အခန်း (၁၀၇-၁၀၉)
Vol. 8 Ch. 107-109
အခန်း (၁၀၇)။ (A)။
ဒေါင်…၊ ဒေါင်…၊ ဒေါင်…၊ ဒေါင်…၊ ဒေါင်….၊ ဒေါင်….။
တိမ်ဖြူကျေးရွာ အနောက်ဘက် တောင်ပေါ်တွင် လှပစွာတည်ဆောက်ထားသော တာအိုဘုရား ကျောင်းတစ်ခုတွင် အရေးပေါ် အချက်ပေး ခေါင်းလောင်းသံများက ရုတ်တရက်ဆိုသလို ဆက်တိုက် ထွက်ပေါ်လာသည်။ ခေါင်းလောင်းသံတွေက အလွန်မင်း အရေးတကြီးဖြစ်နေပြီး၊ လူတို့၏နှလုံးကို ခုန်စေနိုင်ပါသည်။
ဤအရာသည် ရုတ်တရတ် မမျှော်လင့်သော အရေးပေါ် အခြေနေများကို ကိုင်တွယ်ဖြေရှင်းရန် တိမ်ဖြူကျေးရွာမှ အထူးအသုံးပြုထားသော "အချက်ပေးခေါင်းလောင်း" ဖြစ်သည်။ ခေါင်းလောင်း သည် အလေးချိန် ပေါင်သောင်းနှင့်ချီရှိပြီး ကြေးနီဖြင့် ပြုလုပ်ထားသည်။ အဆက်မပြတ် ထုရိုက် လိုက်သည်နှင့် တစ်ပြိုင်နက် မိုင်ပေါင်းများစွာ အကွာဝေးမှပင် အသံကို ကြားရသည်။
ဤ "အချက်ပေးခေါင်းလောင်း" အမျိုးအစားကို သွန်းလုပ်ရန် ငွေကြေးအများကြီး ကုန်ကျသည်။ များသောအားဖြင့်၊ နိုင်ငံတစ်ခုကဲ့သို့ ချမ်းသာကြွယ်ဝပြီး၊ နှစ်ပေါင်းရာနှင့်ချီ သမိုင်းကြောင်းရှိသော ဘုရားကျောင်းကြီးများနှင့် စံအိမ်ပိုင်ရှင်ကြီးများကသာ ဓားပြများ လုယက်မှုနှင့် ဒုက္ခသည်များ၏ အဓိကရုဏ်းများကို တားဆီးရန် ဆောက်ထားကြပါသည်။
ထိုရုတ်တရက် အရေးပေါ် အခြေအနေမျိုးတွင် ခေါင်းလောင်းကို အဆက်မပြတ် ထိုးနှက်ကြလိမ့်မည်။ မိုင်းဒါဇင်ပေါင်းများစွာ အချင်းဝက်အတွင်းမှ လူများသည် ခေါင်းလောင်းသံကို ကြားကြပြီး၊ ချက်ချင်းဆိုသလိုပင် ၎င်းတို့၏လက်နက်များကို ကောက်ကိုင်ကာ ပြင်ပ ကျူးကျော်မှုရန်ကို ကာကွယ်ရန် အမြန် စုရုံးကြသည်။
"ဂျူနီယာ ညီမ…၊ ဂျူနီယာ ညီမ…၊ မကောင်းတော့ဘူး…၊ ဝူယွမ်ခရိုင်ရဲ့ တပ်ရင်းရှစ်ရင်းက စုပေါင်း ပြီး၊ လီ ၂၀ အကွာဝေးကို ရောက်နေပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့ ရောက်လာကြလိမ့်မယ်။ ဘာတွေ ဖြစ်နေတာလဲ….၊ ဒီစစ်ဆေးရေးမှူးချုပ် ဟောင်ချင်းချန်က ကြောက်စရာကောင်းတဲ့ တစ်ခုခုလုပ်ဖို့ စီစဉ်နေတာလား။”
ကျောက်ဖေးရုန်က မတ်တပ်ထရပ်လိုက်သည်နှင့် တောင်ပေါ်ရှိ "အချက်ပေးခေါင်းလောင်း" က အဆက်မပြတ် မြည်လာသည်။ ရုတ်တရက်ပင် တိမ်ဖြူကျေးရွာခေါင်းဆောင် လျူဘိုင်ယွန်သည် ခြေလှမ်း အနည်းငယ်ဖြင့် အဆောက်ဦးဆီသို့ တက်လှမ်းလာခဲ့ သည်။ သူက အသက်ရှူထုတ်ပြီး ကျောက်ဖေးရုန်ကို ကမန်းကတန်း ပြောလိုက်သည်။
"ငါက မိုင်ရာချီကျော်ကြားတဲ့ တော်ဝင်ချန်ရဲ့ မြင့်မြတ်တဲ့ ပညာရှင် တစ်ဦးပဲ။ သူက ပြည်နယ်စစ်ဆေးရေးမှူးချုပ် ဖြစ်ရင်တောင် တိုင်းပြည်တစ်ခုလုံးရဲ့ အမျက်ဒေါသနဲ့ စွန့်စားပြီး ငါ့ကို ချေမှုန်းဖို့ တပ်တွေ လွှတ်လိုက်တာလား။”
"ဟမ့်..၊ ဝူယွမ်ခရိုင်ရဲ့ တပ်ရင်းရှစ်ရင်းက အကျင့်ပျက်အရာရှိ ဟောင်ချင်းချန်ဟာ တကယ်ကို ရက်စက်ပြီး၊ ကရုဏာကင်းသူပဲ။ ငါ သူ့ကို တရားဝင်လမ်းမကြီးမှာ ကြားဖြတ်တိုက်ခိုက်တာကို ဆင်ခြေရှာပြီး၊ သူ့တပ်တွေကို ချက်ခြင်း လွှတ်လိုက်တာလား။ သူက ကြွယ်ဝမူကြောင့် တိမ်ဖြူကျေးရွာကို သတ်ဖြတ်ဖို့ ကြိုးစားနေတာလား။ တိမ်ဖြူကျေးရွာကို စုံစမ်းဖို့ သူ့မှာ သူလျှိုတွေ အများကြီးရှိထားရမယ်။” ကျောက်ဖေးရုန်သည် အဝေးမှ လှိမ့်ဝင် လာနေသော စစ်တပ်ကို ကြည့်လိုက်ရင်း သူမမျက်နှာပေါ်တွင် မကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည် "ဘိုင်ယွန်၊ မင်းက ဝူယွမ်ခရိုင်ရဲ့ မြေအောက်ကမ္ဘာကို ချုပ်ကိုင်ထားပြီး၊ သူတို့ဂုဏ်ပြုတာကို ခံယူနိုင်တယ်။ မင်းက အင်ပါယာနန်းတော်ရဲ့ ဝူယွမ်ခရိုင် စစ်ဆေးရေးမှုးချုပ် ဟောင်ချင်းချန်ရဲ့ အသားထဲမှာ ဆူးတစ်ချောင်း ဖြစ်နေတာ ကြာခဲ့ပြီ။ သူက အနှေးနဲ့အမြန်ဆိုသလို ငါတို့ကို ချေမှုန်းဖို့ သူ့တပ်တွေကို စေလွှတ်မှာပဲ။ ပထမချက်အနေနဲ့ သူက အိမ်ခြံဝင်းအတွင်းရှိ ပိုင်ဆိုင်မှုတွေကို မျက်စိကျနေတယ်။ ဒုတိယအနေနဲ့ကတော့ သူ့သခင်ရဲ့ မျက်နှာသာပေးမှုကို လိုချင်နေတယ်။ တတိယအချက်ကတော့, သူက သူ့နည်းလမ်းတွေကို ပြသပြီး မြေအောက်ကမ္ဘာကို ခြိမ်းခြောက်ချင်နေတယ်။”
"ငါတို့ အခု ဘာလုပ်မှာလဲ" လျူဘိုင်ယွန်က ကျောက်ဖေးရုန်ကို ကြည့်လိုက်သည်။ သူ့အမူအရာက တည်ငြိမ်သွားသည်မှာ ကြာလှပါပြီ။ သို့သော် သူသည် စံအိမ်သခင်ဖြစ်ပြီး စိတ်ထဲတွင် အစီအစဉ်တကျ ရှိပြီးဖြစ်သော်လည်း၊ အနှစ်ငါးရာအတွင်း အထွဋ်ထိပ်ကောင်းကင်နယ်မြေ၏ အထူးချွန်ဆုံး တပည့်နှစ်ယောက်၏ စကားကို နားထောင်ရပါသေးသည်။
အထွဋ်ထိပ်ကောင်းကင်နယ်မြေသည် နှစ်ပေါင်းငါးရာကျော် သမိုင်းကြောင်း ရှိပါသည်။ ဤအနှစ်ငါးရာကျော်အတွင်းမှာ အထူးချွန်ဆုံး တပည့်နှစ်ယောက်သာ ရှိခဲ့ပါသည်။ ထိုနှစ်ယောက်တွင် တစ်ယောက်က ဤကျောက်ဖေးရုန် ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ လက်ရှိ တော်ဝင် နည်းပြဆရာဘွဲ့ရ ဝူဝမ်မြို့စား ဟုန်ရွှန်ကျိဖြစ်ပါသည်။
"သူ့မှာ စစ်သည်နဲ့ မြင်းတပ်ရင်း ရှစ်ရင်းရှိပြီး၊ စုစုပေါင်း လူ ၄၀၀၀ ပဲ ရှိတယ်။ ငါတစ်ယောက်တည်းနဲ့ ရာဂဏန်းလောက်ကို သတ်ပစ်နိုင်တယ်။ မင်း ဘာလို့ သူ့ကို ကြောက်နေတာလဲ။ ကျွမ်းကျင်သူတွေ၊ ကိုယ်ရံတော်တွေနဲ့၊ သေမင်းတမန်စစ်သည်တွေကို အမြန်စုစည်းလိုက်ပါ။ ထွက်ပြီး တိုက်ပွဲဝင်ကြပါ။ သူ့ကို အပြီးအပိုင် အနိုင်ယူပစ်မယ်။" ကျောက်ဖေးရုန်က သူမလက်ကို မြှောက်လိုက်သည်။
“ဟောင်ချင်းချန်ဟာ ဒီလိုတပ်ဖွဲ့ကြီးနဲ့ဆိုတော့ ဒီကိုလာဖို့ ကျွမ်းကျင်သူတွေကို ခေါ်လာမှာကို ငါ ကြောက်တယ်။"
"စိတ်မပူပါနဲ့၊ ငါတို့က အရင်းမြစ်အားလုံးကို စတေးပြီး၊ ဝိုင်းရံထားမူ ကနေ အချိန်မရွေး ဖောက်ထွက်နိုင်တယ်။ တွေးကြည့်ပါ။ သူက ဒီတိမ်ဖြူကျေးရွာလေးကို ဝိုင်းထားဖို့ သူ့မှာ လူ ၄၀၀၀ ပါတဲ့ တပ်ရင်းရှစ်ရင်း ရှိတယ်။ အဲဒီအထဲက ထက်ဝက်ကျော် သေသွားရင် သူ ဘာဖြစ်သွားမလဲ။ တပ်ရင်းရှစ်ရင်းသာ ချိနဲ့သွားခဲ့ရင် ဘာဖြစ်သွားမလဲ။ တကယ်လို့, ဒီအကြောင်းကိုသာ စစ်ဌာနချုပ်ကို သတင်းပို့လိုက်ရင်, သူ့ကို ချက်ချင်း ထုတ်ပယ်ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်လိမ့်မယ်။” ကျောက်ဖေးရုန်က လှည့်ကြည့်လိုက်ပြီး သူမခါးပတ်ပေါ်ရှိ ကွင်းများက တုန်ယင်နေသည်။ "သွား၊ မင်းအတွက် ကြိုးတွေကို ငါ ချုပ်ကိုင်ထားပေးမယ်။ သူ့မှာ ကျွမ်းကျင်ပညာရှင်တွေ ရှိခဲ့ရင်, ငါ သူတို့ကို တိုက်ရိုက် သတ်ပစ်မယ်။"
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ဂျူနီယာ ညီမ။ ငါ့ရဲ့ အလွှာကိုးထပ်ငါးမန်းချပ်ဝတ်၊ ငါ့ရဲ့ နဂါးရစ်ခွေလှံနဲ့ ကျောက်စိမ်းညခြင်္သေ့မြင်းတို့ကို ယူလာခဲ့ပါ။ တိမ်ဖြူအစောင့် ရှစ်ယောက်၊ နားထောင်ပါ။ သေမင်းတမန် စစ်သည် ရှစ်ကျိပ်ကို သက်ဆိုင်ရာ အဖွဲ့တွေကို ဦးဆောင်ပြီး ချက်ချင်း လှုပ်ရှားစေပါ။ ဘဲလက်စတာ့ပစ်စင်တွေ ကို ထုတ်ပါ။ ဒူးလေတွေကိုလည်း ထုတ်လိုက်ပါ။ ဓားရှည်တွေ၊ သံချပ်ကာတွေ၊ လေးနဲ့မြှားတွေကို တစ်ခုပြီးတစ်ခု တပ်ဆင်ထားကြ။ ကျေးရွာရဲ့ ပင်မတံခါးကို ပိတ်ထားလိုက်ပြီ။ အစေခံတွေနဲ့ အိမ်ဖော်တွေ အားလုံး အနှောင့်အယှက် မဖြစ်ရအောင် ရွာအနောက်ဘက်ရှိ ခြံဝင်းထဲမှာ ချက်ချင်း စုရုံးခဲ့ကြစေ။ စာရင်းကိုင်နဲ့ မိသားစု ဝင်တွေကို ကာကွယ်ပေးဖို့ လူတွေကို စေလွှတ်ထားပါ။ ရတနာတွေကို ချက်ချင်း ထုပ်ပိုးပြီး တောင်နောက်ဘက်ရှိ ဥမင်လိုဏ်ခေါင်းမှတဆင့် တောင်ဘက်ကို ယူဆောင်သွားပါ။”
“ပြီးတော့, တိမ်ဖြူကျေးရွာက အကြီးကဲငါးယောက်ကို သွားခေါ်လိုက်။ သူတို့ကို ငါ့ဘေးက လိုက်ပါပြီး ရန်သူကို သတ်ဖြတ်ပါစေ။”
ဆက်တိုက် ညွှန်ကြားချက်များ ပေးပြီးနောက် လျူဘိုင်ယွန်၏ အနီးကပ် ကိုယ်ရံတော်များသည် ကျားများကဲ့သို့ ဟိန်းဟောက်ကာ ချက်ချင်း ထွက်ခွာသွားကြသည်။
တိမ်ဖြူစံအိမ် တစ်ခုလုံး ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါသည်။ ၎င်းတို့သည် လေးကြိုး တပ်ထားသည့် စက်များကဲ့သို့ပင်။ တကယ်ကို စနစ်တကျဖြင့် အလျင်မြန် လှုပ်ရှားနေကြပါ သည်။ သာမန်နယ်မြေသခင်တစ်ဦး ယှဉ်နိုင်သည့်အရာ မဟုတ်ပါဘူး။
"ဒီတိမ်ဖြူကျေးရွာမှာ သတိပေးခေါင်းလောင်းတစ်ခု ရှိမယ်လို့ မမျှော်လင့်ထားဘူး!"
ဟုန်ယွိသည် မြင်းစီးပြီး စစ်တပ်၏ အကာအကွယ်အောက်တွင် ရှေ့သို့ တိုးလာခဲ့သည်။ အဝေးက တောင်ပေါ်မှ ခေါင်းလောင်းသံကို သူ ကြားနေရ၏။ သူသည် တိတ်တဆိတ် တုန်လှုပ်သွားပါ သည်။ ကျောက်စိမ်းမြို့တော်အပြင်ဘက်မှာ မြေယာဧကပေါင်း ထောင်သောင်းချီ ပိုင်ဆိုင်ကြပြီး၊ ချမ်းသာကြွယ်ဝသော မြေပိုင်ရှင်ကြီးများနှင့် ဩဇာကြီးမားသည့် မိသားစုတွေမှာတောင် သတိပေးခေါင်းလောင်း မရှိသ လောက်ပင်။ ဤဝူယွမ်ခရိုင်ရှိ ရွာငယ်လေးသည် အမှန်ပင် လုပ်ဆောင်နိုင်ခဲ့သည်။ အထွဋ်ထိပ်ကောင်းကင်နယ်မြေအပေါ် သူ၏ကြောက်ရွှံ့စိတ်က နောက်တစ်ဆင့် တိုးလာသည်။
သူ့တပ်မှာ စစ်သည်နှင့် မြင်းတပ်ပါ တပ်ရင်းနှစ်ရင်း ပါဝင်ကြသည်။ စုစုပေါင်း လူတစ်ထောင်ခန့် ရှိသည်။ မြင်းစီးသူရဲနှစ်ရာ၊ လှံကိုင်စစ်သည် ခြောက်ရာ၊ ဓားရှည်နှင့် ကြိမ်ဒိုင်ကိုင် စစ်သည်တစ်ရာ၊ ဒူးလေးစစ်သည် တစ်ရာ ပါဝင်သည်။ လမ်းတစ်လျှောက်တွင် စစ်သည်များ အားလုံး ချွေးသီးချွေးပေါက်များ အပြိုင်းပြိုင်း ထွက်နေကြသည်။ သို့သော် သူတို့သည် တက်ကြွပြီး ခွန်အားအပြည့် ရှိကြသည်။
အထူးသဖြင့် စစ်သားတွေ၏ ခါးမှာ ချိတ်ဆွဲထားသည့် ရေအိတ်တွေပါ။ သို့သော် တခါတရံတွင် စစ်သည်များသည် ရေအိတ်များကို ဖြုတ်ပြီး တစ်ငုံစီသောက်ကျသည်ကို ဟုန်ယွိ သတိပြုမိသည်။ ချဉ်စုပ်စုပ် အရသာက သူ့နှာခေါင်းထဲသို့ ဝင်ရောက်လာသည်ကို ခံစားရ၏။ ၎င်းအရေများသည် တကယ်တော့ ရေမဟုတ်ဘဲ ရှာလကာရည်များ ဖြစ်နေပါသည်။
"စစ်သည်တွေဟာ ပူအိုက်တဲ့ရာသီဥတုမှာ အပြင်းအထန် ခရီးနှင်ကြရတယ်။ ရေသောက်တာက ခန္ဓာကိုယ်နဲ့ အစာအိမ်တွေကို ထိခိုက်စေတယ်။ ရှာလကာရည်သောက်တာက မကောင်းဆိုးဝါးချီတွေကို ဖယ်ရှား ပေးနိုင်တယ်။ ခန္ဓာကိုယ်က အရည်ဓာတ်ကို လှုံ့ဆော်ပေးပြီး၊ ရေငတ်တာကို ပြေပျောက်စေတယ်။ စွမ်းအင်ကို တိုးစေတယ်။ ဒါက သေးငယ်တဲ့လျှို့ဝှက်ချက်ပဲ။ ဒါပေမယ့် အရမ်း အရေးကြီးတယ်။ ညီငယ်ဟုန်၊ မင်း အနာဂတ်မှာ တပ်တွေကို ဦးဆောင်တဲ့အခါ ဒီအသေးစိတ် အချက်အလက်ကို မှတ်ထားရမယ်။"
ထိုအချိန်တွင်၊ ဝူယွမ်ခရိုင် စစ်ဆေးရေးမှူးချုပ် ဟောင်ချင်းချန်သည် အနက်ရောင် ကြေးခွံ သံမဏိချပ်ဝတ်နှင့် သံမဏိခမောက်ကို ဝတ်ဆင်ထား၏။ သူသည် အမှောင်သွေးမြင်းကို စီးပြီး၊ ဘေးနှစ်ဖက်တွင် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်၏ အနီးကပ် စောင့်ကြပ်မှုကို ခံယူထားပါသည်။
"ရွာငယ်လေးကို ဖျက်ဆီးဖို့အတွက် စစ်သည်နဲ့ မြင်းတပ်အပါဝင် တပ်ရင်းရှစ်ရင်းနဲ့ လူလေးထောင် ရှိတယ်။ ဒါက ကြက်သတ်ဖို့ သားသတ်ဓားကို အသုံးပြုနေတာနဲ့ တူနေပုံရတယ်။ ဒါ့ပြင် သခင် ကိုယ်တိုင်က စစ်တိုက်ထွက်နေတာလား။" ဟုန်ယွိသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိပြီး၊ စစ်သည်များကို ဦးဆောင်မူနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို လေ့လာရင်း ရုတ်တရက် အကြံတစ်ခုရကာ၊ ဟောင်ချင်းချန်ကို မေးလိုက်ပါသည်။
"တိမ်ဖြူကျေးရွာမှာ ကျွမ်းကျင်သူတွေ အများကြီးရှိလို့ လျှော့တွက်လို့ မရဘူး။ ကံကောင်းစွာပဲ, သူတို့က ဒီမှာ သုံးနှစ်လောက်ပဲ နေထိုင်ရသေးတယ်။ နောက်ငါးနှစ်ကြာအောင် လည်ပတ်နေခဲ့မယ် ဆိုရင် သူတို့ရဲ့ အမြစ်တွေက နက်ရှိုင်းလာပြီး၊ သူတို့ရဲ့ ဩဇာအာဏာက ကြီးထွားလာကာ၊ အရာရှိတွေကို ဆက်သွယ်လို့ ရလာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်, ငါတောင် သူတို့ကို ဘာမှ မတတ်နိုင်တော့ဘူး" ဟောင်ချင်းချန်က “ငါ တိတ်တဆိတ် စုံစမ်းပြီးသွားပြီ။ တိမ်ဖြူကျေးရွာရဲ့ ရွာသူကြီး လျူဘိုင်ယွန်မှာ သူ့အောက်မှာ တိမ်ဖြူအစောင့် ရှစ်ယောက် ရှိတယ်။ သူတို့ တစ်ဦးချင်းစီက သိုင်းသခင်တွေပဲ။ အဲဒီအစောင့် ရှစ်ယောက်မှာ တစ်ဦးချင်းစီက သေမင်းတမန်စစ်သည် ဆယ်ယောက်စီကို ဦးစီးဦးဆောင်ပြုတယ်။ သူတို့အားလုံးကလည်း ရဲရင့်တဲ့ သိုင်းသခင်တွေပဲ။ ဒီသေမင်းတမန် အယောက်ရှစ်ဆယ်မှာ တစ်ဖွဲ့စီချင်းစီက ရွာစောင့် ငါးယောက်ရှိပြီး၊ နေ့ရောညပါ သုံးနှစ်ကြာအောာင် လေ့ကျင့်ထားကြတယ်။ ဒီအင်အားကို လျှော့တွက်လို့ မရဘူး။ ဒါ့အပြင် တိမ်ဖြူကျေးရွာက လွန်ခဲ့တဲ့ သုံးနှစ်အတွင်း မြေအောက်ကမ္ဘာမှ ကျွမ်းကျင်သူ များစွာကို လျှို့ဝှက်ငှားရမ်းခဲ့တယ်။ ငါသိသရလောက်ဆို ဧည့်သည်အရာရှိအဖြစ် တာဝန်ထမ်း ဆောင်နေတဲ့ ထိပ်တန်းကျွမ်းကျင်သူ ငါးဦးလောက် ရှိတယ်။ သူတို့အားလုံးဟာ လူဒါဇင်ပေါင်းများစွာကို အနိုင်ယူ နိုင်တဲ့ ထိပ်တန်းသိုင်းသခင်တွေချည်းပဲ ဖြစ်နေမှာ စိုးရတယ်။ သူတို့အထဲမှာ ရှန်တန်နယ်ပယ်က ကျွမ်းကျင်သူတွေတောင် ရှိနေနိုင်တယ်။”
"တိမ်ဖြူအစောင့်ရှစ်ဦး၊ သေမင်းတမန်စစ်သည်ရှစ်ကျိပ်, စံအိမ်ကြီးအတွက် သုံးနှစ်ကြာ လေ့ကျင့်ပေးထားတဲ့ အစောင့်ရှောက်, စုစုပေါင်း ၄၈၈ ယောက် အထိ ရှိတယ်။ အိမ်ငှားတောင်သူတွေနဲ့ အလုပ်ကြမ်းသမားတွေကတော့ အမိုက်သာသာ အဖွဲ့သားတွေပါပဲ။ စစ်တပ်ရောက်လာရင် သူတို့က ကြက်တွေလို ချက်ချင်း ကြောက်လန့်ပြီး တုန်လှုပ်သွားလိမ့်မယ်။ ဟုန်ယွိသည် သံချပ်ကာထဲတွင် ပုန်းကွယ်နေသော ဟောင်ချင်းချန်ကို ကြည့်လိုက်ပြီး ထပ်မေးသည်။
