အခန်း (၉၅-၉၆)
Vol. 8 Ch. 95-96
အပိုင်း ၉၅
ရှုရွှမ်းက စားဖိုမှူးတစ်ယောက်ဖြစ်ပြီး သူနှင့် ဝမ့်ရင်းတို့က လက်ထပ်ပြီးပြီ ဖြစ်တာတာင် သူတို့က ဘာလို့ အမြဲတမ်းလိုလို ယဥ်ကျေးနေရတာလဲ။
အခုဆိုရင် ဝမ့်ရင်းက ရောက်လာပြီး ရှုရွှမ်းကို စကားအနည်းငယ် ပြောဖို့အတွက် မီးဖိုချောင် အနောက်ထဲသို့ ဝင်သွားခဲ့သည်။ တကယ်လို့ လူတွေက ဘာမှ မစားချင်တဲ့အခါ သူတို့က အပြင်မှာ အလိုက်တသိ စောင့်နေကြလိမ့်မည် ဖြစ်သည်။ သို့သော် လီရင်းကတော့ အဲ့နေရာမှာ ထိုင်ပြီး ရှဲ့ယွဲ့ကျင်းကိုတောင် မနှုတ်ဆက်ဘဲ သူမဘာသာပဲ မှာယူနေခဲ့သည်။
စားပွဲထိုးမက အနည်းငယ် နောင်တရလာခဲ့သည်။ ရှဲ့ယွဲ့ကျင်းက ပိုက်ဆံ ယူတဲ့အခါ အရမ်း သတ္တိနည်းတာကို သူမက သိနေခဲ့ပြီး ပထမဆုံး အကြိမ်ကတည်းက သူမဟာ သဘောမတူခဲ့သင့်ပါ။
အခုဆိုရင် သူမက နှစ်လလောက် အသုံးမကျ ဖြစ်နေသော်လည်း ပိုပြီး စိတ်သက်သာရာ ရကာ ပိုက်ဆံလည်း ရှာနိုင်ခဲ့သည်။ သို့သော် သူမက လီရင်းအကြောင်း ပြောဖို့ကိုတော့ ပါးစပ် မဟရဲပါ။
စားပွဲထိုးက ဒေါသတကြီးဖြင့် ရှဲ့ယွဲ့ကျင်းအား မီးဖိုချောင်ထဲမှ အော်ခေါ်လိုက်သည်။ “ဆရာရှဲ့၊ အမရင်းက ကျောက်ဖရုံသီးနဲ့ အသားလုံး စွပ်ပြုတ် လုပ်ခိုင်းနေတယ်။”
ကျောက်ဖရုံသီး နည်းနည်းနှင့် အသားလုံး များများ စတဲ့ တောင်းဆိုမှုကိုတော့ ထည့်ပြီး မပြောခဲ့ပါ။
တစ်ယောက်ယောက်က စားဖို့ ရောက်လာတဲ့အခါ စားပွဲထိုးသည် ဘာအထူးတောင်းဆိုမှုကိုမှ မီးဖိုချောင်ထဲသို့ ပြောပြလိမ့်မည် မဟုတ်ပါ။
သူမတော့ စိတ်ညစ်နေပြီ။ မင်းကြိုက်ရင်တော့ မင်းစားလေ။
သို့သော် ထိုအကြောင်းပြချက်အပြင် အခုဆိုရင် နိုင်ငံပိုင် စားသောက်ဆိုင်တွေမှာ တန်ဖိုးတစ်ခုရှိတဲ့ အနေအထားမျိုးတွေ ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုအနေအထားက မင်းရဲ့ စားသုံးသူထံကနေ ပိုက်ဆံ ဘယ်လောက် ယူရမယ် ဆိုတာမျိုး မဟုတ်ပေမယ့် မင်းရဲ့ ဆိုင်ထဲမှာ ရှိတဲ့ ပစ္စည်းတွေက စစ်မှန်တဲ့ ပစ္စည်းတွေပဲမလား။
အသားပေါက်စီတွေကို ဥပမာထားလိုက်။ လက်မှတ်တွေရဲ့ ပမာဏကို ပေါက်စီတွေရဲ့ အရေအတွက်နဲ့ အရည်အသွေးအပေါ်မှာပဲ ဆုံးဖြတ်တာပင်။ စစ်ဆေးတဲ့သူ ရောက်လာရင် သူတို့က ပေါက်စီတွေရဲ့ အဆာပလာတွေနဲ့ အရွယ်အစားကို စစ်ဖို့အတွက် ချိန်ကြည့်ကြလိမ့်မယ်။ အဲ့ပေါက်စီတွေကို သတ်မှတ်ချက်နဲ့အညီ ပစ္စည်း အစစ်အမှန်ကိုပဲ သုံးရမှာ။
အဲ့ဒါကြောင့် နိုင်ငံပိုင် စားသောက်ဆိုင်တွေက စီမံတဲ့နေရာတွေမှာ တင်းကြပ်သည်။ စားဖိုမှူးက ဘယ်လောက်ပဲ ကပ်စေးနဲပါစေ ကိစ္စမရှိဘဲ အဲ့ဒါကို လုပ်မယ့် သူ့ရဲ့အရည်အချင်းကိုပဲ အရမ်း သတ်မှတ်ထားတာ။ သူတို့က ပိုပြီး လက်ပေါက်ကပ်တဲ့ လူမျိုးနဲ့ ကြုံခဲ့ရင် သူက ပြဿနာ ရှာလိမ့်မည်။
ဒီလို သဘောထားမျိုးဖြင့် ရှုရွှမ်းက အလုပ်ကို ကောင်းကောင်း လုပ်ခဲ့သည်။ သူက ဝမ့်ရင်းအတွက် ဖက်ထုပ်တွေ မှာပေးသည့် အခါတိုင်းမှာ ဖက်ထုပ် တစ်ခုချင်းစီ၊ တစ်ဝက်စီ၏ စံနှုန်းအရ ပိုက်ဆံပေးသည်။ သို့သော် ရှဲ့ယွဲ့ကျင်း အလှည့်မှာတော့……
ဟဟ၊ ထားလိုက်စမ်းပါ။
မင်းကသာ တကယ် ကျောက်ဖရုံသီးနဲ့ အသားလုံး စွပ်ပြုတ်ကို အသားတွေ အများကြီးနဲ့ စားချင်တယ်ဆိုရင် အဲ့ဒါကို အိမ်မှာပဲ လုပ်စားလို့ရတယ်။
စားပွဲထိုးမက အရမ်း ဉာဏ်ကောင်းသည်။ သူမသည် အစကတည်းက ဆောင်းတွင်းမှာ ခွင့်လိုချင်ခဲ့သည်။ သို့သော် သူမက ဟိုတယ်သို့ ပြန်လာပြီးနောက် တစ်ခုခု မှားနေတာကို သိခဲ့ရသည်။ ရှဲ့ယွဲ့ကျင်းအပေါ် ရှုရွှမ်းရဲ့ အပြုအမူတွေက အရင်လို လျစ်လျူရှုတာမျိုး မဟုတ်ဘဲ လုံးဝကို အပေါ်ယံသာ ဖြစ်နေခဲ့သည်။
သူတို့နှစ်ယောက်က မီးဖိုချောင်ထဲရှိ အလုပ်တွေကို ခွဲယူထားကြသည်။ ရှုရွှမ်းသည် နှစ်သစ်ကူး မတိုင်ခင်ကထက် ပိုပြီး သတိထားသည်။ ဟင်းလျာ မှာယူမှုများကို မှတ်ထားသော စာအုပ်ကို ဒီတိုင်းပဲ ဖွင့်မထားခဲ့သော်လည်း သူက ဒါတွေကို ဘယ်က ရလာလဲဆိုတာ ဘယ်သူကမှ မသိပါ။
ဝမ်ကောတုန်းကလည်း သူ့ရဲ့ စိတ်အနေအထားကို သိသာအောင် ပြခဲ့သည်။ အခုဆိုရင် သူက ဆိုင်ထဲကို ဝင်လာသည့် အချိန်တိုင်း အရင်ဆုံး ဆိုင်ထဲက အခြေအနေကို ရှဲ့ယွဲ့ကျင်းအား မေးခဲ့သည်။
စားပွဲထိုးက ငတုံးငအ မဟုတ်ပါ။ သူက ဝမ်ကောတုန်ရဲ့ အနောက်ကို လိုက်ဖို့သာ ရွေးချယ်ခဲ့သော်လည်း ဒါဟာ ရှဲ့ယွဲ့ကျင်းနဲ့ သူ့ကောင်မလေးကို ကပ်တွယ်နေမှာလို့ ဆိုလိုခြင်း မဟုတ်ပါ။
