(ကိုယ်ဝန်ဆောင် သရဲအမျိုးသမီး(2)
Vol. 34 Ch. 337
သူတို့ အချိန်ကြာအောင် ရှင်းမိသားစု၏ တံခါးကို ခေါက်ပြီးနောက် မှုန်မှိုင်းကာ စိတ်မရှည်နေသည့်အသံတစ်ခုက ခြံတံခါးမှ ထွက်လာခဲ့သည်။
“ဘယ်သူလဲ”
ခြံတံခါးက အဟလေးတစ်ခုသာ ပွင့်လာခဲ့သည်။ထို့နောက် ခါးကိုင်းနေသောအဘွားအိုတစ်ယောက်က တံခါးအဟမှ ချောင်းကြည့်လာခဲ့လေ၏။
ရလဒ်အနေဖြင့် နောက်စက္ကန့်တွင် ပိန်သွယ်ဖြူဖျော့သော လက်တစ်ဖက်က တံခါးကို ရိုက်ချလိုက်တော့သည်။
အပြင်ပန်းတွင် လက်ဝါးပိုင်ရှင်က ညင်သာစွာသာ တွန်းလိုက်ပုံရ၏၊ သို့သော် ခြံတံခါးက တိုက်ရိုက်ပင် တွန်းဖွင့်ခံလိုက်ရလေသည်။
ခြံထံမှ လေထုတွင် ပုပ်သိုးသည့်အနံ့ခပ်ဖျော့ဖျော့ဖြင့် ရောနှောနေသည်။
ဤသည်က ကုကျစ်စုန့်ကို အနည်းငယ် လှည့်ပတ်ကြည့်လိုက်မိစေ၏။ သူမက တံခါးဘောင်ပေါ်သို့ တိုက်ရိုက် ခြေနင်းလိုက်ပြီး ရှင်းမိသားစု၏အိမ်ထဲသို့ လျှောက်ဝင်သွားခဲ့သည်။
ရွာသားအများအပြားနှင့် သူစိမ်းများက သူမ၏ခြံဝင်းထဲသို့ ဝင်လာသည်ကို မြင်လျှင် မစ္စရှင်းက ရူးသွပ်နေသကဲ့သို့ ခြေဆောင့်လိုက်ပြီး ကုကျစ်စုန့်ကို ရိုက်ကုတ်ရန် ကြိုးပမ်းလိုက်သည်။
သို့သော် သူမက ကုကျစ်စုန့်၏အဝတ်စအနားကိုပင် မထိရသေးခင် မမြင်ရသော အားတစ်ခုဖြင့် တွန်းထုတ်ခံလိုက်ရသည်။
“နင်တို့ သူခိုးဓားပြတွေ! ဒါ ငါ့ရဲ့ခြံပဲ! နင်တို့က ငါ့လို အိုကြီးအိုမကို အနိုင်ကျင့်နေကြတာ!”
လားမူနှင့် တခြားရွာခံကေဒါများက ရှင်းပြပြီး ပြော၏။
“ခင်ဗျားရဲ့ချွေးမ နာကျည်းမှုတွေများနေရတဲ့အကြောင်းရင်းက ခင်ဗျားတို့ ရှင်းမိသားစုက သူမအပေါ် မတရားခဲ့လို့ဆိုတာကို ဒီဘက်ကဆရာသခင်တွေ ပြောထားပြီးပြီ..
အန်တီရှင်း ခင်ဗျား နေ့တိုင်း ရှင်းလော့အာနဲ့ အိမ်ထဲမှာပဲ ပုန်းနေပြီး အပြင်တောင်မထွက်ခဲ့ဘူး.. ခင်ဗျားတို့တွေ မကောင်းတာတစ်ခုခု လုပ်ခဲ့တာတော့ မဟုတ်ပါဘူးနော်?”
“နင်တို့မအေ..!”
