရီရောင်နှုတ်ခမ်းလေးကို ခပ်ဖွဖွ ငုံ့နမ်းလိုက်သည်။ ထို့နောက် ကျေနပ်မှုမရှိပုံဖြင့် နက်နက်ရှိုင်းရှိုင်း တရှိုက်မက်မက် ဆက်နမ်းနေပြန်သည်။
စူးချင်း၏မျက်လုံးများ ရီဝေလာပြီး သူမ အသက်ရှူမဝဖြစ်လာတော့မှ သူက သူမကို ပြန်လွှတ်ပေးလိုက်သည်။
အခန်းထဲသို့ ဝင်လာသည့် အစေခံမိန်းကလေးက သခင်နှစ်ယောက်၏ ရင်းနှီးသော အပြုအမူကို မြင်သွားပြီး သူမ၏မျက်နှာလည်း နီရဲသွားသည်။ သူမက စူးချင်းနှင့် ရှောင်းကျဲယွိတို့ကို ဆက်မကြည့်ရဲဘဲ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေလေသည်။
"အားလုံး ထွက်သွားကြတော့"
ရှောင်းကျဲယွိက ဧကရာဇ်ဖြစ်နေပြီ ဖြစ်သော်လည်း အထိန်းတော်များနှင့် နန်းတွင်းအစေခံများရှေ့၌ အဝတ်အစားများ ချွတ်ရသည်ကို ကျင့်သားမရသေးပေ။ သူက ထိုအသေးအမွှားကိစ္စလေးများကို သူ့ဘာသာသူသာ လုပ်လေ့ရှိသည်။
သူ့ရဲ့ သန်မာပြီး ခွန်အားကြီးတဲ့ ခန္ဓာကိုယ်ကို ချင်းအာ တစ်ယောက်တည်း မြင်ခွင့်ရနိုင်ဖို့ သူ ဆုံးဖြတ်ထားတယ်။
ရှောင်းကျဲယွိ သူ့အဝတ်အစားများကို ချွတ်ပြီးသွားချိန်တွင် စူးချင်းက သူ့ထက်အရင် ရေချိုးစည်ထဲသို့ ဝင်သွားသည်ကို သူ တွေ့လိုက်ရသည်။
ဒါက... သူမက သူ့ထက်တောင် ပိုပြီး စိတ်အားထက်သန်နေတာ မဟုတ်ဘူးလား?
ပြတင်းပေါက်အပြင်ဘက်မှ ဝင်လာသည့် လရောင်က မှုန်မှိုင်းနေသည့်တိုင် အခန်းထဲရှိ လူနှစ်ယောက်ကတော့ စိတ် အလွန်ပျော်ရွှင်နေကြပြီး ကမ္ဘာပေါ်မှ အလှပဆုံးအရာကို ပုံဖော်နေကြသည်။
"ချင်းအာ၊ မင်း သန္ဓေတားဆေးရည် သောက်ပြီးပြီလား?"
စိတ်အားထက်သန်မှုူနှင့် ပူလောင်မှုများကြား၌ပင် ရှောင်းကျဲယွိတစ်ယောက် စူးချင်းကို မေးရန် မမေ့ခဲ့ပေ။ နောက်ဆုံးအကြိမ်က စူးချင်း မွေးဖွားရန် ခက်ခဲနေပြီး ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရသည့် မှတ်ဉာဏ်များက သူ့ကို ထိတ်လန့်ကြောက်ရွံ့နေစေသည်။ သူတို့ထံတွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိနေပြီဖြစ်သောကြောင့် သူက စူးချင်းကို ကလေးထပ်မမွေးရန် ချော့မော့ဖျောင်းဖျခဲ့သည်။
"အမ်...အင်း....”
စူးချင်းက မရေမရာဖြင့် အင်းလိုက်နေခဲ့သည်။
အခု သူမ အရမ်းပျော်နေတာလေ၊ သူက ဘာလို့ ဒီလို စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့ စကားတွေ လာပြောနေရတာလဲ?
