← Chapters

ထိပ်တိုက်ရင်ဆိုင်

Vol. 26 Ch. 370

ထိပ်တိုက်ရင်ဆိုင်

Vol. 26 Ch. 370

အခန်း (၃၇၀) ထိပ်တိုက်ရင်ဆိုင်

ရန်ကျောက်ကဲစကားကိုကြားတော့ ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲများအားလုံး အံ့အားသင့်သွားကြသည်။

အားဟူကလည်း တုန်လှုပ်ချောက်ချားစွာဖြင့် ရန်ကျောက်ကဲကို လှည့်ကြည့်၏။

မြို့တော်ကိုတိုက်ခိုက်နေသော မီးတောက်မိစ္ဆာဘုရင်နှစ်ယောက်အနက် တစ်ယောက်ကို မျှားခေါ်သွားနိုင်မည်ဆိုပါက ကျောက်စိမ်းပင်လယ်မြို့တော်အတွက် ဖိအားအလွန်နည်းပါးသွားမည် အမှန်ပင်။

ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကြီးက ပျက်ဆီးနေပြီဖြစ်သော်လည်း မီးတောက်မိစ္ဆာဘုရင်တစ်ယောက်တည်းကိုသာ ရင်ဆိုင်ရပါက အချိန်အတန်ကြာအောင် ထိန်းထားနိုင်မည် ဖြစ်သည်။

ထိုသို့ အချိန်ဆွဲထားနိုင်ပါက အခြားသောအင်အားစုများမှ စစ်ကူရောက်လာချိန်ကိုဖြစ်စေ ၊ မြို့တော်သခင်’စုန့်’ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်ကိုဖြစ်စေ စောင့်ဆိုင်းနိုင်မည် ဖြစ်သည်။

မီးတောက်မိစ္ဆာများဘက်မှ စစ်ကူများထပ်မံရောက်ရှိလာမည်လားဆိုသည်ကတော့ တခြားကိစ္စ ဖြစ်၏။

အစွန်းရောက်ရှစ်ပါးကမ္ဘာက ထိပ်သီးသိုင်းဂိုဏ်းတစ်ခုတည်း ရှိသည့်နေရာ မဟုတ်ပေ။ မီးတောက်မိစ္ဆာများဘက်မှ စစ်ကူများထပ်မံရောက်ရှိလာပါက ဝိုင်းဝန်းတိုက်ခိုက်ကြမည်သာ ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲက မီးတောက်မိစ္ဆာဘုရင်တစ်ယောက်ကို ကျောက်စိမ်းပင်လယ်မြို့တော်နှင့်ဝေးရာနေရာသို့ မည်သို့မျှားခေါ်သွားနိုင်ပါမည်နည်းဟု မေးခွန်းထုတ်စရာရှိသည်။

မီးတောက်မိစ္ဆာများကလည်း သူတို့အတွက် အချိန်နည်းပါးသည်ကို သိရှိကြမည်ပင်။ ထို့ပြင် ကျောက်စိမ်းပင်လယ်မြို့တော်ကိုတိုက်ခိုက်ရန် အထူးတလည် ရောက်ရှိလာကြခြင်းဖြစ်ရာ လွယ်လွယ်နှင့် အလျှော့ပေးကြမည် မဟုတ်ပေ။

မီးတောက်မိစ္ဆာဘုရင်တစ်ယောက်ကို မျှားခေါ်သွားနိုင်မည်ဆိုဦးတော့ ထိုသူ၏စိတ်အာရုံကို အချိန်အတိုင်းအတာတစ်ခုထိ ဆွဲဆောင်ထားနိုင်ရန် မည်သို့ လုပ်ဆောင်ပါမည်နည်း။

ဖြောင့်မတ်တည်ကြည်သော ရန်ကျောက်ကဲ၏ဟန်ပန်ကိုကြည့်ရင်း ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲအချို့ နှုတ်ခမ်းများ တွန့်ကွေးသွားကြသည်။

