← Chapters

အခန်း (၁၁၆-၁၁၉)

Vol. 9 Ch. 116-119

အခန်း (၁၁၆-၁၁၉)

Vol. 9 Ch. 116-119

အပိုင်း (၁၁၆)။

"ဒါဆိုရင်လည်း မင်းတို့ရဲ့ အတွေးတွေကို စွန့်လွှတ်ပြီး ငါ့ကို ကိုးကွယ်ခွင့်ပြုမယ်။ မိုးကောင်းကင်က ကြင်နာ သနားတတ်တယ်။ ငါက လူသတ်သမားတစ်ယောက် မဟုတ်ပါဘူး။" ဟုန်ယွိ၏အသံက ကျယ်လောင်စွာ ထွက်လာနေဆဲ ဖြစ်သော်လည်း အသုရာနတ်ဆိုးဘုရင်ကြီးသည် သူ၏ခြေချောင်းနှစ်ချောင်းကို လွှတ်ပေး လိုက်ပြီး၊ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့၏ စိတ်ဝိညာဉ်များကို ဖိနှိပ်ခြင်း မပြုတော့ပေ။

ဖိနှိပ်မှုမှ လွတ်မြောက်သွားခဲ့သော်လည်း၊ ဓားကိုယ်ထည်တစ်ခုလုံးသည် ကြီးမားကျယ်ပြန့်ပြီး ရက်စက် ကြမ်းကြုတ်သော အတွေးအမြင်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်ပြီး၊ နတ်ဆိုးပုံရိပ်အမျိုးမျိုးနှင့်အတူ မှောင်မိုက် သော တွင်းနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားကာ၊ စိတ်ဝိညာဉ်များသည် ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ဘဲ၊ ဘယ်မှသွားစရာ နေရာမရှိပေ။

၎င်းသည် အသုရာဘုရင်နတ်ဆိုးကို ဟုန်ယွိ၏ စိတ်ကူးပုံဖော်ချက်နှင့်အတူ ဆင့်ကဲဖြစ်ပေါ်လာသော အမှောင်ထု တွင်းနက်ကြီး ဖြစ်ပါသည်။ ၎င်းဖြစ်စဉ်သည် ကြယ်စင်စုဝဲဂယက်ဖြင့် ထောင်ချောက်ဆင်ရန် အသုံးပြုသည့် ကျောက်ဖေးရုန်၏ နည်းလမ်းနှင့် အလွန်ဆင်တူသည်။

ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် ရက်စက်ကြမ်းကြုတ်သည့် အတွေးများ၏ ပြင်းထန်သော ဖိအားကို မခံစားနိုင်ကြတော့ပါဘူး။ သူမတို့သည် ပြန်လှန်ထိုင်လိုက်ကြပြီး၊ အလွန်ကြီးမားသော အသုရာနတ်ဆိုး ဘုရင်ကြီးကို ကြည့်လိုက်ပါသည်။ သူမတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီးနောက် သူမတို့ မည်သည့်အကြောင်း ဆက်သွယ်ပြောဆိုနေမှန်း မသိရပေ။

ထို့နောက် သူတို့နှစ်ယောက်သည် လက်အုပ်ချီကာ ဗောဓိသတ္တ၊ ဗုဒ္ဓ သို့မဟုတ် တာအိုဘိုးဘေးများကို ကိုးကွယ်နေသကဲ့သို့ မဟာအသုရာနတ်ဆိုးဘုရင်ကြီးအား ရှိခိုးကိုးကွယ်ကြသည်။

ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါသော ဤကြီးမားသော အသုရာနတ်ဆိုးဘုရင်ကြီးသည် ဦးခေါင်းခွံလှံတံ၊ ဝံပုလွေအစွယ်ဓား၊ အမွှားဓားတစ်ချောင်းနှင့် မြွေဦးခေါင်းလေးတစ်ချောင်းကို ကိုင်ဆောင်ထားကာ၊ ယင်းက ဟုန်ယွိ၏ ရက်စက်ကြမ်းကြုတ်သော အတွေးအမြင်များကို ပေါ်လွင်ထင်ရှားစေပါသည်။ ၎င်းသည် လှည့်စားခြင်းမဟုတ်ဘဲ၊ လက်တွေ့နှင့် ထင်ယောင်ထင်မှား ပုံရိပ်ယောင်တို့ကြားရှိ တည်ရှိမှုတစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဓားအတွင်း၌ ဟုန်ယွိသည် အသုရာနတ်ဆိုးဘုရင်အား ရုပ်ခန္ဓာကိုယ် အစစ်မှန် အဖြစ်သို့ ပြောင်းလဲပစ်ရန် လုံလောက်သော တစ္ဆေအင်မော်တယ်တစ်ပါး၏ စွမ်းအားရှိသည်။ ဤကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော အတွေးမြင်များသည် အစစ်မှန်ဖြစ်ပြီး၊ အတုယောင် မဟုတ်ပေ။ ၎င်းသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဖြိုခွဲပြီး လွင့်ပျယ်သွားစေရန် လုံလောက်ပါသည်။

သို့သော်၊ ဟုန်ယွိသည် အကယ်၍, သူသည် ဓားကိုယ်ထည် အပြင်ဘက်မှာဆိုလျှင်, အသုရာနတ်ဆိုးဘုရင်၏ စွမ်းအားကို အစစ်မှန် အသွင်ပြောင်းရန် အလွန်အားနည်းနေသေးသည်ဟု ခံစားမိသည်။ သူသည် အဆင့်တစ်ဆင့် မြင့်မားသည့် အသုရာနတ်ဆိုးဘုရင်ကို မဆိုထားနှင့်၊ ရှက်ချာဆာနတ်ဆိုးဘုရင်ကိုပင် မသိပ်သည်းနိုင်ပါချေ။

"အမွှေးနံ့သာဖြင့် ပူဇော်မူကို လက်ခံတာလား။ သက်ရှိသတ္တဝါအားလုံးရဲ့ ရိုသေကိုင်းရှိုင်းမူ အတွေးအမြင်တွေက ယင်စိတ်ဝိညာဉ်ကို အားကောင်းစေပြီး၊ နောက်ဆုံးမှာ အစစ်မှန် နတ်ဘုရားတစ်ပါး ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးနိုင်တယ်။ အဲဒါက အတိအကျ ဘာတွေဖြစ်မလဲ" ထိုအချိန်တွင်၊ ဟုန်ယွိသည် တာအိုပညာရပ်များ နှင့် စိတ်ဝိညာဉ်ကို အနက်ရှိုင်းဆုံး စူးစမ်းလေ့လာရန် စတင်နေပြီ ဖြစ်သည်။

ယခုပင် သူမသည် အမျိုးသမီးနှစ်ယောက်၏ စကားကြောင့် စိတ်လှုပ်ရှားနေပြီး စူးစမ်းရန် စိတ်ကူးရှိနေခဲ့သည်။

မက်မွန်နတ်ဘုရားဓားအတွင်းမှာ, သူသည် အခြေအနေကို လုံး၀ ထိန်းချုပ်နိုင်ခဲ့သည်။

ယောင်ချီဂိုဏ်း၏ တပည့်နှစ်ယောက်တွင် ဟွာနွန်းယွီသည် အရာဝတ္ထုထိန်းချုပ်ခြင်း နယ်ပယ်တွင်သာ ရှိနေ သေးပြီး၊ ကျန်တစ်ဦးဖြစ်သည့် ဟွာနွန်ယင်၏ တာအိုပညာရပ်က အနည်းငယ် မြင့်မားသော်လည်း မုရုန်ယန် လောက် ကောင်းမွန်ခြင်းမရှိပေ။ ထိုကဲ့သို့ ကျင့်ကြံမူအဆင့်ဖြင့်၊ ဟုန်ယွိသည် မက်မွန်နတ်ဘုရားဓား အတွင်း၌ မဆိုထားနှင့် အပြင်ဘက်တွင် တိုက်ခိုက်ရလျှင်ပင်, ကြောက်လန့်နေမည် မဟုတ်ပေ။

လက်နှစ်ဖက်ယှက်ကာ အရိုသေပေးနေသည့် အမျိုးသမီးနှစ်ယောက် ဖြစ်သော ဟွာနွန်ယင် ဟွာနွန်းယွီတို့ အပေါ် ကြီးမားသော အတွေးလှိုင်းတစ်ခုက ပျံ့နှံ့နေခဲ့သည်။ အမျိုးသမီးနှစ်ဦး၏ စိတ်ဝိညာဉ်များမှ ထူးဆန်း သော အတွေးတစ်ခု ထုတ်လွှတ်နေမှန်း ဟုန်ယွိသည် တဖြည်းဖြည်း သိရှိလာခဲ့သည်။ ထိုအတွေးလှိုင်းသည် အလွန်ရိုးသားပြီး ကြည်ညိုဖွယ်ကောင်းလှသည်။ ထိုအတွေးလှိုင်းသည် ယုံကြည်မှု၊ အားကိုးမှု၊ အားနည်းမူ စသည်ဖြင့် သူ့အပေါ် အရာအားလုံးကို လုံးလုံးလျားလျား ဖွင့်ဟထားသည်။

"ဒါက အတွေးနံ့သာတိုင်နဲ့ အလိုဆန္ဒရဲ့စွမ်းအားလား"

ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်နှင့် ယှဉ်တွဲနေသော ထိုအမျိုးသမီးနှစ်ယောက်၏ အတွေးများကို ခံစားလိုက်ရ၏။ သူသည် ၎င်းတို့ကို ငြင်းပယ်မည့်အစား အသက်ပြင်းပြင်းရှူကာ ထိုအတွေးများကို သူ့စိတ်ဝိညာဉ်ထဲသို့ မြန်မြန် ဆန်ဆန် ပေါင်းစပ်ခွင့်ပေးလိုက်သည်။

အကယ်၍, ဟုန်ယွိသည် ထိုအတွေးများနှင့် ရောယှက်လိုခြင်း မရှိပါက, သူသည် ရိုးရှင်းသော အတွေးတစ်ချက် ဖြင့်, အလွယ်တကူ ဖျောက်ဖျက်နိုင်သော်လည်း၊ ယခုအခါ အတွေးနံ့သာတိုင်နှင့် အလိုဆန္ဒ၏စွမ်းအားကို နားလည်ရန် ကြိုးစားနေပါသည်။

လီယန်၏ "အိမ်တွင်းမှတ်စုများ" ကို ဖတ်ကြည့်စဉ်တုန်းက, သူသည် အတွေးနံ့သာတိုင်နှင့် အလိုဆန္ဒ၏စွမ်းအား ဖြင့် နတ်ဘုရားများနှင့် ဗုဒ္ဓများ ဖြစ်လာနိုင်သည့်အကြောင်း ပြောပြာထားသည်ကို သူ ကြားသိခဲ့ဖူးသည်။ ဟုန်ယွိသည် အတွေးနံ့သာတိုင်နှင့် အလိုဆန္ဒ၏စွမ်းအားက မည်သည့်အရာ ဖြစ်သည်ကို အမြဲ တွေးတောနေခဲ့ ပြီး၊ ယခု သူသည် နောက်ဆုံးတွင် နားလည်သွားခဲ့ပါပြီ။

"ဒီလိုအတွေးမျိုးက ငါ့စိတ်ဝိညာဉ်ကို သန်မာစေတာလား" ဟုန်ယွိသည် ဤအတွေးကို သူ့စိတ်ထဲသို့ စုပ်ယူပြီး နောက်၊ အားဖြည့်ဆေး သောက်လိုက်သကဲ့သို့ ကျယ်ပြန့်လာသည်ကို ခံစားလိုက်ရသည်။ သူ့စိတ်ဝိညာဉ်သည် ပိုသန်မာလာသည်ကို အမှန်ပင် ခံစားနိုင်သည်။

"မအံ့သြတော့ဘူး၊ ကမ္ဘာတဝှမ်းက တာအိုဝါဒီ အများအပြားက ဂိုဏ်းခွဲတွေ တည်ထောင်ပြီး လူတွေကို ကိုးကွယ်ဖို့ အရိုသေပေးပြီး ယဇ်ပူဇော်ဖို့ ဖိတ်ခေါ်ကြတာ အံ့ဩစရာ မရှိတော့ပါဘူး။ အတွေးနံ့သာတိုင်နဲ့ အလိုဆန္ဒစွမ်းအားက စိတ်ဝိညာဉ်ကို တကယ် သန်မာစေတာပဲ။ ဒါက ဘယ်မှော်ဆေးဝါးတွေထက်မဆို ပိုပြီး မြန်ဆန်တယ်။”

ဟုန်ယွိသည် ဤအတွေး၏ အကျိုးကျေးဇူးနှင့်, စိတ်ဝိညာဉ် သန်မာလာခြင်း၏ အကျိုးကျေးဇူးများကို အမှန်တကယ် ခံစားခဲ့ရသည်။

ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်ကို တိုးမြှင့်ပေးနိုင်သည့် ထိုအတွေးများ၏ အကျိုးကျေးဇူးကို ခံစားလိုက်ရချိန်မှာ, ရုတ်တရက်၊ ဒီရေလှိုင်းကဲ့သို့ အတွေးများစွာနှင့် မှတ်ဉာဏ်များစွာတို့က ဟုန်ယွိ၏စိတ်ဝိညာဉ်ထဲသို့ လျင်မြန်စွာ လွှမ်းခြုံသွားသည်။

၎င်းတို့သည် အမျိုးသမီးနှစ်ဦးဖြစ်သည့် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ထံမှ ဖြစ်သည်။ သူမတို့၏ အတွေ့အကြုံ များ၊ အမှတ်တရများ၊ ကိုယ်ခံပညာများ၊ တာအိုပညာရပ်များ၊ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ ပူဆွေးမှုနှင့် စိုးရိမ်သောကတို့ကဲ့သို့ အဆုံးမရှိသည့် စိတ်ခံစားမှုများအပြင်, ကြီးမားသည့် စိတ်ရှုပ်ထွေးမူများလည်း ရှိနေခဲ့ သည်။

တခဏချင်းမှာပင်၊ ဟုန်ယွိသည် လူဝင်စားနှစ်ယောက်၏ ထိတ်လန့်ဖွယ် အတွေ့ကြုံကို ခံစားနေရသည့်အတိုင်း ခံစားရပါသည်။ အမျိုးသမီးနှစ်ယောက်၏ ဘ၀တစ်လျှောက်လုံး အတွေ့အကြုံတွေအားလုံးက သူ့စိတ်ထဲမှာ ထင်ပေါ်လာသည်။ မျက်လုံးတစ်မှိတ်အတွင်းမှာပင်, ဤအမျိုးသမီး နှစ်ယောက်၏ ဘဝအတွေ့အကြုံများက သူ့စိတ်နှင့် စိတ်ဝိညာဉ်ကို ပြိုလဲလုနီးပါးအထိ တုန်လှုပ်စေခဲ့ပါသည်။

"ဒါဆို, ဒါက ဒီလိုပေါ့။ ငါ နားလည်ပြီ။ တခြားသူတွေထံက အတွေးနံ့သာတိုင်နဲ့ အလိုဆန္ဒ၏စွမ်းအားကို လက်ခံခြင်းက သူတို့ဘဝ အမှတ်တရတွေ၊ အတွေ့အကြုံတွေ၊ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အမျက်ဒေါသ တွေကို ငါ နားလည်နိုင်တယ်။ ဒီကြီးမားတဲ့ သက်ရောက်မှုက သားအိမ်ထဲမှာ လူပြန်ဝင်စားခြင်းရဲ့ လျှို့ဝှက် ဆန်းကြယ်မှုထက် မနိမ့်ကျဘူး။ အံ့သြစရာ မဟုတ်တော့ဘူး။ အတွေးနံ့သာတိုင်နဲ့ အလိုဆန္ဒရဲ့စွမ်းအား လက်ခံချင်တာ အံ့သြစရာ မဟုတ်တော့ဘူး။"

ထိုရုတ်တရက် ရိုက်ခတ်မှုအောက်တွင်၊ ဟုန်ယွိသည် အလောင်းကောင်အဖြစ်သို့ နှစ်ကြိမ်နီးပါး ပြောင်းလဲသွား ခဲ့ပြီး၊ ဘဝနှစ်ခုစာ လူပြန်ဝင်စားခြင်းနှင့် ညီမျှသည့် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့၏ အတွေ့အကြုံများကို တွေ့ကြုံခဲ့ရသည်။

တစ္ဆေအင်မော်တယ်တစ်ယောက်ပင်လျှင် ဤမျှကြီးမားသော သက်ရောက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဟုန်ယွိ၏ အသိစိတ်သည် အာရုံထွေပြားသော အတွေးများဖြင့် ချက်ချင်း ပြည့်လာခဲ့သည်။ ရုတ်တရက် တိုးဝင်လာသည့် ထိုအတွေးများစွာ မည်သူမှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ခံနိုင်ရည်မရှိခြင်း၏ အကျိုးဆက်မှာ အာရုံကြောများ ပေါက်ကွဲပြီး၊ စိတ်ဖောက်ပြန်ကာ အရူးတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခြင်းပင် ဖြစ်ပါသည်။

"အတိတ်က အရာအားလုံးကို ပြောင်းလဲလို့ မရဘူး။ အနန္တသက်တမ်း, အနန္တအလင်းရောင်။" ဤအရေးကြီး သော အခိုက်အတန့်တွင်၊ ဟုန်ယွိသည် နေ့စဉ်ကျင့်ဆောင်ခဲ့သော အတိတ်သုတ္တန်က နောက်ဆုံးတွင် စတင် အသက်ဝင်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် တစ်ဖက်ကမ်း နိဗ္ဗာန်ဘုံသို့ ကူးမြောက်ရန်အတွက် မဟာဒိုင်ဇင်ဘုရားကျောင်း၏ သုတ္တန်သုံးပါးကို အဘယ်ကြောင့် တညီတညွတ်တည်း ကျင့်ကြံရမည်ကို သူ့ စိတ်နှလုံးထဲ၌ ပို၍ ဉာဏ်အလင်းရလာခဲ့သည်။

အတိတ်အမိတ္တဘသုတ္တန်က သဘာဝတရားကို ထိန်းချုပ်ကာ၊ ပစ္စုပ္ပန်ကမ္ဘာရူလိုင်သုတ္တန်က ကမ္ဘာလောကကို လွှမ်းမိုးပြီး၊ သက်မဲ့အနာဂတ်သုတ္တန်ကမူ နောင်ကာလ၌ နံ့သာတိုင်ဖြင့် ပူဇော်မူကို ခံယူခြင်းဖြစ်သည်။

ဤသုတ္တန်သုံးပါးကို ပေါင်းစပ်ခြင်းဖြင့် မပြောင်းလဲသော သဘာဝတရားနှင့် ကမ္ဘာလောကကြီးကို လွှမ်းမိုးနိုင်ရန် တန်ခိုးရှိလာလိမ့်မည်။ သို့မှသာလျှင် အနာဂတ်မှာ အဆုံးမရှိသော အတွေးနံ့သာတိုင်နှင့် အလိုဆန္ဒ၏စွမ်းအား ကို စုဆောင်းပြီး၊ နောက်ဆုံးနယ်ပယ်ကို ဖြတ်ကျော်ကာ၊ ကြီးမြတ်ဆုံးသာ ထာဝရကာလကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။

………………………………………………………………………………………………………………….

"သူ့အတွေးတွေ ပြန့်ကျဲစ ပြုနေပြီ။ ငါတို့ရဲ့ ဖိအားတွေ တော်တော်လေး လျော့သွားတယ်..." ဟွာနွန်ယင်က ရုတ်တရက် သူမလက်တွေကို လွှတ်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်၊ သူက ဘာတာအိုပညာရပ်ကိုမှ နားမလည်ဘဲ၊ ငါတို့ရဲ့ အတွေးနံ့သာတိုင်နဲ့ အလိုဆန္ဒရဲ့စွမ်းအားကို တကယ် လက်ခံဝံ့မယ်ုလို့ ငါ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ငါတို့ရဲ့ အသေးစိတ် အချက်အလက်တွေ၊ ငါတို့ရဲ့ ကိုယ်ခံပညာနဲ့ တာအိုပညာရပ် အားလုံးကို သူ သိသွားပေမယ့် သူလည်း ပြိုလဲတော့မယ်။ သူ့ရဲ့ စိတ်ဝိညာဉ်နဲ့ အာရုံစူးစိုက်မှုအရဆို, သူ့အနေနဲ့ ရေရှည်ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။" ဟွာနွန်းယွီက သက်ပြင်းရှည်ကြီး ထုတ်ကာ ပြောလိုက်သည်။

"ငါတို့ အခု ဘာလုပ်သင့်လဲ။ သူ့စိတ်ဝိညာဉ် ပြန့်ကျဲပြီး ပြိုကွဲကာ သူ့အတွေးတွေ လွင့်ပျယ်သွားတဲ့အထိ စောင့်နေမှာလား။ ဒါမှမဟုတ် ငါတို့ အရင်ထွက်သွားသင့်လား။"

"သေချာတာက, ငါတို့ အရင်ထွက်သွားပြီး၊ အခြေအနေကို တည်ငြိမ်အောင် လုပ်သင့်တယ်။ ရွှေပင့်ကူကို ဖမ်းဖို့ ကျန်သေးတယ်ဆိုတာလည်း မမေ့နဲ့ဦး…။"

"ဒါပေမယ့် ဒီဓားက ယင်ယန်မက်မွန် နတ်ဘုရားဓားပဲ။ ဒီဓားက နတ်ဘုရားရတနာလေ။ ဒီဓားကို ပိုင်ဆိုင်ထား ပြီး၊ ဓားကို ထိန်းချုပ်နိုင်ရင် တစ္ဆေအင်မော်တယ်တစ်ပါးရဲ့ စွမ်းအားကို ချက်ချင်း ရရှိလိမ့်မည်။ ဒီဓားရဲ့ အရေးပါမှုက ရွှေပင့်ကူကို ဖမ်းတာထက် အများကြီး ပိုသာတယ်။

"ဒါဆိုလည်း ခဏစောင့်တာပေါ့။"

အမျိုးသမီး နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြကြသည်။ အောင်မြင်မှုဆိုသည့် စိတ်ခံစားချက်က လေထဲမှာ ပြည့်နေပါသည်။

"မစောင့်နဲ့တော့!"