ဘာကို သန္ဓေတားဆေးရည် သောက်ရမှာတုန်း၊ အခု ကျစ်ချီနဲ့ ယွင်အာတို့မှာ ညီငယ်၊ ညီမလေးငယ်လေးတွေ ရှိသင့်နေပြီ။
နောက်ဆုံးအကြိမ်က သူမ ခက်ခဲပင်ပန်းစွာဖြင့် ဗိုက်ခွဲမွေးခဲ့ရပြီး ရှေးခေတ်မှ အမျိုးသမီးများ ကလေးမွေးရခြင်းက ငရဲတံခါးကို ဖြတ်လျောက်ရခြင်းနှင့် တူသည်ဟု စူးချင်း ခံစားခဲ့ရသည်။ ထို့ကြောင့် စူးချင်းက အမျိုးသမီးဆေးပညာရှင်များ ခန့်အပ်ရန် ရှောင်းကျဲယွိကို ကြေငြာချက်ထုတ်ခိုင်းခဲ့သည်။ သူမက ထိုအမျိုးသမီးဆေးပညာရှင်များကို လေ့ကျင့်ပေးခဲ့ပြီး ဗိုက်ခွဲမွေးနည်းကိုပါ သင်ကြားလေ့ကျင်းပေးခဲ့သည်။ အစပိုင်းတွင် ထိုအမျိုးသမီးဆေးပညာရှင်များအားလုံး ထိတ်လန့်နေကြပြီး အလွန်ကြောက်လန့်နေကြသည်။
ဧကရီမယ်မယ်က လူတွေရဲ့ ဗိုက်တွေကို ခွဲနေတာလား? အရမ်းကြောက်ဖို့ ကောင်းတာပဲ။
သို့သော်လည်း စူးချင်းက မွေးဖွားရခက်ခဲနေပြီး သေလုမြောပါးဖြစ်နေသော ကိုယ်ဝန်ဆောင် အမျိုးသမီး နှစ်ဦးကို ကယ်တင်ရန် ထိုနည်းလမ်းကို အသုံးပြုခဲ့သည်။ ထိုအဖြစ်အပျက်ကို မြင်ပြီးနောက် ထိုနည်းလမ်းက အသက်များကို ကယ်တင်ပေးနိုင်သည့် ဆေးပညာတစ်ခုဖြစ်မှန်း သူမတို့ နားလည်သွားကြပြီး ဂရုတစိုက် လေ့လာသင်ယူခဲ့ကြသည်။
စူးချင်းက မြို့တော်တွင် သားဖွားနှင့် မီးယပ်ဆေးခန်းတစ်ခု တည်ထောင်ထားပြီး ဖြစ်သည်။ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကလေးမွေးရန် ထိုဆေးခန်းသို့ လာရောက်ပြီး အခမဲ့ ကုသခွင့် ရနိုင်သည်။
စူးချင်းက ရေခဲခန်းတစ်ခု တည်ဆောက်စေပြီး သွေးဘဏ်တစ်ခုလည်း တည်ထောင်ထားသေးသည်။ သူမတို့ထံတွင် စစ်သည်တစ်သိန်းကျော် ရှိနေသောကြောင့် သွေးပျက်လပ်မည်ကို စိုးရိမ်နေစရာ မလိုသော်လည်း အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ကာ သွေးတချို့ စုဆောင်းထားစေခဲ့သည်။
စူးချင်း၏လက်တွေ့လေ့ကျင့် သင်ကြားပေးမှုအောက်တွင် ထိုအမျိုးသမီးဆေးပညာရှင်များအားလုံး မီးဖွားပေးခြင်းနှင့် မီးယပ်ရောဂါ ကုသရေးပိုင်းကို တာဝန်ယူနိုင်လာကြသည်။ သူမတို့က ရောက်လာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းကို ခွဲစိတ်မှုလုပ်နေရခြင်းတော့ မဟုတ်ပေ။ သဘာဝအတိုင်း မွေးနိုင်လျှင် သဘာဝအတိုင်း မွေးဖွားပေးကြပြီး မွေးဖွားရန် ခက်ခဲနေမှသာ ခွဲစိတ်မှု ပြုလုပ်ပေမည် ဖြစ်သည်။