အဲ့မျက်နှာတွေကို မေ့ထားလိုက်။ နင်က လီရင်းရဲ့ မျက်နှာထားကို ကြိုက်နိုင်မယ်လို့ တကယ်ထင်လား။
စားပွဲထိုးရဲ့ အသံက သိပ်ပြီး ဖော်ရွေမနေသော်လည်း ရှဲ့ယွဲ့ကျင်းရဲ့ စိတ်ထဲမှာတော့ မြန်မြန်လေး အလုပ်လုပ်ပြီး ဘာတွေ ဖြစ်နေလဲဆိုတာကို ချက်ချင်းပဲ သိသွားခဲ့သည်။
လီရင်းက သူ့ကိုတွေ့ဖို့ လာခဲ့ပြီး ဟင်းတွေ ပိုမှာပေးဖို့ ပြောခဲ့သည်။
အဲ့ဒါကို ကြည့်ပြီး ပြောလို့ရတယ်။ သူ့မှာ လူတွေနဲ့ သိပ်အဆင်မပြေတဲ့ အကျင့်မျိုး ရှိတာ သေချာသည်။
ရှဲ့ယွဲ့ကျင်းက တိတ်တိတ်လေး စောဒက တက်ခဲ့သည်။ သူက မြို့ထဲတွင် အလုပ်ရှိသည့် မိန်းကလေးမျိုးကို ရှာချင်ခဲ့ပြီး လီရင်းလိုလူမျိုး ရှာတွေ့ဖို့ဆိုတာက မလွယ်ပါ။ မိသားစုထဲရှိ အစ်ကိုတွေက အလုပ်သမားတွေ ဖြစ်သည့်အတွက် သူက ဝန်လေးနေစရာ မလိုသလို သူ့ရဲ့ ညီငယ်ကိုလည်း မထောက်ပံ့ပေးရတော့ပါ။ သူကလည်း ဓာတ်ဗူးစက်ရုံက အလုပ်သမားဖြစ်ပြီး သူ့လစာဖြင့် အိမ်တစ်လုံးကို ရှာနိုင်သည်။
ရှဲ့ယွဲ့ကျင်း၏ အမြင်အရ လီရင်းလို မိန်းကလေးကို ပိုင်ဆိုင်ရဖို့က အရည်အချင်းများစွာ လိုအပ်တာ သိသာသည်။ သူက ဆောင်းတွင်း တစ်တွင်းထဲမှာတင် ယွမ်ငါးရာကျော်ကို ရှာနိုင်ခဲ့သည်။
သို့သော် သူတို့နှင့် အတူတူ ရှိပြီးသည့်နောက် ရှဲ့ယွဲ့ကျင်းက အနည်းငယ် လွှမ်းမိုးခံရသလို ခံစားခဲ့ရသည်။
သူက မီးဖိုချောင်ထဲတွင် ပြောခွင့်ဆိုခွင့် ရှိသူဆိုပြီး ပြောကာ လီရင်းကို လိမ်ခဲ့သည်။ သို့သော် လီရင်းကတော့ သူ့ကို အပြင်လူလို့ မသတ်မှတ်ခဲ့ပါ။
ဆောင်းတွင်းမှာ သူက စားစရာများကို စားပြီး ယူသွားရုံသာမက သူ့ရဲ့ ခယ်မကိုပါ စားဖို့ သောက်ဖို့အတွက် နှစ်ကြိမ်၊ သုံးကြိမ်လောက် ခေါ်လာခဲ့သေးသည်။ သူမကို ဂရုစိုက်ဖို့ ရှဲ့ယွဲ့ကျင်းက ခနခန ပြောခဲ့သည်။ သတင်းတွေသာ ပေါက်ကြားသွားပါက လီရင်းကို ညစာစားဖို့ ခေါ်သွားရရုံသာမက သူ့ရဲ့ အလုပ်ကို ထိန်းထားဖို့ ခက်ခဲသွားလိမ့်မည် ဖြစ်သည်။
အဲ့ဒါကို စစကြားကြားချင်းမှာ လီရင်းက တကယ်ကို ခနလောက် ကြောက်သွားခဲ့သည်။ သူမက အရာရာကို သူမရဲ့ ယောင်းမအား ရှင်းပြပြီး ဘယ်သူ့ကိုမှ မပြောဖို့ကိုလည်း သူမကိုယ်သူမ ကတိပေးခဲ့သည်။
သိပ်မကြာခင်မှာပဲ လီရင်းက သူမရဲ့ နည်းဟောင်းများအတိုင်း ပြန်သွားခဲ့သည်။
သူမနှင့်အတူ ဘယ်သူ့ကိုမှ ခေါ်မလာခဲ့ပါ။ သို့သော် သူမက ဒီနေရာကို ရက်နည်းနည်းလောက် ကြာပြီးမှသာ လာခဲ့သည်။
ဆောင်းတွင်းပြီးတဲ့နောက် နောက်ထပ် အလိမ်အညာ တစ်ခုဖြစ်သည့် ရုတ်တရက် စားသောက်ဆိုင်ကို စားဖိုမှူး အသစ်တစ်ယောက် ရောက်လာတော့မည် ဖြစ်သည့်အတွက် အခုကနေစပြီး သူတို့ နှစ်ယောက်က မီးဖိုချောင်ထဲတွင် တာဝန်ရှိသူတွေ ဖြစ်ကြတော့မယ်ဆိုပြီး ပြောကာ သူမကို ပိုပြီး တည်တည်ငြိမ်ငြိမ် နေဖို့အတွက် တောင်းဆိုခဲ့သည်။
အစပိုင်းတွင် ရှဲ့ယွဲ့ကျင်းသည် သူ့ကောင်မလေးရဲ့ အရှေ့မှာ သူ့ပုံရိပ်ကို ထိခိုက်စေသည့် စကားများကို ပြောဖို့အတွက် ဆန္ဒမရှိသော်လည်း လီရင်းကတော့ တော်တော် ဖြစ်နေသည်။ သူမသည် အလုပ်က ပြန်ပြီး နေ့လည်ခင်းတိုင်းမှာ ဆိုင်ကိုလာပြီး အသားဟင်းများစွာ မှာယူခဲ့သည်။
သူမလည်း အသားပေါက်စီတွေ စားရတာ ရိုးနေပြီ။ အဲ့ဒါကြောင့် အကြော်၊ အလှော်တွေ စမှာနေတာ။
ရှဲ့ယွဲ့ကျင်းသည် ရှုရွှမ်းရဲ့ အရှေ့မှာ ဘာလှည့်ကွက်တွေကိုမှ မသုံးရဲခဲ့ပါ။ ထို့အပြင် သူက အချိန်တိုင်း လက်မှတ်များကို ပေးရမည် ဖြစ်သည်။
နေ့တိုင်း စားသောက်ဆိုင်မှာ လာစားနေတာက ရှဲ့ယွဲ့ကျင်းကို တစ်လတည်းနှင့် ယွမ်၄၀ နီးပါး ကုန်စေသည်။
ဘယ်သူက ဒါကို ခံနိုင်မှာလဲ။
ရှဲ့ယွဲ့ကျင်း၏ မူလ ရည်ရွယ်ချက်မှာ လီရင်းကို ပိုပြီး ငြိမ်ငြိမ်နေပြီး မကြာခဏ ဆိုင်ကို မလာဖို့ တောင်းဆိုရန် ဖြစ်သည်။
ရလဒ်အနေဖြင့် လီရင်းက သူ့စကားတွေရဲ့ နောက်ကွယ်က ဝှက်ထားသော အဓိပ္ပါယ်ကို လုံးဝ မကြားနိုင်ခဲ့ဘဲ ရောက်လာမည့် စားဖိုမှူးက အချက်အပြုတ်မှာ ရှဲ့ယွဲ့ကျင်းလောက် ကောင်းမှာမဟုတ်ဘူးဟု အတော်လေး ယုံကြည်ချက်ရှိရှိ ပြောခဲ့သည်။
ရှဲ့ယွဲ့ကျင်းက အမှန်တရားကို ပြောနိုင်ဖို့ သူမရဲ့ နားတွေကို ဆွဲပြီး အော်မှသာ ရလိမ့်မည်။
ငါ မင်းစားဖို့ ဘာမှ မလုပ်ပေးဘူး။
