ပါးလွှာသော လေထုထဲတွင် ဖြစ်တည်လာသော သန္ဓေသား (3)
Vol. 34 Ch. 334
ရှင်းမိသားစုချွေးမ မသေဆုံးခင်က အကြီးဆုံးသမီးမှာ ယောက်မဖြစ်သူက သူမမောင်လေးကို ဖောက်ပြန်နေပြီး တခြားကောင်စုတ်တစ်ကောင်၏ ကလေးကိုလွယ်ထားသည်ကိုမြင်တော့ အလွန်ပင်ဒေါသထွက်ခဲ့သော်ငြား မစ္စရှင်းကဲ့သို့ သူမကို ရိုက်နှက်ဆူဆဲခြင်းမပြုလုပ်ခဲ့ချေ။
အကြီးဆုံးသမီးက ရှင်းမိသားစုချွေးမဆီ မကြာခဏလာကာ အမှန်တရားကို ပြောရန်နှင့် ကလေးကို ဖယ်ရှားကာ သူမမောင်လေးနှင့် ကောင်းကောင်းမွန်မွန်နေထိုင်ရန် စည်းရုံးလေ့ရှိသည်။
သမီးယောက်မနှစ်ယောက်မှာ ယခင်က တစ်ခါမျှစကားမများခဲ့ဖူးပေ။
သို့သော်လည်း ရှင်းမိသားစု ချွေးမသေဆုံးပြီးနောက်တွင် သူမကိုကောင်းကောင်းဆက်ဆံခဲ့ဖူးသည့် အကြီးဆုံးသမီးကို သတ်လိုက်လေသည်။
တခြားသော သက်လတ်ပိုင်းအမျိုးသားလေးယောက်အတွက်မူ သူတို့က ရှင်းမိသားစုချွေးမနှင့် ဆန့်ကျင်ခဲ့သည့်ဖြစ်ရပ်မျိုး မရှိခဲ့ဖူးပါချေ။
သူတို့က ရှင်းလော့အာနှင့် ဆက်ဆံရေးကောင်းရှိကြသည်။
သူတို့မှာ အလုပ်အတူလုပ်ကြရန် ရွာမှထွက်လာကြသည့် အုပ်စုတစ်ခုတည်းမှဖြစ်ကာ သူတို့ကို အလုပ်စုဆောင်းပေးပြီး ကိစ္စရေးရာများ စီမံပေးသည့် စာချုပ်ချုပ်သူ အလုပ်သမားခေါင်းဆောင်တစ်ဦးတည်း၏ ဦးဆောင်မှုခံကြရသူများဖြစ်သည်။
သူတို့နှင့် ရွာမှ တခြားရွှေ့ပြောင်းလုပ်သားများကြားတွင် မည်သည့်ကွဲပြားမှုမျိုးမျှ မရှိခဲ့ပါချေ။
သို့သော်လည်း သူတို့နှစ်တစ်ဝက်မျှ လုပ်ကိုင်ရှာဖွေထားရသော ပိုက်ဆံတို့ကို တစ်ရွာတည်းသား အလုပ်သမားခေါင်းဆောင်တစ်ယောက်က အကုန်ယူသွားခဲ့လေသည်။
ယင်းက လွန်ခဲ့သည့် ၂ နှစ်ကဖြစ်ခဲ့ခြင်းဖြစ်သည်။
သူတို့၏အလုပ်ကို စီစဉ်ပေးရသည့် လုပ်သားခေါင်းဆောင်မှာ အသက်နှစ်ဆယ်သာရှိသေးပြီး စိတ်မြန်လက်မြန်ရှိသည့် တစ်ရွာတည်းသား လူငယ်တစ်ဦးဖြစ်သည်။
သူက အခြေခံကျောင်းမှ ဘွဲ့ရပြီးနောက် အသက်မွေးဝမ်းကျောင်းပြုရန် မြို့ကြီးသို့တက်လာခဲ့သူလည်းဖြစ်သည်။
ထိုလူက သူတို့ထက်ပင် ငယ်သေးသော်လည်း မြို့ကိုရောက်နေသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ကာ စစ်မှုထမ်းဟောင်းတစ်ဦးပင် ဖြစ်နေလေပြီ။ သူက ရွာသားများကို အလုပ်ရှာပေးခြင်းဖြင့် ပိုက်ဆံရှာ၏။
ရှင်းလော့အာကဲ့သို့သော ဆောက်လုပ်ရေးလုပ်ငန်းက နေစရာ၊ စားစရာပေးကာ သူတို့ပိုကြိုးစားလေလေ၊ ပိုက်ဆံပိုရလေလေပင်။
