ကြီးမားသောအကွာအဝေးကိုဖြတ်သန်း
Vol. 26 Ch. 371
အခန်း (၃၇၁) ကြီးမားသောအကွာအဝေးကိုဖြတ်သန်း
ရေခဲနဂါးကြီး၏ရုပ်အလောင်းကို ရရှိပြီးနောက် အကျိုးခံစားကြရသူများမှာ ရန်ကျောက်ကဲနှင့် အားဟူသာမဟုတ်ပေ။ ပန်ပန်လည်း များစွာအကျိုးကျေးဇူးရရှိခဲ့သည်။
ပန်ပန်က ရန်ကျောက်ကဲ၏အကူအညီဖြင့် နဂါးသွေးအနှစ်သာရကို သန့်စင်ကျင့်ကြံပြီး နဂါးအကြေးခွံများကိုလည်း စားသောက်လျှက်ရှိရာ သူ၏ခန္ဓာကိုယ်နှင့် အရိုးများက အရင်ကနှင့်မတူ အလွန်တရာ ပြောင်းလဲသွားခဲ့သည်။
ယခင်ကပင် ကြီးမားသောခန္ဓာကိုယ်ကြီးက ယခု ပိုမိုကြီးမားလာပြီး တိုက်ခိုက်နိုင်စွမ်းလည်း မြင့်တက်လာသည်။
ပန်ပန်၏ခန္ဓာကိုယ်ကိုရစ်ပတ်ထားသည့် အနက်ရောင်ရေစီးကြောင်းများထဲတွင် နဂါးပုံရိပ်တစ်ခုပင် မသိမသာ ထွက်ပေါ်နေလေရာ မြင်ရသူတိုင်းကို ထိတ်လန့်စေသည်။
အစကပင် သားရဲဘုရင်တစ်ပါးဖြစ်သော ‘ဖီရှိုး’ သည် ယခုတော့ ပိုမိုကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
ထိုစဉ်...
တောင်ငယ်တစ်ခုနှင့်ဆင်တူသော မီးတောက်မိစ္ဆာတစ်ကောင်က သူတို့သွားရာလမ်းကို ပိတ်ဆို့ထားသည်။
ပန်ပန်က ခေါင်းကိုအသာငုံ့လိုက်ပြီး ထိုမီးတောက်မိစ္ဆာကို ဦးခေါင်းဖြင့် ဝှေ့ပစ်လိုက်၏။
ပန်ပန်၏ ဦးခေါင်းဖြင့် အဝှေ့ခံရသည်နှင့် မီးတောက်မိစ္ဆာ၏ကြီးမားသောခန္ဓာကိုယ်ကြီး ကြေမွအက်ကွဲသွားသည်။ ထိုမီးတောက်မိစ္ဆာမှာ မယုံကြည်နိုင်စွာဖြင့်ပင် အသက်ပျောက်သွားတော့၏။
ပန်ပန်၏ကျောထက်တွင်ထိုင်နေသည့် ရန်ကျောက်ကဲက ဘယ်ဘက်လက်ဝါးဖြင့် မီးတောက်မိစ္ဆာတစ်ယောက်ကို ရိုက်ချလိုက်သည်။ သူ၏ ညာဘက်အကင်္ကျီလက်ထဲမှ နဂါးဟိန်းသံနှင့်အတူ ကျောက်စိမ်းရောင်ဓားအလင်းတန်းထွက်ပေါ်လာသည်။ ထိုဓားအလင်းတန်းက နောက်ထပ်မီးတောက်မိစ္ဆာတစ်ယောက်ကို ထိုးခုတ်သတ်ဖြတ်ပစ်လိုက်သည်။
အားဟူက ရန်ကျောက်ကဲနှင့် ကျောချင်းကပ်ထားပြီး နောက်မှလိုက်လာသည့် မီးတောက်မိစ္ဆာတစ်ယော်ကကို သူ၏ ကျားလက်သည်းသိုင်းဖြင့် ဆုတ်ဖြဲဖြစ်လိုက်သည်။
ရန်ကျောက်ကဲက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံကြည့်လိုက်သည်။ ထိုအခါ သူတို့ကိုတိုက်ခိုက်ရန်ရောက်လာသော ပုံစံမျိုးစုံ အရွယ်အစားမျိုးစုံ မီးတောက်မိစ္ဆာများကို တွေ့ရသည်။
မီးတောက်မိစ္ဆာအများစုက လူသားပုံစံများ မဟုတ်ကြပေ။
အချို့က ကျားနှင့်ကျားသစ်ကဲ့သို့သော သားရဲဦးခေါင်းများရှိကြပြီး အချို့ကတော့ မီးတာက်အတောင်ပံများဖြန့်ကားလျှက် ဝမ်းဗိုက်အောက်တွင် ခြေထောက်တစ်ချောင်းသာ ရှိကြသည်။