"ညီလေး၊ ဒီလူ ၄၈၈ ယောက်ကို အထင်မသေးနဲ့။ တိမ်ဖြူကျေးရွာမှာ စည်းစိမ်ဥစ္စာတွေ အများကြီး စုဆောင်းထားပြီး စားစရာတွေ အများကြီးရှိတယ်။ ဟင်း….။ သူတို့မှာ လက်နက်တွေ၊ လှံတွေ၊ သံချပ်ကာတွေနဲ့ ဒူးလေးတွေတောင်ရှိတယ်။ ကမ္ဘာကြီးက မငြိမ်မသက် ဖြစ်ပြီး၊ ဒုက္ခသည်တွေ နေရာတိုင်းမှာ အုံကြွလာတဲ့အခါ, သူတို့က ဂိုဒေါင်ဖွင့်ပြီး ဒုက္ခသည်တွေကို စုစည်းဖို့အတွက် လူ ၄၈၈ ယောက်ရှိတဲ့ ဒီပင်မအဖွဲ့ကို အားကိုးနိုင်တယ်။ တခဏအတွင်းမှာ, သူတို့က လူထောင်ပေါင်းများစွာကို စုစည်းပြီး၊ ပြည်နယ်တစ်ခု ဒါမှမဟုတ် အလယ်ပိုင်းပြည်နယ် တစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်တယ်။”
ဟောင်ချင်းချန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒါတော့ အမှန်ပဲ။ အရင်တုန်းက မင်းဆက်တွေမှာ ရေကြီးမှု၊ အစာခေါင်းပါးမှုနဲ့ ပရမ်းပတာတွေက အမြဲတမ်း ဒီလိုပါပဲ။" ဟုန်ယွိက သူ့စိတ်ထဲမှာ ခေါင်းညိတ်လိုက်သည်။ "လက်နက်တွေ၊ လှံတွေ၊ သံချပ်ကာတွေကို လျှို့ဝှက်သိမ်းဆည်းတာဟာ ရာဇဝတ်မှုကြီး တစ်ခုပဲ။"
“အခုခေတ်မှာ အဆင့်အတန်းရှိတဲ့ လူတိုင်းဟာ ကိုယ့်ကိုကာကွယ်ဖို့ လက်နက်ခဲယမ်းတွေကို ဘယ်သူကရော မဖုံးကွယ်ထားလို့လဲ။ ဒါက ကြီးမားတဲ့ ရာဇဝတ်မှုကြီးတစ်ခုဖြစ်ပြီး အကြိမ်ကြိမ် တားမြစ်ထားပေမယ့်လည်း မရပ်တန့်နိုင်သေးဘူး။" ဟောင်ချင်းချန်က ခေါင်းခါသည်။ "အင်ပါယာ တရားရုံးက ဘယ်လောက်ပဲ တင်းကြပ်ထားပါစေ ဒီအရာတွေကို တားဆီးလို့ မရဘူး။”
စကားပြောနေစဉ်တွင် မြင်းတပ်သည် အလွန်လျင်မြန်သော အဟုန်ဖြင့် တိမ်ဖြူကျေးရွာသို့ ချဉ်းကပ်နေပြီ ဖြစ်သည်။ တောင်ခြေရင်းမှာ ဆောက်ထားသည့် တံတိုင်းကြီးတွေ၊ အိမ်ကြီးတွေနှင့် တိမ်ဖြူကျေးရွာ၏ ကင်းမျှော်စင်တွေကို မြင်နေရပြီ။
ယခုအချိန်တွင် မရေမတွက်နိုင်သော လယ်သမားများနှင့် အိမ်ငှားလယ်သမားများသည် ပေါက်ပြား၊ ခက်ရင်း၊ တံစဉ်၊ မီးဖိုချောင်သုံးဓားများကို ကိုင်ဆောင်ကာ လယ်ကွင်းများနှင့် လမ်းမကြီးမှတဆင့် တိမ်ဖြူကျေးရွာဆီသို့ အရူးအမူး ပြေးသွားနေကြသည်။
"အချက်ပေးသံ မြည်နေတယ်။ အားလုံး သွားကြရအောင်။"
"ဓားပြတွေ လာနေပြီ"
"ဓားပြတွေက အစားအသောက်နဲ့ ပိုက်ဆံတွေကို ခိုးယူလုယက်ဖို့ ဒီကို လာနေကြပြီ။ အားလုံး တိုက်ခိုက်ကြ။"
အပိုင်း (၁၀၇) (B)
တစ်ချက်ကြည့်လိုက်ရုံဖြင့် ပုရွက်ဆိတ်များကဲ့သို့ နေရာတိုင်းမှာ လယ်သမားတွေ ပြည့်ကျပ်နေ၏။ ၎င်းတို့သည် တိမ်ဖြူကျေးရွာအနီးရှိ ကျေးရွာများမှ တောင်သူများ ဖြစ်ကြသည်။ တောင်ပေါ်မှ အချက်ပေး ခေါင်းလောင်းသံကို ကြားတော့ အားလုံးက ဝိုင်းအုံပြီး ပြေးလာကြသည်။
လူတွေက ရှုပ်ပွနေပြီး နေရာတိုင်းမှာ ရှိနေကြ၏။ လူပေါင်း မည်မျှရှိသည်ကို မည်သူမှ မပြောနိုင်ပါဘူး။ သူတို့သည် ကျယ်လောင်စွာ ဟစ်ကြွေးပြီး၊ လက်ထဲတွင် လက်နက်များကို ကိုင်ဆောင်ကာ လမ်းမကြီးပေါ်ရှိ အင်အားတစ်ထောင် စစ်တပ်ဆီသို့ ချီတက်လာသည်။
"တိမ်ဖြူကျေးရွာက ပုန်ကန်နေတယ်။ သူတို့ကို ချေမှုန်းဖို့ အင်ပါယာစစ်တပ်က ဒီနေရာကို ရောက်ရှိလာတာ။ ငါတို့ကို ဟန့်တားတဲ့ လူမှန်သမျှ ခေါင်းဖြတ်ခံရလိမ့်မယ်။" ရှေ့တန်းမှ ဦးစီးတပ်သား နှစ်ရာတို့က တညီတညွတ်တည်း အော်ပြောလိုက်ကြပြီး လေးနှင့်မြှားများကို တပ်ဆင်လိုက်ကြသည်။ ဝှီး…။ ကျိုင်းကောင်များကဲ့သို့ မြှားမိုးရွာချကာ ပထမဆုံးရောက်ရှိလာသော လယ်သမား ဒါဇင်အနည်းငယ်ကို ချက်ချင်း သေဆုံးသွားစေခဲ့သည်။ နာနာကျင်ကျင် အော်ဟစ်သံများက ချက်ချင်းပင် အဆုံးမသတ်နိုင် ထွက်ပေါ်လာကြသည်။
တစ်ချိန်တည်းမှာပင် တပ်သား အင်အားတစ်ထောင်တို့သည် တညီတညွတ်တည်း ဟစ်ကြွေးကြပြီး၊ ဒိုင်းလွှားများကို ၎င်းတို့၏ဓားများဖြင့် တညီတညွတ်တည်း ရိုက်လိုက်ကြသည်။
"သတ်….”
သတ်ပစ်…။
သတ်ပစ်…"
တပ်သား အင်အားတစ်ထောင်သည် ၎င်းတို့၏ဓားသွားများနှင့် ဒိုင်းများကို ရိုက်နှက်ပြီး "သတ်" ဟူသော စကားလုံးကို တစ်ခဲနက် ကြွေးကြော်ခဲ့သည်။ ၎င်းအသံသည် မြေကြီးပြိုကျပြီး ကောင်းကင်ပေါ်က တိမ်တိုက်တွေ လွင့်စင်သွားသလိုပဲ။ ဟုန်ယွိသည် ချက်ချင်းဆိုသလိုပင် ပြင်းထန်ပြီး ရဲရင့် သော အငွေ့အသက်ပေါင်းစွာ ပေါင်းစပ်သွားသည်ဟု ခံစားလိုက်ရပြီး သူ့သွေးများက ချက်ချင်းပင် ဆူပွက်လာသည်။
"အဲဒါ အင်ပါယာစစ်တပ်ပဲ။ ပြေး…။"
"သူတို့က ဓားပြတွေ မဟုတ်ဘူးဟ။ ပြေးကြ….."
"ပြေး……"
စစ်တပ်၏ ကြွေးကြော်သံက အရပ်ရပ်မှ တဟုန်ထိုး ပြေးတက်လာသော လယ်သမားများနှင့် အိမ်ငှားများကို အထိတ်တလန့် ဖြစ်သွားစေပုံရသည်။ ၎င်းတို့သည် ငှက်များနှင့် သားရဲများကဲ့သို့ ပြင်းထန်စွာ ထွက်ပြေးကြသည်။ အများစုက ထိတ်လန့်ပြီး လယ်ကွင်းထဲမှာ လဲကျသွားကြသည်။
"သေဆုံးသူ ဒါမဟုတ် ဒဏ်ရာရရှိသူ လယ်သမားမိသားစု တစ်ခုစီအား ငွေဒင်္ဂါးသုံးဆယ် ဆုချီးမြှင့်မယ်။ တိမ်ဖြူကျေးရွာကို ချေမှုန်းပြီးနောက်၊ ချက်ချင်း လွှဲပြောင်းရယူပြီး၊ နောက်ဆက်တွဲပြဿနာတွေကို ချက်ချင်း ဖြေရှင်းပေးမယ်။" ဟောင်ချင်းချန်၏ အသံက ခံစားချက်မဲ့စွာ ထွက်ပေါ်လာသည်။ “ရွာပျက်ဆီးသွားရင်တောင်, လုယက်မှု၊ မီးရှို့မှု၊ မုဒိမ်းမှုတွေကို ခွင့်မပြုဘူး။ အမျိုးသမီးတွေကို မသတ်ရဘူး။ လူကြီးသူမတွေကို မသတ်ရဘူး။ ကလေးတွေကို မသတ်ရဘူး။ ဒီအမိန့်ကို မနာခံတဲ့စစ်သည်မှန်သမျှကို စစ်ဥပဒေနဲ့ အရေးယူမယ်။
"အမိန့်တိုင်းပါ"
အမိန့်ကိုကြားပြီးနောက် တပ်ရင်းနှစ်ရင်းမှ တပ်မှူးများသည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အစောင့်များအား တပ်မှူး၏အလံကို လက်ထဲတွင် ဝှေ့ယမ်းကြသည်။ ချက်ချင်းဆိုသလိုပဲ သူတို့ အနားက ရထားပေါ်ကနေ စစ်ဗုံကြီးကို ဆွဲထုတ်လိုက်၏။ ဒေါင် ဒေါင် ဒေါင်…..၊ နှလုံးခုန်ပြီး ရင်တွေ တုန်ခါသွားကြသည်။
စစ်ဗုံများကို တီးခတ်လိုက်သည်နှင့် တပြိုင်နက် စစ်တပ်၏ အသံဗလံများ လည်း ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် အဝေးမှ ဉီးချိုဘင်ခရာသံနှင့် စစ်ဗုံတီးသံများလည်း ထွက်ပေါ်လာသည်။ စစ်ဗုံတီးသံသည် ဘက်ပေါင်းစုံမှ ပဲ့တင်ထပ်နေကာ အကန့်အသတ်မဲ့ ကျယ်ပြောလှသော ကမ္ဘာကြီးမှာပင် ပုန်းအောင်းရန် မဖြစ်နိုင်ကြောင်း လူတို့အား ခံစားစေသည်။
"ဒီလိုဖိနှိပ်နိုင်တဲ့ စိတ်ခံစားချက်မျိုးက ရွာထဲက ပညာရှင်တွေတောင် စိတ်မသက်မသာဖြစ်မှာ ငါ ကြောက်မိတယ်။ ကျန်တဲ့လူတွေကတော့ ပြိုလဲကျသွားမှာတောင် စိုးရတယ်။" ထိုကဲ့သို့ စွမ်းအားကို မြင်လိုက်ရလျှင် ဟုန်ယွိသည် သူ့ကိုယ်သူ တိမ်ဖြူကျေးရွာ၏ ရူထောင့်အမြင်ကနေ မြင်နိုင်ရန် ကြိုးစားလိုက်ပါသည်။ သူ၏ အစွမ်းထက်သော စိတ်ဝိညာဉ်ဖြင့်ပင် ထိုကဲ့သို့ ဝိုင်းရံခံရခြင်း၊ စစ်ဗုံတီးသံနှင့် ဉီးချို ဘင်ခရာသံတို့၏ မျက်မှောက်ရှေ့တွင် သူ့ကိုယ်သူ တည်တည် ငြိမ်ငြိမ် ရပ်တည်ရန် ခက်ခဲသည်ဟု သူ ခံစားခဲ့ရသည်။
"စစ်တပ်ရဲ့အင်အားကို ငါလျှော့တွက်မိနေတုန်းပဲ။ ဟင်…."
တစ်ချိန်တည်းမှာပင် တိမ်ဖြူကျေးရွာရှိ မျှော်စင်တစ်ခုပေါ်တွင် ရပ်နေသော ကျောက်ဖေးရုန်သည် အပြင်ဘက်တွင် များပြားလှသော စစ်သည်များနှင့် မြင်းစီးစစ်သည် လေးထောင်တို့က တိမ်ဖြူကျေးရွာ အပြင်ဘက်တွင် စုရုံးရောက်ရှိလာပြီး ဝိုင်းရံထားသည်ကို အဝေးမှ လှမ်းကြည့်နေခဲ့သည်။
ထိုအချိန်တွင် တိမ်ဖြူကျေးရွာသည် ပရမ်းပတာနှင့် ကမ္ဘာပျက်နေပြီ ဖြစ်သည်။ လူတွေက အော်ဟစ်ပြီး ငိုကြွေးနေကြသည်။ အစေခံများ၊ အလုပ်သမားများနှင့် မြင်းထိန်းများသည် အပြင်ဘက်မှ ဦီးချို ဘင်ခရာသံနှင့် စစ်ဗုံသံများကို ကြားသောအခါ ဒေါသူပုန်ထကြသည်။ သူတို့သည့် ခေါင်းကိုအုပ်ပြီး ကြွက်လို ပြေးကြ၏။ တစ်ချို့က ငွေကြေးတွေ ယူ၊ တစ်ချို့က ပစ္စည်းတွေ ယူသွားကြသည် တစ်ချို့ဆို အလျင်စလို ထွက်ချင်ကြသည်။ နောက်ဆုံးတွင် သေမင်းတမန်စစ်သည်များက ခြံဝင်းထဲသို့ ပြေးဝင်လာခဲ့ကြသည်။ သူတို့သည် လူအနည်းငယ် ကို ပိတ်လှောင်ကာ ဆူပူအုံကြွမှုများ မရပ်တန့်ခင် ၎င်းတို့ကို သတ်ပစ်လိုက်ကြသည်။
ကျေးရွာထဲတွင် လူတစ်ထောင်ကျော်ရှိသော်လည်း ထိုကျွန်များ၊ အစေခံများ၊ အလုပ်သမားများနှင့် မြင်းထိန်းများသည် တိုက်ခိုက်ရန် စွမ်းအား မရှိကြပေ။ လူတို့၏ စိတ်ဓာတ်ကို နှောင့်ယှက်မည့် အသုံးမဝင်သော အမှိုက်များ ဖြစ်သည်။
ယခုတော့ ရွာထဲမှာ တည်တည်ငြိမ်ငြိမ် နေနိုင်သည့်သူတွေကတော့ တိမ်ဖြူအစောင့် ရှစ်ယောက်၊ သေမင်းတမန်စစ်သည် ရှစ်ဆယ်၊ သုံးနှစ်ကြာ လေ့ကျင့်သင်ကြားထားသည့် ကျွန်တပည့်လေးရာတို့ဘဲ ဖြစ်ပါသည်။
ဤလူများသည် ကျေးရွာ၏ အဓိက အချက်ချာနေရာတွေကို သိမ်းပိုက်ထားကြသည်။ သူတို့သည် သံချပ်ကာအပြည့်အစုံ၊ ဆေဘာများကို ကိုင်ဆောင်ထားပြီး ဘဲလက်စတာ့ပစ်စင် ဆယ်ခုကျော်တောင် ရှိနေခဲ့ပါသည်။ (ဘဲလက်စတာ့ပစ်စင်….ဟူသည် လှံများ သို့မဟုတ် လေးလံသော ကျောက်လုံး များကို ပစ်ပေါက်ရန် ဒီဇိုင်းထုတ်ထားသော ရှေးခေတ် ပစ်လွှတ်၍ရသည့် ပစ်စင်များဖြစ်ပါသည်)။
ထိုကဲ့သို့ ဘဲလက်စတာ့ပစ်စင်တွေကို စောင့်ကြပ်ဖို့ လူငါးယောက် လိုပါသည်။ သစ်သားနှင့် သံမဏိမြှားများသည် လက်မောင်းပမာဏ ထူထဲကာ၊ ဆယ်ပေရှည်လျားပြီး လေးထောင့်ငါးရာ အကွာဝေးအထိ လှမ်းပစ်နိုင်ပါသည်။ ၎င်းတို့သည် သံမဏိဒိုင်းများ၊ လူများနှင့် မြင်းများဖြင့် ထိုးဖောက်နိုင်သည်။ ကျယ်လောင်သော အသံနှင့်အတူ သံမဏိမြှားများကို တပ်ဆင်လိုက်ကြသည်။
“လျူဘိုင်ယွန်က ကျေးရွာကို သုံးနှစ်ကြာ လည်ပတ်နေပေမယ့် နက်ရှိုင်းမူ သိပ်မရှိသေးဘူး။ သေမင်းတမန် စစ်သည်တွေနဲ့ ကျွန်တွေကို အများကြီး လေ့ကျင့်ပေးထားနိုင်တာကတော့ မဆိုးပေမယ့် သူ့ရဲ့ အခြေခံ အုတ်မြစ်က တိမ်မြုပ်နေပါသေးတယ်။ တပ်ငယ်လေးတွေရဲ့ ဝိုင်းရံ တိုက်ခိုက်မှုကို ရင်ဆိုင်ရရင် ခုခံနိုင်ပေမယ့် တပ်ရင်း ရှစ်ရင်းကိုတော့ ခုခံရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီအသေခံ သေမင်းတမန်စစ်သည်တွေက အသုံးဝင်ပါတယ်။ သူတို့က သူတို့ရဲ့အသက်နဲ့ရင်းကာ အကာအကွယ် ပေးပြီး အဲဒီစစ်သည်တွေကို ဆုံးရှုံးမှုကို ကြီးကြီးမားမား ဖြစ်ပေါ်စေနိုင်တယ်။ ငါက ဟောင်ချင်းချန်ရဲ့ ခေါင်းကိုဖြတ်ဖို့ ဒီအခွင့်အရေးကို ယူရမယ်။ ဒီခွေးအရာရှိက အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်။ ဒီလို ဖြစ်လာမယ်မှန်းတာ ငါကြိုသိခဲ့ရင် သူ့ကို အစောကတည်းက လုပ်ကြံခဲ့မိမှာဘဲ။”
ကျောက်ဖေးရုန်က လုံးဝ မတုန်လှုပ်ပေ။ သူမ စိတ်ထဲတွင်, ဟောင်ချင်းချန်၏ ခေါင်းကို ဘယ်လိုဖြတ်ပြီး အဝေးကို ဘယ်လို ထွက်သွားရမလဲဆိုသည်ကို တွက်ချက်နေသည်။
သူမ၏ တာအိုပညာရပ်နှင့် သိုင်းပညာစွမ်းရည်အရ, သူမအား စစ်သည် တစ်သောင်းဖြင့် မဝိုင်းထားသရွေ့ သူမသည် အချိန်မရွေး လွင့်မျောကာ ပျံသန်းသွားနိုင်သည်။ သူမကို မည်သူမှ အမှီမလိုက်နိုင်ပါဘူး။
"ရွာကို ဖျက်ဆီးပစ်ကြ၊"
စစ်သည်လေးထောင်တို့သည် တိမ်ဖြူရွာအပြင်ဘက်တွင် လှေကားထစ် တစ်ထောင်ကို စုရုံးကြသည်။ စစ်ဆေးရေးမှူးချုပ် ဟောင်ချင်းချန်က စစ်တပ်အလယ်တွင် ရှိနေ၏။ အမိန့်ပေးသံနှင့် အတူ ဆေဘာနှင့် ဒိုင်းကာ ခြေလျင်တပ်သားများက စနစ်တကျ တန်းစီပြီး တိမ်ဖြူကျေးရွာ၏ နံရံများနှင့် တံခါးများဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။
အုန်း….။ အုန်း….။ အုန်း….။ အုန်း….။ အုန်း….။
ဤဒိုင်းလွှားကာ ခြေလျင်တပ်သားများသည် ခြေလှမ်း ၅၀၀ ခန့်အကွာသို့ ရောက်ရှိသောအခါ နံရံပေါ်ရှိ ဘဲလက်စတာ့ပစ်စင် တပ်သားများသည် စတင်ပစ်ခတ်ကြသည်။ ထူထပ်သော မြှားများသည် ဒိုင်းလွှားကာ ခြေလျင်တပ်သားများ၏ ဒိုင်းလွှားများကို ချက်ခြင်း ထိမှန်သွားကာ၊ ထိုးဖောက်ဝင်ရောက်သွားကြပြီး ၎င်းတို့၏ခန္ဓာကိုယ်များပင် နောက်ပြန် လွင့်ထွက်ပြီး အများအပြား ကြေမွပျက်ဆီးသွားကြသည်။
ဘဲလက်စတာ့ပစ်စင် ဆယ်ခုထက်မနည်း ပထမဆုံးပစ်ခတ်မှုက ဆေဘာကိုင် ခြေလျင်စစ်သည် အယောက်သုံးဆယ်မှ လေးဆယ်အထိ သေဆုံးခဲ့သည်။
"ဘဲလက်စတာ့ပစ်စင်တွေ…၊ တော်တယ်" ဟောင်ချင်းချန်၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင် ဖြင့် လင်းလက်သွားသည်။ တိမ်ဖြူစံအိမ်မှာ မြို့တော်ကို ကာကွယ်ရာမှာ အသုံးပြုသည့် ဘဲလက်စတာ့ပစ်စင် အကြီးကြီတွေ ရှိနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။
"ဒါက သာမန်ရွာလေးပဲလား။ မြို့ငယ်လေးတစ်မြို့လိုပါပဲလား။” ဟုန်ယွိလည်း အံ့ဩသွား၏။
"ခွင့်ပြုပေးပါ!" ချီဇီယန်က ဦးဆောင်ပြီး ရှေ့ကို ပြေးသွားသည်။ သူသည် ခြေလှမ်းခုနစ်ရာ အကွာအဝေးတွင် ရပ်လိုက်ပြီး သူ၏ သက်တန့်ထိုးဖောက်လေးကို ဆွဲထုတ်လိုက်သည်။ လင်းယုန် ငှက်မွေးမြှားများကို အဆက်မပြတ် ပစ်ခတ်ခဲ့ပြီးနောက် အော်ဟစ်သံများကို ကြားနေရသည်။ ဘဲလက်စတာ့ ပစ်စင်တွေကို ဆွဲတင်နေသူများကို မြှားတွေက တိကျစွာ ထိုးဖောက်သွားသည်။
ဤအခိုက်အတန့်တွင် ဆေဘာနှင့် ဒိုင်းကာကိုင် ခြေလျင်တပ်သားများ အပေါ် ဖိအားများက အလွန်လျော့ကျသွားခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ, သူတို့သည် နံရံများဆီသို့ အပြေးအလွှား ပြေးဝင်ကာ တံခါးများ အတွင်းသို့ တိုးဝင်သွားကြသည်။ ဆေဘာနှင့် ဒိုင်းကာကိုင် ခြေလျင်တပ်သားများ ပြေးသွားစဉ်မှာ လှံကိုင်တပ်သားများလည်း တဟုန်ထိုး ပြေးထွက်သွားကြသည်။ တစ်ချိန်တည်းမှာပင် ဘဲလက်စတာ့ပစ်စင်တပ်သားတွေကလည်း နောက်သို့ အနီးကပ် လိုက်လာကြသည်။ အလယ်တွင် သံချပ်ကာမြင်းတပ်သားများက ဒီရေလှိုင်းကဲ့သို့ လှိုင်းလုံးကြီးဖြင့် တစ်လှိုင်းပြီးတစ်လှိုင်း တက်သွားကြသည်။
ဘုန်း..။
ကျေးရွာတံခါးတွေက ဖောက်ထွင်းခံရ၏။ ထောင်နှင့်ချီသည့် စစ်သည်တွေက တဟုန်ထိုး ပြေးဝင်လာကြပြီး၊ ဝင်ပေါက်ကို မည်သူမှ မပိတ်ဆို့နိုင်ကြတော့ပါဘူး။
ဤတိမ်ဖြူကျေးရွာသည် ခိုင်ခံ့သောမြို့တံခါး မဟုတ်သောကြောင့် ထိုသက်ရောက်မှုကို မည်သို့ခံနိုင်ရည် ရှိမည်နည်း။