သို့သော် ယေဘုယျအားဖြင့်မူ လုပ်ငန်းမပြီးခင်အထိ ပိုက်ဆံများက လုပ်သားခေါင်းဆောင်၏အကောင့်ထဲတွင်သာ ရှိနေသေးပြီး သူတို့ထံသို့ ရောက်မလာနိုင်ပေ။
အလုပ်များပြီးစီးသွားသည့်နောက်မှသာ လုပ်သားခေါင်းဆောင်က အောက်မှလူများကို ပိုက်ဆံပြန်ခွဲဝေပေးသည်ဖြစ်၏။
ရှင်းလော့အာနှင့် ဆယ်ယောက်ကျော်သော အဖွဲ့သားများက နှစ်ဝက်ကျော်ကြာအောင် ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သည်။
သူတို့ကို လုပ်အားလစာရှင်းရမည့်အချိန်သို့ ရောက်ချိန်တွင်တော့ လုပ်သားခေါင်းဆောင်က ရာထောင်ချီသော အများရန်ပုံငွေကို လောင်းကစားကြွေးများကြောင့် သုံးစွဲခားပြီးဖြစ်က် ထွက်ပြေးသွားခဲ့လေသည်။
ဤအခြေအနေက ရွာသားအုပ်စုကို ဒေါသထွက်စေခဲ့၏။
ထိုနေ့များတွင် သူတို့က လုပ်သားခေါင်းဆောင်၏ မိဘများအိမ်ရှေ့ နေ့တိုင်း ပိတ်ရပ်ကြပြီး သူတို့အိမ်ကို ဖြိုချင်ခဲ့ကြ၏။
သို့သော်လည်း အသုံးမဝင်ခဲ့ချေ။
နောက်ပိုင်းတွင် ရှင်းလော့အာနှင့် ကျန်ရှိနေသည့် လူများက တချို့သောအတွင်းလူများထံမှ သတင်းတချို့ကို ရရှိလိုက်ကြသည်။
ထိုအချိန်တွင် သူတို့ အလွန်ဒေါသထွက်သွားခဲ့ကြပြီး ထွက်ပြေးသွားသော လုပ်သားခေါင်းဆောင်ကို ဖမ်းချင်ကာ ပိုက်ဆံပြန်ယူချင်ခဲ့ကြသည်။
လူများက အလောတကြီး ထွက်သွားကြသော်လည်း မျက်နှာပေါ်တွင် ဖုန်များကပ်လျက် ရုပ်ဆိုးသောမျက်နှာတို့ဖြင့်သာ ပြန်လာခဲ့ပြီး လုပ်သားခေါင်းဆောင်မှာ ထွက်ပြေးနေဆဲဖြစ်ကြောင်းကို ပြောလာသည်မှာတော့ စိတ်မကောင်းစရာပင်။
သူတို့က တစ်နှစ်နီးပါး အလုပ်လုပ်ခဲ့ကြရသော်လည်း တစ်ပြားတစ်ချပ်မျှပင် မရခဲ့ပါချေ။
ဂရုတစိုက် စစ်ဆေးမှုအပြီးတွင် သေလွန်သူလေးဦးမှာ ရှင်းလော့အာနှင့် အတူထွက်ပြီး လုပ်သားခေါင်းဆောင်ကို ပိုက်ဆံတောင်ခဲ့ကြသူများဖြစ်သည်။
အသက်ရှင် ကျန်ရစ်သည့်တစ်ဦးတည်းသောသူမှာ သေသွားသောကောင်လေးဖြစ်သည့် ကွမ်ကျီ၏ဖခင်ပင်ဖြစ်၏။
ထိုကောင်လေးသေဆုံး၍ သူ့အလောင်းရှာတွေ့ပြီး များမကြာမီမှာပင် သူတို့မိသားစုတွင် အခြားမတော်တဆမှုတစ်ခုဖြစ်ခဲ့သေးသည်။
ထိုညနေက ခြံထဲတွင် ဝက်ပေါက်လေးများကို အစာကျွေးနေခဲ့ချိန်တွင် မိသားစုမှ အဖေဖြစ်သူက သူ့လည်ချောင်းကို တစ်ခုခုဖြင့် အဖြတ်ခံလိုက်ရလိုက်ရလေ၏။