အခြေအနေမဟန်သဖြင့် ရန်ကျောက်ကဲက ကိုယ်လွတ်ရုန်းထွက်ပြေးချင်သည့်သဘောပင် မဟုတ်ပါလား။

ရန်ကျောက်ကဲ မြို့တော်အပြင်ဘက်သို့ ‌ထွက်ခွာရန်အတွက် ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းဆရာသခင်တစ်ယောက်က ကူညီပေးရမည် ဖြစ်သည်။ မြို့တော်အပြင်ဘက်ရောက်လျှင် ဝိုင်းဝန်းတိုက်ခိုက်လာမည့် မီးတောက်မိစ္ဆာများကို ထိုသိုင်းဆရာသခင်က ခုခံတိုက်ခိုက်ပေးနေချိန် ရန်ကျောက်ကဲက အခွင့်ကောင်းယူကာ ထွက်ပြေးမည်ဆိုပါက အသက်ရှင်လျှက်လွတ်မြောက်သွားမည်မှာ အသေအချာပင်။

ထိုသူများ၏အတွေးကို ရန်ကျောက်ကဲက သတိထားမိသော်လည်း စိတ်ထဲမထားခဲ့ပေ။ သူက စုန့်ချောင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် စုန့်ချောင်နံဘေးမှ ဘိုးဘေးအကြီးအကဲကို တိတ်တဆိတ်အကဲခတ်လိုက်၏။ ထိုအကြီးအကဲက ကျောက်စိမ်းပင်လယ်မြို့တော်မှ ထိပ်တန်းအဆင့် အကြီးအကဲတစ်ယောက်ဖြစ်ပြီး သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဖြစ်သည်။

ထိုအကြီးအကဲ၏မျိုးနွယ်က ‘ယွိ’ ဖြစ်ပြီး သူ့ကို အကြီးအကဲ’ယွိ’ ဟု ခေါ်ကြသည်။

အကြီးအကဲ’ယွိ’ ကတော့ ရန်ကျောက်ကဲကို လိုက်ပို့ပေးနိုင်မည် မဟုတ်ပေ။ ပင်မခန်းဆောင်ထဲမှ အကြီးအကဲတစ်ယောက်က အစီအရင်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ အခြေအနေဆိုးရွားလာပါက အကြီးအကဲ’ယွိ’ က အစားထိုးထိန်းချုပ်ပေးရမည် ဖြစ်သည်။

အကြီးအကဲ’ယွိ’ က ရန်ကျောက်ကဲကို ကြည့်ရင်း...

“မိတ်ဆွေလေး’ရန်’ မီးတောက်မိစ္ဆာတွေဝိုင်းထားတဲ့ကြားက ချိုးဖျက်ထွက်သွားနိုင်ရင်လည်း ကောင်းတဲ့အချက်ပါပဲ ၊ မီးတောက်မိစ္ဆာဧကရာဇ်တစ်ယောက်ကို မျှားခေါ်သွားဖို့ကတော့ တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားကြည့်ပေါ့ ၊ ပြီးတော့ မီးတောက်မိစ္ဆာဧကရာဇ်တစ်ယောက်ရဲ့စွမ်းအား ဘယ်လောက်ရှိလဲဆိုတာ မင်းအနေနဲ့ အတွေ့အကြုံ မရှိလောက်ဘူး ၊ သူတို့တွေက သိုင်းသူတော်စင်တွေလို ကြောက်မက်ဖွယ်ကောင်းတယ်ဆိုတာ သိထားရမယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“နားလည်ပါပြီ”

စုန့်ချောင်က...

