အခန်း (၁၁၀-၁၁၂)
Vol. 9 Ch. 110-112
အခန်း (၁၁၀)။
"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး!"
ဟုန်ယွိသည် ကျောက်ဖေးရုန်၏ ရင်ဘတ်ကို ဓားဖြင့်ထိုးလိုက်သည့် အခိုက်တွင်၊ အထွဋ်ထိပ်ကောင်းကင် နယ်မြေ၏ အမြင့်မြတ်ဆုံးဖြစ်သော တပည့်ဖြစ်သူသည် မြေကြီးတုန်လှုပ်ဖွယ် အော်ဟစ်သံကို ရုတ်တရက် ဟစ်အော်လိုက်ပြီး၊ သူမ၏ဆံပင်များက ချက်ချင်း ဖရိုဖရဲ ပေါက်ကွဲလွင့်ပျံသွားကာ၊ သူမ၏ မျက်လုံးများက ဓားဖြင့် ထိုးခံရမူနှင့် ပတ်သက်၍ ရူးသွပ်မှု, မယုံကြည်နိုင်မှုတို့နှင့်အတူ စူးရှသွားလေသည်။
ဓားသည် ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်နှင့်အမျှ ဟုန်ယွိသည် ပြိုင်ဘက်၏ အတွေးအမြင်ကို ချက်ခြင်း နားလည်သွားခဲ့သည်။ ဓားထိုးခံရသည့်အချိန်တွင် ကျောက်ဖေးရုန်၏ အတွေးများမှ တဆင့် ဟုန်ယွိသည်လည်း ဤမာနကြီးသော ကောင်းကင်သမီးတော်သည် မယုံမကြည် ဖြစ်နေမှုကို နားလည် သွားခဲ့သည်။ ယခုအချိန်မှာ သူမ၏ခန္ဓာကိုယ်က အတင်းအဓမ္မ ထိုးဖောက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားသည်ကို သူမ မယုံနိုင်သေးပါဘူး။
အမှန်စင်စစ်၊ ကောင်းကင်ဘုံ၏ ဂုဏ်ယူရသော သမီးတော်ဖြစ်သည့် ကျောက်ဖေးရုန်သည် ဟုန်ယွိကို ပုရွက်ဆိတ်တစ်ကောင်အဖြစ် အမြဲမှတ်ယူထားခဲ့ပြီး၊ သူမကိုယ်တိုင်ကတော့ တန်ခိုးကြီးမားသော ဆင်တစ်ကောင် အဖြစ် မှတ်ယူထားခဲ့သည်။
ယခုအခါ ထိုပုရွက်ဆိတ်သေးသေးလေးသည် ဆင်၏အရေခွံကို အမှန်တကယ် ကိုက်ဖြတ်သွားခဲ့ပြီ။ ယခုအချိန် ထိ ကျောက်ဖေးရုန်သည် ထိုအရာကို မယုံဝံ့သေးပေ။ သူမသည် ထိုအရာကို မယုံချင်ခဲ့ပေ။
တကယ်ဆို ဤသည်မှာလည်း အမှန်တရားပင်။ ကျောက်ဖေးရုန်သည် နက်နဲသိမ်မွေ့သော တာအိုဆရာသခင် တစ်ဦးဖြစ်ပြီး၊ ကိုယ်ခံပညာမှာလည်း အလွန်ကျွမ်းကျင်ကာ၊ သူမ၏ ကိုယ်ခံပညာနှင့် တာအိုမှော်ပညာ နှစ်ခုစလုံး လေ့ကျင့်မူတွင် အထွတ်အထိပ်သို့ ရောက်လုနီး ဖြစ်နေခဲ့ပြီ။ သူမသည် ကိုယ်ခံပညာအရာတွင် သူမ၏အရိုးများကို လေ့ကျင့်ထားခဲ့ပြီး၊ တာအိုပညာရပ် စွမ်းအားကို ထိန်းချုပ်ထားသည့် ဟုန်ယွိလို အသေးမွှား တစ်ယောက်ကိုပင် မယှဉ်နိုင်ခဲ့ပေ။ ဟုန်ယွိကို သတ်ဖြတ်ခြင်းက ပုရွက်ဆိတ်တစ်ကောင်ကို ချေမှုန်းသလို လွယ်ကူပါသည်ဟု သူမ ယူဆထားသည်။
"သေဆုံးချိန်မှာတောင်, မင်း ကျရှုံးခဲ့တာကို မယုံချင်သေးဘူးလား။ ဒီလူတွေဟာ တကယ်ကို ယုံကြည်မှု လွန်ကဲပြီး, မောက်မာမှုတွေ အပြည့်ရှိနေတာပဲ။"
ဟုန်ယွိသည် ကျောက်ဖေးရုန်၏ တုန်လှုပ်ချောက်ချားစွာ ရူးသွပ်နေသော အတွေးများကို သတိပြုမိပြီး၊ သူမ ဆန္ဒကို မနှောင့်ယှက်တော့ဘဲ၊ နတ်ဆိုးသတ် မက်မွန်နတ်ဘုရားဓားကို ပြင်းထန်စွာ ပြန်လည်မောင်းနှင်ပြီး၊ ကောင်းကင်သို့ ပျံသန်းကာ၊ လျှပ်ဆီးဖမ်းစစ်မြင်းရှေ့သို့ ဆင်းသက်လာခဲ့သည်။ ထို့နောက် သူ့စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ဆီ ပြန်ဝင်သွားခဲ့ပြီး၊ မျက်လုံးများကို ဖွင့်ကာ၊ ဓားထိုးခံရပြီးနောက် မယုံကြည်နိုင် ဖြစ်နေသည့် ကျောက်ဖေးရုန်ကို အေးစက်စွာ ကြည့်နေခဲ့သည်။
မက်မွန်နတ်ဘုရားဓား၏ ထိပ်ဖျားသည် အလွန်ထက်ရှသည်။ ထိုးဖောက်ပြီးသည်နှင့် အလွန်လျင်မြန်စွာ ဆွဲထုတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ဒဏ်ရာက သွေးထွက်ချိန်ပင် မရောက်သေးမီ ဒဏ်ရာက သက်သာသွားခဲ့ သည်။ အဝေးမှကြည့်လျှင် ကျောက်ဖေးရုန်၏ ရင်ဘတ်တွင် စိမ့်ထွက်လာသော သွေးများသာ ရှိသည်။ သူမဒဏ်ရာက မပြင်းထန်သလို ဘာမှမဖြစ်ဘူးဟု ထင်ရသော်လည်း၊ ထိုဓားချက်က သူမနှလုံးကို အမှန် တကယ် ပျက်စီးစေခဲ့ပြီး၊ သူမ၏ခန္ဓာကိုယ်က လုံးဝ သေဆုံးသွားကြောင်း ဟုန်ယွိ သိသည်။
အကယ်၍, လူတစ်ယောက်သည် နှလုံးကို ထိုးဖောက်ခံရလျှင်, သိုင်းသူတော်စင်တစ်ယောက်ပင် သေဆုံးသွား နိုင်ပါသည်။ ကျောက်ဖေးရုန်က သိုင်းသူတော်စင် မဟုတ်သေးပေ။
"ကောင်းတယ်၊ ကောင်းတယ်၊ မင်း ငါ့ကို တကယ်သတ်ခဲ့တယ်၊ မင်း ငါ့ကို တကယ် သတ်ဝံ့တယ်…။"
ကျောက်ဖေးရုန်သည် ထိုဓားချက်ဖြင့် အထိုးခံခဲ့ရသော်လည်း သူမခန္ဓာကိုယ်က ပြုတ်ကျသွားခြင်း မရှိသေးပေ။ သူမသည် သူမရှေ့မှလူကို ငရဲသို့ ခေါ်ဆောင်သွားလိုသည့်အတိုင်း ဟုန်ယွိကို မျက်လုံးများဖြင့်သာ စိုက်ကြည့် နေပါသည်။ သူမက အေးစက်စက် စကားအနည်းငယ် ပြောကာ၊ သူမသူငယ်အိမ်များကို အနားပေးလိုက်ပြီး သူမခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားစဉ်၊ သူမသည် လက်တစ်ဖက်ဖြင့် နေဘီးတံဆိပ်ကဲ့သို့ ထူးဆန်း သော လက်ဟန်တံဆိပ်တစ်ခုကို ပြုလုပ်ခဲ့ပြီး၊ အဖြူရောင် လက်ငါးချောင်းကို ဖြန့်ကာ သူမ၏ရင်ဘတ်ကို အခြားလက်ဖြင့် အုပ်ထားပါသည်။ ထို့နောက် မျက်လုံးမှိတ်ကာ လုံးဝ သေဆုံးသွားခဲ့သည်။
သူမ မျက်လုံးမှိတ်လိုက်သည့် အခိုက်တွင် သူမ၏ခန္ဓာကိုယ်မှ အေးစက်စက် လေပြင်းများက တိုက်ခတ်လာပြီး၊ လေဟာနယ် ဝဲဂယက်များ ဖြစ်ပေါ်လာသည်။
ထိုအခြေအနေကို မြင်လျှင် ဟုန်ယွိသည် ရပ်တန့်မနေဘဲ၊ သံမဏိသစ်သားမဟူရာအရိုးလေးကို ဆွဲကိုင်ကာ ချီဇီယန်၏ မြှားကျည်တောက်မှ စိတ်ဝိညာဉ်ဖြိုခွဲခြင်းမြှားကို ဆွဲထုတ်ပြီး၊ ကျောက်ဖေးရုန်ဆီသို့ မြှားတစ်စင်းကို ပစ်လိုက်သည်။
ဝှီး..။
ဝှီး..။
ဝှီး..။
မြှားသုံးစင်းက ဆက်တိုက် ပျံသန်းသွားခဲ့ပြီး၊ အမှောင်ထုလေလှိုင်း၏ အလယ်ဗဟိုကို ထိမှန်သည်။ အမှောင်ထု လေလှိုင်းထဲမှ နောက်ထပ် ကျယ်လောင်စွာ ဟစ်အော်သံကို ကြားလိုက်ရပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ လွင့်ပါးသွားသည်။ ထို့နောက် ကျောက်ဖေးရုန်၏ စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား ဖျက်ဆီးခဲ့ပြီ ဖြစ် ကြောင်း သူသိသည်။
စိုးရိမ်စိတ် ရှိနေသေးသည့် ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်က ရုတ်တရက် ထွက်ပေါ်လာသွားပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ သူ့နားထဲတွင် မရေမတွက်နိုင်သော အတွေးမျှင်တန်းများ တုန်လှုပ်သွားကာ အပြန်ပြန် အလှန်လှန် ခံစားနေသည်။ ကျောက်ဖေးရုန်၏ အစွမ်းထက်သော စိတ်ဝိညာဉ်က ပေါက်ကွဲပြီးနောက် ၎င်းတို့ အားလုံးသည် အစိပ်စိပ်မွှာမွှာ ပြိုကွဲသွားသည့် အတွေးမျှင်များသာ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် သူသည် ရှက်ချာဆာနတ်ဆိုးဘုရင်ကို ချက်ခြင်း ပုံဖော်ကာ ကောင်းကင်ယံသို့ လှည့်ပတ်စေပြီး၊ ထိုအတွေးမျှင်များကို တစ်ခုပြီးတစ်ခု ဝါးမြိုပစ်လိုက်သည်။ နောက်ဆုံးတွင် ကောင်းကင်ကြီးသည် ကြည်လင်နေပြီး၊ မည်သည့် သဲလွန်စမှ မရှိသောအခါ, သူ စိတ်သက်သာရာရသွားသည်။
ကျောက်ဖေးရုန်၏ စိတ်ဝိညာဉ်သည် အားကောင်းသော်လည်း၊ သူမသည် "နတ်ဆိုးသတ်" မက်မွန်နတ်ဘုရား ဓားထဲတွင် မင်စီလာဘုရင်၏ အမျက်ဒေါသကြောင့် ဒဏ်ရာရခဲ့ပြီး၊ သူမ၏ ခန္ဓာကိုယ်ကို မစွန့်ခွာနိုင်တော့ပေ။ အသတ်ခံရပြီးနောက် သူမ၏ စိတ်ဝိညာဉ်သည် သူမခန္ဓာကိုယ်မှ ထွက်ခွာခဲ့ရပြီး၊ မြှားသုံးစင်းဖြင့် ဆက်တိုက် ထိမှန်ခဲ့ကာ၊ သူမ၏အတွေးမျှင်များ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
သေချာသည်မှာ, ကျောက်ဖေးရုန်၏ တာအိုပညာရပ်အပေါ် ကျွမ်းကျင်မှုဖြင့်ဆိုပါက, သူမအား အချိန်ပေးလျှင်, ညဘက် နေရောင်မှိန်သွားသောအခါ, ပြန့်ကျဲနေသော အတွေးမျှင်များကို စိတ်ဝိညာဉ်ထဲသို့ ပြန်လည်စုစည်းပြီး ခေတ္တရှင်သန်နေထိုင်ရန် သူမ၏အစွမ်းထက်သော စွမ်းအားကို အသုံးပြုနိုင်သည်။ ယခုမူ ဟုန်ယွိသည် သနားညှာတာမှု ကင်းမဲ့ပြီး ရေတစ်စက်မျှ စိမ့်ထွက်ခွင့် မပြုတော့ပေ။ သူက အပြင်ထွက်ပြီး ရှက်ချာဆာ နတ်ဆိုးဘုရင်ကို မြင်ယောင်ကာ၊ ထိုဖရိုဖရဲ ပြန့်ကြဲနေသော အတွေးမျှင်တွေကို ဝါးမျိုပစ်လိုက်ပါသည်။
ယင်းကြောင့် ကျောက်ဖေးရုန်သည် လုံးဝ ပျက်စီးသွားခဲ့ပြီး၊ သူမ၏စိတ်ဝိညာဉ်သည် ပြိုကွဲ ပျက်ဆီးသွားခဲ့ပြီ။
"ညီအစ်ကိုဟုန်၊ သတိထားပါ။ ဒီနတ်ဆိုးမိန်းမ သေသွားပေမယ့် အခုနက အေးစက်တဲ့လေပြင်းတွေက သူမရဲ့ ထွက်ပြေးသွားတဲ့ ယင်စိတ်ဝိညာဉ်တွေပဲ။ မင်းက စိတ်ဝိညာဉ်ဖျက်မြှားနဲ့ ထပ်ပြီး ဖြိုခွဲလိုက်ပေမဲ့၊ သူမရဲ့ အတွေးမျှင်တော်တော်များများက ရှိနေတုန်းပဲ။ ထူးဆန်းပြီး ခန့်မှန်းလို့မရတဲ့ တာအိုမှော်ပညာရပ်နဲ့ ပေါင်းစပ် ပြီး ညဘက်မှာ ပြန်လည်ပုံဖော်ဖို့ အလားအလာ အရမ်းများတယ်။"
ချီဇီယန်က မြေပြင်ပေါ် လဲကျနေပြီး၊ ဟုန်ယွိ ထိုလုပ်ဆောင်ချက်တွေကို မြင်တော့ သူက အလျင်စလို ပြောလိုက်ပါသည်။
"ဒီကိစ္စအတွက် စိတ်မပူပါနဲ့။ သူမစိတ်ဝိညာဉ်က ပေါက်ကွဲပြီး အတွေးမျှင်တန်းတွေကို ဝါးမျိုသုတ်သင်ဖို့ ငါ နည်းလမ်းအချို့ကို အသုံးပြုခဲ့ပြီးပြီ။ သူမက နတ်ဘုရားတစ်ပါး ဖြစ်နေရင်တောင်, ပျက်သုဉ်းရလိမ့်မယ်။ ဒါ့အပြင်, သူမက ရုပ်အသွင်တစ်ခုကို ပြန်လည် သိပ်သည်းနိုင်ရင်တောင်, အလောင်းကောင်တစ်ခုကနေ အသွင် ပြောင်းလဲနိုင်တဲ့ တစ္ဆေအင်မော်တယ်အဆင့်အထိ မကျင့်ကြံနိုင်သေးပါဘူး။ သူမရဲ့ စိတ်ဝိညာဉ် ထွက်သွားတာနဲ့ ကျိန်းသေပေါက် သေပါလိမ့်မယ်။"
ဟုန်ယွိသည် အခုနက ချီဇီယန် သတိပေးလိုက်သည့် အကြောင်းအရာတွေက သူတွေးနေပုံနှင့် အတူတူပင် ဖြစ်ကြောင်းနှင့် သူကောင်းကောင်း နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပါသည်။
တိတ်တဆိတ်တ်... မြေပြင်ပေါ်တွင် ထိုင်ကာ မလှုပ်မယှက် တိတ်ဆိတ်နေသော အထွဋ်ထိပ်ကောင်းကင် နယ်မြေ၏ သူတော်စင် မိန်းမပျိုကို ကြည့်လိုက်ရင်း, ဟုန်ယွိသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပင်ပန်း နွမ်းနယ်မှု လှိုင်းလုံးကြီးက သူ့စိတ်ဝိညာဉ်၏ နက်နဲရာအရပ်မှ တိုးဝင်လာပါသည်။
ကျောက်ဖေးရုန်ကဲ့သို့ တာအိုနှင့် သိုင်းပညာရပ် နှစ်မျိုးစလုံးကို ကျွမ်းကျင်သော ပညာရှင်မျိုးကို တိုက်ခိုက်ရ ခြင်းသည် သူ့စိတ်ဝိညာဉ် စွမ်းအင်ကို လုံး၀ ကုန်ဆုံးသွားစေပါသည်။
ကျောက်ဖေးရုန်၏ တာအိုပညာရပ်နှင့် ကိုယ်ခံပညာသည် အလွန်အစွမ်းထက်လွန်းပြီး၊ ၎င်းတို့သည် အမှန်ပင် မြေကြီး ပြိုကျသွားနိုင်ပါသည်။ အကယ်၍ သူမသည် စိတ်ဝိညာဉ်ဖြိုခွဲခြင်းမြှားဖြင့် ဦးစွာ ထိမှန်မခံရပါက၊ ထို့နောက် ပေါက်ကွဲမီးလျှံအဆောင်ဓား၊ ထို့နောက် တွက်ချက်မှုမှားယွင်းကာ, မက်မွန်နတ်ဘုရားဓားထဲသို့ ဝင်လာ၍ မင်စီလာဘုရင်၏ ဒေါသအမျက်နှင့် ရင်မဆိုင်ခဲ့ရပါက, ဟုန်ယွိသည် သူမကို ဘာမှလုပ်ဆောင်နိုင်စွမ်း မရှိသလို, သူမအား တန်ပြန်တိုက်ခိုက်ရန် အရိပ်ယောင် နည်းနည်းလေးမှမရှိဘဲ သေသည်အထိ သူမကစားခြင်း ကို ခံရနိုင်ပါသည်။
ကံကောင်းထောက်မစွာ…၊ ကံကောင်းထောက်မစွာပင်…၊ ထိုအမျိုးသမီးက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်း၏။ အကယ်၍, သူမသည် အရိပ်ထဲမှာရှိနေပြီး၊ သူ့ကိုဝိုင်းရံတိုက်ခိုက်ဖို့ လူငှားကာ ချုံခိုတိုက်ခိုက်ပြီး လုပ်ကြံ သတ်ဖြတ်ခဲ့မည်ဆိုလျှင်, သူသည် ဆယ်ကြိမ်ထက်မနည်း သေပြီးဖြစ်မှာပင် စိုးရပါသည်။ ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်၏ နက်ရှိုင်းရာအရပ်မှ လှိမ့်တက်လာသော ပင်ပန်းနွမ်းနယ်မှုကို ဖိနှိပ်ထားရင်း၊ အကယ်၍, ကျောက်ဖေးရုန်သာ သူ့ကို ပုရွက်ဆိတ်တစ်ကောင်လို မဆက်ဆံခဲ့ပါက၊ မာနမကြီးဘဲ ဆိုးသွမ်းသော လုပ်ကြံ သတ်ဖြတ်မှုမျိုးဖြင့် မကစားခဲ့ပါက, သူသည် အချိန်ကြာမြင့်စွာကပင် သူသေဆုံးသွားပေလိမ့်မည်ဟု တွေးနေမိသည်။