ကုကျစ်စုန့်က ရပ်တန့်နိုင်မည့်ပုံ မရှိသည်ကို မြင်လျှင် မစ္စရှင်းက သူမကိုဆွဲနေသည့် ရွာသားများကို ကိုက်ဆွဲကန်ကျောက်တော့သည်။
ရွာသားနှစ်ယောက်၏ မျက်နှာနှင့် လည်ပင်းများတွင် အရေပြားရှသွားသည့် လက်သည်းခြစ်ရာအများအပြား ပေါ်လာခဲ့လေ၏။
ဆူညံမှုများကြားတွင် ကုကျစ်စုန့်က အဓိက အိမ်ခန်းကြီးကို တွန်းဖွင့်လိုက်သည်။
နံစော်နေသော အသားပုပ်နံ့နှင့် ရောနေသော ဆေးပင်အနံ့ပြင်းပြင်းက မှိန်ဖျော့နေသော အိပ်ခန်းအတွင်း ပြည့်နှက်နေပြီး အနံ့ကလည်း အတော်လေးဆိုးရွားသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အိပ်ရာပေါ် လှဲနေသည်။
သူက မျက်တွင်းကျပြီး ကြုံလှီနေကာ သူ့မျက်နှာမှ လည်ပင်းအထိ ပေါ်နေသော အသားအရည်နှင့် သူ့လက်ခုံများတွင် အနီရင့်ရင့် “လူမျက်နှာအနာများ”အကွက်အကွက်ထနေသည်။
တံခါးပွင့်လာသည်ကို မြင်သော် ထိုလူက ကျုံ့ဝင်သွားပြီး ကုကျစ်စုန့်ဝင်လာသည့် လမ်းကြောင်းကို ဗလာဖြစ်စွာ ငေးနေပြီး နောက်စက္ကန့်အနည်းငယ်အကြာတွင် ကြောက်ရွံ့ကြောင်း ဖော်ပြကာ စောင်ပုံထဲတွင် ပုန်းနေတော့သည်။
သူ့၏စိတ်အခြေအနေမှာ ကြောက်လန့်ဖွယ်ဖြစ်ပြီး ရူးသွပ်လုနီးပါး နှိပ်စက်ခံထားရပုံပေါ်သည်။
ကုကျစ်စုန့်အနေဖြင့် ထိုလူ၏ အနီစက်များနှင့် ပြည့်နေသော မျက်နှာကို ပထမဆုံးမြင်လိုက်သည့်အချိန်တွင် ထိုလူက ကိုယ်ဝန်ဆောင်သရဲ၏ အမျိုးသားဖြစ်ကြောင်း သိလိုက်သည်။
သို့တည်းမဟုတ် ပို၍တိတိကျကျဆိုရလျှင် သက်ရှိလောကမှ ခင်ပွန်းဖြစ်သည့် ရှင်းလော့အာပင်။
တခြားသော ယှဉ်ပြိုင်သူများလည်း အခန်းထဲသို့ ဝင်လာကြသည်။
ပိုင်စစ်က မျက်မှောင်ကြုတ်ကာ ပြောလာသည်။
“ဒီလောက် ပြင်းထန်တဲ့ သေဆုံးခြင်းအငွေ့အသက်တွေက .. သူက တစ်ခုခုနဲ့ တိုက်ခိုက်ခံထားရတာပဲ ဒါပေမဲ့ မသေခဲ့ဘူး”
ကုကျစ်စုန့်က မည်သည်ကိုမျှမပြောပေ။
တစ်ခဏမျှ ကြည့်ပြီးနောက် သူမက အိပ်ခန်းကြီး၏ ဘယ်ဘက်သို့လှည့်ကာ ခြံနောက်မှ ဟင်းသီးဟင်းရွက်စိုက်ခင်းလေးဘက်သို့ လျှောက်သွားသည်။