ရုတ်တရက် ဟုန်ယွိ၏အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

"ဘာတွေ ဖြစ်နေတာလဲ…" ဟွာနွန်ယင် ဟွာနွန်းယွီတို့သည် ရုတ်တရက် ပြိုကျပျက်စီးသွားသော အသုရာ နတ်ဆိုးဘုရင်ကြီးသည် ရုတ်တရက် ပြန်လည် သိပ်သည်းလာသည်ကို တွေ့လိုက်ရသဖြင့် ရုတ်တရက် အံ့သြသွားကြသည်။

"ငါ့စိတ်ဝိညာဉ်က ပြိုကွဲသွားလိမ့်မယ်လို့ မင်းတို့ ထင်နေတာလား။ မင်းတို့က နုံအလွန်းပါတယ်။ မင်းတို့က ငါ့ကျွန်တွေဖြစ်ဖို့ အရမ်းကို ဆန္ဒရှိနေမှတော့, ငါ မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်။" ရုတ်တရက် ကြီးမြတ် သော အသုရာနတ်ဆိုးဘုရင်ကြီး၏ လက်သည်းများက ဖမ်းဆုပ်ပြီး၊ အမျိုးသမီး နှစ်ယောက်ကို ကိုက်လိုက် သည်။ ရုတ်တရက် ၎င်းသည် အနက်ရောင်လေနှစ်စင်းအဖြစ်သို့ ပြောင်းလဲသွားပြီး၊ အမျိုးသမီးနှစ်ဦး၏ စိတ်ဝိညာဉ်များထဲသို့ ထိုးဖောက်ဝင်ရောက်ပြီးနောက် သဲလွန်မရှိ ပျောက်ကွယ်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် အမျိုးသမီးနှစ်ဦးသည် အဝတ်ဗလာ ချွတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အရာအားလုံး က ဟုန်ယွိ၏ မျက်လုံးများ အောက်တွင် ရှိနေသည်။ သူမတို့ အတွေးတွေကို ဟုန်ယွိက သေချာပေါက် သိနေပါ လိမ့်မည်။

တစ်ချိန်တည်းမှာပင် သူမတို့၏ နှလုံးသားထဲတွင် နောက်ထပ် ခံစားချက်တစ်ခု ပေါ်လာသည်။ ဆိုလိုသည်မှာ ထိုခံစားချက်က သူမတို့သည် ဟုန်ယွိ၏ အတွေးများကို မခုခံနိုင်ပေ။

အခုချိန်မှာ, အကယ်၍, ဟုန်ယွိက သူမတို့ကို လူမြင်ကွင်းရှေ့မှာ အဝတ်တွေကို ချွတ်ခိုင်းရင်တောင် သူမတို့ အနေဖြင့် ဆက်ပြီးလုပ်ဆောင်ကြလိမ့်မည်။

အခုနက သူမတို့သည် သူမတို့၏ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်တွေကို စွန့်လွှတ်လိုက်သောကြောင့် ဟုန်ယွိ၏ အတွေးတွေက သူမတို့ စိတ်နှလုံးသားထဲမှာ အမှတ်အသားတစ်ခုအဖြစ် ထင်ကျန်ရစ်ခဲ့ပါသည်။ ယင်းက ဟုန်ယွိ သည် မက်မွန်နတ်ဘုရားဓားတွင် အမှတ်အသားတစ်ခု ထားခဲ့သကဲ့သို့ ဖြစ်ပြီး၊ သူသည် ထိုအမှတ်သားမှတဆင့် ဓားကို အချိန်မရွေး အသက်သွင်းနိုင်ပြီး ၎င်းနှင့် သိမ်မွေ့သော ပဲ့တင်ထပ်သံကို ဖန်တီးနိုင်ပါသည်။

"မင်းက...ဘာလို့လဲ..."

ထိုအချိန်တွင် အမျိုးသမီးနှစ်ဦးသည် အချင်းချင်း ထိတ်လန့်တကြား ကြည့်ကာ စကားတစ်ခွန်းမှ မပြောနိုင်ကြ ပေ။ သူမတို့သည် ဟုန်ယွိ၏စိတ်ဝိညာဉ် သေချာပေါက် ပြိုကွဲသွားမည်ဟု တွက်ဆထားသည်၊ အဘယ်ကြောင့် ဆိုသော် ကျင့်ကြံသူများသည် အခြားသူများ၏ အတွေးနံ့သာတိုင်နှင့် အလိုဆန္ဒ၏စွမ်းအားကို လက်သင့်ခံဝံ့မည် မဟုတ်သောကြောင့်ပင်။ ၎င်းစွမ်းအားသည် စိတ်ဝိညာဉ်ကို ညစ်ညမ်းမှုဆီသို့ ဦးတည်သွားစေပြီး၊ စိတ်ဝိညာဉ်၏ အစစ်မှန် သဘာဝကို ဖုံးကွယ်သွားစေနိုင်သည်။

သို့သော် ဟုန်ယွိသည် "အတိတ်အမိတ္တဘသုတ္တန်" ကို အမှန်တကယ် ကျင့်ကြံထားမည်ဟု သူမတို့အနေဖြင့် မမျှော်လင့်ခဲ့ကြပေ။ ဤကျမ်းဂန်သည် လူတစ်ယောက်၏ စစ်မှန်သော သဘောသဘာဝကို ထိန်းသိမ်းထားနိုင် ရန် ရည်ရွယ်ပါသည်။

သူမတို့၏ တွက်ချက်မှု မှားယွင်းမှုက ချက်ချင်းဆိုသလို သူမတို့အတွက် ပြုပြင်၍မရသော ဘေးအန္တရာယ်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။

သူမတို့သည် ထိခိုက်ဒဏ်ရာရခြင်း, သို့မဟုတ်, မည်သူတစ်ဦးတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင်မှ မရှိကြဘဲ သူမတို့၏ ကိုယ်ပိုင်အတွေးအမြင်များနှင့် ကိုယ်ရည်ကိုယ်သွေးများကို ဆက်လက် ထိန်းသိမ်းထားကြ သော်လည်း၊ ဟုန်ယွိ၏အမိန့်ကို မနာခံဘဲ မနေနိုင်တော့ပေ။ ယင်းက နတ်ဘုရားများနှင့် ဗုဒ္ဓများ၏အလိုဆန္ဒကို မခုခံနိုင်ကြသည့် ရိုသေကိုင်းရှိုင်းသော ယုံကြည်သူများနှင့် တူသည်။

သူတို့သည် ဟုန်ယွိ၏ ကျေးကျွန်များ လုံးလုံးလျားလျား ဖြစ်လာခဲ့လေပြီ။

ယင်းက သူမတို့ အမှားတွေ ဖြစ်သည်။ အကယ်၍, သူမတို့သာ စိတ်နှလုံးကို ဖွင့်လှစ်ပြီး ဟုန်ယွိကို မကိုးကွယ် ခဲ့ဘူးဆိုလျှင်၊ ဟုန်ယွိ၏ စိတ်ဝိညာဉ်က သူမတို့ထက် ဆယ်ဆ ပိုသန်မာနေလျှင်ပင်, သူမတို့ကို ဖျက်ဆီးပစ်နိုင် သော်လည်း ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။

"အပြင်ထွက်ရအောင်…။"

ဟုန်ယွိက အရာအားလုံးကို ထိန်းချုပ်ထားသည်ဟု ခံစားရသည်။ ရုတ်တရက် သူသည် နတ်ဆိုးသတ် မက်မွန်နတ်ဘုရားဓားထဲမှ ထွက်ခွာလာခဲ့သည်။ ထို့နောက် သူသည် ဓားကို ဓားအိမ်ထဲထည့်ပြီး၊ သူ့ယင်စိတ် ဝိညာဉ်သည် သူ့ခန္ဓာကိုယ်သို့ ပြန်လည်ဝင်ရောက်ကာ၊ သူ့မျက်လုံးများကို ဖွင့်လိုက်သည်။

သူသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာပြီး တချိန်တည်းမှာပင် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့၏ စိတ်ဝိညာဉ်တွေ လည်း သူမတို့ခန္ဓာကိုယ်ဆီ ပြန်ရောက်သွားကြပါသည်။

ရောက်ရှိနေကြသည့် လူတိုင်းက ဖြစ်ပျက်နေသမျှကို နားမလည်ကြပေ။ သူတို့သည် ဟုန်ယွိနှင့် ဟွာနွန်းယွီတို့ ဓားဖြင့် တိုက်ခိုက်သည်ကိုသာ မြင်လိုက်ရ၏။ ဓားသည် အပြာရောင်ဆေးချယ်ထားသည့် ရွှေသစ်သားဓားကို ဖြိုခွဲပြီးနောက် နောက်ဆုံးတွင် ပြန်လည် မပျံသန်းခင် လေထဲတွင် အချိန်အတော်ကြာအောင် ရှိနေခဲ့သည်။

ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသောအခါ, မြင်ကွင်းက ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့ပြီး၊ အဖြစ်အပျက်ကို မည်သူမှ မသိလိုက်ပေ။

နှစ်ဘက်စလုံးသည် ရှေ့မတိုးနောက်မဆုတ်သာ ရှိနေကြသေးသည်။

"မင်းတို့ သုံးမိုင်လောက် ဆုတ်ခွာပြီး၊ လမ်းမကြီးပေါ်မှာ စခန်းချကာ၊ တစ်ညလောက် အနားယူကြပါ။" ရုတ်တရက် ဟွာနွန်ယင်၏ ပျင်းရိသောအသံက ပထမမြင်းရထားမှ ထွက်ပေါ်လာပြန်သည်။

"သခင်မ…."

မြှားဖိနပ်များကို တင်းကျပ်စွာ စီးထားသည့် အနီးနားမှ အမျိုးသမီးများ အားလုံး အံ့ဩသွားကြသည်။

"ငါ့အမိန့်ကို လိုက်နာပါ။" ဟွာနွန်ယင်၏ အသံက တင်းမာလာသည်။

"ဟုတ်ကဲ့ပါ။" ယခုတစ်ကြိမ်မှာတော့ မည်သည့်အမျိုးသမီးမှ စကားမပြောရဲတော့ပါဘူး။ သူမတို့သည် မြင်းရထားတွေကို ချက်ချင်း ဆွဲထုတ်ကာ ပြန်လှည့်ပြီး၊ သုံးမိုင်အကွာ လမ်းမကြီးအလယ်မှ စခန်းချပြီး၊ မီးထွန်းညှိလိုက်သည်။

ထိုနောက်ဆုတ်လိုက်တာကြောင့် ဟုန်ယွိ၏ နံဘေးကလူတွေလည်း သက်ပြင်းကိုယ်စီ ချကြပြီး၊ ဒူးလေးတွေကို ဖယ်ရှားလိုက်ကြသည်။

"ညီအစ်ကိုဟုန်, ဘာဖြစ်နေတာလဲ။ ဒီကိစ္စကို သူတို့ အလျှော့မပေးဘူးဆိုတာ သေချာပါတယ်။ မင်းက သူတို့ထဲ က လူတစ်ယောက်ကို သတ်ပစ်လိုက်တာတောင်, သူတို့က ပြန်ဆုတ်သွားတာလား။ နောက်မှ ငါတို့ကို တစ်ခုခု ကြံစည်နေမှာကို စိုးရတယ်။" ချီဇီယန်က ထိုမြင်ကွင်းကို မြင်တော့ အံ့သြတုန်လှုပ်သွားပါသည်။

ယင်ကျိုးပြည်နယ် ယောင်ချီဂိုဏ်းမှ လူများသည် ရန်လိုတတ်ကြပြီး၊ ချမ်းသာကြွယ်ဝကာ၊ ဩဇာအာဏာ ကြီးမားသူတွေ ဖြစ်ကြသည်ကို သူသိထားသည်။ သူတို့သည် သူတို့ထဲက လူတစ်ယောက်ကို သတ်မိသော ကြောင့် အလွှတ်ပေးမည် မဟုတ်ပေ…။

"ဘာမှ မဟုတ်ပါဘူး" ဟုန်ယွိသည် သူ့ဘေးနားရှိ မက်မွန်နတ်ဘုရားဓားကို ထိလိုက်ပြီး၊ အဝေးကို ညွှန်ပြသည် "ကြည့်စမ်း..၊ ဟိုမှာ အကြီးဆုံး သခင်မနဲ့ ဒုတိယ သခင်မတို့ လာနေတာ မဟုတ်လား။"

အားလုံးက ဟုန်ယွိ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း တချက်ကြည့်လိုက်ကြပြီး၊ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ ၏ နောက်တွင် မီးရှူးမီးတိုင်များ ကိုင်ထားသည့် လူအနည်းငယ် ရှိနေသည်။ အမျိုးသမီး နှစ်ယောက်သည် သူတို့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာကြသည်။

"ဘာလုပ်ဖို့ ကြိုးစားနေတာလဲ" ချီဇီယန် အံ့ဩသွားသည်။ သူက သူ့လက်ထဲမှာ “သက်တန့်ထိုးဖောက်လေး" ကို ဆွဲထုတ်ပြီး လင်းယုန်ငှက်မွေးမြှားကို တပ်ဆင်ကာ အဝေးမှ အမျိုးသမီးနှစ်ယောက်ကို ချိန်လိုက်ပါသည်။

"အရမ်းလည်း စိတ်မပူပါနဲ့။" ဟုန်ယွိက ချီဇီယန်ကို တားလိုက်သည်။

"ငါတို့ ကြိုတင်ပြင်ဆင်ထားရင် ပိုကောင်းလိမ့်မယ်။ မင်းတို့ရဲ့ဒူးလေးတွေကို ပြန်တင်ထားကြ။" ချီဇီယန်က မျက်မှောင်ကြုတ်လိုက်သည်။

သူ အမိန့်ပေးနေစဉ်မှာ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် ခြေလှမ်းငါးဆယ်အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့နောက် လိုက်ပါလာသည့် လူတွေကို ရပ်ခိုင်းပြီး၊ သူမတို့နှစ်ယောက်တည်း လျှောက်လာကြသည်။

"သူတို့ လာပါစေ။" ချီဇီယန်က သူတို့ကို တားဆီးရန် ရှေ့တက်သွားစဉ်, ဟုန်ယွိက ကမန်းကတန်း ပြောလိုက် သည်။

"မင်းတို့ ငါတို့ကို ဘာလုပ်မလို့လဲ။ ပိုပြီး ရိုးသားကြပါ" ဟွာနွန်ယင်က မီးပုံဆီသို့ လျှောက်လာပြီး၊ ရပ်တန့်သည်။ သူမက ရုတ်တရက် ချီဇီယန်၊ မုကလေးနှင့် ရှန်ထိုက်ဇူတို့ကို မှင်သက်သွားစေသည့် တစ်စုံတစ်ခုကို ပြောလိုက် ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယောင်ချီဂိုဏ်း၏ မောက်မာပြီး ကြီးစိုးမူရှိသော ဤသခင်မနှစ်ဦးသည် ယခုအခါ, ခုတ်ထစ်ဖို့စောင့်စိုင်းနေသည့် ငါးတွေကဲ့သို့ အသတ်ခံရန်ပင် အသင့်ဖြစ်နေသောကြောင့်ပင်။

ယခုလေးတင် ဓားချင်းတိုက်ပွဲမှာ ကြီးကြီးမားမား အောင်ပွဲခံနိုင်ခဲ့ကြောင်းကို ဟုန်ယွိတစ်ယောက်သာ သိထားခဲ့ပြီး၊ သူသည် ထိုနတ်သမီးနှစ်ဦး၏ စိတ်ဝိညာဉ်ထဲ၌ နက်နဲသော အမှတ်အသားတစ်ခုကို စိုက်ထူခဲ့ သည်။ သူ တစ်ချက်တွေးလိုက်ရုံဖြင့် တစ်ဖက်လူက မခံမရပ်နိုင်ဖြစ်ပြီး၊ အသတ်ခံဖို့စောင့်ဆိုင်းနေသည့် ငါးတွေနှင့် ထူးမခြားနားတော့ပေ။

"ထိုင်ကြပါ။" ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောသည် "ထုံးစံအတိုင်း, ငါ မင်းတို့ကို ဘာမှ လုပ်မှာမဟုတ် ဘူး။ ငါ့မှာ မင်းတို့ယောင်ချီဂိုဏ်းနဲ့ အတိတ်တုန်းက ရန်ငြိုးအာဃာတ မရှိသလို အခုပစ္စုပ္ပန်မှာလည်း ဘာအမုန်း အာဃာတမှ မရှိဘူး။ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှက မင်းတို့က မောက်မာပြီး၊ ငါ့ကို ပြဿနာရှာလို့ပဲ။ အခု ဒီကိစ္စက ပြီးသွားပြီ။ နောက်ထပ် ဒီအကြောင်း မပြောတော့ဘူး။ မင်းရဲ့ ကျောထောက်နောက်ခံက မင်းသား ဟီချင်ဆိုတော့၊ မင်းတို့အတွက် ငါတို့နဲ့ပူးပေါင်းဖို့ အခွင့်အရေးတစ်ခု ရှိသေးတယ်။ ဒီက သခင်မနှစ်ယောက်က ငါနဲ့ ပူးပေါင်းနိုင်မလား သိချင်ပါတယ်။"

"ပူးပေါင်းဆောင်ရွက်ဖို့လား…" ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဟုန်ယွိကို ကြည့်လိုက်ရင်း၊ သူမတို့ရှေ့မှ ဤလူငယ်သည် မည်သည့်အရာ လုပ်ဆောင်လိုသည်ကို မသိကြပေ။

ယုတ္တိနည်းအရပြောရလျှင်, ဟုန်ယွိသည် ဝှေ့ဝိုက်ပြောနေစရာမလိုဘဲ၊ သူမတို့ကို အတွေးတစ်ချက်ဖြင့် ဘာမဆို လုပ်နိုင်ပါသည်။

"သေချာပေါက်, ငါတို့က ပူးပေါင်းဆောင်ရွက်လို့ရတာပေါ့။ ရိုးရိုးသားသားပြောရရင်, အခု, ငါက မင်းသားယုရဲ့ အကြံပေး တစ်ယောက်ပါ။ ငါတို့ရဲ့ လက်ရှိရန်သူတွေက အိမ်ရှေ့စံမင်းသားပဲ။ ငါက စစ်တပ်နဲ့ပူးပေါင်းဖို့ လာခဲ့တာ။ မင်းတို့က ငါနဲ့အတူ ပူးပေါင်းပြီး၊ ငါ့ကို ငွေကြေး၊ စားနပ်ရိက္ခာနဲ့ ကျွမ်းကျင်ပညာရှင်တွေ ပေးနိုင်တယ်။ အိမ်ရှေ့စံမင်းသားနဲ့ အထွဋ်ထိပ်ကောင်းကင်နယ်မြေကို ကိုင်တွယ်ဖြေရှင်းဖို့ ငါတို့နဲ့အတူ လက်တွဲ လုပ်ဆောင်နိုင်တယ်။ မင်းတို့ ဘယ်လိုထင်လဲ။" ဟုန်ယွိက ပြောသည်။

"မင်း ဘာလို့ ဒီလိုလုပ်ချင်တာလဲ။" ဟွာနွန်ယင်က မျက်မှောင်ကြုတ်လိုက်သည်။ ဟုန်ယွိသည် သူ့ဘက်က လုံးဝ အသာစီးရနေချိန်မှာ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ရုတ်တရက် ပြောလာသည်ကို သူမ နားမလည်နိုင်ခဲ့ပါဘူး။

"ဒါက အရမ်းရိုးရှင်းပါတယ်။ ငါက ဖြောင့်မတ်မှန်ကန်သူ ဖြစ်ပြီး၊ အရာရာတိုင်းကို ဖြောင့်မတ်စွာ လုပ်ဆောင် တယ်။ မင်းတို့ကို တိုက်ပွဲမှာ ငါ အနိုင်ရခဲ့ပေမဲ့၊ ငါက လူတွေရဲ့ စိတ်နှလုံးကို မထိန်းချုပ်ချင်ဘူး။" ဟုန်ယွိက ပြောသည်။

"အို။ ဒါဆို, မင်းက မင်းရဲ့အတွေးတံဆိပ်ကို ပြန်ယူဖို့ ဆန္ဒရှိလား" ဟွာနွန်းယွီသည် ဟုန်ယွိ၏ စကားကို ကြားသောအခါ အံ့ဩပြီး ဝမ်းသာသွားသည်။

"ငါက ဖြောင့်မတ်မှန်ကန်သူ ဖြစ်ပေမယ့်, မင်းတို့က မင်းတို့စကားကို ပြန်ရုတ်သိမ်းသွားနိုင်တယ်။ ဒါကြောင့်, ငါ သတိထားရမယ်။" ဟုန်ယွိက အေးစက်စွာ ပြုံးလိုက်ပြီး "ဒါပေမယ့် ငါတို့မှာ ပျော်ရွှင်စရာ ပူးပေါင်း ဆောင်ရွက်မှု တွေ ရှိနေသရွေ့, ငါ အဲဒီကိစ္စကိုလည်း ကန့်ကွက်မှာ မဟုတ်ပါဘူး။"

"တကယ်လား..." ဟွာနွန်ယင်၏ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားသွားပါသည်။

"အသေချာပေါ့…"

ဟုန်ယွိသည် ထိုစကားကို ပြောလိုက်စဥ်မှာ, အဝေးမှ တောင်တန်းတွေနှင့် သစ်တောတွေဆီကနေ စူးရှပြီး၊ ထူးဆန်းသည့် အော်ဟစ်သံကို ကြားလိုက်ရ၏။ အော်သံက ပိုနီးလာပါသည်။ ပထမအော်သံသည် မိုင်ပေါင်းများ စွာ ဝေးကွာနေခဲ့ပြီး၊ ဒုတိယအော်သံက လမ်းမကြီးနှင့် နီးကပ်နေပြီ။

သုံးလေးကြိမ် အောက်ဟစ်ပြီးနောက်၊ လမ်းဘေးရှိ တောအုပ်များတွင် မရေမတွက်နိုင်သော တောဝက်များ ပြေးလွှား သောင်းကျန်းနေသကဲ့သို့ အော်ဟစ်သံများဖြင့် ပြည့်နှက်လာပါသည်။

အားလုံး၏ ဆံပင်တွေလည်း အဆုံးအထိ ထောင်မတ်နေ၏။

ရုတ်တရက်ဆိုသလို လူတိုင်း၏နားထဲတွင် ကျယ်လောင်ပြီး၊ ထူးဆန်းသော အော်ဟစ်သံတစ်ခုက ပဲ့တင်ထပ်နေ ကာ ရွှေရောင်အရိပ်တစ်ခုက တောအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုရွှေရောင်အရိပ်သည် ဖျတ်ခနဲ ရွေ့လျားနေပြီး၊ တဖျပ်ဖျပ်ဆူညံသံများ ထွက်ပေါ်နေပါသည်။

အဖြူအငွေ့လုံးကြီးသည် လေထဲသို့ တဟုန်ထိုး လွင့်ပျံသွားပြီးနောက် ရုတ်တရက် ပြန့်ကျဲသွားကာ မရေမတွက်နိုင်သော ပိုးချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဟုန်ယွိနှင့် သူ့အုပ်စုကို ဖုံးအုပ်သွားပါသည်။

"ရွှေပင့်ကူ…."