သို့သော်, ကျောက်ဖေးရုန်သည် ကိုယ့်ကိုယ်ကို ဆင်တစ်ကောင်အဖြစ်, ဟုန်ယွိကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ရူမြင်ခဲ့သည်။ စွမ်းအားကွာခြားချက်မှာ အလွန်မင်း ကြီးမားလွန်းသောကြောင့် သူမသည် သဘာဝအတိုင်း အထင်အမြင်သေးကာ လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ရန် အချိန်မယူခဲ့ပေ။ အဆုံးတွင် သူမသည် ဟုန်ယွိ၏ မှောက်လှန်ခြင်းကို ခံခဲ့ရပြီး သူမ၏ လက်ရှိ ကြောက်စရာကောင်းသော အခြေအနေသို့ ဦးတည်သွားခဲ့ရပါသည်။
"ဒီလောက်နဲ့ အလုပ်မဖြစ်သေးဘူး။ ငါ ပိုလေ့ကျင့်ဖို့ လိုတယ်။" ဟုန်ယွိသည် ကျောက်ဖေးရုန်၏ မြေကြီး ဖြိုခွင်းနိုင်သည့် စွမ်းရည်ကို မြင်တွေ့ခဲ့ပြီးနောက် တိတ်တဆိတ် ကြောက်ရွံ့နေခဲ့သည်။ ကျောက်ဖေးရုန်သည် အထွဋ်ထိပ်ကောင်းကင်နယ်မြေမှ သူတော်စင် မိန်းမပျိုတစ်ဦးမျှသာ ဖြစ်သည်။ အကယ်၍, သူတို့၏ ထူးချွန် ထက်မြက်သော တပည့်တစ်ယောက်က ဤမျှအစွမ်းထက်နေသည်ဆိုပါလျှင်, သူတို့၏ အကြီးကဲများ ဖြစ်လျှင် မည်မျှ တန်ခိုးကြီးမည်နည်း။ သူတို့၏ ဂိုဏ်းသခင်ကရော….။”
"ထိုက်ဇူ၊ စစ်မြေပြင်ကို ရှင်းလင်းလိုက်ပါ။ ဇီယန်, မင်း အဆင်ပြေရဲ့လား" ဟုန်ယွိသည် ချီဇီယန်ကို ကြည့်ကာ စိုးရိမ်စိတ်ဖြင့် မေးသည်။
"ရပါတယ်၊ ငါ စွမ်းအားကုန်သွားလို့ပါ။ ငါ့ကိုယ်တွင်းအင်္ဂါတွေနဲ့ အရိုးတွေကတော့ ဒဏ်ရာရသွားတယ်။ ခုနစ်ရက် ရှစ်ရက်လောက် အနားယူပြီးရင် ပုံမှန်အတိုင်း ပြန်ဖြစ်မှာပါ။ ဒီအမျိုးသမီးက တကယ်ကို အစွမ်းထက် တယ်။ ဒီလောက် အစွမ်းထက်တဲ့ အမျိုးသမီးကို ငါ့တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးဘူး..." ချီဇီယန်က နတ်ဆိုးတစ်ပါးကဲ့သို့ ကျောက်ဖေးရုန် ပြေးဝင်လာပြီး ပေါင်တစ်ထောင်လောက်လေးသည့် မြင်းတစ်ကောင်ကို လှံတစ်ချောင်းဖြင့် ထိုးထားကာ လှံကို ကောက်မြှောက်လိုက်ပြီး၊ လှုပ်ရှားလိုက်ရုံဖြင့် အစိပ်စိပ်မွှာမွှာ ဖြစ်ပြီး၊ အနက်ရောင်သွေး ပြန့်ကျဲသွားသည့် မြင်ကွင်းကို သတိရသွားပြီး၊ နက်ရှိုင်းသည့် သူ့နှလုံးသားထဲမှာ အေးစက်မှု တွေက မြင့်တက်လာခဲ့ပါသည်။
"ငါတို့ ယွန်မင်မှာ ထူးချွန်ထက်မြက်တဲ့ လူငယ်သခင်လေးတွေ ထောင်နဲ့ချီပြီး ရှိပေမယ့် ဒီလို ကြီးကျယ် ခမ်းနား တဲ့ ပုဂ္ဂိုလ်တွေက ရှားရှားပါးပါးပဲ ရှိတယ်။ အဓိကဂိုဏ်းတချို့ရဲ့ ခေါင်းဆောင်တွေလောက်ပဲ ထိန်းသိမ်းထားနိုင် တယ်။ ငါတို့ယွန်မင် ကောင်းကင်နဂါးဂိုဏ်းရဲ့ ထိပ်တန်းလူငယ်ဖြစ်တဲ့ သခင်လေး ရှင်းယုရှန်တောင် ဒီလောက် ကြောက်စရာမကောင်းဘူး။ ညီအစ်ကိုဟုန်က သူမကို သတ်ပစ်နိုင်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး။ သခင်မလေးမုရုန်က မင်းကို ကာကွယ်ဖို့ တောင်းဆိုခဲ့ပေမယ့် ငါက ထပ်ပြီး တာဝန်မကျေခဲ့ပြန်ဘူး။ ညီအစ်ကို ဟုန်က ငါ့ကို ထပ်ခါထပ်ခါ ကယ်နေရတယ်။ ငါ တကယ်ကို ရှက်မိပါတယ်။ အခုတော့ ကမ္ဘာပေါ်က လူငယ်သခင်လေးတွေ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ ငါနားလည်ပါပြီ။ ဒီတစ်နှစ်ပြီးရင် ငါ ကိုယ်ခံပညာကို အထီးကျန်စွာ ပြန်လေ့ကျင့်တော့မယ်။
ချီဇီယန်၏ စကားတွေက စိတ်ပျက်သံတွေပါနေပါသည်။
"ကောင်းကင်နဂါးဂိုဏ်းရဲ့ နံပါတ်တစ် သခင်လေးလား။ မင်းရဲ့ယွန်မင်မှာ မြင့်မြတ်တဲ့ ကိုယ်ခံပညာ နယ်မြေက ဆန်းကြယ်ကောင်ကင်ဘုံခန်းမ မဟုတ်ဘူးလား။ နောက်ထပ် ကောင်းကင်နဂါးဂိုဏ်းက ဘယ်လိုလုပ် ပေါ်လာ တာလဲ။" ဟုန်ယွိက ချီဇီယန်ကို သူ့မြင်းပေါ်တက်စေပြီး မေးလိုက်ပါသည်။
"ငါတို့ယွန်မင်နယ်မြေက တော်ဝင်ချန်ထက်ပင် ကျယ်ပြောလှတယ်။ ဆန်းကြယ်ကောင်ကင်ဘုံခန်းမအပြင် သန့်စင်တဲ့ ကိုယ်ခံပညာနယ်မြေမှာ သိုင်းဂိုဏ်းတွေ အများကြီး ရှိသေးတယ်။ ဒါ့အပြင်, ငါတို့ယွန်မင်မှာက ဓားနဲ့ လှံတွေလို လက်နက်တွေကို တားမြစ်ထားတဲ့ တော်ဝင်ချန်နဲ့မတူဘဲ သိုင်းပညာကို တန်ဖိုးထားကြတယ်။ ဒါ့အပြင်, တော်ဝင်ချန်မှာ သိုင်းဂိုဏ်းတွေကို တားမြစ်ထားချိန်မှာတောင် ကမ္ဘာကြီးမှာ မရေတွက်နိုင်တဲ့ သိုင်းပညာတွေ, တာအိုဂိုဏ်းတွေ ရှိနေဆဲပဲ။ ဒီတောင်ပိုင်းပြည်နယ် ခုနစ်ခုမှာ အထွဋ်ထိပ်ကောင်းကင်နယ်မြေ ရှိပြီး၊ ယင်ကျိုးပြည်နယ်သုံးခုမှာ ယောင်ချီဂိုဏ်း၊ ချီကျိုးပြည်နယ်နှစ်ခုမှာ ရှင်ချွန်ဂိုဏ်းနှင့် ကျန် ဟွန်ကျိုး၊ ချန်ကျိုး၊ ရွှန်ကျိုး ... စတဲ့ ပြည်နယ်အသီးသီးမှာလည်း ကိုယ်ခံပညာနဲ့ တာအိုဂိုဏ်းတွေ ပုန်းလျှိုးကွယ်လျှိုး ရှိနေကြတယ်။ ကိုယ်ခံပညာကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ။”
"ကောင်းပြီ၊ စကားပြော ရပ်လိုက်ရအောင်ပါ။ ငါတို့ အသေးစိတ်ပြောဖို့ အချိန်ယူရလိမ့်မယ်။" ဟုန်ယွိသည် ရှန်ထိုက်ဇူကို စိတ်ဝိညာဉ်ဖြိုခွဲခြင်းမြှားကို ကောက်ယူပြီး၊ နတ်မြင်းဖြစ်သည့် ကျောက်စိမ်းညခြင်္သေ့မြင်းကို ဖြတ်သွားသည်ကို မြင်ပြီးနောက်၊ ထိုနေရာမှာပင် စောင့်ဆိုင်းနေခဲ့သည်။
ခဏအကြာတွင် တပ်ရင်းမှူးနှင့် ကျွမ်းကျင်ပညာရှင် အများအပြားသည် ဝူယွမ်ခရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်ချင်းချန်ကို စောင့်ကြပ်ရင်းဖြင့် ရောက်လာကြသည်။
ဟောင်ချင်းချန်သည် ဟုန်ယွိနှင့် သူ့အဖွဲ့ကို အဝေးမှ ကြည့်လိုက်ပြီးနောက် အသက်ရှူမရူဘဲ မြေပြင်ပေါ်တွင် ထိုင်နေသော ကျောက်ဖေးရုန်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အံ့သြမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။ သူက မြင်းပေါ်က ခုန်ဆင်းပြီး ကျော်တက်သွား၏။
"သခင်ဟောင်၊ နတ်ဆိုးမက အသတ်ခံလိုက်ရပြီ။ ဒါပေမယ့်, အလှတရားက ဆိုးယုတ်တဲ့ ဝိညာဉ်တစ္ဆေ တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲပြီ။ ဒါက ဆိုးဝါးတဲ့ အတိတ်နမိတ်ပဲ သခင်ဟောင်..." ဟုန်ယွိက ဟောင်ချင်းချန်ကို ပြောလိုက်သည်။
"ညီငယ်၊ ဒီထက်ပိုပြီး ပြောနေစရာ မလိုပါဘူး။ မင်း ဘာကိုဆိုလိုလဲဆိုတာ ငါသိပါတယ်။ အခုလောလောဆယ် တော့ ဒီနတ်ဆိုးမရဲ့ အလောင်းကို အများပြည်သူကို ပြသဖို့အတွက် မြို့ရိုးပေါ်မှာ ချိတ်ဆွဲထားမှာ မဟုတ်ပါ ဘူး။" ဟောင်ချင်းချန်က တိမ်ဖြူစံအိမ်ကို ချေမှုန်းပစ်ခြင်းဖြင့် သူ့ပန်းတိုင်ကို အောင်မြင်ပြီးသောအခါ, ဝူချန် ခရိုင် အုပ်စိုးသူတစ်ဦး၏ ဩဇာအာဏာ ပျောက်ဆုံးသွားခဲ့ပြီး "တပ်မှူးတို့၊ နတ်ဆိုးမရဲ့ အလောင်းကို အဝတ်ဖြူ နဲ့ လွှမ်းခြုံထားလိုက်ပါ။"
"တိမ်ဖြူကျေးရွာကို ရှင်းလင်းပြီးသွားပြီ။ ငါ တပ်တွေကို ပြန်ဖွဲ့စည်းပြီး၊ စစ်သည်တွေကို ခံစားခွင့် လျော်ကြေး ပေးပြီး၊ အနီးနားက လယ်သမားတွေကို နှစ်သိမ့်ပေးနိုင်ဖို့ ကယ်ဆယ်ရေး လုပ်ရဦးမယ်။ ချစ်ခင်လေးစားရတဲ့ ငါ့ညီတော်, မင်းက ပင်ပန်းနေပြီ။ ဒါကြောင့် ပြန်ပြီး အနားယူလိုက်ပါ။ မနက်ဖြန် မင်းနဲ့ငါ စကားကောင်းကောင်း ပြောရအောင်။ ပြီးရင် ဆက်သွယ်ရေးစခန်းမှာ နှစ်ရက်လောက် အနားယူဦး…"
ဟောင်ချင်းချန်နှင့် ဟုန်ယွိတို့ စကားပြောနေကြသည်။ ဟုန်ယွိက ခေါင်းညိတ်ပြီး ရှန်ထိုက်ဇူကို "ထိုက်ဇူ၊ ကျောက်စိမ်းညခြင်္သေ့မြင်းကို သခင်ဟောင်အား ပေးလိုက်ပါ။ ဒီမြင်းက ဓားပြတွေ အသုံးပြတဲ့အရာဖြစ်ပြီး၊ စာရင်းထဲ မှတ်တမ်းတင်ထားဖို့ လိုအပ်တယ်။"
"ဟုတ်ကဲ့ပါ။" ရှန်ထိုက်ဇူက မကျေမနပ်အသံဖြင့် တပ်မှူးတစ်ဦးထံ ဇက်ကြိုးကို ပေးလိုက်သည်။
"သခင်ဟောင်၊ ကျွန်တော် ဆက်သွယ်ရေးစခန်းမှာ အနားယူလိုက်ပါဦးမယ်" ဟုန်ယွိက ထိုသို့ပြောပြီးနောက် မုကလေး၏ အမှောင်သွေးမြင်းပေါ်ကို ခုန်ဆင်းပြီး မုကလေးနှင့်အတူ မြင်းစီးကာ၊ လေးကိုင်စစ်သည်တွေ၏ အစောင့်အကြပ်အောက်မှာ ထွက်ခွာသွားခဲ့ပါသည်။
"ဒီကောင်လေးက အဖိုးတန်မြင်းတစ်ကောင်ရဲ့ သွေးဆောင်မှုကို မခံရဘူး။ အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်။" ဟောင်ချင်းချန်သည် သူ့နောက်မှ လူယုံတော်နှင့် အကြည့်ချင်း ဖလှယ်ကာ လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်သည်။
ကျောက်စိမ်းညခြင်္သေ့မြင်းသည် နတ်မြင်းများကြားမှာပင် နတ်မြင်းဖြစ်သည်ကို သိထားရပါမည်။ အကယ်၍, မင်းသားတစ်ပါး လိုချင်လျှင်ပင် အနည်းငယ် ခက်ပါသည်။ ဤမြင်းသည် ငွေဒင်္ဂါးတသောင်းတန်သော မြင်းတစ်ကောင်ဖြစ်ပြီး၊ ဝယ်ချင်လျှင်ပင် ၎င်းအတွက် စျေးကွက်မရှိသောကြောင့် ဝယ်ဖို့လည်း မဖြစ်နိုင်ပေ။
…………………………………………………………………………………….……………………………
"အစ်ကိုယွိ၊ အဲဒီမြင်းကြီးက အရမ်းခမ်းနားတယ်။ မုကလေး လိုချင်တယ်။" ဟုန်ယွိရှေ့မှာ စီးနင်းနေသည့် မုကလေးက ရုတ်တရက် ပြောလိုက်သည်။
"ဒီမြင်းက မြင်းကောင်းပါ။ ဒါပေမယ့် စစ်မြေပြင်မှာ အသုံးမဝင်ဘူး။ အဖြူရောင်က နေရောင်အောက်မှာ ငွေရောင်လို တောက်ပနေပြီး အလွန် သိသာထင်ရှားလွန်းတယ်။ ဒါက စစ်မြေပြင်မှာဆို ပစ်မှတ်ဖြစ်လာပြီး ဓားလှံအောက်မှာ သေချာပေါက် သေရလိမ့်မယ်။ သမိုင်းတလျှောက် မြင်းဖြူစီးတဲ့ နာမည်ကြီး စစ်ဗိုလ်ချုပ်ကြီး တွေအားလုံး ဆိုးရွားတဲ့ အဆုံးသတ်တွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဒါကိုလည်း သမိုင်းစာအုပ်တွေထဲမှာ အဖြစ်ပျက်တွေကို အဆုံးမသတ်နိုင်အောင် မှတ်တမ်းတင်ထားတယ်။" ဟုန်ယွိက ပြုံးပြီး "သွားကြရအောင်။ ဒီနေ့တော့ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ။ ပင်ပန်းနေပြီ၊ ကောင်းကောင်း အနားယူပြီး သခင်ဟောင်ရဲ့ သတင်းကောင်းကို စောင့်ကြကြစို့။"
…………………………………………………………………………………………………………………
ထိုအချိန်တွင်၊ ဟုန်ယွိသည် ပြည်နယ်မြို့တော် ဝူယွန်မြို့ရှိ ဆက်သွယ်ရေးစခန်းသို့ ပြန်လာခဲ့ပြီး၊ သူသည် အခြေချ အနာယူနေခဲ့သည်။ နှစ်ရက်ကြာ အနားယူပြီးနောက် ပြန်လည်ကျန်းမာလာကာ စာဖတ်ခြင်း၊ ကိုယ်ခံပညာ လေ့ကျင့်ခြင်း၊ တာအိုပညာရပ်များကို လေ့လာခြင်း၊ "နတ်ဆိုးသတ်ဖြတ်" မက်မွန်နတ်ဘုရား ဓားကို ကိုးကွယ်ဆည်းကပ်ခြင်းနှင့် ပြုပြင်ခြင်းတို့ကို ပြုလုပ်နေခဲ့သည်။
ကျောက်ဖေးရုန်ကို သတ်ပစ်နိုင်ခဲ့သည့်အကြောင်းရင်းမှာ "နတ်ဆိုးသတ်" ဓား၏ ကြီးမားသော စွမ်းအားကြောင့် ဖြစ်မှန်း ဟုန်ယွိ သိပါသည်။ သို့သော် ကျောက်ဖေးရုန် ဓားအထဲသို့ ဝင်ရောက်လာသောအခါ, ဓားသည် ကြယ်စင်စုဝဲဂယက်ဖြင့် ပိတ်လှောင်ခံရပြီး ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။
အကယ်၍, သူသည် ကျောက်ဖေးရုန်ထက် ပိုအစွမ်းထက်သည့်လူနှင့် တွေ့ကြုံခဲ့ရလျှင်, သူ ဘာဖြစ်သွားမည် နည်း။ ဥပမာ တစ္ဆေအင်မော်တယ်တစ်ပါးဆိုရင်ရော….။ ထို့နောက် သူသည် မည်မျှပင် အစွမ်းထက်စေကာမူ ဤနတ်ဘုရားဓားကို သူ ကာကွယ်နိုင်မည် မဟုတ်ပေ။ ဓားကို သိမ်းပိုက်သွားကြလိမ့်မည်။ သူသည် သူ၏ ကိုးကွယ်မှုဖြင့် ဓားကို သန့်စင်ရန်လိုအပ်မည်။ ထိုမှသာ, ဓားထဲရှိဝိညာဉ်သည် သူ၏အတွေးများနှင့် ပိုမို ရင်းနီး လာပြီး လိုက်လျောညီထွေဖြစ်လာမည် ဖြစ်ကာ၊ ပိုပြီးလုံးခြုံမူပေးနိုင်သည့် အပိုအလွှာတစ်ခုအနေဖြင့် ဖြစ်လာပါလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်း နောက်နေ့ညနေတွင် အုပ်ချုပ်ရေးမှူးစံအိမ်ကြီး၏ အိမ်တော်ထိန်းက ဖိတ်စာ တစ်စောင် ယူဆောင်လာပြီး၊ စံအိမ်တွင် ဧည့်ခံပွဲ တက်ခိုင်းပါသည်။