ဘသာဝအတိုင်း ကလေးမွေးဖွားမည့် ကိုယ်ဝန်သည်များအတွက်လည်း သားဖွားဆရာမများ အဆင့်သင့်ရှိနေသည်။ စူးချင်းက သူမ၏ဆေးခန်းကို ခေတ်မီ သားဖွားခန်းများအတိုင်း ပြုလုပ်ထားပြီး မီးအုပ်ဆောင်းတစ်ခုပင် ထည့်သွင်းပေးထားခဲ့သည်။ လမစေ့ဘဲ မွေးဖွားလာသည့် မွေးကင်းစကလေးများအနေဖြင့် သူတို့၏အရေးကြီးသောကာလကို ထိုမီးဖွားခန်း၌ ဖြတ်သန်း ရှင်သန်နိုင်ရန် စီစဥ်ထားခြင်းဖြစ်သည်။
လျှပ်စစ်နှင့် ပတ်သက်လျှင်လည်း ထိုအရာက စူးချင်းအတွက် စိုးရိမ်စရာ မဟုတ်ပေ။
စူးချင်းက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် လေအားကို အသုံးပြုခဲ့သည်။ သူမက သားဖွားနှင့် မီးယပ်ဆေးခန်း၏ နေ့စဉ်လျှပ်စစ်လိုအပ်ချက်များကို သေချာတွက်ချက်ထားပြီး လေရဟတ်များနှင့် ရေဒလက်များကို အသုံးပြုထားခဲ့သည်။ ဤဆေးရုံက ရှေးဟောင်းခေတ်မှ ခေတ်မီသားဖွားမီးယပ်ဆေးခန်းတစ်ခုဟု ဆိုနိုင်ပေသည်။
အစပိုင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများက မီးဖွားရန်အတွက် ထိုဆေးခန်းသို့ မလာရဲကြသေးပေ။ နောက်ပိုင်းတွင် လမ်းပေါ်၌ ကလေးမီးဖွားခါနီး ဖြစ်လာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ဆေးခန်းသို့ လိုက်ပို့ခဲ့ကြသည်။ ထိုအမျိုးသမီးကလည်း မီးဖွားရန် ခက်ခဲနေကာ ဗိုက်ခွဲ မွေးခဲ့ရပြီး မိခင်ရော ကလေးကိုပါ ကယ်တင်နိုင်ခဲ့သည်။
ဗိုက်ခွဲမွေးပြီးနောက် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးနှစ်ယောက်လုံး ဆေးခန်းတွင် သုံးရက်တာ အခမဲ့နေထိုင်ခွင့်ရခဲ့သည်။ ဆေးခန်းက အစားအသောက်နှင့် နေရာထိုင်ခင်း ထောက်ပံ့ပေးခဲ့သည်။ ထိုသတင်းက အလျင်အမြန် ပြန့်နှံ့သွားပြီး မိမိဘာသာ ကလေးမွေးရန် အခက်အခဲရှိသူများက ဆေးခန်းသို့ ရောက်ရှိလာကြသည်။
စူးချင်း၏ ကုသိုလ်ကောင်းမှုအမှတ်များလည်း တိုးတက်လာပြီး ယခု လုံးဝ ပြည့်သွားပြီ ဖြစ်သည်။ ထို့ကြောင့် စူးချင်းက သူမ အားလပ်နေလျှင် သူမ၏ စွမ်းရည်ရမှတ်များကို အသုံးပြုပြီး သူမ လိုအပ်သည့်ပစ္စည်များ ရရန် စနစ်နှင့် လဲလှယ်လေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ သူမ ထိုအမှတ်များကို အသုံးပြုလိုက်လျှင်ပင် သူမ ၎င်းတို့ကို ပြန်ရှာဖွေနိုင်သောကြောင့် ထိုသို့အသုံးပြုရသည့်အပေါ် နာကျင်သလို မခံစားရပေ။