ထို့နောက်တွင် ဒဏ်ရာမှ သွေးများပန်းထွက်လာရင်း မြေပေါ်လဲသွားသည်။
သူတို့၏မိသားစုတွင် “အကြီးအကဲ”ဟုခေါ်သော အနက်ရောင်ခွေးတစ်ကောင်ကိုလည်း မွေးထားသည်။ သူ့၏အမွေးများမှာ အနက်ရောင်စစ်စစ်ဖြစ်ပြီး တခြားအရောင်များ ရောနေခြင်းမရှိပေ။
သူက ပိုင်ရှင်နားတွင် ဝိုင်းပတ်နေခဲ့ပြီး အရိုင်ဆန်စွာ ဟောင်ကာ အူနေတော့သည်။ ထိုအသံက အိမ်ထဲမှ အခြားမိသားစုဝင်များ၏အာရုံကို ဆွဲမိသွားခဲ့သည်။
ကံကောင်းစွာဖြင့် ထိုလူ၏လည်ချောင်းမှာ လုံးဝပြတ်တောက်သွားခြင်းမဟုတ်ပါချေ။
သို့သော်လည်း သူ့လည်မျိုက အသံကြိုးများမှာ ထိခိုက်သွားသည်။သူ့ကို မကောင်းဆိုးရွားနှင့်ဆိုင်သည့်ကိစ္စတွင် တာဝန်ယူဖြေရှင်းပေးလေ့ရှိသည့် ခေါင်းကိုင်အဘွားဆီသို့ ပို့လိုက်ပြီး ကယ်တင်ခံရသည်။
သူက နာလန်ပြန်ထူနိုင်ရန်အတွက် အိမ်တွင် လှဲနေရဆဲပင်။
အကယ်၍ သူ့၏သွေးလွှတ်ကြောမကြီးကိုသာ ဖြတ်မိခဲ့ပါလျှင် ကျောက်စိမ်းဧကရာဇ်သည်ပင် ဆင်းကယ်နိုင်မည် မဟုတ်ပါချေ။
(T/n: ကျောက်စိမ်းဧကရာဇ် - သိကြားမင်း)
*
ထိုလူမှာ ထိုညက တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်မည်ဟု ရွာသားများ ပြောကြ၏။ သခင်ကိုကာကွယ်ပေးမည့် စိတ်ဝိညာဉ်အစွမ်းများနှင့် ခွေးနက်ကြီးသာ မရှိခဲ့ပါလျှင် သူသည်က အိမ်တွင် စိတ်မကောင်းဖွယ် သေဆုံးသွားရမည်ဖြစ်လေသည်။
ကောင်းမွန်သည့် အကျိုးဆောင်နိုင်ခဲ့သော ခွေးနက်ကြီး”အကြီးအကဲ”မှာလည်း ဗိုက်တွင် ရှည်လျားသည့်ဖြတ်ရာကြီး ရခဲ့သည်။
ပေါင်းစပ်ကြည့်ရသော် အဓိကအဖြစ်အပျက်များစွာဖြင့်ပင် ရွာသားများက ရဲများကို ခေါ်ရန် မတွေးမိကြပါချေ။
ပထမအချက်အနေနှင့် သူတို့ကို ထိခိုက်စေသည့်သူက လူသားတစ်ဦးမဟုတ်ချေ။ ရွာသားများသည်လည်း သရဲနံရံတွင်း ပိတ်မိနေကြရပြီး ရှင်းမိသားစု၏ ချွေးမကို မြင်ခဲ့ကြရ၏။
မိစ္ဆာစိတ်ဝိညာဉ်က လူသားတို့ကို အန္တရာယ်ပြုသည့် ထိုသို့သော အဖြစ်အပျက်အတွက် ရဲခေါ်ရန်မှာလည်း အသုံးမဝင်နိုင်ဟု သူတို့တွေးကြသည်။ ရဲများမှာ ရွာထဲသို့ပင် ဝင်နိုင်မည်မဟုတ်ချေ။
ဒုတိယအချက်အနေနှင့် သူတို့ရွာမှာ အတော်အတန် သီးခြားဖြစ်နေပြီး ရွာသားများက ရဲများကို မယုံကြပေ။
အမှုကိုစုံစမ်းစစ်ဆေးရန် ရဲခေါ်ခြင်း သို့မဟုတ် ကုသမှုအတွက် ဆေးရုံသွားခြင်းတို့ လုပ်မည့်အစား ကုသရန် ရွာ၏ခေါင်းကိုင်အဘွားဆီသွားပေလိမ့်မည်။