ထို့ကြောင့်, ဟုန်ယွိက မုကလေးကို သူနှင့်အတူ ခေါ်သွားပြီး၊ ဆလွန်းထိုင်ခုံပေါ်တွင် တက်ထိုင်ကာ၊ ဝူယွန်ခရိုင်, အုပ်ချုပ်ရေးမှူး ရုံးခန်း၏ နောက်ကွယ်မှ သီးသန့်စံအိမ်သို့ သွားခဲ့သည်။။
ညစာစားပွဲက ဟင်းပွဲအနည်းငယ်သာရှိပြီး၊ သန့်ရှင်းသပ်ရပ်ကာ ရိုးရှင်းသည်။ ဟောင်ချင်းချန်၏ ကိုယ်ပိုင် စံအိမ်သည် အလွန်ရိုးရှင်းပြီး ကြီးမားကျယ်ဝန်းကာ၊ တန်ဆာဆင်ထားခြင်း သို့မဟုတ် အလွန် ကြီးကျယ် ခမ်းနားခြင်းမျိုးလည်း မရှိပေ။ ထိုညစာစားပွဲ၌ အခြားလူများမရှိဘဲ ဟောင်ချင်းချန်နှင့် သူ၏ယုံကြည်ရသော လက်ထောက်နှစ်ဦးသာ ရှိသည်။
ဟုန်ယွိနှင့် မုကလေးတို့ကို နှုတ်ဆက်ကာ ထိုင်ခိုင်းပြီးနောက်၊ ဟောင်ချင်းချန်က ခေါင်းညိတ်ပြလိုက်ရာ, သူ့ဘေးနားရှိ ဝန်ထမ်းများက ချက်ချင်းဆိုသလို စာအုပ်အထူကြီးတစ်အုပ်ကို ထုတ်ယူလာပြီး၊ ဟုန်ယွိအား ပြန်လည် သုံးသပ်ရန် ပေးလိုက်သည်။
ဟုန်ယွိသည် စာအုပ်ထူကြီးကို ယူပြီး၊ လှန်ကြည့်လိုက်ရာ အဖိုးတန်ပစ္စည်းများစာရင်း ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ စာရင်းထဲတွင်, ခရမ်းရောင်ရွှေ ဆောင်းဖရဲသီးသုံးလုံး၊ တစ်ခုစီတွင် အလေးချိန် ၃၈၈ ကီလိုဂရမ် ရှိပါသည်။ ရွှေဆောင်းဖရဲသီး ဆယ်လုံး၊ တစ်ခုစီတွင် အလေးချိန် ၃၈၈ ကီလိုဂရမ် ရှိသည်။ ငွေဆောင်းဖရဲသီး အလုံးတစ်ရာ၊ တစ်ခုစီတွင် အလေးချိန် ၂၈၈ ကီလိုဂရမ် ရှိ၏။ ရွှေရှစ်ဆယ်နှင့် ကျောက်စိမ်းဖြင့် မြှုပ်ထားသော ရူရီ (တရုတ်ရိုးရာလှံတံ) တစ်ချောင်း၊ အစိမ်းရောင်မြလက်စွပ် ခုနစ်ဆယ့် ရှစ်ကွင်း၊ ကျောက်မျက်ရတနာမျိုးစုံ တစ်ရာ့သုံးဆယ်၊ ပုလဲ ဆယ့်ရှစ်လုံး.. စသည်တို့ ဖြစ်ပါသည်။ (သူဌေး သူကြွယ်များ ရွှေငွေသိမ်းဆည်းပုံ ရှေ့မှာ ပါခဲ့ပြီးပါပြီ။)
ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာများဖြင့် ပြည့်ကျပ်နေပါသည်။
ဒုတိယစာမျက်နှာကို လှည့်ကြည့်လိုက်တော့ စားနပ်ရိက္ခာ၊ နွား၊ မြင်းနှင့် လယ်ယာထွက်ကုန် မျိုးစုံရှိ၏။
တတိယစာမျက်နှာကို လှည့်ကြည့်လိုက်တော့ ဓားတွေ၊ လှံတွေ၊ သံချပ်ကာတွေနှင့် လက်နက်မျိုးစုံကို ထပ်တွေ့ရပြန်သည်။
"ဒါတွေအားလုံးကို တိမ်ဖြူစံအိမ်ကနေ ကူးယူထားတာလား။" ဟုန်ယွိက ဖတ်ပြီးသည်နှင့် စာအုပ်ကို ပိတ်လိုက်ပါသည်။
"မှန်တယ်၊ တိမ်ဖြူစံအိမ်က သေးငယ်တဲ့ နေရာလေးတစ်ခုပါ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ တည်ထောင်ခဲ့ တာ။ ဒါပေမယ့် ကြွယ်ဝမှုတော့ အများကြီး ရှိနေတယ်။ သူတို့က လုယက်မှုတွေ ကျူးလွန်ပြီး၊ အချင်းချင်း ခွဲဝေကာ၊ ရတနာတွေ စုဆောင်းပြီး၊ အလယ်ပိုင်း ဗဟိုပြည်နယ်ရဲ့ ပြည်နယ်ဆယ့်သုံးခုမှာ မြေအောက်ကမ္ဘာနဲ့ အစိမ်းရောင်တောအုပ်တို့မှာ စုဆောင်းထားခဲ့တယ်။ စုစုပေါင်း ပိုင်ဆိုင်မှုက ခန့်မှန်းခြေအားဖြင့် နှစ်စဉ် ၀င်ငွေ ၇၀၀၀၀၀ ထက်မနည်း ရှိတယ်။ ငါ့ဝူယွန်ခရိုင်မြို့နယ်ရဲ့ အခွန်ဝင်ငွေကတောင် ခန့်မှန်းချေ ၃၀၀၀၀၀ လောက် ပဲ ရှိလိမ့်မယ်" ဟောင်ချင်းချန်က ခေါင်းယမ်းလိုက်သည်။
"အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ သခင်ဟောင်" ဟုန်ယွိက မေးသည်။
"ဘဏ္ဍာတော် တစ်စိတ်တစ်ပိုင်းကို မြို့တော်ဆီ ယူဆောင်ပြီး၊ မင်းသားရဲ့ စံအိမ်ကို အရောက်ပို့ပေးလိုက်မယ်။ တချိန်တည်းမှာပဲ, ငါ နန်းတွင်းတရားရုံးအတွက် သက်သေခံ မှတ်တမ်းတစ်ခုကိုလည်း ရေးတင်ရမယ်။ မင်းသားက နိုင်ငံတော်ဘဏ္ဍာနဲ့ အခွန်ဝန်ကြီးဌာနကို တာဝန်ယူထားတာဆိုတော့, ဒါက သူ့ရဲ့တရားဝင် တာဝန် ပဲ။ လက်ကျန်ငွေကြေးနဲ့ ရိတ်သိမ်းမူတွေအတွက်တော့ ပြည်နယ်ငွေကြေးကဏ္ဍမှာ အသုံးပြုရမယ်။ ငါ ဒီနေ့ မင်းကို ဖိတ်လိုက်ရတာက, ပထမဆုံးအနေနဲ့ ငါတို့ရဲ့အောင်ပွဲ ကျင်းပချင်လို့ပဲ။ ဒုတိယအနေနဲ့၊ မင်းက တိမ်ဖြူစံအိမ်ကို ဖျက်ဆီးပြီး နတ်ဆိုးမကို သတ်ဖြတ်ရာမှာ အကြီးကျယ်ဆုံး ပံ့ပိုးကူညီခဲ့သူဖြစ်ပြီး၊ တောင်ပိုင်းဒေသမှာ မင်း စစ်တပ်ထဲဝင်ပြီး၊ အရာရှိဖြစ်လာရင် အထောက်ပံ့ဖြစ်စေမယ့်အရာတွေ ငါ့မှာ ပေးစရာ ရှိလို့ပဲ။”
ထိုစကားကို ပြောပြီးနောက် ဟောင်ချင်းချန်က လက်ခုပ်တီးပြီး ပြောလိုက်သည် "အားလုံး ယူလာခဲ့ပါ..။”
ဟုန်ယွိ လှည့်ကြည့်လိုက်တော့ အထမ်းသမား ရှစ်ဦးသည် ကြီးမားလေးလံသော သေတ္တာလေးလုံးကို သူ့ဆီသို့ သယ်ဆောင်လာသည်ကို တွေ့လိုက်ရ၏။ ၎င်းတို့ကို မြေကြီးပေါ်တွင် ညင်သာစွာ ချထားသော်လည်း လေးလံသော အလေးချိန်ကို ပြသကာ လှုပ်ခါနေဆဲ ဖြစ်သည်။
ကလစ်တစ်ချက် နှိပ်လိုက်ရုံဖြင့် သေတ္တာတွေကို ဖွင့်လိုက်သည်။ သော့ခလောက်များကို ဖယ်ရှားလိုက်ပြီး၊ တစ်ခုပြီးတစ်ခု ဖွင့်ပြသည်။
ပထမသေတ္တာကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ဟုန်ယွိသည် ပြင်းထန်သော ဆေးအနံ့ကို ရလိုက်ပါသည်။ ထိုသေတ္တာအတွင်း၌ ဖယောင်းဖြင့် ချိတ်ပိတ်ထားသည့် ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အဖြူရောင် ကြွေအိုးများကို တွေ့ရပါသည်။
ကျားအရိုးကျောက်စိမ်းဂျယ်၊ ဗာဂျရာအနှစ်ဂျယ်၊ ဝက်ဝံသည်းခြေ ခွန်အားတိုးဝိုင်၊ ကျားသစ်သန္ဓေသား အရွတ်ကြီးထွား ဆေးပြား၊ မြွေသည်းခြေမျက်စိအားကောင်းဆေးရည် နှင်းဂျင်ဆင်းအာဟာရဖြည့်တင်းဂျယ်... စသည်ဖြင့် ဆေးအိုး ဒါဇင်ပေါင်းများစွာ ရှိနေပါသည်။
ဟုန်ယွိသည် ဤအရာများကို ကြည့်ပြီး၊ ဂန္တဝင်သိုင်းစာအုပ်တွင် မှတ်တမ်းတင်ထားများကို ပြန်အမှတ်ရမိသည်။
ဤဆေးများသည် ယခင်က ဒိုင်ဇင်ဘုရားကျောင်းမှ သိုင်းဘုန်းတော်ကြီးများ အသုံးပြုခဲ့သော လျှို့ဝှက် ဆေးများ ဖြစ်ကြပါသည်။
အပိုင်း (၁၁၁)။
"ဒါက……"
ဟုန်ယွိသည် လျှို့ဝှက်ဆေးသေတ္တာကို ကြည့်ကာ တိတ်တဆိတ် တုန်လှုပ်သွားသည်။ ထိုအမည်များကို မြင်သောအခါတွင် အဆိုပါ မွှေးရနံ့များ၊ ဆေးများနှင့် ဆေးရည်များသည် စျေးကွက်တွင် သာမန်ဆေးဖက်ဝင် ပစ္စည်းများ, ဆေးစာညွှန်းများဖြင့် ပေါင်းစပ်ခြင်းဖြင့် ပြုလုပ်ထားခြင်းမဟုတ်ကြောင်း သိရှိသွားပါသည်။
ဥပမာအားဖြင့်၊ "ကျားသစ်သန္ဓေသားအရွတ်ကြီးထွားဆေးပြား" သည် နှင်းထူထပ်သော တောင်များပေါ်တွင် ကြမ်းကြုတ်သော ကိုယ်ဝန်ဆောင် နှင်းပွင့်ကျားသစ်မ၏ အချင်းကို လိုအပ်သည်။ ၎င်းကို အသက်ရှင်လျက် ခန္ဓာကိုယ်မှ ဖယ်ထုတ်ရမည်။ ထို့နောက် အဖိုးတန် ဆေးဖက်ဝင် ပစ္စည်းအမျိုးမျိုးကို ထည့်ပေးရသည်။ ၎င်းတို့ကို ပျစ်ရွှဲလာစေလာရန် လပေါင်းများစွာ ပြုတ်ပြီးနောက် ဆေးပြားအဖြစ် လှိမ့်ပေးရသည်။ အခြောက်ခံပြီးပါက ဆေးဖက်ဝင်ဂုဏ်သတ္တိများ တဖြေးဖြေး အခြေချပြီး ခိုင်မာလာစေရန် ဆယ်နှစ်ကြာ သိမ်းဆည်းထားရသည်။ သို့မှသာ အောင်မြင်သော ဆေးညွှန်းတစ်ခုဟု ယူဆနိုင်ပါသည်။
ထို “ကျားသစ်သန္ဓေသားအရွတ်ကြီးထွားဆေးပြား" ကို အသုံးပြုရာတွင် ၎င်းကို ရေဖြင့်ပြုတ်ပြီး ခန္ဓာကိုယ်အနှံ့ အရွတ်များနှင့် အဆစ်များပေါ်တွင် လိမ်းပေးနိုင်ပါသည်။ ရက်အနည်းငယ်အတွင်း အရွတ်များနှင့် အဆက်များ သန်မာလာကာ၊ အားနည်းခြင်းကို လုံးဝ ပျောက်ကင်းစေပါသည်။ ၎င်းသည် အဆိပ်အတောက်မရှိသည့်အပြင် ကိုယ်ခံပညာရှင်တို့ အိပ်မက်မက်ရသည့် မှော်ဆေးဝါး, အင်မော်တယ်ဆေးဝါး တစ်မျိုး ဖြစ်ပါသည်။
ကျန်သည့် "ဗာဂျရာအနှစ်ဂျယ်" က ပို၍ပင် မှော်ဆန်ပါသည်။ ၎င်းသည် ထောပတ်တစ်မျိုး ဖြစ်သည်။ သိုင်းပညာ လေ့ကျင့်သည့်အခါ ထိုဂျယ်ကို ခန္ဓာကိုယ်အနှံ့ လိမ်းပေးနိုင်သည်။ ထောပတ်၏ ဆေးစွမ်းသည် အရေပြား အမြှေးပါးကို စိမ့်ဝင်စေပြီး ပျော့ပျောင်း၊ မာကျောပြီး သန်မာစေသည်။
ဒိုင်ဇင်ဘုရားကျောင်းတွင် ဘုန်းတော်ကြီးများစွာတို့၏ အရေပြားများသည် သူတို့ ခွန်အား စိုက်ထုတ်ကြသော အခါ, အရေပြားများသည် သံမဏိကဲ့သို့ မာကျောသွားသော်လည်း၊ အင်အားကုန်သွားသောအခါ ချည်ကဲ့သို့ ပျော့ပျောင်းသွားကြပါသည်။ ယင်းက ဤမှော်ဆေးပညာ၏ အကူအညီကြောင့် ဖြစ်ပါသည်။
အဓိက ပါဝင်ပစ္စည်းအဖြစ် ကျားရိုးတွင်းခြင်ဆီဖြင့် ပြုလုပ်ထားသည့် "ကျားအရိုးကျောက်စိမ်းဂျယ်" လည်း ရှိပါသေးသည်။ ၎င်းကို လိမ့်ကြံပြီးနောက် ခန္ဓာကိုယ်ရှိ အရိုးများအားလုံးကို ခိုင်မာစေပြီး သံမဏိကဲ့သို့ မာကျောစေသည်။
ဟာကူဇိယွဲ့ ကိုယ်ခံပညာ လေ့ကျင့်တုန်းက သူ့အရိုးတွေ မာကျောပြီး၊ လူ့ခန္ဓာကိုယ်၏ ကန့်သတ်ချက်တွေကို ချိုးဖျက်ဖို့ ထိုကျားအရိုးကျောက်စိမ်းဂျယ်ကို အားကိုးခဲ့ရသည်ကို ဟုန်ယွိ သိထားပါသည်။
"နှင်းဂျင်ဆင်းအာဟာရဖြည့်တင်းဂျယ်" သည် ကိုယ်တွင်းအင်္ဂါများကို အာဟာရဖြည့်တင်းပေးသည့် မှော်ဆန် သော ဆေးတစ်မျိုးဖြစ်ပြီး၊ အင်းဆက်ပိုးမွှားများကို သတ်ပစ်ကာ၊ ရောဂါများကို ကုသပေးနိုင်ပြီး၊ အတွင်း အင်္ဂါများကို သန်မာစေကာ၊ အတွင်းအင်္ဂါများကို သန့်ရှင်းစင်ကြယ်စေပြီး ခိုင်မာစေပါသည်။ ၎င်းသည် ကိုယ်တွင်း အင်္ဂါများကို လေ့ကျင့်သောသူများအတွက် အလွန်အကျိုးရှိပါသည်။
ဝက်ဝံသည်းခြေ ခွန်အားတိုးဝိုင်သည်လည်း အဆီပိုများကို ဖယ်ရှားပေးပြီး ကြွက်သားများကို သန်မာစေသော မှော်ဆန်ဆန် ဆေးဖက်ဝင်ဝိုင် ဖြစ်သည်။ ကြွက်သားလေ့ကျင့်မှုအဆင့်သို့ ရောက်ရှိနေသော သိုင်းပညာရှင် တစ်ဦးသည် ဤဝက်ဝံသည်းခြေ ခွန်အားတိုးဝိုင်ကို သောက်သုံးပါက၊ သူ၏အသားသည် ထူးထူးခြားခြား သဟဇာတဖြစ်လာမည် ဖြစ်ပြီး၊ မာကြောပြီး အားကောင်းလာမည် ဖြစ်သည်။ သူသည် သိုင်းတပည့်အဆင့်နှင့် သိုင်းစစ်သည်တော်များကိုပင် အနိုင်ယူနိုင်သည်။
အတိုချုပ်အားဖြင့်၊ ဤကြွေအိုးဖြူများအတွင်းမှ ဆေးဖက်ဝင်ပစ္စည်းများသည် နှစ်ပေါင်းတစ်ရာအတွင်း မြင်ရခဲသည့် ရှားပါးသော မှော်ဆန်ဆန် ဆေးဝါးများ ဖြစ်ပါသည်။
"ဒါတွေကို တိမ်ဖြူစံအိမ်က လျူဘိုင်ယွန်ရဲ့ သိုင်းပညာလေ့ကျင့်တဲ့ လျှို့ဝှက်ခန်းထဲမှာ ရှာတွေ့ခဲ့တာ။ စုစုပေါင်း သေတ္တာသုံးလုံး ရှိတယ်။ ဒါတွေက သူနဲ့အတူ အထွဋ်ထိပ်ကောင်းကင်နယ်မြေက ယူလာတဲ့ မှော်ဆေးဝါးတွေ ဖြစ်ရမယ်။ သူတို့က လျူဘိုင်ယွန်ကို အလယ်ပိုင်းပြည်နယ်မှာ သေမင်းတမန်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေကို လေ့ကျင့်ပေးဖို့ ခွင့်ပြုပေးခဲ့တယ်။ သူ့ကိုယ်ပိုင် အင်အားကို တိုးမြှင့်ဖို့အတွက်, သူက ဉပဒေနဲ့ဆန့်ကျင်တဲ့ ကိစ္စတွေကို လျှို့ဝှက်ကြံစည်ခဲ့တယ်။ ဒီဆေးဝါးတွေနဲ့ဆို, နောက်ထပ် နှစ်နှစ်အတွင်းမှာ, သူက ထိပ်တန်း ကျွမ်းကျင်သူအချို့ကို သေချာပေါက် လေ့ကျင့်ပေးနိုင်လိမ့်မယ်။ လျူဘိုင်ယွန်က လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ, သူ့အပေါ် သစ္စာရှိတဲ့လူတွေကို ရွေးချယ်နေတာလို့ ငါ ခန့်မှန်းထားတယ်။ တကယ်လို့, ငါတို့သာ သူ့ကို မရှင်းလင်းထားဘူးဆိုရင်, သူက နောင်နှစ်နှစ်အတွင်းမှာ ထည့်သွင်းစဉ်းစားရတော့မယ့် အင်အားစုတစ်ခု ဖြစ်လာလိမ့်မယ်။” ဟောင်ချင်းချန်က အေးစက်စွာ ပြောသည် "သူတို့ ဒိုင်ဇင်ဘုရားကျောင်းကို သုတ်သင်ချိန် တုန်းက, ဒိုင်ဇင်ဘုရားကျောင်းမှာရှိတဲ့ ဆေးဘုရင်ဗုဒ္ဓခန်းမပေါင်း တစ်ရာကျော်လောက်ကို အထွဋ်ထိပ် ကောင်းကင်နယ်မြေက လုယက်သွားခဲ့တယ်။"
"ဆေးဘုရင်ဗုဒ္ဓခန်းမပေါင်း တစ်ရာကျော်လား…."