ဟွာနွန်ယင် ဟွာနွန်းယွီတို့က အော်ဟစ်ကြသည်။

အပိုင်း (၁၁၇)။

"ဒါက ရွှေပင့်ကူလား။ မြန်လိုက်တာ။ အရမ်းလည်း အစွမ်းထက်တယ်။ ပိုးချည်တွေကို ထွေးထုတ်ပြီး၊ ကွန်ယက် တစ်ခုကို ရစ်ပတ်နိုင်တယ်။ ဒါက တကယ်ကို တာအိုကျင့်ကြံသူတွေ အိပ်မက်မက်နေကြတဲ့ အပြင်ပ ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်းပဲ။"

ဟုန်ယွိ၏ ကိုယ်ခံပညာ လေ့ကျင့်မှုသည် သိုင်းသခင်အဆင့်သို့ ရောက်ရှိခဲ့ပြီး၊ သူသည် “တွေးမရှိ ငြိမ်သက်မူ အခြေအနေ" ဟူသော နယ်ပယ်ကို နားလည်လာခဲ့သည်။ ဝိညာဉ်ဆေးများ၏ အကူအညီဖြင့်၊ သူ့ခန္ဓာကိုယ်၏ အခြေအနေ အမျိုးမျိုးသည် ပို၍မြင့်မားသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် သူ့မျက်လုံးများက စူးရှပြီး တုံ့ပြန်မှုက မြန်ဆန်သည်။ လမ်းမအလယ်မှာ ကျဆင်းလာသည့် ရွှေရောင်အရိပ်ကို သူ ရှင်းရှင်း လင်းလင်း မြင်ပြီးပါပြီ။

၎င်းသည် ကြောင်တစ်ကောင်ကဲ့သို့ ကြီးမားသော ပင့်ကူကြီးတစ်ကောင်ဖြစ်ပြီး၊ သာမန်ပင့်ကူထက် ဆယ်ဆ ပိုကြီးသော ပင့်ကူကြီး ဖြစ်ပါသည်။

ဤပင့်ကူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် ဝင်းပြောင်နေပြီး၊ ရွှေရောင်တောက်ပနေသည်။ အရောင်က ရေနှင့်တူပြီး၊ ရွှေပိုးချည်ဖြင့် ပြုလုပ်ထားပုံရပါသည်။ သို့သော် အခြားပင့်ကူများကဲ့သို့ ပျော့ပြောင်းခြင်း မရှိပေ။ ဤအခြေအနေတွင်၊ ထိုရွှေပင့်ကူကြီးသည် ရက်စက် ကြမ်းကြုတ်ခြင်း သို့မဟုတ် အနှောင့်ယှက်ပေးမည့်ပုံ မပေါ်ဘဲ အနည်းငယ်ပင် ချစ်စဖွယ်ကောင်းနေသည်။

ထိုပင့်ကူကြီး၏ တစ်ခုတည်းသော ဆွဲဆောင်မှုမရှိသည့် အချက်မှာ, ၎င်း၏ပါးစပ်နှစ်ဖက်စလုံးမှာ ရှည်လျား သည့် အစွယ်နှစ်ချောင်း ထွက်ပေါ်နေခြင်းပင် ဖြစ်ပါသည်။ အဆွယ်တွေက အပြာရောင်ရှိပြီး၊ တစ်ချက်ကြည့်ရုံ ဖြင့် အလွန်မင်း အဆိပ်ပြင်းသည့်ပုံ ပေါက်နေသဖြင့် အမှန်ပင် ကြောက်စရာကောင်းနေ၏။

ခြေထောက် ရှစ်ချောင်းပါသော ထိုရွှေပင့်ကူကြီးသည် မြေပြင်ပေါ်တွင် ဖုန်မှုန့်တစ်စက်မျှ မလွင့်ပျံဘဲ ရေပြင်ပေါ် တွင် သွားနေသကဲ့သို့ ပေါ့ပါးစွာ လျင်မြန်စွာ ရွေ့လျားနိုင်သည်။

ပိုးချည်များကို ထွေးထုတ်သည့်အခိုက်တွင်, ပထမဆုံး လန့်ဖျပ်သွားသည့် ကလေးတစ်ယောက်ကဲ့သို့ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထို့နောက်, ဝမ်းဗိုက်က ဖောင်းလာပြီး ဝမ်းဗိုက်ထဲမှ ငွေရောင်အလင်းလုံး တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်မှာတော့, ကောင်းကင်ယံတခွင် လွှမ်းခြုံထားသည့် ပင့်ကူပိုးမျှင်တွေ ပြိုကျလာပါသည်။

ဟုန်ယွိသည် ယခုလိုထူးဆန်းသည့် ပင့်ကူမျိုးကို တစ်ခါမှ မမြင်ဖူးပါဘူး။ သူသည် ဖန်ဆင်းခြင်း၏ အံ့ဖွယ် မှော်အတတ်ကို တိတ်တဆိတ် အံ့ဩသွားမိကါသည်။ ဤကမ္ဘာကြီးက ကြီးကျယ်ခမ်းနားပြီး အံ့ဩစရာတွေ အမျိုးမျိုး ရှိနေပါသည်။ သို့သော် သူသည် လုံးဝ တွန့်ဆုတ်နေခြင်း မရှိခဲ့ပါ။ သူ၏ ယင်စိတ်ဝိညာဉ်သည် သူ့ခေါင်းထက်မှ ရုတ်တရက် ပြေးထွက်လာပြီး၊ လရောင်ကို စုစည်းကာ၊ လရောင်ဘုရင်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲပြီး၊ ပြိုကျလာသော ပင့်ကူမျှင်များကို ပိတ်ဆို့လိုက်ပါသည်။

ဤတစ်ကြိမ်တွင် ဟုန်ယွိ၏ လရောင်ဘုရင်ခန္ဓာကိုယ်သည် ကြီးမားသည့် အသွင်ပြင်အဖြစ်သို့ ပြောင်းလဲထားပါ သည်။ ၎င်းသည် အလွန်ကြီးမားပြီး သုံးမီတာခန့် မြင့်သော်လည်း၊ သူ့ခန္ဓာကိုယ်၏ အလင်းရောင်နှင့် အရိပ်သည် ခပ်ဖျော့ဖျော့ ဖြစ်နေကာ၊ သူကျုံ့နေသည့်အချိန်ကထက် အများကြီး လျော့နည်းသွားပါသည်။

သို့သော် ဤတစ်ကြိမ်တွင် သူသည် ၎င်းကို တိုက်ခိုက်ရန် အသုံးပြုခြင်း မဟုတ်ဘဲ၊ ပင့်ကူမျှင်များကို တွန်းလှန် ရန် ဖြစ်သောကြောင့် သဘာဝအတိုင်း သူ၏ခွန်အားကို စုစည်းထားရန် မလိုအပ်ပေ။

ကောင်းကင်မှ ပြိုကျလာသော ပင့်ကူပိုးချည်များသည် ဟုန်ယွိ၏ လရောင်ဘုရင်ခန္ဓာကိုယ်ကို ချက်ချင်း ရစ်ပတ် ကာ ဤကြီးမားသော ခန္ဓာကိုယ်ကြီးကို ငွေရောင်ပိုးအိမ်အဖြစ် ထုပ်ပိုးထားလိုက်ပါသည်။

"ဘယ်လောက်တောင် စေးကပ်ပြီး မာကြောတဲ့ ပင့်ကူပိုးချည်တွေလဲ။ တကယ်လို့, ဒီအတိုင်းသာ ပြုတ်ကျနေခဲ့ ရင်၊ ငါတို့ရဲ့ လှုပ်ရှားနိုင်စွမ်းကို ရပ်တန့်သွားစေမှာ သေချာတယ်။" ဟုန်ယွိသည် ပင့်ကူပိုးချည်များ၏ ဖုံးလွှမ်းနေ မူကို ချိုးဖျက်ရန်အတွက် သူ့စိတ်ဝိညာဉ်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ ပင့်ကူပိုးချည်များသည် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသဖြင့် ရွှေပင့်ကူမှ ထွေးထုတ်နေသော ပိုးချည်မျှင်များတွင် အလွန်ပြင်းထန်သော စေးကပ်မူနှင့်အတူ အလွန်ခိုင်ခံ့သော ချည်နှောင်မူမျိုး ရှိနေသည်ကို သူ အမှန်ပင် ခံစားနိုင်သည်။

ငွေဖြူရောင် ပိုးအိမ်ထဲတွင် ထုပ်ပိုးခံထားရသော ဟုန်ယွိသည် သူ့ပတ်ဝန်းကျင်တွင် ကြီးမားသော စွမ်းအား တစ်ခု လွှမ်းခြုံနေသည်ကို ခံစားနိုင်သည်။ အကယ်၍, သူသည် ယခုချိန်တွင် သေမျိုးခန္ဓာကိုယ်တွင် ရှိနေပါက သူသည် သေချာပေါက် လှုပ်ရှားနိုင်တော့မည် မဟုတ်ပေ။ သူ့ခွန်အားက ယခုထက် ဆယ်ဆအားကောင်းနေရင် တောင် အသုံးမကျပါဘူး။

"တကယ်လို့, ငါသာ ဒီရွှေပင့်ကူကို ထိန်းချုပ်နိုင်ခဲ့ရင်၊ စစ်မြေပြင်မှာ သာမန်စစ်သားတွေအပေါ်, အရမ်းကို အသုံးဝင်လိမ့်မယ်…" ဟုန်ယွိ တွေးလိုက်သည်။ ရာနှင့်ချီသောလူများသည် လက်နက်များကို ကိုင်ဆောင်ကာ စစ်မြေပြင်သို့ ပြေးလာကြသည်။ ရွှေပင့်ကူသည် လေထဲသို့ ပိုးချည်မျှင်များကို ထွေးထုတ်ကာ၊ ထိုလူများကို စေးကပ်စေပြီး၊ စေးကပ်နေသည့် ရန်သူများသည် သတ်ဖြတ်ခံရမည့် သိုးသူငယ်များ ချက်ချင်း ဖြစ်လာလိမ့်မည်။

"ဒါဆို မင်းက သန္ဓေပြောင်း ပင့်ကူပေါ့။ ဒီမှာပဲ နာခံမှုရှိရှိနဲ့ နေလိုက်စမ်း။"

အတွေးတစ်ချက်နှင့်အတူ ဟုန်ယွိ၏စိတ်က လှုပ်ရှားသွားကာ၊ လရောင်ဘုရင်ခန္ဓာကိုယ်က ခွဲထုတ်ကာ ပိုးချည်အိမ်၏ အနှောင်ဖွဲ့ထဲမှ လွတ်မြောက်သွားသည်။

ဘန်း…။

ပိုးအိမ်အခွံသည် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး၊ ဖုန်မှုန့်များ ထူထပ်စွာ လွင့်ပျံလာသည်။

စိတ်ဝိညာဉ်များသည် သိပ်သည်းထားနိုင်သလို ပြန့်လည်း ပြန့်ကျဲနိုင်ပါသည်။ ပင့်ကူပိုးမျှင်သည် မည်မျှပင် အစွမ်းထက်စေကာမူ, မမြင်နိုင် ရစ်ပတ်၍မရနိုင်သော ယင်စိတ်ဝိညာဉ်များကို ထောင်ချောက်ဆင်၍ မရပေ။

ဤသည်မှာ ရုပ်လုံးဖော်ခြင်းနယ်ပယ်၏ ထင်ရှားသော အားသာချက်တစ်ခုလည်း ဖြစ်ပါသည်။ အကယ်၍, ဟုန်ယွိသည် အရာဝတ္ထုထိန်းချုပ်ခြင်းနယ်ပယ်တွင်သာ ရှိနေသေးပြီး၊ သူ့ပျံသန်းနိုင်သော ဓားကို လွှတ်လိုက်ပါ က, ယခုလို ချုပ်နှောင်ခံရနေချိန်မှာ သူ့စိတ်ဝိညာဉ်က လွတ်မြောက်နိုင်လျှင်ပင်၊ ပျံသန်းနေသာ ဓားကို ဖမ်းဆုပ် ထားနိုင်ပြီး၊ ပျံသန်းနေသော ဓားက ရစ်ပတ်ကျန်နေခဲ့လိမ့်မည်။

ဟုန်ယွိသည် လွတ်မြောက်သွားသည်နှင့်, သူသည် အတွေးတစ်ချက်ဖြင့် လရောင်ဖျော့ဖျော့ကို သူ့ခန္ဓာကိုယ် ပေါ်တွင် တဖန်ပြန်လည်စုစည်းပြီး၊ ပြန်လည်အားကောင်းလာကာ၊ နောက်ဆုံးတွင် အလင်းရောင်က လမင်းကြီး ကောင်းကင်မှ ဆင်းသက်လာသည့်အလား အလွန် တောက်ပသထက် တောက်ပလာပါသည်။

ရတနာလရောင်ဘုရင်ခန္ဓာကိုယ်ကို တဖန်ပြန်လည် ဖွဲ့စည်းပြီးနောက်၊ ဟုန်ယွိ၏ လှုပ်ရှားမှုများသည် လျှပ်စီး လက်သကဲ့သို့ မြန်ဆန်လာသည်။ တခဏအတွင်းမှာပင် သူသည် ရွှေပင့်ကူရှေ့သို့ ပြေးသွားပြီး၊ တောက်ပနေ သော လက်ကြီးကို ဆန့်ထုတ်ကာ ရွှေပင့်ကူကို ဖမ်းဆုပ်လိုက်၏။

ဤရွှေပင့်ကူသည် အဆိပ်ပြင်းပြီး အပြာရောင်အစွယ်တွေက ကြောက်စရာကောင်းသော်လည်း ဟုန်ယွိသည် ယခုအခါ ယင်စိတ်ဝိညာဉ်အသွင်ဖြင့် ရှိနေခဲ့သည်။ သူသည် ဓားများနှင့်ဆေဘာများကို မကြောက်သလို, ရေနှင့်မီးကိုလည်း ခံနိုင်ရည်ရှိသည်။ အဆိပ်အတောက်များအတွက်မူ, စိုးရိမ်နေစရာမလိုပေ။

ရှီး…၊ ရှီး…၊ ရှီး…၊ ရှီး…... ဟုန်ယွိ ပင့်ကူအိမ်ကို ချိုးဖျက်လိုက်ချိန်မှာ၊ သူ့ပတ်ဝန်းကျင်က နောက်လိုက်များ လည်း ထိတ်လန့်ချောက်ချားနေရာမှာ လန့်နိုးလာကြ၏။ သူတို့သည် ယခုလို ရက်စက်ကြမ်းကြုတ်သည့် မွန်းစတားတစ်ကောင်ကို တစ်ခါမှ မတွေ့ဖူးပါဘူး။ တိမ်ဖြူအကြီးကဲငါးဦးပင် ကြောင်တစ်ကောင်ကဲ့သို့ ကြီးမား သော ရွှေပင့်ကူကြီးကို တွေ့လိုက်ရသောအခါ ထိတ်လန့်သွားကြသည်။ လက်ထဲမှာရှိနေသည့် ဒူးလေးများကို တောင် မကြည့်တော့ဘဲ မောင်းတံကို ဆွဲဖြုတ်ကြသည်။ မြှားများသည် ကျိုင်းကောင်များကဲ့သို့ ပစ်လွှတ်သွား ကြပြီး၊ ရွှေပင့်ကူကြီးကို ချက်ချင်း လွှမ်းခြုံသွားပါသည်။

"မင်းတို့…."

ထိုမြင်ကွင်းကို မြင်တော့ ဟွာနွန်ယင်နှင့် ဟွာနွန်းယီတို့သည် ဒေါသတကြီး အော်ပြောလိုက်သည် "မင်းတို့ ရွှေပင့်ကူကြီးကို ပစ်သတ်လိုက်တယ်။ အဲဒါက ကြီးမားတဲ့ ဆုံးရှုံးမှုပဲ…။"

သို့သော် သူတို့၏ အံ့အားသင့်သွားရသည်မှာ ရွှေပင့်ကူကြီးသည် အံ့သြစရာကောင်းလောက်အောင် သွက်လက် လျင်မြန်နေပုံရသည်။ ဒူးလေးများကို ဆွဲလိုက်သည်နှင့် ရွှေပင့်ကူကြီးသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော အမြန်နှုန်းဖြင့် ချက်ချင်း ရွေ့လျားသွားပြီး ဖုန်ထူထပ်သော လမ်းမကြီးပေါ်တွင် ခြေရာများပင် မကျန်ရစ်ခဲ့ပေ။

တခဏအတွင်းမှာပင် သူသည် ခြေလှမ်းသုံးဆယ်အကွာတွင် ရှိနေသည်။

ဒူးလေးများမှ မြှားများသည် တောအုပ်ထဲသို့ ကျရောက်သွားသလို အချို့ကလည်း မြေထဲသို့ မြှပ်ဝင်ပြီး၊ ပစ်မှတ် ကို လွဲချော်သွားကြလေသည်။

"ဒီလို အမြန်နှုန်းနဲ့ အရှိန်ဟုန်က အဲဒီနေ့က ကျောက်ဖေးရုန်နဲ့ သိပ်မကွာဘူး.." ချီဇီယန်လည်း အံ့သြသွားသည်။ အကယ်၍, ထိုရွှေပင့်ကူကြီးသာ သူ့အပေါ် ခုန်ပျံလာခဲ့ပါက, သူသည် ရှောင်တိမ်းဖို့ ခက်ခဲလိမ့်မည်။

သို့သော် ဟုန်ယွိ၏ အရှိန်ဟုန်သည် ရွှေပင့်ကူထက် မနိမ့်ကျပေ။ ရွှေပင့်ကူက လှုပ်ရှားသွားသည်နှင့် သူ့လက်ကို ဆုပ်ကိုင်လိုက်၏။ ယင်စိတ်ဝိညာဉ်၏ ပေါ့ပါးသော ကိုယ်ထည်သည် ဥက္ကာပျံ၏ အမြီးကဲ့သို့ လေထဲတွင် ရှည်လျား သော အလင်းလမ်းကြောင်းတစ်ခုကို ရေးဆွဲသွားခဲ့ပါသည်။

ရတနာလရောင်ဘုရင်ခန္ဓာကိုယ်သည် အလင်းလုံးတစ်ခုမှ ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ၎င်းသည် ပေါ့ပါး သွက်လက်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထက် ဆယ်ဆပိုမြန်သောကြောင့်၊ ၎င်းသည် လျင်မြန်သွက်လက်သော ရွှေပင့်ကူကြီးနှင့် သဘာဝအတိုင်း အမှီလိုက်နိုင်ပါသည်။

ရွှီး….။ ရွှီး….။

စူးရှသည့် အော်ဟစ်သံ နှစ်ချက် ထွက်ပေါ်လာပြန်သည်။ ရွှေပင့်ကူသည် ကြောက်မက်ဖွယ်သော ရန်သူကို ကြုံတွေ့ရကြောင်း သိပုံရသည်။ အလင်းလူသား ဟုန်ယွိသည် သူ့နောက်မှ အနီးကပ်လိုက်ကာ လက်သည်းများ ကို ဝှေ့ယမ်းပြီး ဆုပ်ကိုင်လိုက်သည်ကို မြင်လိုက်ရသဖြင့်၊ ပင့်ကူကြီးသည် ချက်ချင်းပင် လှည့်ကြည့်ကာ တောအုပ်ထဲသို့ တဟုန်ထိုး ပျံသန်းသွားလေသည်။

ဟုန်ယွိကလည်း အလွတ်မပေးချင်ပေ။ သူသည် ယင်စိတ်ဝိညာဉ်၏ အရှိန်ဖြင့် လမ်းဘေးရှိ မှောင်မိုက်သော တောအုပ်ထဲသို့ ခုန်ဆင်းကာ ရွှေပင့်ကူနောက်ကို အနီးကပ် ပြေးလိုက်သွားလေသည်။

"သွားရအောင်။" ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မြေပြင်ပေါ်တွင် မလှုပ်မယှက် တင်ပျဉ်ခွေထိုင်ကာ သူမတို့၏ စိတ်ဝိညာဉ်များသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို စွန့်ခွာပြီး၊ နောက်သို့ လိုက်ပါသွားကြသည်။

နန်ကျိုးရှေးဟောင်းလမ်းသည် မိုင်ပေါင်းရာချီ သို့မဟုတ် ထောင်နှင့်ချီအောင် ရှည်လျားသော မှောင်မိုက်သည့် သစ်တောများဖြင့် ဝန်းရံထားသည်။ တောင်ပိုင်းသစ်တောများတွင် မြွေများ၊ အင်းဆက်များ၊ ကြွက်များ၊ ပုရွက်ဆိတ်များ၊ အဆိပ်ရှိသော ခြင်များ၊ အဆိပ်ရှိသော မျှော့များ၊ အဆိပ်ရှိသော ပင့်ကူများ၊ အနံ့သက်ဆိုးများ နှင့် အဆိပ်ရှိသော အခိုးငွေ့များ အထူးသဖြင့် နွယ်ပင်များနှင့် ဆူးပင်အမျိုးမျိုးတို့ ရှိသည်။

ထို့အပြင် ရှေးဟောင်းသစ်ပင်များ၏ အကိုင်းအခက်များနှင့် အရွက်များက အချင်းချင်း ရောယှက်နေသဖြင့် နေပျောက်ပင် မထိုးနိုင်ချေ။ တောအုပ်ကြီး၏ အထူထပ်ဆုံးနေရာသည် သန်းခေါင်ယံညကဲ့သို့ မည်းမှောင်နေ ၏။ အဆင့်မြင့် ကျွမ်းကျင်ပညာများပင် ထိုတောအုပ်၏ နက်ရှိုင်းသောအရပ်သို့ ထိုးဖောက်ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။

အဆိပ်ရှိသော အဆုံးမရှိ အင်းဆက်များ၊ ရွှံ့နွံများ၊ အနံ့သက်ဆိုးများနှင့် ဆူးထူသော တောတောင်များသည် လူသားအင်မော်တယ်အဆင့်ရှိ ကျွမ်းကျင်သူများကိုပင် သေဆုံးသည်အထိ ထောင်ချောက်ထဲ ပိတ်မိရန် လုံလောက်ပါသည်။

သို့သော် စိတ်ဝိညာဉ်ဖြင့် ဝင်ရောက်ခြင်းက ပြဿနာမရှိပါဘူး။

ဟုန်ယွိသည် ရွှေပင့်ကူနောက်ကို လိုက်ကာ နက်ရှိုင်းသော တောတောင်များနှင့် သစ်တောများထဲသို့ ဝင်ရောက်လာခဲ့သည်။ သို့မှသာ, သူသည် စိတ်ဝိညာဉ်၏ အကျိုးကျေးဇူးကို ခံစားရလေသည်။ သူသည် တောအုပ်ထဲသို့ မိုင်ပေါင်းများစွာ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့ရင်း၊ လရောင်ဘုရင်ခန္ဓာကိုယ်၏ အလင်းရောင် အောက်မှာတဆင့် ဟုန်ယွိသည် ဆေးဖက်ဝင်အပင်တွေနှင့် ရှားပါးမျိုးစိတ်များစွာကို ရှာဖွေတွေ့ရှိခဲ့ပါသည်။

"အဲဒီသစ်ပင်ပေါ်က ခရမ်းရောင် အင်မော်တယ်မှိုက ဆယ်စုနှစ်များစွာ သက်တမ်းရှိပြီး၊ ဆေးဖက်ဝင်တဲ့ ဂုဏ်သတ္တိတွေ ကြွယ်ဝနေပြီ။ ဒီမှိုက ပန်းနာရင်ကျပ်ရောဂါကို ကုသပေးနိုင်ပြီး၊ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေတဲ့ ထိပ်တန်းဆေးတစ်လက်ပဲ။ နောက်ပြီး အဲဒီချိုင့်ဝှမ်းထဲက စိမ်းစမ်းအိုင်မှာ အနက်ရောင် စပါးအုံးမြွေကြီးတွေရှိတယ်။ တကယ်လို့, ငါသာ အဲဒီမြွေကြီးတွေကို ဖမ်းပြီး၊ အရေခွံခွာနိုင်ခဲ့ရင်၊ အဖြူရောင် နွားသိုးချပ်ဝတ်ထက် ပိုတန်ဖိုးကြီးတဲ့ သံချပ်ကာတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်...။ ဒါပေမယ့် အဲဒီအရာတွေကို စုဆောင်းဖို့က လူကိုယ်တိုင်သွားဖို့ကျ အဆင်မပြေဘူ။ စိတ်ဝိညာဉ်ကို အသုံးချတာက ပိုအဆင်ပြေလိမ့်မယ်…"