ဒီအချိန်မှာပဲ ရှဲ့ယွဲ့ကျင်းက လီရင်း ကျောက်ဖရုံသီးနှင့် အသားလုံး ဟင်းချို မှာတဲ့ အသံကို ကြားလိုက်ရသည့်အခါ သူက ရှုရွှမ်းကို အယုံသွင်းရန် ကြိုးစားကြည့်ဖို့ ပြုံးရုံသာ ပြုံးပြနိုင်ခဲ့သည်။
“အစ်ကိုရှု၊ ကျွန်တော့်ကို ကယ်ပါဦး။ ကျွန်တော့်ကို ကျောက်ဖရုံသီးနဲ့ အသားလုံး ဟင်းချို လုပ်ပေးပါ။”
ထိုစကားကို ပြောပြီးနောက် သူသည် ရှုရွှမ်းရဲ့ အိတ်ကပ်ထဲသို့ ငါးဆယ်ဆင့်ကို ထိုးထည့်ပေးလိုက်သည်။
ရှဲ့ယွဲ့ကျင်းက သက်ပြင်းချခဲ့သည်။ တစ်ယောက်ယောက်က ဟင်းပွဲများ မှာသည့်အခါ ရှုရွှမ်းက လုပ်ပေးရမည်။ ဒါဟာ ရှုရွှမ်းရဲ့ အလုပ်ပဲ ဖြစ်သည်။
သို့သော် ဟင်းပွဲများကို မှာယူသူမှာ လီရင်း ဖြစ်နေကတည်းက ရှုရွှမ်းသည် ဘာစားစရာကိုမှ မထိခဲ့ပါ။ သူမက သူ့ရဲ့ ကောင်မလေးဖြစ်ပြီး သူ့ကို ချက်ပြုတ်ပေးဖို့ ကောင်မလေးက မှာခဲ့သည့်အတွက် သူက စားစရာတွေကို မထိဘူးဟုသာ ပြောခဲ့သည်။
ဒီဟာက ရှဲ့ယွဲ့ကျင်းကို ထောင့်နားသို့ တွန်းပို့ခဲ့သည်။ သူက သူ့ရဲ့ ဟင်းချက်စွမ်းရည်ကို ကောင်းကောင်း သိနေခဲ့သည်။ သူက ဖက်ထုပ်နှင့် ပေါက်စီကိုသာ ကောင်းကောင်း လုပ်တတ်သည်။ သူလုပ်တဲ့ အခြားဟင်းတွေက ရှုရွှမ်းရဲ့ လက်ရာလောက် မကောင်းတာ သေချာသည်။ သူက လီရင်းမှာထားသည့် ဟင်းပွဲ အချို့ကိုတောင် မလုပ်ခဲ့ပါ။
သူက တစ်ခုခု မှားနေတာကို လီရင်း ရိပ်မိသွားမှာ စိုးရိမ်သည့်အတွက် သူက ရှုရွှမ်းကို ကောင်းကောင်းပြောပြီး အချိန်တိုင်း ပိုက်ဆံ ပေးနေခဲ့သည်။
ဘာစိတ်မှမပါဘဲ ပိုက်ဆံကို ပေးခဲ့ပြီး ရှုရွှမ်းရဲ့ စိတ်ရှုပ်စရာ တစ်ခုခုကို ရှာဖို့ နည်းလမ်း တစ်ခုလည်း ရှဲ့ယွဲ့ကျင်းမှာ ရှိမနေခဲ့ပါ။
ရှုရွှမ်းက အပြင်ထွက်ပြီး လီရင်းကို အမှန်တရား သွားပြောမှာကို ကြောက်နေတယ်လို့ သူ့ကို ဘယ်သူကပြောလဲ။
သူက ဒီလိုမျိုး ကိုယ့်လွတ်ရုန်းပြီး ကိုယ့်ကိုကိုယ် စိတ်မသက်မသာဖြစ်အောင် လုပ်ပြီး လူတိုင်းအပေါ်မှာ ဘာမှမသိသလို ဟန်ဆောင်နေလို့ရသည်။
ရှုရွှမ်းက တုံ့ဆိုင်းနေခြင်း မရှိဘဲ ပိုက်ဆံကို ယူကာ စွပ်ပြုတ်ကို စတင် ချက်ပြုတ်ခဲ့သည်။
ကျောက်ဖရုံသီးတွေကို လှီးပြီး ဖက်ထုပ်ထဲမှာ ဌာပနာဖို့ အသုံးပြုသော အသားများကို ထုတ်ပြီး အရသာတွေဖြူးကာ ကြမ်းကြမ်းလေး ထုရိုက်နေခဲ့သည်။ အိုးဆူလာသည့်အခါ အိုးထဲ ကျောက်ဖရုံသီးတွေ ပစ်ထည့်ခဲ့သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် မွှေပြီး အသားလုံးတွေ ခပ်ထုတ်ဖို့ ဇွန်းတစ်ချောင်ကို သုံးခဲ့သည်။ လုံးထားသော အသားလုံးတွေက အိုးထဲမှာ ပေါ်လိုက်မြုပ်လိုက် ဖြစ်နေခဲ့ပြီး လုံးလုံးလေးနှင့် အရသာရှိသည်။
ရှုရွှမ်းက အသားလုံးတွေကို ခပ်ထုတ်ဖို့အတွက် သံဇွန်းကြီးကို သုံးခဲ့ပြီး ပန်းကန်လုံးကြီးနှင့် ပြင်ပေးခဲ့သည်။
ရှဲ့ယွဲ့ကျင်းသည် စားပွဲထိုးအား ဘေလ်ကိုပေးဖို့ အပြင် ထွက်လာခဲ့သည်။ ထိုအတွက်လည်း သူက စကားကောင်းတွေ အနည်းငယ် ပြောခဲ့သေးသည်။ သူပြန်လာတဲ့အခါ ရှုရွှမ်းက နှစ်ပန်းကန် လုပ်ထားတာကို တွေ့ခဲ့ရသည်။
သူက စိတ်လောသွားခဲ့သည်။ “ကျွန်တော် တစ်ပန်းကန်ပဲ လိုချင်တာ။”
သူက ရှင်းရှင်းလင်းလင်း ပြောခဲ့တယ် မဟုတ်ပါလား။ သူက တစ်ပန်းကန်ထဲဟုသာ ပြောခဲ့သည်။
ရှုရွှမ်းက အေးတိအေးစက် မျက်နှာထားဖြင့် ပြောခဲ့သည်။ “နောက်တစ်ပန်းကန်က ငါ့မိန်းမအတွက်။”
သူက ထိုစကားကို ပြောပြီး ပိုက်ဆံကိုထုတ်ကာ စားပွဲထိုးကို ပေးလိုက်သည်။ ထို့နောက် ကျောက်ဖရုံသီးနှင့် အသားလုံး ဟင်းချိုကို ယူပြီး ထွက်သွားခဲ့သည်။
လီရင်းသည် ခန့်ညားတဲ့ ယောက်ျားတစ်ယောက်က စွပ်ပြုတ်ပန်းကန်ကို သယ်ပြီး မီးဖိုချောင်ထဲမှ ထွက်လာတာကို မြင်တဲ့အခါ အဲ့နေရာမှာပဲ တိတ်တဆိတ် ထိုင်နေခဲ့သည်။ အစပိုင်းမှာ သူမက အံ့သြသွားခဲ့သော်လည်း ထို့နောက်မှာ ပျော်သွားခဲ့သည်။
“ဟေး၊ ဟေး၊ ဒီမှာ။”
သူ့ကို လုပ်ဖော်ကိုင်ဖက်လို့တောင် မခေါ်ဘဲ သူက ရှုရွှမ်းကို အမိန့်တွေ စပေးခဲ့သည်။
လီရင်းက လှပသည်။ သူမ ကျောင်းတက်တုန်းက အချို့လူတွေက သူမထံ တိတ်တဆိတ် စာရေးပြီး ပေးခဲ့ကြသည်။ သို့သော် ဘယ်ကောင်လေးက ရှုရွှမ်းရဲ့ ပုံစံနှင့် ယှဥ်လို့ ရနိုင်ပါ့မလဲ။
သူမက ရုတ်တရက် ကြည့်လိုက်ပြီး ဂုဏ်ယူသွားခဲ့သည်။
သူက ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ ကိစ္စမရှိဘဲ သူမရဲ့ ကောင်လေးကိုသာ ကူညီရမည် ဖြစ်သည်။