“မင်းထွက်သွားမယ်ဆိုရင် ညီမလေး’စစ်ခုန်’ကိုပါ တစ်ခါတည်းခေါ်သွားလေ”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“သူ ငါနဲ့လိုက်ရင် ပိုပြီးအန္တရယ်များလိမ့်မယ်”

ထိုစကားကိုကြားတော့ ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲအုပ်စု တညီတညွတ်တည်း တုန်လှုပ်သွားကြသည်။

“သူက ထွက်ပြေးဖို့မဟုတ်ဘဲ မီးတောက်မိစ္ဆာဧကရာဇ်တစ်ယောက်ကို တကယ်ပဲ မျှားခေါ်သွားချင်တာလား”

သူတို့စကားပြောဆိုနေစဉ်မှာပင် အပေါ်ဘက်မှ ကျောက်စိမ်းပြာရောင်ရေလိုက်ကာမှာ အဆက်မပြတ် တုန်ခါလျှက် အခြေအနေ အလွန်ဆိုးရွာလာသည်။

မြို့တော်ကိုလွှမ်းခြုံထားသည့် ရေလိုက်ကာကြီးထက်တွင် အက်ကွဲကြောင်းများ ပိုမိုများပြားလာပြီး သိသာထင်ရှားလာသည်။ ယခင်က စွမ်းအားကြီးမားလှပါသည်ဆိုသော ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကြီးသည် ယခုတော့ မရေရာသည့် အခြေအနေတွင် ရှိနေသည်။

သူတို့အားလုံး ခေါင်းမော့ကြည့်လိုက်စဉ် မီးတောက်လက်သည်းရှည်ကြီးများ ထွက်ပေါ်လာပြီး ပင်မအစီအရင်အက်ကွဲကြောင်းတစ်ခုကို ဆွဲဖြဲပစ်လိုက်သည်ကို တွေ့ရသည်။

ဆုတ်ပြဲသွားသောအက်ကွဲကြောင်းမှတစ်ဆင့် မီးတောက်ကြီးများ မြို့တော်အတွင်းသို့ ကျဆင်းလာသည်။

ထိုမီးတောက်ကြီးများက ဥက္ကာပျံများ မဟုတ်ကြပေ။ မီးတောက်မိစ္ဆာဧကရာဇ်၏ အကာအကွယ်ကိုယူကာ ကျောက်စိမ်းပင်လယ်မြို့တော်အတွင်း ဝင်ရောက်လာကြသော မီးတောက်မိစ္ဆာများ ဖြစ်ကြ၏။

လူသားကျင့်ကြံသူများ၏ သိုင်းဆရာသခင်အဆင့်နှင့် ညီမျှသော မီးတောက်မိစ္ဆာအများအပြား ကောင်းကင်ထက်မှ ဆင်းသက်လာပြီး အောက်ဘက်မှမြို့တော်အတွင်း ဝင်ရောက်လာကြသည်။

အကြီးအကဲ’ယွိ’က ကြုံးဝါးသံတစ်ချက်ပြုလုပ်ရင်း သူ၏ အစစ်အမှန်သိုင်းဝိညာဉ်ကိုယ်ခွဲကို ထုတ်ဖော်လိုက်သည်။ ကြီးမားသောပုံရိပ်ကြီးတစ်ခုထွက်ပေါ်လာပြီး မြေပြင်ထက်အမြစ်တွယ်ရပ်တည်လျှက် ခန္ဓာကိုယ်က ကောင်းကင်အထိ မြင့်တက်သွားကာ ဝင်ရောက်လာသော မီးတောက်မိစ္ဆာများနှင့် ရင်ဆိုင်လိုက်၏။

တစ်ချိန်တည်းမှာပင်...

“ဂိုဏ်းတူညီလေး’ဝမ်’ ၊ မိတ်ဆွေလေး’ရန်’ကို သွားခွင့်ပေးလိုက်တော့”

ရန်သူ၏ ထိုးစစ်ကိုရင်ဆိုင်ရင်း အကြီးအကဲ’ယွိ’ က ပြတ်ပြတ်သားသား ပြောလိုက်သည်။

အကြီးအကဲ’ယွိ’ က ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ခြင်းဖြစ်ကြောင်း အားလုံးသိရှိကြသည်။ ကျောက်စိမ်းပင်လယ်မြို့တော်၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲတစ်ယောက်ဖြစ်သော အကြီးအကဲ’ဝမ်’ က မည်သည့်စကားမှမဆိုဘဲ ကြယ်တာရာချီစွမ်းအား အနှစ်သာရကိုထုတ်ဖော်ကာ ရန်ကျောက်ကဲနှင့် အားဟူကို မြို့တော်အပြင်သို့ ဆွဲခေါ်သွားသည်။

ရန်ကျောက်ကဲ ၊ အားဟူနှင့် အကြီးအကဲ’ဝမ်’ တို့ ထွက်ခွာသွားကြသည့်အခါ ကျောက်စိမ်းပင်လယ်မြို့တော်မှ ဝါရင့်အကြီးအကဲများက စိတ်ပူပန်သွားကြသည်။

“ဒါက...”