အစီအစဉ်အဖွဲ့သည်ပင် ရွာအကြီးအကဲထံ ပထမဆုံးဖုန်းခေါ်စဉ်က တိုက်ရိုက်အငြင်းခံလိုက်ရသည်။
ကိစ္စမှာ ပိုပိုပြီး အလေးအနက်ဖြစ်လာပြီး ပြင်ပအကူအညီတွင် မှီခိုမှ ရတော့မည့်အချိန်မှသာ ရွာသားများက အစီအစဉ်အဖွဲ့ကို ရိုက်ကူးရန် ရွာသို့အဝင်ခံခဲ့ခြင်းပင်။
ထိုအခြေအနေများကို လေ့လာပြီးနောက် ကုကျစ်စုန့်က ရွာသားများကဲ့သို့ မတွေးချေ။
ရှင်းမိသားစု၏ ချွေးမက လက်လွတ်စပယ် တုံ့ပြန်နေသည်ဟု သူမ မထင်ပေ။
လောကကြီးထဲမှ အရာအားလုံးသည် အကြောင်းအကျိုးကိုသာ လိုက်နာရသည်ဟု သူမ ယုံကြည်သည်။
ရှင်းမိသားစုချွေးမက ရက်စက်သည့်တိုင်အောင် သူမ သေဆုံးပြီးနောက် လက်စားချေမည့် ပထမဆုံးသူမှာ သူမ အမုန်းဆုံးသူပင် ဖြစ်လိမ့်မည်။
ထိုမိသားစုကို သူမ(ချွေးမ) နှစ်ကြိမ်တိုင် သွားရောက်လည်ခဲ့သည်။ တစ်ကြိမ်တည်းပင် မဟုတ်ချေ။
ထိုအချက်ကြောင့် ကုကျစ်စုန့်က မြွေကို တွင်းထဲမှထွက်လာအောင် မျှားရန် ထောင်ချောက်ဆင်လိုက်သည်။
သူမက လည်ပင်းဖြတ်ခံလိုက်ရသော လူ၏ မွေးနေ့ကို ပထမဆုံးမေးလိုက်ပြီးနောက် မျက်ခုံးကြားက သွေးကို အစားထိုးအနေဖြင့် ယူလိုက်သည်။
မျက်ခုံးကြားက သွေးမှာ နှလုံးသွေးပြီးလျှင် အရေးအကြီးဆုံးဖြစ်ပြီး အများဆုံးသိပ်သည်းသည့်
အဆီအနှစ်ပါဝင်သည်။
မျက်ခုံးကြားမှသွေးကို စက္ကူလူသား၏မျက်လုံးနေရာတွင် အစက်ချဆွဲ၍ အသုံးပြုခြင်းက စက္ကူလူသားခန္ဓာကိုယ်နှင့် လူသားဝိညာဉ်အစစ်အမှန်ဖြစ်အောင် လုပ်နိုင်သည်။
သေလွန်ပြီးနောက် အာရုံငါးပါးကို ဆုံးရှုံးသွားကြသည့် သရဲတစ္ဆေနှင့် မိစ္ဆာများအတွက်မူ ဝင်သက်ထွက်သက်ကသာ သက်ရှိလူများ မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားရန် သော့ချက်ဖြစ်၏။
ကုကျစ်စုန့်က ထိုမိသားစုတွင် သူတို့ဝင်သက်ထွက်သက်ကို ပိတ်ဆို့ရန် ဖုံးကွယ်အစီအရင်တစ်ခုကို
ချထားလိုက်သည်။
ဤနည်းဖြင့် မိစ္ဆာများအတွက် ဤစက္ကူလူသားက သူတို့တိုက်ခိုက်ချင်မညိ့ ပစ်မှတ်ဖြစ်လာပေမည်။
ထို့ပြင် ခွေးနက်က နာမ်လောကကို မြင်နိုင်သည့်သူဖြစ်ပြီး မိစ္ဆာစိတ်ဝိညာဉ်များကို ဟန့်တားနိုင်သည့် အရည်အချင်းလည်း ရှိသည်။
ထိုခွေးက သူ့သခင်ကို ကာကွယ်ရန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး မိစ္ဆာစိတ်ဝိညာဉ်ကို မောင်းထုတ်လိုက်သည့်အတွက်ကြောင့်သာ ထိုလူ့ကို သေရွာမှ ပြန်ကယ်လာနိုင်ခဲ့ခြင်းဖြစ်ပေသည်။