သို့သော် ဒီလို ကြည့်ကောင်းတဲ့ လူတစ်ယောက်က ကိုယ့်ကို စားဖို့သောက်ဖို့ လာချပေးတာကို မြင်ရတာက တကယ့်ကို ကြည်နူးဖို့ကောင်းသည်။
လီရင်းသည် ပျော်ရွှင်စွာ လက်ပြခဲ့ပြီး စွပ်ပြုတ်က သူမ မှာထားတဲ့ဟာဟု အော်ပြောခဲ့သည်။
ရှုရွှမ်းက သူမကိုတောင် မကြည့်ခဲ့ပါ။ ဒီနှစ်တွေမှာ စားဖိုမှူး တစ်ယောက်အနေဖြင့် ဟင်းပွဲတွေ လိုက်ချပေးရတာက သူ့ရဲ့အလုပ် လုံးဝ ဟုတ်မနေခဲ့ပါ။ သူက ဝမ့်ရင်းစားဖို့ သွားချပေးတုန်းကသာ အတော်လေး တက်ကြွနေခဲ့သည်။
စားသောက်ဆိုင်ထဲတွင် လီရင်းနှင့် ဝမ့်ရင်းတို့ ရှိနေရုံသာမက အဲ့ညမှာ သောက်ဖို့အတွက် လာကြသော လူတွေအများကြီး ရှိနေခဲ့သည်။ အခုဆိုရင် သူတို့က နံရံပေါ်ရှိ မီနူးကို ငေးကြည့်ပြီး ဘယ်လို မှာရမလဲဆိုတာကို ဆွေးနွေးနေခဲ့ကြသည်။ သူတို့က လီရင်းရဲ့ အော်သံကို ကြားတဲ့အခါ တစ်ပြိုင်နက်တည်း လှည့်ကြည့်ခဲ့ကြသည်။
လီရင်းသည် သူမရဲ့ လက်တွဲဖော် ရှဲ့ယွဲ့ကျင်းက ရုပ်ဆိုးသော်လည်း သူမကို မျက်နှာသာ ပေးတာက အတော်လေး အထောက်အကူ ဖြစ်တယ်ဟု ခံစားခဲ့ရတာ ဂုဏ်ယူနေခဲ့သည်။
ရှုရွှမ်းက တည့်တည့် မလာတာကို မြင်တဲ့အခါ လီရင်းသည် ဒီလူက ဘာလုပ်မလဲဆိုတာကို မသိဘူးဟု ခံစားနေရဆဲ ဖြစ်သည်။
သူမက မတ်တပ် ထရပ်ခဲ့သော်လည်း ရှုရွှမ်းက သူမနားမှာ ပတ်နေဆဲ ဖြစ်သည်။
“ငါ နင့်ကို ပြောနေတာလေ။ အဲ့ကျောက်ဖရုံသီးနဲ့ အသားလုံးက ငါမှာထားတာဟဲ့။ အခုချက်ချင်း အဲ့ဒါကို ငါ့ဆီ ယူလာခဲ့ပေး။”
ရှုရွှမ်းက သူမကို လျစ်လျူရှုထားဆဲ ဖြစ်သည်။
လီရင်းက အနည်းငယ် စိတ်တိုသွားခဲ့သည်။ “ဟေး၊ နင် ငါပြောတာကို မကြားဘူးလား။ မြန်မြန်လာခဲ့။”
ရှုရွှမ်းက ဝမ့်ရင်းရဲ့အရှေ့က စားပွဲခုံပေါ်မှာ ပန်းကန်ကို ထားပြီး ပြောခဲ့သည်။ “ကိုယ့်အထင် မင်းလည်း ဗိုက်ဆာနေလောက်ပြီ။ အရင် စားထားလိုက်။ ပြီးမှ ကိုယ် မင်းအတွက် ပေါက်စီ ယူလာပေးမယ်။”
လီရင်း - ......
ဝမ့်ရင်းသည် သူမနှင့် နာမည်တူသည့် ဒီမိန်းမကြောင့် ရှက်သွားခဲ့ရသည်။
သူမက ရှုရွှမ်းကို တီးတိုး ပြောခဲ့သည်။ “အကုန်လုံးရော အဆင်ပြေရဲ့လား။”
အခုအခြေအနေကို တမင်လုပ်တာ မဟုတ်ဘူးလို့ ပြောဖို့ဆိုတာက ခက်ခဲသည်။
ရှုရွှမ်းက ခေါင်းခါပြခဲ့သည်။ ဒါက တကယ်ကို တိုက်ဆိုင်မှုတစ်ခု ဖြစ်သော်လည်း သူက ရှဲ့ယွဲ့ကျင်းရဲ့ ကောင်မလေးကို တကယ် ကြည့်မရပါ။
မီးဖိုချောင်ထဲမှာ သူတာဝန်ကျတုန်းက ရှဲ့ယွဲ့ကျင်းက တိတ်တိတ်နေရသည်။ သို့သော် အချိန်တိုင်း စားဖို့အတွက် ရှဲ့ယွဲ့ကျင်းရဲ့ ကောင်မလေးက ရောက်လာခဲ့ပြီး တစ်ချိန်လုံး မီးဖိုချောင်ထဲကို ချောင်းကြည့်နေခဲ့သည်။ အဲ့ဒါက စိတ်ရှုပ်ဖို့ကောင်းသည်။ သူက သူမကို ရှောင်တဲ့အခါတိုင်း သူမကို မြင်ပါ မမြင်ချင်ပါ။ လွန်ခဲ့သော ရက်အနည်းငယ်တုန်းက ရှဲ့ယွဲ့ကျင်းသည် မီးဖိုချောင်ထဲမှာ တာဝန်ရှိသူဟု ဆိုပြီး ဘယ်လိုမျိုး တာဝန်ယူထားရတယ် ဆိုတာကို ထိုအမျိုးသမီး ပြောနေတာ ကြားခဲ့ရသည်။ အဲ့ဒါက ရှုရွှမ်းကို မျက်လုံးပါ ပြူးသွားစေခဲ့သည်။
ဒီလူသာ ရှက်တတ်ရင် ဒီကို ထပ်ပြီး မလာတော့တာက အကောင်းဆုံးပဲ ဖြစ်လိမ့်မည်။
လီရင်းသည် ရှုရွှမ်းက သူမအား လျစ်လျူရှုသွားတာကို မြင်သော်လည်း ရှဲ့ယွဲ့ကျင်းက စွပ်ပြုတ်ပန်းကန်နှင့် သူမထံ အပြေးလေး လာခဲ့သည်။
“ရန့်ဇီ၊ ကြည့်လိုက်။ စွပ်ပြုတ်က အသားလုံးတွေ အများကြီးနဲ့ အဆင့်သင့်ပဲ။”
လီရင်းက ရုတ်တရက် သွေးခုန်နှုန်းတွေ မြန်လာပြီး သူမရဲ့ နားရွက်တွေက ရဲသွားသည်။ အခုလေးတင် သူမက အမှားတစ်ခုကို လုပ်ခဲ့တာလား။ သူမဘေးက စားနေတဲ့ ယောက်ျားများက သူမကိုကြည့်ပြီး တီးတိုး ပြောနေခဲ့သည်။ လီရင်းသည် အရင်က ဒီလောက်ထိ တစ်ခါမှ အရှက်မရခဲ့ဖူးဘူးဟု ရုတ်တရက် ခံစားခဲ့ရသည်။
ဘယ်လို ကျောက်ဖရုံသီးနဲ့ အသားလုံးမျိုးပါလိမ့်။ အခုဆိုရင် သူမက ဒီဟင်းရည်ကို ဘယ်တော့မှ ထပ်မမှာမိဖို့သာ ဆုတောင်းနေခဲ့သည်။
လီရင်းက ရှဲ့ယွဲ့ကျင်းကို တွန်းထုတ်ပြီး သူမရဲ့ မျက်နှာကို လက်ဖြင့်ကွယ်ကာ ထွက်ပြေးရင်း ရှဲ့ယွဲ့ကျင်းကို အနောက်မှာ ဒီအတိုင်းပဲ ထားခဲ့သည်။
ကိစ္စတစ်ခုလုံး ကြည့်နေတဲ့ စားပွဲထိုးက နွေရာသီမှာ ရေခဲရေ သောက်ရသလိုကို ပျော်နေခဲ့သည်။
သူမက အဲ့လိုဖြစ်ဖို့ ထိုက်တန်တယ်။
'နင့်ကို သူဌေးမလို ဟန်ဆောင်ဖို့ ခွင့်ပြုထားတာလေ။ နင်က တကယ့် စားဖိုမှူးရဲ့ မိန်းမနဲ့မှ တွေ့သွားရတယ်လို့။'