အကြီးအကဲ’ယွိ’ က လက်ဝါးနှစ်ဖက်ကို ရှေ့သို့တွန်းထုတ်ကာ မီးတောက်မိစ္ဆာတစ်ယောက်ကို ရိုက်ချလိုက်ရာ မီးတောက်မိစ္ဆာ၏ခန္ဓာကိုယ်တစ်ခုလုံး ပြိုကျသွားပြီး မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။

“ဒီလူငယ်လေးက ဝါဒတောင်ကပါ ၊ နေသူတော်စင်ဂိုဏ်းက မျိုးမစစ်တွေလို ကိုယ်ကျိုးပဲကြည့်တတ်တဲ့သူမျိုး မဟုတ်ပါဘူး”

ခဏနားပြီးမှ အကြီးအကဲ’ယွိ’ က ဆက်ပြောသည်။

“ထားလိုက်တော့... သူက သေမှာကြောက်လို့ ထွက်ပြေးသွားတာဆိုရင်လည်း ငါတို့ကို ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ပြုလုပ်နိုင်အောင်ကူညီပေးခဲ့တဲ့ ဝါဒတောင်ကို ကျေးဇူးဆပ်တယ်ပဲ သဘောထားလိုက်ပါ”

အကြီးအကဲ’ဝမ်’ က ပင်မအစီအရင်ကို ထိုးဖောက်ထွက်လာစဉ် ရန်ကျောက်ကဲ အောက်သို့ငုံ့ကြည့်လိုက်သည်။ ကျောက်စိမ်းပင်လယ်မြို့တော်မှလူအများ ထိတ်လန်တုန်လှုပ်စွာ ပြေးလွှားနေသောမြင်ကွင်းကို တွေ့မြင်ရသည်ပင်။

ကျောက်စိမ်းပင်လယ် အတွင်းပိုင်းမြို့တော်မှ  သိုင်းသမားများက မီးတောက်မိစ္ဆာများကို တိုက်ခိုက်နိုင်ကြသော်လည်း အပြင်ပိုင်းမြို့တော်မှ သာမန်လူများကို ကယ်ထုတ်နိုင်ခြင်းမရှိကြလေရာ ထိုထိတ်လန့်တခြား အော်ဟစ်ပြေးလွှားလျှက် ရှိကြသည်။

သိုင်းသမားများက ကျဆင်းလာသောမီးတောက်များကို တတ်နိုင်သမျှ ပိတ်ဆို့ကာကွယ်ကြသော်လည်း သူတို့ မကာကွယ်လိုက်နိုင်သည့် နေရာများတွင် ဥက္ကာခဲများဒဏ်ကြောင့် မီးတောက်ပင်လယ်ပမာ မီးများလောင်ကျွမ်းလျှက် ရှိကြသည်။

မီးတောက်မိစ္ဆာများ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကာ မြို့တော်အား ကြေကွဲဖွယ်စစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကြီးက မီးတောက်မိစ္ဆာဘုရင်နှစ်ယောက်၏စွမ်းအားကို ကြံ့ကြံ့ခံကာ မြို့ထဲမှလူများကို ကာကွယ်ပေးရန် မတတ်နိုင်ခဲ့ပေ။

ရေနယ်မြေ၏ ထိပ်သီးသိုင်းဂိုဏ်းကြီးဖြစ်သော ‘ကျောက်စိမ်းပင်လယ်မြို့တော်’ သည် ဝါဒတောင်တိုက်ပွဲထက်မနိမ့်သော အန္တရယ်ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရပေပြီ။

ပြဿနာများအားလုံးကို ဖြေရှင်းနိုင်ရန် အချိန်သည်သာ အက္ခရာကျသည်။

ရန်ကျောက်ကဲက အကြီးအကဲ’ဝမ်’ နှင့်အတူ ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကို ဖြတ်ကျော်ထွက်လာရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်၏။

အစီအရင်ပြင်ပ ပင်လယ်ရေထဲရောက်သည့်အခါ အကြီးအကဲ’ဝမ်’ က...