ထိုအချိန်တွင် ဟုန်ယွိသည် တာအိုပညာရပ်တွေကို ကျင့်သုံးခြင်း၏ အကျိုးကျေးဇူးများကို နောက်ဆုံးတွင် နားလည်လာခဲ့သည်။

အနည်းဆုံးတော့၊ လက်ရှိအခြေအနေမှာ, လူသားအင်မော်တယ် ကျွမ်းကျင်သူတစ်ယောက်ပင်လျှင်, ထိုဆေးဝါး ပစ္စည်းတွေကို စုဆောင်းဖို့ ဤထူထပ်သည့် တောအုပ်ကြီးထဲကို ဝင်ဖို့တောင် မလွယ်ကူပါဘူး။ ဥပမာအနေဖြင့်, စိမ့်စမ်းအိုင်တွင်းရှိ အနက်ရောင် စပါးအုံးမြွေကြီးများ ဖြစ်သည်။ ၎င်းတို့သည် စိမ့်စမ်းအိုင်အတွင်း အချင်းဝက် ဆယ်မိုင်ကျော် ရွှံ့နွံထဲမှာ ပုန်းအောင်းနေကြသည်။ ထောင်နှင့်ချီသည့် တပ်ဖွဲ့ဝင်တွေတောင် သူတို့ကို ဘာမှ လုပ်လို့မရနိုင်ပါဘူး။

သို့သော် လူတစ်ယောက်၏ စိတ်ဝိညာဉ်သည် အရာဝတ္ထုထိန်းချုပ်ခြင်းအဆင့်သို့ ရောက်ရှိသည်နှင့် ထိုအရာများ စွာကို အလွယ်တကူ ဖမ်းယူနိုင်မည် ဖြစ်သည်။

"ငါ တပ်စခန်းမှာ အခြေချပြီးတာနဲ့ ငါ့စိတ်ဝိညာဉ်နဲ့ ခရီးထွက်ပြီး၊ ရှားပါးတဲ့ ရတနာတွေ, ဆေးဖက်ဝင် ပစ္စည်းတွေ စုဆောင်းဖို့ အန္တရာယ်ရှိတဲ့ နေရာတွေဆီ ဝင်ရောက်ရမယ်။ ငါ့စိတ်ဝိညာဉ်က ရေထဲကိုရော ဝင်နိုင်ပါ့ မလားလို့ ငါ သိချင်မိသား။ တကယ်လို့, ငါသာ ရေထဲဝင်ပြီး ပင်လယ်ကြီးရဲ့ နက်ရှိုင်းတဲ့နေရာတွေအထိ ဝင်နိုင်ခဲ့ ရင် ပုလဲလုံးကြီးတွေကို မစုဆောင်းနိုင်ဘူးလား။ ကျောက်မျက်ရတနာတွေကို ရှာဖွေနိုင်ပြီး၊ ချမ်းသာ ကြွယ်ဝဖို့ မခက်ခဲတော့ဘူးမဟုတ်လား။ အချို့ဘုန်းတော်ကြီးတွေနဲ့ တာအိုဝါဒီတွေဟာ နက်ရှိုင်းတဲ့ တောတောင်တွေနဲ့ ထူးဆန်းတဲ့ ကျွန်းတွေပေါ်မှာ သီးသန့် အေးအေးဆေးဆေး နေချင်ကြတာ အံ့ဩစရာမဟုတ်တော့ဘူးပဲ။ သူတို့က ထူးဆန်းတဲ့အရာတွေကို ရှာဖွေလိုကြတယ်။ ဒါကြောင့်လည်း သူတို့က ထူးဆန်းတဲ့ အရပ်ဒေသတွေကို ရှာဖွေကြီး၊ ရတနာတွေကို ရှာဖွေကြတယ်။ စိတ်ဝိညာဉ်နဲ့ ခရီးသွားခြင်းက ခန္ဓာကိုယ်နဲ့ ခရီးသွားခြင်းထက် အဆတစ်ရာ၊ အဆတစ်ထောင် ပိုအဆင်ပြေတယ်။ ဟုန်ယွိက ထိုအကြောင်းတွေးပြီး သူ့စိတ်တွေက ရုတ်တရက် လှုပ်ရှားသွားပါသည်။

သို့သော် ဤအတွေးသည် ဟုန်ယွိ၏စိတ်ထဲတွင် တခဏအတွင်း ရပ်သွားခဲ့ပါသည်။ အခု သူ့ဦးစားပေး အလုပ်က ထိုရွှေပင့်ကူကြီးကို အရင်ဖမ်းဖို့ဖြစ်သည်။

ဤရွှေပင့်ကူသည် လူ့သဘာဝကို နားလည်ပြီး ကလဲ့စားချေလိုစိတ် ပြင်းပြကြောင်း ချီဇီယန်ထံမှ ဟုန်ယွိ ကြားဖူးထားသည်။ လွတ်မြောက်သွားသည်နှင့် နောက်ပိုင်းတွင် ကလဲ့စားချေရန် အခွင့်အရေးကို စောင့်ဆိုင်းနေမည် ဖြစ်ပြီး၊ ၎င်းကို ကာကွယ်ရန် ခက်ခဲသွားလိမ့်မည်။

သူ့နောက်မှာတော့ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့လည်း အလျင်အမြန် ပြေးလာကြသည်။ ရှေ့က ရွှေပင့်ကူကြီးကတော့ စိမ့်စမ်းထဲကို ပြေးဝင်နေလေပြီ။

ရွှံ့တွေက ပုပ်ပွပြီး နံစော်နေသည်။ လူတစ်ယောက် ပြုတ်ကျသည်နှင့် ချက်ခြင်း သေဆုံးလိမ့်မည်။ သို့သော် လည်း ရွှေပင့်ကူသည် အလွန်ပေါ့ပါးပြီး စက္ကန့်အနည်းငယ်အတွင်း ခုန်ပျံကာ မြေပြန့်ပေါ်တွင် လမ်းလျှောက် နေသကဲ့သို့ လျင်မြန်စွာ ရွေ့လျားပြီး ပြေးလွှားနေလေသည်။

"ဒီပင့်ကူတွေရဲ့ လှုပ်ရှားမှုတွေက ကိုယ်ခံပညာမှာ မဟာဆရာသခင်တွေနဲ့တောင် နှိုင်းယှဉ်လို့ရတယ်။ ဒီလို တောတောင်တွေ ထူထပ်တဲ့ ပတ်ဝန်းကျင်, တောင်ပိုင်းဒေသက စိမ့်စမ်းတွေပေါ်များတဲ့ ပတ်ဝန်းကျင်မှာဆို၊ မဟာဆရာသခင် ကျွမ်းကျင်သူတွေတောင်မှ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။" ဟုန်ယွိက သူ့ကိုယ်သူ တွေးပြီး သူ့စိတ်ဝိညာဉ်စွမ်းအား အားလုံးကို စုစည်းလိုက်ပါသည်။ သူက ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး၊ လရောင်ဘုရင် ခန္ဓာကိုယ်က ကောင်းကင်ယံသို့ ပျံတက်သွားပြီး လေတိုးသံနှင့်အတူ အလင်းအမြီးရှည်ကြီးကို ဆွဲထုတ်သွားပါ သည်။ ၎င်းသည် မြေပြင်ပေါ်ပြေးနေသည့် ယုန်ဖြူလေးကို လေထဲမှ ထိုးဆင်းကကာ တဟုန်ထိုး ထိုးသုတ်လာ သည့် လင်းယုန်ငှက်ကြီးကဲ့သို့ ကြောင်အရွယ် ရွှေပင့်ကူကြီးကို ဖမ်းဆုပ်လိုက်ပါသည်။

ဂွီ….။ ဂွီ….။ ဂွီ….။ ဂွီ….။

ရွှေပင့်ကူကြီးကို ဖမ်းမိသည်နှင့် တပြိုင်နက် ဟုန်ယွိသည် ပြင်းထန်စွာ ရုန်းကန်မူကို ခံစားလိုက်ရ၏။ သူ၏ ရုပ်လုံးဖော်ခြင်းအဆင့် စွမ်းအားနှင့်ပင် ဖမ်း၍မရပါဘူး။

ဟုန်ယွိ၏ စိတ်ဝိညာဉ်စွမ်းအားက တဖြည်းဖြည်း သိပ်သည်းလာသည်။ သူ့ယင်စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ပထမဆုံးအကြိမ် ထွက်ခွာနိုင်ခဲ့စဉ်က, ၎င်းသည် သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှု၏ ထက်ဝက်ခန့်သာ ရှိသော်လည်း တဖြည်းဖြည်း ကြီးထွားလာပြီးနောက်, သူသည် ရုပ်လုံးဖော်ခြင်းနယ်ပယ်သို့ ဝင်ရောက်လာခဲ့သည်။ သူ၏ အတိတ်အမိတ္တဘသုတ္တန် ကျင့်ကြံမှုအကူအညီဖြင့် သူ့စွမ်းအားသည် အလွန်တိုးတက်လာခဲ့သည်။ ယခုအခါ ရတနာလရောင်ဘုရင်၏ ခန္ဓာကိုယ်သည် သိုင်းသခင်နယ်ပယ် သူ့ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့်ပင် ယှဉ်နိုင်နေပါပြီ။

သိုင်းသခင်တစ်ဦး၏ စွမ်းအားနယ်ပယ်ကို ကျားစွမ်းအားဟု လူသိများပြီး၊ ၎င်း၏ခွန်းအားသည် ကြမ်းကြုတ် သော ကျားတစ်ကောင်နှင့် ညီမျှသည်။ ကျားတစ်ကောင်၏ ခွန်အားဖြင့်ဆိုပါက, ပင့်ကူသေးသေးလေးကို မဆိုထားနှင့်, နွားတွေ မြင်းတွေတောင် အနိုင်ယူနိုင်ပါသည်။

သို့သော် ယခု ဟုန်ယွိသည် ရွှေပင့်ကူကို ဖမ်းမိသွားသောအခါ၊ တစ်ဖက်က အော်ဟစ်ပြီး အပြင်းအထန် ရုန်းကန်နေကာ၊ ၎င်းသည် ကျားတစ်ကောင်ထက် ပိုသန်မာပုံရသည်။

"ဒီပင့်ကူက ကျားတစ်ကောင်လို သန်မာတာလား။ ဒါက ပင့်ကူရော ဟုတ်ရဲ့လား" ဟုန်ယွိ အံ့သြသွားသည်။ သူသည် ရွှေပင့်ကူကို လုံးဝ ချေမှုန်းနိုင်ရန် သူ့မှော်ပညာနှင့် ကိုယ်ခံပညာနှစ်ခုစလုံးကို အသုံးပြုခဲ့ရပါသည်။

"မဟူရာနတ်ဆိုး ကျီးကန်းအစီအရင်"

သူသည် ရွှေပင့်ကူကို ကြမ်းတမ်းစွာ ဖမ်းဆုပ်ထားစဉ်တွင်၊ ဟုန်ယွိသည် အကြံတစ်ခုရပြီး၊ မုရုန်ယန်ထံမှ သူ သင်ယူခဲ့သော မဟူရာနတ်ဆိုး ကျီးကန်းအစီအရင်ကို အသုံးပြုခဲ့သည်။

ဤမဟူရာနတ်ဆိုး ကျီးကန်းအစီအရင်ကို အသုံးပြုပြီးသည်နှင့်၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ၎င်းတို့၏ မျက်စိရှေ့ရှိ အရာအားလုံးသည် ချက်ချင်း မည်းမှောင်သွားမည် ဖြစ်ပြီး၊ ၎င်းတို့၏ စိတ်ဝိညာဉ်များသည် ဖိနှိပ်ခံရမည် ဖြစ်ပြီး ၎င်းတို့သည် မလှုပ်ရှားနိုင်တော့ပေ။

ဟုတ်ပါသည်။ ဟုန်ယွိက ယာကရှာနတ်ဆိုးဘုရင်ကို အသုံးမပြုချင်ပါဘူး။ ယာကရှာနတ်ဆိုးဘုရင် ပေါ်လာ သည်နှင့် ရွှေပင့်ကူ၏ စိတ်ဝိညာဉ်သည် တခဏချင်း ပျက်စီးသွားလိမ့်မည်။

"ဒီတစ်ခါတော့, သူ ဒါကို မခုခံနိုင်တော့ဘူး။" မဟူရာနတ်ဆိုး ကျီးကန်းအစီအရင်ကို အသုံးပြုပြီးနောက် ဟုန်ယွိသည် သက်ပြင်းတစ်ချက် ချလိုက်ပါသည်။

သို့သော် သူအံ့သြရသည်မှာ မဟူရာနတ်ဆိုးကျီးကန်းအစီအရင်ကို စတင်လိုက်သည်နှင့် တပြိုင်နက် အမှောင်ထု သည် ရွှေပင့်ကူ၏ စိတ်ဝိညာဉ်ကို ဖုံးလွှမ်းသွားပါသည်။ သို့သော်လည်း ၎င်းသည် ပြိုင်ဘက်၏ စိတ်ဝိညာဉ်ကို ဖိနှိပ်ထားနိုင်ခြင်း မရှိဘဲ ရုတ်တရက် မူမမှန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

"ဟမ့်…"

တိုးညှင်းပြီး၊ အေးစက်စက် နှာချေသံက ဟုန်ယွိ၏ စိတ်ဝိညာဉ်ထဲမှာ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့ပြီး၊ ဟုန်ယွိ သည် သူပုံဖော်ထားသည့် အမှောင်ထုထဲကနေ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ ၏။ ရွှေရောင်အလင်းတန်းအတွင်း၌ အလွန်တန်ခိုးကြီးသော ဗောဓိသတ္တပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုဘုရားလောင်းပုံရိပ်ကြီးသည် ခြေသည်းငါးချောင်း၊ ချိုနှစ်ချောင်းပါ ရွှေနဂါးကြီးပေါ်တွင် ခြေတစ်ချောင်း တင်ထားပြီး၊ နောက်တစ်ချောင်းက ဆင်ဖြူတော်ပေါ်တွင် ရှိနေသည်။ သူ့တစ်ကိုယ်လုံးမှာ ကြွက်သားတွေနှင့် ဖောင်းကားနေပြီး၊ သူ့မျက်လုံးတွေက ဒေါသတွေနှင့် တဖျပ်ဖျပ် တောက်ပနေ၏။ သူ့လက်ထဲမှာ မည်သည့် လက်နက်မှ မရှိပါဘူး။ သို့သော် သူ့လက်သီးတွေကို ရုတ်တရက် တိုက်ခိုက်လိုက်သည့်အတိုင်း တင်းတင်း ကြပ်ကြပ် ဆုပ်ထားပါသည်။

ထိုဘုရားလောင်းပုံရိပ်ကြီးသည် ဤလောက၏ တန်ခိုးနှင့် ထက်မြက်သော အရည်အချင်း အားလုံးကို ကိုယ်စားပြုသည်။ ပေါက်ကွဲထွက်လာသော စွမ်းအားတစ်ခုက မဟူရာနတ်ဆိုး ကျီးကန်းအစီအရင်၏ အမှောင်ထုကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။

"အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တပုံရိပ်။"

ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ "ဒီရွှေပင့်ကူက ကျင့်ကြံမူမှာ ကြီးကြီမားမား အောင်မြင်မှု ရရှိထားတာပဲ။ သူက သာမန် ဝိညာဉ်သတ္တဝါတစ်ကောင် မဟုတ်လောက်ဘူး။ အနန္တတန်ခိုးရှင် ကောင်းကင် နဂါး ဗောဓိသတ္တသုတ္တန်က ဒိုင်ဇင်ကျောင်းမှာတောင် တန်ခိုးအကြီးဆုံး ကျမ်းဂန်တွေထဲတစ်ခုပဲ။ အနန္တ တန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တဟာ ခန္ဓာကိုယ်တစ်ခုထဲမှာ နဂါးတစ်ကောင်နဲ့ ဆင်တစ်ကောင်ရဲ့တန်ခိုး စွမ်းအားကို စုစည်းနိုင်တယ်။ ဒီဗောဓိသတ္တကို ပုံရိပ်ဖော်နိုင်ပြီး၊ အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တ သုတ္တန်ကို နားလည်နိုင်တဲ့ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ဟာ အကန့်အသတ်မဲ့ စွမ်းအားကို ပိုင်ဆိုင်ထားရမယ်။ ဒီရွှေပင့်ကူငယ်လေးက ဒီလိုပညာရပ်မျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ…။”

ထိုအချိန်၌ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ သူ့လက်ထဲ၌ရှိသော ရွှေပင့်ကူသည် အသေကောင်ကဲ့သို့ မလှုပ်မယှက် လဲလျောင်းနေလေ၏။ သို့သော် ရွှေပင့်ကူ၏ ဦးခေါင်းအထက် လေဟာနယ်ထဲတွင်၊ ရွှေရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည့် မိန်းကလေးတစ်ဦးကို ရုတ်တရက် မြင်လိုက်ရသည်။ သူမ၏ ကျောက်စိမ်းခြေဖဝါးနှင့် ခြေထောက်များကို ဖျတ်ခနဲ မြင်ရပြီး သူမ၏ မျက်ခုံးနှစ်ခုကြားမှ သတ်ဖြတ်လိုသည့် အငွေ့အသက်ကို မြင်နိုင်သည်။

"ငါ့ခန္ဓာကိုယ်ကို လွှတ်လိုက်စမ်း…"

ကောင်မလေးက ဟုန်ယွိကို စိုက်ကြည့်ပြီး အသံထွက် ကြိမ်းမောင်းသည်။

"မင်းက တကယ် ယင်ဝိညာဉ် ဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ခဲ့တာလား။ ဒါက တကယ့်ကို ထူးဆန်းတယ်" ဟုန်ယွိက သူမကိုကြည့်ရင်း မြေခွေးလေးများအကြောင်းကို သတိရသွားသည်။ "ဒါပေမယ့် မင်းရဲ့ တာအို စွမ်းရည်က, မင်းကိုယ်မင်း ပုံရိပ်ဖော်ပြသဖို့တောင် မစွမ်းဆောင်နိုင်ခဲ့ဘူး၊ မင်းက ငါ့ပြိုင်ဘက် ဖြစ်လာနိုင်ပါ့မ လား။ ငါ့ရဲ့ ရတနာလရောင်ဘုရင်ခန္ဓာကိုယ်က လရောင်ကနေ သိပ်သည်းထားတာ။ ဒီခန္ဓာကိုယ်က စိတ်ဝိညာဉ် တွေကို အထူး အန္တရာယ်ပြုနိုင်တယ်။ မင်း အဆင်ခြင်မဲ့ ကမူးရူးထိုး မလုပ်တာ အကောင်းဆုံးပဲ။ မင်း အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းစာကို ဘယ်ကရလာတာလဲ။"

ရွှေပင့်ကူ၏ ဝိညာဉ်ကို ကြည့်ရင်း ဟုန်ယွိ ရုတ်တရက် မေးလိုက်သည်။

"ဒီကိစ္စ နင်နဲ့ ဘာဆိုင်လို့လဲ။ ငါ့ခန္ဓာကိုယ်ကို လွှတ်စမ်း" ရွှေပင့်ကူယင်ဝိညာဉ်က ကြမ်းတမ်းစွာ ပြောလိုက် သည်။

"မင်းက အခေါင်းကို မတွေ့မချင်း မငိုသေးဘူး ထင်တယ်…" ဟုန်ယွိက သူ့လက်ဆုပ်ကိုင်မူကို ဖြေလျော့လိုက် ပြီးနောက်, ရွှေပင့်ကူကြီးလည်း ပြုတ်ကျသွားသည်။ သူ့လက်ထဲတွင် သုံးချောင်းထောက် သံမဏိမှိန်းတစ်ခု ပေါ်လာပြီး၊ ၎င်းသည် ယာကရှာနတ်ဆိုးဘုရင်၏ မကောင်းသော အတွေးအကြံ ဖြစ်သည်။

ထို"မကောင်းဆိုးဝါး သုံးမြှောင့်မှိန်း" ကို အာရုံခံမိသောအခါ ရွှေပင့်ကူ ယင်ဝိညာဉ်၏ အမူအရာက ပြောင်းသွား ပါသည်။ သူမက ရုတ်တရက် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်ပြီး အော်ပြောလိုက်ပါသည် "မင်း ငါ့ကို ဒီလိုမျိုးဆက်ဆံရင် ငါ့အဘိုးက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူးနော်…"

"မင်းအဘိုးလား.." ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် အကြည့်ချင်း ဖလှယ်ကာ ရုတ်တရက် ပြောလိုက်ပါ သည် "မင်းအဘိုးက ရွှေပင့်ကူဘုရင်များ ဖြစ်နိုင်မလား…"

အပိုင်း (၁၁၈)။

"ဟုတ်တယ်၊ ငါ့အဖိုးက ကမ္ဘာပေါ်က အင်မော်တယ် မဟာနတ်ဆိုးကြီး ရှစ်ယောကထဲက တစ်ယောက်ဖြစ်တဲ့ ရိုရန်အင်ပါယာရဲ့ မဟာဝိဇ္ဇာ ရွှေပင့်ကူဘုရင်ပဲ။ ငါက အပန်းဖြေရင်း လမ်းလျှောက် ထွက်လာတာ။ မင်းတို့က ဘာလို့ ငါ့ကို လိုက်ဖမ်းနေတာလဲ" ရွှေရောင်ပင့်ကူ ယင်ဝိညာဉ်မှ အသွင်ပြောင်းလာသော ရွှေဝတ်ရုံဝတ် မိန်းကလေးက ခက်ထန်သော လေသံဖြင့် ပြောနေသော်လည်း ဟုန်ယွိ၏လက်ထဲမှ သံမဏိမှိန်းကြီးကို ကြည့်လိုက်စဉ်, သူမ၏မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အမြွက် ဖော်ပြနေသေးသည်။

"ရိုရန်က အရိုင်းစိုင်းနယ်မြေပဲ။ မဟာဝိဇ္ဇာ ဟုတ်လား။ မင်းက တော်ဝင်ချန်ကိုလာပြီး မင်းတို့ရဲ့ တန်ခိုးအာဏာ ကို ပြရဲတာလား" ဟုန်ယွိက သူ့လက်ထဲမှ သံမဏိမှိန်းကို ဝှေ့ယမ်းပြီး ရွှေပင့်ကူယင်ဝိညာဉ်ကို လှောင်ပြောင် ဟန်ဖြင့် ပြောလိုက်သည်။ "အဲ့ဒီနတ်ဆိုးကြီး ရွှေပင့်ကူဘုရင်ကိုယ်တိုင် တော်ဝင်ချန်ကို လာပြီး၊ လမ်းပိတ်ကာ၊ လူတွေကို သတ်ဖြတ်ပြီး သူတို့အသားသွေးတွေကို စားသောက်နေမယ်ဆိုရင်, ဘယ်တော့မှ ပြန်ထွက်သွားနိုင် မှာ မဟုတ်ဘူး။ မင်းဆို ပြောစရာတောင် မလိုဘူး။ ငါ့ကိုပြောစမ်းပါဦး။ မင်း ဘာလို့ တော်ဝင်ချန်ကို လာတာလဲ။ မင်း ဘာလို့ ဒီ မဟူရာသစ်သားတောင်မှာ နေထိုင်ပြီး နန်ကျိုးပြည်နယ် ရှေးဟောင်းလမ်းက ခရီးသွားတွေနဲ့ ကုန်သည်တွေကို သတ်ဖြတ်ခဲ့တာလဲ…။"