ဟင်းသီးဟင်းရွက်စိုက်ခင်း၏ မြေကွက်လပ်ဘေးတွင် သံမင်းတုံးတစ်ခုရှိသည့် သစ်သားအကာဝိုင်းတစ်ခု ရှိနေခဲ့သည်။ ယင်းက အစေ့အဆန်များ သိုလှောင်သည့် မြေအောက်ခန်းဖြစ်လေ၏။
သို့သော် အကြောင်းပြချက်တချို့ကြောင့် မြေအောက်ခန်းတံခါးက ဖွင့်ရန် လက်ကိုင်တို့ မရှိနေခဲ့ပေ။
သို့သော် အပြားတွင် အပေါက်ငယ်လေးများရှိပြီး လေနှင့် နေရောင်ခြည်က ထိုအပေါက်လေးများမှတစ်ဆင့် မြေအောက်မှ သိုလှောင်ခန်းသို့ ဝင်ရောက်နိုင်သည်။
ကုကျစ်စုန့် ဒူးထောက်ကာ သံမင်းတုံးကို ဆွဲလိုက်ပြီးနောက် လက်နှစ်ချောင်းသုံး၍ အပြားမှ အပေါက်ငယ်များကို ဆွဲမ,လိုက်သည်။ ချက်ချင်းပင် သစ်သားပြားကို လုံးဝ မ,နိုင်လိုက်သည်။
အထဲကိုကြည့်ပြီးနောက် သူမက မတ်တပ်ရပ်ကာ လားမူကို ခေါ်သည်။
“ဒီအောက်မှာ တစ်ယောက်ယောက်ရှိနေတယ်၊ ကျေးဇူးပြုပြီး သူမကို အပေါ်ထုတ်ဖို့ လူနှစ်ယောက်လောက်ရှာပေးပါ”
လားမူ : “?!!”
ရွာသားများ : “?!!!”
လားမူ ချက်ချင်းပင် ခေါင်းငြိမ့်သည်။ ထို့နောက် ခြံထောင့်မှ လှေကားတစ်ခုကို တွေ့ခဲ့ပြီး ၎င်းကို ထောင်ကာ ရွာကေဒါများကို မြေအောက်ခန်းထဲ သွားခိုင်းလိုက်သည်။
မြေပြင်ပေါ်မှ ကြည့်နေကြသော ရွာသားများမှာ မကြာမီတွင် အရင်ဆုံးတက်လာသော ရွာသားတစ်ယောက်က ဖရိုဖရဲဖြစ်နေသည့်လူတစ်ယောက်ကို နောက်ကျောတွင် သယ်လာသည်ကို မြင်လိုက်ကြရ၏။ရှင်းမိသားစုက မြေအောက်ခန်းထဲတွင် သက်ရှိလူတစ်ဦးကို ဖွက်ထားခဲ့ခြင်းဖြစ်၏!
ရွာသားများက ထိုလူကို မြေပေါ်သို့ ဂရုတစိုက်ချပေးပြီး သူမ၏ဆံပင်များကို ဘေးသို့ဖယ်လိုက်ပြီးသည့်အခိုက်တွင် လူတိုင်းက အံ့ဩရပ်တန့်သွားရသည်။
“ဒါ ရှင်းမိသားစုရဲ့ အကြီးဆုံးသမီးမဟုတ်ဘူးလား”
“အိုးး အစ်မရှင်းက သေသွားပြီမဟုတ်ဘူးလား.. သူမရဲ့ယောက်မက သူမကို သတ်လိုက်တာမဟုတ်ဘူးလား?! အဘွားရှင်းက ကျွန်မယောကျာ်းကို ရွာနောက်က မြေပုံဆီ အခေါင်းသယ်သွားပြီး သူမကို မြှုပ်ပေးဖို့တောင် တောင်းဆိုခဲ့သေးတာလေ!”