“မိတ်ဆွေလေး’ရန်’ အခုသွားလို့ ရပါပြီ ၊ မင်းကို မီးတောက်မိစ္ဆာတွေ အာရုံမခံမိအောင် ပင်လယ်ပြင်က ခဏတော့ တားဆီးပေးထားနိုင်ပါတယ်”

သို့သော် သူ့စကားမဆုံးမီပင် မိုးခြိမ်းသံပမာကျယ်လောင်သော ကြုံးဝါးသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။

မီးတောက်မိစ္ဆာအများစု၏ အာရုံခံနိုင်စွမ်းကို ပင်လယ်ပြင်က ခေတ္တဟန့်တားနိုင်သော်လည်း မီးတောက်မိစ္ဆာဘုရင်များကိုတော့ ဟန့်တားနိုင်ခြင်း မရှိပေ။

မီးတောက်မိစ္ဆာဘုရင်နှစ်ယောက်က ရန်ကျောက်ကဲတို့အုပ်စုကို အာရုံမစိုက်ဘဲ သူတို့ရည်ရွယ်ချက်အတိုင်း ကျောက်စိမ်းပင်လယ်မြို့တော်၏ ပင်မအစီအရင်ကြီးကို ဆက်လက်တိုက်ခိုက်နေကြသည်။ သို့သော် သူတို့၏အမိန့်ဖြင့် အခြားသောမီးတောက်မိစ္ဆာများက ရန်ကျောက်ကဲတို့ထံသို့ အလျှင်အမြန် ရောက်ရှိလာကြသည်။

သူတို့အုပ်စုကိုဦးဆောင်လာသူက အရပ်မြင့်မားသော မီးတောက်မိစ္ဆာတစ်ယောက် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရားတစ်ပါးအလား မီးတောက်များဖုံးလွှမ်းလျှက် ပတ်ဝန်းကျင်ပင်လယ်ရေများကို ခြောက်သွေ့သွားစေကာ သူ့လူများဝင်ရောက်တိုက်ခိုက်နိုင်ရန် လမ်းကြောင်းရှင်းပေးလိုက်သည်။

သူ့နောက်တွင် ကျင့်ကြံခြင်းအဆင့် မျိုးစုံရှိကြသည့် မီးတောက်မိစ္ဆာအုပ်စုကြီးရှိနေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လျှက် ရှိသည်။

အကြီးအကဲ’ဝမ်’ က မျက်နှာပျက်သွားခြင်းမရှိဘဲ သူ့ရှေ့မှ မီးတောက်မိစ္ဆာကို ရင်ဆိုင်လိုက်သည်။

ရန်ကျောက်ကဲက...

“အကြီးအကဲ’ဝမ်’ ကူညီပေးတာ ကျေးဇူးတင်ပါတယ်”

ထို့နောက် အားဟူနှင့်အတူ ကျောက်စိမ်းပင်လယ်မြို့တော်မှ ထွက်ခွာသွားသည်။

အားဟူက သူ၏အရိပ်ကျုံ့အိတ်ကိုထုတ်ယူပြီး လှုပ်ခါလိုက်ရာ အရွယ်အစားသေးငယ်သည့် ပန်ဒါတစ်ကောင် ထွက်ပေါ်လာလေသည်။ အခြားသူမဟုတ် ပန်ပန်ပင် ဖြစ်၏။