ဝမ့်ရင်းက တစ်ခနလောက် ပြောစရာ စကားမရှိ ဖြစ်သွားခဲ့ရသည်။ ရန့်ဇီလို့ခေါ်တဲ့ ကောင်မလေးက မထွက်သွားမှာ သူမကို ကြည့်ဖို့ မမေ့ခဲ့ပါ။
မဟုတ်သေးပါဘူး။ အဲ့ဒါက သူမနဲ့မှ မဆိုင်တာ။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၉၆
ဝမ့်ရင်းက ခေါင်းကိုလှည့်ပြီး သူမအရှေ့ရှိ ကြက်သွန်မြိတ်များ ဖြူးထားသည့် ကျောက်ဖရုံသီး ဟင်းရည်ကို ကြည့်ခဲ့သည်။ အဲ့ဒါက အတော်လေး အရသာရှိသည်။
'ဘယ်သူက ဂရုစိုက်လို့လဲ။ ကမ္ဘာကြီးက အကြီးကြီးလေ။ ဒါပေမယ့် အဲ့ထဲမှာမှ စားရဖို့က အရေးအကြီးဆုံးပဲ။'
ဝမ့်ရင်းက ကျေကျေနပ်နပ်နှင့် ဟင်းရည်ကို စသောက်ခဲ့သည်။ ကျောက်ဖရုံသီးကို နူးနေအောင် ချက်ထားပြီး သူရဲ့ အရသာက အံ့ဩဖို့ကောင်းလောက်အောင် စားကောင်းသည်။ အသားလုံးတွေကလည်း ဝါးရလွယ်သည်။ ပေါက်စီနှင့်ဆိုရင် သူမက မကုန်ခင်မှာဘဲ ဗိုက်တင်းနေပြီ ဖြစ်သည်ဟု ခံစားခဲ့ရသည်။
ဝမ့်ရင်းက သူမရဲ့ဗိုက်ကို ကိုင်ပြီး ပြောခဲ့သည်။ “ကျွန်မ ထပ်မစားနိုင်တော့ဘူး။”
မကြာခင်မှာ ရာသီဥတုက ပူလာခဲ့ပြီး အားအင်တွေ ကုန်ဆုံးလာမှုက ဆောင်းတွင်းနှင့် ယှဥ်ကြည့်ပါက လျှော့သွားခဲ့ပြီ ဖြစ်သည်။ နာလန်ပြန်ထပြီးနောက် ဝမ့်ရင်းရဲ့ အစားစားချင်စိတ်မှာ အရင်ကလောက် မဆိုးတော့ပါ။ သူမစားခဲ့တဲ့ အဟာရတွေက သူမရဲ့ မျက်နှာပေါ်မှာ ပြန်ပြီး ထင်ဟပ်နေသည်။ သူမရဲ့ဆံပင်က သိပ်ပြီး မသန်သော်လည်း ဆံပင်အဖျားနားမှာ ရှုပ်နေခဲ့သည်။ အစတုန်းက ခြောက်သွေ့ပြီး ဝါနေတဲ့ သူမရဲ့ ဆံပင်တွေက ပိုပြီး နက်မှောင်လာခဲ့သည်။
သူမရဲ့ အသားအရည်ကလည်း မကျန်းမာတဲ့ အဝါရောင်ကနေ ဖြူသွားခဲ့သည်။ အခုဆိုရင် သူမရဲ့ အသားရည်က ဖြူဖွေး၊ စိုစွတ်ပြီး နူးညံ့သည်။
သူမရဲ့ မျက်လုံးတွေကလည်း တောက်ပပြီး ခြောက်သွေ့သော ကန္တာရထဲမှာ ရုန်းကန်ပြီး နောက်ဆုံးမှ ပွင့်လန်းလာခဲ့ရသော ပန်းလေးသဖွယ် လှပနေခဲ့သည်။ သူတို့က အားနည်းပြီး ပိန်သော်လည်း သွက်လက်မှု အပြည့် ဖြစ်နေခဲ့သည်။
ဝမ့်ရင်းက မစားနိုင်တော့ဘူးဟု ပြောတဲ့အခါ ရှုရွှမ်းက ကျန်နေသေးတဲ့ စွပ်ပြုတ်နှင့် ဟင်းရည်ကို ယူပြီး တစ်ထိုင်တည်း စားလိုက်သည်။
အခုဆိုရင် ဝမ့်ရင်းက သူမစားနိုင်တဲ့ ပမာဏကို ချုပ်ထိန်းဖို့ ပြဿနာ ရှိသည့်အတွက် ရှုရွှမ်းက သူမကျန်တဲ့ စားစရာများကို မကြာခန ပိုပိုပြီး စားလာခဲ့ရသည်။
ဝမ့်ရင်းက ရှုရွှမ်း ကုန်အောင်စားတာကို ပြုံးပြီး ကြည့်နေခဲ့ကာ ချမ့်တုန် ပေးလိုက်သော နေကြာစေ့ အချို့ကို သူ့အား ပေးခဲ့သည်။ သူတို့ နှစ်ယောက်က စကားတစ်ခွန်းမှ မပြောခဲ့ကြဘဲ ရှုရွှမ်းက အခြားသူတွေအတွက် ချုပ်ပေးဖို့ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။
သူတို့ဟာ ညနေပိုင်း စက်ဘီးကိုတွန်းပြီး မပြန်ခင် အလုပ်တွေ ပြီးသွားတဲ့အထိ စောင့်နေခဲ့ကြသည်။
ဝမ့်ရင်းသည် ဒီနေ့ ကောင်စီဆေးရုံနှင့် ချမ့်တုန်ရဲ့ နေရာမှာ ကြုံခဲ့ရတဲ့ ယောင်ရွှင်းကျင်းရဲ့ အကြောင်းကို ရှုရွှမ်းအား ပြောပြခဲ့သည်။ ယောင်ရွှင်းကျင်းရဲ့ ကိစ္စက ညှိနှိုင်းရ လွယ်ပြီး ဂျင်ဆင်းရိုင်းကို ရှာဖို့က အချိန်ယူရလိမ့်မည်။ သူမသည် မကြာခင်ကမှ နေ့တိုင်း တောင်ပေါ်ကို တက်ဖို့အတွက် စီစဥ်ထားပြီး အရင်ဆုံး အနီးနားမှာ ရှာဖို့ရန် ကြည့်လိုက်သည်။ သူမသာ ရှာနိုင်ပါက ဟိုးတောင်ပေါ်ထိ သွားစရာ လိုတော့မည် မဟုတ်ပါ။
ခွေးအိုကြီးရဲ့ ကိစ္စအတွက်ကတော့ ဝမ့်ရင်းက အကြံဉာဏ် တောင်းဖို့အတွက် ရှုရွှမ်းကို မေးရမည် ဖြစ်သည်။
ထို့အပြင် သူမတွင် အဖွဲ့ထဲက လူတွေရဲ့ အသိဉာဏ်လိုပဲ ကန့်သတ်ချက်တွေ ရှိသည်။ လောင်ကုန်းနှင့် သူမတို့ရဲ့ တစ်ခုတည်းသော ပတ်သက်မှုသည် အရင်တစ်ခေါက်က သူမ ရိုက်ခဲ့ခြင်းသာ ဖြစ်သည်။ အရင်ဆုံး ဒီအကြောင်းကို ရှုရွှမ်းအား ပြောပြတာက သူမအတွက် အကောင်းဆုံး ဖြစ်လိမ့်မည်။
ရှုရွှမ်းက လောင်ကုန်းအကြောင်းကို ပြန်တွေးမိခဲ့သည်။ “အဲ့ မြေပြိုကျတဲ့ အချိန်တုန်းက သူကလည်း အကောင်းတိုင်းပါပဲ။ သူက သေရမှာကို ကြောက်နေပြီး မတ်တပ်တောင် မရပ်နိုင်ဘူး။ အဲ့တော့ သူ့ကို လူနာဆောင်ဆီ ပို့လိုက်ကြတာ။ သူ့မှာ တစ်ခြားပြဿနာတွေ ရှိတယ်ဆိုပြီး ပြောတဲ့အသံတော့ ကိုယ်လည်း မကြားမိဘူး။”
လူအိုကြီးက သူ့ရဲ့ခြေထောက်သည် ညှပ်သွားပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ ကျန်းမာရေးက ရက်အနည်းငယ်လောက် အလုပ်ရှုပ်နေခဲ့သည့် လူငယ်တွေထက်တောင် ပိုကောင်းတယ်ဟု ပြောခဲ့သည်။