"ကျောက်ဖေးရုန် ထွက်သွားပြီလားလို့ ငါ သိချင်မိတယ်။ ဒါတောင် အရမ်းကို နောက်ကျနေသင့်တယ်။ စစ်တပ်ရဲ့ အရှိန်ဟုန်က အရမ်းမြန်တယ်။ အသက်ရူချိန် ဒါဇင်အနည်းငယ်အတွင်းမှာ ရွာထဲကို ထိုးဖောက် ဝင်ရောက်နေပြီ။” ဟုန်ယွိက သူ့မြင်းကို စစ်တပ်နောက်ကို လိုက်ပါရန် တိုက်တွန်းတော့မည့်အချိန်မှာပင် ရုတ်တရက် ကောင်းကင်မှာ ကြယ်ရောင်တွေက လင်းလက်လာ၏။ မရေမတွက်နိုင်သော လူများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင်၊ ကြယ်ရောင်အလင်းများ ဖြင့် ရစ်ပတ်ထားသော ဓားရှည်တစ်လက်က မိုးကြိုးနှင့် လျှပ်စီးသဖွယ် စွမ်းအားဖြင့် ဖြတ်သန်းသွားကာ သူ့ဘေးမှ မြင်းပေါ်ရှိ ဟောင်ချင်းချန်ဆီသို့ တည့်တည့် ဦးတည်သွားသည်။
"သခင်၊ သတိထား။ နတ်ဆိုးမှော်ပညာ။”
ဟောင်ချင်းချန်၏ ကိုယ်ရံတော် အနည်းငယ်သည် မည်သည့်လှုပ်ရှားမှုကိုမဆို အချိန်အတော်ကြာကတည်းက အာရုံစိုက်ခဲ့သည်။ သူတို့အားလုံးဟာ ကျွမ်းကျင်သူတွေ ဖြစ်ကြပြီး၊ သူတို့နားတွေကို လမ်းကြောင်း အားလုံး အပေါ် စိုက်ထားကြပြီး၊ သူတို့မျက်လုံးတွေက လမ်းကြောင်းအားလုံးအပေါ် ဖွင့်ထားကြပါသည်။ သူတို့သည် အသေးဆုံး ခြင်နှင့် ယင်ကောင်တွေကိုတောင် သတိထားမိပါလိမ့်မည်။ ထိုကဲ့သို့ ကြီးမားသော လှုပ်ရှားမှုကြောင့် သူတို့သည် ၎င်းကို ချက်ချင်း သတိပြုမိကြသည်။ သူတို့သည် ပျံသန်းနေသော ဓားရှည်ကို ထိပ်တိုက် တွေ့ဆုံရန် လက်ထဲမှ လှံများကို ချက်ချင်း မြှောက်လိုက်ကြသည်။
ဘန်း..၊ ဘန်း…။
ပျံသန်းနေသော ဓားအလင်းတန်းက တဖျပ်ဖျပ် လင်းလက်သွားကာ၊ ထိုပညာရှင်များ၏ လက်နက်များအားလုံး ကျိုးပဲ့သွားခဲ့သည်။
ထိုအချိန်တွင်၊ ဟောင်ချင်းချန်၏ အနားရှိ သံချပ်ကာတပ်သားတစ်ဦးက ရုတ်တရက် ဟစ်ကြွေးလိုက်သည်။ ဓားရှည်တစ်စင်းက သူ့နောက်ကျောမှ လျှပ်တပြက် ပျံတက်သွားပြီး၊ ကြယ်ရောင်ဓားရှည်နှင့် ထိပ်တိုက် တွေ့ဆုံသည်။ ၎င်းတို့သည် လေထဲမှာ တစ်ခုနှင့်တစ်ခု တိုက်ခိုက်ကြသည်။
"ဟင်?" အမှန်တရားတာအိုဂိုဏ်းရဲ့ ဓားပညာလား..။”
ကြယ်အလင်းဓားရှည်မှ အနည်းငယ် လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာ သည်။ ထိုအသံက ကျောက်ဖေးရုန်၏ အသံပင်။
တစ်ချိန်တည်းမှာပင်၊ ဓားရှည်တစ်ဝိုက်တွင် စုစည်းထားသော ကြယ်ရောင်သည် ရုတ်တရက် ကျဆင်းလာပြီး ဟောင်ချင်းချန်ကို စောင့်ကြပ်နေသော ကိုယ်ခံပညာကျွမ်းကျင်သူပေါင်းများစွာ၏ ခန္ဓာကိုယ်ထဲသို့ ကျရောက်သွားသည်။
ထိုကျွမ်းကျင်သူများသည် ရုတ်တရက် တုန်လှုပ်သွားကြ၏။ သူတို့သည် ခဏတာ ရပ်တန့်သွားပြီးနောက် သူတို့မျက်နှာတွေကို တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။ လှောင်ပြောင်မှုဖြင့် သူတို့၏ ဓားရှည်များကို ဆွဲထုတ်ကာ ဟောင်ချင်းချန်ကို ခုတ်ထစ်ကြသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ သူတို့၏ လှောင်ပြောင်ဟန် အမူအရာများက မိန်းမဆန်လွန်းခြင်းနေပင်။ သူတို့သည် နတ်ဆိုးဝိညာဉ်ဖြင့် သိမ်းပိုက်ခံရသည့်အလား သူတို့အသံတွေက ကျောက်ဖေးရုန်၏ ခြောက်ခြား စရာကောင်းပြီး ထူးဆန်နေကာအသံနှင့် အတိအကျ အတူတူပင်။
"အို…၊ မဟုတ်ဘူး…။ သူတို့ သိမ်းပိုက်ခံလိုက်ရပြီ!"
ဟုန်ယွိသည် ဤပြောင်းလဲမှုကို မြင်သောအခါ တုန်လှုပ်သွားပြန်သည်။ ဤသည်မှာ ကျောက်ဖေးရုန်၏ သိမ်းပိုက်ခြင်း နည်းလမ်းဖြစ်သည်ကို သူသိသည်။ အတွေးတစ်ချက်ဖြင့် သူမသည် လူတစ်ဦး၏ ခန္ဓာကိုယ်ကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်သည်။ ထိုနည်းလမ်းက တကယ်ကို ကြောက်စရာကောင်းပြီး၊ နတ်ဆိုးဆန်သည်။
ဘုန်း…။
ဤအရေးကြီးသော အခိုက်အတန့်တွင် ဟုန်ယွိ၏ အနားရှိ ရှန်ထိုက်ဇူသည် သူ၏သံမဏိ တုတ်ချောင်းကို အသက်သွင်းပြီး ကျွမ်းကျင်သူများ၏ ဆေဘာများကို တိကျစွာ ဝှေ့ယမ်းပစ်ကာ လွင့်ပျံသွားစေခဲ့သည်။
"အမှန်တရားတာဂိုဏ်းက တာအိုဘုန်းကြီးလေး၊ မင်းရဲ့ ပျံသန်းနိုင်တဲ့ဓားရှည်က ဒီလောက်ကြီးမားတဲ့ သတ်ဖြတ်ခြင်းဆန္ဒဖိအားအောက်မှာ ပျံသန်းနိုင်တာက တော်တော်လေး အထင်ကြီးစရာ ကောင်းနေပါပြီ။ ဒါပေမယ့် ငါ့ကို အပြစ်မတင်နဲ့။ မင်းက ငါ့ကို တိုက်ခိုက်နိုင်ဖို့ အဝေးကြီး လိုသေးတယ်။ မင်းရဲ့ ဂိုဏ်းခေါင်း ဆောင် ကျိချန်ယွဲ့ဆိုရင်တော့ ပိုဖြစ်နိုင်ချေရှိတယ်။"
ထိုအချိန်မှာပင်, ဘုန်း…..။ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ သံချပ်ကာဝတ်တပ်သားအဖြစ် ဟန်ဆောင်ထားသော အမှန်တရားတာအိုဂိုဏ်းမှ တာအိုဘုန်းကြီး၏ ပျံသန်းနေသောဓားသည် တဟုန်းဟုန်း တောက်နေသော ကြယ်ရောင်များဖြင့် ဝန်းရံထားသည်။ ၎င်းသည် ဖျစ်ညှစ်ခံရပြီး၊ မရေမတွက်နိုင်သော သံမှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျောက်ဖေးရုန်၏ လှောင်ပြောင်ရယ်မောအသံက ကြယ်ရောင်အလင်းထဲမှ ထွက်ပေါ်နေ၏။
ဤအခိုက်အတန့်မှာ အလွန်မင်း အန္တရာယ်များကြောင်း ဟုန်ယွိ သိသည်။ အကယ်၍ သူ သတိမထားမိပါက၊ ထိုအင်အားကြီးသော အမျိုးသမီး ကျောက်ဖေးရုန်သည် စစ်တပ်အလယ်တွင် စစ်သူကြီး၏ ဦးခေါင်းကို ဖြတ်ယူသွားမည် ဖြစ်သည်။ ယခုအချိန်မှာ သူသည် သိပ်ပြီး ဂရုမစိုက်နိုင်တော့ပါဘူး။ သူ့စိတ်က နစ်မြုပ်သွားပြီး ယင်စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားကာ သူနှင့်အတူ ယူဆောင်လာသည့် “နတ်ဆိုးသတ်” မက်မွန်နတ်ဘုရားဓားထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူ၏စိတ်ဝိညာဉ်နှင့် နတ်ဘုရားဓား၏ ဝိညာဉ်က ရောယှက်သွားပြီး သူ့ခွန်အားက ပေါက်ကွဲ ထွက်ကာ တိုးမြင့်လာခဲ့သည်။
ဝှီး….။
အစိမ်းရောင် ဓားရိပ်သည် တိုက်ရိုက် ပျံသန်းပြီး ကျောက်ဖေးရုန်၏ ကြယ်အလင်းဓားရှည်နှင့် တိုက်မိသွားသည်။
ဘန်း…။ ကြီးမားသော စွမ်းအားကြီးတစ်ခု ပေါက်ကွဲသွားပြီး ကြယ်အလင်းဓားရှည်ကို ထပ်ကာထပ်ကာ နောက်ပြန် တိုက်ခိုက်ကာ ခြေလှမ်းခုနစ်ရာမှ ရှစ်ရာအကွာသို့ ပျံသန်းသွားစေခဲ့သည်။
အခန်း (၁၀၈)
"စစ်မြေပြင်မှာဆို၊ စိတ်ဝိညာဉ်အတွက် တကယ်ကို ခက်ခဲလွန်းတယ်…"
ဟုန်ယွိ၏ ယင်စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲက ထွက်လာပြီး၊ သူ့ဓားကိုစီးနင်းပြီး ကျောက်ဖေးရုန်၏ ကြယ်အလင်းဓားကို ပြင်းပြင်းထန်ထန် လှုပ်ခါနိုင်ခဲ့သည်။ သို့သော်လည်း အောက်ရှိ စစ်မြေပြင်တွင် ကြီးမားသော သတ်ဖြတ်လိုသည့်ဆန္ဒက ကောင်းကင်နှင့်မြေကြီးအကြား မိုင်ပေါင်းများစွာ အချင်းဝက်အတွင်း လှိမ့်တက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရပါသည်။
အကယ်၍ ကမ္ဘာကြီးသည် စိတ်ဝိညာဉ်အတွက် အန္တရာယ်ရှိသော သမုဒ္ဒရာတစ်ဆင်း ဖြစ်ခဲ့မည်ဆိုလျှင်, ဤမျှ ကြီးမားလှသော သတ်ဖြတ်လိုသည့်ဆန္ဒမှာ သမုဒ္ဒရာထဲတွင် ရုတ်တရက် တဟုန်ထိုး လှိမ့်တက်လာသော လှိုင်းလုံးကြီးများနှင့် ပြင်းထန်သော မုန်တိုင်းကြီးတစ်ခုလို ဖြစ်နေပါသည်။
ကံကောင်းစွာဖြင့်၊ သူသည် မက်မွန်နတ်ဘုရားဝိညာဉ်၏ တန်ခိုးကို ချေးယူခဲ့သည်။ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် တစ္ဆေအင်မော်တယ်ကဲ့သို့ အားကောင်းပြီး၊ သူ၏ဓားထိန်းချုပ်မူ စွမ်းအားသည် အလွန်မင်း ပြင်းထန်လွန်းသည်။ ထို့ကြောင့် သူသည် ဤပြင်းထန်သော သွေးချီလှိုင်းများကြောင့် လွှမ်းမိုးခံရခြင်းမရှိဘဲ ဒုက္ခအနည်းငယ်သာ ခံစားရပါသည်။
"ဒါက တိုက်ပွဲသေးသေးလေးတစ်ခုပဲ။ သီးသန့် ကိုယ်ပိုင်စံအိမ်ကြီးတစ်ခုကို သုတ်သင်ဖို့ပဲလေ။ ဒါပေမယ့်, စစ်မြေပြင်မှာ အတွေးလှိုင်းတွေနဲ့ သွေးချီတွေက ဘယ်လောက် ပြင်းထန်လိုက်လဲ။ တကယ်လို့, လူတစ်သောင်း ပါဝင်တဲ့ တိုက်ပွဲတစ်ခုဖြစ်ရင် ဘာဖြစ်လာမလဲ။ တပ်နှစ်တပ် ထိပ်တိုက်တွေ့အခါ, ထိပ်တန်းတပ်တွေက ဘယ်လောက် အင်အားကြီးလိုက်မလဲ။”
ဟုန်ယွိသည် တိတ်တဆိတ် ထိတ်လန့်သွားမိ၏။ အကယ်၍ သူသည် မက်မွန်နတ်ဘုရား၏ ဝိညာဉ်ကို မငှားရမ်း နိုင်ခဲ့ပါက၊ သူထိန်းချုပ်ထားသော ဓားစွမ်းအားကို ကြာရှည်စွာ ထိန်းထားနိုင်မည် မဟုတ်ဘဲ၊ ပြိုလဲကျ သွားလိမ့် မည်။
"မထူးဆန်းပါဘူး၊ အမှန်တရားတာဂိုဏ်းက ဒီတာအိုပညာရှင် အခက်တွေ့နေတာ။ သူ့ဓားက အမြင့်ကို မပျံနိုင် ဘဲ ယိမ်းနွဲ့နေတယ်။”
“သူက ယင်စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ထားတယ်ဆိုရင်တောင်, သူ့ဓားက ဒီအဆင့်မှာရှိမှာ မဟုတ်ဘူးလို့ ငါပြောနိုင်တယ်”။
"အယ်…" ငါ့မက်မွန်နတ်ဘုရားဓားလား…"
"ဟုန်ယွိ! မင်း တကယ် မသေဘူးလား…”
ဟုန်ယွိ၏ဓားသည် လွင့်ထွက်သွားပြီး ကြယ်အလင်းဓားကို နောက်ပြန် တွန့်ထုတ်လိုက်သည်။ ရုတ်တရက်ပင် သူ့စိတ်ထဲတွင် စူးရှစွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ဤအသံသည် ပြင်းထန် လွန်းသဖြင့်, လူတစ်ဦး၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်ကို ဆွဲထုတ်သွားပုံရသည်။
ဟုတ်ပါသည်၊ ဤသည်မှာ ကျောက်ဖေးရုန်၏ ထိတ်လန့်အံ့ဩသွားသည့် အတွေးအမျှင်တန်းတစ်ခု ဖြစ်ပါသည်။
တကယ်ပင် ဟုန်ယွိသည် မသေခဲ့ပေ။ ယင်းက သူမကို ထိတ်လန့်အံ့ဩသွားစေ၏။ တစ္ဆေအင်မော်တယ်များ ပင်လျှင်, မိုးကြိုးယမ်းမှုန့်ဖြင့် ပေါက်ကွဲသွားသည့် ဤမျှပြင်းထန်သော ပေါက်ကွဲမီးလျှံအဆောင်ဓားကို ထိန်းချုပ် နိုင်မည် မဟုတ်ပေ။ မိုးကြိုးမီးလျှံအတွင်း၌၊ သူ၏စိတ်ဝိညာဉ်သည် အမှန်တကယ် ပျောက်ကွယ် မသွားခဲ့ပေ။
ဒါက တစ္ဆေအင်မော်တယ်တစ်ပါးတောင် လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပါဘူး။ သို့သော်လည်း ကျောက်ဖေးရုန်က မရပ်တန့်ခဲ့ပေ။ သူမသည် အံ့ဩထိတ်လန့်နေစဉ်မှာ တောက်ပနေသည့် ကြယ်ရောင် ဓားအလင်းက ရုတ်တရက် ပြောင်းလဲသွားပါသည်။ ၎င်းတို့သည် အပေါ်အောက် ပျံ့နှံ့သွားကာ ပါးလွှာပြီး၊ မရေမတွက်နိုင်အောင်များပြားပြီး သေးငယ်သော ကြယ်ပွင့်ချည်မျှင်များ ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် ကြီးမားသော ပိုက်ကွန်တစ်ခုအသွင် ချည်နှောင်ကာ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားသည့် လေဆင်နှာမောင်း ကဲ့သို့ ပစ်လွှတ်ကြသည်။ ချက်ချင်းပင်၊ ၎င်းသည် ဟုန်ယွိ၏ မက်မွန် နတ်ဘုရားဓားကို ၎င်းကွန်ယက်အတွင်း၌ ချည်နှောင်ထားလိုက်သည်။ ထို့နောက် ပင့်ကူတစ်ကောင်သည် ၎င်း၏ ချည်ကွန်ယက်ကို ချည်နှောင်ထားသကဲ့ သို့ တင်းကျပ်သထက် တင်းကျပ်လာသည်။
"အံ့ဩစရာပဲ"
ဟုန်ယွိသည် နောက်ဆုံးတွင် အထွဋ်ထိပ်ကောင်းကင်နယ်မြေ သူတော်စင်မိန်းမပျို၏ တန်ခိုးကို ခံစားလိုက်ရ ၏။ သူ့ယင်စိတ်ဝိညာဉ်ကို အသုံးပြုပြီး၊ လရောင်ကို စုစည်းကာ လရောင်ရတနာဘုရင် ခန္ဓာကိုယ်ကို သိပ်သည်း နိုင်သကဲ့သို့, တစ်ဖက်လူက သူမစိတ်ဝိညာဉ်ကို အသုံးပြုပြီး ကြယ်အလင်းတွေကို စုစည်းနိုင်သည်မှာ ထင်ရှားပါသည်။
ဤသည်မှာ တာအိုပညာရပ်များ၏ ရုပ်လုံးဖော်ခြင်းအဆင့်၏ အသုံးချမှု ဖြစ်သည်။ ၎င်းသည် ပုံစံမျိုးစုံကို စိတ်ဆန္ဒရှိသလို ထင်ရှားပေါ်လွင်စေနိုင်ပြီး၊ အဆုံးမရှိ ပြောင်းလဲနိုင်ပါသည်။
ဟုန်ယွိကို ပို၍ပင် တုန်လှုပ်သွားစေခဲ့သည်ကတော့ အောက်က စစ်မြေပြင်မှာ သတ်ဖြတ်လိုသည့် ဆန္ဒနှင့်, စစ်သည်တော်များ၏ သွေးချီလှိုင်းတွေက လှိုင်းလုံးကြီးတွေကဲ့သို့ လွင့်ထွက်နေခြင်း ဖြစ်သည်။ သို့သော်လည်း, ၎င်းတို့သည် တစ်ဖက်လူ၏ အတွေးနှင့် စိတ်ဝိညာဉ်ကို အနည်းငယ်မျှ ထိခိုက်ပုံမပေါ်ပေ။ ၎င်းတို့သည် လှိုင်းလုံးကြီးထဲမှာ ဆော့ကစားနေသည့် ဝေလငါးကြီးတွေနှင့် ကျားငါးမန်းတွေအတိုင်းပင်။
“ချိုးဖျက်စမ်း…”
ဟုန်ယွိသည် ပိုက်ကွန်ထဲမှာ ပိတ်မိနေသလို ခံစားရ၏။ သူ့ဓားကို နောက်ပြန်လှန်ဖို့က တော်တော်ကို ခက်ခဲနေ သည်။ သူသည် လုံးလုံးလျားလျား ချည်နှောင်ခံခဲ့ရသည်။ သူသည် အော်ဟစ်မာန်သွင်းပြီး သူ့ခွန်အား ရှိသမျှကို အသုံးပြုခဲ့သည်။
ဝှီး….။
ယခုတစ်ကြိမ်မှာတော့, မက်မွန်နတ်ဘုရား၏ ဝိညာဉ်သည် ကြီးမားသော စွမ်းအားကို အသုံးချ၍၊ နတ်ဆိုး သတ်ဓားသည် နဂါးအမြီးကဲ့သို့ ချက်ချင်း လှုပ်ခါကာ၊ ပြင်းထန်စွာ ခုန်ထွက်သွားသည်။ တခဏအတွင်းမှာပင် ချည်နှောင်ထားသော ကြယ်အလင်းတန်းများသည် အလွှာလိုက် ဆုတ်ပြဲသွားကာ ပြင်းပြင်းထန်ထန် ထွက်ပြေးသွားခဲ့သည်။
"ဟမ့်၊ ပုရွက်ဆိတ်တစ်ကောင်က အမြဲတမ်း ပုရွက်ဆိတ်ဖြစ်နေလိမ့်မယ်။ မင်းက မက်မွန်နတ်ဘုရားရဲ့ တန်ခိုး ကို ငှားထားရင်တောင် မင်းက ငါ့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ကြယ်ရောင်စုံ ယင်ယန်မဟာတာအို ပညာရပ်ရဲ့ အစစ်အမှန် စွမ်းအားကို မင်းကို မြင်ခွင့်ပေးမယ်။"
ဟုန်ယွိ လွတ်မြောက်ပြီးနောက် ကျောက်ဖေးရုန်၏ အေးစက်စက် လှောင်ရယ်သံကို သူ ကြားလိုက်ရ၏။
ဟုန်ယွိသည် ပြိုကွဲသွားသော ကြယ်ရောင်များက ရုတ်တရက် သိပ်သည်းသွားပြီး၊ ကြည်လင်ပြတ်သားသော မျက်ခုံးမွှေး, လွင့်ပျံနေသော အဝတ်အစားများနှင့် အရပ်သုံးပေအောက်ရှိ ကလေးမလေး၏ ရုပ်အသွင်သို့ ချက်ခြင်း ပြောင်းလဲသွားသည်ကို မြင်လိုက်ရပါသည်။ ထိုကလေးမလေး၏ မျက်နှာက ကျောက်ဖေးရုန်နှင့် အတူတူပင်။ သူမ၏ နှုတ်ခမ်းထောင့်များက ကွေးညွတ်ကာ အေးစက်သော အပြုံးကို ပန်ဆင်ထားသည်။
ထိုကလေးမလေးသည် ကြယ်ရောင်မှ ပေါင်းစပ်ထားသော်လည်း ၎င်းသည် အနှိုင်းမဲ့ အစစ်မှန်ဆန်သော ခံစားချက်ကို ပေးစွမ်းသည်။ ကလေးမလေး၏ အသားအရောင်ကိုတောင် ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ကြယ်အလင်းကြောင့် ဖြစ်ပေါ်လာသော သူမ၏ဆံပင်များက လေထဲတွင် လွင့်ပျံနေကာ စွမ်းအားကို ပေးစွမ်းနေ၏။
ဝိညာနှင့် စိတ်ဝိညာဉ်တို့သည် ရုပ်လုံးဖော်လာသောအခါ၊ ၎င်းသည် သေးငယ်လေလေ၊ ၎င်း၏ စွမ်းအားက ပိုအားကောင်းလေ ဖြစ်သည်။
ကျောက်ဖေးရုန်၏ ဤအသေးစားဗားရှင်းလေး ကျုံ့သွားသည့်အခိုက်တွင်၊ သူမသည် ဟုန်ယွိ၏ နတ်ဆိုးသတ် မက်မွန်နတ်ဘုရားဓားအနီးသို့ တယ်လီပို့လိုက်သကဲ့သို့ ရုတ်တရက် ပျံတက်သွားသည်။ သူမ၏လက်ဖဝါးက ဘီးပုံသဏ္ဍာန် ရုတ်တရက် ကွေးလာပြီး ဓားကို ရိုက်ချလိုက်သည်။
ဘန်း.....