ယခုအခါ ပြည်သူများက စူးချင်းအား “ကလေးများ အပ်နှင်းသည့် ဧကရီ” ဟု ချစ်စနိုး အမည်ပေးထားကြသည်။ ဧကရီက သာမန်ပြည်သူများအတွက် ထိုသို့ပြုလုပ်ပေးသည့်အပေါ် အလွန်ကျေးဇူးတင်နေကြသည်။
"ချင်းအာ၊ ချင်းအာ"
ရှောင်းကျဲယွိက အထွတ်အထိပ်သို့ ရောက်သွားပြီး စူးချင်း၏အမည်ကို တိုးတိုးလေး ခေါ်လိုက်သည်။ သူတို့၏ စိတ်အားထက်သန်မှုများ ပြေလျော့သွားပြီးနောက် နှစ်ယောက်သား ငြိမ်သက်သွားကာ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ရင်း အိပ်ပျော်သွားကြသည်။
နောက်တစ်နေ့တွင် မော့ချန်၏စီရင်စုအမတ် လီဖူဟိုင် ရောက်ရှိလာခဲ့သည်။ မနေ့က ရှောင်းကျဲယွိက ကျုံးယုံ၏ မိဘများအတွက် ဖုန်းရွှေသခင်ကောင်းတစ်ယောက် ရှာဖွေပေးရန် သူ့ကို အကူအညီတောင်းခဲ့သည်။ လီဖူဟိုင်က ရုံးတော်သို့ ပြန်သွားပြီး ဖုန်းရွှေဆရာတစ်ယောက် ရှာပေးရန် ရဲမက်များအားလုံးကို အပြင်သို့ စေလွှတ်ခဲ့သည်။ ထို့ကြောင့် သူ ဖုန်းရွှေသခင်တစ်ယောက် ရှာနိုင်ခဲ့ပြီး မနက်စောစောရောက်လာခဲ့ခြင်းပင်။
ထိုလူများ ရောက်လာကြောင်း သက်တော်စောင့်တစ်ယောက် သတင်းလာပို့ချိန်တွင် ရှောင်းကျဲယွိ အိပ်ရာမှ နိုးနေပြီ ဖြစ်သည်။ သူက ထိုလူများကို ခေါ်လာရန် အမိန့်ပေးလိုက်သည်။
"ဧကရာဇ်မင်းမြတ်ကို နှုတ်ခွန်းဆက်သပါတယ်"
လီဖူဟိုင်က အိမ်ထဲသို့ ဝင်လာပြီး ရှောင်းကျဲယွိထံသို့ အမြန်လျှောက်လာကာ သူ့အင်္ကျီကို မတင်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်သည်။ ယမန်နေ့က မင်္ဂလာပွဲတွင် သူ ရှောင်းကျဲယွိကို ဂါရဝ မပြုနိုင်ခဲ့ပေ။ ထို့ကြောင့် ယနေ့ အလေးအနက် အရိုအသေ ပေးလိုက်သည်။
"ထစေ"
ရှောင်းကျဲယွိက ပင်မထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်နေပြီး သူ့လက်ကို မြှောက်ကာ အမိန့်ပေးလိုက်သည်။ သူ ထိုင်နေသည့် အမူအရာကပင် ဂုဏ်သိက္ခာလွန်းလှပြီး ဧကရာဇ်တစ်ပါး၏ ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်စုံနေသည်။
“အရှင်မင်းမြတ်ကို သတင်းပို့ပါတယ်၊ အရှင်မင်းမြတ် ရှာခိုင်းတဲ့ ဖုန်းရွှေသခင်ကို ရှာတွေ့ပါပြီ။ အခု တံခါးအပြင်မှာ စောင့်ခိုင်းထားပါတယ်"
“အင်း၊ သူ့ကို ဝင်ခွင့်ပေးလိုက်ပါ”
ရှောင်းကျဲယွိက ခေါင်းညိတ်ပြလိုက်ပြီး ထိုဖုန်းရွှေသခင်ကို အိမ်ထဲသို့ ခေါ်လာရန် လီဖူဟိုင်ကို အမိန့်ပေးလိုက်သည်။