ဝမ့်ရင်းက စဥ်းစားလိုက်သည်။ “ဒါဆို ကျွန်မကို ပြောပြပါဦး။ အဲ့နေ့တွေတုန်းက ကျွန်မအမေ ဘာတွေဖြစ်ခဲ့လဲဆိုတဲ့ အကြောင်းတွေကို ဘယ်ကနေ ရနိုင်မလဲ။”
ဝမ့်ရင်းသည် မူလပိုင်ရှင်ရဲ့ အမေဖြစ်သူက ပိုက်ဆံပဲ ချန်ထားခဲ့မယ်ဆိုတာကို မယုံခဲ့ပါ။ ပိုက်ဆံအပြင် မူလပိုင်ရှင်ရဲ့ အဖေအကြောင်း ဘာတစ်ခု မပြောခဲ့ဘူးလား။
ဒါက ဖြစ်မှမဖြစ်နိုင်တာ။
ရှုရွှမ်းက ခနလောက်တွေးပြီး ပြောခဲ့သည်။ “ကိုယ်တို့ သွားမေးလိုက်တာက ရှာဖို့ ပိုပြီး လွယ်ကူသွားလောက်မလား။”
လောင်ကုန်းက အရမ်း အာချောင်သည့်သူမျိုး ဖြစ်သည်။ တကယ်လို့ သူသာ တစ်ခုခုကို သိခဲ့ပါက သေချာပေါက် ပြောပြလိမ့်မည်။ သူက ဘာမှမပြောသေးဘူးဆိုတာ သူလည်း ဘာမှမသိတာ ဖြစ်နိုင်သလို သူက တစ်ခုခုကို ကြားခဲ့သော်လည်း အဲ့ဒါကို အရေးတကြီး မလုပ်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
အဲ့တော့ အသေးစိတ် မေးဖို့အတွက် မင်း တစ်ယောက်ယောက်ကို ရှာရဦးမှာ။
ဝမ့်ရင်းက အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ “ကျွန်မတို့ နှစ်ယောက်လုံး သူ့ကို ရိုက်ရင်ရော သူက အမှန်တိုင်း ပြောမှာလား။”
ရှုရွှမ်းက သူမကို ထူးဆန်းစွာ ကြည့်လိုက်သည်။ “မင်းက ဘာလို့ အဲ့လိုမျိုး ထင်တာလဲ။ အခုချိန်မှာ သူလိုချင်တာက ပြောဖို့ စိတ်အားထက်သန်နေတာပဲ။”
ဒါက အံ့ဩစရာတော့ မဟုတ်ပါ။ လောင်ကုန်းကို ရှုရွှမ်းရိုက်လိုက်တဲ့ဒဏ်က သူ့ကို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမျိုး ဖြစ်သွားစေခဲ့သည်။
မနှစ်ကတည်းက အခုထိ နှစ်ဝက်လောက်ကို လောင်ကုန်းက ရှုရွှမ်းအား ရှောင်နေခဲ့သည်။
ဝမ့်ရင်း - “ဟုတ်ပြီ။ မနက်ဖြန်ကျရင် ကျွန်မတို့ သူ့ကို သွားမေးရအောင်။”
ရှုရွှမ်း - “ဟင့်အင်း။ ဒီညသွားမယ်။”
တကယ်လို့ မင်းက မေးခွန်းတွေမေးဖို့ ညသန်းခေါင်ကြီး အဲ့လူကို သွားနှိုးရင် သူက သိချင်တာမှန်သမျှ ပြောပြမှာ သေချာသည်။
တပ်မဟာရဲ့ သစ်သီးခြံက အခြားတောင်ခြေမှာ ရှိသည်။ နေရာကတော့ သိပ်မကျယ်ပါ။ စိုက်ပျိုးဖို့ မြေကွက်တစ်ခု ရရှိရန် ထျန်းယိုဖုက အတော်လေး အားစိုက်ခဲ့ရသည်။
အစပိုင်းမှာတော့ တပ်မဟာထဲရှိ လူတွေက နားမလည်ခဲ့ဘဲ ဒါဟာ အချိန်ကုန်လူပင်ပန်းတဲ့ ကိစ္စတစ်ခုဟုသာ တွေးခဲ့ကြသည်။ တောင်ပေါ်မှာ မက်မွန်သီးနှင့် စွံပလွံသီးကဲ့သို့ သစ်သီးပင်များစွာရှိပြီး အချို့ကို အမြဲတမ်း စားလို့တောင်ရသည်။ အဲ့ဒါကို သူတို့က ဘာလို့ သစ်သီးခြံ ဆောက်ရဦးမှာလဲ။
သို့သော် ဒီအချက်တွေကပဲ ထျန်းယိုဖုသည် အမြင်ကျယ်ဆိုတာကို သက်သေပြနေခဲ့သည်။
သစ်သီးခြံကို ဆောက်ပြီးနောက် ထျန်းယိုဖုက စုံစမ်းမှုများကို ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ သစ်သီးခြံထဲတွင် ပန်းသီးနှင့် ဆူးနှင်းဆီများကို စိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့သည်။
ပထမဆုံး ဒီနှစ်ပင်လုံးက ခံနိုင်ရည်ရှိပြီး ပြောင်းရွှေ့စိုက်ပျိုးဖို့ လွယ်ကူသည်။ ဒုတိယ အနေနဲ့ကတော့ ဒီအပင်နှစ်မျိုးက အအေးဒဏ် ခံနိုင်တဲ့ အပင်မျိုး ဖြစ်သည်။ အဲ့တော့ သူတို့ကို စိုက်ပျိုးပြီးရင် ဆောင်းတွင်းကြောင့် အပင်နုတွေက အေးခဲပြီး သေမှာကိုလည်း စိတ်ပူဖို့ မလိုတော့ပေ။
သစ်သီးခြံက သိပ်မကြီးသော်လည်း အဲ့ဒါကို တည်ဆောက်ပြီး သုံးနှစ်အတွင်း အဲ့ဒါရဲ့ ချိုမြိန်တဲ့ အကျိုးရလဒ်ကို အဖွဲ့သားများက ခံစားခဲ့ရသည်။
စက်တင်ဘာနှင့် အောက်တိုဘာလကို ရောက်တိုင်း အရင်ဆုံး သူတို့တွေက သစ်သီးတွေ သွားကောက်ပြီး လူတိုင်းကို ဝေငှကြသည်။ ပြီးရင် သူတို့က အဲ့ဒါတွေကို ကောက်ပြီး အသီး ကုမ္ပဏီကို ဆက်သွယ်သည်။ ဘာလို့လဲဆိုတော့ ပို့ဆောင်ရေးတွေက သိပ်ပြီး အဆင်မပြေတာကြောင့်ပင်။ နောက်ဆုံးတော့ သူတို့ ပိုက်ဆံတွေ အရမ်း မရှာနိုင်ပေ။
ထျန်းယိုဖုက ပိုက်ဆံတွေ အကုန်လုံးကို ညီတူမျှတူ မခွဲပေးခဲ့သော်လည်း အဖွဲ့ရဲ့ ရန်ပုံငွေအဖြစ် တစ်ပုံကို ဖယ်ထားပြီး ကျန်တဲ့ အထဲကမှ တစ်ပုံကို နှစ်နှစ်တောင် ပေးခဲ့သည်။
ဒီနှစ် ပိုက်ဆံတွေ ခွဲတဲ့အခါကျရင် တစ်အိမ်ထောင်ကို ဆယ်ယွမ်စီ ရလိမ့်မယ်ဟု ရှုရွှမ်းက ပြောခဲ့သည်။
ဒါက အရမ်းကြီး မများသော်လည်း နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး တစ်ပြားမှ မရသော အခြား တပ်မဟာများနှင့် ယှဥ်ကြည့်ပါက ခုနစ်ခုမြောက် တပ်မဟာရဲ့ ဆက်ဆံပုံက ထူးခြားနေခဲ့သည်။