ထိုစကားကိုကြားပြီးနောက် ဟုန်ယွိ၏နှလုံးသည် တုန်လှုပ်သွားပြန်သည်။ ထိုအချိန်တုန်းက ဒိုင်ဇင် ဘုရားကျောင်း၏ ဆေးပညာရပ်သည်လည်း ကမ္ဘာတစ်ဝှမ်း ထင်ရှားကျော်ကြားခဲ့သည်။ ဆေးဘုရင် ဗုဒ္ဓခန်းမ များစွာမှ ဆေးပါရဂူ ဘုန်းတော်ကြီးများသည် "သေလွန်သူကိုပင် အသက်ပြန်ရှင်စေခြင်း၊ အသားမှ အရိုးအဖြစ် သို့ ပြောင်းလဲခြင်း" စသော စွမ်းဆောင်ချက်များကြောင့် လူသိများသည်။ အချို့ဘုန်းတော်ကြီးများသည် တာအိုဝါဒီ ဘုန်းတော်ကြီးများထံမှ ခဲ၊ ပြဒါး၊ ယမ်းမှုန့် စသည်တို့ကို မီးရှို့ရန်နည်းလမ်းကိုပင် သင်ယူခဲ့ကြပြီး၊ ကမ္ဘာပေါ်ရှိ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် နည်းစနစ်အားလုံးကို စုစည်းထားနိုင်သည်ဟု ဆိုနိုင်သည်။
လုယူခံရပြီးနောက် မှော်ဆေးဝါးများ မည်မျှ ကျန်ရစ်တော့မည်နည်း။
"ဒီဆေးသေတ္တာသုံးခုက ငါ့အတွက် တစ်လုံး၊ ငါ့ညီအတွက် တစ်လုံး၊ မင်းသားအတွက် တစ်လုံးပဲ" ဟောင်ချင်းချန်က ပြောပြီး၊ တခြားသေတ္တာသုံးလုံးကို ဖွင့်ခိုင်းပြန်သည်။ "ဒါ့အပြင်, ငါ့မှာ ညီငယ်အတွက် လက်ဆောင် သေတ္တာသုံးခု ရှိသေးတယ်။ ဒါပေမယ့် အဲဒါတွေက တခြားပစ္စည်းတွေပဲ။ ကျေးဇူးပြုပြီး ကြည့်စမ်း ပါဦး။"
ဘန်း…။ ဒုတိယသေတ္တာကို ဖွင့်လိုက်သောအခါတွင်, အထဲမှာ ငွေမီးခိုးရောင် အပျော့စား ချပ်ဝတ်တန်ဆာများ ပါရှိနေကြောင်း ဟုန်ယွိ တွေ့ရှိခဲ့သည်။ ၎င်းတို့သည် ပိုးသားကဲ့သို့ ပျော့ပျောင်းပြီး ပါးလွှာသည်။ သူတို့ပုံစံက ချပ်ဝတ်ဖြစ်သော်လည်း ချပ်ဝတ်ပုံစံမပေါက်ဘဲ အဝတ်ထည်များကဲ့သို့ပင်။
"ဒါက အရှေ့ပင်လယ်ရှိ တိမ်တိုက်ကျွန်းနိုင်ငံမှ အရင်းမြစ်ဖြစ်သည့် ထိပ်တန်း ငွေရောင်ငါးမန်းချပ်ဝတ်တွေပဲ။ စုစုပေါင်း ငါးခု ရှိတယ်။ ညီငယ်ရဲ့ အဖြူရောင်နွားသိုးချပ်ဝတ်က ပေါ့ပါးတဲ့လေးတွေ, ဒူလေးတွေ ထိုးဖောက် ဝင်ရောက်မှာကို ထူးထူးခြားခြား အကာအကွယ်ပေးနိုင်ပေမယ့်လည်း ငွေရောင်ငါးမန်းချပ်ဝတ်ထက်စာရင်, နိမ့်ကျသေးတယ်။ ညီငယ်ရဲ့အဆင့်တန်းနဲ့ အဲဒီချပ်ဝတ်ကိုဝတ်ပြီး တာဝန်ထမ်းဆောင်ဖို့က လွန်စွာ မသင့်လျော် ဘူး။ ဘာပဲဖြစ်ဖြစ်, မင်းက လူတွေရဲ့စိတ်နှလုံးကို အနိုင်ယူဖို့ စစ်တပ်မှာ အရာရှိတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ရမယ့်လူပဲ။ ဒါကြောင့် အဖြူရောင်နွားသိုးချပ်ဝတ်က စစ်သည်တွေအတွက် ဆုလာဘ်တစ်ခုလို့ပဲ မှတ်ယူသင့်တယ်။"
"ငွေရောင်ငါးမန်းချပ်ဝတ်လား…။"
ဟုန်ယွိက ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်ပြီး "ဒါက ထူးထူးခြားခြားပဲ"
ငါးမန်းအရေခွံသည် မယုံနိုင်လောက်အောင် မာကြောပြီး၊ အဆင့်မြင့် ရတနာဓားကောင်းများတွင် ငါးမန်း အရေခွံနှင့် ပြုလုပ်ထားသည့် ငါးမန်းအရေခွံ ဓားအိမ်များပင် ရှိတတ်ကြသည်။ ဝေးကွာလှသော ပင်လယ်ပြင် တွင် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ငွေငါးမန်းမျိုးစိတ်တစ်ခု ရှိသည်။ ၎င်း၏ ငွေမှင် ရောင် အသားအရည်သည် မယုံနိုင်လောက်အောင် မာကြောသောကြောင့် ဓားများပင် ဒဏ်ရာရအောင်လုပ်ဖို့ ခက်ခဲပါသည်။ အရောင်ဖျော့ သွားပြီးနောက်၊ ၎င်းသည် ရှားပါးနတ်ဘုရားချပ်ဝတ်အဖြစ် ပြောင်းလဲသွားပါ သည်။
မက်မွန်နတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်ဟောင်း လျှိုထျန်းယွဲ့တွင် ကောင်းကင်တုန်လှုပ်ဖွယ် ရတနာခုနစ်ပါး ရှိပြီး၊ ၎င်းတို့အထဲမှ တစ်ခုမှာ "နတ်ဆိုးငါးမန်းချပ်ဝတ်" ဖြစ်သည်။ ဒဏ္ဍာရီအရဆို, ၎င်းကို အနှစ်တစ်ထောင် သက်တမ်းရှိ ငွေနတ်ဆိုးငါးမန်း၏ အရေခွံဖြင့် ပြုလုပ်ထားသည်ဟု ဆိုသည်။
ပင်လယ်ရပ်ခြားရှိ ကျွန်းနိုင်ငံဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာနှင့်ချီပြီး ရှိသည့်အနက် အစွမ်းထက်ဆုံး စစ်သည်တော်များသာ ငွေရောင်ငါးမန်းချပ်ဝတ်ကို ဝတ်ဆင်ရန် အရည်အချင်း ပြည့်မီသည်။ အခြားအကြောင်း ကြောင့် မဟုတ်ပေ။ ငွေရောင် ငါးမန်းများသည် ရက်စက်ကြမ်းကြုတ်ကြပြီး၊ ပင်လယ်နက်ထဲတွင် နေထိုင်ကြ ပြီး၊ ၎င်းတို့ကို ဖမ်းရခက်သောကြောင့် ဖြစ်ပါသည်။ ၎င်းတို့သည် သာမာန်ငါးဖမ်းလှေများကို တစ်ကြိမ်ကိုက်ဖြင့် ကိုက်နိုင်သည်။
ရက်စက်ကြမ်းကြုတ်သော ငွေငါးမန်းသည် ရေထဲမှ ပေပေါင်းများစွာ ခုန်တက်ပြီးကာ၊ သင်္ဘောကြီးများနှင့် စစ်သင်္ဘောများပေါ်မှ လူများကိုပင် ရေထဲသို့ တခဏချင်း ကျစေကာ ကိုက်နိုင်ကြသည်။
မကြာခဏဆိုသလို၊ ငွေငါးမန်းတစ်ကောင်ကို ဖမ်းယူနိုင်ရန်တွက် အသက် ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာနှင့်ချီသော အသက်ပေါင်းများစွာကို စတေးရန် လိုအပ်သည်။
ဟုန်ယွိသည် တစ်ချိန်က မင်းသမီးလော်ယွန်ကို မေးမြန်းခဲ့ဖူးသည်။ နတ်ဘုရားလေနိုင်ငံ၏ အစွမ်းထက်ဆုံး စစ်သည်တော်များက ငွေငါးမန်းသူရဲကောင်းများ ဖြစ်ကြောင်း သူသိထားသည်။ ၎င်းတို့သည် အရေတွက် အားဖြင့် သုံးရာဝန်းသာရှိသည်။ သူတို့သည် တော်ဝင်မိသားစုကို စောင့်ရှောက်သော တန်ခိုးအကြီးဆုံး စစ်သည်တော်များ ဖြစ်ကြပြီး၊ နိုင်တော်၏ အထက်တန်းစားပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ဟောင်ချင်းချန်က နောက်တကြိမ် လက်ခုပ်တီးပြန်ပြီး၊ သေတ္တာကို သယ်ဆောင်လာသည့် စစ်သည်တော်က ခေါင်းညိတ်ပြပြီး၊ ငွေငါးမန်းချပ်ဝတ်ကို အမြန်ဝတ်လိုက်ပါသည်။ ဤငွေငါးမန်းချပ်ဝတ်သည် ချပ်ဝတ်ဆိုသည် ထက် ပခုံးစွပ်, တံတောင်ဆစ်ဖုံး, ဒူးစွပ်, အသားကပ်ဘောင်းဘီရှည်နှင့် လက်အိတ်များပါရှိသည့် ခန္ဓာကိုယ်နှင့် အလွန်တင်းကြပ်စွာ လိုက်ဖက်ညီသော အဝတ်တစ်ထည်နှင့် ပိုတူပါသည်။ ၎င်းချပ်ဝတ်ကို ဝတ်ပြီးနောက် တစ်ကိုယ်လုံးသည် ငွေမှင်ရောင်ဖြစ်ပြီး၊ ခံ့ညားထည်ဝါကာ၊ အေးစက်စက် သတ်ဖြတ်ခြင် အရောင်ဝါဖြင့် ပြည့်နေခဲ့ပြီး၊ ဓားလှံတို့ကြောင့် ပျက်ဆီးခြင်းမဖြစ်နိုင်လောက်အောက် မာကြောပါသည်။
ငွေငါးမန်းချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် စစ်သည်တော်သည် ခြံဝင်းထဲမှ ထွက်လာခဲ့ပြီး၊ အခြား စစ်သည်တစ်ဦးက ဂျင် ၁၂၀ လေးသော လေးတစ်စင်းကို ဆွဲထုတ်ယူကာ၊ ခက်ခက်ခဲခဲ ဆွဲတင်ပြီး၊ ခြေလှမ်း ၅၀ အတွင်းမှ မြှားတစ်စင်းကို ပစ်လွှတ်ခဲ့သည်။
ဘန်း..။ မြှားသည် ငွေရောင်ငါးမန်းချပ်ဝတ်ကို ထိမှန်ပြီး ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း ဆီကျောက်တုံးပေါ် ချော်ကျသကဲ့သို့ ရုတ်တရက် စောင်းသွားကာ ထိုးဖောက်ဝင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း မြှား၏ကြီးမားသော ရိုက်ခတ်မှုကြောင့် မြှားပစ်ခံရသော စစ်သည်တော်သည် ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာ သွားရပြီး၊ သူ့မျက်နှာက အနည်းငယ် ဖြူဖျော့သွားကာ အသက်ဝဝပင် မရှူနိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် အခြားစစ်သည်တော်တစ်ဦးသည် ထက်ရှတောက်ပြောင်သော သံမဏိဓားရှည် တစ်ချောင်းကို ယူဆောင်ကာ ထိုစစ်သည်တော်၏ ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ ခုတ်ပိုင်းခဲ့သော်လည်း ချပ်ဝတ်ပေါ်တွင် အမှတ်သား အနည်းငယ်သာ ကျန်ရစ်ခဲ့သည်။ ထိုအမှတ်သားကို သူ့လက်ဖြင့် သုတ်လိုက်သည် နှင့် အမှတ်အသားတွေလည်း ပျောက်ကွယ်သွားကာ အသစ်တိုင်း ချောမွေ့နေလေသည်။
"ဒါက မုရုန်ယန်ရဲ့ ခဲ-ပြဒါးရွှေကိုယ်ထည်နဲ့ ယှဉ်နိုင်လုနီးပါးပဲ။" ဟုန်ယွိနှင့် မုကလေးတို့သည် ငွေငါးမန်း ချပ်ဝတ်၏ အစွမ်းထက်သော အကာကွယ်ကို အံ့သြသွားကြသည်။
"သေတ္တာတစ်လုံးမှာ မှော်ဆေးဝါးများ ပါရှိပြီး၊ နောက်သေတ္တာတစ်လုံးမှာတော့ ငွေငါးမန်းချပ်ဝတ်တွေ အပြည့်ရှိနေတယ်။" ဟောင်ချင်းချန်သည်လည်း ငွေငါးမန်းချပ်ဝတ်ကို မနာလိုစိတ်ဖြင့် ကြည့်လိုက်ပါသည်။ "နောက်ထပ် သေတ္တာနှစ်လုံး ရှိသေးတယ်။ အဲဒါတွေကို ဖွင့်ကြည့်စမ်း…"
ဘုန်း…။ ဘုန်း…။
အခြားသေတ္တာနှစ်လုံးကို တစ်လုံးပြီးတစ်လုံး ဖွင့်လိုက်ပြီးနောက် သေတ္တာတစ်ခုစီတွင် အနက်ရောင် ငါးမန်း ကြေးခွံဓားအိမ်ပါ ဓားနှစ်ဆယ်ခန့် ပါရှိသည်။
ဟုန်ယွိက ဓားကို ကောက်ကိုင်ပြီး၊ ဓားအိမ်ထဲမှ ထုတ်ယူကာ ဝှေ့ယမ်းလိုက်ပါသည်။ ဓါးသည် တောက်ပနေပြီး ငွေရောင်ဓားသွားပေါ်တွင် ချည်ပုံစံအဝိုင်းများ ရှိနေသည်။ တကယ်တော့ ထိုဓားသည် သန့်စင်သော သံမဏိ ထက် ပိုမိုအဆင့်မြင့်သော ချည်မျှင်သံမဏိဓား ဖြစ်ပါသည်။
ဆံပင်တစ်မျှင်ကို ဆွဲနှုတ်ပြီး ဓါးသွားပေါ်တင်ကာ ညင်သာစွာ မှုတ်လိုက်၏။ ချွင်…။ ဆံပင်က နှစ်ပိုင်းပြတ်သွား ပါသည်။
"ဒါက ခိုင်ခဲ့တဲ့ ငွေရောင်သံမဏိနဲ့ ပြုလုပ်ထားတဲ့ အဖိုးတန်ဓားတစ်လက်ပဲ။ ဒီဓားက အဖိုးမဖြတ်နိုင်တဲ့ ကောင်းကင်လှေကား သံမဏိ, ရေခဲခွဲသံမဏိ ဂန္ဓမာသံမဏိတို့နဲ့ ပြုလုပ်ထားတဲ့ နတ်လက်နက် သုံးမျိုးလောက် မကောင်းပေမယ့် စစ်တပ်ထဲမှာတော့ ရှားပါးနေပါသေးတယ်။ ညီငယ်လေး, မင်းရဲ့ဓားက ဂန္ဓမာသံမဏိနဲ့ ပြုလုပ်ထားတဲ့ နတ်လက်နက်တစ်ခုလို့ ထင်ရတယ်။ ဒါပေမယ့်, စစ်မြေပြင်မှာတော့ လက်အောက်ငယ်သား အားလုံးက သာမာန်သံမဏိနဲ့ ပြုလုပ်ထားတဲ့ ဓားတွေကို အသုံးပြုကြတယ်။ အမှားအယွင်းတွေက မလွဲမသွေ ရှိလာနိုင်တယ်။ ဒါ့အပြင်, ညီငယ်က စစ်တပ်ထဲဝင်ပြီးရင်, သစ္စာစောင့်သိရမယ်။ ဒါက ဒီဓားကို သစ္စာစောင့်သိမူ အဖြစ် အခြားလူကို ပေးလို့ရတယ်။ အဲဒီလူက ဒီဓားကို နောင်လာမျိုးဆက်တွေအတွက် မိသားစုအမွေခံ ပစ္စည်းတစ်ခု ဖြစ်လာနိုင်တယ်။ ဆုပေးခံရသူကလည်း သစ္စာစောင့်သိဖို့ အာမခံလိမ့်မယ်..။”
ဟောင်ချင်းချန်က ဓားသေတ္တာကို ညွှန်ပြပြီး " စစ်တပ်ထဲဝင်လာကြတဲ့ တခြားမှူးမတ်တွေနဲ့ မင်းသားတွေဟာ လည်း ဆုလက်ဆောင်တွေ ပေးကြလေ့ရှိတယ်။ ဒါက စစ်သည်တွေကို ဦးဆောင်တဲ့အခါ သူတို့နှလုံးသားကို အနိုင်ယူနိုင်တယ်။ စစ်သားတွေကို လေ့ကျင့်ပေးနိုင်တဲ့ သော့ချက်က, ပထမအချက်က အခွင့်အာဏာဖြစ်ပြီး၊ ဒုတိယအချက်က ကြင်နာမှုပဲ။ အခွင့်အာဏာမရှိရင် တခြားသူတွေက မင်းကို နာခံကြမှာ မဟုတ်ဘူး။ ဒါ့အပြင်, အခွင့်အာဏာရှိပြီး၊ ကြင်နာမှုမရှိရင်လည်း ပုန်ကန်မူတွေ ဖြစ်ပေါ်လာနိုင်တယ်။ အခွင့်အာဏာနဲ့ ကြင်နာမူကို အချိုးကျကျ ပေါင်းစပ်နိုင်မှသာ စစ်သည်တွေက မင်းအတွက် စေတနာထားပြီး စစ်တိုက်ကြလိမ့်မယ်။"
"ဒါတွေအားလုံးက တပ်ဖွဲ့ဝင်တွေကို ဦးဆောင်မယ့်လူတွေအတွက် ကောင်းမွန်တဲ့ အကြံဉာဏ်တွေပါပဲ။"
ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။
ဟုန်ရှီ၏ စစ်မှုထမ်းစဉ်ကအချိန်ကို သူ ပြန်အမှတ်ရမိသည်။ ကောလဟာလတွေအရဆို၊ သူ့မိသားစုက ကျွမ်းကျင် စစ်သည်တော်တွေ သူနှင့်အတူ လိုက်ပါသွားသည့်အပြင်၊ ချပ်ဝတ်နှင့် အရည်အသွေးမြင့် လက်နက် တွေ အမြောက်အမြား ဝယ်ယူသွားခဲ့ပြီး၊ ငွေဒင်္ဂါးထောင်ပေါင်းများစွာကိုလည်း သူနှင့်အတူ ယူဆောင်သွားခဲ့ ပါသည်။ သူသည် ဤအရာများကို အသုံးပြုပြီး၊ သူ့လူများကို ဆုချပြီး အားပေးကာ၊ သူ့အတွက် ကိုယ့်ကိုယ်ကို သတ်သေ လောက်သည်အထိ လှုံ့ဆော်နိုင်ခဲ့သည်။
တော်ဝင်ချန်မင်းဆက်တွင် သန်းနှင့်ချီသော စစ်သည်များရှိပြီး၊ နှစ်စဉ် စားနပ်ရိက္ခာနှင့် လစာသည် ကြီးမားလှ ကာ၊ အောက်ခြေမဲ့ တွင်းပေါက်ကြီးတစ်ခု ဖြစ်နေပါသည်။ ထို့ကြောင့် စစ်ဗိုလ်ချုပ်များတွင် သံချပ်ကာ၊ လက်နက်၊ ရိက္ခာနှင့် စစ်ဘက်ဆိုင်ရာ လစာတို့မှာ အလွန်နည်းပါသည်။ စစ်ဌာနချုပ်မှ ပေးအပ်သည့် ပင်စင် လစာနှင့် လစာများကို အားကိုးခြင်းဖြင့် စစ်သည်များသည် ၎င်းတို့၏အသက်နှင့် ရင်းပြီး၊ တိုက်ပွဲဝင်ဖို့ မျှော်လင့်ရန်မှာ မဖြစ်နိုင်ပေ။ အကယ်၍, သင်သည် ခိုင်မာသော စစ်သည်တစ်စုကို မွေးထုတ်ချင်သည်ဆိုလျှင်, သူတို့ကို သီးသန့် ဆုချပြီး၊ ကျွေးမွေးရပါမည်။