ပြင်းထန်သော တုန်ခါမှုတစ်ခုက ဓားမှတဆင့် ပျံ့နှံ့သွားသည်။ ဟုန်ယွိ၏ ပြင်းထန်သော ဝိညာဉ် စွမ်းအားဖြင့်ပင် ဓားကို အမှန်တကယ် မထိန်းချုပ်နိုင်ခဲ့ပေ။ လက်ဖဝါးရိုက်ချက်ကြောင့် အဝေးကို လွင့်သွားခဲ့သည်။
ဟုန်ယွိသည် ကျောက်ဖေးရုန်က ဤမျှမြန်ဆန်ပြီး၊ သူမ၏ ကြယ်အလင်းခန္ဓာကိုယ်၏ စွမ်းအားက အလွန်ကြီးမားမည်ဟု မျှော်လင့်မထားခဲ့ပေ။ မုရုန်ယန်၏ ခဲပြဒါးရွှေခန္ဓာကိုယ်သည် သူမနှင့် နှိုင်းယှဉ်ပါက သနားစရာကောင်းလောက်အောင် အားနည်းလွန်းသည်။
ဓားသည် ဘေးစောင်းသွားပြီး အဆက်မပြတ် လှုပ်ခါနေသည်။ ဟုန်ယွိသည် ဓားကို တည်ငြိမ်စေရန် မက်မွန် နတ်ဘုရား၏တန်ခိုးကို ချက်ချင်းပင် ငှားရမ်းလိုက်ရသည်။ ဓားသည် လေထဲသို့ ခုန်တက်သွားသည်။ သူသည် လရောင်ဝံပုလွေဓားသိုင်းကို အပြည့်အဝ အသက်သွင်းခဲ့ပြီး ကျောက်ဖေးရုန်၏ ကြယ်အလင်းခန္ဓာကိုယ် ပတ်ပတ်လည်ကို ဓားဖြင့် ထိုးသည်။
လရောင်ဝံပုလွေဓားသိုင်းသည် မူလကတည်းက ဆန်းကြယ်ကောင်ကင်ဘုံခန်းမမှ ဖန်တီးထားသော ဓားပညာ ဖြစ်ပြီး ပျံသန်းနိုင်သောဓားဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းအတွက် အထူးပြုထားသည်။ ၎င်းဓားသိုင်းသည် ပေါ့ပါးပြီး ပြေပြစ်ကာ ရက်စက်ကြမ်းကြုတ်သည်။ ၎င်း၏ လမ်းကြောင်းများသည် ကောက်ကွေ့ပြီး၊ မှန်းဆ၍ မရနိုင်ဘဲ၊ ၎င်းဓားသိုင်းသည် ရုပ်ခန္ဓာကိုယ်ဖြင့် အသုံးပြုရသည့် ကိုယ်ခံပညာရပ်များနှင့် အနည်းငယ် ကွဲပြားပြီး၊ ခွန်အားကို အာရုံစိုက်ထားရ၏။
အခု ဟုန်ယွိက အသက်သွင်းလိုက်သည်နှင့် ကျောက်ဖေးရုန်၏ ကြယ်အလင်းခန္ဓာကိုယ်ကို လုံးလုံး လျားလျား ဖြိုခွဲပစ်တော့သည်။
ကြယ်အလင်းခန္ဓာကိုယ်သည် ပြန့်ကျဲသွားသည်နှင့် တပြိုင်နက် သူမအတွေးများ ကုန်ဆုံးသွားကာ ထပ်ကာ ထပ်ကာ ပြန်လည်သိပ်သည်းရန် ခက်ခဲပေလိမ့်မည်။ စိတ်ဝိညာဉ်၏ အစွမ်းသည် ရုပ်ခန္ဓာ၏ ခွန်အားနှင့် အတူတူပင်။ အကန့်သတ်မဲ့ အသုံးပြုနိုင်မည် မဟုတ်ပေ။ အလွန်အကျွံ အသုံးပြုလိုက်သည်နှင့် စိတ်ဝိညာဉ်က ပင်ပန်းလာကာ အနားယူအိပ်စက်ရန် လိုအပ်သည်။
ကျောက်ဖေးရုန်သည် ကြယ်အလင်းခန္ဓာကိုယ်ကို သိပ်သည်းလိုက်ပြီး မက်မွန်နတ်ဘုရားဓားကို ကိုင်ကာ လှုပ်ယမ်းလိုက်သည်။ သူမသည် ဟုန်ယွိ၏ စိတ်ဝိညာဉ်အတွေးများကို လုံးလုံးလျားလျား ကုန်ဆုံးသွားစေချင် ပြီး၊ သူ့ကို ပင်ပန်းအောင်လုပ်ဆောင်ချင်နေသည်။ ထို့နောက် သူမသည် ပျံသန်းနေသော ဓားကို ပြန်ယူလိုသည်။
လူတစ်ယောက်နှင့် ဓားတစ်ချောင်းတို့သည် သက်တံကဲ့သို့ လေထဲတွင် ပျံဝဲနေကြသည်။ အသက်ရှူချိန် အနည်းငယ်အတွင်းမှာ ဟုန်ယွိသည် အကြိမ်ပေါင်းရာနှင့် ချီပြီး ဓားဖြင့် ထိုးကာ၊ ကျောက်ဖေးရုန်၏ ကြယ်အလင်းခန္ဓာကိုယ်လည်း ဓားကို အကြိမ်ပေါင်းရာနှင့်ချီ၍ ပြင်းထန်စွာ တုန့်ပြန်ခဲ့ပါသည်။
ဟုန်ယွိသည် မက်မွန်နတ်ဘုရားဝိညာဉ်၏ ကြီးမားသော စွမ်းအားကို အားကိုးနေခဲ့ပါသည်။ သူသည် မက်မွန်နတ်ဘုရားဓားကို လေထဲတွင် ကပြနေခဲ့ရင်း ဓားချက်တိုင်း၏ သက်ရောက်မှုက အံ့ဩစရာ အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
မက်မွန်နတ်ဘုရားဓား ထိုးနှက်စဉ်, စွမ်းအားနှင့် အရှိန်အဟုန်အရဆိုလျှင်, ၎င်းသည် လဝံပုလွေဓားသိုင်းကို အစွမ်းကုန် အသုံးပြုနေချိန်မှာ, ထိပ်တန်းလက်သီးပညာရပ်တစ်ခုနှင့် ညီမျှသည်။ ၎င်းသည် သိုင်းသူတော်စင် အဆင့်နှင့်ပင် နီးကပ်နေခဲ့ပါသည်။
မက်မွန်နတ်ဘုရားဓားသည် မက်မွန်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်၏ ဓားဖြစ်ပြီး ထိုကဲ့သို့ ကြီးမားသော တန်ခိုးပါရှိပါသည်။
ဤပြင်းထန်သော တိုက်ပွဲများကြားတွင်၊ အောက်မှတိုက်ပွဲက ပို၍ပို၍ ပြင်းထန်လာသည်။ စစ်သည်လေးထောင် သည် တိမ်ဖြူကျေးရွာသို့ တဟုန်ထိုး အပြင်းအထန် ပြေးဝင်တိုက်ခိုက်ကြသည်။ ထိုအထဲတွင် သေမင်းတမန် စစ်သည်များနှင့် ရွာစောင့်ကျွန်များသည် အစွမ်းကုန် တိုက်ခိုက်ခဲ့ကြပြီး၊ စံအိမ်ကြီးက ပရမ်းပတာ ဖြစ်နေခဲ့ သည်။
သို့သော်, စစ်သည်တွေက များပြားလွန်းပြီး၊ ကျေးရွာလည်း မကြာခင် ပြိုကျတော့မည်။
"မင်းက သေချင်နေတာဘဲ!"
ရုတ်တရက် ကျောက်ဖေးရုန်သည် ရှည်လျားသော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပြီး ကြယ်အလင်း ခန္ဓာကိုယ်သည် ရုတ်တရက် တုံ့ခနဲ ကျုံ့သွားပြန်သည်။ ကြယ်အလင်းသည် သူမ၏ တစ်ကိုယ်လုံးကို ပွက်ပွက် ဆူနေပြီး၊ မီးရှူးမီးပန်းများ ကကုန်နေကဲ့သို့ ကြယ်အလင်းမှုန်များက မရပ်မနား ကခုန်နေသည်။
ကြယ်အလင်းခန္ဓာကိုယ်မှ စွမ်းအားများစွာ ပေါက်ကွဲထွက်လာပြီး ကျောက်ဖေးရုန်၏ လက်ဖဝါးသည် ဓားကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ထို့နောက်တွင်၊ ကြယ်အလင်းခန္ဓာကိုယ်သည် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး လှိုင်းလုံးကြီးကြောင့် မက်မွန်နတ်ဘုရားဓားသည် အထပ်ထပ်လူးလှိမ့်သွားသည်။
ဟုန်ယွိသည် ထိုနေ့တုန်းက မီးလျှံအဆောင်ဓား ပေါက်ကွဲမူကြောင့် သူ့စိတ်ဝိညာဉ်ကို ဖြိုခွဲခံလိုက်ရသည့် အခိုက်တန့်ကို သတိရသွားသည်။ သူ့စိတ်က တဝှီဝှီမြည်နေပြီး၊ တစ်ဖက်လူ၏ ကြယ်အလင်းခန္ဓာကိုယ် ပေါက်ကွဲသွားခြင်းက သူ့စိတ်ဝိညာဉ်ကို ဒဏ်ရာရစေပြီး ကြီးမားသည့် တုန်လှုပ်ချောက်ချားမှုကို ဖြစ်စေသည်ကို သူ သိသည်။
"ဟမ့်၊ ဒီလိုထိုးနှက်ချက်မျိုးနဲ့ ငါ့စိတ်ဝိညာဉ်က နာကျင်အောင် ဘယ်လိုလုပ် လုပ်ဆောင်နိုင်မှာလဲ။” ဟုန်ယွိက အေးစက်စက် ရယ်မောလိုက်သည်။ ရုတ်တရက် သူ့မျက်လုံးရှေ့တွင် အလင်းတန်းတစ်ခု ပေါ်လာပြီး၊ ကြီးမား သော ကြယ်အလင်းဝဲဂယက်တစ်ခုက ဓားပေါ်မှ ဆင်းသက်လာသည်။
ထို့နောက်တွင်၊ ကြယ်အလင်းဝဲဂယက်အတွင်းမှ ကျောက်ဖေးရုန်၏ ရုပ်ပုံ ပေါ်လာသည်။
ကျောက်ဖေးရုန်သည် ကြယ်အလင်းခန္ဓာကိုယ် ပေါက်ကွဲသွားသည့် အခိုက်အတန့်အတွင် သူမ၏ စိတ်ဝိညာဉ်ကို ဓားထဲသို့ ဝင်ရောက်ရန် အသုံးပြုခဲ့ပုံရသည်။ သူမသည် ဟုန်ယွိ၏ ယင်စိတ်ဝိညာဉ်ကို ဖျက်ဆီးပြီး ဓားကို ပြန်လည်ရယူလိုခဲ့သည်။
"ပုရွက်ဆိတ်လေး၊ မက်မွန်နတ်ဘုရားရဲ့ တန်ခိုးကို ချေးငှားနိုင်ရုံနဲ့ မင်း ငါ့ကို တိုက်နိုင်မယ်လို့ ထင်နေလား။ နုံအလွန်းတယ်။”
ကျောက်ဖေးရုန်၏ စိတ်ဝိညာဉ်သည် ဓားထဲသို့ ဝင်လာပြီးနောက်၊ သူမ၏နောက်ကွယ်တွင် အဆုံးမဲ့ စွမ်းအားကို ကိုယ်စားပြုသည့် ကြီးမားသော ကြယ်ရောင်ဝဲဂယက်တစ်ခု ရှိနေသည်။ ဟုန်ယွိသည် ပြင်းထန်သော ဖိအားကို ချက်ချင်း ခံစားလိုက်ရသည်။
"တကယ်လား….၊ ကျောက်ဖေးရုန်….၊ အခု ငါ့စိတ်ဝိညာဉ်က မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်နဲ့ ပေါင်းစပ်သွားပြီ။ ဓားထဲမှာဆို ငါက တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်နေပြီ။ မင်းရဲ့တန်ခိုးနဲ့ ဓားထဲမှာ ငါ့ကို အနိုင်ယူနိုင်မယ်လို့ မင်း ထင်နေလား။”
ဟုန်ယွိသည် ကြယ်ရောင်ဝဲဂယက်ထဲတွင် ရှိနေသော ကျောက်ဖေးရုန်ကို ကြည့်တပြီး မလှုပ်ရှားခဲ့ပေ။
"မင်းကိုယ်မင်း ပေါက်ကွဲမီးလျှံအဆောင်ဓား ရှိနေတယ်လို့ ထင်နေတာလား။"
"အိုး…၊ အဲဒီဓားက ပေါက်ကွဲမီးလျှံအဆောင်ဓားလား။" ကျောက်ဖေးရုန်က ဟုန်ယွိကို ကြည့်သည်။ သူမ၏ မျက်လုံးများက ရှုံ့ချမှုများဖြင့် တောက်ပလာ၏။ "ဒါဆို မိုနိုဂါတာရီက မင်းကို လျှို့ဝှက် ပေးထားတာပေါ့။ ဒါမှ မဟုတ် မန်ပိုင်ယွန်က မင်းအတွက် ချန်ထားခဲ့တာလား။ မင်းက ပုန်းအောင်းတဲ့ နေရာမှာ တကယ်ကို တော်လွန်း တယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ၊ မင်းရဲ့ တာအို ပညာရပ်တွေက အရမ်းအားနည်းလွန်းတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ငါ့စိတ်ဝိညာဉ်ကို ခြောက်လှန့်ဖို့ အဲဒီဓားရဲ့ ကြီးမြတ်တဲ့ စွမ်းအားကို အသုံးခဲ့ရင်တောင်, ငါ မင်းကို ပြောစရာရှိခဲ့တယ်။ ဒါပေမယ့် အခု ပြောပြလို့ရပြီ။ ကံကောင်းတာက ကံကောင်းတာပါပဲ။ ယခု ငါက ဓားထဲကို ကိုယ်တိုင် ဆင်းသက်လာခဲ့ပြီး၊ မင်းရဲ့စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်တော့မယ်။ မင်းရဲ့ ခွန်အားက ဒီဓားနဲ့ ထိုက်တန်တယ်လို့ မင်းထင်လား။"
"နတ်ဆိုးမ။ မင်းကရော ဒီဓားနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား။”
ဟုန်ယွိက အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ “နတ်ဘုရားဓားမှာ ဝိညာဉ်ရှိတယ်။ အခု ဓားက ငါ့လက်ထဲမှာ။ မင်း ဘာပဲပြောပြော အသုံးမကျဘူး။ မင်းမှာ အရည်အချင်းရှိရင် မင်း လုပ်နိုင်တဲ့အရာကို ငါ့ကို ပြလိုက်ပါ။”
"ဟမ့်၊ ရွှန်ကျိမှာ မင်းလို အယုတ်တမာ သားတစ်ယောက် ဘယ်လိုရှိနိုင်မှာလဲ။ သူ့အတွက် မင်းကို ငါ ဖယ်ရှားပေးပါရစေ။ မဟုတ်ရင်လည်း မင်းရဲ့ ထက်မြက်တဲ့ အသိပညာကို ဖျက်ဆီးပစ်ရလိမ့်မယ်။”
ကျောက်ဖေးရုန်၏ မျက်လုံးများက အေးစက်လာပြီး ဓားကဲ့သို့ ထက်မြက်သော စကားလုံးများကို သူမက ထွေးထုတ်လိုက်သည်။
သူမပြောပြီးသည်နှင့် တစ်ချိန်တည်းမှာပင် သူမ၏နောက်ကွယ်ရှိ လည်ပတ်နေသော ကြယ်စင်စုဝဲဂယက်သည် ရုတ်တရက် ကျယ်လာပြီး အာကာပြင်တစ်ခုလုံး ပြည့်သွားခဲ့သည်။
လှည့်ပတ်နေသော ကြည်စင်စုဝဲဂယက်၏ စွမ်းအားသည် ဓားကိုယ်ထည်ထဲရှိ ဟုန်ယွိ၏ စိတ်ဝိညာဉ် အပါအဝင် အရာအားလုံးကို အပိုင်းပိုင်းခွဲကာ ချေမှုန်းပစ်ချင်ပုံရသည်။
"ရက်ရှာဆာဘုရင်…"
ဤကဲ့သို့ ဖိနှိပ်မှုများနှင့် ရင်ဆိုင်ရသောအခါတွင်၊ ဟုန်ယွိသည် သူ့ပတ်ဝန်းကျင်မှ နှိပ်စက် ညှဉ်းပန်းနေသော စွမ်းအားကို ခံစားလိုက်ရသည်။ ဤသည်မှာ ကျောက်ဖေးရုန်၏ စိတ်ဝိညာဉ်စွမ်းအား ဖြစ်သည်ကို သူသိသည်။ ကြယ်ရောင်စုံ ယင်ယန်မဟာတာအိုပညာရပ်ဟု ခေါ်သော ဤပညာရပ်သည် စင်စစ်တော့ လက်တွေ့နှင့် ထင်ယောင်ထင်မှားကြားတွင် ရှိနေသည်။ သူသည် ကြည်စင်စုဝဲဂယက်ထဲသို့ ကျသွားသည်နှင့်၊ သူ၏ စိတ်ဝိညာဉ်သည် အမှန်တကယ် ပျောက်ဆုံးသွားပြီး အပိုင်းပိုင်းကွဲသွားမည့် အန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်။
အတွေးတစ်ခုဖြင့် သွေးပင်လယ်ကြီးတစ်ခု လှိမ့်တက်လာသည်။ သွေးပင်လယ်ကြီးအတွင်း၌ ဓားဘီးကို ကိုင်ဆောင်ထားသော ရှက်ချာဆာနတ်ဆိုးဘုရင်တစ်ပါး ထွက်ပေါ်လာသည်။
“ဟမ်။ ရှက်ချာဆာနတ်ဆိုးဘုရင်လား…။ ဒါက တိုင်ရှန်တာအိုဂိုဏ်းရဲ့ တာအိုနည်းစနစ် မဟုတ်ပါဘူး။ ဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ တာအိုနည်းစနစ် မဟုတ်လား။ သေးငယ်တဲ့ ရှက်ချာဆာနတ်ဆိုးလေးက ကြယ်ရောင်စုံ ယင်ယန်မဟာတာအိုပညာရပ်ရဲ့ ကြည်စင်စုဝဲဂယက်ကို ရင်ဆိုင်ဝံ့တာလား" ကျောက်ဖေးရုန်သည် ရှက်ချာဆာ နတ်ဆိုးဘုရင်၏ ထွက်ပေါ်လာမူကို မြင်သောအခါ ထိတ်လန့်သွားသည်။ ထို့နောက် သူမ အေးစက်စွာ ရယ်မော လိုက်သည်။ အကန့်အသတ်မဲ့ ကြည်စင်စုဝဲဂယက်သည် တခဏချင်း ကျယ်ပြန့်လာပြီး ထိုထဲတွင် ရှက်ချာဆာ နတ်ဆိုးဘုရင်ကို ဖမ်းမိသွားသည်။
ထိုနောက်မှာတော့ ဟုန်ယွိသည် သူ့ရှေ့က ရှုခင်းတွေက ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။ သူသည် အနက်ရောင် တောက်ပြောင်နေသော ဥက္ကာခဲများနှင့် ပြည့်နှက်နေသည့် အကန့်အသတ်မဲ့ ကြယ်ရောင် ကောင်းကင်ထဲကို ပြုတ်ကျသွားသည်ကို ခံစားလိုက်ရပါသည်။
"ဒါက ကြယ်ရောင်စုံကောင်းကင်ရဲ့ ပုံရိပ်ယောင်ပဲလား။"
ဟုန်ယွိက ခေါင်းယမ်းလိုက်ပါသည်။ ရှက်ချာဆာနတ်ဆိုးဘုရင်သည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ချက်ခြင်း ရှင်းထုတ်ခံလိုက်ရကြောင်း သူ သိသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့, သူသည် အဆုံးမဲ့ ကြယ်တွေ ပြည့်နေသည့် ကောင်းကင်ကြီးကို မြင်လိုက်ရ သည်။ လမ်းကြောင်းက ဘယ်မှာရှိမှန်း သူမသိသလို, မည်သည့်နေရာမှဝင်၍ မည်သည့်နေရာက ထွက်ရမှန်း လည်း သူ မသိတော့ပါဘူး။
ဟုန်ယွိသည် ကြယ်ရောင်စုံသော ကောင်းကင်တွင် ဒေါသတကြီး ပျံသန်းသွားသည်။ သူသည် အလွန် လျင်မြန်စွာ ပျံသန်းသော်လည်း သူမည်မျှပင် ပျံသန်းနေပါစေ ကောင်းကင်တွင် လွင့်နေသော ကြယ်ကြီးများကို သာ သူ မြင်နေရသည်။ ၎င်းတို့သည် သူ့ရှေ့တွင် ရောက်နေပုံရသော်လည်း သူမည်မျှပင် ပျံသန်းနေပါစေ သူသည် ထိုကြယ်များထံသို့ မရောက်နိုင်ခဲ့ပေ။