“ဘယ်လိုတွေလဲ .. သက်ရှိလူတစ်ယောက်က ဘာတွေဖြစ်ခဲ့လဲဆိုတာ ကြည့်ကြပါဦး”
သေဆုံးပြီး၍ မြှုပ်နှံခံထားရပြီးဖြစ်ရမည့် ရှင်းမိသားစုမှ အကြီးဆုံးသမီးမှာ လုံးဝမသေသေးဘဲ အိမ်မှ မြေအောက်ခန်းထဲတွင် ဖွက်ထားခံရသည်။
သူမ ပျောက်သွားခဲ့သည့်နှစ်ပတ်အတွင်း ကိုယ်အလေးချိန်လည်း များစွာ ကျသွားခဲ့သည်။
လားမူနှင့် တခြားရွာသားများ ဆင်းလာကြချိန်က သူမက ညစ်ထေးစုတ်ပြဲနေသော စောင်နှင့်ခေါင်းအုံးပေါ်တွင် လဲလျောင်းနေခဲ့ခြင်းဖြစ်သည်၊ သူမ၏အဝတ်များနှင့် ဘောင်းဘီများမှာ အညစ်အကြေးခြောက်များနှင့် ဖုံးနေပြီး အနံကလည်း နံစော်နေသည်။
အကယ်၍ သူမ၏ မျက်လုံးကသာ ပွင့်မနေခဲ့ဘဲ နှာဖျားမှ အသက်ရှူသံဖျဖျသာ ထွက်မလာခဲ့ပါလျှင်
သူမကို အလောင်းတစ်လောင်းဟုပင် သူတို့တွေးမိကြမှာပင်။
သေသွားသင့်နေသော ရှင်းမိသားစုမှ အကြီးဆုံးသမီးက အသက်ရှင်နေသည်။
တစ်ဦးတည်းသောသားက တစ်ကိုယ်လုံးအနီရောင်အကွက်များဖြင့် အိပ်ရာပေါ်လှဲနေသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသည့် ရွာသားများမှာ သူတို့၏ သိချင်စိတ်ကို ခုခံမထားနိုင်တော့ဘဲ မစ္စရှင်းကို မေးခွန်းများမေးရန် ဝန်းရံလိုက်ကြသည်။
သို့သော် အဘွားအိုက မျက်လုံးပိတ်လျက်သားနှင့် မည်သည်ကိုမမှ မပြောဘဲ မြေပေါ်တွင် ထိုင်နေခဲ့သည်။
လားမူက သူ့မျက်နှာပေါ်မှ ချွေးများကို သုတ်ပစ်လိုက်ပြီး ရွာထဲမှ အမျိုးသမီးများအား ရှင်းမိသားစုအကြီးဆုံးသမီး၏ ကိုယ်ကို သန့်ရှင်းရေးလုပ်ကာ အဝတ်လဲပေးရန် ခိုင်းစေလိုက်သည်။
ဤရက်များတွင် အကြီးဆုံးသမီးကို အစာတချို့နှင့် ရေတိုက်သည်မှလွဲ၍ မစ္စရှင်းက သူမကို ဂရုမစိုက်ခဲ့လောက်ပေ။
မူလက ကျန်းမာရေးကောင်းခဲ့သည့်အမျိုးသမီးမှာ ယခုတွင်တော့ ခန္ဓာကိုယ်ပေါ်တွင် အဖုလုံးများစွာရှိနေကာ အသားနှင့် အဝတ်အစားများက ပူးကပ်နေကြသည်။
အားအနည်းငယ်ထည့်၍သာ ဆွဲဖြဲလိုက်ပါက သူမအသားအရည်ပင် လိုက်ပါပြဲသွားတော့မည့်ပုံရသည်။
လားမူက မေးလာ၏။
“ဆရာသခင်ကု၊ ဒါက ဘာတွေဖြစ်နေတာလဲ”
ကုကျစ်စုန့်က အေးစက်စွာ ပြောသည်။
“ဒါကတော့ ကျွန်မတို့ ရှင်းလော့အာကိုပဲ မေးရမှာပဲ၊ ဘာလို့ သူနဲ့ သူ့မိန်းမက သေဆုံးပြီးနောက် ယင်နဲ့ယန်အတွက် အချင်းချင်းကတိပြုခဲ့ကြလဲဆိုတာကိုပေါ့၊ ဒါပေမဲ့ သူ့မိန်းမရဲ့လက်ထပ်စာချုပ်က သရဲတစ်ကောင်ဆီကို ရောက်သွားတာပဲ!”