၎င်းသည် တော်ဝင်ချန်မင်းဆက်၏ မင်းညီမင်းသားတွေနှင့် မှူးမတ်တွေကြားထဲမှာ ရေးထိုးမထားသည့် စည်းမျဉ်းတစ်ခုလည်း ဖြစ်ပါသည်။
ငွေကြေးမရှိလျှင်, တပ်ကိုဦးဆောင်ပြီး ကမ္မကုသိုလ် ရယူဖို့ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။
ဟုန်ယွိသည် သူထွက်လာသောအခါ သူသည် မုရုန်ယန်ထံမှ ထိုတူညီသော အကြံအစည်ဖြင့် ရွှေဒင်္ဂါးသုံးထောင် ချေးယူခဲ့သည်။
အခြားသေတ္တာတစ်ခုတွင် တောက်ပသော ရွှေရောင်များဖြင့် ပြည့်နေပါသည်။
၎င်းတို့အားလုံးသည် လက်မအရွယ် ရွှေဘီစကွက်များ ဖြစ်ကြပြီး၊ ၎င်းတို့ပေါ်တွင် “တော်ဝင်ချန်၏ရတနာ” ဟူသော စာလုံးကို ရိုက်နှိပ်ထားပြီး၊ ကျောက်ဘက်တွင်မူ "နန်ရှီ" ဟူသော ခေါင်းစဉ်ဖြင့် ရိုက်နှိပ်ထားပါသည်။ ၎င်းအမည်သည် လက်ရှိ ချန်ဧကရာဇ်၏ ဘွဲ့အမည် ဖြစ်ပါသည်။
"ဒီမှာ ရွှေဘီစကွက် ကီလိုဂရမ်သုံးရာရှိတယ်။ ရွှေဒင်္ဂါးအရေတွက်နဲ့ဆို စုစုပေါင်း လေးထောင့်ရှစ်ရာ ရှိတယ်။ ချစ်ရတဲ့ညီလေး၊ မင်းအနေနဲ့ နောင်အနာဂတ်မှာ အသုံးစရိတ်တွေအဖြစ် အသုံးပြုမှာမို့ လမ်းတစ်လျှောက် ထိန်းသိမ်းပြီး ယူသွားပါ" ဟောင်ချင်းချန်က သေတ္တာထဲက ရွှေတွေကို လက်ညှိုးထိုးပြပြီး ပြောသည် "ပြီးတော့, မင်းရဲ့အစေခံတွေရဲ့ မြင်းတော်တော်များများကို ငါက အဝါရောင်ကော့ထ်စ် ရတနာမြင်းပျိုတွေနဲ့ အစားထိုး ပြီးပြီ။ မူလကတော့ ငါ ကျောက်စိမ်းညခြင်္သေ့မြင်းကို မင်းသားထံ ဆက်သချင်ပေမယ့်, ဟိုတလောတုန်းကမှ မင်းသားက မြင်းဖြူတွေကို မကြိုက်ဘူးဆိုတာ ငါ သတိရလိုက်တယ်။ ငါက ဒီမြင်းကို စီးမယ်ဆိုရင်လည်း အတော်လေး ပေါ်လွင်လွန်းနေမယ်။ ဒါဆို အင်ပါယာနန်းတော်က စစ်ဆေးမယ့်လူတွေက စွပ်စွဲအပြစ်တင်ဖို့ လွယ်ကူသွားလိမ့်မယ်။ ဒါကြောင့်, ငါ ဒီမြင်းကို မင်းကိုပေးလိုက်တာ ပိုကောင်းမယ်ထင်တယ်။ နောက်ဆုံး တော့, ဒီမြင်းကလည်း မင်းရဲ့ တိုက်ပွဲအောင်ပွဲအတွက် ဆုလာဘ်ပဲလေ…။”
"ဒါဆိုလည်း ကျွန်တော် ယဉ်ကျေးမနေတော့ပါဘူး။" ဟုန်ယွိသည် ရွှေသေတ္တာကို ကြည့်လိုက်သည်။ ဟောင်ချင်းချန်သည် တိမ်ဖြူစံအိမ်ကို ချေမှုန်းခဲ့ပြီး၊ ရွှေငွေအမြောက်အမြား ရရှိခဲ့ကြောင်း သူသိသည်။ ဤရွှေဘီစွက်များသည် သူ လုယူခဲ့သည့်အရာများထဲမှ ဖြစ်ရမည်။ ထုံးစံအတိုင်း သူသည် အမြတ်ဝေစုကို ပေးလိမ့်မည်။ ထိုပစ္စည်းများကို လက်ခံခြင်းက ပိုကောင်းပါသည်။ ကျောက်စိမ်းခြင်္သေ့မြင်းအတွက်မူ၊ ဟုန်ယွိသည် နောင်တွင် တစ်စုံတစ်ဦးအား ပေးကမ်းရန် လက်ဆောင်ကောင်းတစ်ခုဟု ယူဆထားပါသည်။
"ငါ အနက်ရောင်သိမ်းငှက်ခံတပ်ကနေ ရတနာသေတ္တာတွေ၊ ငွေစက္ကူ ၁၀၀၀၀၊ သန့်စင်သော ရွှေတံဆိပ်တုံး ၄၀ နဲ့ ငွေဒင်္ဂါး ၄၀၀၀၀ ကနေ ၅၀၀၀၀ လောက် တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာသေတ္တာတစ်လုံး ရရှိခဲ့တယ်။ အခု ဒီရွှေဒင်္ဂါး ၄၈၀၀ က ၅၀၀၀၀ ကနေ ၆၀၀၀၀ နီးပါး ရှိနိုင်တယ်။ မုရုန်ယန်ထံက ရွှေဒင်္ဂါး ၃၀၀၀ နဲ့ဆို အခု ငါက ၁၃၀၀၀၀ ကနေ ၁၄၀၀၀၀ အထိ ကြွယ်ဝတဲ့ သူဌေးတစ်ဦးဖြစ်နေပြီ။”
ဟုန်ယွိသည် သူ့ပိုင်ဆိုင်မှုများကို လျှို့ဝှက်စွာ တွက်ချက်နေသည်။
"သန့်စင်သော ရွှေတံဆိပ်တုံးနဲ့ ကျောက်မျက်ရတနာတွေက ရောင်းရခက်တယ်။ ဒါကြောင့်၊ ဒီရတနာတွေ အားလုံးကို ဝူယွမ်ပြည်နယ်မြို့တော်မှာ လဲလှယ်လိုက်တာက ပိုကောင်းလိမ့်မယ်။" ဟုန်ယွိက သူ့ကိုယ်သူ တွေးပြီး အနက်ရောင်သိမ်းငှက်ခံတပ်မှ ရရှိသော ရတနာ သေတ္တာအကြောင်း ပြောပြလိုက်ပါသည်။
"ဟမ်။ ညီလေး, မင်းက ဓားပြတွေကို နှိမ်နှင်းပြီး၊ လုယက်ထားတဲ့ အိမ်ရှေ့စံမင်းသားရဲ့ လက်ဆောင်တွေ ရအောင် ယူနိုင်ခဲ့တာ ဘယ်လောက် ကံကောင်းလိုက်လဲ။" ထိုစကားကိုကြားတော့ ဟောင်ချင်းချန်က ခေါင်းညိတ်လိုက်ပါသည် "ဒီပစ္စည်းတွေက တကယ်ကို ရောင်းရခက်တယ်။ ဒါပေမယ့် ငွေဒင်္ဂါးတွေနဲ့ လဲလှယ် မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါကြောင့် လက်ဝတ်ရတနာတွေနဲ့ သန့်စင်တဲ့ ရွှေတံဆိပ်တုံးတွေကို ငွေစာရင်းရုံးကို ယူလာခဲ့ပါ။ ခန့်မှန်းတွက်ချက်ပြီး ပေါက်ဈေးအတိုင်း လဲလှယ်ပေးမယ်။"
"ဒါဆို ကောင်းတာပေါ့။" ဟုန်ယွိက ကျေနပ်စွာ ပြောသည်။
"ညီလေး, မင်းပတ်ဝန်းကျင်မှာ လူနည်းနည်းလေးပဲ ရှိသေးတယ်။ သခင်လေးချီက ကြီးကျယ်ခမ်းနားတဲ့ ရှန်တန် သိုင်းသခင် တစ်ယောက်ဆိုပေမယ့် လက်နှစ်ချောင်းက လက်လေးချောင်းကို မဖြတ်ကျော်နိုင်ဘူး။ မကြာသေး ခင်က ပင်လယ်ဓားပြတွေနဲ့ ရေဓားပြတွေဟာ တောင်ဘက်ပင်လယ်တွေမှာ သောင်းကျန်းခဲ့တယ်။ စစ်တပ်က ထောင်ချီတဲ့တပ်တွေနဲ့ စစ်တိုက်တဲ့အခါ အမှားအယွင်းတွေ ရှိလာမှာ မလွဲဧကန်ပဲ။ ငါ့မှာ မင်းအတွက် အသုံးဝင်တဲ့ လူအနည်းငယ်ရှိတယ်။ မင်း ဘယ်လိုထင်လဲ ညီလေး..။" ဟောင်ချင်းချန်က ထပ်ပြောသည်။
"ဘယ်သူတွေလဲ" ဟုန်ယွိက သံမဏိတူကို ကောက်ကိုင်လိုက်ပြီး၊ ဟင်းတစ်တုံးကို ကိုက်ဝါးလိုက်သည်။ ထို့နောက်, သူက နောက်ထပ် အစားစာအချို့ကို ကောက်ထည့်ကာ သူ့ဘေးနားက မုကလေးအား ပေးလိုက် သည်။
"လူတွေကို ခေါ်လာခဲ့ပါ." ဟောင်ချင်းချန်၏ မျက်နှာက အေးစက်စက် အပြုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ ခဏအကြာတွင် အပြင်မှ ဒေါသတကြီးအော်သံများ ထွက်ပေါ်လာသည် "သွား…၊ သွားစမ်း" သံကြိုးများနှင့် ခြေချင်းခတ်သံများက အတူကပ်ပါလာသည်။
ခြံဝင်းအတွင်း၌ စစ်သားတစ်စုသည် လေးလံသော သစ်သားခြေချင်းများ ချိတ်ဆွဲထားပြီး၊ ဆံပင်ဖရိုဖရဲနှင့် လူငါးဦးကို ခေါ်ဆောင်လာကြသည်။ သူတို့ခြေထောက်တွေမှာ ကီလိုဂရမ် ဆယ်ဂဏန်းလောက်လေးသည့် သံခြေချင်း အထပ်ထပ်ကို ချည်နှောင်ကာ ဝတ်ဆင်ပေးထားသည်။ သူတို့ဝင်လာသည်နှင့်, စစ်သည်တွေက ထိုလူငါးဦး၏ နောက်ကျောကို လှံဖြင့်ထောက်ပြီး အော်ပြောလိုက်ပါသည် "ဒူးထောက်စမ်း…."
ထိုလူငါးယောက်သည် မတ်တပ်ရပ်ကာ ဒူးထောက်ရန် ငြင်းဆန်နေကြသည်။ စစ်သည်တွေက သူတို့ဒူးတွေကို ပြင်းပြင်းထန်ထန် ကန်သွင်းပြီးနောက်, သူတို့သည် ကြမ်းပြင်ပေါ်၌ ဒူးတစ်ဝက်ထောက် အနေထားဖြင့် နေရုံသာ တတ်နိုင်ပါတော့သည်။
ဟုန်ယွိသည် တစ်ချက်ကြည့်ရုံဖြင့် ဤလူငါးဦးသည် ကိုယ်ခံပညာ အလွန်ကျွမ်းကျင်ကြောင်း သိသော်လည်း ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းခံရကာ ပင်ပန်းနွမ်းနယ်နေခဲ့သည်။
"နဂိုကတော့ ဒီလူငါးယောက်ကို တိမ်ဖြူအကြီးအကဲငါးဦးလို့ ခေါ်တယ်။ သူတို့က အစိမ်းရောင်တောအုပ်က ကျွမ်းကျင်သူတွေပဲ။ သူတို့ကို သစ္စာဖောက် လျူဘိုင်ယွန်က စံအိမ်ရဲ့ အကြမ်းဖက် လူဆိုးတွေအဖြစ် သုံးတော် ခံဖို့ စုဆောင်းထားခဲ့တာ။ စစ်တပ်က တိမ်ဖြူစံအိမ်ကို ဝိုင်းရံထားချိန်မှာ, သူတို့က ဆန္ဒအလျောက် လက်နက်ချ ခဲ့တယ်။ ငါ သူတို့ကို မသတ်ပါဘူး။ တကယ်တော့ တော်ဝင်ချန် ဥပဒေအတိုင်းဆို သူတို့အားလုံးကို သတ်ပစ်ရ မှာ…"
ဟောင်ချင်းချန်၏ အေးစက်သော စကားကြောင့် လူငါးဦးစလုံး တုန်လှုပ်သွားခဲ့သည်။
"မင်းတို့ အသက်ရှင်ချင်လား….၊ သေချင်လား…"
"ပုရွက်ဆိတ်တွေတောင် အသက်ရှင်ဖို့ ကြိုးစားကြသေးတာပဲ။ ငါတို့လည်း အသက်ရှင်ချင်တာပေါ့" ဆံပင် ဖရိုဖရဲနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြောသည်။
"မင်းတို့ အသက်ရှင်ချင်စိတ်ရှိတာ ကောင်းတယ်။ အခု ငါ မင်းတို့ကို လွတ်လမ်းပေးမယ်။ မင်းတို့ရဲ့မျက်နှာတွေ ကို ငါ တက်တူးထိုးပေးမယ်။ ပြီးရင်, ညီငယ်ဟုန်ရဲ့ လက်ထက်မှာ ကျွန်အဖြစ်နေခိုင်းပြီး၊ မင်းတို့ကို ငါ ပြည်နှင် ဒဏ် ပေးလိုက်မယ်။ မင်းတို့တွေ ကမ္မကုသိုလ်တွေ လုပ်ဆောင်ရင်း မင်းတို့ရဲ့ပြစ်ဒဏ်တွေလည်း သဘာဝ အတိုင်း လျော့နည်းသွားလိမ့်မယ်။ တကယ်လို့, ဒါတောင်မှ မင်းတို့က ဉပဒေမဲ့ ပြုမူနေသေးရင်, ညီငယ်ဟုန်က မင်းတို့ကို စစ်ဥပဒေနဲ့ အပြစ်ပေးလိမ့်မယ်။"
ထိုစကားသံကို ကြားပြီးနောက် ဤလူငါးဦးသည် တိမ်ဖြူစံအိမ်၏ ကျွမ်းကျင်သူတွေ ဖြစ်ကြောင်းကို ဟုန်ယွိ သိလိုက်ပါပြီ။ ဝန်းရံထားစဉ်အချိန်အတွင်းမှာ ဤလူငါးဦးသည် ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြပြီး၊ ၎င်းတို့၏ လှုပ်ရှားမှုများသည် လျှပ်စီးကြောင်းကဲ့သို့ မြန်ဆန်ကြောင်းကိုလည်း ဟုန်ယွိ မြင်ခဲ့ရသည်။ သူတို့သည် သွေးအေးလင်းယုန် ဆယ့်သုံးဖော်နှင့် ကျောက်ဟန်တို့ အဆင့်ရှိ ထိပ်တန်း သိုင်းသခင်များ ဖြစ်ကြပါသည်။
ဤထိပ်တန်း သိုင်းသခင်များသည် အလွန်ကျွမ်းကျင်ကြသည်။ ထို့ကြောင့် ဟောင်ချင်းချန်က သူတို့ကိုသတ်ရန် တွန့်ဆုတ်နေခဲ့သည်။ ယင်းအစား သူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်ခြင်းက အံ့သြစရာ မဟုတ်တော့ပေ။
"ခင်ဗျားတို့က ကျွမ်းကျင်ပညာရှင်တွေ မဟုတ်လား။ ဒါဆို ခင်ဗျားတို့ ဘာလုပ်ကြလဲ"
ဟုန်ယွိက မေးသည်။
"ငါတို့သုံးယောက်က ထိုက်ယီဂိုဏ်းရဲ့ တပည့်တွေပါ။ ဟိုတစ်ယောက်က ချင်းယွန်ဂိုဏ်းက ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ရှောင်ယန်ဂိုဏ်းကပါ။ ငါတို့အားလုံးက လျူဘိုင်ယွန်ရဲ့ ကမ်းလှမ်းမူနဲ့အတူ အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့ မျက်နှာသာပေးမှုကို ရရှိဖို့ ဒီကိုလာပြီး လုပ်ဆောင်နေတာပါ။"
တစ်ယောက်က ဒေါသတကြီး ပြောသည်။
"ထိုက်ယီဂိုဏ်း၊ ချင်းယွန်ဂိုဏ်းဆိုတာ ဘာလဲ…” ဟုန်ယွိက အော်မေးလိုက်ပါသည်။
"ညီငယ်..၊ မင်း မသိဘူးလား။ ဒီဂိုဏ်းတွေက တစ်ချိန်တုန်းက အလယ်ပိုင်းပြည်နယ်မှာ နာမည်ကြီး ကိုယ်ခံပညာဂိုဏ်းတွေ ဖြစ်ခဲ့ဖူးတယ်။ အခု ဒီဂိုဏ်းတွေက ပွင့်ပွင့်လင်းလင်း ထူထောင်ပြီး၊ တပည့်တွေကို မသင်ပေးရဲတော့ပေမယ့် မြေအောက်ကမ္ဘာကို ချုပ်ကိုင်ဖို့ ဒေသခံလူကြီးမင်းတွေနဲ့ လျှို့ဝှက်ပူးပေါင်းကြတယ်။ ပြီးတော့ သူတို့ကိုယ်သူတို့ မင်းမျိုးမင်းနွယ်တွေအဖြစ် ပြန်လည်ထူထောင်ခဲ့ကြပြီး၊ တာအိုဘုရားကျောင်းတွေမှာ နံ့သာတိုင်ကို မီးရှို့ပူဇော်ကာ ကိုယ်ခံပညာကို ပွင့်ပွင့်လင်းလင်း လေ့လာကြတယ်။ မိုင်ခုနစ်ထောင်, ရှစ်ထောင် အကွာအဝေးအတွင်း အလယ်ပိုင်းပြည်နယ်ရဲ့ ပြည်နယ်ဆယ့်သုံးခုမှာ ထိုက်ယီဂိုဏ်း၊ ချင်းယွန်ဂိုဏ်းနဲ့ ရှောင်ယန်ဂိုဏ်းတွေလို ဂိုဏ်းပေါင်းတစ်ရာထက်မနည်းရှိပြီး၊ သူတို့ရဲ့ လျှို့ဝှက်အင်အားကိုလည်း လျှော့တွက်လို့ မရဘူး…။”
ဟောင်ချင်းချန်က ဟုန်ယွိကို ရှင်းပြသည်။
"ကျွန်တော် နားလည်ပါပြီ။"
ဟုန်ယွိက ခေါင်းညိတ်ပြပြီး လူငါးယောက်ကို ကြည့်လိုက်သည်။ "ခင်ဗျားတို့ ဘယ်လိုဆိုးယုတ်တဲ့ ဂိုဏ်းတွေက လာလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ အခု ခင်ဗျားတို့က ပြည်နှင်ဒဏ် ပေးခံရပြီ။ ကျုပ်က ခင်ဗျားတို့အတွက် စည်းကမ်းတွေ ချမှတ်ရမယ်။ တကယ်လို့, နောင်အနာဂတ်မှာ ခင်ဗျားတို့က ကမ္မကုသိုလ်တွေ လုပ်ဆောင်နိုင် ခဲ့ရင်, ခင်ဗျားတို့အနေနဲ့ သဘာဝအတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ရပြီး၊ ရာထူးတွေလည်း တိုးနိုင်မယ်။ တကယ်လို့, ခင်ဗျားသာ ကျုပ်စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင်, ကျုပ်ရဲ့ သုံးပေရှည်တဲ့နတ်ဓားက ခင်ဗျားတို့ကို သနားနေမှာ မဟုတ်ဘူး။ မိုင်ထောင်ချီ ဝေးရင်တောင် ခင်ဗျားတို့ ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"