အချို့က တောင်တန်းငယ်များနှင့်တူညီပြီး ခြေထောက်များ လက်များ မပါရှိဘဲ ကြီးမားသောခန္ဓာကိုယ်ကြီးသာလျှင် ရှိသည်။ သို့သော် လေထဲတွင် လွတ်လပ်စွာ ပျံသန်းနိုင်ကြ၏။ အချို့က ရှည်လျားသေမြွေကြီးများနှင့်ဆင်တူပြီး လေထဲတွင်လှည့်ပတ်ကာ ပတ်ဝန်းကျင်တစ်ခွင် လိုသလိုသွားလာနိုင်ကြသည်။
လူသားကဲ့သို့ မျက်နှာ ၊ ခြေထောက်နှင့်လက်များ ပါရှိသော မီးတောက်မိစ္ဆာအချို့လည်း ရှိကြသည်။
သို့သော် မီးတောက်မိစ္ဆာများအားလုံး၏ တူညီသောအချက်မှာ သူတို့ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များလောင်ကျွမ်းနေခြင်း ဖြစ်၏။
မီးတောက်မိစ္ဆာများစွာ ပင်လယ်ထဲ ဆင်းသက်လာသည့်အခါ ပင်လယ်ရေများ ပွက်ပွက်ဆူလာပြီး အငွေ့ပျံကုန်ကြသည်။
အရှေ့ပင်လယ်သာ ပင်လယ်တစ်ခုမဟုတ်ဘဲ ရေကန်တစ်ခု ဖြစ်မည်ဆိုလျှင် ရေများအငွေ့ပျံကာ ခမ်းခြောက်သွားနိုင်သည်။
ရေသည် မီးကိုငြိမ်းသတ်နိုင်သော်လည်း မီးအပူရှိန်အားကောင်းသောအခါ ပင်လယ်သည်ပင် အငွေ့ပျံရသည်။
အရှေ့ပင်လယ်တစ်ခွင်တွင် မီးတောက်မိစ္ဆာ အမြောက်အမြားရှိနေပြီး အများစုက အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များဖြစ်ကြရာ ရန်ကျောက်ကဲနှင့် ကောင်းကောင်းယှဉ်နိုင်သည်။
ရန်သူများပတ်လည်ဝိုင်းနေသော်လည်း ရန်ကျောက်ကဲက တည်ငြိမ်နေဆဲပင်။ သူက ပန်ပန်ထက်တွင် မတ်တတ်ရပ်လျှက် သူသွားမည့်လမ်းကို တားဆီးနေသော မီးတောက်မိစ္ဆာမှန်သမျှကို ဇီဝိန်ခြွေပစ်နေသည်။
ရန်ကျောက်ကဲက ဘယ်ဘက်လက်ဖြင့် တုရှိတာလက်ဝါးသိုင်းကို ထုတ်ဖော်လိုက်ပြီး ညာဘက်အင်္ကျီလက်အတွင်းမှ ကျောက်စိမ်းနဂါးဓား ထွက်ပေါ်လာသည်။
တုရှိတာလက်ဝါးသိုင်းက မာကျော်မှုကို မာကျောမှု ၊ စွမ်းအားကိုစွမ်းအား ၊ မီးကိုမီးဖြင့်တိုက်ခိုက်သည်။ ကြောက်မက်ဖွယ်ရာ ကြယ်တာရာချီစွမ်းအားများက မြင်သာထင်သာ သိပ်သည်းသွားပြီး ပြင်းထန်သော ခရမ်းနီရောင်မီးတောက်များအဖြစ် ပြောင်းလဲသွားကာ လူသားပုံစံရှိသော မီးတောက်မိစ္ဆာတစ်ယောက်၏ ရင်ဝကို ပေါက်ထွက်သွားစေသည်။
သူ၏ညာဘက်အင်္ကျီလက်အတွင်းမှ ထွက်ပေါ်လာသည့် ကျောက်စိမ်းရောင်ဓားအလင်းတန်းက မြွေရှည်ကြီးတစ်ကောင်နှင့်ဆင်တူသော မီးတော်ကမိစ္ဆာ၏ခန္ဓာကိုယ်ကို ထိုးဖောက်စိုက်ဝင်သွားသည်။