"ဒါက ငါတို့အပေါ်က ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးလိုပဲ။ ဒါက အတုမဟုတ်ဘူး။ ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့ စိတ်ဆန္ဒက အတုမဟုတ်ဘူး။ ငါ ဒီအထဲမှာ ပိတ်မိနေပြီ။”
ဟုန်ယွိက သူ့နှလုံးသားကို နားလည်သွားသည်။
"ပုရွက်ဆိတ်လေး၊ မင်းရဲ့ စိတ်ဝိညာဉ်ကို မက်မွန်နတ်ဘုရားဝိညာဉ်နဲ့ ပေါင်းစည်းပြီး, မင်းမှာ တစ္ဆေ အင်မော်တယ်တစ်ပါးရဲ့ အစွမ်းရှိလာလို့ ငါ့ကို ဆန့်ကျင်နိုင်မယ်လို့ မင်း ထင်နေတာလား။ ငါ့ရဲ့ ကြည်စင်စု ဝဲဂယက်က မင်းကို သေတဲ့အထိ ပိတ်လှောင်ဖို့ လုံလောက်တယ်။ အခု, မင်းမှာ တစ္ဆေအင်မော်တယ်တစ်ပါးရဲ့ အစွမ်းရှိရင်တောင်မှ, တာအိုနည်းစနစ်အရဆိုရင်, မင်းက သုံးနှစ်အရွယ်ကလေးပဲ ရှိပါသေးတယ်။ မင်းက ငါ့အတွက် ပြိုင်ဘက် ဖြစ်နိုင်မှာလဲ။ တာအိုပညာရပ်ဆိုတာက ကြမ်းကြုတ်တဲ့ စွမ်းအားမဟုတ်ဘူး။ အဲဒါက ကြမ်းကြုတ်တဲ့ စွမ်းအား ဖြစ်ခဲ့ရင်တောင် မင်းရဲ့တာအိုပညာရပ်က ငါ့ထက် အများကြီး နိမ့်ကျပါသေးတယ်။”
ကျောက်ရုန်ဖေး၏အသံက အကန့်သတ်မဲ့ ကြယ်ရောင်ကောင်းကင်ထဲမှာ ထွက်ပေါ်လာနေသည်။ ထိုအသံက ကြောင်တစ်ကောင်က ကြွက်ကို ဆော့ကစားနေသည့်အတိုင်းပင်။
“အခု ငါ့ခွန်အားကို အသုံးချဖို့ နည်းလမ်းမရှိတော့ဘူး။ သူမရဲ့ ကြည်စင်စုဝဲဂယက်က ပုံရိပ်ယောင်တစ်ခုဆိုတာ ငါ သိနေရင်တောင်, ငါ မချိုးဖျက်နိုင်ဘူး။ ဟုန်ယွိက ကျောက်ရုန်ဖေး၏ ဆော့ကစားအသံကို လျစ်လျူရူထား သည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်စွမ်းအားသည် ယခုအချိန်တွင် အားကောင်းနေသော်လည်း၊ သူသည် သိုင်းသူတော်စင်၏ စွမ်းအားကို ရုတ်တရက် ရရှိသွားသော ကိုယ်ခံပညာရှင်တစ်ယောက်လို ဖြစ်နေခဲ့သည်။ သူသည် အသုံးပြုမှုနှင့် လေ့ကျင့်ရေးပိုင်းမှာ အားနည်းနေသေးသည်။ သူသည် မဟာဆရာသခင်တစ်ဦးနှင့် တွေ့လျှင်ပင် သေချာပေါက် ရှုံးနိမ့်သွားမည် ဖြစ်သည်။
"ဒါပေမယ့် ဒီခွေးမ မန်ပိုင်ယွန်က မင်းကို တိုင်ရှန်တာအိုဂိုဏ်းရဲ့ တာအိုနည်းပညာတွေကို ဘာလို့ မသင်ပေးတာ လဲ။ အဲဒီအစား၊ သူမက ဒိုင်ဇင်ဘုရားကျောင်းရဲ့ တာအိုနည်းပညာများကို သင်ယူခွင့်ပေးခဲ့တာလား။ ဘယ်လောက် မိုက်မဲလိုက်တဲ့ မိန်းမလဲ။ တိုင်ရှန်တာအိုဂိုဏ်းက ကမ္ဘာပေါ်မှာ နံပါတ်တစ် တာအိုဂိုဏ်းလို့ ဆိုကြ တယ်။ အရင်တုန်းကဆို, မန်ပိုင်ယွန်ဟာ ပြိုင်ဘက်ကင်းတစ်ယောက်လို့ ငါ ကြားဖူးတယ်။ ဒါပေမယ့်, သူမက ဝက်တစ်ကောင်လို မိုက်တယ်လို့ ငါထင်တယ်။ ရွှန်ကျိက စကားလေး အနည်းငယ် ပြောဆိုရုံနဲ့ သူမရဲ့တာအို နှလုံးသားကို ချိုးဖျက်ပြီး၊ သူမခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ မင်းလို အယုတ်တမာ တစ်ယောက်ကို နောက်ကွယ်မှာ ချန်ထားရစ်ခဲ့တယ်။ ဟား…၊ ဟား…၊ ဟား….၊ ကမ္ဘာပေါ်မှာ ဒီလောက် မိုက်မဲ တဲ့ မိန်းမ တကယ်ကို ရှိနေတာပဲ။”
အဆုံးမဲ့ ကြယ်ရောင်ကောင်းကင် အလယ်မှ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
"အယုတ်တမာလေး၊ စိတ်မပူပါနဲ့။ မင်းရဲ့စိတ်ဝိညာဉ်က ဒိုင်ဇင်ဘုရားကျောင်းရဲ့ လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံခဲ့ပုံရတယ်။ ငါ မင်းကို အခုလောလောဆယ် ဘာမှမလုပ်ပေးနိုင်ပေမယ့် မင်းကို ဆယ်စုနှစ် အနည်းငယ် ကြာအောင် ပိတ်လှောင်ထားဦးမယ်။ အနှစ်တစ်ရာကြာအောင် မင်းကို အဆုံးမရှိတဲ့ ကြယ်ရောင်ကောင်းကင်ထဲ မှာ ထာဝရအထီးကျန်မှုကို ငါ ခံစားခွင့်ပေးမယ်။”
"ကျောက်ဖေးရုန်, ငါ မင်းကို အပိုင်းပိုင်း ဖြတ်တောက်ပစ်မယ်…"
ဟုန်ယွိ၏ နှလုံးသားထဲတွင် ပြင်းထန်သော ဒေါသလှိုင်းများ ထွက်ပေါ်လာသည်။
သူ့ဒေါသကြောင့် ဟုန်ယွိသည် အမိတ္တဘသုတ္တန်တွင် မင်စီလာဘုရင်၏ပုံကို အတင်းအကြပ် မြင်ယောင်လိုက် သည်။ တစ်ချိန်တည်းမှာပင်၊ မင်စီလာဘုရင်၏ပုံအောက်က သုတ္တန်က သူ့နှလုံးသားထဲသို့ စီးဆင်းသွားပါသည်။
"ကျွန်ုပ် ကြားခဲ့ဖူးသည်ကား, မြတ်ဗုဒ္ဓ မိန့်တော်မူသည်မှာ.. … မင်စီလာဘုရင်က မြတ်ဗုဒ္ဓ၏ အမျက်ဒေါသ ဖြစ်ပြီး အရာအားလုံးကို လောင်ကျွမ်းနိုင်ပါသည်။"
ဘန်း…။
အကန့်အသတ်မဲ့ ကြယ်ရောင်ကောင်းကင်ကြီး တစ်ခုလုံး တုန်ခါသွားသည်။ မျက်နှာလေးခု၊ လက်ရှစ်ချောင်းနှင့် မျက်ခုံးနှစ်ခုကြားမှ ဒေါင်လိုက်မျက်လုံးပါရှိသော ဧရာမရွှေရောင်နတ်ဆိုးနတ်ဘုရားကြီးသည် လေဟာနယ်ထဲမှ ထလာခဲ့သည်။
ဤရွှေရောင်နတ်ဆိုးနတ်ဘုရား ပေါ်လာသည်နှင့် တပြိုင်နက် ၎င်း၏မျက်ခုံးကြားမှ ဒေါင်လိုက်မျက်လုံးက ချက်ချင်း ပွင့်လာသည်။ ဒေါင်လိုက် မျက်လုံးများမှ အဆုံးမဲ့ အနီရောင် မီးတောက်များ ထွက်ပေါ်လာသည်။ မီးတောက်တွေ လောင်ကျွမ်းသွားတိုင်း ကြယ်ရောင်ကောင်းကင်ကြီးက တဖြည်းဖြည်း ပြိုကျလာပါသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်ရောင်စုံသော ကောင်းကင်ကြီးသည် လုံးဝကို ပျက်ဆီးသွားခဲ့သည်။ အရာအားလုံး မီးလျှံတွေဖြင့် ဖုံးလွှမ်းသွားပါသည်။ မီးတောက်များအတွင်း၌ အရာအားလုံးကို လောင်ကျွမ်းစေ နိုင်သည့် အနှိုင်းမဲ့ ဒေါသကြီးသော အတွေးတစ်ခု ရှိနေသည်။
" မင်စီလာဘုရင်!"
ကျောက်ဖေးရုန်၏ ကျယ်လောင်သော အော်ဟစ်သံက မီးလျှံများအတွင်းမှ ထွက်ပေါ်လာသည်။
သူပုံဖော်ထားသော မင်စီလာဘုရင်သည် အမိတ္တဘသုတ္တန်တွင် အမြင့်ဆုံးသော သဘာဝလွန် စွမ်းအားတစ်ခု ဖြစ်သည်။ သုတ္တန်ထဲတွင်၊ မင်စီလာဘုရင်သည် ဗုဒ္ဓ၏အမျက်ဒေါသနှင့် တူသည်။ ဗုဒ္ဓ အမျက်ဒေါသ ထွက်သော အခါ မင်စီလာဘုရင် ပေါ်လာသည်။ ၎င်း၏ မျက်ခုံးနှစ်ခုကြားမှ ဒေါင်လိုက်မျက်လုံးသည် အဆုံးမဲ့ မီးတောက် များကို ပစ်လွှတ်လိုက်ပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ ဤကမ္ဘာလောက၏ လေဟာနယ်, စကြာဝဠာနှင့် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
မူလအားဖြင့် ဟုန်ယွိ၏ စိတ်ဝိညာဉ် စွမ်းအားဖြင့် မင်စီလာဘုရင်ကို ပုံရိပ်ဖော်ရန်မှာ မဖြစ်နိုင်ပေ။ သူသည် သူ့ကိုယ်တိုင် ပုံရိပ်ဖော်နိုင်ရန် အတင်းအကြပ် ပြုလုပ်ခဲ့လျှင်ပင်, ဗုဒ္ဓ၏ အမျက်ဒေါသကြောင့် သူ့စိတ်ဝိညာဉ်က အရင် လောင်ကျွမ်းသွားလိမ့်မည်။
ယခုမူ၊ ဟုန်ယွိ၏ စိတ်ဝိညာဉ်နှင့် မက်မွန်နတ်ဘုရား၏ ဝိညာဉ်တို့ ပေါင်းစပ်မှုဖြင့်, ၎င်းသည် အနှိုင်းမဲ့ ခိုင်ခံ့ပြီး တစ္ဆေအင်မော်တယ်တစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်လာခဲ့သည်။ ထိုကဲ့သို့ ပြင်းထန်သော အတွေးနှင့် ပြင်းထန်သော အမျက်ဒေါသက နောက်ဆုံးတွင် သူသည် အမိတ္တဘသုတ္တန်ကို နားလည်ပြီး၊ မင်စီလာဘုရင်ကို မြင်ယောင်ကာ ကျောက်ဖေးရုန်၏ ကြည်စင်စုဝဲဂယက်ကို ဖျက်ဆီးပြီး သူမ၏ စိတ်ဝိညာဉ်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
ကျောက်ဖေးရုန်သည် ဟုန်ယွိသည် အမိတ္တဘသုတ္တန်ကို သင်ယူထားလိမ့်မည်ဟု ဘယ်သောအခါမှ စိတ်ကူးမိ မည် မဟုတ်ပေ။ သေချာပါသည်။ အကယ်၍ သူမသာ မက်မွန်နတ်ဘုရားဓားထဲကို မဝင်ခဲ့ဘူးဆိုလျှင်, ဟုန်ယွိ သည် သဘာဝအတိုင်း သူမကို ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ဟုန်ယွိသည် မက်မွန် နတ်ဘုရားဓားတွင်သာ မက်မွန်နတ်ဘုရားဝိညာဉ်၏ တန်ခိုးကို ငှားရမ်းနိုင်သောကြောင့် ဖြစ်ပါသည်။
စူးစူးရှရှ အော်သံကိုကြားတော့ ဟုန်ယွိသည် အတိတ်ဗုဒ္ဓကို ချက်ချင်း တွေးလိုက်ပါသည်။ ချက်ခြင်းပင်၊ မင်စီလာဘုရင်သည် ပျောက်ကွယ်သွားပြီး၊ မီးတောက်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကာ၊ ကျောက်ဖေးရုန်၏ စိတ်ဝိညာဉ်သည်လည်း ဓားရှည်အတွင်းမှ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူမ၏ဒဏ်ရာသည် ပေါက်ကွဲမီးလျှံအဆောင်ဓားဖြင့် ထိမှန်ခံရစဉ်ကထက် ပိုပြင်းထန် ကြောင်း ဟုန်ယွိ သိသည်။ ယင်းက သူမကို သတ်ဖြတ်ဖို့ တစ်သက်မှာ တစ်ကြိမ်သာ ရနိုင်သည့် အခွင့်ရေး ဖြစ်သည်။
ဟုန်ယွိ၏ သတ်ဖြတ်လိုသည့်ဆန္ဒသည် အခုချိန်လောက် မယိမ်းမယိုင်ဖြစ်နေသည့် အခိုက်အတန့်မျိုး မရှိခဲ့ပေ။
အခန်း (၁၀၉) (A)
ရှီး….။
အမျက်ဒေါသ ပြေပျောက်သွားသည်။ မင်စီလာဘုရင်လည်း ပျောက်ကွယ်သွားပြီး၊ ကမ္ဘာဖျက်မီးတောက်များ လည်း ချုပ်ငြိမ်းသွားကာ ကျောက်ဖေးရုန်၏ စိတ်ဝိညာဉ်သည် အော်ဟစ်ပြီးနောက် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
ဤအဆင့်ဆင့် ပြောင်းလဲမှုများသည် မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်း မှာပင် ဓားအပြင်ဘက်ကမ္ဘာကြီးက ပြန်ပေါ်လာပါပြီ။
ဟုန်ယွိက သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ပြီး၊ သူ့နှလုံးသားထဲက ဒေါသမီးလျှံကို မငြိမ်းသတ်နိုင်သေးဟု ခံစားလိုက်ရ၏။ သူသည် သူ့ကိုယ်သူ မင်စီလာဘုရင်ကို ပုံရိပ်ဖော်နိုင်ရန် အတင်းအကြပ် တွန်းအားပေးခဲ့ပြီး၊ ဗုဒ္ဓ၏အမျက်ဒေါသကို သူ့ဒေါသနေရာမှာ အစားထိုးကာ အသုံးပြုခဲ့သည်ကို သူ သိပါသည်။ နောက်ဆုံးတွင်၊ သူသည် ကျောက်ဖေးရုန်၏ ကြည်စင်စုဝဲဂယက်ကို ချိုးဖျက်နိုင်သော်လည်း သူ့ဒေါသက သူ့စိတ်ဝိညာဉ်ကို ထိခိုက် နာကျင်စေခဲ့သည်။
မင်စီလာဘုရင်သည် ဗုဒ္ဓ၏ အမျက်ဒေါသကို သရုပ်ဖော်ထင်ရှားပြခြင်း ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာ အမျက်တော် ထွက်သည်နှင့် ထိုအမျက်ဒေါသသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးနိုင်သည်။ ဤသည်မှာ အတွေးထဲမှ ကြီးမားသော နာကြည်းခြင်း၏ စွမ်းအား ဖြစ်သည်။
"တကယ်လို့, ငါ့မှာသာ နတ်ဘုရားဓား မရှိခဲ့ရင်, မင်စီလာဘုရင်ကို မဆိုထားနဲ့၊ ငါ့ရဲ့သတ်ဖြတ်လိုတဲ့ အတွေးနဲ့ ရှက်ချာဆာနတ်ဆိုးဘုရင်ကိုတောင် ပုံရိပ်ဖော်ကြည့်လို့ မရဘူး။ အနာဂတ်မှာ, ငါ နတ်ဘုရားဓားထဲမှာ ရှိနေရင် တောင် ဒီလိုအန္တရာယ်များတဲ့ တာအိုနည်းစနစ်တွေကို သတိထားတာ ပိုကောင်းပါတယ်။ မဟုတ်ရင် အနှေးနဲ့ အမြန်ဆိုသလို မီးနဲ့ကစားမိပြီး ကိုယ့်ကိုကိုယ် လောင်ကျွမ်းမိလိမ့်မယ်။" သူသည် တွေးတောနေရင်း ဟုန်ယွိ သည် အတိတ်ဗုဒ္ဓကို ဆယ်ကြိမ်ထက်မက ထပ်ခါတလဲလဲ ရွတ်ဆိုလိုက်ပါသည်။ သို့မှသာ သူသည် သူ့စိတ်ထဲ တွင် မပြောင်းလဲနိုင်သော အတွေးများက နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။
ဟုန်ယွိသည် သူ့ယင်စိတ်ဝိညာဉ်ကို ဓားထဲမှ ထွက်ခွာလာခဲ့ပြီး၊ သူ့ခန္ဓာကိုယ်သို့ ပြန်လည်ဝင်ရောက်လာ၊ နတ်ဆိုးသတ် မက်မွန်နတ်ဘုရားဓားသည်လည်း သူ့လက်ထဲသို့ ပြန်ဝင်လာခဲ့သည်။
“ဘန်း…"
စစ်မြေပြင် အခြေအနေက သူ့မျက်လုံးထဲမှာ တစ်ခုပြီးတစ်ခု ပြန်မြင်လာရ၏။
အခြေအနေအားလုံးက ဆုံးဖြတ်နိုင်နေပြီ။ ဆေဘာနှင့် ဒိုင်းကာစစ်သည်များ၊ လှံရှည်ကိုင် စစ်သည်များ၊ မြားပစ်သမားများနှင့် မြင်းတပ်သားများ အများအပြားသည် အိမ်ထဲသို့ ပြေးဝင်နေကြပြီ ဖြစ်သည်။ စံအိမ်ကြီး၏ အပြင်ဘက်တံတိုင်းသည် မည်သည့်အချိန်ကတည်းက ပျက်စီးသွားမှန်းမသိဘဲ စစ်သည်တွေလည်း ပျက်စီးနေ သော အုတ်ရိုးပေါ်သို့ ပြေးဝင်နေကြပြီ။
စံအိမ်ကြီးအတွင်းမှ ပြင်းပြင်းထန်ထန် ခုခံနေကြပြီး၊ တိုက်ခိုက်သံများ၊ အော်ဟစ်သံများနှင့် တိုက်ပွဲများက မြေကြီးကွဲလောက်သည့် အနေထားထိ ရှိနေသော်လည်း အသုံးမဝင်တော့ပေ။ အနှေးနှင့်အမြန်ဆိုသလို သူတို့ကို အဆုံးမရှိသည့် စစ်သည်တွေက သတ်ပစ်ကြလိမ့်မည်။
ဤအရာကလည်း အချိန်အတော်ကြာကတည်းက ကြိုတင်ခန့်မှန်းထားသည့် ရလဒ်တစ်ခုလည်း ဖြစ်ပါသည်။
စံအိမ်ကြီးသည် မည်မျှပင် အင်အားကြီးမားစေကာမူ ပြည်နယ်တစ်ခုမှ တပ်ရင်းရှစ်ရင်း၏ ဝန်းရံမူနှင့် နှိမ်နင်းမူ ကို တွန်းလှန်ရန်မှာ မဖြစ်နိုင်ပေ။ မဟုတ်ရင် တော်ဝင်ချန်သည် အချိန်အတော်ကြာ ကတည်းက ပျက်သုန်းသွား ပါလိမ့်မည်။
"အစ်ကိုချီ၊ ငါနဲ့လိုက်ခဲ့။ နတ်ဆိုးမကို အတူတူ လိုက်ရှာကြရအောင်။”