ဟုန်ယွိက သူ့လက်ကို စားပွဲပေါ်တင်လိုက်ပြီး၊ အစိမ်းရင့်ရောင် အလင်းတန်းတစ်ခုက မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများကဲ့သို့ လျင်မြန်စွာ လွင့်ပျံလာသည်။
ရွှတ်…၊ ရွှတ်…၊ ရွှတ်…၊ ရွှတ်…၊ ရွှတ်…၊ အသံဗလံများ ထွက်ပေါ်လာခြင်းနှင့်အတူ၊ သစ်သားခြေချင်းများ၊ သံကြိုးများသည် အစိမ်းရောင်အလင်းတန်းနှင့် ထိမှန်ခဲ့ပြီး၊ တစ်ခုပြီးတစ်ခု ကွဲထွက်သွားပါသည်။
အသက်ရှူအချိန် အနည်းငယ် အတွင်းမှာပင် အစိမ်းရောင်အလင်းတန်းသည် နောက်သို့ လွင့်ပျံလာသည်။ ဟုန်ယွိ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ထိုလူငါးယောက်က ဒူးထောက်နေသည်ကို သူ အံ့သြစွာ တွေ့လိုက်ရ၏။ သူ အရမ်းကို ကျေနပ်သွားခဲ့သည်။ ဟုတ်ပါသည်၊ အခုနက လုပ်ဆောင်ချက်တွေက သဘဝအတိုင်း သူ့ခွန်အားကို ထုတ်ပြရုံသက်သက် ဖြစ်ပါသည်။
ထိုအင်အားပြမှုက သူတို့ကို အရမ်းကို ထိတ်လန့်သွားစေခဲ့ပြီး၊ အဆင်ခြင်မဲ့ မလှုပ်ရှားရဲတော့ပေ။
………..။
သုံးရက်မှ ငါးရက်အကြာ အနားယူပြီးနောက် ချီဇီယန်၏ ဒဏ်ရာတွေ လုံးဝ ပျောက်ကင်းသွားပြီး ဟုန်ယွိသည် တောင်ပိုင်းဒေသကို ဆက်ပြီး ခရီးထွက်ခဲ့ပါသည်။
ရက်အနည်းငယ်ကြာ ခရီးသွားပြီးနောက်၊ သူတို့သည် တောင်ပိုင်းပြည်နယ် ခုနစ်ခုနှင့် အလယ်ပိုင်းပြည်နယ် နယ်စပ် လမ်းဆုံရှိ အရေးကြီးသောမြို့ဖြစ်သည့် "ဟွမ်လျံမြို့" သို့ ရောက်ရှိလာခဲ့ကြသည်။ တိမ်ဖြူကျေးရွာ သုတ်သင်ခံရပြီး၊ အထွဋ်ထိပ်ကောင်းကင် နယ်မြေ၏ သူတော်စင်မိန်းမပျို ကျောက်ဖေးရုန်ကို ဟောင်ချင်းချန် ၏ တပ်များက ဝိုင်းရံသတ်ဖြတ်လိုက်သည့်သတင်းက တောင်ပိုင်း အထွဋ်ထိပ်ကောင်းကင်နယ်မြေ၊ ကျောက်စိမ်းမြို့တော် ဝူဝမ်မြို့စားစံအိမ်နှင့် အိမ်ရှေ့စံမင်းသားတို့၏ နားများအထိပင် တိတ်တဆိတ် ရောက်ရှိ လာခဲ့သည်။
နှံ့နှံ့စပ်စပ်ရှိသည့် မင်းသားတွေနှင့် ဝန်ကြီးတွေကလည်း ထိုအကြောင်းကို အနည်းငယ် သိထားကြသည်။
ထိုသတင်းသည် လှိုင်းလုံးကြီးများ လျှို့ဝှက်စွာ ရိုက်ခတ်နေခဲ့သော ပင်လယ်ထဲမှ တောင်ကြီးတစ်ခုနှင့် တူ၏။
သို့သော်လည်း ပတ်သက်သူ ဟုန်ယွိသည် ဟောင်ချန်ချန်းနှင့် ဆွေးနွေးခဲ့ပြီး တရားရုံးသို့ သက်သေတင်မည့် အခမ်းအနားတွင် သူ့ကိုယ်သူ ဖော်ပြမခိုင်းထားသောကြောင့် သူ့အပေါ် မည်သည့်သက်ရောက်မှုမှ မရှိပါဘူး။
ဟုန်ယွိနှင့် ဟောင်ချင်းချန်တို့ ဆွေးနွေးတိုင်ပင်ပြီးနောက် သက်သေ မှတ်တမ်းများကို ရေးသားခဲ့သည်။ တိမ်ဖြူစံအိမ်သည် ဓားပြများနှင့် ပူးပေါင်းပြီး၊ နယ်မြေပိုင်းခြင်းကာ လေးများနှင့် ဒူးလေးများ၊ သံချပ်ကာများ၊ လေ့ကျင့်ထားသော လုပ်ကြံသတ်ဖြတ်မှုများကို လျှို့ဝှက်စွာ စုဆောင်းထားခဲ့ပြီး၊ ၎င်းတို့အား လုပ်ကြံသတ်ဖြတ် ရန် ကြံစည်ခဲ့ကြောင်း၊ ထို့ကြောင့် နှိမ်နင်းခံရခြင်းဖြစ်ကြောင့် ရိုးရှင်းစွာ အစီရင်ခံထားပါသည်။ အထွဋ်ထိပ် ကောင်းကင်နယ်မြေမှ ကျောက်ဖေးရုန်သည်လည်း ၎င်းတို့အထဲမှ စစ်တပ်ကို ခုခံခဲ့သည့်အတွက် သတ်ဖြတ်ခံခဲ့ ရသည်။
သက်သေခံ အခမ်းအနားတွင် ဟုန်ယွိအကြောင်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။
ဟုန်ယွိ ယခုလိုလုပ်ရသည့် အကြောင်းရင်းက သူ့အခြေခံအုတ်မြစ်ဟာ နက်ရှိုင်းမူ မရှိသေးမှန်း သူ သိသော ကြောင့် ဖြစ်ပါသည်။ အကယ်၍, သူ ကျောက်ဖေးရုန်ကို သတ်ပစ်သည်ဆိုသည့် သတင်းသာ ပျံ့နှံ့သွားခဲ့လျှင်, သူ ဝူယွမ်ပြည်နယ်က မထွက်ခွာခင် သူ့ကို ဝိုင်းပြီး သတ်ပစ်လိမ့်မည်။
ဟောင်ချင်းချန်သည် ဤအောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ နောက်ဆုံးတွင် သူသည် ကျောထောက်နောက်ခံ ခိုင်ခံ့သော ဒုတိယအဆင့် အရာရှိတစ်ဦးဖြစ်ပြီး၊ ပြည်နယ်တစ်ခု၏ အုပ်ချုပ်ရေးမှူး တစ်ဦးလည်း ဖြစ်သည်။ သူသည် အထွဋ်ထိပ်ကောင်းကင်နယ်မြေကို ထိုးနှက်ရန် တိမ်ဖြူကျေးရွာကို ဖျက်ဆီးလိုက်သောကြောင့် တစ်ကြိမ်တည်းဖြင့် အရာအားလုံးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
"ငါတို့ ဒီနေ့နဲ့ မနက်ဖြန်၊ ဟွမ်လျံမြို့မှာ အနားယူမယ်။ ဟွမ်လျံမြို့ကို ဖြတ်ပြီး နန်ကျိုးရှေးဟောင်းလမ်းကို ဖြတ်ပြီးရင်, ငါတို့ တောင်ပိုင်းဒေသကို တကယ် ရောက်တော့မယ်။ အဲဒီနေရာက အလယ်ပိုင်းပြည်နယ်နဲ့လည်း တူမှာမဟုတ်တော့ဘူး။ အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့ တကယ့်စွမ်းအားပဲ။ ငါတို့ သတိထားရမယ်။"
နေဝင်ရီတရောအချိန် နီးကပ်လာသည်နှင့်အမျှ ဟုန်ယွိနှင့် သူ့အဖွဲ့သည် မြင်းစီးပြီး၊ တွန်းလှည်းများကို ဆွဲကာ၊ အဝေးက ကြီးမားပြီး အလွန်ကြွယ်ဝသော မြို့တစ်မြို့ကို မြင်လိုက်သဖြင့်, သူတို့သည် "ဟွမ်လျံမြို့" သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိလိုက်ရ၏။
ဟွမ်လျံမြို့သည် အလယ်ပိုင်းပြည်နယ် ရှေးဟောင်းလမ်းနှင့် နန်ကျိုးပြည်နယ် ရှေးဟောင်းလမ်းကို ဆက်သွယ် ထားသည်။ တနိုင်ငံလုံးက ကုန်သည်များသည် ဤနေရာတွင် စုစည်းကြသည။ သာယာဝပြောမှုနှင့် စည်ကားမှု အရ ဤမြို့သည် ပြည်နယ်အတွင်းရှိ မြို့ကြီးတစ်မြို့ထက်မနည်း ချမ်းသာကြွယ်ဝသည်။
"ကောင်းပြီ၊ ဒီမတ်စတက်ဖ်ခြင်္သေ့ဘုရင်နှစ်ကောင်တောင် မီးခိုးရောင် မတ်စတက်ဖ်ခွေးတွေ ဖြစ်လာပြန်ပြီ။ ဒီကျောက်စိမ်းညခြင်္သေ့မြင်းလည်း မီးခိုးရောင်ခြင်္သေ့မြင်း ဖြစ်နေပြီ။ သူတို့ကို ရေချိုးပေးဖို့ လိုနေပြီ။" ချီဇီယန် က ကျောက်စိမ်းညခြင်္သေ့မြင်းကိုစီးပြီး မတ်စတက်ဖ်ခွေးနှစ်ကောင်ပေါ်ရှိ ဖုန်မှုန့်များကို ကြည့်ကာ ခေါင်းယမ်း လိုက်ပါသည်။
ထိုအချိန်တွင်၊ ဟုန်ယွိ၏အဖွဲ့သည် မြင်းရထားငါးစီးနှင့် လူဆယ့်ခုနစ်ယောက်အထိ ကြီးထွားလာခဲ့ပြီး၊ ၎င်းတို့ အနက် ၅ ဦးမှာ ၎င်းတို့၏မျက်နှာများတွင် ရွှေတံဆိပ်တက်တူးများ ပါရှိသည်။ မြင်းရထားမောင်းသူ အားလုံး သည် ထိပ်တန်း သိုင်းသခင်များ ဖြစ်ကြပြီး၊ သူတို့ခရီးသွားသည့်ပုံစံက မင်းမျိုးမင်းနွယ်များနှင့် မှူးမတ်များ၏ သွားလာမှုပုံစံနှင့် ခပ်ဆင်ဆင် တူနေသည်။
………………………………………………………………………………………
"ဘာ…။ ဖေးရုန်က မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့ရတာလား။"
မြို့စားဝူဝမ် စံအိမ်ကြီးတွင်, မြို့စားနှင့် တော်ဝင်နည်းပြဆရာဖြစ်သည့် သိုင်းသူတော်စင် ဟုန်ရွှန်ကျိသည် လင်ဟွမ်စာကြည့်ခန်းတွင် မျက်စိမှိတ်ပြီး အနားယူနေပါသည်။ ရုတ်တရက် ဟုန်ရှီက သူ့ဆီ လျှောက်လာပြီး စာတစ်စောင် ပေးလိုက်သည်။
ထိုစာကိုဖတ်ပြီးနောက် ဟုန်ရွှန်ကျိ ရုတ်တရက် ထရပ်လိုက်၏။ သူ၏ ပိုးထည်အဝတ်အစားများသည် လေမတိုက်ဘဲ တဖျပ်ဖျပ် လွင့်နေပါသည်။ သံမဏိသဖွယ် မာကျောသော ကြမ်းခင်းများသည် ပြာမှုန့်များကဲ့သို့ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကာ ပတ်ဝန်းကျင်ရှိ စာအုပ်စင်များ ပြိုကျသွားသည်။
သူ မတ်တပ်ထရပ်လိုက်သော အရှိန်အဟုန်သည် အလွန်ကြီးမားသောကြောင့် စာကြည့်ခန်းတစ်ခုလုံး မိုးကြိုး နှင့်, လောင်မီးတို့ကြောင့် ပေါက်ကွဲနေပုံရပါသည်။
အပိုင်း (၁၁၂)။
"အဖေ……"
ဟုန်ရှီသည် ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားကာ၊ ပြိုကျနေသော စာအုပ်စင်များနှင့် ကြမ်းပြင်ပေါ်မှ လွင့်ပျံလာသော ဒေါနပန်းအိုးများနှင့် အပြာရောင်ကျောက်တုံးကြီးများကို ရှောင်တိမ်းလိုက်ရ၏။ သူသည် ဟုန်ရွှန်ကျိ၏ အသွင်အပြင်ကို ကြည့်လိုက်ရင်း သူ့ရင်ထဲမှာ ကြောက်ရွံ့သည့် ခံစားချက်တစ်ခု ပေါ်လာသည်။
ဟုန်ရွှန်ကျိ ဒေါသထွက်နေချိန်မှာ အရမ်းကို ကြောက်ဖို့ကောင်းလိမ့်မည်ဟုလည်း သူကိုယ်တိုင် မမျှော်လင့်ထား ခဲ့ပါဘူး။ သူ မတ်တပ် ထရပ်လိုက်ချိန်မှာ ပြင်းထန်သော ဖိအားက သူ့နှလုံးကို ဖြိုကွဲသွားသလို ခံစားလိုက်ရပါ သည်။
မှန်ပါသည်။ သူ့အတွေးပိုင်းစတွေ ပြိုကွဲသွားခဲ့ပြီ။
"ငါလည်း ထိပ်တန်း ရှန်တန်းသိုင်းသခင်တစ်ယောက်ပါပဲ။ မဟာဆရာသခင်နယ်ပယ်ထဲ ခြေလှမ်းတစ်ဝက် ဝင်ရောက်ပြီးနေပြီ။ ရိုးရိုးသားသားပြောရရင်, ငါက အင်ပါယာအစောင့်တပ်, တပ်ရင်းငါးရင်းထဲက တပ်ရင်း တစ်ခုရဲ့ စစ်သူကြီးတစ်ယောက်ပါ။ တိုက်ပွဲတွေ မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ဖူးပြီး၊ ကြောက်စရာကောင်း တဲ့ သတ်ဖြတ်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပြီး၊ ခမ်းနားတဲ့ မြင်ကွင်းတွေကိုလည်း မြင်တွေ့ခဲ့ရပြီးပါပြီ။ ဒါပေမယ့် အခုနက် အဖေ့ရဲ့ဒေါသကြောင့် တိုက်ပွဲဝင်ဖို့ ယုံကြည်မူတောင် ပျောက်ဆုံးသွားခဲ့ရပြီ။ ဒီနှစ်တွေအတွင်း အဖေက ရာထူးကြီးကြီးမားမား ရယူထားပြီး၊ တခြားလူတွေနဲ့ တိုက်ခိုက်ခဲပေမယ့်, သူ့ရဲ့ သဘာဝလွန် လက်သီး ပညာရပ်က နားမလည်နိုင်အောင် ပိုပြီး မြင့်တက်လာခဲ့တယ်…”
ထိုအတွေးက ဟုန်ရှီ၏ စိတ်ထဲတွင် လျှပ်စီးလက်သလို လင်းလက်သွားပါသည်။
"ဝူယွမ်ပြည်နယ်ခရိုင် အုပ်ချုပ်ရေးမှူးတစ်ယောက်က ဖေးရုန်ကို တကယ်ပဲ ကိုင်တွယ် ဖြေရှင်းနိုင်ပါ့မလား" ဒေါသ ပြေသွားပြီးနောက် ဟုန်ရွှန်ကျိသည် ဖြည်းညှင်းစွာ ထိုင်လိုက်ပါသည်။ သူ့မျက်နှာပေါ်ရှိ အမူအရာသည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုလို ဖြစ်နေပြီး၊ သူ့နှလုံးသားထဲတွင် ပေါက်ကွဲထွက်နေသော အရာကို မည်သူမျှ မမြင်နိုင်ပေ။
"ဖေးရုန်က သဘာဝ ပါရမီရှင်တစ်ယောက်ပဲ။ ငါကိုယ်တိုင် သူမကို သေခြင်းရှင်ခြင်းဘီးရဲ့ တံဆိပ်တွေကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးခဲ့တာ။ သူမက မဟာဆရာသခင်အဆင့်ကို ရောက်ရှိနေပြီ။ သူမရဲ့ တာအို ကျင့်ကြံမှု ကလည်း တစ္ဆေအင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်ဖို့ ခြေတစ်လှမ်းပဲ ဝေးတော့တယ်။ ဒါ့အပြင်, သူမ ထက်ထဲမှာ ယင်ယန်မက်မွန်နတ်ဘုရားဓား ကိုင်ထားချိန်ဆို, ဂိုဏ်းအသီးသီးရဲ့ ခေါင်းဆောင်တွေတောင် အနိုင်ယူနိုင်မှာ မဟုတ်ဘူး။"
ဟုန်ရွှန်ကျိသည် သူ့မျက်လုံးများ ရှေ့မှ လေဟာနယ်ထဲ ကြည့်ကာ မျက်ခွံများကို ဖြည်းညှင်းစွာ ချလိုက်ပြီး၊ နားမလည်နိုင်သော လေထုက သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပါသည်။
"ဖေးရုန်က တကယ့်ကို ပါရမီရှင်တစ်ယောက်ပါ။ အချိန်တန်ရင် သူမဟာ ကမ္ဘာပေါ်က တာအိုနဲ့ ကိုယ်ခံပညာ ဂိုဏ်းအားလုံးကို အနိုင်ယူပြီး၊ အထွဋ်ထိပ်ကောင်းကင် နယ်မြေကို တခြားဂိုဏ်းအားလုံးထက် သာလွန်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ အဖေ, သူမသေပြီဆိုတာကို ကျွန်တော် မယုံပါဘူး။ ဒါပေမယ့်..." ဟုန်ရှီက ခေါင်းငုံ့ပြီး ပြောလိုက်ပါသည်။
"မပြောနဲ့….။ ထွက်သွားတော့။"
ဟုန်ရွှန်ကျိက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထိုအသံကိုကြားတော့ ဟုန်ရှီက တိတ်တဆိတ် ပြန်ဆုတ်သွားပါသည်။
"ကမ္ဘာပေါ်က တာအိုပညာနဲ့ ကိုယ်ခံပညာဂိုဏ်းအားလုံးကို အောင်နိုင်ဖို့..." ဟုန်ရှီ ထွက်သွားပြီးနောက် ဟုန်ရွှန်ကျသည် တစ်စုံတစ်ခုကို ခံစားနိုင်ရန် ကြိုးစားနေသည့်အလား မျက်လုံးများကို မှိတ်ထားပြီး "ဖေးရုန်, မင်း တကယ် သေသွားပြီလား…။ မင်းရဲ့အတွေးတွေကို ငါ ဘာလို့ အာရုံမခံစားနိုင်ရတာလဲ။ ဒါကို ဘယ်သူ လုပ်တာလဲ။ ငါ မင်းအတွက် လက်စားချေပေးမယ်။ မင်း မသေရဘူး။ ငါက လူသားအင်မော်တယ် တစ်ယောက် ဖြစ်လာပြီးနောက်, လေဟာနယ်ဖြိုခွဲခြင်း အထွက်အထိပ်နယ်ပယ်ကို ရောက်ရှိနိုင်လိမ့်မယ်။ ငါ မင်းရဲ့ အတွေးမျှင်တန်းတွေကို ပြန်ယူနိုင်ပြီး၊ မင်းအတွက် မင်းရဲ့ဝိညာဉ်ကို စုဆောင်း ပေးကောင်း ပေးနိုင်လောက် တယ်..."