ထိုအချိန် သစ်ပင်တစ်ပင်နှင့်ဆင်တူသည့် မီးတောက်မိစ္ဆာတစ်ယောက်က ကောင်းကင်ထက်သို့ပျံသန်းသွားပြီး သူ၏အကိုင်းအခက်များကို လှုပ်ခါလိုက်ရာ ရန်ကျောက်ကဲထံသို့ မီးတောက်များ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။
ရန်ကျောက်ကဲက သူ့ထံဝင်ရောက်လာသောမီးတောက်များကို မရှောင်တိမ်းဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
သူက ခံစစ်အဖြစ် ကြံ့မိစ္ဆာလက်သီးသိုင်းနှင့် ရွှေခန္ဓာသိုင်းပညာကိုသာအသုံးပြုပြီး ရွှေသင်္ကေတခန္ဓာစွမ်းအားနှင့် မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာကို အသုံးမပြုသဖြင့် ကျန်းရှော် ၊ လင်ကျိုးတို့ဖြင့် တိုက်ခိုက်စဉ်ကထက် ခံစစ်စွမ်းအားလျော့နည်းသည်ဟု ဆိုနိုင်သည်။
သို့တိုင် ကျဆင်းလာသည့်မီးတောက်များက ရန်ကျောက်ကဲ၏ ဆံချည်တစ်မျှင်ကိုပင် လောင်ကျွမ်းခြင်း မရှိခဲ့ပေ။
သူက နောက်ပြန်မဆုတ်သည့်အပြင် ရန်သူကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ကျောက်စိမ်းနဂါးဓားကို ဝှေ့ယမ်ကာ သစ်ပင်ပုံစံ မီးတောက်မိစ္ဆာထံသို့ ဝင်ရောက်သွားသည်။
ထိုအချိန် နောက်မှ ရန်သူတစ်ယောက်က အလစ်ချောင်း ဝင်ရောက်တိုက်ခိုက်လာသည်။
ရန်ကျောက်ကဲက နောက်ပြန်လှည့်မကြည့်ဘဲ လက်တစ်ဖက်ဝှေးယမ်းလိုက်ရာ ထိုမီးတောက်မိစ္ဆာ၏ဦးခေါင်းမှာ တစ်စစီကွဲကြေသွားသည်။
သစ်ပင်ပုံစံမီးတောက်မိစ္ဆာကို နှိမ်နင်းသတ်ဖြတ်ပြီးနောက် ရန်ကျောက်ကဲက ပန်ပန်၏ကျောထက်သို့ ပြန်လည်ဆင်းသက်လာပြီး လမ်းကြောင်းတစ်လျှောက်ပိတ်ဆို့ထားသော ရန်သူများကို တဟုန်ထိုး ဆက်လက်တိုက်ခိုက်သည်။
အမတဝိညာဉ်သိုင်းဆရာသခင်အဆင့်ရှိသော မီးတောက်မိစ္ဆာများကလည်း ရန်ကျောက်ကဲ ၊ အားဟူနှင့် ပန်ပန်တို့ထံ အပြင်းအထန်ဝင်ရောက်တိုက်ခိုက်သည်။
သူတို့အားလုံးက သွေးနီရောင်အလံသခင်ထက် အားနည်းသူများမဟုတ်သည့်အပြင် မွေးရာပါမီးတောက်စွမ်းအားကိုပါ ပိုင်ဆိုင်ထားကြသဖြင့် သွေးနီရောင်အလံသခင်ထက် သာလွန်သည်ဟု ဆိုနိုင်သည်။
ရန်ကျောက်ကဲက အာရုံစူးစိုက်လိုက်ပြီး ဘယ်လက်တွင်ဆုပ်ကိုင်ထားသည့် ရွှေရောင်ရေခဲသလင်းကျောက်များကို ပစ်လွှတ်လိုက်သည်။ ထိုရေခဲသလင်းကျောက်များက အမတဝိညာဉ်အဆင့် မီးတောက်မိစ္ဆာများထံ ဝင်ရောက်သွားသည်။
ထိုပစ္စည်းများက ရန်ကျောက်ကဲ အထူးသန့်စင်ထားသည့် နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတများ ဖြစ်လေ၏။
ထိုသလင်းကျောက်များက မီးတောက်မိစ္ဆာများ၏ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားသည်နှင့် ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။
ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ရေခဲမှုန်များက နေရာအနှံ့ပျံ့ကျဲသွားသည်။
ပွက်ပွက်ဆူကာ ပူလောင်နေသော ပင်လယ်ရေသည် ချက်ချင်းပင် အေးခဲသွားပြီး ရေခဲအခိုးအငွေ့များ ထွက်ပေါ်လာသည်။
မီးတောက်မိစ္ဆာအုပ်စုကြီးထံမှ ကျယ်လောင်ကြမ်းတမ်းသောအော်ဟစ်သံများ ထွက်ပေါ်လာပြီး သူတို့ခန္ဓာကိုယ်ထက်မှ မီးတောက်များငြိမ်းသတ်ကုန်ကာ ရုန်းရင်းဆံခတ် ဖြစ်ကုန်ကြသည်။
ပန်ပန်က ရှေ့သို့တဟုန်ထိုးပြေးသွားချိန် ရန်ကျောက်ကဲက ပန်ပန်၏ကျောထက် မတ်တတ်ရပ်လျှက် လိုက်ပါသွားသည်။
မီးတောက်များငြိမ်းသတ်ကာ အေးခဲသွားသောမီးတောက်မိစ္ဆာများ၏ လှုပ်ရှားမှုများက သိသိသာသာ နှေးကွေးသွားလေရာ ရန်ကျောက်ကဲက ဓားကိုဝှေ့ယမ်းကာ အဆက်မပြတ် တိုက်စစ်ဆင်သည်။
အမတဝိညာဉ်သိုင်းဆရာသခင်အဆင့်နှင်ညီမျှသော မီးတောက်မိစ္ဆာများမှာ မည်သို့မှမတတ်နိုင်စွာ တစ်ကောင်ချင်း ခေါင်းဖြတ်အသတ်ခံရတော့သည်။
ရန်ကျောက်ကဲက တိုက်ခိုက်မှုကို မရပ်တန့်ဘဲ ပန်ပန်ကိုထိန်းချုပ်ရင်း အရှေ့သို့ အပြင်းအထန် ဆက်လက်ဝင်ရောက်သွားသည်။
ထိုစဉ်...
ပြင်းထန်သောစွမ်းအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။
နောက်သို့လှည့်ကြည့်လိုက်တော့ အလွန်တရာ စွမ်းအားပြင်းထန်သည့် မီးတောက်မိစ္ဆာကြီးတစ်ကောင် သူတို့နောက်လိုက်လာသည်ကို တွေ့လိုက်ရသည်။
သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်နှင့် စွမ်းအားညီမျှသည့် မီးတောက်မိစ္ဆာများကို ‘မဟာမီးတောက်မိစ္ဆာ’ ဟု ခေါ်ကြသည်။
ယခု ရန်ကျောက်ကဲနောက်သို့လိုက်လာသည့် မီးတောက်မိစ္ဆာကြီးမှာ ‘မဟာမီးတောက်မိစ္ဆာ’ မဟုတ်သေးသော်လည်း ထိုအဆင့်ရောက်ရန် အလွန်နီးစပ်နေပေပြီ။
ရန်ကျောက်ကဲက ၎င်းကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး ညာဘက်လက်တွင်ကိုင်ထားသည့် ကျောက်စိမ်းနဂါးဓားကို သိမ်းဆည်းကာ ခရမ်းရောင်လျှပ်စီးများတောက်ပနေသည့် လေးတစ်လက်ကို ဆွဲထုတ်လိုက်သည်။
အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခုဖြစ်သော “ကောင်းကင်တုန်လှုပ်လေးညှို့” ပင်။
ရန်ကျောက်ကဲအနေဖြင့် ဤရတနာလေးညှို့၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကိုသာ ထုတ်လွှတ်နိုင်မည်ဖြစ်သော်လည်းလေးညှို့၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာရောင်ဝါက မိုင် (၂၅၀) ပတ်ဝန်းကျင်ရှိ လမ်းကြောင်းများအားလုံးကို တုန်လှုပ်သွားစေသည်။