"လမ်းသွားလမ်းလာတွေနဲ့ ကုန်သည်တွေကို ဘယ်သူ သတ်လို့လဲ။" ရွှေပင့်ကူယင်ဝိညာဉ်က နောက်ပြန် ဆုတ်ကာ သူမမျက်နှာမှာ တစ်စုံတစ်ခုကို ပိုင်းခြားသိမြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ ဟုန်ယွိကို ကြည့်လိုက် သည်။ "ဒီလူတွေက သူတို့ရဲ့ ပြင်ပခန္ဓာကိုယ်ကို လေ့ကျင့်ဖို့အတွက် ငါ့ကို ဖမ်းဆီးချင်နေတာလေ။ ငါက မခုခံရတော့ဘူးလား။”

"မင်းကို ဖမ်းဖို့လား။ မင်းက ခုခံရုံလား။ ဒါဆို, ဒီနေ့ မင်း ဘာတွေလုပ်ခဲ့လဲ။ ငါတို့ကို ထောင်ချောက်ဆင်ဖို့ ပင့်ကူချည်မျှင်တွေကို တွေးထုတ်ပြီး လမ်းမလယ်မှာ ဘာလို့ ရုတ်တရက် ပေါ်လာတာလဲ။" ဟုန်ယွိသည် ရွှေပင့်ကူယင်ဝိညာဉ်၏ ပန်းပွင့်သဖွယ် စကားတွေကြောင့် လုံးဝ မတုန်လှုပ်ခဲ့ပေ။ ဤယင်စိတ်ဝိညာဉ်အပေါ် သူ၏အတွေးများကို ရိုက်နှိပ်ထားလိုက်သည်။ တစ်ဖက်က အနည်းငယ် အဖုအထစ်လေး လုပ်လာသည်နှင့်, သူသည် ချက်ချင်း မှိန်းဖြင့် ထိုးသတ်ပစ်မည်။

ဤရွှေပင့်ကူ၏ တာအိုကျင့်ကြံမူသည် အလွန်နက်ရှိုင်းခြင်း မရှိသေးပေ။ ၎င်း၏ ယင်ဝိညာဉ်သည် ယခုမှ စတင် ဖွဲ့စည်းခါစ ဖြစ်သည်။

သို့သော် တိရစ္ဆာန်တစ်ကောင်အနေဖြင့် ထိုကဲ့သို့သော နယ်ပယ်အထိ ကျင့်ကြံနိုင်ခြင်းကပင် သူ့အား နားမလည် နိုင်အောင် ဖြစ်နေရပြီ။ ဟုန်ယွိသည် ကြီးမြတ်သော "အတိတ်အမိတ္တဘသုတ္တန်" စာအုပ်ကို ရရှိပြီးနောက်, သူသည် ညလမ်းလျှောက်ခြင်းနယ်ပယ်, နေ့လမ်းလျှောက်ခြင်းနယ်ပယ်, အရာဝတ္ထုထိန်းချုပ်ခြင်းနယ်ပယ် ဖြစ်သည့် ယင်သခင်နယ်ပယ်သို့ မရောက်ရှိမီ အချိန်အတော်ကြာ ယူခဲ့ရကြောင်း သိထားသင့်သည်။

နက်ရှိုင်းသော ချိုင့်ဝှမ်းထဲရှိ တုလောင်သည် ဆယ်စုနှစ်များစွာ လေ့ကျင့်နေသော်လည်း သူသည် နေ့လမ်းလျှောက်ခြင်း နယ်ပယ်သို့သာ ရောက်ရှိသေးသည်။

"သူတို့က ငါ့ကိုဖမ်းဖို့ ဒီကိုရောက်လာကြတာ ငါ သိနေတယ်လေ။ ဒါကြောင့်, ငါက အရင်ဆုံး လှုပ်ရှားရမယ်" ရွှေပင့်ကူ ယင်ဝိညာဉ်က သူ့နောက်က ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို ညွှန်ပြသည် "လွန်ခဲ့တဲ့ ရက်အနည်း ငယ်က ငါ့ကိုဖမ်းဖို့ ဒီကိုရောက်လာကြတဲ့ ယောင်ချီဂိုဏ်းက တပည့်အနည်းငယ်ကို ငါ သတ်ပစ်လိုက်တယ်။ ဒီနေ့ မင်းတို့ကို မြင်လိုက်တာနဲ့ ငါသိလိုက်ပြီ။ မင်းတို့ကလည်း ငါ့ကိုဖမ်းဖို့ ဒီကိုရောက်လာကြတာ မဟုတ်လား။ မဟုတ်ရင်, မင်းတို့က ငါ့နောက်ကို အသည်းအသန် လိုက်လာမှာမဟုတ်ဘူး…။”

"ဟင်…." ဟုန်ယွိက နောက်ပြန်လှည့်ပြီး ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို ကြည့်လိုက်သည်။

"မင်းက သာမန်ရွှေပင့်ကူတစ်ကောင်လို့ ငါတို့ ထင်ထားခဲ့တာ။ ဒါပေမယ့် မင်းဟာ ရွှေပင့်ကူဘုရင်ရဲ့ သွေးမျိုး ဆက်ဖြစ်မယ်လို့ ငါတို့ မမျှော်လင့်ထားဘူး။ ဒါ့အပြင်, မင်းက မှော်အစွမ်းတွေကိုလည်း ကျင့်ကြံထားသေး တယ်။ ငါတို့ယောင်ချီဂိုဏ်းရဲ့ အင်မော်တယ်ကြာပန်းခန်းမထဲက လူတွေက မင်းအတွက် ပြိုင်ဘက်မဟုတ်တာ အံ့သြစရာ မဟုတ်ဘူးပဲ" ဟွာနွန်ယင်က ရွှေပင့်ကူ ယင်စိတ်ဝိညာဉ်ကို ကြည့်ကာ ပြောသည်။

ဟွာနွန်းယွီက အေးစက်စွာ လှောင်ပြောင် ပြောသည် "ဒါပေမယ့်, မင်း အခု ထွက်ပြေးနိုင်သေးလား။ မင်းက သာမန် ရွှေပင့်ကူတစ်ကောင် မဟုတ်တဲ့အတွက် ငါတို့က မင်းကို လုံးဝ အလွတ်မပေးနိုင်ဘူး။ မဟုတ်ရင်, မင်း ပြန်သွားပြီးနောက် ရွှေပင့်ကူဘုရင်ကို ပြန်ပြောလိုက်ရင်, ငါတို့ ယောင်ချီဂိုဏ်းကို ဒုက္ခပေးမှာ မဟုတ်ဘူးလား။"

ထိုစကားကို ပြောပြီးနောက် အမျိုးသမီးနှစ်ဦးသည် ဟုန်ယွိကို ကြည့်ကာ သူမတို့၏အမူအရာများက ဟုန်ယွိကို အမြန် လှုပ်ရှားစေလိုကြောင်း ရှင်းရှင်းလင်းလင်း ပြသနေခဲ့သည်။

"မင်းက လူတွေကို အကြောင်းမဲ့ ဒုက္ခပေးတာ မဟုတ်တဲ့အတွက် မင်း ထွက်သွားပြီး၊ မင်းရဲ့ ရိုရန်အင်ပါယာဆီ အမြန်ဆုံး ပြန်သွားသင့်တယ်။ တော်ဝင်ချန်မှာ လျှောက်သွားမနေနဲ့တော့" ဟုန်ယွိက မလှုပ်ရှားခဲ့ပါဘူး။ သူက သူ့လက်ထဲမှ သံမဏိမှိန်းကို ခါယမ်းပြီး၊ သူ့အတွေးဆိုးတွေကို ဖယ်ပစ်လိုက်ရာ သံမဏိမှိန်းလည်း သဲလွန်စ မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

သက်ရှိအားလုံးမှာ ဝိညာဉ်တွေ ရှိကြပါသည်။ ဤရွှေပင့်ကူသည် ရှောင်ဆန်, ရှောင်ဖေး, ရှောင်ရူနှင့် အခြား မြေခွေးငယ်လေးများကဲ့သို့ စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ထားသည်။ သူမသည် လူများကို အကြောင်းမဲ့ ဒုက္ခပေးခြင်း မဟုတ်သောကြောင့် ဟုန်ယွိသည် သူမ၏ဝိညာဉ်ကို ဖျက်ဆီးပစ်မည် မဟုတ်ပေ။

"အယ်…"

ဟုန်ယွိက သူမကို လွှတ်ပေးလိုသည့် ဆန္ဒရှိသည်ကို မြင်လိုက်ရသဖြင့် ရွှေပင့်ကူ ယင်စိတ်ဝိညာဉ်သည် အံ့ဩသွားသည်။

"ငါတို့ သူမကို ထွက်သွားခွင့် မပြုနိုင်ဘူး။" ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့က တညီတညွတ်တည်း ပြောကြသည်။

"ဟမ့်၊ မင်းတို့ ယောင်ချီဂိုဏ်းရဲ့ တန်ခိုးရှင်နတ်သမီးမှော်မန္တာန် ငါ မကြောက်ဘူး။ မင်းတို့ တိုက်ခိုက်ချင်ရင် လာခဲ့လိုက်.." ရွှေပင့်ကူယင်ဝိညာဉ်သည် မည်သည့်အားနည်းချက်ကိုမှ ဖော်မပြပေ။

"မင်း ဘာလို့ ရိုရန်ကို မပြန်တာလဲ" ဟုန်ယွိသည် သူမတို့ ပြောစကားတွေကို လျစ်လျူရှုပြီး ရွှေပင့်ကူ ယင်ဝိညာဉ်ကို လှမ်းကြည့်လိုက်၏။

"ငါ မပြန်ဘူး။ ဒီတစ်ခါ ငါ တိတ်တိတ်လေး ထွက်ပြေးလာခဲ့တာ" ရွှေပင့်ကူ ယင်ဝိညာဉ်က ဟုန်ယွိကို ကြည့်လိုက်ရင်း သူမအမူအရာက တော်တော်ကို ပြောင်းသွားပါသည်။ "ငါ့အဖိုးက ငါ့ကို လူပြန်ဝင်စားနိုင် အောင် အကူညီပေးပြီး၊ ရိုရန်မင်းသားနဲ့ လက်ထပ်ပေးဖို့အတွက် ဝိညာဉ်အသွင်ပြောင်းပညာရပ်ကို အသုံးချ ချင်နေခဲ့တာ။ သေချာပေါက်, ငါလည်း ငြင်းပြီး ထွက်ပြေးလာခဲ့တာပေါ့။ ဒါပေမယ့် လူတော်တော်များများက ငါ့ကို ဖမ်းချင်နေကြမယ်လို့ မမျှော်လင့်ထားဘူး။ နင်ကရော ဘာလို့ ငါ့ကို လွှတ်ပေးတာလဲ…"

"မင်းသာ သာမန်ရွှေပင့်ကူ တစ်ကောင်ဆိုရင်, ငါ မင်းကို ဖမ်းဆီးထားလိမ့်မယ်။ ဒါပေမယ့် မင်းက တကယ်ကို ယင်ဝိညာဉ် ဖြစ်လာခဲ့ပြီး၊ မင်းရဲ့ဝိညာဉ်ကလည်း လူသားအသွင် ပြောင်းလဲနိုင်နေပြီ။ အပေါ်အရေခွံကလွဲရင် မင်းက လူသားတစ်ယောက်နဲ့ ထူးမခြားနားတော့ဘူး။" ဟုန်ယွိက ပြောသည်။

"အိုး..၊ ဒါကို မင်းတို့လူသားတွေက အမှန်တရားလို့ ခေါ်တာလား။" ရွှေပင့်ကူ ယင်ဝိညာဉ်သည် ဟုန်ယွိ၏ စကားကို ကြားသောအခါ တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ မျက်မှောင်ကြုတ်သွားပါသည်။ ထို့နောက် သူမက ပြောသည် "မင်းက ရတနာလရောင်ဘုရင်ခန္ဓာကိုယ်ကို ကျင့်ကြံထားတဲ့အတိုင်း လရောင်ကို ရုပ်အသွင် တစ်ခုအဖြစ် ပေါင်းစည်းနိုင်တယ်။ ဒီနည်းလမ်းကို ဒိုင်ဇင်ဘုရားကျောင်းရဲ့ လျှို့ဝှက်ကျမ်းတွေမှာပဲ တွေ့မြင်နိုင် တယ်။ တကယ်လို့, မင်းသာ နောက်ထပ် ခြေတစ်လှမ်းတိုးလိုက်ရင်, နေရဲ့အလင်းရောင်ကို ပေါင်းစည်းပြီး၊ ရတနာလရောင်ဘုရင်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်ပြီ။ နောက်ဆုံး, မင်းက ကြီးမြတ်သော အစစ်မှန် နေဗုဒ္ဓအသွင် အဖြစ် ကျင့်ကြံနိုင်လိမ့်မယ်။ အဲဒါက တိုင်ရှန်တာအိုဂိုဏ်းရဲ့ မီးလျှံနဂါးကိုးကောင်ထက် ပိုပြီး အစွမ်းထက် တယ်။ အဲဒါကမှ တကယ် အံ့သြစရာကောင်းမှာ။ အနှေးနဲ့အမြန်ဆိုသလို, ငါ့အဘိုးက ငါ့ကို လူပြန်ဝင်စားဖို့၊ လက်ထပ်ပေးဖို့အတွက် လာဖမ်းလိမ့်မယ်။ ငါ့ကို ကာကွယ်ပေးဖို့ တစ်စုံတစ်ယောက်လိုနေတယ်။ မင်းက အရမ်း စွမ်းထက်တော့ ကျေးဇူးပြုပြီး ငါ့ကို ကာကွယ်ပေးစမ်းပါ။ ငါ မင်းကို ငှားရမ်းခအတွက် ရတနာတွေ ပေးနိုင်ပါ တယ်။ ငါတို့နေရာရဲ့ စည်းမျဉ်းကတော့ မင်းမှာ ရတနာတွေရှိနေသရွှေ့, မင်းအနေနဲ့ အစွမ်းထက်တဲ့လူတွေကို ငှားရမ်းနိုင်တယ်…။”

"ဒီရွှေပင့်ကူက လျှို့ဝှက်ကျမ်းဂန်ကို ကျွမ်းကျင်နေတာပဲ။ သူ ငါကျင့်ကြံနေတဲ့ ရတနာလရောင်ဘုရင်ခန္ဓာကိုယ် ကိုတောင် မြင်နိုင်ပါလား." ရွှေပင့်ကူ ယင်စိတ်ဝိညာဉ် ပြောစကားကို ကြားရတော့, ဟုန်ယွိသည် တိတ်တဆိတ် အံ့သြသွားပါသည်။ သူက ရုတ်တရက် မေးလိုက်သည် “မင်းရော အခုနက မင်းပြောတဲ့ အနန္တန်တန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တ ကျမ်းစာကို မြင်ဖူးလား။ ဒီတာအိုနည်းစနစ်က စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ပေး နိုင်ပြီး အလွန်အစွမ်းထက်တယ်လေ။ ဒီကျမ်းစာက ဒိုင်ဇင်ဘုရားကျောင်းက ကျမ်းစာအုပ်တစ်ခုပဲ။ ဒီကျမ်းစာကို မင်း ဘယ်လိုရခဲ့လဲ..။”

"အဲဒီတုန်းက ငါ့အဘိုးက ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကျမ်းစာတိုက်ကို သွားပြီး ဂန္တဝင်မြောက် ကျမ်းစာများစွာကို တိတ်တဆိတ် ခိုးယူခဲ့တာ။" ငါ့မှာ ကျမ်းစာအုပ်တွေ အများကြီးရှိတယ်။ ရွှေပင့်ကူ ယင်ဝိညာဉ်က "မင်း ငါငှားရမ်းတာကို လက်ခံမှာလား။ တကယ်လို့, မင်း လက်ခံရင် မင်းကို အဲဒီကျင့်ကြံနည်းကို ငါ သင်ပေးမယ်။ ဒီကျမ်းစာက တာအိုမှော်ပညာနဲ့ ကိုယ်ခံပညာ နှစ်မျိုးစလုံးကို လေ့ကျင့်နိုင်တဲ့ နည်းစနစ်တွေ ပါ၀င်တယ်။ နတ်ဘုရား စိတ်ဝိညာဉ် ပြုစုပျိုးထောင်ခြင်းအပြင်, အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းစာထဲမှာ နဂါး-ဆင်တံဆိပ်က လူသားတွေ လေ့ကျင့်တဲ့ ကိုယ်ခံပညာဆိုတာ ငါ သိပါတယ်။ ငါ မင်းကို သုံးနှစ်လောက်ပဲ ငှားရမ်းမှာပါ။ သုံးနှစ်ဆို လုံလောက်ပါပြီ။"

"နဂါး-ဆင်တံဆိပ်လာ…"

ထိုစကားကိုကြားပြီးနောက် ဟုန်ယွိ၏ အတွေးများက ပျံ့လွင့်သွားပါသည်။

ဘုန်းတော်ကြီး ယန်ယွဲ့ရေးသားသည့် သိုင်းကျမ်းများကို ဖတ်ရှုပြီးနောက်၊ နဂါး-ဆင်တံဆိပ်သည် ခြင်ဆီကို လေ့ကျင့်ရန် အာရုံစိုက်ရသည့် အလွန်အဆင့်မြင့်သော ကိုယ်ခံပညာတစ်ခုဖြစ်ကြောင်း ဟုန်ယွိ သိလိုက်သည်။

ကမ္ဘာပေါ်တွင်, ကြွက်သားများ၊ အရွတ်များ၊ အရေပြား၊ အရိုးများနှင့် အတွင်းအင်္ဂါများကို လေ့ကျင့်ပေးနိုင်သည့် ကိုယ်ခံပညာရပ်ပေါင်း ထောင်ပေါင်းများစွာ ရှိပါသည်။ ၎င်းတို့သည် အဖိုးတန်သော်လည်း အဆင့်မြင့်အရာရှိ များနှင့် သြဇာကြီးသူများသည် ရရှိနိုင်ပါသည်။ သို့သော် အမြင့်ဆုံးအဆင့်တွင်ရှိသည့် ခြင်ဆီသန့်စင်ခြင်း လျှို့ဝှက်ကျမ်းစာများကို ရရှိရန်မှာ အမှန်ပင် မဖြစ်နိုင်ပေ။

ခြင်ဆီသန့်စင်ခြင်းဆိုင်ရာ စာအုပ်မှန်သမျှသည် အဖိုးမဖြတ်နိုင်သော အင်ပါယာ ကျောက်စိမ်းတံဆိပ်တစ်ခုနှင့် တူ၏။ ဤလောကသို့ ရောက်ရှိလာသည်နှင့်၊ ၎င်းသည် ချက်ချင်းပင် အဆုံးမဲ့ သွေးလွှမ်းသွားလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော်, လူတစ်ယောက်၏ လက်သီးပညာရပ်သည် ရှန်တန်အဆင့်ကို ကျော်လွန်ပြီး၊ မဟာ ဆရာသခင်နယ်ပယ်သို့ ရောက်ရှိပြီးနောက်၊ ထိုလူသည် သိုင်းသူတော်စင်နယ်ပယ်သို့ တက်လှမ်းနိုင်ရန် ခြင်ဆီကို စတင်သန့်စင်ပြီး၊ သွေးကိုပြောင်းလဲရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။

ခြင်ဆီသန့်စင်ခြင်းကျမ်းစာသည် ထိုအတားအဆီးကို ဖွင့်ရန် သော့တစ်ချောင်း ဖြစ်သည်။ ခြင်ဆီသန့်စင်ခြင်း ဖြင့်၊ လူတစ်ယောက်၏ ခန္ဓာကိုယ်သည် သူတော်စင်တစ်ပါး ဖြစ်လာနိုင်ပြီး၊ သိုင်းသူတော်စင် နယ်ပယ်သို့ ရောက်ရှိနိုင်ပါသည်။ ခြင်ဆီသန့်စင်ခြင်း နည်းလမ်းမရှိလျှင်, အကယ်၍, သင်သည် ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ပြီး၊ ကိုယ်ခံပညာကို အနှစ်တစ်ရာလောက် လေ့ကျင့်ထားလျှင်ပင်, မဟာဆရာသခင်အဆင့်သို့သာ ရောက်ရှိနိုင်ပြီး၊ သိုင်းသူတော်စင်အဆင့်ကို ဘယ်တော့မှ မရောက်ရှိနိုင်ပါဘူး။

ယခုအခါတွင် ဟုန်ယွိသည် ဝိညာဉ်လိပ်အသက်ရှူခြင်းပညာနှင့် မြွေပုံစံအသက်ရူထိန်းချုပ်ခြင်းပညာရပ်တို့ကို ပိုင်ဆိုင်ထားသည်။ သူသည် ရှန်တန်နယ်ပယ်မှ မဟာဆရာသခင်နယ်ပယ်အထိ လိုအပ်သော အတွင်းအင်္ဂါ လေ့ကျင့်ရေး နည်းလမ်းများ ချို့တဲ့ခြင်းမရှိတော့ပေ။ သို့သော်၊ သူသည် မဟာဆရာသခင် နယ်ပယ်ကို ဖြတ်ကျော်ပြီး သိုင်းသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ရန်၊ ခြင်ဆီသန့်စင်ခြင်းပညာရပ်များ လိုအပ်နေသည်။ ထိုပညာရပ်များမပါဘဲ၊ ဟုန်ယွိသည် အတွေးမရှိ ငြိမ်သက်မူအခြေအနေကို နားလည်နိုင်လျှင်ပင်, ၎င်းသည် ကြေးမှုန်ထဲက ပန်းပွင့်, ရေကန်ထဲက လမင်းကဲ့သို့ ဖြစ်နေလိမ့်မည်။ အများဆုံး, သူသည် မဟာဆရာသခင် နယ်ပယ်၏ ကနဦးအဆင့်တွင် ရပ်တန့်သွားလိမ့်မည်။

"ဘာလဲ..၊ အဲဒါက..."

ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် ထိုစကားကိုကြားသောအခါ၊ ရွှေပင့်ကူသေးသေးလေးမှာ ဒိုင်ဇင် ဘုရား ကျောင်း၏ အဆင့်မြင့် ခြင်ဆီသန့်စင်ခြင်းပညာရပ် အမှန်တကယ် ပိုင်ဆိုင်နိုင်မည်ဟု မထင်ထားခဲ့ပေ။

"နဂါး-ဆင်တံဆိပ်က ဒိုင်ဇင်ဘုရားကျောင်းရဲ့ အထွက်အထိပ် ကိုယ်ခံပညာရပ်တစ်ခုပဲ။ ဒီပညာရပ်ကို ကျွမ်းကျင်ပြီးနောက်၊ လူတစ်ယောက်ဟာ နဂါးနဲ့ဆင်တွေလို အဆုံးမဲ့ ခွန်အားကို ပိုင်ဆိုင်တဲ့ သိုင်းသူတော်စင် တစ်ဦး ဖြစ်လာနိုင်တယ်။ ဒီလက်သီးပညာရပ်မျိုးက ဒဏ္ဍာရီလာ လူသားအင်မော်တယ်ရဲ့ လျှို့ဝှက်ကျမ်းစာ ဖြစ်တဲ့ ပစ္စုပ္ပန်ကမ္ဘာရူလိုင်သုတ္တန်နဲ့ မဟာမိုးကြိုးတံဆိပ်တော်ပြီးရင် ဒုတိယပဲ။” ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ က သက်ပြင်းချပြီး၊ ရွှေပင့်ကူ ယင်ဝိညာဉ်ကို အရူးတစ်ကောင်လို့ ကြည့်နေကြသည်။ သူမတို့သည် တဖက်လူက ရူးနေလား သို့မဟုတ် သုံးနှစ်အရွယ် နုံအအ ကလေးတစ်ယောက်လားဆိုသည်ကို မသိတော့ပါဘူး။

"ကောင်းပြီလေ၊ ငါ မင်းကို သုံးနှစ်လောက်တော့ ကာကွယ်ပေးနိုင်ပါတယ်" ဟုန်ယွိသည် ထိုစကားကို ကြားသောအခါတွင် သူသည် ၎င်းကို မစဉ်းစားဘဲ ချက်ချင်း သဘောတူလိုက်သည်။

အရိုးသားဆုံးပြောရလျှင်, ယခုလိုကောင်းသည့် အရာမျိုးကို မည်သူမှ ငြင်းဆန်ကြမည် မဟုတ်ပေ။

အကယ်၍, ရွှေပင့်ကူဘုရင်သည် အနာဂတ်မှာ လာရောက်လည်ပတ်မည်ဆိုလျှင်ပင်, ဤအရာက အနာဂတ် အရေးကိစ္စသာ ဖြစ်ပါသည်။

"အဲဒါဆို ကောင်းပြီ၊ ငါလည်း ဒီတောထဲမှာ နေရတာ ငြီးငွေ့နေပြီ။ ငါ အပြင်ထွက်ရင်လည်း အသတ်ခံရဦးမယ်။ နောက်ဆုံးတော့, ငါလည်း ကျွမ်းကျင်တဲ့ ခေါင်ဆောင်းတစ်ဦးကို ငှားရမ်းနိုင်ခဲ့ပြီ။ ဒါက တကယ်ကို မလွယ်ဘူး။" ရွှေပင့်ကူ ယင်စိတ်ဝိညာဉ်သည် ဒေါသတကြီး ညီးတွားသည်။ "ငါတို့ အပြင်ရောက်တာနဲ့, ငါ နို့လက်ဖက်ရည် လိုချင်တယ်။ မင်းက အဲဒါကို နေ့တိုင်း ငါ့အတွက် ပြင်ဆင်ပေးရမယ်။ ပြီးတော့ ငါ့ကို ဘယ်သူမှ မမြင်အောင် ကောင်းကောင်း ဖုံးကွယ်ထားရမယ်။ ငါ ဘာအနှောင့်ယှက်မှမရှိဘဲ နေ့တိုင်း အေးအေးဆေးဆေး အိပ်ချင်တယ်။ ပြီးတော့ ငါက ဖဲသားစောင်နဲ့ အိပ်ချင်တယ်။ နှင်းဆီနှင်းဝတ်ရည်ကို ဝတ်ဆင်ပြီး၊ နွားနို့နဲ့ ရေချိုးချင်တယ်။ ငါက ထူးထူးဆန်းဆန်း အနံ့တွေကိုလည်း မကြိုက်ဘူး။"

………………………………………………………………………………………………………………….

"အစ်ကိုယွိက တောထဲမှာ အတော်ကြာနေပြီ။ ဘာလို့ ပြန်မလာသေးတာလဲ" လမ်းမပေါ်တွင် မုကလေးက တောအုပ်ထဲသို့ စိုးရိမ်တကြီး ကြည့်လိုက်သည်။

"သခင်မလေးမု၊ စိတ်မပူပါနဲ့။ အဲဒါက ရွှေပင့်ကူလေးပဲလေ၊ ညီအစ်ကိုဟုန်ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်က ခရီးတောင် သွားလာနိုင်နေပြီ။ အဲဒါက ဘာမှ မပြင်းထန်ပါဘူး။" ချီဇီယန်က မုကလေးကို နှစ်သိမ့်ပေးခဲ့သော် လည်း သူ့စကားတွင် လေးစားမှု အရိပ်အမြွက်ကို ဖော်ပြနေခဲ့သည်။

ယင်းကလည်း ချီဇီယန်သည် မုကလေးက တော်ဝင်နည်းပြဆရာမ ယုဝမ် လူဝင်စားဖြစ်နိုင်ခြေ အရှိဆုံး ဖြစ်ကြောင်း ချီဇီယန် သိထားသောကြောင့် ဖြစ်သည်။

နှစ်ယောက်သား စကားစမြည် ပြောနေစဉ်မှာပင် အလင်းတန်းတစ်ခုသည် တောအုပ်ထဲမှ ထွက်ပေါ်လာသည်။ ၎င်းသည် ဟုန်ယွိ၏ လရောင်ဘုရင်ခန္ဓာကိုယ် ဖြစ်သည်။

တစ်ခုတည်းသော ခြားနားချက်မှာ ဟုန်ယွိ၏ ဗလာပခုံးပေါ်တွင် တွက်ကပ်နေသည့် ကြောင်ပေါက်စအရွယ် ရွှေပင့်ကူတစ်ကောင် ရှိနေခြင်း ဖြစ်သည်။

"ဒါဘာလဲ.." ချီဇီယန်သည် ဟုန်ယွိ၏ စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်သို့ ပြန်ရောက်လာသည်ကို မြင်လိုက်ရပြီး၊ ရွှေပင့်ကူကလည်း ရွှေကြောင်ပေါက်စကဲ့သို့ အေးအေးလူလူ လမ်းလျှောက်ရင်း မြေပြင်ပေါ်သို့ ဆင်းလာခဲ့သည်။ "ညီအစ်ကိုဟုန်, မင်း ဒီရွှေပင့်ကူကို ထိန်းချုပ်နိုင်ခဲ့ပြီးလား၊ ရွှေပင့်ကူတွေက အရမ်းကို ကြမ်းတမ်းရက်စက်ပြီး ထိန်းချုပ်ဖို့ မလွယ်ဘူးဆိုတာ သတိထားရတယ်" သူသည် မနေနိုင်ဘဲ မေးမြန်းစပ်စုလိုက်ပါသည်။

"ထိန်းချုပ်ဖို့လား၊ ငါ သူ့ကို ထိန်းချုပ်ခဲ့တာ မဟုတ်ဘူး။ ငါက သူနဲ့ သဘောတူ စာချုပ်ချုပ်ခဲ့တာ။" ဟုန်ယွိသည် မျက်လုံးများကို ဖွင့်ကာ ကြောင်နှင့်တူသော ရွှေပင့်ကူကို ကြည့်လိုက်သည်။ "သူမက သာမန် ရွှေပင့်ကူ မဟုတ်ဘူး။ သူမက ရုန်ရန်နိုင်ငံရဲ့ မင်းဆရာသခင် မဟာဝိဇ္ဇာ ရွှေပင့်ကူဘုရင်ရဲ့ မြေးဖြစ်တယ်။ သူမက လက်မထပ်ချင်လို့ အိမ်ကထွက်ပြေးလာတာ။ အခု သူမကို ကာကွယ်ပေဖို့ ငါတို့ကို ငှားရမ်းထားတယ်။"

"ပင့်ကူက လက်ထပ်ဖို့အရေးကနေ ထွက်ပြေးသွားတာလား။ သူမက ကာကွယ်ပေးမယ့် လူကိုတောင် ငှားထားတာလား။"

ဟုန်ယွိ၏စကားကို ကြားပြီးနောက်တွင် ရောက်ရှိနေသူ လူအားလုံးသည် ဒေါသပုန်ထနေသော နွားတစ်ကောင် ကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားကြသည်။ လူတိုင်းက သူတို့နှလုံးသားထဲတွင် မယုံကြည်မူကို ခံစားလိုက်ရပါ သည်။

ဤအခိုက်တွင် ရွှေပင့်ကူက အော်ဟစ်ပြီး၊ ၎င်း၏ပါးစပ်မှ ထူးဆန်းသော်လည်း နားလည်နိုင်လောက်သည့် အသံက ထွက်ပေါ်လာသည် "မင်းတို့ ဘာကြည့်နေတာလဲ။ ငါအိပ်တော့မယ်။" ထိုစကားကို ပြောပြီးနောက်, သွားတွေ ပြန်ရုပ်သိမ်းပြီး၊ ရွက်ဖျင်ထဲသို့ ဖြည်းညှင်းစွာ တွားသွားသွားပါသည်။

"ပင့်ကူတွေက စကားပြောနိုင်တာလား" တိမ်ဖြူအကြီးကဲငါးဦး, စစ်သည်ငါးဦး, အနက်ရောင်သိမ်းငှက်ခံတပ် ညီအစ်ကို သုံးယောက်အပါအဝင် ရောက်ရှိနေသူ လူတိုင်းသည် မူးမေ့လဲလုနီးပါး ခံစားခဲ့ရပါသည်။ ရှန်ထိုက်ဇူ သည်လည်း မူးမေ့လုမတတ်ပင်။

ဟုန်ယွိသည် မြေခွေးအိုကြီးတုလောင် စကားပြောသည်ကို မြင်ဖူးသောကြောင့် သူက မအံ့သြပေ။ သူက ချီဇီယန်ကို ပြောလိုက်သည် "ဒီရွှေပင့်ကူက တော်ဝင်ချန်ဘာသာစကားကို တော်တော်လေး ပြောတတ်တယ်။ သူက ရိုရန်ဘုရင်နိုင်ငံက ရွှေပင့်ကူဆိုတော့ ရိုရန်ဘာသာစကားကိုလည်း ပြောတတ်သင့်တယ်။"

"ရွှေပင့်ကူဘုရင်က တော်ဝင်ချန်မှာ လှည့်လည်ကျင့်ကြံခဲ့ဖူးတယ်။ ရိုရန်ရဲ့ မင်းမျိုးမင်းနွယ်တွေနဲ့ မှူးမတ်တွေ အားလုံးကလည်း တော်ဝင်ချန် ဘာသာစကားကို သင်ယူထားကြတယ်။" ချီဇီယန်က ပြောသည်။

ထိုအချိန်တွင် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် သူမတို့ ခန္ဓာကိုယ်ဆီသို့ အသီးသီး ပြန်ရောက်လာကြပြီး၊ မျက်လုံးများကို ဖွင့်ကာ ဟုန်ယွိကို ကြည့်လိုက်ကြသည်။

"မင်းတို့က ယောင်ချီဂိုဏ်းရဲ့ လပန်းခန်းမရဲ့ ခန်းမသခင်မနှစ်ယောက် ဖြစ်သလို, ယင်ကျိုးပြည်နယ်က ချမ်းသာကြွယ်ဝတဲ့ ဟွာမိသားစုရဲ့ သခင်မလေး နှစ်ယောက် မဟုတ်လား။" အမျိုးသမီးနှစ်ယောက် စကားပြောသည်ကို မစောင့်ဘဲ ဟုန်ယွိက အရင်ပြောသည်။

"အခု ငါတို့ညီအစ်မတွေက မင်းလက်ထဲ ကျရောက်နေပြီး၊ သတ်ဖို့စောင့်နေတဲ့ စဉ်းလှီးတုံးပေါ်က ငါးတွေလိုပဲ။ ဒါပေမယ့် အခုနက မင်း ရွှေပင့်ကူကို လိုက်ဖမ်းပြီး၊ တိုင်းတပါးသားနဲ့ စကားပြောနေတာ ငါတို့ တွေ့ခဲ့တယ်။ မင်းက လက်ထဲမှာ အသာစီးရယူထားပေမယ့် ရန်လိုသူ မဟုတ်ခဲ့ဘူး။ မင်းက လူကောင်းတစ်ယောက်လို့ ငါတို့ မြင်တယ်။ ငါတို့ညီအစ်မတွေက ဒီတစ်ကြိမ် အဖြစ်ပျက်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ့်ကို အပြစ်တင်ဖို့ပဲ ရှိပါတယ်။ မင်း ဘာစည်းမျဉ်းတွေရှိလဲ ပြောပါ။" ဟွာနွန်ယင်သည် ထိုအချိန်၌ တည်ငြိမ်သွားသည်။ ဟုန်ယွိသည် ရက်စက်တတ်သူ မဟုတ်ကြောင်း သူမသိလိုက်သောကြောင့် သူမသည် စိတ်သက်သာရာရသွား သည်။

"အခုတော့ ဘာစည်းမျဉ်းမ မရှိသေးဘူး၊ ဒါပေမယ့် ငါ့ညီမလေးမှာ သူမကို ပြုစုဖို့ လူမရှိသေးဘူး။ မင်းတို့ ညီမအစ်မရဲ့ အမိန့်အောက်မှာ အရည်အချင်းရှိတဲ့ အိမ်ဖော်တွေ အများကြီး ရှိသင့်တယ်။ အခု ငါ ယုံကြည်ရတဲ့ အစေခံ ရှစ်ယောက်လောက် လိုတယ်။ ဒါပေမယ့်, မာနကြီးပြီး ကြီးစိုးတဲ့လူမျိုးတွေ ငါ မလိုချင်ဘူး။" ဟုန်ယွိက မည်သည့် အမူအရာမှမရှိဘဲ ပေါ့ပေါ့ပါးပါး တောင်းဆိုလိုက်သည်။

"ဒါက လွယ်ပါတယ်။ ငါ့မှာ ထက်မြက်တဲ့ မိန်းကလေး ရှစ်ယောက် ရှိတယ်၊ သူမတို့က ကိုယ်ခံပညာလည်း ကောင်းကောင်း တတ်မြောက်ကြတယ်။ မင်းကို ငါ ပေးလိုက်မယ်။" ဟွာနွန်းယွီသည် အသေးဖွဲ့ ထိုတောင်းဆိုမှု လေးကို ကြားလိုက်ရသောအခါ, သူမသည် စိတ်သက်သာရာရသွားသည်။

"ကောင်းပြီ၊ မင်းတို့ တောင်ပိုင်းဒေသမှာရှိတဲ့ ငွေကုန်သည်တွေဟာ နိုင်ငံရပ်ခြားကို ကူးသန်းသွားလာဖို့ သင်္ဘောတွေ ရှိကြတယ်။ မင်းတို့ငွေကုန်သည်တွေရဲ့ သင်္ဘောတွေက အရမ်းကြံ့ခိုင်ကြတယ်။ သံချပ်တွေနဲ့ ဖုံးအုပ်ထားပြီး ဘီးတပ်သံလှော်တက်တွေကို တပ်ဆင်ထားတယ်။ မင်းတို့ ငါ့ကို ရောင်းပေးနိုင်မလား ငါ သိချင် တယ်။" ဟုန်ယွိက အဓိကအချက်ကို အမှတ်ရသွားသည်။

ယင်ကျိုးပြည်နယ်၏ ချမ်းသာကြွယ်ဝသော ငွေကုန်သည်များ၏ လုပ်ငန်းသည် အလွန်ကျယ်ပြန့်သည်။ ၎င်းတို့၏သင်္ဘောများသည် ပင်လယ်ပြင်မှ နိုင်ငံအသီးသီးသို့ ခရီးထွက်ကြပြီး၊ ကြွေထည်၊ လက်ဖက်ခြောက်နှင့် ပိုးထည်များကို သယ်ယူကြကာ၊ အပြန်တွင် နံ့သာမျိုးစုံ၊ ကျောက်မျက်၊ ရွှေ၊ ငွေနှင့် အခြားရှားပါးသော ကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းကြသည်။ သို့သော် ပင်လယ်ရေပြင်သည် ကျွန်းများစွာဖြင့် ပြည့်နှက်နေပြီး လှိုင်းလုံးများက ပြင်းထန်သောကြောင့် ကြံ့ခိုင်သော သင်္ဘောများ လိုအပ်နေပါသည်။

ယင်ကျိုးပြည်နယ် ငွေကုန်သည်များသည် သင်္ဘောများစွာကို တီထွင်ဖန်တီး တည်ဆောက်ရန် ကမ္ဘာတစ်ဝှမ်းမှ ကျွမ်းကျင်သော လက်သမားဆရာများကို လျှို့ဝှက် ငှားရမ်းထားခဲ့ကြသည်။ ထိုအနက် အကြံ့ခိုင်ဆုံး သင်္ဘော များကို သံချပ်များဖြင့် ဖုံးအုပ်ထားပြီး၊ သင်္ဘောကုန်းပတ်များ အောက်တွင် လှည့်ပတ်အားကောင်းစေသော ဘီးများနှင့် သံမဏိလှော်တက်များ တပ်ဆင်ထားကြသည်။ လူတွေက အရှိန်ဟုန်မြှင့်လိုက်သည်နှင့် ၎င်းတို့သည် ရေပေါ်တွင် ပျံသွားသကဲ့သို့ ရွှေ့လျားသွားကြ၏။ ၎င်းတို့သည် တော်ဝင်ချန်ရေတပ်၏ သင်္ဘောများထက် အဆပေါင်းများစွာ ပိုမိုကြံ့ခိုင်ပြီး အားကောင်းသည်။

ဤသည်မှာ ဟုန်ယွိသည် သူ့မှတ်စုများတွင် ရံဖန်ရံခါ ဖတ်ဖူးသော အရာများ ဖြစ်သည်။

သူသည် တောင်ပိုင်းဒေသသို့ လာရောက်ပြီး၊ ကျင်ဟိုင်ရေတပ်တွင် အရာရှိတစ်ဦးအဖြစ် အမှုထမ်းရမည်။ ပင်လယ်ဓားပြတွေနှင့် သူခိုးတွေကို ချေမှုန်းရန်အတွက် သူသည် သေချာပေါက် ပင်လယ်ပြင်ကို ခရီးထွက်ရ လိမ့်မည်။ သူ့အဖွဲ့သည် တရားဝင် သင်္ဘောငယ်များကို အသုံးပြုပါက အလွန်မင်း အန္တရာယ်များသည်။ အကယ်၍, သူသည် ယင်ကျိုးပြည်နယ် ကုန်သည်များထံမှ သံမဏိကိုယ်ထည်သင်္ဘောများကို ဝယ်ယူပြီး စစ်ဘက်ဆိုင်ရာ ကမ္မကုသိုလ်များ ပြုလုပ်ပါက၊ ပိုမိုလွယ်ကူလိမ့်မည်။

"မင်းက သံမဏိကိုယ်ထည်သင်္ဘောတစ်စင်းကို ဝယ်ချင်တာလား။ ဒီသင်္ဘောအမျိုးအစားက အလွန် စျေးကြီး တယ်။ လူ ၈၀၀ ဆံ့တဲ့ သင်္ဘောကြီးတစ်စင်းက ငွေဒင်္ဂါး ၁.၃ သန်း ကုန်ကျမယ်။ ကလီကျောက်တင်ဖို့၊ သံချပ်ပြားတွေ သွန်းလောင်းဖို့၊ ပျဉ်ချပ်တွေကို ဆီစိမ်ဖို့အစရှိတဲ့ အရာတွေကို လုပ်ဆောင်ဖို့ လက်သမား ထောင်ပေါင်းများစွာ လိုတယ်။ စတင်တည်ဆောက်ချိန်ကစပြီး၊ အချိန်ကာလအားဖြင့် ခုနစ်နှစ်မှ ရှစ်နှစ်အထိ ကြာမြင့်တယ်။ အခုချိန်မှာတော့, ငါတို့နှစ်ယောက်ဟာ သင်္ဘောနှစ်စင်းပဲ ထိန်းချုပ်နိုင်တယ်။ နှစ်စဉ်နှစ်တိုင်း ကာမီကာဇီ၊ ရူဂျီ၊ အိုင်ဇူမို၊ ယုရှန်၊ ဟွန့်ယောင်၊ ဘိုင်မူ၊ ဒွန်ချွန်နိုင်ငံတွေနဲ့ ကုန်သွယ်မှုပြုလုပ်ဖို့ ပင်လယ်ပြင်ကို သွားကြရတယ်။ ဒါ့အပြင်၊ ဒီသင်္ဘောအမျိုးအစားတွေက တည်ဆောက်ဖို့ ခက်ခဲလွန်းတာကြောင့် ငါတို့ ငွေကုန် သည်အသင်းက ရောင်းချခြင်းကို တားမြစ်ထားတယ်။ (ကလီကျောက်တင်ခြင်းဟူသည် သင်္ဘော တည်ဆောက် မှုနှင့် ထိုသင်္ဘော၏ဘဝတစ်လျှောက်လုံးတွင် ကံကောင်းခြင်းများကို ဖိတ်ခေါ်သည့် အစဉ်အလာ ဖြစ်ပါသည်)။

ထိုစကားကိုကြားတော့ ဟွာနွန်ယင်သည် မျက်မှောင်ကြုတ်သွားပါသည်။

"ဒါ့အပြင်, အဲဒီသင်္ဘောကြီးကို ကာကွယ်ဖို့ လှေငယ်သုံးဆယ့်ခြောက်စီးနဲ့ ဝိုင်းဝန်းစောင့်ရှောက်ရမှာ" ဟွာနွန်းယွီက ဆက်ပြောသည်။

"သင်္ဘောတစ်စင်းရဲ့ ကုန်ကျစရိတ်က ငွေဒင်္ဂါး ၁.၃ သန်းလား.." ဟုန်ယွိ တုန်လှုပ်သွားသည်။ အခုနက သူ ဝယ်ချင်ခဲ့သော်လည်း၊ အခု ထိုစကားကိုကြားတော့ သူ လက်လျှော့လိုက်ပါပြီ။ ကုန်ကျစရိတ်သက်သက်တင် ငွေဒင်္ဂါး တစ်သန်းကျော်ဖြစ်ပြီး၊ ၎င်းကို ရောင်းချပါက, ငွေဒင်္ဂါးသုံးသန်းအောက် ကုန်ကျမည် ဖြစ်သည်။ သူ့လက်ထဲမှာ ငွေဒင်္ဂါးတစ်သိန်းကျော်သာ ရှိသေးသည်။ သူ့အတွက် မလုံလောက်ပါဘူး။

"အဲဒါကို မေ့လိုက်ပါ၊ ဒါပေမယ့် ငါတို့ ငှားလို့ရနိုင်မလား။ ဒါ့အပြင်, မင်းတို့ရဲ့ အရောင်းဆိုင်တွေမှာ အသေးစိတ် ပင်လယ်မြေပုံတွေ ရှိသင့်တယ် မဟုတ်လား။" ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းပြီး နောက်ထပ် အကြံတစ်ခု ထုတ်လိုက်သည်။

အပိုင်း (၁၁၉)။

"ပင်လယ်မြေပုံလား။ ငါ့မှာတော့ တစ်ခုရှိတယ်။ မဟုတ်ရင် ပင်လယ်က ကုန်းမြေထက် ဆယ်ဆ ပိုကြီးတော့, ကုန်းမြေပေါ်က မြေနေရာအမျိုးမျိုးလို ခွဲခြားဖို့ မလွယ်ဘူး။ ပင်လယ်မြေပုံမရှိရင် အဆုံးမရှိတဲ့ သမုဒ္ဒရာထဲမှာ လမ်းပျောက်ပြီး၊ ပိတ်မိကာ အစာငတ်ပြီး အလွယ်တကူ သေသွားနိုင်တယ်။"