………………………………………………………………………………………..
"ဒါကို တိုင်ရှန်တာအိုဂိုဏ်းက လုပ်တာလား။ ကောင်းလိုက်တဲ့ စတုတ္ထညီလေး, မင်းမှာ အမိန့်နာခံတဲ့ ခွေးကောင်းတစ်ကောင် ရှိနေတာပဲ။"
အင်ပါယာမြို့တော်၏ အရှေ့ဘက်တွင် ကြီးကျယ်ခမ်းနားလှပြီး မြင့်မားသော ဘုံဗိမာန်များ ရှိနေပါသည်။ မြေပြင်ကို အနီရောင် နိုင်ငံတော် ရွှေရွှံ့အုတ်များဖြင့် ပြုလုပ်ထားပြီး၊ မြေပြင်ပေါ်တွင် တစ်ချက်ပြီးတစ်ချပ် ခင်းထားသည်။ အနက်ရောင် သံမဏိများကြားတွင် ရွှေနှင့်သံမဏိ ရောပြီးပြုလုပ်ထားသကဲ့သို့ ရွှေရောင်ဖြင့် တောက်ပနေ၏။ ပထမဆုံးအကြည့်တစ်ချက်ဖြင့်ပင်, ၎င်းသည် မြင့်မြတ်ပြီး လျှို့ဝှက်ဆန်းကြယ်သော လေထုနှင့် ပြည့်နေပါသည်။
၎င်းသည် အိမ်ရှေ့စံမင်းသား နေထိုင်ရာ အရှေ့ဆောင်နန်းတော် ဖြစ်ပါသည်။ သူသည် အမှန်တကယ်ပင်, ဧကရာဇ်ပြီးလျှင်၊ ဒုတိယဖြစ်ပြီး အခြားသူများထက် သာလွန်ပါသည်။ သူသည် တိုင်းပြည်၏ အိမ်ရှေ့စံ မင်းသား ဖြစ်ပြီး တိုင်းပြည်၏ အခြေခံအုတ်မြစ် ဖြစ်သည်။ အိမ်ရှေ့စံမင်းသားသည် ဤနေရာတွင် နေထိုင်သည်။
ယခုအချိန်တွင် အရှေ့ဆောင်နန်းတော်၌ ရွှေလက်သည်းလေးချောင်းပါ နဂါးဝတ်ရုံနှင့် ရွှေအနီရောင် သရဖူကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ကျယ်ပြန့်သော ကုလားထိုင်ပေါ်တွင် ထိုင်ကာ သက်သေခံမှတ်တမ်း ကို ဖတ်နေရင်း မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်နေသော မိန်းမစိုးကို ကြည့်နေသည်။
နန်းတွင်းအစေခံများ၊ မိန်းမစိုးများနှင့် အစောင့်များစွာတို့သည် အသက်ပင် မရှူဝံ့ဘဲ ထိုင်ခုံပေါ်ထိုင်နေသော ပုဂ္ဂိုလ်ကို မျက်တောင်မခတ်ဝံ့ဘဲ ဝိုင်းကြည့်နေကြ၏။ ပတ်ဝန်းကျင် အငွေ့အသက်က အကယ်၍ ထိုင်ခုံပေါ် ထိုင်နေသော လူသည် သူဒေါသဖြစ်လျှင်, လူတို့၏ အသွေးအသားကို ကိုက်စားကာ, ဘယ်တော့မှ ပြန်လည် မမွေးဖွားနိုင်သည့် အဆုံးမဲ့တွင်းနက်ထဲသို့ ပစ်ချမည့် နတ်ဆိုးဘုရင်များထဲမှ နတ်ဆိုးဘုရင်တစ်ပါး ဖြစ်နေသည့် အတိုင်းပင်။
ထိုင်ခုံပေါ်တွင် ထိုင်နေသည့်လူသည် နတ်ဆိုးဘုရင်များကြားမှ နတ်ဆိုးဘုရင်တစ်ပါး မဟုတ်ဘဲ၊ တော်ဝင်ချန် ၏ အိမ်ရှေ့စံမင်းသား ဖြစ်ပါသည်။ သူ့မျက်နှာက မင်းသားယုနှင့် အနည်းငယ် ဆင်တူပြီး သူတို့သည် သွေးသား ချင်း တူညီကြပါသည်။ သူ၏ရုပ်ရည်အသွင်အပြင်သည် အထူးရက်စက်ကြမ်းကြုတ်ခြင်း မရှိသော်လည်း ဆန့်ကျင်ဘက်အနေဖြင့်, သူ့မှာ ပြတ်သားသော အငွေ့အသက်ရှိ၏။ ရံဖန်ရံခါတွင် သူ၏မျက်ခွံများက မှေးမှိန် သွားကာ ခရမ်းရောင် နက်မှောင်ရောင်ကို ပေါ်လွင်စေပြီး၊ လူတို့အား လွှမ်းမိုးချုပ်ကိုင်မှုနှင့် အကန့်အသတ်မဲ့ ဘုန်းတန်ခိုး အာနုဘော်ကို ပေးစွမ်းနေပါသည်။ မည်သူမည်ဝါ ဖြစ်နေပါစေ၊ သူတို့သည် သူ့အား လက်အောက် ခံရမည်။
သက်သေခံမှတ်တမ်း စကားကို နားထောင်ပြီးနောက် အိမ်ရှေ့စံမင်းသားက သက်ပြင်းရှည်ကြီး ရူထုတ်လိုက်ပါ သည်။ သူက "ဟောင်ချင်းချန်ကို သတ်ပြီး၊ တိုင်ရှန်တာအိုဂိုဏ်းကို စုံစမ်းပါ" ဟု စကားရှစ်ခွန်းသာ ပြောလိုက်ပါ သည်။
အောက်မှ မိန်းမစိုးများသည် ထိုအမိန့်ကို ကြားသောအခါတွင် စကားမပြန်ဘဲ တိတ်တဆိတ် ပြန်ဆုတ်သွားကြ သည်။ သူတို့သည် အိမ်ရှေ့စံမင်းသား၏ စကားကို လိုက်နာရပြီး၊ နောက်ထပ် မေးခွန်းများ မေးခွင့် မရှိတော့ပေ။
………………………………………………………………………………………
အင်ပါယာနန်းတော်, အင်ပါယာမောင်းမမိဿံများ၏ ဥယျာဉ်အတွင်းမှာ….။
ကြင်ယာတော်ယွမ်သည် အဆောက်ဦးတစ်ခုထဲတွင် ငြိမ်သက်စွာ ထိုင်နေပြီး၊ ပန်းကန်လုံးလောက်ကြီးသည့် ပျိုနီပန်းပွင့်များကြားတွင် လှပသော ကခုန်နေကြသည့် လိပ်ပြာများကို မေးထောက်ကာ တိတ်တဆိတ် ကြည့်နေပါသည်။
ထိုအခိုက်တွင်၊ လိပ်ပြာတစ်ကောင်က ရုတ်တရက် ပျံဝဲလာပြီး၊ သူမကို လှည့်ပတ်ကာ၊ ကြင်ယာယွမ်၏ လက်ချောင်းထိပ်ပေါ်သို့ ဝတ်ရည်စုပ်လိုသကဲ့သို့ ဆင်းသက်သွားသည်။
"ဇိယွဲ့.. မင်း ဒီကို ဘာလာလုပ်တာလဲ။"
ကြင်ယာတော်ယွမ်က ပြုံးပြီး မကြားနိုင်လောက်သည့် အသံတိုးတိုးဖြင့် လိပ်ပြာကို စကားပြောသည်။
"အထွဋ်ထိပ်ကောင်းကင်နယ်မြေက ကျောက်ဖေးရုန် အသတ်ခံရပြီး ယင်ယန်မက်မွန်နတ်ဘုရားဓားရဲ့ တည် နေရာကို မသိရသေးဘူး။ ဘယ်သူ လုယူသွားလဲဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး။" လိပ်ပြာ၏အထက်မှ အသံတိုးတိုးလေး ထွက်လာသည်။
"ဟမ်…။ ဒါက တကယ်ကြီးလား…။" ကြင်ယာတော်ယွမ်က လိပ်ပြာလေးကို ပေါ့ပေါ့ပါးပါး ခါထုတ်လိုက်ပြီး၊ လိပ်ပြာလေးလည်း အဝေးကို ပျံသန်းသွားပါသည်။
………..။
“ဒီဓားကို ဘယ်သူမှ မမှတ်မိအောင် လုပ်ရမယ်။ မဟုတ်ရင်, အဆုံးမဲ့ဒုက္ခတွေ ယူဆောင်လာလိမ့်မယ်”။
ဟွမ်လျံမြို့ရှိ တည်းခိုခန်းတွင်, ဟုန်ယွိသည် မုကလေးက အရောင်တင်ဆီပုံးငယ်ကို ယူဆောင်ကာ၊ စုတ်တံဖြင့် "နတ်ဆိုးသတ်" မက်မွန်နတ်ဘုရားဓားပေါ်တွင် ဂရုတစိုက် သုတ်လိမ်းနေသည်ကို ကြည်နေခဲ့ပါသည်။ အရောင်တင်ဆီ အညီအမျှ သုတ်လိမ်းပြီးနောက် ကော်နှင့်ရောစပ်ပြီး ငွေမှုန့်အလွှာဖြင့် ပွတ်တိုက်လိုက်ပါသည်။
အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်အတွင်းမှာ, အသားတံဆိပ်ပါသော ဤကျောက်စိမ်းဓားသည် ပွတ်တိုက်ထား သော သံမဏိနှင့်တူသည့် ငွေရောင်ဓားအဖြစ်သို့ ပြောင်းလဲသွားပါသည်။ မူလနတ်ဘုရားဓားတစ်ချောင်း၏ အရိပ်ယောင် အနည်းငယ်မျှပင် မကျန်ရစ်ခဲ့ပေ။
"မုကလေး, မင်းလည်း တကယ်လို့, အတွင်းမှာ ငွေရောင်ငါးမန်းချပ်ဝတ်ကို ၀တ်ထားပြီး၊ အပြင်မှာ ပေါ့ပေါ့ပါးပါး ပိုထည်၀တ်ထားမယ်ဆိုရင်, ငွေရောင်ငါးမန်းချပ်ဝတ်ရှိနေတာကို ဘယ်သူမှ မပြောနိုင်တော့ဘူး။ ဒီငွေရောင် ငါးမန်းချပ်ဝတ်က မင်းရဲ့အရေပြားနဲ့ အလွန်ကပ်နေမှာဖြစ်ပြီး၊ ချောမွေ့လွန်းတယ်။ ဒါက နှင်းပိုးသား အတွင်းခံ ၀တ်ထားတာထက် ပိုအဆင်ပြေတယ်။"
ဟုန်ယွိက သူ့ဝတ်စုံလက်မောင်းကို လှန်လိုက်ရာ, အတွင်းမှ ငွေမှင်ရောင် သံမဏိမြှားတစ်ချောင်း ထွက်ပေါ်လာ သည်။ ထိုမြှားဖြင့် သူ့အသားအရည်ကို ပွတ်တိုက်လိုက်တိုင်း နူးညံ့ချောမွေ့သည့် ခံစားချက်ကို ခံစားရပြီး၊ သူ အရမ်းကို ကျေနပ်သွားသည်။
ဟောင်ချင်းချန် ပေးသော ငွေရောင်ငါးမန်းချပ်ဝတ်သည် လေးလံမာကျောသည့် သာမန်သားရေချပ်ဝတ်များနှင့် လုံးဝကွဲပြားပြီး၊ ဝတ်ဆင်သည့်အခါ ခန္ဓာကိုယ်ကို ပွတ်တိုက်ခြင်း မရှိပေ။ ယင်းအစား ပိုးသားကဲ့သို့ နူးညံ့မှုရှိပြီး အတွင်းခံအဖြစ် ဝတ်ဆင်နိုင်ပါသည်။ ဤသည်မှာ စစ်သည်များနှင့် စစ်ဗိုလ်ချုပ်များ အိပ်မက်မက်ခဲ့သော သံချပ်ကာနှင့် အဖိုးတန်အဝတ်အစားများ ဖြစ်သည်။
ငွေရောင်ငါးမန်းချပ်ဝတ် စုစုပေါင်း ၅ စုံ ရှိသည်။ ဟုန်ယွိက တစ်ထည်ဝတ်ထားပြီး ရှန်ထိုက်ဇူကို တစ်ထည်၊ မုကလေးနှင့် ချန်ဇီယန်တို့ကို တစ်ထည်စီ ပေးလိုက်သည်။ ၎င်းတို့အားလုံးကို တင်းတင်းကျပ်ကျပ် တပ်ဆင် ထားပြီးနောက် အရေးပေါ်အခြေအနေမျိုးတွင် အသက်အာမခံချက် များစွာ ပေးနိုင်ပါသည်။
"ဟုတ်လား။" မုကလေးက ခေါင်းညိတ်ပြပြီး၊ အရောင်တင်ထားသည့် မက်မွန်နတ်ဘုရားဓားကို ဟုန်ယွိ နံဘေး မှာ ချထားသည်။ ထို့နောက်, ကုတင်ပေါ်ရှိ လေးထောင့်စောင်ကို သပ်သပ်ရပ်ရပ် ခေါက်လိုက်သည် "အစ်ကို ယွိ၊ ကျွန်မ ကိုယ်ခံပညာကို သွားလေ့ကျင့်သွားတော့မယ်။ ကျွန်မ ကျားအရိုးကျောက်စိမ်းဂျယ်ကို လိမ်းထားတော့, ခြေတွေလက်တွေ အရိုးတွေ ပူနွေးလာတယ်။ လိပ်ပြာအကလက်သီးကို သိုင်းပညာကို တစ်လအတွင်း အထွက်အထိပ်ရောက်အောင် လေ့ကျင့်နိုင်ပြီး၊ အထွက်အထိပ် သိုင်းသခင်နယ်ပယ်ထဲ ဝင်ရောက်သွားနိုင်တယ်။ တကယ်လို့, ကျွန်မသာ အနာဂတ်မှာ ရှန်တန်သိုင်းသခင်၊ မဟာဆရာသခင်၊ သိုင်းသူတော်စင်၊ ဒါမှမဟုတ် လူသားအင်မော်တယ်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်ခဲ့ရင်၊ အစ်ကိုယွိအတွက် လက်စားချေဖို့ ဒီထက်မက ပိုပြီး ကူညီပေးနိုင်လိမ့်မယ်။"
"ကောင်းပြီ၊ သိုင်းပညာလေ့ကျင့်ခြင်းရဲ့ အရေးပါပုံကို မင်း နားလည်ရမယ်။ ဆက်လုပ်ပါ။" ဟုန်ယွိက ပြုံးလိုက် ရင်း၊ ချိုင့်ဝှမ်းထဲတွင် မြေခွေးလေးများနှင့် အတူရှိစဉ်တုန်းက နွေးထွေးသော ခံစားချက်က သူ့စိတ်ထဲမှာ ပြန်ပေါ်လာသည်။
"ညီအစ်ကို ဟုန်၊ ဒီနေ့ ငါ ဝက်ဝံသည်းခြေရည်ဝိုင်၊ ကျားသစ်သန္ဓေသားအရွတ်ကြီးထွားဆေးပြား၊ ကျားအရိုးကျောက်စိမ်းဂျယ်ကို အသုံးပြုပြီး၊ ငါ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အသား၊ အရွတ်၊ အရေပြားနဲ့ အရိုးတွေကို သန့်စင်ခဲ့တယ်။ ဒီဆေးတွေက တကယ်ကို ဒိုင်ဇင်ဘုရားကျောင်းရဲ့ ရာစုနှစ် မှော်ဆေးတွေပါပဲ။ ဒီအတိုင်း ဆက်သွားရင်, တစ်လအတွင်းမှာပဲ, ငါ အရင်က မကျွမ်းကျင်သေးတဲ့ ငါးနဂါးအသွင်ကူးပြောင်းခြင်းကိုးသွယ်ရဲ့ အမြင့်ဆုံး အသေးစိတ် အချက်အလက် အားလုံးကို ကျွမ်းကျင်ပြီး၊ ငါးနဂါး အသွင်ကူးပြောင်းခြင်းကိုးသွယ်ရဲ့ အပြိုင်ပညာရပ်ကို လေ့ကျင့်ရင်း နဂါးကြေးခွံ ရွှေကိုယ်ထည်အဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်။"
မုကလေးသည် အခန်းထဲမှ ပြန်ထွက်သွားပြီး ချက်ချင်းဆိုသလိုပင် ချီဇီယန်က ရုတ်တရက် ပြေးဝင်လာပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
"နဂါးကြေးခွံ ရွှေကိုယ်ထည်လား…" ဟုန်ယွိ ခေါင်းကို မော့လိုက်သည်။
"ဟုတ်တယ်၊ ဒါက နဂါးကြေးခွံ ရွှေကိုယ်ထည်ပဲ။ အတွေးတစ်ချက်နှင့်အတူ သူ့ခန္ဓာကိုယ် တစ်ခုလုံးပေါ်ရှိ ကြွေးခွံတွေနှင့် အရေပြားတွေက လှုပ်ခါနေသော နဂါးအကြေးခွံ ချပ်ဝတ်ကဲ့သို့ တရွှင်ရွှင်အသံတွေ ထွက်ပေါ် ရင်း သက်ဝင် လှုပ်ရှားနေပါသည်။”
ချီဇီယန်က ရှင်းပြသည်။
"တကယ်လို့, မင်း ဒီပညာရပ်ကို ကျွမ်းကျင်ပြီးသွားရင်, ကျောက်ဖေးရုန်လို ပညာရှင်မျိုးကို တိုက်နိုင်မှာလား။" ဟုန်ယွိက မေးသည်။
"ဒါတော့ မဖြစ်နိုင်ဘူး။ ကျောက်ဖေးရုန်ရဲ့ လက်သီးစွမ်းရည်က မဟာဆရာသခင်အဆင့်ကို ရောက်ရှိနေပြီ။ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်က အတူပေါင်းစည်းမူ မရှိသေးရင်, ငါ့အနေနဲ့ သူမနဲ့အဆင့်တူ ပညာရှင်မျိုးကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ကံကောင်းထောက်မစွာပဲ သူမက တာအိုကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေခဲ့ ပြီး, ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် အတူပေါင်းစည်းမူကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ တကယ်လို့, သူမ သာ ထိုကဲ့သို့အဆင့်မျိုးရောက်နေတဲ့ မဟာဆရာသခင်တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်, ငါတို့အနေနဲ့ ထွက်ပြေးဖို့ အချိန်မရမှာတောင် စိုးရတယ်။"