"သခင်ဟောင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကာကွယ်ပေးဖို့ ကျွမ်းကျင်သူတွေ စေလွှတ်ပေးပါ။ နတ်ဆိုးမက ဒဏ်ရာရနေပြီ။ ဒါက အခွင့်ကောင်းပဲ။ ကျွန်တော်တို့ သူမကို လွတ်မြောက်ခွင့် မပြုနိုင်ဘူး။ မဟုတ်ရင်, ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှု အားလုံးက အချည်းနှီး ဖြစ်သွားလိမ့်မယ်။"
ဟုန်ယွိသည် စစ်မြေပြင်ကို ကြည့်လိုက်ရင်း စိတ်တည်ငြိမ်သွားပြီး ရုတ်တရက် အော်ပြောလိုက်သည်။
"ပထမ တပ်ရင်းမှူး၊ ဒုတိယ တပ်ရင်းမှူး၊ တတိယ တပ်ရင်းမှူး၊ စတုတ္ထ တပ်ရင်းမှူး။ နတ်ဆိုးမကို သတ်ဖို့ ဟုန်ယွိနောက်ကို မြန်မြန်လိုက်သွားကြ။ သူမကို အသက်ရှင်လျက် ငါ့ဆီခေါ်ခဲ့ကြ။ သူမကို အရှင်လတ်လတ် မဖမ်းနိုင်ရင်တောင် သူမခေါင်းကို ငါ့ဆီယူလာပါ။”
ဟောင်ချင်းချန်က ရုတ်တရက် သူ့လက်ကို ဝှေ့ယမ်းပြီး အလျင်အမြန် အမိန့်ထုတ်လိုက်သည့်အခါ ဟုန်ယွိ, ချီဇီယန်, မုကလေးနှင့် ရှန်ထိုက်ဇူတို့က သူတို့မြင်းတွေကို ရိုက်လိုက်ပြီး စံအိမ်ကြီးထဲကို ပြေးဝင် လိုက်ကြပါသည်။
တစ်ချိန်တည်းမှာပင် မြင်းတပ်သား လေးဦးသည် စစ်တပ်ထဲမှ ပြေးထွက်လာပြီး၊ ခြေလှမ်းတစ်ရာအတွင်းမှ ဟုန်ယွိနောက်သို့ အနီးကပ်လိုက်လာကြသည်။
ဤမြင်းတပ်သား လေးဦးစလုံးသည် ငါးကြေးခွံသံချပ်ကာများ ဝတ်ဆင်ကြပြီး ခြောက်ပေရှည်သော မြင်းတပ် ဆေဘာများကို ကိုင်ဆောင်ထားကြသည်။ သူတို့စီးသည့် မြင်းများသည် မီးလျှံတိမ်တိုက်မြင်း သို့မဟုတ် အမှောင်သွေးမြင်းလိုမျိုး နာမည်ကြီးမြင်းတွေ မဟုတ်သော်လည်း၊ သူတို့လည်ချောင်းတွေမှာ သန့်စင်သည့် အဝါရောင် တောက်တောက်ရှိနေ၏။ ၎င်းတို့သည် တော်ဝင်ချန်၏ သာလွန်ကောင်းမွန်သော စစ်မြင်းများ ဖြစ်သည့် အဝါရောင်ကော့ထ်စ် ရတနာမြင်းပျိုများ ဖြစ်သည်။
သူတို့၏ကိုယ်ခံပညာသည် ထိပ်တန်းသိုင်းသခင်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။ အထူးသဖြင့် သူတို့၏ မျက်နှာများ က ပြတ်သားပြီး၊ မတုန်မလှုပ် အမူအရာရှိ၏။ စိတ်ဓာတ်နှင့် စိတ်နေစိတ်ထားအရ၊ ၎င်းတို့သည် ဟောင်ချင်းချန်၏ အနားရှိ ကျွမ်းကျင်သူများနှင့် ကိုယ်ရံတော်များထက် များစွာပို၍ အစွမ်းထက်ပါသည်။
၎င်းတို့သည် ဝူယွမ်ခရိုင်၏ တပ်ရင်းရှစ်ရင်းရှိ တပ်ရင်းလေးရင်း၏ တပ်မှူးများ ဖြစ်ကြပြီး၊ အဆင့်မြင့် စစ်အရာရှိများအဖြစ် သတ်မှတ်ခံရသည်။
"ညီမ, မြန်မြန် ထွက်သွားရအောင်။ အင်အားက များလွန်းတယ်၊ ငါတို့ မထိန်းနိုင်တော့ဘူး။”
တစ်ချိန်တည်းမှာပင် အလွန်ကျယ်ဝန်းပြီး ခြေလှမ်းသုံးထောင် အကျယ်ဝန်းရှိသော တိမ်ဖြူစံအိမ်၏ နောက်ဖေး လေ့ကျင့်ရေးကွင်းတွင် အဖြူရောင် သားရေချပ်ဝတ်နှင့် အရောင်တူ လှံများကို ကိုင်ဆောင်ထားသော လူငယ် ရှစ်ဦးသည် အနက်ရောင်ဝတ် လူဒါဇင်ပေါင်းများစွာကို အပြင်းအထန် တိုက်ခိုက်ရန် ဦးဆောင်နေပါသည်။
ထိုအထဲတွင် လျူဘိုင်ယွန်လည်း ပါဝင်သည်။ သူသည် အနက်ရောင် ငါးမန်းသားရေချပ်ဝတ်ကို ၀တ်ဆင်ထားပြီး သူ့လက်ထဲတွင် နဂါးရစ်ခွေလှံကို ကိုင်ထားသည်။ သူသည် ချောမောပြေပြစ်သော မြင်းဖြူတစ်ကောင်ကို စီးထားခဲ့သည်။ နေရောင်အောက်တွင် မြင်းဖြူ၏ လည်ဆံမွှေးများက ခြင်္သေ့တစ်ကောင်ကဲ့သို့ ပလက်တီနမ် အရောင် တောက်ပနေ၏။
ဤမြင်းသည် ဒေါက်မြင့်ပြီး၊ ကိုယ်ပေါ်တွင် ကြွက်သားများကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် လျှပ်စီးဖမ်း မြင်းထက်ပင် ပိုမိုကြံ့ခိုင်ပြီး ချောမောပုံရသည်။ လမ်းလျှောက်စဉ် ၎င်း၏ကြွက်သားများက ဖောင်းကားလာပြီး၊ ၎င်းသည် သံမဏိကဲ့သို့ ဖျက်ဆီး၍မရကြောင်း လူများအား အထင်ရှိစေခဲ့သည်။ ခြင်္သေ့ သို့မဟုတ် ကျားရဲကဲ့သို့ သားရဲဘုရင်တစ်ပါး၏ ဘုန်းအာနုဘော်လည်း ရှိသည်။
ဤသည်မှာ နှစ်ပေါင်းတစ်ရာအတွင်း တွေ့ရခဲသော နာမည်ကျော်မြင်း ကျောက်စိမ်းညခြင်္သေ့မြင်း ဖြစ်သည်။
တိမ်ဖြူစံအိမ်၏ ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းသည် စံအိမ်၏ နောက်ဆုံး ခံစစ်ဖြစ်သည်။ ကိုယ်ခံပညာ လေ့ကျင့်ရေးကွင်း၏ နောက်ဘက်တွင် အနောက်တောင်တန်းများကို ဖြတ်၍၊ တောင်ပိုင်းဒေသို့ ဆက်သွယ် ပေးထားသည့် လမ်းကြောင်းတစ်ခုရှိပြီး၊ ထိုလမ်းကြောင်းသည် ဝူယွမ်ခရိုင်မှ တောင်ပိုင်းဒေသသို့ တိုက်ရိုက် ပို့ဆောင်ပေးနိုင်သည့် တော်ဝင်ခန်မြစ်၏ ရေလမ်းကြောင်းဖြစ်သည်။
တော်ဝင်ခန်မြစ်သည် ကျယ်ပြောပြီး၊ မျက်စိတစ်ဆုံးမြင်နိုင်ကာ၊ အကန့်အသတ် မရှိပေ။ အကယ်၍ ၎င်းတို့ လွတ်မြောက်သွားခဲ့လျှင်, ဟောင်ချင်းချန်သည် ရေတပ်သင်္ဘောများဖြင့် ဝိုင်းရံထားခြင်း မရှိပါက, စစ်သည် လေးထောင်သည်လည်း အသုံးမ၀င်ပေ။ သို့သော်၊ ရေတပ်သင်္ဘောများကို စုစည်းရန်မှာ အလယ်ပိုင်းပြည်နယ် ၁၃ ပြည်နယ်၏ အုပ်ချုပ်ရေးမှူးရုံး၏ ခွင့်ပြုချက် လိုအပ်သည်။ ထို့ကြောင့် လျူဘိုင်ယွန်၏ အကြံအစည်သည် အလွန်ကောင်းမွန်သည်။ သူသည် ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းမှာ စစ်သည်များကို ပိတ်ဆို့ကာ၊ အချိန်ဆွဲထားပြီး၊ သူ့မိသားစုနှင့်အတူ ရတနာတွေကို ယူဆောင်သွားနိုင်ရန် စိတ်ကူးထားသည်။ ထို့နောက် သူသည် ကြိုတင်ပြင်ဆင်ထားသော သင်္ဘောများကို အသုံးပြု၍ တော်ဝင်ခန်မြစ်ထဲသို့ ပြေးဝင်နိုင်သည်။ ထို့နောက် မည်သည့် ပြဿနာမှ ရှိတော့မည် မဟုတ်ပေ။
ကိုယ်ခံပညာလေ့ကျင့်ရေးကွင်း အဝင်ဝတွင် တပ်မှူးများနှင့် စစ်သည်များ တဖွဲဖွဲ ပြေးဝင်လာပြီး လျူဘိုင်ယွန် သည် မြင်းကို ဘယ်ညာမောင်းနှင်ကာ၊ သူ၏လှံ နေရာတိုင်းတွင် ရှိနေပြီး မက်မွန်ပွင့်ကဲ့သို့ သွေးများ ဖျန်းခနဲ, ဖျန်းခနဲ လွင့်ပျံနေသည်။ လှံတစ်ချက် ထိုးလိုက်တိုင်း စစ်သည်တစ်ယောက်၏ အသက်ကို နှုတ်ယူသွားသည်။ ဤအချက်က သူ၏ ထူးချွန်သော ကိုယ်ခံပညာစွမ်းရည်ကို ပြသနေပါသည်။
တကယ်တော့၊ ဝူယွမ်ခရိုင်၏ ဦးဆောင်မှုအောက်မှာရှိသည့် အလယ်ပိုင်း ဗဟိုပြည်နယ်သို့ ရောက်ရှိလာနိုင် သော အထွဋ်ထိပ်ကောင်းကင်နယ်မြေ၏ တပည့်တစ်ယောက်အနေဖြင့်, သူသည် ရှန်တန် သိုင်းသခင်နယ်ပယ် ထဲကို ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူသည် ပြည်နယ်၏ မြေအောက်ကမ္ဘာနှင့် အစိမ်းရောင် တောအုပ်က သူရဲကောင်းတွေကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။
ထိုအခိုက်တွင်၊ ကျောက်ဖေးရုန်သည် ကိုယ်ခံပညာလေ့ကျင့်ရေးကွင်း၏ နောက်ဘက်တွင် ရပ်နေပြီး၊ သူမ ရှေ့တွင် တိုက်ခိုက်ပွဲများက အပြင်းအထန် ဖြစ်နေသည်။ သို့သော် သူမစိတ်က တခြားနေရာမှာ ရောက်ရှိနေ သည့်အလား သူမသည် တစ်လက်မမှ မလှုပ်ရှားခဲ့ပါဘူး။
စစ်သည်များနှင့် စစ်တပ်အရာရှိများ ပို၍များပြားလာပြီး၊ အပြေးအလွှား ဝင်ရောက်လာကြကာ၊ မြင်းစီး စစ်သည်များနှင့် ဒူးလေးတပ်သားများက ကျိုင်းကောင်များကဲ့သို့ မြှားများကို ပတ်ခတ်ကြရာ, သူ့တပ်သား အများပြား သေဆုံးသွားသည်ကို မြင်ပြီး၊ လျူဘိုင်ယွန်က သူတို့ ခုခံနိုင်စွမ်း မရှိတော့မှန်း သိလိုက်သည်။
သူ၏လှံက တစ်ချက် ဝှေ့ယမ်းသွားပြီး၊ သူသည် အားပျော့သွားသော မြှားအချို့ကို ပက်ထုတ်ပစ်လိုက်သည်။ လျူဘိုင်ယွန်က "တိမ်ဖြူ အကြီးအကဲ ငါးယောက်၊ ဂျူနီယာ ညီမကိုခေါ်ပြီး မြန်မြန် ထွက်သွားတော့။"
"ကောင်းပါပြီ…"
လူအုပ်ထဲတွင် တိုက်ခိုက်နေသော ကျွမ်းကျင်သူငါးဦးသည် ရုတ်တရက် ဆုတ်ခွာသွားကြပါသည်။ ဤလူငါးဦးစလုံးသည် သွေးအေးလင်းယုန် ဆယ့်သုံးယောက်နှင့် ယှဉ်နိုင်သော ထိပ်တန်း သိုင်းသခင်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့သည် လျူဘိုင်ယွန် ငွေကြေးအမြောက်အမြားဖြင့် ဆွဲဆောင်ထားသည့် မြေအောက်ကမ္ဘာက ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။
"မလိုဘူး၊ သွားကြစို့…."
ဤအခိုက်အတန့်တွင် လေပြင်းများက ရုတ်တရက် တိုက်ခတ်လာသဖြင့် ကိုယ်ခံပညာလေ့ကျင့်ရေး ကွင်းရှိ လူတိုင်း ကျောရိုးများ အေးစက်သွားသလို ခံစားလိုက်ရသည်။ ကျောက်ဖေးရုန်သည် ရုတ်တရက် ပြန်သတိရလာ သည်။ သူမ၏မျက်နှာက ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေသော်လည်း သူမ၏မျက်လုံးများတွင် နက်ရှိုင်းသော သတ်ဖြတ်လိုသည့်ဆန္ဒနှင့်အတူ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပြည့်နေပါသည်။
“မင်စီလာဘုရင်, မင်စီလာဘုရင်, ဗုဒ္ဓအမျက်ဒေါသ, မင်စီလာဘုရင်, ကမ္ဘာကြီးရဲ့အဆုံးသတ် စီလာဘုရင်။ အမြင့်မြတ်ဆုံး တာအိုပညာရပ်တွေကို ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကျမ်းဂန်တွေမှာ မှတ်တမ်း တင်ခဲ့ပါတယ်။ သူက ဘယ်ကျမ်းစာကို ကျင့်ကြံနေတာလဲ။ ဒိုက်ဇင်ဘုရားကျောင်းရဲ့ ထိပ်တန်း လျှို့ဝှက်ကျမ်းစာ ငါးစောင်အနက်မှ တစ်ခုဖြစ်တဲ့ ပရာဂျနဗောဓိသတ္တသုတ္တန်လား….။ ဗောဓိကောင်းကင်လူသားသုတ္တန်လား…။ နတ်ဘုရားဘုရင် ရှစ်ပါး သုတ္တန်လား….။ နဂါးဇင်ဒိုင်းမွန်းသုတ္တန်လား….။ ဒါမှမဟုတ် ပုံသဏ္ဍာန်မဲ့သုတ္တန်လား။ မဟုတ်ဘူး၊ မဟုတ်သေးဘူး…။ ဒီထိပ်တန်း တာအိုနည်းစနစ်တွေက မှော်ဆန်နေနိုင်ပေမယ့် ဒီဟုန်ယွိရဲ့ စိတ်ဝိညာဉ်က အရမ်းအားနည်းပြီး၊ သူက ပေါက်ကွဲမီးလျှံအဆောင်ဓားရဲ့ ပေါက်ကွဲမူအောက်မှာ ရှင်သန်နိုင်ခဲ့တယ်။ ဒီကျမ်းဂန် တွေမှာ ဒီလိုအံ့ဖွယ်အစွမ်းမျိုး မရှိဘူး။ ဖြစ်နိုင်တာက။ ဒဏ္ဍာရီလာ အတိတ် … အတိတ်အမိတ္တဘသုတ္တန် များလား။”
"မဖြစ်နိုင်ဘူး…။ မဖြစ်နိုင်ဘူး…။ ဒါ လုံးဝ မဖြစ်နိုင်ဘူး…။ ဟား၊ ဟား၊ ပုရွက်ဆိတ်လေး…။ ငါ မင်းကို တကယ် လျှော့တွက်ခဲ့မိပြီ။ မင်းကို လျှော့တွက်ခဲ့မိပြီပဲ။ ဒါပေမယ့် အခု, မင်းရဲ့နောက်ခံကို ငါ ခန့်မှန်းမိပြီ။ ငါ မင်းကို ဘယ်လိုလုပ် အလွှတ်ပေးနိုင်ပါတော့မလဲ။ မင်းက ငါ့စိတ်ဝိညာဉ်ကို ဒဏ်ရာရစေခဲ့ပေမယ့်, ငါ လအနည်းငယ် လောက်ပဲ အနားယူဖို့ လိုတယ်။ ပြီးရင် ငါက နဂိုအတိုင်း ပြန်ကောင်းလာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ငါ မင်းကို ရင်ဆိုင်မယ်။ တကယ်လို့, မင်းသာ, အမိတ္တဘသုတ္တန်ကို တကယ် ကျင့်ကြံထားခဲ့ရင်, ငါ မင်းဆီကနေ သေချာပေါက် ရအောင်ယူရမယ်။ ဒဏ္ဍာရီအဆိုအရ, ဒီသုတ္တန်ကို ကျင့်ကြံပြီးတဲ့နောက်, လူတစ်ယောက်ဟာ ပြိုင်ဘက်ကင်းဖြစ်လာပြီး၊ ယန်စိတ်ဝိညာဉ် ဖြစ်လာမယ်လို့ ဆိုထားတယ်။ တကယ်လို့, ငါသာ ယန်စိတ်ဝိညာဉ် ကို ပိုင်ဆိုင်နိုင်ရင် ဒီကမ္ဘာပေါ်မှာ ဘယ်သူက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာလဲ။”
တခဏချင်းမှာပင် ကျောက်ဖေးရုန်၏ စိတ်ထဲမှာ အတွေးပေါင်းစုံနှင့် ပြည့်နှက်နေပါသည်။
ဘန်း….။
ဤအခိုက်အတန့်တွင် မြင်းစီးစစ်သည်နှစ်ဦး သို့မဟုတ် သုံးဦး ဝင်ရောက်လာပြီး၊ မြင်းစီးစစ်သည်များက လေးများကိုဆွဲကာ မြှားများကို ပစ်လွှတ်ကြသည်။ ချွန်ထက်သော မြှားများသည် တဝှီဝှီမြည်သံနှင့်အတူ ကျောက်ဖေးရုန်၏ ရင်ဘတ်ဆီသို့ ပျံသန်းသွားသည်။
"ဟမ့်….."
ကျောက်ဖေးရုန်သည် ထိုမြှားများကို ရှောင်တိမ်းခြင်း မရှိဘဲ ရင်ဆိုင်ခဲ့သည်။ သူမသည် လက်ကို စက်ဝိုင်းအသွင် ဆွဲလိုက်သည်။ ဝှီး…၊ ဝှီး…၊ ဝှီး…၊ မြှားများသည် သိမ်မွေ့သော ခိုများကဲ့သို့ သူမ၏လက်ထဲသို့ ချက်ချင်း ကျရောက်သွားသည်။
မြှားအနည်းငယ်ကို ဖမ်းပြီးနောက် ကျောက်ဖေးရုန်သည် သူမလက်ကို မြှောက်လိုက်ရာ၊ မြှားများသည် ၎င်းတို့ ပျံသန်းလာသော အမြန်နှုန်းထက် ဆယ်ဆပိုမြန်ကာ ပျံသန်းသွားခဲ့ပြီး၊ တခဏအတွင်းမှာပင် ၎င်းတို့သည် ထိုမြင်းစီးစစ်သည်အများအပြား၏ ရင်ဘတ်တွေကို ထိုးဖောက်ပြီး သူတို့၏သံချပ်ကာတွေကို ထိုးဖောက်သွား ပါသည်။ သူတို့သည် မြင်းပေါ်မှ ပြုတ်ကျပြီး သေဆုံးသွားကြသည်။
"မင်းတို့က ငါ့ကို ဂျင်ရှစ်ဆယ်လေးတဲ့ လေးကလေးနဲ့ ပစ်သတ်ချင်နေတာလား။ မင်းတို့က နုံအလွန်းတယ်။” ကျောက်ဖေးရုန်သည် မျက်လုံးများကို ငုံ့ကြည့်ကာ၊ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်နင်းပြီး၊ ခုန်လိုက်သည်။ ချက်ခြင်းဆိုသလို, သူမသည် ခြေဆယ့်ခြောက်လှမ်း သို့မဟုတ် ဆယ့်ခုနစ်လှမ်း အကွာအဝေးကို လွင့်ပျံသွားကာ လျူဘိုင်ယွန်၏ ကျောက်စိမ်းညခြင်္သေ့မြင်း၏ နောက်ဘက်သို့ ဆင်းသက်လာခဲ့သည်။
"သွား…."