လီဖူဟိုင် ရှာတွေ့ခဲ့သော ဖုန်းရွှေသခင်က အသက်လေးဆယ်ကျော်ရှိပုံပေါ်နေသည့် တာအိုကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူက တာအိုဦးထုပ်နှင့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး လောကီနှင့် ကင်းကွာနေသော မသေမျိုးတစ်ယောက်၏အသွင်အပြင်မျိုးကို ထုတ်ဖော်ပြသထားသည်။
ရှောင်းကျဲယွိက လီဖူဟိုင်ကို သူ မည်သူ ဖြစ်ကြောင်း မဖော်ပြရန် ညွှန်ကြားထားပြီး လီဖူဟိုင်က ထိုစကားကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ထို့ကြောင့် ဤတာအိုကျင့်ကြံသူက ရှောင်းကျဲယွိကို ဧကရာဇ်မှန်း မသိနေပေ။
သို့သော် ထိုတာအိုကျင့်ကြံသူက အိမ်ထဲသို့ ဝင်လာပြီး ရှောင်းကျဲယွိကို တွေ့လိုက်သည်နှင့် အံ့အားသင့်ဟန် ပြလာခဲ့သည်။ သူက လက်ဝါးတစ်ဖက်ကို ထောင်ကာ အခြားလက်တစ်ဖက်ထဲမှ မြင်းမြီးသားယပ်ကို ထိုလက်ပေါ်သို့ ဝှေ့ယမ်းပြီး တရိုတသေ ဦးညွှတ်လိုက်သည်။
“ကောင်းကင်ဘုံရဲ့ စောင့်မမှုူနဲ့ လောကကြီး အေးချမ်းပါစေ.... ဒီအညတရတာအိုကျင့်ကြံသူက ဧကရာဇ်မင်းမြတ်ကို နှုတ်ခွန်းဆက်သပါတယ်”
ရှောင်းကျဲယွိ၏ မျက်နှာက မည်းမှောင်သွားပြီး လီဖူဟိုင်ကို ကြည့်နေသည့် သူ့အကြည့်များက စူးရှလာသည်။
သူ ဘယ်သူကိုမှ မပြောဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့တယ်လေ။ ဒီလျှို့ဝှက်ချက်ကိုတောင် မထိန်းနိုင်တဲ့သူက ဘယ်လိုလုပ်ပြီး အရာရှိတာဝန်ကို ထမ်းဆောင်နိုင်မှာလဲ?
လီဖူဟိုင်၏ နဖူးမှ ချွေးများ စီးကျလာပြီး သူက ကမန်းကတန်း ဒူးထောက်လိုက်သည်။
"ကျွန်တော်မျိုး အရှင့်ရဲ့ အထောက်အထားကို ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး"
“အရှင်မင်းမြတ်၊ သခင်ကြီးလီကို အပြစ်မတင်ပါနဲ့။ သခင်ကြီးလီက ဒီအညတရာတာအိုကျင်ကြံသူကို ဘာမှ မပြောခဲ့ပါဘူး။ ဒီအညတရကျင့်ကြံသူက အရှင်ရဲ့မျက်နှာသွင်ပြင်ကနေ ခွဲခြားသိမြင်နိုင်ခဲ့တာပါ၊ အရှင့်ရဲ့ခန္ဓာကိုယ်မှာ နဂါးချီ ရှိနေပြီး အရှင့်ရဲ့ခေါင်းထက်က အရှိန်အဝါကလည်း ရွှေရောင်အလင်းတွေပါ"
ရှောင်းကျဲယွိက ကြောက်ရွံ့တုန်လှုပ်နေသော လီဖူဟိုင်ကို စိုက်ကြည့်နေသည်အား မြင်လိုက်ရသည့် တာအိုကျင့်ကြံသူက အပြုံးဖြင့် ရှင်းပြလာခဲ့သည်။
"ဒီလိုမျိုးတွေ ရှိတယ်လား?"