ထို့ကြောင့် လူတိုင်းက သစ်သီးခြံကိုသာ အတော်လေး အာရုံစိုက်ခဲ့ကြသည်။ ဆာလောင်နေသော မိသားစုများက အသီးများ ထိခိုက်ပြီး အဖွဲ့ရဲ့ စီးပွားရေးနှင့် သူတို့ရဲ့ ကိုယ်ပိုင် ဝင်ငွေများကို ဖျက်စီးမိမှာ စိုးသည့်အတွက် သူတို့ရဲ့ ကလေးများကိုတောင် သစ်သီးခြံထဲသို့ မသွားခိုင်းပါ။
ဝမ့်ရင်းက အဲ့တန်ဖိုးကို သိပြီးနောက် သူမက သစ်သီးခြံထဲကို လာခဲသည်။ ထို့ကြောင့် သူမက သစ်သီးခြံထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်ဖို့ ရှုရွှမ်းနှင့် လိုက်လာသည့်အခါ သူမက အံ့ဩသွားခဲ့သည်။
“ဒီနေရာက တကယ်ကို မိုက်တာပဲ။ ဒါပေမယ့် ဒီမှာရှိတဲ့ အပင်တွေက နည်းနည်းလေး။”
နေရာက အရမ်းကျဥ်းတယ်။ ပြီးတော့ နှစ်စဥ် ထောက်ပံ့ပေးတာက အနီးအနားက ကောင်စီ မြို့တွေကိုပဲ ပေးတာ။ ဝေးဝေးမှာနေတဲ့ လူတွေအတွက်ကျ မလောက်တော့ဘူး။
ရှုရွှမ်း - “ဒါ လုံလောက်ပါပြီ။ တကယ်လို့ အဲ့ဒါက ပိုဝေးသွားရင် အသီးတွေက မရောက်ခင် မကောင်းဘဲ ဖြစ်ကုန်လိမ့်မယ်။”
ပန်းသီးတွေ သိမ်းဖို့က လွယ်သည်။ ဒါပေမယ့် ဆူးနှင်းဆီတွေကတော့ မခြောက်သွားအောင် အကြာကြီး သိမ်းထားလို့ မရနိုင်ပေ။
ဝမ့်ရင်းကြည့်ရတာ တွေဝေသွားခဲ့သည်။ “အဲဲဒါကို ဗူးနဲ့ ထည့်ရင်ရော။”
ဗူးနဲ့ထည့်ထားတဲ့ ဆူးနှင်းဆီတွေဆိုတာက ရှားပါးတဲ့ ပစ္စည်းပဲ။ အသီးတွေကို ဒီအတိုင်း ရောင်းရုံနဲ့ ခုနစ်ခုမြောက် တပ်မဟာက စျေးကောင်းတစ်ခု မရနိုင်ပေ။ အဲ့တော့ ဆူးနှင်းဆီတွေကို ဗူးနဲ့ထည့်တာက ပိုကောင်းလိမ့်မည်။ အဲ့လိုဆို အဝေးကြီးထိ ပို့လို့လည်းရပြီး စျေးကောင်းလည်း ရလိမ့်မည်။
ရှုရွှမ်း - “အဲဲဒါက ဘယ်လိုလုပ် လွယ်မှာလဲ။ အစိုးရက အဲ့ဒါကို လက်ခံဖို့ မပြောနဲ့ဦး၊ စက်ကို ရဖို့ဆိုတာက အရမ်း စျေးကြီးတာ။ အဲ့တော့ ဘယ်သူကမှ သဘောတူမှာ မဟုတ်ဘူး။”
ရှုရွှမ်းက ဝမ့်ရင်းကို သစ်သီးခြံထဲရှိ အပင်တွေကြားထဲသို့ ဆွဲခေါ်သွားပြီး အနားမှာလည်း ပစ္စည်းတွေထားသည့် အိမ်ထဲတွင် ပုန်းနေခဲ့သည်။
အကြောင်းမှာ မကြာခင်ကမှ ခွေးအိုကြီးသည် မစင်သယ်ရသည့် သူ့ရဲ့အလုပ်ကြောင့် အရမ်း အလုပ်ရှုပ်နေခဲ့သည်။ ညဆိုရင် သူက သစ်သီးခြံထဲ၌ အိပ်ရသည်။ ထို့ကြောင့် ရှုရွှမ်းက ဝမ့်ရင်းကို အချိန်မတိုင်ခင် အဲ့မှာ ပုန်းနေဖို့ ခေါ်သွားခဲ့ပြီး ထိုအကြောင်းကို မေးဖို့အတွက် ညကျမှ အပြင်ထွက်လာမည် ဖြစ်သည်။
သူတို့နှစ်ယောက်သည် ညစာ စားပြီးနောက် ရောက်လာပြီး လူတွေအားလုံး အိပ်ပျော်ပြီးမှ မေးဖို့အတွက် စီစဥ်ထားခဲ့သည်။
ခွေးအိုကြီးသည် စားရင်း ခြံစောင့်အဖွဲ့သား တစ်ယောက်နှင့် စကားပြောနေခဲ့သည်။ ခွေးအိုကြီးသည် လယ်ကွင်းထဲ၌ အလုပ် လုပ်ရတာကို မကြိုက်ပါ။ သူ့ကို ပေးထားတဲ့ စားစရာကလည်း မလောက်ပါ။ ဆောင်းကုန်ပြီးနောက် ခွေးအိုကြီးသည် သူ့ရဲ့ စားစရာ အများစုကို စားလိုက်ပြီ ဖြစ်ပြီး ပိုက်ဆံလည်း ကုန်တော့မည် ဖြစ်သည်။ ထို့ကြောင့် သူစားရသည်မှာ အားလူးနှင့် ပြောင်းဆန် ဒါမှမဟုတ် ဂျုံမှုန့်နှင့် ဂေါ်ဖီတို့ မဟုတ်ဘဲ တောင်ပေါ်မှ ခူးလာခဲ့သော အသီးအရွက်များကို စားရသည်။
သူက ခေါက်ဆွဲနှင့် သိုးသားကို ရောပြီး ဆားထည့်ကာ အိုးထဲတွင် ပေါင်းလိုက်သည်။ သူက အဲ့ဒါတွေ ဘယ်လိုနေလဲဆိုတာကို မကြည့်ဘဲ တစ်ကြိုက်ထဲ မော့ချလိုက်သည်။ အသီးအရွက်ချည်းပဲ စားနေရတာက သူ့ကို ဗိုက်မပြည့်စေပါ။ ထို့ကြောင့် သူက ဗိုက်ကြည့်အောင် ရေအေးကိုသာ သောက်ခဲ့ရသည်။
စားပြီးသောက်ပြီးနောက် ခွေးအိုကြီးက အပြင်ထွက်ပြီး သွားကြားထိုးဖို့အတွက် သစ်ကိုင်းခြောက်လေး တစ်ခုကို ချိုးခဲ့သည်။
သစ်သီးခြံကို စောင့်နေသော လူကြီးက ရယ်ပြီး ပြောခဲ့သည်။ “ဦးလေးကုန်း၊ ကျွန်တော့်ကို ယောက်ျားအပေါ်မှာ ဖောက်ပြန်သွားတဲ့ မုဆိုးမ အကြောင်းကို ပြောလို့ မပြီးသေးဘူးမလား။ အဲ့အကြောင်း ဆက်ပြောပြပါဦး။”
ခွေးအိုကြီးက သူ့သွားကြားထိုးတံကို ယူပြီး ဂုဏ်ယူစွာ ပြောခဲ့သည်။ “ အဲ့ဒါက လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်တုန်းကပေါ့ကွာ။ မိသားစု တစ်ခုမှာ အသက်ငယ်တဲ့ မုဆိုးမ တစ်ယောက် ရှိတယ်။ သူက အရမ်း နန့်တာ။ တစ်နေကုန် သူ့ဖင်ကြီးကို လှုပ်ပြီး အဖွဲ့ထဲမှာ လမ်းပတ်လျှောက်နေတာ။”