လျူဘိုင်ယွန်က သဘောပေါက်သည်။ ဟိန်းဟောက်သံနှင့်အတူ မြင်းခေါင်းကို ပြင်းပြင်းထန်ထန် လှန်လိုက်ပြီး၊ မြင်းအား အမြင့်ဆုံးအထိ တွန်းပို့လိုက်သည်။
ကျောက်စိမ်းညခြင်္သေ့မြင်းသည် အမှန်တကယ်ပင် နတ်မြင်းတစ်ကောင် ဖြစ်သည်။ ရုတ်တရက် ပေါက်ကွဲ ထွက်လာသည့် ခွန်အားနှင့်အတူ, ၎င်းသည် လူတစ်ယောက် အရပ်ထက် ပိုမြင့်သည့် တံတိုင်းပေါ်ကို ခုန်ကျော်ကာ ဆင်းလိုက်သည်။ ထိုမြင်ကွင်းက ကောင်းကင်ယံမှာ နဂါးကြီးတစ်ကောင်ကို စီးနင်နေသည့် အတိုင်းပင်။ သူတို့သည် ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းပြင် အပြင်ဘက်က တောင်တက်လမ်းကို ချက်ချင်း ရောက်ရှိသွားပြီး၊ ပြင်းထန်စွာ ပြန်ပြေးသွားကြသည်။ တခဏအတွင်းမှာပင်, သူတို့သည် နောက်မှ လိုက်လာ သူများကို ခြေလှမ်းငါးရာ ခြောက်ရာအကွာတွင် ချန်ထားရစ်ခဲ့သည်။
"ဟင်…." ထိုအခိုက်တွင် ဟုန်ယွိသည် နောက်သို့ အမြန်ပြေးသွားခဲ့သည်။ အထူးသဖြင့် ကျောက်ဖေးရုန်သည် မြှားတွေကို ငှားရမ်းပြီး ပြန်ပစ်ခဲ့သည့် နည်းလမ်းကို သူ့မျက်လုံးများနှင့် ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ဖူးသည်။ ထိုနည်းလမ်းက သူ့အဖေ ဟုန်ရွှန်ကျိကို အသက်မဲ့တာအိုဂိုဏ်းနှင့် အစစ်မှန် လေဟာနယ်တာအို ဂိုဏ်းတို့ လုပ်ကြံသတ်ဖြတ်သည့်နေ့ကို သူ့ကို ချက်ချင်း အမှတ်ရစေခဲ့ပါသည်။ ဟုန်ရွှန်ကျိသည် ပျံသန်းနေသော ဓားများ ကို လက်ဗလာဖြင့် ဖမ်းယူ၍၊ ရန်သူကိုသတ်ဖြတ်ရန် ပြန်လည်ပစ်ခတ်ခဲ့ဖူးသည်။
ဟုန်ယွိသည် ကိုယ်ခံပညာလေ့ကျင့်ရာမှာ တိုးတက်မူအချို့ ရရှိထားသည်။ ဤနည်းလမ်းသည် ကိုယ်ခံပညာ၏ အထွတ်အထိပ် ပညာရပ်တစ်ခုကဲ့သို့ ခံစားရကြောင်းကိုလည်း သူ မြင်နိုင်သည်။ ၎င်းသည် မယုံနိုင်လောက် အောင် လေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။
"ဒါက ကောင်းကင်ဘုံသေမင်းဘီးပညာရပ်ပဲလား။"
သူ၏ပင်ကိုယ် အသိဥာဏ်ကို အခြေခံ၍ ဟုန်ယွိသည် ဤနည်းလမ်းက ဟုန်ရွှန်ကျိ၏ ပြိုင်ဘက်ကင်း လက်သီး ပညာရပ်ဖြစ်သည့် ကောင်းကင်ဘုံသေမင်းဘီး ဖြစ်နိုင်သည်ဟု မှန်းဆထားသည်။
သူ့စိတ်မှာ မှန်းဆနေသော်လည်း ဟုန်ယွိသည် သူ့မြင်းကို ပြင်းပြင်းထန်ထန် တွန်းအားပေးပြီး၊ လိုက်တိုက်နေ တုန်းပင်။ သူ့နောက်မှာတော့ ချီဇီယန်, ရှန်ထိုက်ဇူ, မုကလေးနှင့် တပ်ရင်းလေးခု၏ တပ်မှူးတွေ အားလုံးက မြင်းကောင်းတွေ စီးနင်းထားကြသောကြောင့် သူတို့အားလုံးလည်း အကွာဝေးကို ဆက်ထိန်းနိုင်ခဲ့ကြသည်။ သူတို့သည် ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းထဲမှ ထွက်ခွာပြီး၊ တိမ်ဖြူကျေးရွာ၏နောက်က တောင်တက်လမ်းကို တက်ခဲ့ကြသည်။
အကွေ့အကောက်များသော တောင်ပေါ်လမ်းပေါ်တွင် ကျောက်စိမ်းညဉ့်ခြင်္သေ့သည် ဖုန်မှုန့်များကို ချန်ရစ်ခဲ့ပြီး၊ ပထမဆုံး ထွက်လာကာ၊ မြင်းစီးစစ်သည်ရှစ်ဦးက အနီးကပ် လိုက်ပါလာခဲ့သည်။ တခဏအတွင်းမှာ သူတို့သည် ဆယ်မိုင်ကျော်ကျော် ပြေးလာခဲ့သည်။ သူတို့သည် ဝေဝေဝါးဝါး တောင်ထိပ်ပေါ်မှနေ၍ အောက်သို့ လှည့်ပတ် ကာ ငုံ့ကြည့်ကြသည်။ တောင်၏အခြားတစ်ဖက်တွင်မူ၊ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် အနှိုင်းမဲ့ ကျယ်ပြန့်သော အဖြူရောင်ခါးပတ်ကြိုးတစ်ခု ရှိနေပါသည်။ ထိုအရာက တော်ဝင်ခန်မြစ် ဖြစ်ပါသည်။
အပိုင်း (၁၀၉) (B)
သူ့စိတ်မှတဆင့် လျှပ်စီးဖမ်းမြင်းနှင့် ဆက်သွယ်ရင်း၊ ဟုန်ယွိသည် ဇက်ကြိုးကို လက်နှစ်ဘက်ဖြင့် တင်းတင်း ဆုပ်ကိုင်လိုက်ပြီး၊ လှုပ်ခါခြင်းမရှိအောင် သူ့ကိုယ်ဟန် အနေအထားကို ချိန်ညှိရန် ကြိုးစားလိုက်ပါသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ့စိတ်ကို တည်ငြိမ်အောင်ထားနိုင်ရန် ကြိုးစားပြီး၊ သူ့စွမ်းအားရှိသမျှကို အသုံးပြုကာ၊ နတ်ဆိုးသတ်မက်မွန်နတ်ဘုရားဓားထဲသို့ ရုတ်တရက် ဝင်ရောက်သွားခဲ့သည်။ အစိမ်းရင့်ရောင် ဓားအရိပ်သည် လေထဲသို့ ခုန်တက်သွားပြီး မြင်းထက် နှစ်ဆပိုမြန်ကာ၊ လေဟာနယ်ထဲတွင် ရှည်လျားပြီး၊ ဖောက်ထွင်းမြင်ရသော အလင်းတန်းတစ်ခုကို ရေးဆွဲသွား၊ နားကန်းလောက်သည့် ပေါက်ကွဲသံနှင့်အတူ ရှေ့ခြေလှမ်းခုနှစ်ရာ, ရှစ်ရာအကွာဝေးမှ ကျောက်စိမ်းညခြင်္သေ့မြင်းပေါ်ရှိ ကျောက်ဖေးရုန်ထံသို့ ပစ်ဝင်သွား လေသည်။
ဤဓားစွမ်းအားနှင့် အရှိန်ဟုန်သည် သိုင်းသူတော်စင်တစ်ပါး၏ စွမ်းအားနှင့် အဆမတန် နီးကပ်နေပေပြီ။
သိုင်းကျမ်းတွေအရ သိုင်းသူတော်စင်၏အစွမ်းသည် "လေထုကို ထိုးဖြတ်ပြီး အလင်းအလျင် ပေါက်ကွဲမူနှင့်အတူ ခြေလှမ်းတစ်ထောင်အကွာကနေ လူတစ်ယောက်ကို သတ်ဖြတ်နိုင်သည်"။
"လှံ၊ လာခဲ့စမ်း…"
ထိုအချိန်မှာ မြင်းစီးနေသည့် ကျောက်ဖေးရုန်က ရုတ်တရက် အော်ဟစ်လိုက်ပါသည်။ သူမက လက်ကို ဆန့်တန့် ပြီး လျူဘိုင်ယွန်၏ လက်မှ "နဂါးရစ်ခွေလှံ" ကို လုယူလိုက်ပါသည်။ ထို့နောက်, ပြန်လှည့်ရင်း, လှံက ဓားသွားကို အတိအကျ ထိမှန်ပြီး၊ ပေါက်ကွဲသံတွေ ထွက်လာသည်။ ကြီးမားသော စွမ်းအားကြောင့် ဓားသည် တိမ်းစောင်းသွားပြီး၊ မရပ်တန့်နိုင်ခင် ဆယ်ကြိမ်ထက်မနည်း လေထဲတွင် လှည့်ပတ်သွားလေသည်။
ကျောက်ဖေးရုန်၏ လှံစွမ်းအားသည် ထပ်တူထပ်မျှ ကြီးမားလှသည်။ သို့ရာတွင်၊ ၎င်းသည် စိတ်ဝိညာဉ်၏တန်ခိုး မဟုတ်၊ ပကတိရုပ်ခန္ဓာကိုယ်၏ သန့်စင်သော တန်ခိုးအစွမ်း ဖြစ်ပေသည်။
"ဟုန်ယွိ၊ မင်းက ပျံသန်းနိုင်တဲ့ ဓားတစ်လက်ကို အသုံးပြုပြီး ငါ့ကို သတ်နိုင်မယ်လို့ တကယ် ထင်နေတာလား။" ကျောက်ဖေးရုန်သည် မြင်းပေါ်မှ ရုတ်တရက် ခုန်ဆင်းကာ လှံကိုကိုင်ပြီး လေထဲတွင် ရပ်သွားသော ဓားပျံကို ကြည့်လိုက်ပါသည်။
"မင်း ဘာလို့ သိုင်းပညာကို အသုံးပြုတာလဲ။ အခု မင်းစိတ်ခံစားချက်က မကောင်းဘူး မဟုတ်လား။ မင်းရဲ့ စိတ်ဝိညာဉ်က ငါကြောင့် ဒဏ်ရာရသွားပြီ။ အခု မင်းရဲ့ အစစ်မှန်ပုံစံကို ထုတ်ပြဖို့ မဆိုထားနဲ့။ မင်းရဲ့ အခွံကနေ တောင် မစွန့်ခွာနိုင်တော့ဘူးမလား…။”
ဟုန်ယွိ၏ အသံက ဓားထဲမှ ထွက်ပေါ်လာသည်။
ကျောက်ဖေးရုန်သည် မြင်းပေါ်မှ ဆင်းပြီး သူ၏ ပျံသန်းနေသော ဓားကို တားဆီးရန် သူမ၏ လှံကို အသုံးပြုခဲ့ရကြောင်း ဟုန်ယွိ သိသည်။ သူမသည် အရာဝတ္ထုများကို မောင်းနှင်ရန် မည်သည့် တာအိုနည်းပညာ ကိုမျှ အသုံးမပြုခဲ့ပါ။ ဆိုလိုသည်မှာ သူမ၏ စိတ်ဝိညာဉ်သည် အမှန်တကယ်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီ။ သူမသည် သူမ၏အသွင်ပြင်ကို ထုတ်ဖော်ပြပြီး၊ တာအိုပညာရပ်နည်းမျိုးစုံကို အသုံးပြုဖို့ မဆိုထားနှင့်၊ မည်သည့်အရာကိုမျှ မမောင်းနှင်နိုင်တော့ပေ။
ယခု သူ၏ လက်ရှိအခြေအနေသည် ပြိုင်ဘက်ကင်း အနေထားမျိုး ဖြစ်နေပြီ။
"ပုရွက်ဆိတ်လေး၊ မင်းက မင်းကိုယ်မင်း ပြိုင်ဘက်ကင်း အနေအထားမှာ ရှိနေတယ်လို့ တွေးကောင်း တွေးနေတာ မဟုတ်လား။ မှန်တယ်၊ ငါက ငါ့အခွံကို မစွန့်ခွာနိုင်သလို, အရာဝတ္ထုတွေကို မောင်းနှင်တာ၊ ဒါမှမဟုတ် ငါ့ပုံစံအစစ်မှန်ကို ထုတ်ဖော်မျိုး မလုပ်ဆောင်နိုင်ဘူး။ ဒါပေမယ့်, ငါက လက်သီးပညာရပ်နဲ့ ကိုယ်ခံပညာတွေကို အသုံးပြုနိုင်သေးတယ်။ ငါက ကိုယ်ခံပညာနဲ့ တာအိုနည်းစနစ်တွေကိုပါ လေ့ကျင့်ထား တယ်ဆိုတာ မင်း မသိနိုင်ဘူး။ ငါဂုဏ်ယူရဆုံး အရာက တာအိုပညာရပ်မဟုတ်ဘူး။ ကိုယ်ခံပညာပဲ။”
ကျောက်ဖေးရုန်သည် သူမ၏ လှံကိုကိုင်ကာ မလှုပ်မယှက် ရပ်နေလေသည်။ သူမက အဝေးမှ လိုက်လာသော မြင်းစီးသူရဲရှစ်ဦးကို လှမ်းကြည့်လိုက်သည်။ "ငါ မင်းနောက်က လိုက်လာသူအားလုံးကို အရင်သတ်မယ်၊ ပြီးမှ မင်းနဲ့ စာရင်းရှင်းမယ်။"
"ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ ငါ သိချင်မိတယ်" ဟုန်ယွိက အေးစက်စွာ ရယ်မောလိုက်သည်။ အစိမ်းရင့်ရောင် နတ်ဆိုးသတ် မက်မွန်နတ်ဘုရားဓားက လေထဲတွင် တုန်လှုပ်သွားပြီး ရုတ်တရက် လေထဲသို့ တိုးဝင်သွားသည်။ ဓားက ရပ်တန့်သွားပြီး၊ ဇောက်ထိုးအရှိန်ဟုန်ဖြင့် ကျောက်ဖေးရုန်၏ ဦးခေါင်း တည့်တည့်ဆီ လျင်မြန်စွာ ကျဆင်းလာ၏။
ကျောက်ဖေးရုန်က မလှုပ်မယှက် ရပ်နေပြီး၊ အော်ဟစ်သတိပေးလိုက်သည် "လျူဘိုင်ယွန်၊ သတိထား။"
မျှော်လင့်ထားသည့်အတိုင်း ဟုန်ယွိ၏ဓားသည် တစ်ဝက်ကျဆင်းသွားပြီးနောက် ရုတ်တရက် လမ်းကြောင်း ပြောင်းကာ ကျောက်စိမ်းည ခြင်္သေ့မြင်းကို စီးနေသော လျူဘိုင်ယွန်ကို အမှန်တကယ် တိုက်ခိုက်သွားခဲ့သည်။
ဝှီး….။
ပျံသန်းနေသောဓားနှင့် ရင်ဆိုင်ရသောအခါတွင် လျူဘိုင်ယွန်သည် သူ့လက်ထဲတွင် လှံတစ်ချောင်းမှ မရှိခဲ့ပေ။ သူသည် သူဆေဘာကို အမြန်ဆွဲထုတ်ပြီး မက်မွန်နတ်ဘုရားဓားကို ခုတ်ပိုင်းလိုက်သည်။ ဒန်! ဆေဘာနှင့် ဓားတို့ အပြင်းထန် ထိပ်တိုက်တွေ့ဆုံပြီး၊ ဆေဘာက လွင့်ပျံသွားပါသည်။
ဟုန်ယွိသည် နတ်ဆိုးသတ် မက်မွန်နတ်ဘုရားဓားကို ကိုင်ဆောင်ထားသည်။ ဓားအစွမ်းသည် သိုင်းသူတော်စင် တစ်ပါးနှင့် နီးကပ်နေပြီဖြစ်သည့် ထိပ်တန်း မဟာဆရာသခင်တစ်ဦးနှင့် ညီမျှသည်။ လျူဘိုင်ယွန်၏ ခွန်အားက ၎င်းကို မည်သို့ တားဆီးနိုင်မည်နည်း။
မျော်လင့်မထားသော အပြောင်းလဲနှင့်အတူ, ဓားက လျူဘိုင်ယွန်၏ လည်ပင်းကို ဖြတ်တောက်ကာ၊ မြင်းပေါ်မှ ပြုတ်ကျသွားသည်။
လျူဘိုင်ယွန်၏ ကိုယ်ခံပညာသည် ရှန်တန်နယ်ပယ်တွင် ရှိနေသော်လည်း ကနဦးအဆင့်တွင်သာ ရှိပါသေး သည်။ သူသည် ချီဇီယန်နှင့်ပင် ယှဉ်လို့မရပါဘူး။ ဟုန်ယွိ သွေးပုံစံသံမဏိအပ်ကို အသုံးပြုချိန်မှာတောင် ချီဇီယန်သည် သွေးပုံစံသံမဏိအပ်ကို မတားဆီးနိုင်ပါဘူး။ မက်မွန်နတ်ဘုရားဓားကို အသုံးပြုထားချိန်မှာ ပြောစရာပင် မလိုပါချေ။
လျူဘိုင်ယွန်ကို သတ်ပြီးနောက်၊ ဟုန်ယွိ၏ဓားသည် ရုတ်တရက် တဖန်ပြန်လည် ပျံသန်းသွားကာ ကျောက်ဖေးရုန်ဆီသို့ တစ်ဖန် ပြန်လည် ပစ်ဝင်သွားသည်။ ဤသည်မှာ ဝံပုလွေဓားသိုင်း၏ "အရှေ့ကို အယောင်ပြ နောက်မှတိုက်ခိုက်ခြင်း" နည်းစနစ် ဖြစ်သည်။
ကျောက်ဖေးရုန်သည် သူမ၏လှံကို ကိုင်ထားပြီး၊ ဓား၏အရှိန်ဟုန်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူမသည် ခြေထောက်ကို ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်သည်နှင့် လှံ၏အရှိန်ဟုန်သည် တုန်လှုပ်သွားလေသည်။ လှံရိပ်စက်ဝိုင်းများပေါ်လာပြီး လှံအရိပ်များအတွင်းမှာ လှံထိပ်ဖျားက အေးစက်စွာ လင်းလက်နေပြီး ကြယ်ပွင့် တွေက နေရာတိုင်းမှာ ရှိနေပါသည်။ လှံထိပ်ဖျားအစစ်က မည်သည့်အရာမှန်း အတိအကျ မသိရပါဘူး။
"အထွဋ်ထိပ်ကောင်းကင်နယ်မြေ ကြယ်စင်စုလှံပညာရပ်…, ကြယ်ခွဲတိုက်ကွက်" ချီဇီယန်က အော်ပြောလိုက် ပြီး၊ အဝေးမှ သက်တန့်ထိုးဖောက်လေးကို ဆွဲထုတ်ကာ မြှားတစ်စင်း ပစ်လွှတ်လိုက်ပါသည်။
ဘန်း…၊ ဘန်း….၊ ဘန်း….၊ ဘန်း…..။
ဟုန်ယွိ၏ ဓားသည် ရှေ့သို့ ထိုးဖောက်သွားပြီး၊ ဓားသည် လှံအရိပ်များနှင့် ထိတွေ့လိုက်ရသည်။ လှံအရိပ်ထဲသို့ ထိုးကျသွားသည်နှင့် ချက်ချင်းဆိုသလိုပင် ဓားသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ဘယ်ညာ ယိမ်းနွဲ့ကာ ကြီးမားသော ထိုးနှက်ချက်များကို ဆက်တိုက်ဆိုသလို ခံစားလိုက်ရသည်။ သူ၏စိတ်ဝိညာဉ်သည် အမှန်တကယ်ပင် ၎င်းကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
"ကျောက်ဖေးရုန်ရဲ့ လှံစွမ်းရည်က တကယ်ကို အရမ်းကောင်းလွန်းတယ်။" သူ့ပျံသန်းနေသော ဓားကို ကျောက်ဖေးရုန်၏ နဂါးရစ်ခွေလှံဖြင့် ထိတွေ့သွားကြောင်း ဟုန်ယွိ သိရှိခဲ့ပြီးနောက်, နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့သည်။ ဒါဇင်ပေါင်းများစွာ ထိုးနှက် တိုက်ခိုက်မူကို ခံယူပြီးနောက်, ပြင်းထန်သော စွမ်းအားက ဓားကို ဘယ်ညာ ယိမ်းထိုးစေခဲ့သည်။ သူ၏ စိတ်ဝိညာဉ်သည် မည်မျှပင် အားကောင်းပါစေ၊ ထိန်းချုပ်ရန် ခက်ခဲနေ၏။
ကံကောင်းစွာဖြင့်၊ ဤသည်မှာ နတ်ဘုရားဝိညာဉ်ဓား ဖြစ်နေခဲ့သည်။ အကယ်၍, အစစ်မှန် သိုင်းပညာ သက်သက် တိုက်ပွဲတစ်ခုဖြစ်ခဲ့လျှင်, သူ့ခန္ဓာကိုယ်က အပေါက်ဗရပွနှင့် ဖြစ်နေလိမ့်မည်။ အကယ်၍, သာမာန် ဓားတစ်လက် ဖြစ်ခဲ့လျှင်လည်း လုံးဝ အစိပ်စိပ်မွှာမွှာ ကွဲသွားပေလိမ့်မည်။
ဝှီး….။
ကျောက်ဖေးရုန်၏ ခန္ဓာကိုယ်သည် လှုပ်ရှားသွားပြီး ချီဇီယန်၏မြှားကို အလွယ်တကူ ရှောင်တိမ်းသွားသည်။ သူမက တခစ်ခစ် ရယ်မောရင်း "ဟုန်ယွိ… ဒီလှံရဲ့ သေခြင်းရှင်ခြင်းဘီးကို မြည်းစမ်းကြည့်လိုက်ပါ။"
သူမ စကားပြောနေစဉ်တွင် သူမသည် မတည်ငြိမ်သေးသော မက်မွန်နတ်ဘုရားဓားကို သူမ၏လှံဖြင့် တိုက်ခိုက် ပြန်သည်။ ဤတစ်ကြိမ်တွင် လှံသည် စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် ရွေ့လျားလာကာ လှံထိပ်ဖျားသည် လျှပ်စီးထက် ပိုမြန်ပြီး၊ ဓားကိုယ်ထည်ကို ရိုက်နှက်ကာ ဘယ်ညာယိမ်းထိုးသွားစေသည်။ လှံသည် ကော်ကဲ့သို့ မက်မွန် နတ်ဘုရားဓားကို ကပ်ထားပြီး၊ ဓားသည် လှံထိပ်ဖျားတွင် လေရဟတ်ကဲ့သို့ လှည့်ပတ်နေသည်။
ဟုန်ယွိသည် သူ၏ဓားကို လှံဖြင့် ပြင်းထန်စွာ လှည့်ပတ်နေသည်ဟု ခံစားမိသည်။ သူသည် သူ့စိတ်ဝိညာဉ် စွမ်းအားကို အသုံးချပြီး၊ မည်မျှပင် ပျံသန်းနေပါစေ, တစ်ဖက်လူ၏ လှံ၏စွမ်းအားက ဆန့်ကျင်ဘက် ဦးတည်ရာ အရပ်မှ ပိတ်ဆို့ထားသည်။ သူသည် အလျင်စလို ထွက်ပြေးနိုင်စွမ်း မရှိသလို ပျံလည်း မပျံသန်းနိုင်တော့။
မက်မွန်နတ်ဘုရားဓားသည် ထိပ်တန်းကျွမ်းကျင်သူတစ်ဦး၏လက်၌ ဖမ်းခံထားရသော ငှက်တစ်ကောင်နှင့် တူနေပါသည်။ ငှက်သည် အတောင်ပံတွေ ဘယ်လိုပင် ခတ်နေပါစေ ပျံသန်းလို့မရနိုင်ပါဘူး။
" ကောင်းကင်ဘုံသေမင်းဘီးက ဒီလောက် ကြောက်စရာကောင်းတာလား?"