အစပထမတွင် သူမလည်း ပဟေဠိဖြစ်နေခဲ့သည်။ အမျိုးသမီးတစ်ဦးက အဘယ်ကြောင့် တစ်ယောက်တည်းကိုယ်ဝန်ရနိုင်မည်နည်း။
သူမသာ တစ္ဆေသန္ဓေသားကို လွယ်ထားရသည်ဆိုလျှင် သူမ ဆေးရုံကို စစ်ဆေးရန်သွားခဲ့စဉ်က သန္ဓေသားကို ထောက်လှမ်းမိရန်က မဖြစ်နိုင်ချေ။
အဘယ်ကြောင့်ဆိုသော် သရဲသန္ဓေသား၏ အဆီအနှစ်မှာ ဝိညာဉ်ဖြစ်နေသောကြောင့်ပင်။
သို့သော် ကုကျစ်စုန့်က မိစ္ဆာနှစ်ကောင်ကို ဖမ်းမိလိုက်သည့်အခိုက်တွင်တော့ နားလည်သွားသည်။
လောင်ကျွမ်းထားသည့် အလောင်း၏မျက်နှာနှင့် ခန္ဓာကိုယ်တစ်ရှူးယူနည်းများမှ ကုကျစ်စုန့်က “ကောင်းကင်အစောင့်အရှောက်ကိုမေးမြန်းခြင်း”ကို အသုံးပြုခဲ့ပြီး ရှင်းမိသားစုချွေးမ၏ ခန္ဓာကိုယ်ပေါ်တွင် အိမ်ထောင်ရေးလမ်းကြောင်းနှစ်ခုက တစ်ချိန်ထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။
အိမ်ထောင်ရေးလမ်းကြောင်းတစ်ခုက သက်ရှိကမ္ဘာတွင်ရှိကာ ရှင်းလော့အာနှင့်ဖြစ်၏။
တခြားတစ်ခုသည်တော့ အလွန်ပင်ထူးဆန်းနေပြီး ယင်းက သရဲတစ်ကောင်နှင့် လက်ထပ်စာချုပ်ဖြစ်နေသည်။
ကုကျစ်စုန့်က မြေအောက်ကမ္ဘာမှ ‘ဝိညာဉ်ကမ္ဘာ’မှ အထောက်အထားအချက်အလက်များနှင့် နှိုင်းယှဉ်၍ တစ္ဆေလက်ထပ်မှုကို ကျိုးကြောင်းဆင်ခြင်ကြည့်လိုက်သည်။
ထိုသရဲ၏မျိုးရိုးအမည်မှာ ဝမ်လင်းဖြစ်ကြောင်း တွေ့လိုက်ရ၏။
သေဆုံးချိန်က လွန်ခဲ့သည့်တစ်နှစ်နှင့်ရှစ်လက ဖြစ်ပေသည်။
“ဝိညာဉ်ဖမ်းစာအုပ်”အရ ဝမ်လင်းက ဝါးထော်ရွာတွင် မွေးဖွားခဲ့ပြီး ရှင်းလော့အာနှင့် တစ်ရွာတည်းမှဖြစ်သည်။
သူမ လားမူထံမှ ရရှိခဲ့သည့် ယခင်အချက်အလက်အချို့နှင့် ဆက်စပ်ကြည့်လျှင်...
ထိုနှစ်များက ရှင်းလော့အာတို့က မြို့ပေါ်မှ အလုပ်တစ်ခုနှင့် မိတ်ဆက်ပေးခံရပြီး နှစ်ဝက်ကျော်ခန့် ကြိုးစားခဲ့ကြသည်။ နွေဦးပွဲတော် နီးကပ်လာခဲ့ချိန်တွင်တော့ တစ်ရွာတည်းမှ လုပ်သားခေါင်းဆောင်က တစ်ဒါဇင်သောရွာသားများ၏ လုပ်အားခပိုက်ဆံကို ယူပြေးသွားခဲ့လေသည်။
လုပ်သားခေါင်းဆောင်က ယွမ်ထောင်ပေါင်းများစွာကို ယူပြေးကာ အိမ်မှ သူ့မိဘများပင် ခြေရာလက်ရာမကျန်ဘဲ ထွက်ပြေးသွားခဲ့ကြ၏။
ထွက်ပြေးသွားသည့် လုပ်သားခေါင်းဆောင်၏ နာမည်မှာ ဝမ်လင်းဖြစ်လေသည်။
ထိုကသူ ငွေယူပြေးပြီး မကြာမီတွင် သေဆုံးသွားခဲ့၏။