ရှောင်းကျဲယွိက ဘာကိုမှ မသိနေဟန်ဖြင့် ထိုတာအိုကျင့်ကြံသူကို စိုက်ကြည့်လိုက်ပြန်သည်။ အမှန်တကယ်တွင် သူ့၏မွေးစားဖခင်က သူ့ကို ဂမ္ဘီရဉာဏ်လက္ခဏာကျမ်း သင်ကြားပေးခဲ့ပြီး သူကလည်း သိချင်စိတ်ပြင်းပြစွာဖြင့် သူ့မွေးစားဖခင်၏ ရုပ်ရည်သွင်ပြင်၊ ကိုယ်ရည်ကိုယ်သွေးနှင့် လက်ဖဝါးဗေဒင်စသည့် စာအုပ်များကိုပင် ဖတ်ခဲ့ဖူးသည်။
လူတစ်ဦးက မျက်နှာသွင်ပြင်ကို ကြည့်ကာ ထိုလူ ချမ်းသာမည် ဆင်းရဲမည်ကို ပြောနိုင်သော်လည်း သူ့၏ခေါင်းထက်မှ ရွှေရောင်အလင်းတန်းအား မြင်နိုင်သည်ဟူသော စကားကိုတော့ သူ လုံးဝ မယုံကြည်နိုင်သေးပေ။
“ဒီအညတရကျင့်ကြံသူက လက်ရှိကျင့်ကြံနေတဲ့ ကောင်းကင်မျက်လုံးကျင့်စဥ်ကြောင့် အဲ့ဒိအလင်းတန်းတွေကို မြင်နိုင်တာပါ၊ သာမန်လူတွေကတော့ မြင်နိုင်မှာ မဟုတ်ဘူး”
တာအိုကျင့်ကြံသူက ဘဝင်မြင့်နေဟန်ဖြင့် မာန်ပါပါ ထပ်ပြောလိုက်သည်။
ရှောင်းကျဲယွိက သူ့မျက်ခုံးကို ပင့်တင်လိုက်သည်။
သူရဲ့ဆရာဦးလေးလိုမျိုး လုံလောက်တဲ့ စွမ်းအားရှိတဲ့သူကတောင် သူ့ခေါင်းထက်က အလင်းရောင်ကို မမြင်နိုင်ဘူးလေ။ ဒီတာအိုဘုန်းကြီးက တမင်တကာ လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်နေတာလား?
"ဒါဆို သူ့ခေါင်းထက်မှာ ဘယ်လိုအလင်းရောင်မျိုး မြင်ရလဲ?"