ဟုန်ယွိက ပင်လယ်မြေပုံကို ရုတ်တရက် ပြောပြလာသည်ကို ကြားလိုက်ရာ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် ဟုန်ယွိက ဘာတွေ စီစဉ်နေမှန်း သိလိုသည့်အလား အကြည့်ချင်း ဖလှယ်ကြသည်။ "ငါတို့ ယင်ကျိုးပြည်နယ် ယောင်ချီဂိုဏ်းရဲ့ ပင်လယ်မြေပုံက အသေးစိတ်ကျဆုံးပဲ။ မြေပုံထဲမှာ လူတွေ မနေထိုင်တဲ့ ကျွန်းတွေ၊ သန္တာ ကျောက်တန်းတွေ၊ ရေလှိုင်းတွေပေါင်းစုံရာနေရာတွေ, ရေချိုကန်တွေ၊ ငါးမန်းတွေ၊ ဝေလငါးတွေ၊ နဂါးတွေ၊ ပင်လယ်စပါးအုံးမြွေတွေနဲ့ ပင်လယ်ထဲမှာ ကျက်စားတဲ့ အခြားရက်စက်ကြမ်းကြုတ်တဲ့ ပင်လယ်သတ္တဝါတွေ အပါအဝင် နိုင်ငံရပ်ခြား ၂၈ နိုင်ငံအတွက် အသေးစိတ် အမှတ်အသားတွေ ပါရှိတယ်။ တကယ်လို့, မင်းသာ ငါတို့ လက်ထဲက ပင်လယ်မြေပုံကို ရရှိထားမယ်ဆိုရင်, အနည်းဆုံးတော့, မင်း ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကို ရွက်လွှင့်တဲ့အခါ, ဘေးဒုက္ခတွေ့နိုင်မယ့် အန္တရာယ်ကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်။”

ဟုန်ယွိသည် အမျိုးသမီး နှစ်ယောက်ကြား စကားစမြည် ပြောဆိုနေသည်ကို ကြားရချိန်မှာ သူသည် တိတ်ဆိတ် နေခဲ့သည်။ မီးပုံကြီး၏ အလင်းရောင်က သူ့မျက်နှာကို ထုတ်ဖော်မပြဘဲ လင်းထိန်နေပြီး သူ ဘာတွေ တွေးနေ မှန်း မည်သူမှ မသိနိုင်ပေ။

ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် သူ့ကို စေ့စေ့ကြည့်နေကြသည်။ သူမတို့နှစ်ဦး၏ စိတ်ဝိညာဉ်များသည် ယခုအခါ ဟုန်ယွိ၏ အတွေးများဖြင့် ထိန်းချုပ်ခံထားရသောကြောင့် သူမတို့သည် ဟုန်ယွိ၏ အတွေးတိုင်း အတွက် မစိုးရိမ်ဘဲ မနေနိုင်ပါချေ။

"တောင်ပိုင်းပင်လယ်ရဲ့ ရေကြောင်းပြ မြေပုံကို ပေးလို့ရမလား။ ပိုပြီးတိကျလေ ပိုကောင်းလေပဲ။ ပြီးတော့, မကြာသေးခင်ကမှ တောင်ပိုင်းပင်လယ်မှာ ပင်လယ်ဓားပြတွေနဲ့ တောပုန်းဓားပြတွေ နေရာအနှံ့ သောင်းကျန်း နေပေမယ့် မင်းတို့က ပင်လယ်မှာ စီးပွားရေးလုပ်နေတာ နှစ်အတော်ကြာနေပြီ။ ဒါကြောင့်, မင်းတို့က ထောက်လှမ်းရေးအကြောင်း ကောင်းကောင်း သိထားသင့်တယ်။ မင်းတို့အနေနဲ့ ထောက်လှမ်းထားတဲ့ အသေးစိတ် အချက်လက်အချို့ကို ငါ့ကို ပေးနိုင်မလား"

ဟုန်ယွိသည် တခဏလောက် တွေးတောပြီး၊ ရုတ်တရက် စကားပြောလိုက်တော့ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ သည် ထိတ်လန့်သွားကြပါသည်။

"သေချာတာက၊ တကယ်လို့, မင်းတို့အနေနဲ့ အဲဒါက တန်ဖိုးကြီးတယ်လို့ ထင်ရင်လည်း, ငါ ငွေကြေးနဲ့ဝယ်လို့ ရပါတယ်။" ဟုန်ယွိက ခေါင်းမော့ပြီး ကျယ်လောင်စွာ ပြောလိုက်သည် "ဘယ်လိုလဲ"။

ဟွာနွန်ယင်သည် ဟုန်ယွိ၏မျက်နှာကို ကြည့်ပြီး ရုတ်တရက် ပြတ်ပြတ်သားသား ပြောခဲ့သည် "သဘာဝကျကျ ပြောရရင်, ငါတို့ဘဝတွေက မင်းလက်ထဲမှာပဲ။ မင်း ဘာလို့ ဒီလောက် ဒုက္ခခံနေတာလဲ။ မင်း ပင်လယ်မြေပုံတွေ၊ သတင်းအချက်လက်နဲ့ သံချပ်ကာလှေပျံတွေ လိုချင်နေတာလား။ ငါတို့က မင်းကို ပေးနိုင်ပါတယ်။ ငါတို့မှာ ဘာမှ ငြင်းဆန်နိုင်စွမ်း မရှိပါဘူး။"

ဟုန်ယွိ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ မီးရောင်က သူ့မျက်နှာကို ထင်ဟပ်သွားသည်။ အလိုလောဘမရှိ, ယုံကြည်စိတ်ချမှုကို ပေးနိုင်သည့် မျက်နှာအမူအရာ ပေါ်လွင်နေသည်။ "ငါ အလုပ်လုပ်တဲ့အခါ၊ လူတွေကို စိတ်ပျက်ဖွယ် အခြေအနေထဲရောက်အောင် ဘယ်တော့မှ တွန်းမပို့ဘူး။ စီးပွားရေးက စီးပွားရေးပဲ။ အရောင်းအ၀ယ်က အရောင်းအ၀ယ်ပဲ။ သေချာတာက, မင်းတို့ ငါ့ကို အဆင်ပြေပြေနဲ့ အကျိုးခံစားခွင့်အချို့ကို တော့ ပေးရမယ်။ ပြီးတော့ မင်းတို့ ငါ့ကို ဆုံးရှုံးနစ်နာအောင် လုပ်တာမျိုး ခွင့်မပြုနိုင်ဘူး။ ရှင်းရှင်းလင်းလင်း ပြောပါရစေ၊ ဒီအခြေအနေမှာ ငါက မင်းတို့ကို ထိန်းချုပ်ထားမယ်။ ထုံးစံအတိုင်း ဒီအရောင်းအဝယ်မှာ ငါက အခွင့်ကောင်းယူရမယ်။ ဒါပေမယ့် မင်းတို့ကိုချည်း အရာအားလုံးကို အဆုံးရှုံးမခံခိုင်းဘူး။"

ဟုန်ယွိ၏စကားက ရှင်းပါသည်။ ပြောရရင်, သူက အခုချိန်မှာ အခြေအနေအားလုံးကို ထိန်းချုပ်ထားပြီး၊ အကယ်၍, သူမတို့ နှစ်ယောက်နှင့် ညှိနှိုင်းသည်ဆိုလျှင်ပင်, သူသည် သေချာပေါက် အခွင့်ကောင်းယူရလိမ့်မည်။ သို့သော်, သူသည် သိပ်အလွန်ကြီး လုပ်ဆောင်မည် မဟုတ်ပေ။

ငွေကုန်သည်များသည် တစ်နှစ်ပတ်လုံး နိုင်ငံရပ်ခြားတွင် စီးပွားရေး လုပ်ကိုင်ကြပြီး၊ ခေတ်မှီပင်လယ်မြေပုံများ၊ ကြံ့ခိုင်သော သံမဏိကိုယ်ထည် သင်္ဘောများအပြင်, ပင်လယ်ဓားပြများနှင့် ပတ်သက်သည့် လျှို့ဝှက် အချက် အလက်များကို ပိုင်ဆိုင်ထားကြသည်။ အကယ်၍, ဟုန်ယွိသည် ထိုအရာများကို ပိုင်ဆိုင်ပါက၊ သူသည် ကျင်းဟိုင်ရေတပ်မှာ အရာရှိတစ်ဦးဖြစ်လာပြီးနောက် ဓားပြများကို တိုက်ထုတ်ရာတွင် အခွင့်ကောင်းယူနိုင်ပြီး၊ သူ့မှာ ထိန်းချုပ်၍မရနိုင်သည့် အင်အားတစ်ခု ရှိလာပါလိမ့်မည်။

ထိုသို့မဟုတ်ဘဲ, သူ့ပတ်ဝန်းကျင်မှာ ပညာရှင်ပေါင်းများစွာ၊ လေး၊ မြှားတွေ, ဒူးလေးတွေ အနည်းငယ် ရှိနေပြီး၊ ငွေကြေး, စားနပ်ရိက္ခာနှင့် မြင်းတွေ ကင်းမဲ့နေပါက, သူတို့သည် တကယ်ကို ကြောင်ကြောင်တောင်တောင် လူတစ်အုပ်အဖြစ်သာ ရှိနေပါလိမ့်မည်။ အကယ်၍, သူတို့သည် သန်မာသော ရန်သူနှင့် တွေ့ကြုံရပါက, တခဏချင်း ပြာကျသွားလိမ့်မည်။

ထို့အပြင်, စစ်တပ်တွင် ကမ္မကုသိုလ်အတွက် မယှဉ်ပြိုင်ကြသူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ လက်ရှိတွင် ကျင်းဟိုင်တပ်အတွင်းမှာ မင်းမျိုးမင်းနွယ်များနှင့် အရာရှိများ၏သားတော် အများအပြားသည် တရားဝင် ရာထူးများကို ထမ်းဆောင်ကြပြီး၊ အချို့မှာ တပ်မှူးများ၊ အချို့က စစ်ဗိုလ်ချုပ်များနှင့် အချို့က စစ်ဦးစီးချုပ်များ အဖြစ် ထမ်းဆောင်ကြသည်။ ထိုသို့သော လူများ၏ဝန်းရံမူအောက်မူတွင် ကမ္မကုသိုလ်ပြုလုပ်ပြီး ကြီးမြတ် သော လမ်းကြောင်းကို ဖောက်ထွင်းနိုင်ရန်မှာ များပြားလှသော ငွေကြေးအရင်းအနှီး၊ လူအင်အား၊ သတင်းအချက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခွန်အားများမပါဘဲ အမှန်တကယ် မဖြစ်နိုင်ပေ။ (ပစိတ်ဖိတ်ရေတပ်နှင့် ကျင်းဟိုင်တပ်သည် အတူတူပင် ဖြစ်ပါသည်။)

ဤနှစ်များအတွင်း စစ်တပ်တွင် လူများစွာကို တိုက်ခိုက်သတ်ဖြတ်ခြင်း၊ လျှို့ဝှက်စွာ မြှားဖြင့်ပစ်ခတ်ခြင်းနှင့် အကျိုးမြတ်များ ရယူရန်အတွက် နောက်ကျောကို ဓားဖြင့်ထိုးခြင်း စသည့် ဖြစ်ရပ်များစွာ ရှိခဲ့သည်။

ဟုန်ယွိသည် လမ်းတစ်လျှောက်တွင် ဤအရာများကို စဉ်းစားနေခဲ့ရသည်။

အထူးသဖြင့် ပင်လယ်ပြင်မှာ တိုက်ပွဲတွေက ကုန်းပေါ်တိုက်ပွဲတွေနှင့် မတူပါဘူး။ သိုင်းသူတော်စင်တစ်ပါး တောင်မှ ပင်လယ်ပြင်တိုက်ပွဲမှာ ရလာဒ်ကြီးကြီးမားမား ကွဲပြားသွားအောင် မလုပ်နိုင်ပါဘူး။ ထို့ကြောင့် ကြိုတင်ပြင်ဆင်မှုအားလုံးကို ကောင်းမွန်စွာ ပြီးမြောက်အောင် လုပ်ဆောင်ထားရပါမည်။

ဟုန်ယွိသည် ငွေကြေးအရင်းအနှီးနှင့် လူအင်အား ချို့တဲ့နေသည်။ သူသည် မင်းသားယု၏ ရာဇပလ္လင် ဆက်ခံမှု အတွက် တိုက်ပွဲဝင်ရန်၊ သူ့မိခင်အတွက် တရားမျှတမှုကို ရှာဖွေရန်နှင့်, ကျောက်မိသားစုနှင့် အထွဋ်ထိပ် ကောင်းကင်နယ်မြေကို ဖျက်ဆီးပြီး ကလဲ့စားချေနိုင်ရန်အတွက်, သူသည် အင်အားစုဆောင်းပြီး၊ အခွင့်အရေး တိုင်းကို ဆုပ်ကိုင်ထားရမည် ဖြစ်သည်။

"ကောင်းပြီလေ..၊ ငါတို့ နန်ကျိုးရှိ (တောင်ပိုင်းဒေသ) ရွှေ့ယန်ပြည်နယ်ကို ရောက်တာနဲ့ မိုင်ထောင်သောင်းချီ ကျယ်ပြောတဲ့ တောင်ပိုင်းပြည်နယ်ခုနစ်ခုရဲ့ ပင်လယ်မြေပုံကို ငါပေးမယ်။ နောက်ပိုင်း ပင်လယ်ဓားပြတွေရဲ့ နောက်ဆုံး ထောက်လှမ်းရေး သတင်းအချက်လက်တွေကိုလည်း ငါ ပေးလိုက်မယ်။ ဒါပေမယ့် ငါတို့က ပင်လယ် ထဲမှာ စီးပွားရေး လုပ်နေရသေးတယ်။ ဒါကြောင့် သင်္ဘောတွေ ဆိပ်ကမ်းပြန်ရောက်ဖို့က လအနည်းငယ် လောက် အချိန်ယူရဦးမယ်။ ဆိုတော့, ငါတို့က မင်းကို လူရှစ်ဆယ်လောက် သယ်ဆောင်နိုင်တဲ့ သံမဏိ ကိုယ်ထည်သင်္ဘောတစ်စင်း ငှားပေးလိုက်မယ်။ ပြီးတော့ အဲဒီထဲက လူငါးယောက်ကိုလည်း မင်းကို ပေးနိုင် တယ်။"

ဟွာနွန်ယင်က စကားမပြောခင် ခဏလောက် ငြိမ်သက်သွားခဲ့ပါသည်။

"လူရှစ်ဆယ်ကို သယ်ဆောင်နိုင်တဲ့ သံမဏိကိုယ်ထည်သင်္ဘောအသေးတစ်စီးလား။ ဒီတစ်ခုအတွက် မင်းတို့ ဘယ်လောက်လိုချင်လဲ။" ဟုန်ယွိသည် ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ဝမ်းသာသွားသည်။ သူ က တွက်ဆလိုက်သည် "ငါ တပ်ထဲဝင်တဲ့အခါ, အရင်ဆုံး ငါက ခေါင်းဆောင်ငယ် တစ်ယောက်သာသာ ဖြစ်ပြီး၊ လူတစ်ရာကိုပဲ အမိန့်ပေးနိုင်တယ်။ ဒီလို သင်္ဘောငယ်တစ်စင်းနဲ့ လုံလောက်ပါတယ်။"

"ဒီလိုသံမဏိကိုယ်ထည် သင်္ဘောငယ်မျိုးတွေကလည်း ထုတ်လုပ်ဖို့ မလွယ်ဘူး။ သင်္ဘောတစ်စင်းကို အနည်းဆုံး ငွေဒင်္ဂါး ၃၀၀၀၀ ကုန်ကျတယ်။ အပြင်လူတွေကို မရောင်းဘူး။ မင်းသားတစ်ပါးက ဝယ်ချင်ရင် တောင် သင်္ဘောတစ်စင်းကို ငွေဒင်္ဂါး ၈၀၀၀၀ ပေးရတယ်။ ဒါပေမယ့် မင်းအနေနဲ့ ငါတို့ကို ကုန်ကျစရိတ် လောက် ပေးရင်ရပါပြီ။" ဟွာနွန်ယင်က ခပ်မြန်မြန် ပြောလိုက်သည်။

"အိုကေ, ဒါဆို အဆင်ပြေသွားပြီ။" ဟုန်ယွိ အဆင်သင့် ခေါင်းညိတ်ပြသည်။ "ငါတို့ ရွှေ့ယန်ပြည်နယ်ကို ရောက်တာနဲ့ အရောင်းဝယ်လုပ်ကြစို့…"

"ဒါဆို, ငါတို့ အရင်ပြန်လိုက်မယ်" ထိုသို့ပြောပြီးနောက် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မတ်တပ် ထရပ်လိုက်ကြသည်။

………………………………………………………………………………………………………………….

ယောင်ချီဂိုဏ်း၏ လပန်းခန်းမ၏ ခန်းမသခင်မနှစ်ဦးနှင့် သဘောတူညီချက်ကို အပြီးသတ်ပြီးနောက်၊ ဟုန်ယွိ သည် အလွန်စိတ်အေးသက်သာ ဖြစ်နေပါသည်။

ဘေးပတ်ဝန်းကျင်က လူတွေလည်း စိတ်အေးလက်အေးပင်။ လူအချို့ကို ညဘက်စောင့်ကြည့်ရန် ထားခဲ့ပြီး နောက် သူတို့အားလုံးသည် သူတို့၏ တဲအိမ်ကိုယ်စီထဲသို့ ဝင်အိပ်ကြသည်။

ဟုန်ယွိ ခဏလောက် တင်ပျဉ်ခွေထိုင်ပြီးနောက် သူ့တဲထဲကို ဝင်သွားခဲ့သည်။

နွားဖြူသားရေ တဲကြီးထဲသို့ ဝင်လိုက်သည်နှင့် ခြေလက်ရှစ်ချောင်းကို ဆန့်ကာ၊ ပိုးထည်အခင်းပေါ်တွင် သာယာ ညိမ့်ငြောင်းစွာ လဲလျောင်းနေသည့် ရွှေပင့်ကူကို တွေ့လိုက်ရသည်။ သူမသည် သက်တောင့်သက်သာ အိပ်ပျော် နေပုံပင်။

အဟမ်း…။

ဟုန်ယွိက ချောင်းဟန့်သည်။ ရွှေပင့်ကူက ချက်ချင်း မှောက်လျက် ထကာ မျက်လုံးများကို ပြန်လှည့်ရင်း လှမ်းမေးသည် "မင်း ဘာလိုချင်လို့လဲ"

"ငါ မင်းနဲ့ စကားပြောချင်တယ်" ဟုန်ယွိက မေးစေ့ကို မော့လိုက်သည်။ "ဒါ့အပြင်, မင်းအနေနဲ့ အလုပ်ကြေး တစ်စိတ်တစ်ပိုင်းကို အရင် ပေးထားရမယ်။"

"မင်း ငါ့ကို နဂါး-ဆင်တံဆိပ်ရဲ့ လျှို့ဝှက်ချက်ကို အခု ပြောပြစေချင်တာလား။ ကောင်းပြီလေ။ ဘာပဲဖြစ်ဖြစ် မင်းက အခု တာအိုပညာရပ်မှာ အစွမ်းထက်နေပေမယ့်, ငါ့အဘိုးအတွက် သေချာပေါက် ပြိုင်ဘက် မဟုတ်သေး ဘူး။ တကယ်လို့, ငါ့အဘိုးသာ ငါ့ကိုတွေ့သွားရင်, မင်း ငါ့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ကောင်းပြီ၊ ငါ အခုပဲ မင်းကို အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းရဲ့ နဂါး-ဆင်တံဆိပ်ကို ပေးလိုက်မယ်။" စကား မပြောမီ ရွှေပင့်ကူ၏ မျက်လုံးများက အချိန်အတော်ကြာအောင် လှုပ်ရှားသွားခဲ့သည်။

"ဒါဆိုလည်း ငါ ယဉ်ကျေးမနေတော့ပါဘူး, ကျေးဇူးပြုပြီး…။"

ဟုန်ယွိလည်း ယဉ်ကျေးမနေတော့ပေ။ သူက မြေပြင်ပေါ်ထိုင်ပြီး ရွှေပင့်ကူ မည်သို့ လုပ်ဆောင်မည်ကို ကြည့်ရှု နေခဲ့ပါသည်။

ရုတ်တရက် ရွှေပင့်ကူသည် လှုပ်ရှားမူ ရပ်တန့်သွားပြီး တစ်ချိန်တည်းမှာပင် တဲအတွင်းမှ အေးစက်သော လေပြင်းများ တိုက်ခတ်လာသည်။

ရွှေပင့်ကူ၏ ယင်ဝိညာဉ်က ထွက်ပေါ်လာပြီဆိုသည်ကို ဟုန်ယွိ သိလိုက်သည်။ ထို့ကြောင့်, သူသည်လည်း သူ့ခန္ဓာကိုယ်ထဲက ပျံထွက်လာပြီးနောက်, လှပသော မျက်ခုံးမွှေး, မျက်လုံးများနှင့် ရွှေရောင်၀တ်စုံကို ဝတ်ဆင် ထားသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရ၏။

“အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တဟာ ရွှေနဂါးနဲ့ ဆင်ဖြူတော်ပေါ် တက်နင်းခြင်းရဲ့ စွမ်းအားပဲ။ တစ်ချိန်တည်းမှာပဲ၊ ဒီဘုရားလောင်းရုပ်အသွင်က မင်းရဲ့ခြင်ဆီတွေကို သန့်စင်ရာမှာ မင်းတို့လူသားတွေ အသုံးပြုတဲ့ ကိုယ်ဟန်အနေအထားပဲ...၊ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တက ကောင်းကင်နဲ့ မြေကြီးကြားက တန်ခိုးကို ကိုယ်စားပြုတယ်။"

ရွှေပင့်ကူ ယင်စိတ်ဝိညာဉ် စကားပြောနေစဉ်မှာ ဟုန်ယွိ၏ မျက်လုံးရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားပါသည်။ ဘုရားလောင်း၏ ရွှေရောင်ကိုယ်ခန္ဓာသည် တစ်ဖန် ပေါ်ထွက်လာပြီး၊ ခြေတစ်ဖက်က ရွှေနဂါးကြီးပေါ် တက်လှမ်းပြီး၊ နောက်ခြေတစ်ဖက်က ဆင်ဖြူတော်ပေါ် တက်လှမ်းကာ ကောင်းကင်နှင့် မြေကြီးကြားရှိ တန်ခိုး အားလုံးသည် သူ့တစ်ကိုယ်တည်းတွင် စုစည်းနေသကဲ့သို့ ဒေါသနှင့်အတူ ကြွက်သားများ ဖောင်းကားလာသည်။