သူ လေးညှို့ထက်တင်လိုက်သည့်အရာက မြားတစ်စင်းမဟုတ်ဘဲ နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတတစ်ခု ဖြစ်သည်။
ထို့နောက် ရန်ကျောက်ကဲက သူ့နောက်လိုက်လာသည့် မီးတောက်မိစ္ဆာကြီးကို ချိန်ရွယ်လိုက်ပြီး လေးကြိုးကိုလွှတ်လိုက်ရာ ကောင်းကင်တုန်လှုပ်လေးညှို့မှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးထွက်ပေါ်လာသည်။ ခရမ်းရောင်လျှပ်စီးများကြားတွင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မီးတောက်မိစ္ဆာကြီးဆီသို့ ပြင်းထန်စွာ ဝင်ရောက်သွားသည်။
မီးတောက်မိစ္ဆာကြီးက မြားချက်ကို ရှောင်တိမ်းလိုသော်လည်း နောက်ကျသွားပေပြီ။ အသက်အန္တရယ်မရှိအောင် ရှောင်တိမ်းလိုက်နိုင်သည့်တိုင် ရွှေရောင်အလင်းတန်းက သူ၏လက်သည်းများကို ထိမှန်သွားသည်။
မိုးကြိုးသွားများနှင့် မီးတောက်များ ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်နှင့် မီးတောက်မိစ္ဆာကြီး၏ စွမ်းအားများ ဖြိုခွင်းခံရကာ မီးတောက်များငြိမ်းသတ်သွားသည်။
သူ၏လက်သည်းများ မိုးကြိုးသွားထိမှန်ခံရသည်နှင့် မီးတောက်မိစ္ဆာကြီးက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
ထိုမီးတောက်မိစ္ဆာကြီးကို အရှိန်တန့်လိုက်ပြီးသည်နှင့် သူ့ဘေးနားရောက်လာသော မီးတောက်မိစ္ဆာနောက်တစ်ကောင်ကို မြားဖြင့်ပစ်သတ်လိုက်သည်။
ရန်ကျောက်ကဲ ၊ အားဟူနှင့် ပန်ပန်တို့မှ ရန်သူများဝိုင်းလာခြင်းမခံရစေရန်အတွက် မီးတောက်မိစ္ဆာများစွာကို ဖြတ်ကျော်ကာ အရှိန်အဟုန်ဖြင့် ရှေ့ဆက်သွားကြသည်။
မီးတောက်မိစ္ဆာများက ဉာဏ်ရည်ဉာဏ်သွေးနိမ့်ကျပြီး တွေးခေါ်မှုကင်းမဲ့သော်လည်း ဒေါသကြီးပြီး ကြမ်းတမ်းကာ စစ်မက်လိုလားသူများဖြစ်ကြသည်။
ရန်ကျောက်ကဲတို့ (၃)ယောက်အုပ်စု အဝေးသို့ လျှင်မြန်စွာရောက်ရှိသွားသည့်အခါ မီးတောက်မိစ္ဆာများက ဒေါတကြီးဖြင့် အရှိန်အဟုန်မပျက် နောက်မှဆက်လက်လိုက်ပါလာကြသည်။
အားဟူက ရန်သူများကို စူးစိုက်ကြည့်ရင်း...
“သခင်လေး... ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ ၊ ဒီကောင်တွေကို ထိုးဖောက်ထွက်လာနိုင်ပေမယ့် မီးတောက်မိစ္ဆာဘုရင် ကျောက်စိမ်းပင်လယ်မြို့တော်က ထွက်လာအောင် အခုထိ မစွပေးနိုင်သေးဘူး”
ရန်ကျောက်ကဲက...
“နီးစပ်နေပါပြီ ၊ ရှေ့ကိုနည်းနည်းလောက်ဆက်သွားပြီးရင် ငါ့နည်းလမ်းအတိုင်း စမ်းသပ်ကြည့်လို့ရပြီ”