ရှောင်းကျဲယွိက လီဖူဟိုင်ကို လက်ညှိုးထိုးပြပြီး မေးမြန်းလိုက်သည်။
“ဒီသခင်ကြီးရဲ့ခေါင်းပေါ်မှာ အနီရောင်အလင်းတစ်ခု ရှိတယ်။ သူရဲ့ကံကြမ္မာက မော့ချန်ရဲ့ စီရင်စုအမတ်မင်းထက် အများကြီးသာလွန်နိုင်သေးတယ်။ သူ အောင်မြင်နိုင်တဲ့ အမြင့်ဆုံးနေရာကတော့ တတိယအဆင့်ရာထူးလောက်အထိ ဖြစ်နိုင်တယ်”
တာအိုကျင့်ကြံသူက ယုံကြည်မှုအပြည့်ဖြင့် လုံးဝသေချာနေသလို တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
စူးချင်းကလည်း အိပ်ရာမှ နိုးလာပြီး ဆေးကြောသန့်စင်ကာ အပြင်ထွက်လာခဲ့သည်။ ထို့ကြောင့် သူမလည်း ထိုတာအိုကျင့်ကြံသူ၏စကားကို ကြားလိုက်ရသည်။ စူးချင်းက အပြင်မထွက်တော့ဘဲ အတွင်းခန်းထဲတွင် ရပ်နေရင်း တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ယုံကြည်မှုရှိရှိ ပြောနေသည့် ထိုလူကို တွေ့သွားခဲ့သည်။
ဦးခေါင်းထက်က အလင်းရောင်ကို ကြည့်လိုက်တာနဲ့ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ခန့်မှန်းနိုင်တယ်ပေါ့လေ။
“အစ်ကိုကြီး”
ထိုအချိန်တွင် ကျုံးယုံက တံခါးအပြင်ဘက်မှ ဝင်လာသည်။ သူက မနေ့ညက အနောက်ဘက်တောင်ပံရှိ အခန်းတွင် နေထိုင်ခဲ့ပြီး သူ့အဖေနှင့် အမေကို ကန်တော့ရမည့်အကြောင်းများ စဉ်းစားနေခဲ့သည်။ ထို့ကြောင့် သူ ကောင်းကောင်း မအိပ်နိုင်ဘဲ အစောကြီး နိုးနေကာ မျက်နှာသစ်ဆေးကြောပြီး အပြင်ထွက်လာခဲ့သည်။ သခင်လီက တာအိုကျင့်ကြံသူတစ်ယောက်ကို ခေါ်ဆောင်လာကြောင်း သူ သိလိုက်ရပြီး အခြေအနေကို မေးမြန်းရန် ဝင်လာခဲ့သည်။
“အချိန်ကိုက်ပဲ၊ သူ့ခေါင်းပေါ်က အလင်းရောင်ကို ကြည့်လိုက်ပါဦး"
ရှောင်းကျဲယွိက ကျုံးယုံ ဝင်လာသည်ကို မြင်သွားပြီး လက်ညှိုးထိုးကာ ထပ်မေးလိုက်သည်။
“ဒီမိတ်ဆွေလေးရဲ့ခေါင်းပေါ်မှာ အဝါရောင်အလင်းတန်း ရှိတယ်။ အနာဂတ်မှာ သူက ပထမအဆင့်အရာရှိ ဖြစ်လာလိမ့်မယ်”
ထိုတာအိုကျင့်ကြံသူက ကျုံးယုံကို အကဲခတ်လိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြန်ဖြေလိုက်သည်။
"ငါ... ငါက.... ပထမအဆင့်အရာရှိလား? အဓိပ္ပာယ်မရှိတာ၊ ပေါက်ကရတွေ”
ထိုစကားကို ကြားလိုက်ချိန်တွင် ကျုံးယုံက ခေါင်းယမ်းလိုက်ပြီး ထိုတာအိုကျင့်ကြံသူကို သံသယဖြင့် လှမ်းကြည့်လိုက်သည်။
ဒါက လူလိမ်တစ်ယောက် ဖြစ်နိုင်လား?
ထိုအချိန်တွင် စူးချင်းက အနောက်ဘက်ခန်းထဲမှ ထွက်လာပြန်သည်။ သူမက သာမန်အစေခံမိန်းကလေးများ ဝတ်လေ့ရှိသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့တိုင်အောင် ထိုတာအိုကျင့်ကြံသူက သူမကို မြင်သည်နှင့် အံ့ဩထိတ်လန့်သွားဟန်မျိုး ဖြစ်လာခဲ့သည်။
.........။.........။...........