မိစ္ဆာစိတ်ဝိညာဉ်၏ အမြင်တွင်မူ ခွေးက သူ့အကျိုးများကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့သည်။
သူမသည်က ခွေးကို အရိုးထဲထိတိုင် မုန်းနေပေလိမ့်မည်။
ကုကျစ်စုန့်က ထိုမိစ္ဆာကို ဆွဲဆောင်ရန် သဘာဝတကျပင် “အကြီးအကဲ”ကို ဤနေရာသို့ ခေါ်လာသည်။
သူမက ခြေရင်းက ခွေးနက်၏ခေါင်းကို ထိလိုက်သည်။
နက်မှောင်နေသည့်ခွေးက သူမ၏လက်ဝါးကို သူ့နှာခေါင်းစိုစိုဖြင့် ပွတ်လိုက်လေသည်။
သူမ ငုံ့ကြည့်လိုက်သောအချိန်တွင် “အကြီးအကဲ”၏ဗိုက်ပေါ်ရှိ အမာရွတ်ရှည်ကြီးကို မြင်ရ၏။
ထိုဒဏ်ရာက ပိုင်ချီကုသပေးခဲ့သော ဒဏ်ရာလည်း ဖြစ်ပေသည်။
ခွေးနက်ကို ဤနေရာသို့ ပထမဆုံး ခေါ်လာခဲ့ချိန်၌ ထိုခွေးလေးမှာ ပျော့ခွေယိုင်နေကာ စိတ်ဝိညာဉ်လည်း အားနည်းနေခဲ့သည်။
သူ့ဗိုက်က ဒဏ်ရာမှာ ရက်စက်သည့်မိစ္ဆာကြောင့် ဖြစ်ခဲ့ခြင်းပင်။ ထိုမိစ္ဆာက အားကောင်းသည့် သေခြင်းအငွေ့အသက်နှင့် မိစ္ဆာစိတ်ဝိညာဉ်တို့ကို သယ်ဆောင်ထားသည့်အတွက် ဒဏ်ရာကို ကုသဖို့ရန်မှာ မဖြစ်နိုင်ပါချေ။ ထိုနေရာမှ အသွေးအသားများမှာ ပုပ်အဲ့နေခဲ့သည်။
ကုသပြီးသည့်နောက်တွင်တော့ သူ့စိတ်ဝိညာဉ်က များစွာအားကောင်းလာသည်။”အကြီးအကဲ”က သူမ(ကုကျစ်စုန့်)၏လက်ကို ပွတ်နေရင်းဖြင့် ခေါင်းကို ရုတ်တရက် အလန့်တကြားမော့လိုက်ပြီး မှိန်ဖျော့ဖျော့ပြတင်းပေါက်အပြင်ကို ကြည့်ကာ သူ့နက်မှောင်သည့်မျက်လုံးအစုံတို့ကလည်း ရုတ်ခြည်းပင် စူးရဲတော့သည်။
သူ့လည်မျိုတွင်းမှ ခြောက်သံတိုးဖျဖျ ထွက်လာသည်မှာ ခြိမ်းခြောက်နေသည့်အတိုင်းပင်။
ကုကျစ်စုန့် ပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။
နံရံနှင့် ပြတင်းပေါက်များရှိ အဆောင်စက္ကူများမှာ တုန်ခါနေခဲ့သည်။ အခန်းထဲမှ အပူချိန်မှာလည်း ရုတ်ခြည်းကျဆင်းသွားကာ ပုပ်အဲ့အဲ့အနံ့တစ်ခုက စတင်ပျံ့နှံ့လာ၏။
“သူ လာပြီ”
အခန်းထဲမှအခြားလူများက အလွန်လေးနက်သည့်မျက်နှာထားများနှင့် အချင်းချင်းကြည့်လိုက်ကြသည်။
ထို့နောက်တွင် နာကျည်းမှုတို့ပေါင်းစပ်နေသည့် အသံတစ်သံက အိမ်ပြင်မှ ထွက်ပေါ်လာခဲ့၏။
“အဖေ အမေ.. သားပါ.. ကွမ်ကျိပြန်လာပြီလေ..”
“သားကို တံခါးဖွင့်ပေးပါ၊ အဖေ.. သား နာလို့ပါ.. အပြင်မှာလည်း အရမ်းမှောင်နေပြီ... သားကြောက်တယ်.. အဖေ”