ပန်ပန်က ရေပြင်ထက်ကျွမ်းနှစ်ပတ်ခန့် ထိုးလိုက်ရာ မူလပုံစံအတိုင်း ပြန်လည်ကြီးထွားလာသည်။ သူ့ခန္ဓာကိုယ်တွင် အနက်ရောင်ရေစီးချောင်းများ ပတ်လည်ဝိုင်းရံလျှက် ရန်ကျောက်ကဲနှင့်အားဟူတို့ကို ကျောပြင်ထက်တင်ကာ ခေါ်ဆောင်သွားသည်။

မီးတောက်မိစ္ဆာဘုရင်တစ်ယောက် အာရုံစိုက်လာစေရန် ဆွဲဆောင်ပြီးသည်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်နှင့် ဝေးနိုင်သမျှဝေးဝေးသို့ မျှားခေါ်သွားရမည် ဖြစ်သည်။

မီးတောက်မိစ္ဆာဘုရင်များ၏ စွမ်းအားက အနှိုင်းမဲ့မြင့်မားသည်။ ထို့ကြောင့် အဝေးဆုံးသို့မျှားခေါ်မသွားနိုင်ပါက အခြေအနေပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။

မီးတောက်မိစ္ဆာများက အကြီးအကဲ’ဝမ်’ ကို ဝိုင်းဝန်းတိုက်ခိုက်နေကြစဉ် မီးတောက်မိစ္ဆာအချို့က ရန်ကျောက်ကဲတို့နောက်သို့ တဟုန်ထိုးလိုက်ပါလာကြသည်။

အရှေ့နဂါးကျွန်းတည်ရှိရာ ပင်လယ်ပြင်ဒေသသည် လက်ရှိတွင် မီးတောက်မိစ္ဆာကမ္ဘာ ဖြစ်နေပေပြီ။

ရန်ကျောက်ကဲတို့အုပ်စုမှာ ရှေ့မှရန်သူကို တိုက်ခိုက်ရသလို နောက်မှရန်သူကိုလည်း ခုခံရသည်။

များပြားလှစွာသောဥက္ကာခဲများက ကောင်းကင်ထက်မှ ကျဆင်းလာပြီး ပုံသဏ္ဌန်အမျိုးမျိုးရှိသည့် များပြားလှစွာသော မီးတောက်မိစ္ဆာများက ရန်ကျောက်ကဲထံသို့ အတူတကွ ဝင်ရောက်လာကြသည်။

ပန်ပန်၏ ရိုးရှင်းပြီးသဘောကောင်းသောအမူအရာက ဆန့်ကျင်ဘက်အဖြစ်ပြောင်းလဲသွားပြီး တောရိုင်းသားရဲတစ်ကောင်ပမာ ရက်စက်ကြမ်းတမ်းသောအသွင် ပေါ်လာသည်။ သူက ရှေ့ခြေနှစ်ချောင်းကို ဆန့်ထုတ်ကာ မီးတောက်မိစ္ဆာနှစ်ကောင်ကို ဖမ်းကိုင်လိုက်ပြီး လင်းကွင်းရိုက်သလို အလယ်တွင်ပူးကပ်ရိုက်နှက်လိုက်ရာ ခန္ဓာကိုယ်များအက်ကွဲသွားပြီးမီးတောက်များအဖြစ် ပြောင်းလဲကာ အသက်ပျောက်သွားသည်။

ရန်ကျောက်ကဲက ကြုံးဝါးသံတစ်ချက်ပြုလုပ်ရင်း လက်ဖဝါးများကို ရှေ့သို့ တပြိုင်နက်တည်းတွန်းထုတ်လိုက်သည်။

သူ၏ပြင်းထန်သောကြယ်တာရာစွမ်းအားများက ပင်လယ်ပြင်ထက် ကြမ်းတမ်းသည့်လှိုင်းလုံးများ မြင့်တက်လာစေကာ မီးတောက်မိစ္ဆာတစ်ကောင်ကို ရေအောက်နစ်မြုပ်သွားစေပြီး ကျန်မီးတောက်မိစ္ဆာများကိုလည်း နောက်ဆုတ်သွားစေသည်။

All Chapters