ခွေးအိုကြီးက အသက်ကြီးပြီး မိန်းမမရှိပါ။ သူက သူ့မိန်းမကို အရမ်း လွမ်းသည့်အတွက် ဇာတ်လမ်းများကို စပြီး ဖန်တီးခဲ့သည်။ သူက ထပ်ထည့်ပြီး သူကြားခဲ့သမျှ ကောလဟာလများကို ပြောင်းလဲပြီး တောကို စောင့်ရှောက်နေသည့် အဖွဲ့သားငယ်များအား အံ့ဩပြီး လက်ခံအောင် လုပ်နိုင်ခဲ့သည်။
ဝမ့်ရင်းက ပြတင်းပေါက် အပြင်ဘက်မှာ ထိုင်နေပြီး ရှုရွှမ်းက သူ့ရဲ့ခေါင်းကို မှီထားခဲ့သည်။
ရှုရွှမ်းက မျက်မှောင်ကို ကြုတ်လိုက်ပြီး အရင်တစ်ခေါက်က ခွေးအိုကြီးကို ရိုက်ခဲ့တာ မလောက်သေးဘူးပဲဟု ခံစားနေခဲ့သည်။ ဒီလူက ပေါက်ကရတွေ ပြောပြီး အရမ်း မနာလိုစိတ် ရှိနေပုံကာ ရိုက်ခံရဖို့ တကယ် ထိုက်တန်သည်။
ဝမ့်ရင်းကလည်း ပြောစရာ စကားမရှိ ဖြစ်သွားခဲ့သည်။ လောင်ကုန်းသည် လူတွေရဲ့ ဒီလိုမျိုး စိတ်ကူးယဥ်ထားသည့် ကိစ္စတွေကို ပြောနေချိန် သူ့ရဲ့မျက်နှာကို သူမ စိတ်ကူးနိုင်ခဲ့သည်။ သူ့ရဲ့မျက်နှာက တဏှာစိတ် ဖြစ်နေမယ်ဆိုတာကို အာမခံနိုင်သည်။
သူက ရိုက်ခံရဖို့ တကယ် ထိုက်တန်သည်။
သို့သော် လောင်ကုန်းက နောက်ကွယ်မှာ အဓိပ္ပါယ်မရှိတာတွေကို ပြောပြီး သူပြောသည့်အတိုင်း ပိုပိုပြီး ရုတ်ရင်းကြမ်းတမ်းလာမည်ကိုတော့ ဝမ့်ရင်းက မထင်ထားခဲ့ပါ။
“ငါ မင်းကို ပြောနေတာကကွာ၊ မင်းဦးလေးက မိန်းမ မရှာနိုင်ဘူးဆိုပေမယ့် ငါက အမြင်တော့ စူးရှတယ်။ ငါက တစ်ချက် ကြည့်လိုက်ရုံနဲ့ အဲ့မိန်းမရဲ့ အရောင်အမှန်ကို ပြောနိုင်တယ်။”
“ငါတို့ရဲ့ နေရာကို ပို့ခံလိုက်ရတဲ့ အော်ပရာ အဆိုတော်လိုပေါ့။ စကြည့်လိုက်ကတည်းက သူက လူကောင်း မဟုတ်ဘူး။ မင်းသိလား။ ဒီလိုလူတွေက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မတည်ထောင်ခင် ကတည်းက လမ်းကြို လမ်းကြားတွေကနေ ရောက်လာကြတာ။ ကျွတ်၊ ကျွတ်။ သူတို့က ကြားကောင်းအောင် အော်ပရာ အဆိုတော်ဆိုတဲ့ နာမည်ကို သုံးတာ။ ဒါပေမယ့် တကယ်တမ်းမှာတော့ သူတို့က ဒီလို အရာမျိုးတွေကို လုပ်ကြတာ။”
ဝမ့်ရင်းက အပြင်ကနေ ထိုစကားကို ကြားတဲ့အခါ ဒေါသထွက်သွားခဲ့သည်။
သို့သော် သူတို့က စိတ်ထဲမှာတော့ အသေ လုပ်ချင်နေကြသည်။
သစ်တောထိန်းသိမ်းတဲ့ လူငယ်လေးက ပြုံးပြီး စခဲ့သည်။ “ဦလေးကုန်း၊ အဲ့မိန်းမကိုပဲ ယူလိုက်ပါ။ သူက နောက်ကြောင်းမရှင်းဘူး ဆိုပေမယ့် သူ့ပုံစံကတော့ အဆင်ပြေတယ်လို့ ကျွန်တော်ထင်တယ်။ သူ့နောက်ကြောင်းက မကောင်းဘူး ဆိုပေမယ့်လည်း ဦးလေးက မျိုးဆက် သုံးဆက်လောက် ဆင်းရဲနေတာလေ။ တကယ်လို့ ဦးလေးသာ သူ့ကို ယူလိုက်ရင် သူက ဦးလေးအတွက် အကျိုးမယုတ်စေပါဘူး။”
ခွေးအိုကြီးက သူ့ရဲ့ခေါင်းကို မြန်မြန်ပဲ ခါပြလိုက်သည်။ “ဒီကောင်စုတ်လေးကတော့၊ မင်းရဲ့ ဦးလေးကို ဒုက္ခရောက်စေမယ့် ဘာကိုမှ တွေးတောင် မတွေးနဲ့။ သူက ငါ့ကို လာပြီး ကမ်းလှမ်းရင်တောင် ငါက သူ့လိုလူမျိုးကို မလိုချင်ဘူး။ ငါတို့မိသားစုက အရမ်း ဖြူစင်တယ်။ အဲ့ဒါကို ငါက ဘာလို့ ဒီလိုလူမျိုးကို လိုချင်တယ် ဖြစ်ရမှာလဲ။”
ထိုလူငယ်က ရယ်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ သူက လောင်ကုန်းကို လက်ထပ်ခိုင်းတာဟာ စနေရုံ သပ်သပ်သာ ဖြစ်သည်။ ဒီခေတ်မှာ မကောင်းတဲ့ သတင်းထွက်သည့် မိန်းမမျိုးကို ဘယ်သူကများ လက်ထပ်နိုင်ပါ့မလဲ။ ထို့အပြင် သူမက နောက်ကြောင်းမကောင်းရုံသာမက ပြစ်ချက်ရှိသည့်သူမျိုးလည်း ဖြစ်သည်။ ဘယ်သူကမှ သူမနှင့် မပတ်သက်ရဲကြပါ။
သူက ဘာတစ်ခုမှ မပြောခဲ့သော်လည်း အခုလေးတင် သူ့ရဲ့စကားတွေက လောင်ကုန်းရဲ့ ရင်ထဲကို မီးပွားများ လောင်သကဲ့သို့ ဖြစ်သွားခဲ့သည်။
သူတို့နှစ်ယောက်က အခန်းကိုပြန်ပြီး မအိပ်ခင် ခနလောက် စကားပြောနေခဲ့သည်။ ခွေးအိုကြီးက ဟိုလှည့်ဒီလှည့် လုပ်နေပြီး သူ့ရဲ့စိတ်ထဲတွင် လူငယ်လေးပြောလိုက်သော စကားများက နေရာအပြည့် ယူသွားခဲ့သည်။
ငါက မကောင်းတဲ့သူကို ဘယ်တော့မှ လက်မထပ်ဘူး။
ဒါပေမယ့် ချမ့်ရှုဖန်းလို့ခေါ်တဲ့ မိန်းမက တပ်မဟာဆီ ပထမဆုံးအကြိမ် ရောက်လာတုန်းက သူမကို ကြည့်ရတာ အသက်ကြီးပြီး ပိန်ပိန်လေးဆိုပေမယ့် သူမရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကတော့ လှနေတုန်းပဲလို့ သူ ထင်သည်။
လောင်ကုန်းက အိပ်ရာထဲတွင် အမောတကော လှည့်လိုက်သည်။ သူက သူ့မှာမရှိတဲ့ အရာတွေ စဥ်းစားနေတယ်ဆိုတာကို သိလိုက်သည်။
သို့သော် သူက အဲ့ဒါကို မထိန်းချုပ်နိုင်ပါ။