"သူမရဲ့ လက်သီးပညာရပ်နဲ့ ကိုယ်ခံပညာရပ်တွေက တကယ်ကို အစွမ်းထက်လွန်းတယ်..." ဟုန်ယွိက တဖက် လူ၏ လက်ထဲမှာ လှံတစ်လက်ရှိစဉ်တုန်းက အချိန်ကို ပြန်ပြောင်းသတိရရင်း ပြောသည်။ သူ၏ မက်မွန် နတ်ဘုရားဓား၏ စွမ်းအားက အလွန်အစွမ်းထက်ပြီး၊ အလွန်လျင်မြန်သော်လည်း ၎င်းကို လှံဖြင့် ပိတ်ဆို့ပြီး၊ လေရဟတ်ကဲ့သို့ လှည့်ပတ်နိုင်နေဆဲ ဖြစ်သည်။ ချီဇီယန်၏ ကောင်းကင်မြွေမြှားကိုးစင်းသာ သူမအား ရုတ်တရက် ချုပ်နှောင်မထားခဲ့ပါက သူမကို သတ်ဖြတ်နိုင်ခြင်း မရှိမှာပင် စိုးရပါသည်။
"သိုင်းပညာက တာအိုမှော်ပညာကို ယှဉ်နိုင်ပုံမရပေမယ့်၊ ရှေ့ဆက်လျှောက်လေ, ပိုပြီး နားမလည်နိုင်လောက် အောင် ဖြစ်လာတယ်။ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် ပေါင်းစည်းထားနိုင်တဲ့ ရှန်တင်သိုင်းသခင်တွေ ဒါမဟုတ်, မဟာဆရာသခင်တွေနဲ့ သိုင်းသူတော်စင်တွေဟာ ဘယ်လောက်တောင် တန်ခိုးကြီးမလဲဆိုတာ ငါ သိချင်မိ သား..။”
ဟုန်ယွိသည် နောက်ဆုံးတွင် လက်သီးပညာရပ်များ၏ အစွမ်းကို မြင်တွေ့ခဲ့ရသော်လည်း၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် တစ်သားတည်းဖြစ်နေပြီး၊ သိုင်းသူတော်စင်နယ်ပယ် အထွက်ထိပ်တွင်ရှိနေပြီး၊ ဆန်းကြယ် ကောင်ကင်ဘုံခန်းမ၏ သခင်ကိုယ်တိုင်က လူသားအင်မော်တယ်တစ်ပါးအဖြစ် အလားအလာအကောင်းဆုံး လူတစ်ယောက်အဖြစ် အကဲဖြတ်ခံရသည့် အကန့်သတ်မဲ့ အလားလာနှင့် အသန်မာဆုံးလူဖြစ်သည့် ဟုန်ရွှန်ကျိ အကြောင်းကို တွေးကြည့်လိုက်သောအခါတွင်, ဟုန်ယွိသည် အခြေအနေက ဆိုးရွားသည်ဟု ခံစားခဲ့ရသည်။
"ကျောက်ဖေးရုန်က အရမ်းအစွမ်းထက်တယ်၊ ဟုန်ရွှန်ကျိက ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ ငါ သိချင်မိတယ်။ ငါ နတ်ဆိုးသတ်ဓားကို သုံးရင်တောင် သူ့ကို လုံးဝ မထိခိုက်နိုင်မှာ စိုးရတယ်" ဟုန်ယွိသည် သူ့စိတ်ထဲတွင် သေသေချာချာ စဉ်းစားနေမိသည်။
ကောင်းကင်ဘုံ သေမင်းဘီးလက်သီးပညာရပ်ကို တွေ့မြင်ပြီးနောက် ဟုန်ယွိသည် ဟုန်ရွှန်ကျိသည် ပို၍ပင် နားလည်နိုင်စွမ်းမရှိဟု ခံစားခဲ့ရသည်။
"ညီအစ်ကို ဟုန်, ငါသိုင်းလေ့ကျင့်ဖို့ ငါ့အခန်းကို ပြန်တော့မယ်။ မင်း ကိုယ့်ဘာသာပဲ စဉ်းစားနေတော့။" ချီဇီယန်သည် ဟုန်ယွိက တစ်ခုခုကို တွေးနေသည်ကို မြင်တွေ့လိုက်ရသောကြောင့် နှုတ်ဆက်ပြီး ထွက်သွားခဲ့သည်။
"အင်…။ မနက်ဖြန်မနက် ငါတို့ ထမင်းစားဖို့ ဟွမ်လျံမြို့ထဲက ဟွမ်လျံစားသောက်ဆိုင်ကို သွားကြရအောင်။ ဒီမှာ ဟွမ်လျံမြို့ထမင်းက ကျောက်စိမ်းမြို့တော်မှာတောင် နာမည်ကြီးပေမယ့် ငါ တစ်ခါမှ မစားဖူးဘူး။ ညစာ စားပြီးမှ တောင်ပိုင်းဒေသကို ခရီးဆက်ကြမယ်။"
ဟုန်ယွိက သူ့ကို လှမ်းအော်ပြောသည်။
"ကောင်းပြီ။" ချီဇီယန်က သဘာဝအတိုင်း သဘောတူပြီး သူ့အခန်းကို ပြန်သွားခဲ့သည်။
ချီဇီယန် ထွက်သွားပြီးနောက် ဟုန်ယွိက မတ်တပ်ထရပ်ပြီး "ကျားအရိုးကျောက်စိမ်းဂျယ်"ကို စားပွဲပေါ် တင်ပြီး၊ ဇွန်းတစ်ဇွန်းဖြင့် ကော်ယူကာ လိပ်ပြာအကလက်သီးနှင့် ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးပညာရပ်ကို တပြိုင်နက် စတင်လေ့ကျင့်ခဲ့သည်။ ဤလက်သီးပညာရပ် နှစ်သွယ်ကို ပေါင်းစပ်လိုက်သည်နှင့် တပြိုင်နက် အတိတ်ဗုဒ္ဓကို ချက်ချင်း မြင်ယောင်ပြီး၊ ခန္ဓာကိုယ်ရှိ အဆစ်တိုင်းမှ တုနိုင်းမရသော လန်းဆန်းမှု အာရုံများ တိုးဝင်လာသည်။
ကျားအရိုးကျောက်စိမ်းဂျယ်၏ ဆေးဖက်ဝင်စွမ်းအားကို အပြည့်အဝ အသုံးချခဲ့ပြီး လက်သီးပညာရပ်နှစ်ခုကို အတူတကွ လေ့ကျင့်ခြင်းဖြင့် ယင်နှင့်ယန်တို့သည် ပေါင်းစပ်သွားခဲ့ကြသည်။
ဟုန်ယွိသည် မကြုံစဖူးသော အခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။
ရုတ်တရက် သူ့တစ်ကိုယ်လုံး ဖောက်ထွင်းမြင်ရသလို ခံစားလိုက်ရပြီး သူ့အရိုးတွေက သူ့မျက်လုံးရှေ့မှာ တစ်ခုပြီးတစ်ခု ပေါ်လာနေသည်။ သူ့ခန္ဓာကိုယ်မှာ အရိုးပေါင်း ၂၀၆ ခုရှိပြီး တစ်ခုချင်းစီက မတူကွဲပြားကြသည်။ အချို့က နုနယ်ပြီး၊ အချို့ကမာကျောကာ၊ အချို့ကတော့ အနည်းငယ် လျော့တွဲကျနေသည်။ အခြေအနေ အမျိုးမျိုးက သူ့စိတ်ထဲတွင် တစ်ခုပြီးတစ်ခု စီးဆင်းသွားခဲ့သည်။
လက်ဖဝါးပေါ်ရှိ လက္ခဏာများကို ကြည့်နေရသကဲ့သို့ ခန္ဓာကိုယ်အနှံ့ အဆစ်များက ကြည်လင်နေလေသည်။
ဟုန်ယွိသည် သိုင်းသခင်တစ်ယောက်၏ အရိုးလေ့ကျင့်ရေး နယ်ပယ်ထဲသို့ ဖြည်းဖြည်းမှန်မှန် ဝင်ရောက်လာ ကြောင်း သူ သိလိုက်သည်။
သူ၏ လက်သီးပညာရပ်ကို လေ့ကျင့်နေရင်း သူသည် စစ်မှန်သော သိုင်းသခင်တစ်ဦး ဖြစ်လာခဲ့ပါသည်။
သူသည် သိုင်းသခင်နယ်ပယ်ထဲသို့ ဝင်ရောက်လာသည်ဟု ခံစားမိပြီးနောက် ဟုန်ယွိသည် မရပ်တန့်ဘဲ "လိပ်ပြာအကနှင့် ကျားနတ်ဆိုးလက်သီးပညာရပ်" နှစ်ခုကို ထပ်ခါထပ်ခါ လေ့ကျင့်နေရင်း ယင်နှင့်ယန်၊ ပျော့ပျောင်းမှုနှင့် မာကျောမှု၊ ပေါ့ပါးမှုနှင့် လေးလံမှု၊ အစွန်းရောက် အနေအထားနှစ်ခုကို သူ့ခန္ဓာကိုယ်တွင် လှည့်ပတ်ပြီး လေ့ကျင့်နေခဲ့သည်။
ဆယ်ကြိမ်ထက်မနည်း လေ့ကျင့်ပြီးနောက်၊ ဟုန်ယွိသည် သူ့ကိုယ်တိုင်ရော ကမ္ဘာကြီးကိုပါ လုံးဝ မေ့လျော့သွားသည့် အခြေအနေသို့ ရောက်ရှိသွားပါသည်။ သူ့မှာ အတွေးတွေ ရှိနေပုံရပေမယ့် သူ့ခန္ဓာကိုယ်က လက်သီးပညာရပ်ကို လေ့ကျင့်နေဆဲဖြစ်ကာ၊ လုံးဝမထင်မှတ်ထားသည့် ယင်ယန်စက်ဝိုင်းထဲသို့ ကျရောက်သွားသည့်အလား သူ့ခန္ဓာကိုယ်က လှုပ်ရှားနေဆဲပင်။
လေ့ကျင့်ပါ…။ လေ့ကျင့်ပါ...
ဟုန်ယွိ၏ စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ တိတ်တဆိတ် ခွဲခွာသွားပြီး၊ လေထဲတွင် ပျံဝဲကာ တင်ပျဉ်ခွေ ထိုင်နေလေသည်။
သို့သော် သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားသော်လည်း သူ၏ခန္ဓာကိုယ်သည် ရပ်တန့်သွားခြင်း မရှိပေ။ ယင်းအစား သူသည် ဆက်လက်လှုပ်ရှားကာ ခန္ဓာကိုယ်ကို လှုပ်ယမ်းနေရင်း "လိပ်ပြာအကနှင့် ကျားနတ်ဆိုးလက်သီးပညာရပ် " များကို ဆက်လက်လေ့ကျင့်နေခဲ့သည်။
"ဒါက စိတ်ဝိညာဉ်ကို ခွဲထွက်ပြီး သိမ်းပိုက်ခြင်းနယ်ပယ်မှ မဟုတ်တာ။ ငါ ဒီအဆင့်တောင် မရောက်သေးပါဘူး။ ဘာဖြစ်နေတာလဲ"
ဟုန်ယွိသည် ထိုအခြေအနေကို မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။
တာအိုပညာရပ်များကို ကျင့်ကြံသူများသည် စိတ်ဝိညာဉ်ကို ခွဲထွက်ပြီး၊ တစ်ချိန်တည်းမှာ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားနိုင်ဖို့ဆိုလျှင်, ၎င်းတို့သည် စိတ်ဝိညာဉ်နှင့် စိတ်ကို ခွဲထုတ်နိုင်သည့်အခြေအနေသို့ ရောက်ရှိနေ ရန် လိုအပ်ပါသည်။
ဆိုလိုသည်မှာ, သင်၏စိတ်ဝိညာဉ်ကို အစိတ်ပိုင်းအများပြား ခွဲခြမ်းလိုက်ခြင်း ဖြစ်သည်။
ယခုမူ ဟုန်ယွိ၏ တာအိုမှော်ပညာရပ်သည် အရာဝတ္ထုကို မောင်းနှင်ခြင်းအဆင့်သို့သာ ရောက်ရှိနေသေးပြီး၊ ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်းနှင့် စိတ်ဝိညာဉ်ကို အစိတ်အပိုင်းများစွာ ခွဲထုတ်ခြင်းအဆင့်ကို မဆိုထားနှင့်, ရုပ်လုံးဖော်ခြင်းအဆင့်သို့ပင် မရောက်ရှိသေးပါချေ။ (အစောပိုင်း စိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့်များကို သတ်မှတ်ပြစဉ်တုန်းက စိတ်ကူးပုံဖော်ခြင်းအဆင့် သိမ်းပိုက်ခြင်းအဆင့်ဆိုပြီး ရေးသားခဲ့ပါသည်။ ယင်းက လည်း possession, possession ဆိုပြီး နှစ်ခုထပ်နေသည့်အတွက် အဆင်ပြေမည်ထင်သလို ပြန်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ, သိမ်းပိုက်ခြင်းနှင့် စိတ်ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ဟူ၍ ပြင်ဆင်ရေးသားပါတော့မည်)။
ထို့ကြောင့် ခန္ဓာကိုယ်က လှုပ်ရှားရန် မဖြစ်နိုင်ပေ။
ထို့အပြင် ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ထဲတွင် အတွေးတစ်ခုမျှ မရှိဟု ခံစားမိသည်။ ယခု, သူသည် လက်သီးပညာ ရပ်နှစ်ကို လေ့ကျင့်နေချိန်မှာ လိပ်ပြာတစ်ကောင်နှင့် ကစားနေသည့် ကျားတစ်ကောင်၏ ကိုယ်နေဟန်ကဲ့သို့ လုံးဝ လျှို့ဝှက်ဆန်းကြယ်သော အလေ့အထများ ဖြစ်ပေါ်လာသည်။
"စည်းမျည်းတွေ မရှိသလို အတွေးလည်းမရှိ။ လူတစ်ယောက် အိပ်ပျော်နေရင်တောင် သူက လက်သီးပညာရပ် ကို လေ့ကျင့်နေတုန်းပဲ။" ရုတ်တရက် ဘုန်းတော်ကြီးယန်ယွဲ့၏ မှတ်ချက်များက ဟုန်ယွိ၏စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။
သူ့ခန္ဓာကိုယ်သည် မသိလိုက်ဘဲ သိုင်းပညာရှင်တို့ အိပ်မက်မက်ခဲ့ရသော "အတွေးမရှိ ငြိမ်သက်မူအခြေအနေ" အမြင့်ဆုံးအခြေအနေသို့ ဝင်ရောက်သွားကြောင်း တွေ့ရှိရသည်။
အတွေးမရှိ ငြိမ်သက်မူအခြေအနေသည် ယင်နှင့်ယန်အကြား သဟဇာတဖြစ်မှုအခြေအနေထက် ပိုမို လျှို့ဝှက် ဆန်းကြယ်ပြီး ကြိုတင်မှန်းဆ၍ မရပေ။
ဒိုင်ဇင်ဘုရားကျောင်းတွင် သိုင်းပညာရပ်များအပေါ် လုံးလုံးလျားလျား မြှုပ်နှံထားကြသည့် ဘုန်းတော်ကြီး အချို့သည် ၎င်းတို့၏ စိတ်ထဲတွင် မည်သည့်အနှောင့်အယှက်မှ မရှိကြတော့ပေ။ သူတို့သည် ကိုယ်ခံပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြပြီး၊ ကျင့်သားရလာကာ အိပ်ပျော်နေချိန်တွင်ပင် ၎င်းတို့၏ ခန္ဓာကိုယ်သည် မသိစိတ်ကြောင့် နိုးထလာပြီး၊ လက်သီးပညာရပ်များကို သတိမပြုမိဘဲ ပုံစံအမျိုးမျိုးသော လက်သီးပညာရပ် လှုပ်ရှားမှုများကို ပြုလုပ်နိုင်ကြသည်။ သို့သော် ၎င်းတို့သည် ထိုဖြစ်ရပ်ကို လုံးဝ သတိမထားမိဘဲ စိတ်ရှုပ်ထွေး ပြီး၊ ပရမ်းပတာဖြစ်နေသကဲ့သို့ ကြောင်တက်တက် ဖြစ်နေတတ်ကြသည်။ ဤသည်မှာ အတွေးမရှိ ငြိမ်သက်မူ အခြေအနေ ဖြစ်ပါသည်။
ဤအခြေအနေတွင် ကိုယ်ခံပညာကို လေ့ကျင့်ခြင်းက အခြားအခြေအနေတွေမှာ ကိုယ်ခံပညာလေ့ကျင့်ခြင်း ထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမိုကောင်းမွန်ပါသည်။
အတွေးမရှိ ငြိမ်သက်မူအခြေအနေ……
ဟာကူဇိယွဲ့သည် အသက်ဆယ့်ငါးနှစ်တွင် သိုင်းသူတော်စင် သိုင်းပညာရပ်ကို အောင်မြင်ခဲ့ကြောင်း ဟုန်ယွိအား ရံဖန်ရံခါ ပြောခဲ့ဖူးပြီး၊ သူသည် ယင်နှင့်ယန်ကို သဟဇာတဖြစ်သည့် အခြေအနေအထိ လေ့ကျင့်နိုင်ခြင်းမှာ အင်မော်တယ်ဝတ်ရည်ဝိုင်ကြောင့် ဖြစ်သည်။ သို့ရာတွင်၊ သူသည် " အတွေးမရှိ ငြိမ်သက်မူခြင်း" ဟူသော အခြေအနေသို့ အမှန်တကယ် မရောက်ရှိခဲ့ပေ။
ဟာကူဇိယွဲ့က ရံဖန်ရံခါ သက်ပြင်းချပြီး ငြီးတွားတတ်သည်။ အကယ်၍, သူသည် ထိုအခြေအနေမျိုးဖြင့် နှစ်ပေါင်းများစွာ ကိုယ်ခံပညာကို ဆက်လက်လေ့ကျင့်နိုင်မည်ဆိုလျှင်, သူ့ကိုယ်ခံပညာကို အထွတ်အထိပ်သို့ မရောက်ရှိနိုင်အောင် ပိတ်ဆို့ထားသည့် တာအိုပညာရပ်များ၏ အတားအဆီးများကိုပင် ချိုးဖျက်နိုင်လိမ့်မည်ဟု ပြောခဲ့ဖူးသည်။
တာအိုပညာရပ်ကို ကျင့်သုံးသူများသည် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို တစ်သားအဖြစ် မပေါင်းစည်း နိုင်ကြဘဲ ၎င်းတို့၏ စိတ်ဝိညာဉ်က ခွဲထွက်နေကြသည်။ အများဆုံး၊ သူတို့သည် သိုင်းသူတော်စင်နယ်ပယ်၏ ကနဦးအဆင့်သို့သာ ရောက်ရှိနိုင်ပြီး၊ နောက်ထပ် မတိုးတက်နိုင်ကြတော့ပေ။
သို့သော်, အကယ်၍, လူတစ်ဦးသည် အတွေးမရှိ ငြိမ်သက်မူအခြေအနေအထိ ကိုယ်ခံပညာကို လေ့ကျင့်နိုင်လျှင် ဤကန့်သတ်ချက်ကို ချိုးဖျက်နိုင်ပါသည်။