သို့သော် ဤတစ်ကြိမ်တွင်၊ ဟုန်ယွိသည် ၎င်းကို ချိုးဖျက်ရန် စိတ်ကူးပုံရိပ်ဖော်ခြင်းကို အသုံးမပြုခဲ့ဘဲ၊ သူ့စိတ်ဝိညာဉ်အပေါ် ဖိနှိပ်လာသည့် ဘုရားလောင်း၏ တန်ခိုးကို ဂရုတစိုက် ခံစားနေခဲ့သည်။

ဘုရားလောင်း၏ တန်ခိုးကြီးသော ရုပ်အသွင်ကို ကြည့်ပြီး၊ ဟုန်ယွိသည် ၎င်းအား တွန်းလှန်တိုက်ခိုက်ရန် အားနည်းနေပြီး၊ စွမ်းအားမရှိသလို ခံစားခဲ့ရသည်။

တစ်ဖက်ပုဂ္ဂိုလ်၏ စွမ်းအားသည် အလွန်ပြင်းထန်သလို အလွန်သန့်စင်ပါသည်။

အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တ၏ ရုပ်အသွင်ကို ကြည့်လိုက်ရင်း ဟုန်ယွိသည် သန့်စင်သော စွမ်းအားမှလွဲ၍ အခြား မည်သည့်အရာကိုမှ မခံစားနိုင်တော့ပေ။

ထို့အတွက်ကြောင့် ပို၍ပင် ကြောက်စရာကောင်းနေသည်။

ယာကရှာနတ်ဆိုးဘုရင်ဖြစ်စေ, သို့မဟုတ် အသုရာနတ်ဆိုးဘုရင်ဖြစ်စေ, ၎င်းတို့ကို ပုံရိပ်ဖော် မြင်ယောင်ကြည့် စဉ်မှာ စွမ်းအားကို ခံစားရသော်လည်း စွမ်းအားက မသန့်စင်ပါဘူး။ ၎င်းတို့အထဲတွင် အချို့က ကြမ်းကြုတ်ပြီး၊ ယုတ်မာကောက်ကျစ်ကာ၊ ဆိုးသွမ်းမှုနှင့် ခက်ထန်မှုတို့ ရှိကောင်းရှိနိုင်သည်။ အနန္တတန်ခိုးရှင် ကောင်းကင် နဂါးဗောဓိသတ္တ၏ တန်ခိုးကြီးပြီး သန့်စင်သော စွမ်းအားနှင့် ဝေးကွာလွန်းသည်။

တစ်ချိန်တည်းမှာပင် ရွှေပင့်ကူ ယင်ဝိညာဉ်သည် ကျမ်းတစ်စောင်ကို ရွတ်ဆိုခဲ့သည်။ ၎င်းသည် အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တ၏ ပုံသဏ္ဍာန်နှင့် ကိုက်ညီသော ကျမ်းစား ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤသဘာဝလွန်တန်ခိုးကို လေ့ကျင့်ရန်၊ ရုပ်ပုံများကို မြင်ယောင်ခြင်းအပြင်, ကျမ်းစာ ဖြင့် ပူးပေါင်းလေ့လာရန်၊ လေးနက်သော ကျမ်းစာကို နားလည်ပြီးနောက် ဤသဘာဝလွန်တန်ခိုးကို နက်ရှိုင်း စွာ နားလည်ရန် လိုအပ်သောကြောင့် ဖြစ်သည်။

စာသားမပါဘဲ၊ ရုပ်ပုံရှိရုံဖြင့် သင်သည် လေ့လာရာမှာ အကူအညီ မဖြစ်နိုင်ပေ။ အလားတူပင်၊ ရုပ်ပုံမပါဘဲ၊ စာသားတစ်ခုတည်းဖြင့်လည်း အသုံးမဝင်ပါ။

၎င်းကို စာသားနှင့်အတူ ရုပ်ပုံများဖြင့် သရုပ်ဖော်ထားပြီး သဘာဝလွန်စွမ်းအားများကို မွေးမြူရန် နားလည်မှု လိုအပ်သည်။

ဤသည်မှာ ကိုယ်ခံပညာရပ်များနှင့် တာအိုပညာရပ်များအတွက် အတူတူပင် ဖြစ်ပါသည်။

ဟုန်ယွိသည် ဤရှည်လျားပြီး သိမ်မွေ့လေးနက်သော ကျမ်းစာကို နားထောင်ပြီး ချက်ချင်းပင် အလွတ်ကျက် မှတ်သည်။ သူသည် နေ့လမ်းလျှောက်ခြင်းနယ်ပယ်သို့ ရောက်ရှိပြီးနောက် သူမြင်သမျှကို မှတ်မိနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

သို့သော်, သူသည် ဤကျမ်းစာကို အလွတ်ကျက်မှတ်နိုင်သော်လည်း ဟုန်ယွိသည် နားလည်ရခက်သည်။ ကျမ်းစာသည် သိမ့်မွေ့နက်နဲကြောင်းကို သိရှိပြီး၊ ၎င်းကို နားလည်သဘောပေါက်ရန် ဆင်ခြင်ဖို့ အချိန် လိုအပ်ပါ သည်။

"နဂါး-ဆင်တံဆိပ်က သုံးမျိုးရှိတယ်။ ပထမတစ်ခုက ကောင်းကင်နဂါးတံဆိပ်၊ ဒုတိယတစ်ခုက ဧရာမ ဆင်ကြီး တံဆိပ်ဖြစ်ပြီး၊ တတိယတစ်ခုကတော့ ပရာဂျနတံဆိပ်ပဲ။ ဒီပုံစံသုံးမျိုးမှာလည်း တစ်ခုချင်းစီမှာ ဂါထာတွေ၊ အသံထွက်တွေ၊ ကိုယ်ဟန်အမူအရာ မျိုးစုံပါရှိတယ်။ ၎င်းတံဆိပ်များကို ခြင်ဆီသန့်စင်ရာမှာ အသုံးပြုနိုင်သလို ရန်သူနဲ့ တိုက်ခိုက်ရာမှာလည်း အသုံးပြုနိုင်တယ်။" (ပရာဂျနဟူသည် ထိုးထွင်းသိမြင်မူဉာဏ်အလင်းကို ဆိုလိုပါသည်။)

အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တ၏ စိတ်ကူးပုံရိပ်ဖော် ကျမ်းစာနှင့် ရုပ်ပုံများကို ဟုန်ယွိအား ပြောပြခဲ့သည်။ ထို့နောက် ရွှေပင့်ကူ ယင်ဝိဉာဉ်သည် နဂါး-ဆင်တံဆိပ်၏ အဓိက တံဆိပ်သုံးခု၏ မန္တန်များ၊ အသံထွက်များနှင့် ကိုယ်ဟန်အမူအရာများကို တစ်ခုပြီးတစ်ခု ပြောပြပါသည်။

ဤနဂါး-ဆင်တံဆိပ်တွင် လှုပ်ရှားမှုသုံးခုသာ ပါဝင်သော်လည်း၊ ၎င်းသည် နွားသိုးနတ်ဆိုးခွန်အား လက်သီး ပညာရပ်၊ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးပညာရပ်နှင့် အခြားသော ကိုယ်ခံပညာများထက် ဆယ်ဆ ပိုမို ရှုပ်ထွေးပြီး လေးနက်သည်ဟု ဟုန်ယွိ ခံစားရ၏။

ကောင်းကင်ကြီး လင်းလက်တောက်ပလာပြီး၊ ခြောက်နာရီကျော်ကြာပြီးနောက် ဟုန်ယွိသည် နောက်ဆုံးတွင် ဤလက်သီးပညာရပ်ကို အလွတ်ကျက်မှတ်နိုင်ခဲ့ပါသည်။

ဟုန်ယွိသည် မဟာဆရာသခင်နယ်ပယ်သို့ မရောက်သေးသောကြောင့် ထိုလက်သီးပညာရပ်ကို မလေ့ကျင့်နိုင် သေးပေ။ မဟာဆရာသခင်နယ်ပယ်သို့ ရောက်ရှိထားမှသာ, ရိုးတွင်းခြင်ဆီအား တွန်းအားပေး လှုပ်ခါပြီး၊ လိုအပ် သည့် အကျိုးရလာဒ်များ ရရှိနိုင်စေရန် ထိုလက်သီးပညာရပ်ကို ခွန်အားအပြည့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

အခုအချိန်မှာ, အကယ်၍, ဟုန်ယွိသည် အကြိမ်တစ်သောင်းလောက် လေ့ကျင့်ခဲ့မည်ဆိုလျှင်ပင်, သူ့ခွန်အားက သူ့အရိုးထဲကို မထိုးဖောက်နိုင်သည့်အတွက် အသုံးမဝင်ပါဘူး။

"ဒီခြင်ဆီလေ့ကျင့်နည်းလျှို့ဝှက်ကျမ်းစာကို ဘယ်အချိန်ရောက်မှ လေ့ကျင့်နိုင်မလဲဆိုတာ ငါ မသိဘူး။ ဒါပေမယ့် ဒီရွှေပင့်ကူရဲ့ လျှို့ဝှက်ပညာကို ငါလက်ခံလိုက်ပြီဆိုတော့ နောင်အနာဂတ်မှာ အကျိုးဆက်တွေကို ငါ တကယ်ခံစားရမှာပါလေ...၊ တကယ်လို့, ရွှေပင့်ကူဘုရင်က ငါ့ကို လိုက်ရှာရင်လည်း, သူ့မှာ ဘယ်လိုမှော်အစွမ်း တွေ ရှိနေလဲဆိုတာ ငါ သိရတာပေါ့။"

နံနက်စောစောတွင် လမ်းဘေးရှိ မြက်ပင်များသည် နှင်းမှုန်များဖြင့် ဖုံးလွှမ်းနေပါသည်။ ဟုန်ယွိသည် နိုးထ ပြီးနောက်၊ သူ့လူတွေကို ထုပ်ပိုးသိမ်းဆည်းပြီး ထွက်ခွာဖို့ အမိန့်ပေးရင်း သူ့စိတ်ထဲမှာ တွေးလိုက်မိပါသည်။

လမ်းတစ်လျှောက်မှာ မည်သည့်ပြဿနာမှ မတွေ့ရတော့ပါဘူး။ သုံးရက်မြောက်နေ့ နံနက်တွင် ဟုန်ယွိနှင့် သူ့အဖွဲ့သည် နောက်ဆုံးတွင် နန်ကျိုးရှေးဟောင်းလမ်းကို အောင်မြင်စွာ ဖြတ်သန်းပြီးနောက် တောင်ပိုင်းဒေသ ရှိ ပထမဆုံးပြည်နယ်မြို့ဖြစ်သော ရွှေ့ယန်ပြည်နယ်မြို့သို့ ဝင်ရောက်လာခဲ့ပါသည်။

ရွှေ့ယန်ပြည်နယ်သည် ရေအရင်းမြစ်များ, ငါးများနှင့် ဆန်ရေစပါးများ ပေါကြွယ်ဝသည့် ထိုက်ချန်ရေကန်နှင့် မိုင် ၃၀၀ အနီးတွင် တည်ရှိပါသည်။ ထိုက်ချန်ရေကန်မှ ပင်လယ်ပြင်သို့ပင် ရွက်လွှင့်နိုင်ပြီး၊ ထိုက်ချန်ရေကန်၏ အထက်ပိုင်း ဘိုင်လန်မြစ်ဆီသို့ ဦးတည်သွားကာ၊ တောင်ပိုင်းဒေသ အရပ်ရပ်သို့ ပစ္စည်းများစွာကို ပို့ဆောင်ပေး နိုင်သည်။ ထို့ကြောင့်၊ ပြည်နယ်တွင် ဆိပ်ကမ်းများစွာရှိပြီး ကုန်စည်ပို့ဆောင်ရန်အတွက် သာယာဝပြောသော မြို့များ အများအပြားရှိကာ၊ ရွှေ့ယန်ပြည်နယ် မြို့ကြီးသည် စစ်တုရင်ခုံတစ်ခုကဲ့သို့ ဖြာထွက်နေသည်။

ပိုပြီးချမ်းသာကြွယ်ဝလာရသည့် အကြောင်းရင်းက ဤနေရာသည် ပိုးထည်ထုတ်လုပ်ရေး လုပ်ငန်း၏ ဗဟို ဖြစ်ပြီး၊ တော်ဝင်ချန်၏ ပိုးထည်ထုတ်လုပ်ရေး အစိုးရရုံးတစ်ခုလုံးက ဤနေရာတွင် ရှိနေပါသည်။

ပိုးထည်အခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်၊ ငါးခွန်နှင့် အခြားအခွန်အကောက်မျိုးစုံကို ကောက်ခံခဲ့ပြီး နှစ်စဉ်အခွန်ငွေ သန်းပေါင်းများစွာ ရရှိခဲ့သည်။

ဤပြည်နယ်၏ အခွန်ငွေသည် ဝူယွမ်ပြည်နယ်ထက် ဆယ်ဆမြင့်မားသည်။

ထို့ကြောင့်၊ တောင်ပိုင်းပြည်နယ်ခုနစ်ခုသည် ကမ္ဘာ့အချမ်းသာဆုံး ဖြစ်ပြီး၊ ရွှေ့ယန်ပြည်နယ်သည် တောင်ပိုင်း ဒေသတွင် အချမ်းသာဆုံး ဖြစ်သည်။

ဟုန်ယွိနှင့် သူ၏အဖွဲ့သည် ရွှေ့ယန်ပြည်နယ်သို့ ရောက်ရှိပြီးနောက် မြို့ထဲသို့ မ၀င်ဘဲ "ချင်းလျူမြို့" ဟု ခေါ်သော မြို့တစ်မြို့၌ အနားယူခဲ့ကြသည်။

"ရွှေ့ယန်ပြည်နယ်ရဲ့ အဆင့်မြင့် အုပ်ချုပ်ရေးမှူးအရာရှိက ဟုန်ခမ်းပဲ။ သူက ငါ့ရဲ့ အမေကွဲအစ်ကို ဆိုပေမယ့် သူက အလွန်လိမ္မာပါးနပ်တယ်။ ငါက အထွဋ်ထိပ်ကောင်းကင်နယ်မြေက ကျောက်ဖေးရုန်ကို သတ်ခဲ့ပြီးပြီ။ ငါတို့ကြားက လုံးဝ ညှိနှိုင်းလို့မရတဲ့ သွေးသစ္စာဆို ရန်သူတွေပဲ။ တကယ်လို့, သူသာ သိသွားခဲ့ရင်၊ ငါ့ကို သေချာပေါက် ခက်ခဲအောင်လုပ်လိမ့်မယ်။ မင်းတို့အားလုံး သတိထားပြီး အနားယူဖို့ လိုတယ်။ တစ်ရက်လောက် အနားယူပြီး၊ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ ပင်လယ်မြေပုံတွေ, ထောက်လှမ်းထားတဲ့ သတင်းအချက်လက်တွေ နဲ့ သံမဏိကိုယ်ထည်သင်္ဘောအကြောင်း လာပြောမှာကို စောင့်လိုက်ရအောင်။ ပြီးရင်, ငါတို့က ရွှေ့ယန် ပြည်နယ်မြို့ကို မဖြတ်တော့ဘဲ၊ ထိုက်ချန်ရေကန်က ရေလမ်းကြောင်းအတိုင်း သွားပြီး၊ လင်ဟိုင်ပြည်နယ်ရှိ ပဖိစိတ်ရေတပ်စခန်းကို သတင်းပို့ကြတာပေါ့။”

"ဟုတ်ကဲ့ပါ…"

ဟုန်ယွိ၏ ညွှန်ကြားချက်ကို ကြားပြီးနောက်တွင် လိုက်ပါလာသူ အားလုံးက သူ့အမိန့်ကို နာခံခဲ့ကြသည်။ မြင်းစာကျွေးသည့် လူတွေကကျွေး၊ ခွေးစာကျွေးသည့် လူတွေကကျွေး၊ ခရီးဆောင်အိတ်ကို ကြည့်သည့် လူတွေက၊ ကိုယ်ခံပညာ လေ့ကျင့်သူတွေက လေ့ကျင့်၊ အဝတ်လျှော်သည့်လူတွေက လျှော်၊ အစားသောက် စီမံသူကစီမံဖြင့် အစရှိသဖြင့် အားလုံးက စည်းစနစ်တကျ ရှိကြပါသည်။

ဟုန်ယွိလည်း တစ်နာရီလောက် အနားယူလိုက်၏။ သူနိုးလာသောအခါတွင် မုကလေးသည် နို့ဖြည့်ထားသော ကြေးနီအင်တုံကို အသုံးပြုနေသည်ကို တွေ့လိုက်ရပြီး၊ ရွှေပင့်ကူသည် ၎င်းတွင် နစ်မြုပ်နေကာ, သူမသည် အလွန် သက်တောင့်သက်သာရှိနေပုံရသည်။

နှစ်ယောက်သား မကြာခဏ စကားစမြည် ပြောနေကြသည်။

မုကလေးသည် ရွှေပင့်ကူကြီးနှင့် ကောင်းစွာ ပေါင်းသင်းခဲ့ပြီး မကြာခဏ စကားစမြည် ပြောဆိုကြသည်။

"မုကလေးက အရမ်းအထီးကျန်တယ်။ သူမက ခရီးသွားတွေထဲမှာ တစ်ဦးတည်းသော မိန်းကလေးပဲ။ အခု နောက်ဆုံးတော့ သူမမှာလည်း အဖော်ရှိနေပြီ။ ဒီရွှေပင့်ကူက မွန်းစတားတစ်ကောင် ဖြစ်ပေမယ့် သူ့အရိုးထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို မွေးမြူထားတယ်။ သူမတို့နှစ်ယောက် စကားပြောနိုင်ပြီဆိုတော, သူမလည်း အထီးကျန်တော့မှာ မဟုတ်ပါဘူး။"

ဟုန်ယွိက ထိုမြင်ကွင်းကို ကြည့်ရင်း ဝမ်းသာသွားသည်။

ဤရွှေပင့်ကူသည် မွန်းစတားတစ်ကောင် ဖြစ်သော်လည်း ၎င်း၏စိတ်နေစိတ်ထားသည် အိမ်ကနေ အဝေးကို ထွက်ပြေးသွားသည့် ပုန်ကန်တတ်သော မိန်းကလေးငယ်များနှင့် တူပါသည်။ ၎င်းသည် မုကလေးအတွက် ပြီးပြည့်စုံသော လိုက်ဖက်မှု ဖြစ်သည်ကို သူမြင်ခဲ့သည်မှာ ကြာပါပြီ။ ထို့အပြင် ဤရွှေပင့်ကူသည် အစွမ်းထက်သော အမွေနှစ်များကို အမွေဆက်ခံခဲ့ပြီး၊ မုကလေးနှင့် စကားစမြည်ပြောဆိုခြင်းဖြင့် မုကလေး သည် သူမထံမှာ အကျိုးကျေးဇူးများစွာ ရရှိမည်မှာ သေချာပါသည်။

ရွှေပင့်ကူဘုရင်သည် ကမ္ဘာပေါ်ရှိ အင်မော်တယ် မဟာနတ်ဆိုးကြီး ရှစ်ပါးထဲမှ တစ်ပါးဖြစ်ပြီး၊ လျှို့ဝှက် ဆန်းကြယ်သော ကိုယ်ခံပညာနှင့် တာအိုပညာရပ်များကို ကျွမ်းကျင်သည်။ အထူးသဖြင့် သူသည် ကမ္ဘာအနှံ့ ခရီးထွက်သောအခါတွင် သိုင်းပညာနှင့် တာအိုပညာရပ်များကို ဂိုဏ်းအသီးသီးမှ လျှို့ဝှက်စွာ လေ့လာသင်ယူခဲ့ သည်။ နောက်ပိုင်းတွင် သူသည် မြင့်မားသောရာထူးနှင့် ဩဇာအာဏာကို ကိုင်စွဲထားနိုင်သည့် ရိုရန်နိုင်ငံ၏ မင်းဆရာ ဖြစ်လာခဲ့သည်။ သူသည် သူ့မြေးမလေးကို သင်ကြားပေးဖို့ အားမစိုက်ထုတ်ခြင်းမျိုး သေချာပေါက် မဖြစ်နိုင်ပေ။

ဒီရွှေပင့်ကူက သူ့ထက် အများကြီး ပိုသိသည်ဟုပင် ဟုန်ယွိ သံသယဝင်မိသည်။

ညနေပိုင်းတွင် ညီအစ်မနှစ်ယောက်ဖြစ်သည့် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် နောက်ဆုံးတွင် ရောက်လာ ကြသည်။

သူမတို့ ရောက်ရှိလာစဉ်မှာ သွက်လက် ထက်မြက်ပြီး လိမ္မာပါးနပ်သည့် ဆယ်ငါးနှစ်, ဆယ့်ခြောက်နှစ်အရွယ် သိုင်းစစ်သည်တော်အဆင့် မိန်းကလေးရှစ်ယောက်ကို သူမတို့နှင့်အတူ ခေါ်လာကြသည်။ ဟုန်ယွိသည် ထိုမိန်းကလေး ရှစ်ယောက်ကို မြင်သည်နှင့် တပြိုင်နက် ၎င်းတို့တစ်ဦးစီသည် ယောက်ျားကြီး လေးငါးဦးကို အနိုင်ယူနိုင်စွမ်းရှိသည်ကို သူသိလိုက်ရပြီး တိတ်တဆိတ် အံ့သြသွားမိသည်။

"ဒီမိန်းကလေးရှစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေစိတ်ထားက ဝူဝမ်မြို့စားစံအိမ်က ကျောက်စိမ်း ခရမ်း၊ ကျောက်စိမ်းပြာ၊ ကျောက်စိမ်းအဝါ, ကျောက်စိမ်းအစိမ်တို့ထက် တစ်ဆပိုမြင့်တယ်။" ရှင်းရှင်းလင်းလင်း မြင်ပြီးနောက်၊ ဟုန်ယွိသည် သူ့စိတ်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်မိသည်။

မုကလေးကို ပြုစုဖို့ ဤအိမ်ဖော်ရှစ်ယောက် ရှိနေရုံဖြင့် လုံလောက်ပါပြီ။

"သူမတို့က ငါတို့ လပန်းခန်းမက လေ့ကျင့်ပေးထားတဲ့ မိန်းကလေးတွေပဲ။ သူမတို့ဟာ ငယ်စဉ်ကတည်းက မိဘမဲ့တွေဖြစ်ပြီး၊ ငါတို့ယောင်ချီဂိုဏ်းရဲ့ ကိုးကွေ့ဆက်ခြေလှမ်းကို လေ့ကျင့်ထားတယ်။ သူမတို့ဟာ အလွန် သစ္စာရှိပြီး အရည်အချင်းလည်း ရှိကြတယ်။" ဟွာနွန်းယွီက ဟုန်ယွိကို ကြည့်လိုက်ပြီး "သူမတို့က နဂိုကတော့, ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ အစေခံတွေဖြစ်ပဲ။ သူမတို့ကို ငွေလအစောင့်ရှစ်ဖော်လို့ခေါ်တယ်။ သူမတို့ရဲ့ နာမည် တွေက ငွေလ၊ ငွေမိုး၊ ငွေတိမ်၊ ငွေမီး၊ ငွေရွှေ့၊ ငွေဓား၊ ငွေလေနဲ့ ငွေစကားတို့ပဲ။ လေ၊ မိုး၊ တိမ်၊ လ၊ ယင်၊ ရွှေ့၊ ဓား စကားတို့ပေါ့။

All Chapters