ဤအခိုက်တွင် ဟုန်ယွိသည် ဟုန်ရွှန်ကျိ မည်မျှကြောက်စရာကောင်းသည်ကို နောက်ဆုံး နားလည်ခဲ့သည်။ အကယ်၍ သူသာ မက်မွန်နတ်ဘုရားဓားကို ရရှိပြီးနောက်, ချက်ချင်း သူ့ကို ရှာခဲ့မည်ဆိုပါက၊ သူသည် ပျော့ဖတ်သည်အထိ အရိုက်ခံရပေလိမ့်မည်။
"ကောင်းကင်ဝံပုလွေ လမင်းကို ဟိန်းဟောက်ခြင်း..။"
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လှံနည်းပညာဖြင့် ရင်ဆိုင်ရသောအခါတွင် ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်ကို အာရုံစူးစိုက်ပြီး ဓားကို ရုတ်တရက် လွှဲယန်းကာ၊ ပြင်းထန်စွာ ပြန်ခုန်ထွက်လာနိုင်စေရန် ထိန်းချုပ်နေခဲ့သည်။ ယင်းက အပြင်းအထန် တိုက်ခိုက်မှုကို ပြုလုပ်ရန် ၎င်း၏ ကြီးမားသော ခွန်အားကို အသုံးပြု၍ ကောင်းကင်၌ လမင်းကို ဟိန်းဟောက်နေသော ဧရာမဝံပုလွေတစ်ကောင်အလားပင်။ နောက်ဆုံး တွင် ဓားသည် လှံထိပ်ဖျား၏ ဓားလေရဟတ် လည်ပတ်ခြင်းမှ လွတ်မြောက်နိုင်ခဲ့သည်။
"မက်မွန်နတ်ဘုရားဓားရဲ့ စွမ်းအားက တကယ်ကို မဆိုးပါဘူး။"
ကျောက်ဖေးရုန်က အေးစက်စွာ ရယ်မောပြန်သည်။ မက်မွန်နတ်ဘုရားဓား ပျံတက်တော့မည်ကို မြင်လိုက်ရ သဖြင့်, သူမသည် လှံကို ထပ်၍ ပစ်လိုက်သည်။
သို့သော် ယခုအချိန်တွင် ချီဇီယန်သည် အနီးသို့ရောက်နေပြီဖြစ်ပြီး၊ လက်တစ်ဖက်စီမှ မြှားငါးချောင်းကို ကိုင် ဆောင်ထားသည်။ ဘန်း…၊ ဘန်း…၊ ဘန်း… ဘန်း… ဘန်း…။ ၎င်းတို့သည် ကျောက်ဖေးရုန်၏ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို ရည်ရွယ်ပြီး သူမ၏ ထွက်ပေါက် လမ်းကြောင်းအားလုံးကို လုံးလုံးလျားလျား ပိတ်ဆို့ထားသည်။
"ပျံသန်းနေသောငါး ကွင်းဆက်ပစ်ခတ်ခြင်း…" ကျောက်ဖေးရုန်၏ မျက်လုံးများက တဖျပ်ဖျပ် ခတ်သွားပြီး၊ သူမသည် နောက်တဖန် လှံကို ပစ်လွှတ်ရန် လှည့်ကြည့်လိုက်သည်။ ဖန်း…၊ ဖန်း…၊ ဖန်း… ဖန်း… ဖန်း..။ လှံသည် မြှားငါးစင်းစလုံးကို ပိတ်ဆို့ထားသည်။ ထို့နောက် သူမသည် ပြန်လှည့်၍ နောက်ထပ် လှံတစ်ချောင်းကို ပစ်ခတ်ကာ ဟုန်ယွိ၏ ပျံသန်းနေသော ဓားက သူ့မကို ထပ်မံ မထိုးနိုင်ရန် တားဆီးလိုက်သည်။
ကျောက်ဖေးရုန်၏ လက်ထဲက နဂါးရစ်ခွေလှံဟာ နဂါးတစ်ကောင်ကဲ့သို့ပင်။ ၎င်း၏ပုံစံနှင့် ခွန်အားကပါ ပြောင်းလဲသွားပါသည်။ ဟုန်ယွိ၏ ပျံသန်းနေသောဓားသည် ၎င်းအပေါ် မည်သည့်အသာစီးမှ မရခဲ့ပေ။
သို့သော် ယခုအခိုက်အတန့်တွင် တောင်တက်လမ်းပေါ်၌ မြင်းတပ်သားများနှင့် ခြေလျင်တပ်များသည် တိမ်ဖြူ တောင်တန်းကြီးကို ဖြတ်ကျော်ကာ သူတို့ကို မှီလာနေပြီ ဖြစ်သည်။
ကျောက်ဖေးရုန်လည်း ထိုအခြေအနေကို သတိထားမိသည်။ ရုတ်တရက် ရှည်လျားသော လေချွန်သံနှင့်အတူ, သူမသည် လှံကို ငါးကြိမ်ဆက်တိုက် ထိုးနှက်လိုက်ရာ မက်မွန်နတ်ဘုရားဓားကို လှုပ်ခါသွားစေခဲ့သည်။ ထိုအခွင့်အရေးကို အမိအရယူပြီး၊ ထိုအမျိုးသမီးသည် သူမ၏ ရက်စက်ကြမ်းကြုသည့် ဘက်ခြမ်းကို ထပ်ပြီး ပြသခဲ့ပါသည်။ သူမသည် ဆုတ်ခွာရမည့်အစား ချီဇီယန်၏မြင်းဆီသို့ ကြွေးကျသော ကြယ်တစ်ပွင့်ကဲ့သို့ ရွေ့လျားသွားခဲ့သည်။
ခြေလှမ်း ရာဂဏန်း အကွာအဝေးမှာရှိသည့် သူမသည် လှံဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးထွက်လာခဲ့သည်။ ဝှီး..။ ဝှီး…။ ဝှီး…။ ဝှီး…။ ဝှီး…။ အသက်ရူချိန် အနည်းငယ်အတွင်းမှာပင် သူမသည် မြင်းတစ်ကောင်ထက်ပင် မြန်ဆန်သော အရှိဟုန်ဖြင့် ချီဇီယန်ဆီသို့ ပြေးဝင်သွားခဲ့ပါသည်။ သူမသည် ချီဇီယန်ကို တစ်ချက်တည်း အသေ ထိုးသတ်ရန် ရည်ရွယ်ချက်ဖြင့် နောက်ထပ် လှံသိုင်းကွက်ကို ထုတ်ဖော်လိုက်ပါသည်။
ချီဇီယန်သည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပါသည်။ သူ့ပြိုင်ဘက်၏ လှံစွမ်းအားသည် သူ့ဆီသို့ အဟုန်ပြင်း စွာ တိုးဝင်လာခဲ့ပြီး၊ နေရာတိုင်းမှာ အရိပ်များလည်း ရှိနေသည်။ သူသည် ပိတ်ဆို့ရန် နည်းလမ်းမရှိတော့ပေ။ ပရမ်းပတာ ဖြစ်နေသည့်ကြားတွင် သူသည် ဝမ်းဗိုက်အောက်ပုန်းကွယ်ခြင်းပညာရပ်ကို အသုံးပြုကာ မြင်းဝမ်းဗိုက် အောက်သို့ လှိမ့်ဝင်သွားခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် ကျားသစ်တစ်ကောင်ကဲ့သို့ လှုပ်ရှားကာ မြေပြင်တွင် တွားသွားကပ်ပြီး ခုန်ထွက်သွားခဲ့သည်။
ဘန်း….။
ယခုတစ်ကြိမ်တွင် ချီဇီယန်သည် ကံဆိုးခြင်းမှ လွတ်မြောက်ခဲ့သော်လည်း သူ့အောက်ရှိ အမှောင်သွေးမြင်း သည် ဒုက္ခရောက်ခဲ့ရသည်။ အမှောင်သွေးမြင်းသည် ရှည်လျားစွာ ဟီပြီး၊ နာနာကျင်ကျင် အော်ဟစ်လိုက်၏။ သူ့ ခန္ဓာကိုယ်မှာ သွေးထွက်သံယို အပေါက်တွေ ဒါဇင်နှင့်ချီပြီး ရှိနေခဲ့သည်။
နောက်ဆုံး လှံချက်က မြင်းလည်ပင်းကို ထိုးဖောက်ပြီး ကျောက်ဖေးရုန်က လှန်ပစ်လိုက်ပါသည်။
ဂျင်တစ်ထောင်ရှိသော မြင်းတစ်ကောင်ကို ကျောက်ဖေးရုန်၏လှံချက်က ထိုးဖောက်သွားပြီး၊ မြင်းအလောင်း သည် အမှန်တကယ်ပင် အပျံသို့ မြှောက်ပါသွားခဲ့သည်။ ထို့နောက်, လှံကို လှုပ်ခါလိုက်သည်နှင့် မြင်းအလောင်း သည် ချက်ချင်းဆိုသလို အစိတ်စိတ် အမြွှာမြွှာကွဲသွားကာ အနက်ရောင် သွေးများက ကောင်းကင်ယံမှ ပြန့်ကျဲ သွားပါသည်။
ရွှီး…၊ ရွှီး…၊ ရွှီး…၊ ရွှီး…၊
ဤအခိုက်အတန့်တွင် မုကလေးနှင့် ရှန်ထိုက်ဇူတို့သည် ၎င်းတို့၏ ပျံသန်းနေသော ကျိုင်းကောင်ဒူးလေးများကို ပစ်ခတ်ကြပြီး၊ မြှားများက ကျောက်ဖေးရုန်ဆီသို့ ဆက်တိုက် ပစ်ဝင်သွားကြသည်။
ကျောက်ဖေးရုန်က အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး၊ သူမခန္ဓာကိုယ်သည် နောက်တစ်ကြိမ် ဖျတ်ခနဲ လှုပ်ရှားသွားကာ မြှားတွေလည်း လွဲချော်သွားပါသည်။
ထိုအချိန်တွင် အစိမ်းရင့်ရောင် အရိပ်တစ်ခု လင်းလက်သွားပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ဘုန်း.., ဘုန်း…, ဘုန်း...။ ဟုန်ယွိသည် ကျောက်ဖေးရုန်၏လည်ပင်းကို ဖြတ်ပိုင်းရန် သူ၏ ပျံသန်းနေသော ဓားကို ထိန်းချုပ်လိုက်ပါသည်။
ဟုန်ယွိသည် သူ့ဓားကို တည်ငြိမ်အောင် ထိန်းပြီးနောက်၊ သူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို တစ်ဖန် ပြန်လည် စုစည်းကာ ပျံသန်းနေသော ဓား၏ စွမ်းအားကို အမြင့်ဆုံးအထိ တွန်းထုတ်ကာ ပျံသန်းသွားခဲ့သည်။
"အခုနက အဲဒီလှံချက်က တကယ်ကို လူတစ်ယောက်ကိုမှ မသတ်နိုင်ခဲ့ဘူးလား" ကျောက်ဖေးရုန်သည် ပြင်းထန်သော တိုက်ခိုက်မှုကို စတင်ခဲ့ပြီး၊ သူမသည် အေးအေးဆေးဆေး ထွက်ခွာမသွားမီ လူတစ်ဦးကို သတ်ပစ်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ပျံသန်းနေသော ကျိုင်းကောင်ဒူးလေးက သူမကို ပိတ်ဆို့ ထားမည်ဟု သူမ မမျှော်လင့်ထားခဲ့ပါဘူး။ ထို့အပြင် ချီဇီယန်သည် အလွန်သတိရှိ၍ မြင်းဝမ်းအောက်သို့ လှည့်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းသွားခဲ့သည်။
သူမဒေါသကို ဖြေဖျောက်ဖို့ လူတွေကို လိုက်လံသတ်ဖြတ်နေခြင်းက လက်တွေ့မကျဘူးဟု သူမ တွေးလိုက်မိ ၏။ သူမသည် ချက်ချင်း ပြန်လှည့်သွားပြီး၊ နောက်ထပ် လှံသိုင်းကွက်နှင့်အတူ ကောင်းကင်ဘုံသေမင်းဘီးကို အသုံးပြုကာ ဟုန်ယွိ၏ ပျံသန်းနေသော ဓားကို လှည့်ပတ်ပြီး ဓားကို ပိတ်ဆို့ကာ၊ ဆက်လက် ပြေးသွားခဲ့သည်။
"နတ်ဆိုးမ၊ မင်း ထွက်သွားချင်တာလား"
ချီဇီယန်သည် မြေပြင်မှ တွားသွားထလားပြီး၊ သူ့စိတ်နှလုံးက အမျက်ဒေါသကြောင့် ဆူပွက်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် အလွန်မင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ အခုနက အခြေအနေမျိုးက သူ့တစ်သက်မှာ တစ်ခါမှ မကြုံဖူးသည့် အန္တရာယ်အများဆုံး အခြေအနေဟု ပြောလို့ရပါသည်။ တခဏတာ ပေါ့လျော့မူက သူ့ကို သေစေနိုင်ပါသည်။ ယခု ကျောက်ဖေးရုန်သည် ရှေ့သို့ ခုန်တက်သွားပြီး ဟုန်ယွိ၏ ပျံသန်းနေသော ဓားကို ပိတ်ဆို့ရန် သူမ၏ လှံကို အသုံးပြုထားသည်ကို မြင်လိုက်ရသောအခါ ချီဇီယန်သည် ယခုတိုက်ခိုက်မှုသည် ကျောက်ဖေးရုန်၏ ရုပ်ခန္ဓာကိုယ်ခွန်အား များစွာ သုံးစွဲခဲ့နေရကြောင်း ချီဇီယန် သိလိုက်သည်။ တကယ်ဆို သူမသည် သိုင်းသူတော်စင်တစ်ဦး မဟုတ်သေးပါဘူး။
ထို့အပြင် ဟုန်ယွိ၏ ပျံသန်းနေသော ဓားသည်လည်း ကျောက်ဖေးရုန်ကို ကြီးမားသော အတားအဆီး ဖြစ်စေခဲ့ သည်။
ယခုအချိန်တွင် ကျောက်ဖေးရုန်၏ တန်ပြန်တိုက်ခိုက်မှုက အောင်မြင်ခြင်း မရှိသေးဘဲ ထွက်ခွာရန် ပြင်ဆင်နေ သည်။ သို့သော်, ချီဇီယန်က သူမထွက်သွားသည်ကို မည်သို့ စောင့်ကြည့်နေမည်နည်း။ သူသည် အသက်ပြင်းပြင်း ရှူလိုက်ရင်း သူ့မျက်လုံးများက ပြူးကျယ်သွားသည်။ အကြိမ်အနည်းငယ် အသက်ပြင်းပြင်း ရှူပြီးနောက် သူ့မျက်နှာက နီမြန်းလာသည်။ သူ့တစ်ကိုယ်လုံး တင်းမာလာပြီး၊ နှာခေါင်းမှ မြွေတစ်ကောင်လို မြည်ဟည်းသံများ ထွက်ပေါ်လာသည်။
ထိုလုပ်ဆောင်ချက် ပြီးဆုံးပြီးချိန်မှာ, သူသည် ရုတ်တရက် သက်တန့်ထိုးဖောက်လေးကို ကောက်ကိုင်ပြီး၊ လက်တစ်ဖက်ဖြင့် မြှားကျည်တောက်ကို လှမ်းကိုင်လိုက်၏။ သူ့ခန္ဓာကိုယ်က လှည့်ပတ်သွားပြီး ကျောက်ဖေးရုန်ကို မြှားကိုးစင်းဖြင့် ပစ်ခတ်လိုက်တော့သည်။
တစ်ချက်တည်းဖြင့် မြှားကိုးစင်း ပစ်လွှတ်ခြင်း…။ အွတ်…၊ ချီဇီယန်က ပါးစပ်က သွေးတွေ ထွက်လာပြီး သူ့လက်တွေက တအိအိဖြင့် ပြိုလဲကျသွားပါသည်။ သူ့ခန္ဓာကိုယ်က ခွန်အား လုံးဝ မရှိတော့သည့်အလား ပျော့ခွေသွားပါသည်။
၎င်းသည် ဆန်းကြယ်ကောင်ကင်ဘုံခန်းမတွင် "ကောင်းကင်မြွေမြှားကိုးစင်း"ဟု အမည်တွင်သည့် အစွမ်းထက် ဆုံး မြှားပစ်စွမ်းရည် ဖြစ်သည်။ ၎င်းသည် သိုင်းတာာအိုသခင်များကို သတ်ဖြတ်ရန် အသုံးပြုသည့် အကြီးအကျယ်ဆုံး လေးပစ်စွမ်းရည် ဖြစ်သည်။ ချီဇီယန်၏ ခွန်အားဖြင့် မြှားကိုးချောင်းကို ဆက်တိုက်ပစ်ခတ်ခဲ့ သဖြင့် သူ၏ အတွင်းအင်္ဂါများ၊ ကြွက်သားများနှင့် အရိုးများကို ထိခိုက် ဒဏ်ရာရစေခဲ့သည်။
မြှားကိုးစင်းသည် မြွေတစ်ကောင်ကဲ့သို့ ပစ်လွင့်သွားပြီးနောက် အထက်၊ အောက်၊ ဘယ်၊ ညာမှ ကျောက်ဖေးရုန် ထံသို့ တည့်တည့် ပစ်ဝင်သွားကြသည်။ မြှားတစ်စင်းက မြေပြင်မှ ကပ်ကာ ပျံသန်းသွားခဲ့ပြီး၊ သူမခြေထောက် ကို ချိန်ရွယ်ထားသည်။ မယုံနိုင်စရာကောင်းလောက်အောင် လျှို့ဝှက်လွန်းပါသည်။
"အယ်…."
ချီဇီယန်က သူ့လေးကို ဆွဲတင်လိုက်သည့် အခိုက်မှာပင် ကျောက်ဖေးရုန်၏ နှလုံးသားထဲမှာ ပြင်းထန်သော အန္တရာယ် အချက်ပေးသံတစ်ခု တိုးဝင်လာပါသည်။ ဟုန်ယွိ၏ ဓားပျံကို လှံချက်ဖြင့် ပိတ်ဆို့ပြီးနောက် သူမသည် ပြန်လှည့်ကြည့်လိုက်ရာ မြှားကိုးစင်း ပျံသန်းလာနေသည်ကို တွေ့လိုက်ရပါသည်။
သူမ၏မျက်ခုံးများက တွန့်သွားကာ လှံကို အလျားလိုက် ကိုင်လိုက်သည်။ သူမခါးကို စက်ဝိုင်းကြီးတစ်ခုသဖွယ် လှည့်လိုက်ပြီး သူမခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားကာ၊ မြှားခြောက်ချောင်းကို ရှောင်တိမ်းပြီးနောက်၊ မြှားနှစ်စင်းကို လမ်းကြောင်းပြောင်းလိုက်သည်။ ထို့နောက် သူမသည် ခြေထောက်ကို မြှောက်ပြီး၊ ခုန်ဆင်း လိုက်သည်နှင့် သူမသည် မြှားတစ်စင်းကို မြေပြင်ပေါ်မှာ နင်းထားနိုင်ခဲ့သည်။
"အခွင့်ကောင်းပဲ…"
ဟုန်ယွိသည် အလွန်သတိနေပြီး အတိတ်ဗုဒ္ဓမြတ်စွာက သူ့စိတ်ထဲတွင် တောက်ပလာခဲ့သည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်က မကြုံစဖူးအနေထားထိ သိပ်သည်းသွားခဲ့သည်။ ဓားအရှိန်အဟုန်ကို အမြင့်ဆုံးအထိ တွန်းပို့လိုက် ပြီး၊ ရုတ်တရက် အရှိန်ဟုန်ပြင်းစွာဖြင့် အစိမ်းရောင် သက်တံ့အဖြစ်သို့ ပြောင်းလဲကာ အောက်သို့ တည့်တည့် ကျဆင်းသွားခဲ့သည်။
ဤသိုင်းကွက်ကို "နေကိုထိုးဖောက်ခြင်းသက်တန့်" ဟု ခေါ်သည်။
ဖူး….။ ဓားသည် နဂါးရစ်ခွေလှံကို ထက်ဝက်ပိုင်းဖြတ်ကာ ကျောက်ဖေးရုန်၏နှလုံးကို ထိုးဖောက် ဝင်ရောက်သွားပါသည်။